❝ မလည်ရှုပ် ❞
“ သန့်ပြီးသား ခုနှစ်အိတ် ရှိတယ် ၊ နှစ်အိတ် က သန့် နေတုန်း ၊ ၁ဝ နာရီ လောက် ဆို ပြီးမယ် ၊ အချိန် လေးရာကျော် လောက် တော့ ရနိုင်တယ် ဦးလေး ”
၂၀၀၃ ခုနှစ် ၊ မတ်လ ၁၉ ရက် နေ့ က ပြည်မြို့ ဝင်းသီရိ ပွဲရုံ ရောက် တော့ ပွဲစားကိုဝင်း ရဲ့ ဇနီး မသီတာ က ပြောပြတယ် ခင်ဗျာ ။ ကျွန်တော့် မြေပဲဆားလှော် လုပ်ငန်း အတွက် မြေပဲ သွား ဆွဲတာ ။
“ နောက် ကား တစ်စီး ဝင်လာတယ် ဟေ့ ”
ပွဲရုံလုပ်သားတွေ ကား ပေါ် ပါ ကုန်များ ကို ချ ၊ ပလက်ဖောင်း ပေါ် ခေတ္တ ပုံထားသည့် ပဲအိတ်များ ကို ဆွဲ ၊ ကတ္တား နဲ့ ချိန် ။
“ ပိဿာ ၂၀ ”
“ ၂၁ ပိဿာ ”
“ ၂၁ ခွဲ ”
ပဲစင်းငုံအိတ် တွေ ကို ချိန်ပြီး သိမ်း နေတာ ခင်ဗျာ့ ။ ကုန် ချိန်သူ က အော် ပြော ၊ စာရေး က လိုက် မှတ် ၊ ပဲစင်းငုံ ၊ ပဲကြီး ၊ ကုလားပဲ ၊ ဘိုကိတ် ၊ နေကြာ ၊ မြေပဲဆန် ကုန် က မျိုးစုံ ခင်ဗျာ့ ။ ပွဲရုံ ထဲ မှာ ပဲအိတ် ၊ တော က လာတဲ့ ဧည့်သည် ၊ ပွဲစား ၊ အဝယ်တော် ၊ ပွဲရုံလုပ်သား ၊ များလိုက်တဲ့ လူ ၊ များလိုက်တဲ့ ကုန် ။ ပွဲစား က တစ်ဖက် ဝယ်လက် ကို လှမ်း ပြီး တယ်လီဖုန်း နဲ့ ချိတ် ၊ ဈေးစကား ပြော ၊ ဈေး က မပြတ် တပြတ် ၊ ထပ် ထပ်သာ ကျ နေ ။ ဈေး ဖြတ် ၊ သည် ဘက် က ရောင်းလက် ကို ပြတ်ဈေး ပြော ၊ ကုန်ဖိုး တွက် ၊ ငွေချေ ။
“ ဦးလေး ပေးထားနှင့် ဦး ၊ နောက်မှ လိုတာ ပိုတာ ရှင်းကြတာပေ့ါ ”
ငွေ မလည်လို့ ဇောချွေး ပြန် နေသော ပွဲစား ကို ကိုယ်ချင်း စာမိ ၊ ပါသည့် ငွေ ထဲ က
သုံးသိန်း ကြိုထုတ်ပေး ၊ ကုန် ချိန် ဖို့ အလှည့် ရောက် အောင် စောင့် ၊ ကျွန်တော့် အလှည့် တော်တော် နဲ့ ရောက်မည့်ပုံ မပေါ် ၊ ဗိုက် က ဆာလှပြီ ၊ ဆာ နေလို့ မဖြစ်သေး ၊ ကုန်ချိန် ပြီးမှ ကား နဲ့ ချိတ်ရဦး မှာ ၊ ကုန် တင်ဖို့ နောက်ကျ သွားရင် ကား ရ ဖို့ ခက်နိုင်တယ် ၊ အောင်လံကားတွေ က အပြန် မှာ ပြည်မြို့က ဆန်အိတ်တွေ တင်ရဦး မှာ ။ ဆန်အိတ်တွေ နဲ့ ပြည့် နေပြီဆို ကျွန်တော့် ပဲဆန်အိတ်ကလေးတွေ ယက်ကလယ် လိုက် နေဦးမှာ ။
“ ကဲ ဦးလေး ကို အလှည့် ပေး လိုက်မယ် ၊ သူ က အောင်လံ ပြန်ရ မှာ ၊ သူ့ ပဲအိတ်တွေ ထွက် သွားရင် ဘိုကိတ်ပဲ အိတ်တွေ ထားဖို့ နေရာ ရဦးမှာ ”
မသီတာ ပြောပြောဆိုဆို လုပ်သားများ ကို ညွှန်ကြား ၊ လုပ်သားများ က အလိုက်တသိ ကြားဖြတ် ချိန်ပေး ၊ နည်းနည်းလေးပါ ၊ အချိန် သုံးဆယ် အိတ်ကလေး ၁၅ လုံး ထဲပါ ။ ကျွန်တော့် ကို ချိန် ပေး ပြီးတော့ တောကျ တွေ ဆက်ချိန် ၊ ဈေးဖြတ် ငွေရှင်း ပေး ။
“ အထဲ မှာ အသက်ရှု ကျပ်လို့ အပြင် ထွက်လာတာ ဗျာ ”
ပွဲစားကိုဝင်း က ပွဲရုံ အပြင် ထွက် ၊ ကွမ်းယာ ဝယ်စား ။ ကျွန်တော့် ပဲအိတ်များ ချိန် ၊ ချုပ် ၊ ပြီးတော့ ကားသမား နဲ့ ချိတ် ။
“ ဟာ ... အိုကေကြီး ၊ ဘယ်နှအိတ် လဲ ”
“ ၁၅ လုံး ထဲ ပါကွာ ”
“ ဟေ့ ... သွားတင်ချေကြ ၊ ဝင်းသီရိ မှာ တဲ့ ”
ပဲအိတ် ကား ပေါ် ရောက် မှ ကပျာကသီ ဆိုင် မှာ ထမင်းစား ၊ ကမန်းကတန်း စားပြီး ဆိုက်ကား ခေါ် ၊ သား အငယ်ကောင် ဖွင့်ထားတဲ့ အအေးဆိုင် သို့ သွား ၊ အကျိုးအကြောင်း မေး ။
“ ဆိုက်ကား စောင့်နေတယ် ၊ ငါ ပြန်မယ် ”
“ ဟင် ... အဖေ က လည်း အရေးတကြီး ”
“ ပဲဆန် လာဝယ်တာကွာ ၊ ငွေ မလည်တာ နဲ့ ပွဲစား လည်း ခေါင်းရှုပ် ၊ ငါ အလုပ် လည်း နောက်ကျ ၊ ကား က တော်ကြာ ထွက်မှာကွ ၊ မြန်မြန် လစ်မှ ဖြစ်မယ် ၊ အေးပါကွာ ၊ အေးအေးဆေးဆေး နောက် တစ်ခါ လာပါဦးမယ် ”
ပြည်မြို့ က နေ့လယ် တစ်နာရီခွဲ ထွက် ၊ ဟို နေရာ ကုန်ချ ၊ သည် ရွာ ကုန်ချ နှင့် ညနေ ၄ နာရီခွဲ မှ အိမ် သို့ ရောက် ပေတော့၏ ။ ပါလာသည့် ပဲဆန်အိတ်များ ကို ချ ၊ ရေအေး တစ်ခွက် သောက် ၊ အမော ဖြေ ထိုင်မည် လို့ ရွယ်ရုံရှိသေး ၊ ကိုစံအုန်း နဲ့
ကိုထွန်း ပေါက်ချလာ ။ မော်တော်ဆိုင်ကယ် တစ်စီး နဲ့ ။ သူတို့ က ကျွန်တော့် ထံ ပဲဆန် သွင်း နေကျ လူတွေ ။
“ ပြည် ကို ချည်း သွား ဆွဲ မနေနဲ့ဦး ဆရာသမား ၊ ကျွန်တော်တို့ ပဲဆန်တွေ လည်း ဖြုန်း ပေးဦး ”
“ မိငယ် ရေ ... ဒီလို လုပ်ကြရအောင်လား ”
“ ပြော ... ဘယ်လိုဆို အဆင်ပြေမလဲ ”
“ ဒိလိုကွာ ... အခု မောင်တို့ လက်ရှိ ပဲဆန် ကို လှော်နေ ၊ သူတို့ လူတွေ လည်း အလုပ် ရအောင် ပဲဆန် အထွင် ခိုင်းလိုက် ၊ ရလာတဲ့ ပဲဆန် ကို ပီပါတွေ နဲ့ ထည့် ထားရင် ဘယ်နှယ့် နေမလဲ ၊ ဇူလိုင် ၊ ဩဂုတ် နှစ်လစာ ကွာ ၊ သူတို့ လည်း အလုပ် ရပ် မထားရ ၊
မောင်တို့ လည်း အလုပ် တစ်ခု ပြီးသွားတာပေါ့ ”
“ ကောင်းသားပဲ မောင် ”
“ ကဲ ... ကိုစံအုန်း တို့ ကိုထွန်း တို့ ထွင်ကြပေတော့ ၊ ပီပါ ထဲ ထည့်ထားမယ် ၊ ဒါထက် ဈေး က ... ”
“ ဟာ ... ဒါကတော့ ရေမြင့်ကြာမြင့် ၊ ရေနိမ့် ကြာနိမ့် ပေါ့ ၊ လောလောဆယ် ငွေ ပေါ်ဖို့ က အရေးကြီး နေတာ ၊ ၈၀ဝ ဆို ဘယ်နှယ့် နေလဲ ”
ကိုစံအုန်း က ကိုထွန်း ဘက် လှည့် ပြော ၊ ကိုထွန်း က သဘောတူ ကြောင်း ခေါင်းညိတ် ။
“ မလည် တော့ လည်း လည် အောင် လှည့် ကြရတော့မှာ ပေါ့ဗျာ ၊ ရှုံး လည်း ဘယ် တတ်နိုင်တော့မလဲ ”
ကိုထွန်း က ကိုစံအုန်း နဲ့ ကျွန်တော့် ဘက် လှည့် ပြော ၊ မလည် လို့ ရှုပ် နေတာ ကို
ခုလို မျက်နှာချင်း ဆိုင် ညှိ လိုက်ကြတော့ အထိုက် အလျောက်တော့ ရှင်း သွား ပြန်တာပေါ့လေ ။ ရှုံး တော့ ရှုံးတာပေ့ါ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment