Monday, April 8, 2024

ငါ မသေဘူး ဆိုတဲ့ လူ


 ❝ ငါ မသေဘူး ဆိုတဲ့ လူ ❞


ဆရာဝန် က စာရွက်တွဲ တစ်တွဲ ကို လက် မှ ကိုင်ကာ သူ့ အထက် ဆရာဝန်ကြီး ရုံးခန်းတွင်း သို့ ဝင် လာသည် ။ လူနာ က သူ့ နောက်နား မှ ကပ်၍ ပါလာသည် ။ အခန်း ထဲ တွင် လူနာ အား ကု,လားထိုင် တစ်လုံး မှာ ထိုင် ခိုင်းပြီး ဆရာဝန်ကြီး ထံ စာရွက်တွဲ ကို ကမ်းပေးသည် ။


“ လူနာ နဲ့ ပတ်သက်လို့ လူနာ ဆီ က ရော လူနာရှင်များ ဆီ က ပါ ကျွန်တော် မေးမြန်းစိစစ် လို့ ရတဲ့ ရောဂါရာဇဝင် နဲ့ သုံးသပ် ချက်အကျဉ်းချုပ် ပါ ဆရာ ” 


ဆရာဝန်ကြီး က စာရွက်တွဲ ကို လှန်လှော ကြည့်ရှုသည် ။ ရာဇဝင် အကျဉ်းချုပ် က အတော်ပင် ရှည်လျား ပေသည် ။ လူနာ ကို သူ လှမ်းကြည့်သည် ။ လူနာ က ကုလားထိုင် တွင် ရိုသေကျုံးနွံ ဟန် ဖြင့် ထိုင် လျှက် ရှိသည် ။ လူနာ ၏ မျက်လုံးများ ၌ စိုးရိမ်ထိတ်လန့်

မှု အရိပ်အရောင်များ ယှက်သန်း နေသည် ကို ဆရာဝန်ကြီး သတိ ပြု မိသည် ။ သို့သော် နှုတ်ခမ်းများ က ထူးခြားသည် ။ နှုတ်ခမ်းများ တွင် သရော်ပြောင်လှောင်ရိပ် တွဲခို လျက် ရှိသည် ။ ရပါတယ် ၊ ခင်ဗျား တတ်သလောက် လုပ်ပါ ၊ ဒါပေမဲ့ ခင်ဗျား လည်း ဖြစ်မြောက် မှာ မဟုတ်ပါဘူး ဟု ပြောဆို နေဟန်ရှိသည် ။


ဆရာဝန်ကြီး အကဲခတ်ဆဲ ရုတ်တရက် လူနာ က စကား တစ်ခွန်း ပြောသည် ။


“ ကျွန်တော် မသေပါဘူး ၊ ခု ထက်ထိ ကျွန်တော် မသေ သေးဘူး ” 


ရုတ်တရက် တော့ ဆရာဝန်ကြီး အံ့အားသင့် သွားသည် ။ ခေတ္တမျှ ကြောင်၍ ကြည့်နေမိသည် ။ သို့သော် သူ့ ဘဝ မှာ စိတ်ရော ဂါဝေဒနာသည် ပေါင်း ထောင်သောင်း ချီ၍ တွေ့ ခဲ့ရဖူးပြီ ဖြစ်သည် ။ သူ က  လူနာ ကို မျက်နှာ လွှဲ လိုက်ကာ ရောဂါရာဇဝင် ကို စတင် ဖတ်ရှုလေသည် ။


ဦးမင်းဟန် အသက် ၅၅ နှစ် ကို ဟင်္သာတမြို့ အနီး ရွာ ကလေး တစ်ရွာ မှာ မွေးသည် ။ ငယ်စဉ် က ဆင်းရဲ ချို့တဲ့သည် ။ ရွာ ဘုန်းတော်ကြီးကျောင်း ပညာရေး ။ ၄င်း နောက် အစိုးရအထက်တန်းကျောင်းသား ဘဝ မှ စ၍ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ် နိုင် အောင် ကြိုးပမ်းခဲ့ရသည် ။


ဆယ်တန်း အောင် ပြီးသည့် နောက် ရန်ကုန်မြို့ သို့ ရောက်သည် ။ စာရေး အလုပ် လုပ်ရင်း သက်ကြီးတက္ကသိုလ် ၌ ပညာ ဆက်လက် သင်ကြားသည် ။



ထို့နောက် နိုင်ငံရေး လောက ထဲ ရောက်သည် ။ 


ယခု အချိန်၌ သူ ၏ စီးပွားရေး အခြေအနေ မှာ သင့်တင့် ကောင်းမွန်ဆဲ ဖြစ်သည် ။


သူ ၏ ရောဂါ သို့မဟုတ် အဓိ ကရောဂါလက္ခဏာ မှာ သေဘေး အကြောက်လွန်ခြင်း ” ဖြစ်သည် ။


  •••••   •••••   •••••


ဦးမင်းဟန် သည် ဗုဒ္ဓဘာသာ မိသားစု မှ ပေါက်ဖွား သူ ဖြစ်သည် ။ ထို့ပြင် ရွာဘုန်းတော်ကြီးကျောင်း တွင် ငါးနှစ်ကျော် မျှ နေထိုင်ခဲ့ရသည် ။


ထို့ကြောင့် သူ သည် ဗုဒ္ဓဘာသာ အယူအဆ နှ င့်ဗုဒ္ဓယဉ်ကျေးမှုဓလေ့များ ကြီးမားစွာ လွှမ်းမိုး ခံရသည့် မွေးရာပါ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည် ဟု ဆိုရမည် ။


သို့သော် ထိုမျှ ဩဇာ လွှမ်းမိုး ခံ ရသည့် အခြေအနေ ၌ ပင် ဦးမင်းဟန်သ ည် ဘာသာအယူ ၌ သက်ဝင်ယုံကြည်မှု နည်းပါး ခဲ့ပုံ ရသည် ။ သို့တည်းမဟုတ် ယင်းထက် ကြီးမားသည့် ဩဇာ လွှမ်းမိုးမှု ဝင်ရောက်ခဲ့ပုံ ရသည် ။ သူ သည် မူလ အယူ ကို စွန့်ကာ မာ့က်စ်ဝါဒီ အဖြစ် ခံယူ သွားခဲ့သည် ။


သို့သော် နိုင်ငံရေး ဘဝ နောက်ပိုင်း ကာလ တွင် ဦးမင်းဟန် သည် မာ့က်စ်ဝါဒ ကို မယုံကြည်တော့ကြောင်း အခိုင်အမာ ပြော ဆို ပြန်သည် ။


မာ့က်စ်ဝါဒ ကို စွန့်လွှတ်ပြီး သည့် နောက် မိရိုးဖလာ အယူဝါဒ ကို လည်း ပြန်လည် စွဲကိုင်ခြင်း မပြုခဲ့ပေ ။ 


ထို့ကြောင့်


ဦးမင်းဟန် သည် ဗုဒ္ဓဝါဒီ မဟုတ် ။ မာ့က်စ်ဝါ ဒီလည်း မဟုတ် ။ ဘာ ဝါဒီမှ မဟုတ်တော့ ။


  •••••   •••••   •••••


ဘာသာ ကို စွန့်လွှတ်ခြင်း အကြော င်းနှင့် စပ်လျဉ်း၍ ဆန်းစစ်သည့် အခါ -


ဦးမင်းဟန် အဆိုအရ မိမိ သည် . . . . . . . . . . . . . . . . . ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည် ။


နီးစပ်သူ ဆွေမျိုးသားချင်းများ က မူ ဦးမင်းဟန် သည် ငယ်စဉ် က ပင် ဘုန်းကြီးကျောင်း ၌ နေထိုင်ရသည့် ဘဝ ကို မနှစ်မြို့ကြောင်း ၊ ဘုန်းကြီးကျောင်းသား ဖြစ်ရခြင်း အတွက် သိမ်ငယ်စိတ် ရှိကြောင်း ၊ ဘုန်းကြီးကျောင်း တွင် အတူနေ ကျောင်းသားများ ကိုရင်ငယ်များ နှင့် မကြာခဏ ခိုက်ရန် ဖြစ်ပွားတတ် ကြောင်း ၊ သူ့ ကို ဘုန်းကြီးကျောင်းသား ဟု နောက်ပြောင်သည့် ရွာ ထဲ က ကလေးများ နှင့် လည်း မကြာခဏ ထိုးကြိတ်ခဲ့ဖူးကြောင်း ၊ သည်အကြောင်းများ သည် နောင် အခါ၌ ဘာသာအယူ စွန့်ပယ်ရေး တွင် တွန်းအားပေးသည့် အဓိက အချက်များ ဖြစ်နိုင်ကြောင်း ဖြင့် ထင်မြင်ချက် ပေးကြသည် ။


မာ့က်စ်ဝါဒ ကို စွန့်လွှတ်ခြင်း နှင့် ပတ်သက်၍ ဦးမင်းဟန် က မိမိ သည် အယူအဆ တစ်ခု ကို မှန်ကန်သည် ထင်လျှင် လက်ခံ ယုံကြည်ရန် ဝန်မလေး သကဲ့သို့ မှားယွင်းပြီ ထင်လျှင် လည်း စွန့်လွှတ်ရန် လက် မနှေးတတ် သူ တစ်ဦး ဖြစ်သည် ။ မာ့က်စ်ဝါဒ သည် . . . . . . . . . . . . . ခဲ့ပြီ ။ မိမိ ၏ နိုင်ငံရေးအမြင်များ သည် မိမိ ၏ လက်တွေ့ ဘဝ အတွေ့အကြုံများ နှင့် အညီ အစဉ်တစိုက် ပြောင်းလဲ လျှက် ရှိသည် ။ မိမိ သည် နိုင်ငံရေး ကို လက်တွေ့ကျကျ လုပ်ဆောင် တတ်သူ ဖြစ်သည် ။ ဖြစ်နိုင်ချေ မရှိသည့် စိတ်ကူးယဉ် အိပ်မက်များ နောက် တကောက်ကောက် လိုက်နေတတ်သူမျိုး မဟုတ် ။ လက်ငင်း မှာ ဘာတွေ ဖြစ်နိုင်သလဲ ၊ အဲဒါကို စဉ်းစား ။ အဲသလို စဉ်းစား ပြီး တကယ် ဖြစ်နိုင်သည် ထင်ရသော အရာကို လုပ်ခြင်းသာ လက်တွေ့ကျသော နိုင်ငံရေး ဟု မိမိ မြင်သည် ။ ထို့ကြောင့်လည်း နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ချေ ရှိသည့် အရာ ကို လုပ်သည့် အတတ် ပညာ ဟု တချို့ ပုဂ္ဂိုလ်များ က ဆိုကြခြင်း ဖြစ်သည် ။ ငယ်စဉ်တုန်း က တော့ မိမိသည် မဖြစ်နိုင် ဆိုသော ဝေါဟာရ ကျုပ် အဘိဓာန် မှာ မရှိဘူး ဆိုသော စကားမျိုး ကို သဘောကျ ကိုးကွယ်ခဲ့ ဖူးသည် ။ သို့သော် နောက်ပိုင်း ၌ လက်တွေ့ ဘဝ အသိ အရ မဖြစ်နိုင် ဆိုသော စကားသည် မည်သည့် အဘိဓာန်မျှ မကင်းနိုင်သည့် စကားဖြစ် ကြောင်း လက်ခံခဲ့ရသည် ။ မူလ က မာ့က်စ် ၊ အိန်းဂဲလ်စ် ၊ လီနင် ၊ စတာလင် ၊ မော်စီတုန်း ၊ ကပ်စထရို တို့ လို ကြီးကျယ်ဖို့ မိမိ မျှော်မှန်းခဲ့သည် ။ သို့သော် တကယ် လုပ်ကြည့်၍ မအောင်မြင်သည့် အခါ မိမိ ယုံကြည်ချက် ပျက်ယွင်း လာသည် ။ မျှော်မှန်းချက် တွေ လည်း တဖြည်းဖြည်း နိမ့်ကျ လာခဲ့သည် ။ ထို့ကြောင့် အခြေအနေ ပေးသော တစ်ချိန် မှာ မာ့က်စ်ဝါဒ နှင့် မာ့က်ဝါဒီ အသိုင်းအဝိုင်း ကို စွန့်ခွာ ခဲ့သည် ။ သို့သော် အတွေ့အကြုံ အလေ့အလာ အရတတ်ကျွမ်းနားလည် ခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်မှုများ ကို အသက်မွေး ဝမ်းကျောင်း ပညာ တစ်ရပ် သဖွယ် အသုံးချနိုင်သည့် အခြေအနေ ရရှိလာ သဖြင့် နိုင်ငံရေးလောက တွင် ဆက်လက် ကျင်လည် နေခဲ့သည် ။ ထို အနေအထား တွင် ဆက်လက် ရပ်တည်ရန် မလွယ်ကူတော့သည့် အခါ၌ မူ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ ကို သာ မိမိ ဇောက်ချ လုပ်ကိုင်ခဲ့သည် ။ စင်စစ် မိမိ သည် နိုင်ငံရေးနယ်ပယ် တွင် ဆက်လက် ကြာရှည် တည်ရှိ တော့ မှာ မဟုတ်သည် ကို ကြိုတင် သိမြင် သဖြင့် ခပ်စောစော က ပင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ကို စတင်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ ၌ မိမိ ၏ စီးပွားရေး မှာ အတော်ပင် အခြေ ခိုင် လျက် ရှိပြီ ။ စသဖြင့် ပြောကြားခဲ့သည် ။


ဦးမင်းဟန် ၏ ညီဝမ်းကွဲ တစ်ယောက် က မူ ဦးမင်းဟန် သည် နိုင်ငံရေး အယူအဆ ကို အဓိက ထားသူ မဟုတ်ဘဲ မိမိ ဘဝ တိုးတက်ရေး ကို သာ အစဉ် ရှေးရှုခဲ့သူ ဖြစ်သည် ။ သူ သည် ဘာသာတရား ကို ခပ်လွယ်လွယ် စွန့်ပစ်ခဲ့ သကဲ့သို့ မာ့က်စ်ဝါဒ ကို လည်း ခပ်လွယ်လွယ်ပင် စွန့်ပစ်ခဲ့သည် ။ သည်လို စွန့်ပယ်ခဲ့ခြင်း အတွက် သူ့ ၌ စိတ် မကောင်းခြင်း နှောင့်နှေးခြင်းများ ဖြစ်လေ့ မရှိ ။ “ ငါ သည် ရွှေထုပ်ကိုတွေ့လျှင် မြက်ထုပ် ကို ချ၍ ရွှေထုပ် ကို ထမ်းသူ ဖြစ်သည် ။ သည် မြက်ထုပ် ကို ထမ်းပိုး ယူဆောင်ခဲ့တာ ကြာပြီ ဖြစ်၍ ရွှေထုပ် တွေ့သော်လည်း မစွန့်လွှတ်နိုင်တော့ ” ဆိုသော တရားသေသမားမျိုး မဟုတ် ဟု သူ အမြဲ ပြောသည် ။ သို့သော် မိမိ အမြင် ၌ မူ သူ ( ဦးမင်းဟန် ) သည် မြက် နှင့် ရွှေ လောက် တန်ဖိုး သိသိသာသာ မကွာခြားသော အခါများ တွင် လည်း လွယ်လင့်တကူ ပြောင်းရွှေ့ လဲလှယ်တတ်သူ ဖြစ်သည် ။ သူ့ ၌ သံယောဇဉ် ဆိုတာ မရှိ ။ သူ့ ဖို့ သာ သူ သိသည် ။ သူ ချမ်းသာဖို့ သူ့ အသက် စည်းစိမ် တည်မြဲဖို့ သာ သူ သိသည် ။ သည်လို အတ္တ လွန်ကဲ သဖြင့် လည်း ယခု ကဲ့သို့ စိတ္တဇနာ စွဲကပ်ရခြင်း ဖြစ်သည် ဟု ဝေဖန် ပြောဆိုသည် ။


  •••••   •••••   •••••


ဘာသာအယူ ဆိုသည် မှာ စွန့်လွှတ်နိုင်ခဲသော အရာ ဖြစ်သည် ။ စွန့်လွှတ် ပြီး သည့် နောက်တွင်လည်း နောင်တ နှင့် သံဝေဂတရား တို့ ၏ ဖိစီး နှိပ်စက်မှု မခံရဘဲ ပေါ့ပါးလွတ်လပ်စွာ နေနိုင်ဖို့ ခဲယဉ်းသည် ။ များသောအားဖြင့် ဤ တိုင်းပြည် ၌ ဘာသာ အယူ စွန့်လွှတ် သူတို့ သည် မာ့က်စ်ဝါဒီများ ဖြစ်ကြသည် ။ သို့သော် မာ့က်စ်ဝါဒီ အများစု တို့ ၌ ဘာသာမကိုးကွယ်မှု အတိုင်းအဆ သည် သူ ၏ နိုင်ငံရေးလှုပ်ရှားမှု အပြင်းအပျော့ ပေါ် တွင် မူတည် နေလေ့ ရှိသည် ။ နိုင်ငံရေး အရ တက်ကြွချိန် ၊ ထိထိရောက်ရောက် လှုပ်ရှားနေချိန် တွင် ဘာသာအယူ ကို ပစ်ပယ်ထား သော်လည်း နိုင်ငံရေး ဘဝ ကျဆင်းချိန် ၊ စိတ်ဓာတ်အင်အားများ ပျက်ယွင်းချိန် ၌ စောစောက ပစ်ပယ်ခဲ့သော ဘာသာတရား ကို ပင် အတင်းပြန်လည် ဖက်တွယ်ကာ တောင်းပန် တိုးလျိုး တတ်သော သဘောမျိုး ရှိတတ် သည် ။


ဦးမင်းဟန် က မူ မာ့က်စ်ဝါဒ ကို ပယ်ပြီး နောက်တွင် လည်း ဘာသာရေး ဘက် ပြန်မလှည့်တော့ ။ သူ့ တွင် တိကျခိုင်မာသော ကိုယ်ပိုင် အယူအဆ တစ်ခု ရှိသည် ဟု ယူဆရသည် ။ သည်ကိစ္စ နှင့် ပတ်သက်၍ ဦးမင်းဟန် အား ဆရာဝန် မေးမြန်း ကြည့်ခဲ့သည် ။ 


“ ဒါဖြင့် အခု လောလောဆယ် မှာ ခင်ဗျား ဘာ အယူအဆ ကို လက်ခံ ထားပါသလဲ ”


“ ဘာ အယူအဆ မှ မရှိဘူး ၊ ဘာ ဝါဒ မှ မရှိဘူး ၊ ပြောင် ပဲ ၊ ဟာလာ ဟင်းလင်း ပဲ ၊ လုံးဝ သန့်စင်နေတယ် ”


“ ဘာ အယူအဆ မှ မရှိဘူး ဆိုတာမျိုး ရှိနိုင်သလား ၊ အဲသလို ဘာမှ လက်မခံခြင်း ဆိုတာကော အယူအဆ တစ်မျိုး လို့ မဆို နိုင်ဘူးလား ၊ ခင်ဗျား က အတွေးအခေါ်သမား မို့ လို့ ဆွေးနွေးကြည့် တာပါ ”


“ အားလုံးကို ငြင်းပယ်တာ လဲ အားလုံး ငြင်းတဲ့ဝါဒ သို့မဟုတ် ယုံကြည်မှု ကင်းမဲ့တဲ့ ဝါဒ လို့ ပြောရင်လဲ ရနိုင်တာပေါ့ ခင်ဗျာ ။ ဒါပေမဲ့ ဒါက ကြံဖန် နာမည်တပ် ရတာပါ ။ ဘာမှမယုံ ကြည်ဘူး လို့ အလွယ်တကူ ပြောလိုက်ရင် လဲ ပြီးတာပါပဲ ။ ဒါပေမဲ့ ဆရာ က လဲ မေးနေတော့ ဆရာ့ ကို ကျွန်တော် တစ်ခု ပြောပါ့မယ် ၊ ဒါ လျှို့ဝှက်ချက်ပါ ၊ ကျွန်တော့် ဘဝ ကို လမ်းညွှန် ထိန်းကျောင်းခြင်း ၊ မောင်းနှင်ခြင်း ၊ တွန်းအားပေးခြင်း ပြုနေတဲ့ ကျွန်တော့် ဘဝ အမြင် တစ်ရပ် ပါ ၊ ဘာလဲ ဆိုတော့ လူတွေ မှာ ဘာသာရေး အချုပ်အနှောင် တွေ ရှိတယ် ၊ အယူအဆရေး အချုပ်အနှောင် တွေ ရှိတယ် ၊ လူ့အဖွဲ့အစည်း ရဲ့ စည်းကမ်းကလနား အချုပ်အနှောင် တွေ ရှိတယ် ၊ လူ ဟာ ဒါတွေ အောက် မှာ ကျပ်တည်းစွာ နေရတယ် ၊ သနားစရာ ကောင်း လောက်အောင် ဖိစီးမှု ခံနေကြရတယ် ၊ ရှင်းအောင်ပြောမယ် ၊ လူတွေ ဟာ ဘုရား ကို ကြောက်ရတယ် ၊ အကုသိုလ် တို့ မကောင်းမှုတို့ ဆို တဲ့ အစွဲအလမ်းတွေ နဲ့ ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် တို့ ဆိုတာတွေ ကို လူတွေ ကြောက်ကြတယ် ၊ ဘုရား ရဲ့ အဆုံးအမ ကို မနာယူ ရင် အဲဒါတွေ ဖြစ်မှာပဲလို့ တွေး ကြောက် ကြတယ် ၊ အဲဒီတော့ အဲဒါတွေ နဲ့ ဆက်စပ်ပြီး ဘုရား ကို ပါ ကြောက်ကြတယ် ၊ ဘုရား မကြောက်တာ ဘယ်သူ ရှိလဲ လိုက် ကြည့်ရင် ရှိတယ် ။ ဥပမာ အားဖြင့် ကွန်မြူနစ် တွေ ရှိတယ် ။ ဒါပေမဲ့ ကွန်မြူနစ် ကျ တော့လဲ ဘုရား မကြောက်ပေမဲ့ မာ့က်စ်လီနင် ကို တော့ ကြောက် ရ ပြန်တယ် ။ နောက် တစ်ချက် ကျွန်တော်တို့ လူ့ အဖွဲ့အစည်း ထဲ မှာ တရားဥပဒေ အရ ရေးသား ပြဋ္ဌာန်း ထားတဲ့ စည်းကမ်းတွေ အပြင် ဘုရားတရား အဆုံးအမ နဲ့ ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေ နိုင်ငံရေး အယူအဆ အဆုံးအမ နဲ့ ဆိုင်တဲ့ ကျင့်ဝတ် စည်းကမ်းတွေ ရှိနေတယ် ။ လူတွေ ဟာ အဲဒီ အဆုံး အမတွေ ကို နာခံရတယ် ။ မနာခံရင် ၊ ကျူးလွန်ဖောက်ဖျက်ရင် အပြစ်ဒဏ် ခံရတယ် ၊ ကိုယ်ကာယ အားဖြင့် ခံရတယ် ၊ စိတ်ပိုင်း အားဖြင့် ခံရတယ် ။ အဲဒါ လူအများစု ရဲ့ အခြေအနေ ။ ကျွန်တော် ၊ ကျွန်တော် ကျ တော့ ဘယ်လိုလဲ ၊ ကျွန်တော် ဘုရား မကိုးကွယ်ဘူး ၊ အဲဒီတော့ ဘုရား မကြောက်ရဘူး ၊ ဒီလိုပဲ မာ့က်စ်လီနင် ကျွန်တော် မကိုးကွယ်ဘူး ၊ မကြောက်ရဘူး ၊ အဲ ဒီတော့ လူ့အဖွဲ့အစည်း ထဲ မှာ ကျင်လည်လှုပ်ရှားတဲ့ အခါမှာ ကျွန်တော့် အနေနဲ့ ရာဇသတ်ကြီး ဥပဒေ အရ ပုဒ်မ နံပါတ် တပ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေ က လွဲရင် ကျွန်တော် ဘာမှ ကြောက်စရာ မလိုဘူး ၊ ဂရုစိုက်စရာ မလိုဘူး ၊ ဂရုလည်း မစိုက်ဘူး ။ အဲဒီတော့ ကျွန်တော် သိ ပ်ပေါ့ပါး လွတ်လပ်တယ် ။ လူ့ အဖွဲ့အစည်းထဲ မှာ ကျွန်တော် ဟာ စိတ်ပိုင်း ဆိုင်ရာ အခွင့်ထူး ခံစားနေရတဲ့ လူ တစ်ယောက် ဖြစ်တယ် ။ လူ့လောကကြီး မှာ လူ တကာ ထက် တစ်ပန်း သာတဲ့ အနေအထား က ကျွန်တော် ကျင်လည်ခွင့် ရနေတယ် ။ ဒါအတွက် ကျွန်တော် ဝမ်းသာတယ် ။ ကိုယ့် ဘာသာ ကိုယ်လဲ အမြဲ ကျေနပ် နေတယ် ။ ဒါပေမဲ့ သူများ တကာ တော့ ထုတ် ပြောလို့ မဖြစ်ဘူး ။ ဆရာ့ ကို တော့ ကျန်းမာရေး ကိစ္စ နဲ့ ဆက်စပ် နေလို့ ပြောပြ တာပါ ။ လူ တစ်ယောက် ဟာ ဘာသာ လဲ မရှိဘူး ၊ ကွန်မြူနစ် လဲ မဟုတ်ဘူး ဆိုရင် အဲဒီ လူဟာ လောကကြီး မှာ အသာစီး ရတဲ့ လူပဲ ။ ဆရာ လဲ အဲဒါ မှတ်ထားပါ ” 


 •••••   •••••   •••••


အရပ်သားစကား နှင့် ရိုးရိုး ပြောရလျှင် ဦးမင်းဟန် သည် အတွေးအခေါ် အရာ၌ ရှစ်စပ်က လည်သူ ဖြစ်သည် ။ မိမိ ကိုယ် ကို ကာကွယ်နိုင်မည့် အတွေးအခေါ် ဆင်ခြေဆင်လက် မျိုးစုံ ဖန်တီး တီထွင် ထားသည့် ဒဿနကဝေ ဖြစ်သည် ။


သို့သော် သူ ဘာကြောင့် စိတ် ဖောက်ပြန် ချွတ်ယွင်း သွားရသနည်း ။


တရားခံ ကား သေခြင်းတရား ၊ တိကျအောင် ပြောရလျှင် သေခြင်းတရား ကို ကြောက်ရွံ့ခြင်း ။


လူ သည် သေမျိုး ဖြစ်သည် ဟု ဆိုကြသည် ။ သို့သော် လူတိုင်း လည်း သေ မှာ ကြောက်ကြသည် ချည်း ဖြစ်သည် ။ သို့သော် သေမှာ တွေး ကြောက်ပြီး စိတ် ဖောက်ပြန်သည်ဆိုခြင်းကား သဘာဝ မကျ ၊ ဖြစ်ရိုးဖြစ်စဉ် မဟုတ် ။ မည်သည့် ထူးခြားသော အကြောင်း ခြင်းတကြောင့် သည်မျှ အကြောက်လွန် သွားခဲ့ရသနည်း ။ မျိုးရိုး ဗီဇကြောင့် လား ၊ ငယ်စဉ် ကလေးဘ ဝက ကြုံခဲ့ဖူးသည့် ထိတ်လန့် တုန်လှုပ်ဖွယ် အတွေ့ အကြုံ တစ်ခု ခုကြောင့်လား ၊ ဘဝ တစ်လျှောက် အစဉ်တစိုက် ကြုံခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ ရေရှည်ထိခိုက်မှုများ ၏ စုပေါင်း အာနိသင်ကြောင့် လား ၊ စဉ်းစား စိစစ် ကြည့်လျှင် ။ ဘာသာရေး နှင့် ပတ်သက်၍ ဦးမင်းဟန် နှင့် ဆွေးနွေး စဉ် က သူ ပြောခဲ့သော အချက် တစ်ရပ် ကို ထည့်သွင်း စဉ်းစားရန် လိုအပ်မည်ထင်သည် ။


“ ဘာသာ မကိုးကွယ် ဖြစ်တဲ့ အဓိက အကြောင်း က ဘာလဲ ခင်ဗျ ”


“ ဒီကိ စ္စ နဲ့ ပတ်သက်ပြီး ကျွန်တော် စဉ်းစားခဲ့တဲ့ အချက် တွေ က အများကြီး ရှိပါတယ် ၊ ဒါပေမဲ့ အလွယ်ကူဆုံး အရှင်းဆုံး အချက် ကို ပြောရရင်တော့ သေပြီး တဲ့ နောက် ဘဝ အဆက်ဆက် ထပ် ဖြစ်မယ် ဆိုတာကို ကျွန်တော် မယုံဘူး ၊ အထက်ဘုံ အောက်ဘုံ တွေရှိတယ် ဆိုတာ ကျွန်တော် မယုံဘူး ။ အဲဒီတော့ ကျွန်တော့် အနေ နဲ့ ဘာ ကိုးကွယ်စရာ လိုသေးသလဲ ။ လောကကြီး ထဲ မှာ ကိုယ် ကောင်းတယ် သင့်တော်တယ် ထင်သလို ကြည့် နေရုံပဲ ရှိတာပေါ့ ။ အလိုက်သင့် အလျားသင့် ကျွန်တော် မျှောနေခဲ့ တာပဲ ”


“ ခင်ဗျား မှာ အခု လက်ငင်း ဘဝ တစ်ခု ပဲ ရှိတယ် ၊ နောက်ထပ် မရှိဘူး ၊ သေရင် ပြီးပြီ ၊ အဲသလို ယုံကြည်တယ်ပေါ့ ”


“ အင်း ဟုတ်တယ် ၊ သေရင် ပြီးပြီ ” 


သည်လို ပြောပြီး သူ စိတ်မကောင်း ဖြစ်သွားဟန် တူသည် ။ မျက်နှာ ပျက်သွားသည် ။ ပြီး ပြီ ဆိုတာ နှမြောစရာ မဟုတ်လား ။ “ ဟုတ်တယ် ၊ ကျွန်တော် က တစ်ဘဝတည်း ရှိတဲ့ ကောင် ။ သေရင် ပြီးမဲ့ ကောင် ။ ကျွန်တော် ဘာ လုပ်ရမလဲ ။ ရှိတဲ့ အချိန်လေး မှာ ဘာတွေ လုပ်သွားမလဲ ။ကျွန်တော် အများကြီး စဉ်းစားခဲ့တယ် ။ ပိုက်ဆံလေး တစ်ကျပ် တစ်ပြား ပဲ လက် ထဲ ရှိတဲ့ လူ တစ်ယောက် ဟာ ဘာ လုပ်မလဲ ။ နှစ်မျိုး လုပ် နိုင်တယ် ။ ဒီ တစ်ကျပ်တစ်ပြား သိမ်း ထားလို့ ဘာ အကြောင်းထူး မှာလဲ ဆိုပြီး အလွယ်တကူ သုံးပ စ်လိုက်နိုင်တယ် ။ ဒါမှမဟုတ် ဒါလေးပဲ ရှိတာ ။ တကယ် တန်ဖိုးရှိတဲ့ နေရာကျ မှပဲ သုံးတော့မယ် ဆိုပြီး သိမ်းထားချင် သိမ်းထားနိုင်တယ် ။ဒါပေမဲ့ တစ်ကျပ် တစ်ပြား နဲ့ ဘာတန်ဖိုး ရှိတာ လုပ်လို့ ရမှာလဲ ။ ကျွန်တော့် မှာ အဲဒါ ပြဿနာ ။ ကျွန်တော် က ဒီ တစ်ကျပ်တစ်ပြား ကို တန်ဖိုး ထားတဲ့ ကောင် ။ တစ်ကျပ်တန် တိုတောင်းတဲ့ ဘ ဝသက်တမ်းလေး ထဲ မှာ ကျွန်တော် အများကြီး လုပ်သွား ချင်တယ် ။ အများကြီး ဖြစ်သွားချင်တယ် ။ ကျွန်တော့် ဘဝ ကို ဆွဲ ဆန့် လို့ ရသလောက် ဆွဲဆန့် ထား ချင်တယ် ၊ ဒီ ဘဝထဲမှာ ထည့်လို့ ရသလောက် ပြွတ်သိပ် ထည့်ချင်တယ် ၊ ကျွန်တော် မဝဘူး ၊ မတင်းတိမ်နိုင်ဘူး ”


သည် အတွေးအခေါ် နှင့် သည် ခံစားချက်များ ဘယ် အချိန်လောက် က စ၍ သူ့ ခေါင်းထဲဝင်ရောက်ခဲ့သည် ကို အတိအကျ တွက်ဆ ရန် ခက်သည် ။


သို့သော် အကြမ်းဖျင်း ခန့်မှန်းနိုင်သော အချက် တစ်ရပ် တော့ ရှိသည် ။


လွန်ခဲ့သော ငါးနှစ် ခန့် မျှ ကာလ အတွင်း ဦးမင်းဟန် သည် အထွေထွေကု ဆေးရုံများ သို့ သုံးကြိမ် တိတိ တက်ရောက်ခဲ့ရသည် ။ အကြိမ်တိုင်း တွင် ဦးမင်းဟန် သည် အသက်အန္တရာယ် ပေးနိုင် သည့် ရောဂါကြီး တစ်ခု ခု ၏ ထင်ရှားသော လက္ခဏာ တစ်ရပ် ဖြင့် ဆေးရုံတက်ရောက်ခဲ့ခြင်း ဖြစ်ပြီး အကြိမ်တိုင်း ပင် ရောဂါရှာဖွေ စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ပြီးနောက် ဘာ ရောဂါမျှ ရှာဖွေ မတွေ့ ရှိရဘဲ ရှာဖွေမှုများ ပြည့်စုံသည့်အချိန် လောက် တွင် ဝေဒနာ လည်း ပျောက်ကင်းကာ ဆေးရုံ မှ ပြန် ဆင်းခဲ့ရသည် ချည်း ဖြစ်သည် ။


စင်စစ် ဦးမင်းဟန် သည် စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအား နည်းပါး သူ ဟု ဆိုနိုင်ရန် ခဲယဉ်းသူ ဖြစ်သည် ။ သူ့ မှာ မိမိ ကိုယ် ကို ကာကွယ်သော ယန္တရားတွေ အများအပြား ရှိသည် ။ ထို့ပြင် သတိ လည်း ရှိသည် ။


သူ သည် မိမိ ကျန်းမာရေး ကို ဂရုစိုက် သူ ဖြစ်သည့် အလျောက် ဆေးပညာပေး စာအုပ်များကို အဖတ်အရှု များခဲ့ သည် ။ ယင်းသို့ ဖတ်ရှုရင်း က စာအုပ် ထဲ တွင် ဖော်ပြပါရှိသည့် ရောဂါလက္ခဏာများ မိမိ ကိုယ် တွင် တဖြည်းဖြည်း ထင်ရှားပေါ် လွင်လာသည် ဟု စွဲလမ်း ယုံကြည် ကာ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဆေးရုံများ သို့ သုံးကြိမ် တိုင်တိုင် တက်ရောက်ခဲ့ရခြင်း ဖြစ်သည် ။ တတိယအကြိမ်မြောက် ဆေးရုံ က ဆင်းပြီး သည့် နောက် တွင်မူ ဦးမင်းဟန် သည် မိမိ ကိုယ် ကို ဆိုင်ဆိုမက်တစ် ရောဂါ ဖြစ်သူ ( စိတ်အစွဲ ကြောင့် ကိုယ်ကာယ ဝေဒနာ ခံစားရသူ ) ဟူ၍ ရှုမြင် လိုက်သည် ။ ထို့နောက် ဤသို့ ဖြစ်ခြင်းမှာ ဆေးပညာပေးစာအုပ်များ ကြောင့် ဖြစ်သည် ဟု ကောက်ချက်ချပြီး ဆေးစာအုပ် ဖတ်ခြင်း ကို စွန့်လွှတ်လိုက်သည် ။ 


သို့သော် ။


ဦးမင်းဟန် ခေါင်း ထဲ တွင် အစွဲအလမ်း တစ်ခု ဝင် သွား ခဲ့သည် ။ ဆေးရုံ တက်သည့် အကြိမ်တိုင်း တွင် ရောဂါ ရှာမရ သဖြင့် ဆေးရုံ တွင် အချိန် တော်တော်ကြာကြာစီ သူ နေခဲ့ရသည် ။ သည် ကာလများ အတွင်း မှာ သေခြင်းတရား ကို သူ လက်ပွန်းတတီး တွေ့ ကြုံခဲ့ရသည် ။ ဆေးရုံ ဆိုသည်မှာ မရဏတရား ကို အထင်အရှား ပြရာ နေရာ ဖြစ်ချေသည် ။


မိမိ အခန်း ထဲ တွင် သေဆုံး သွားသော လူနာများ ဦးမင်းဟန် မြင်တွေ့ရသည် ။ မိမိအဆောင်တွ င် သေဆုံး သွားသော အချို့ လူနာများ ဦးမင်းဟန် မြင်တွေ့ ရသည် ။ ဆေးရုံကြီး ထဲ တွင် သေဆုံး သွားသော အချို့ လူနာများ လည်း ဦးမင်းဟန် မြင်တွေ့

ရသည် ။


ဦးမင်းဟ န်က ဤသို့ ဆိုသည် ။


“ သေတဲ့ လူနာတွေ မြင်စ က ကျွန်တော် ကြောက်တယ် ၊ တုန်လှုပ်တယ် ။ ဒါပေမဲ့ နောက်တော့ တဖြည်းဖြည်း ဆင်ခြင် တယ် ။ လူ ဆိုတာ သေမျိုး ။ သေမျိုး ဆိုတဲ့ အတိုင်း သူများတွေ သေ နေကြပြီ ။ ငါ မသေသေးဘူး ၊ ငါ မသေသေး တာဟာ ငါ့ ရဲ့ အောင် မြင်မှုပဲ လို့ ကျွန်တော် စဉ်းစားမိတယ် ။ အဲဒီအခါ မှာ ကျွန်တော် အတော် စိတ်သက်သာရာ ရသွားတယ် ”


ဦးမင်းဟန် သည် ဤ စဉ်းစားဆင်ခြင်ချက် ကို အမှန်တရား အဖြစ် ယုံကြည် သွားပုံရသည် ။ သည်အခါ သူ့ ၌ စိတ် သက်သာရုံ စိတ်ကျေနပ်မှု ပါ ရလာသည် ဟု ယူဆရပါသည် ။ 


ဦးမင်းဟန် ၏ ဇနီး က ပြောပြသည် ။


“ နောက်ဆုံး အကြိမ် ဆေးရုံ က ဆင်းပြီးတဲ့ နောက် သူ ဟာ ဆေးရုံ ကို မကြာခဏ သွားတယ် ။ အသုဘ တွေ့ ရင် ဝင် ကြည့်တယ် ။ သိကျွမ်းသူ မှန်သမျှရဲ့ အသုဘပွဲတွေ မလွတ်တမ်း လိုက်ပို့တယ် ။ အိမ် မှာ သတင်းစာ ဖတ်ရင် နာရေး ကြော်ငြာ က စ ဖတ်တယ် ။ နောက်ပိုင်းကျ တော့ သူများတွေ သေတဲ့ အကြောင်း ပြောပြီးရင် ငါ တော့ မသေသေးဘူးကွ လို့ ပြောတတ်လာတာ သတိထား မိ တယ် ။ တဖြည်းဖြည်း နဲ့ ဒီ စကား ကို ပိုပို ပြော လာတယ် ။ အသုဘ ပို့ပြီး ပြန်လာရင် ကိုဘယ်သူကြီး တော့ သေသွားပြီ ၊ ငါ တော့ မသေ သေးဘူးကွ လို့ ပြောတယ် ။ သတင်းစာ ဖတ်ရင်းက ဘယ်သူတော့ သေသွားပြန်ပြီ ၊ ငါ မသေသေးဘူးကွ လို့ ပြောတယ် ။ တဖြည်းဖြည်း နဲ့ သူ့ ကြည့်ရတာ သူများတွေ သေနေတဲ့ ကိစ္စ ကို ဝမ်းသာအားရ ဖြစ်တဲ့ သဘောမျိုး ဖြစ်လာတယ် ။ ငယ်ငယ်ရွယ်ရွယ် နဲ့ သေသွား တဲ့ လူတွေ ဆိုရင် သူ က လှောင်သလို သရော်သလို ရယ်တယ် ။ ဒီ အရွယ်လေး နဲ့ သေရသလား ၊ အတော် အသုံးမကျတဲ့ လူတွေ လို့ ဆိုတယ် ။ သိပ် အောင်မြင် ကျော်ကြား နေတဲ့ လူ တစ်ယောက် ရုတ်တရက် သေသွားပြီ ဆိုရင် ဟားဟား ဟိုကောင်ကြီး တော့ ကြွသွား ပြီကွ ၊ ငါ ပဲ ကျန်တော့တယ် ၊ ငါ မသေဘူး ၊ လို့ ဆိုတယ် ။ ငါ မသေနိုင် သေးဘူး ၊ အောင်မြင်အောင် လုပ်ရဦးမယ် ၊ ကျော်ကြားအောင် လုပ်ရဦးမယ် ၊ ထိပ်တန်း ရောက်အောင် လုပ်ရဦးမယ် လို့ လဲ မကြာခဏ ပြောတယ် ။ အဲသလို ပြောပြီး အလုပ် ကိုလဲ  မနားမနေ လုပ် တယ် ။ အကြီးအကျယ် ချမ်းသာအောင် လုပ်မယ်လို့ ဆိုတယ် ။ နောက်ထပ် ဆယ်နှစ် နေရရင် မြန်မာပြည် မှာ အချမ်းသာဆုံး သူဌေးကြီး ငါ ဖြစ်ရမယ်လို့ ဆိုတယ် ။ အလုပ် လုပ်တဲ့ အချိန် မှာ သူ ဘာမှ မပြောဘူး ။ အလုပ် ကို အာရုံ ဝင် ပြီး လုပ်နေတယ် ။ ကျန်တဲ့ အချိန်များ မှာ သာ ငါ မသေဘူး ။ ငါ မသေဘူး လို့ ပြော ပြောနေတာ ။ သေ တဲ့ကိစ္စ သူ့ စိတ် မှာ အစွဲအလမ်း ဖြစ်နေတယ် ဆိုတာ သိပေမဲ့ အလုပ်အကိုင် လဲ မပျက် ၊ တခြားလဲ စိတ် ချွတ်ယွင်းတဲ့ အမူအရာ မျိုး မပြတာ နဲ့ ကျွန်မ သည်လိုပဲ စောင့်ကြည့် နေခဲ့မိတယ် ” 


“ ပြဿနာ ဖြစ်တာကတော့ မော်တော်ကား တိုက်မိတဲ့ ကိစ္စ ပဲ ၊ သူ့ ကို သေသေချာချာ တိုက်မိတာတော့ လဲ မဟုတ်ဘူး ၊ သူ က ကျန်းမာရေး ဂရုစိုက်တဲ့ လူ ဆိုတော့ မနက်တိုင်း လမ်းထွက် လျှောက် တယ် ။ ကား က တည့်တည့် လာ တာ မဟုတ်ဘူး ၊ ကွေ့ မလို့ နောက် ကို ဆုတ်တာ ။ အဲဒီမှာ သူ့ ကို တိုးမိတယ် ၊ ဒါပေမဲ့ လူ ကို တော့ လုံးဝ မထိသလောက်ပဲ ၊ ပွန်းခြင်းပဲ့ခြင်း တစ်ခု မှ မရှိဘူး ၊ သူ ကိုင် နေကျ တုတ်ကောက် သာ ကားဘီး အောက် ရောက်ပြီး ကျိုး သွား တယ် ။ ဒါပေမဲ့ အဲဒီ ကားတိုက်မှု ဟာ လူခန္ဓာကိုယ် ကို မထိခိုက်ပေမဲ့ သူ့ စိတ် ကို တော့ အကြီးအကျယ် ထိခိုက်သွားစေပုံ ရတယ် ။ နောက် ဆုံး တင်လိုက်တဲ့ ကောက်ရိုး တစ်မျှင် ကြောင့် မြင်း ခါးကျိုးသွားတယ် ဆိုတာမျိုး ဖြစ်သွားပုံရတယ် ။ ကား တိုက်တဲ့ ကိစ္စ ဖြစ်ပြီး အိမ်ပြန် ရောက်တဲ့ အချိန် က စလို့ သူ့ ပါးစပ် က ငါမသေဘူး ၊ ငါ မသေဘူး ဆိုတဲ့ စကား ကို ပဲ တတွတ်တွတ် ရွတ်နေတယ် ။ တစ်ရက် လဲ မရပ်ဘူး ၊ နှစ်ရပ်လဲ မရပ်ဘူး ၊ ည လဲ ကောင်းကောင်း မအိပ် ဘူး ။ မိသားစု ဆရာဝန် ကို ခေါ်ပြီး ပြတဲ့ အခါ သူ က စိတ်ငြိမ်ဆေး တွေ ပေးတယ် ။ အိပ်ဆေးတွေ ပေးတယ် ။ အဲဒီ နောက် မှာ တော့ နည်းနည်း သက်သာ သလိုရှိတယ် ။ တရစပ်ကြီး ပြော မနေတော့ ဘူး ။ ကောင်းတဲ့ အချိန်မှာ လုံးဝ ကောင်းသလို ဖြစ်နေတယ် ။ ပြော တာ ဆိုတာ လုပ်တာ ကိုင်တာ အားလုံး ပုံမှန်ပဲ ။ မှတ်ဥာဏ် မလျော့ ဘူး ။ အတွေးအခေါ် မပျက်ဘူး ။ တစ်ခါတလေ သူ့ မိတ်ဆွေတွေ နဲ့ ပြောဆို ငြင်းခုံ နေတာ ပုံမှန် အတိုင်းပဲ ၊ ဒါပေမဲ့ ဖောက်ချိန်တဲ့ အချိန် ရုတ်တရက် ထ ဖောက်တယ် ။ ဖောက်တယ် ဆိုတာ တခြား ဘာမှလဲ မဟုတ်ဘူး ။ ပါးစပ် က တတွတ်တွတ် နဲ့ ငါမသေဘူး ဆိုတာ ကို ရွတ်တာပဲ ” 


ဆရာဝန်ကြီး က ရောဂါရာဇဝင်မှတ် စာတမ်းတွဲ ကို စားပွဲ ပေါ် ချ ထား လိုက်ပြီး လူနာ ကို လှမ်း ကြည့်သည် ။


သူ့ မျက်လုံးများ က ကြောင် ၍ နေသည် ။ ပါးစပ် က အသံ မထွက် သော် လည်း နှုတ်ခမ်းက တရွရွ နှင့် အဆက် မပြတ် လှုပ်ရှား နေသည် ။ ဆရာဝန်ကြီး က လက်ထောက်ဆရာဝန် အား အင်္ဂလိပ် ဘာသာ ဖြင့် ခပ်တိုးတိုး ပြောကြားသည် ။


“ ကေ့စ် က သိပ် စိတ်ဝင်စားစရာ ကောင်းတယ် ၊ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကြည့်ပြီး မှ ဘယ်လို ကုသမလဲ ဆိုတာ ဆုံးဖြတ် ကြတာပေါ့ ၊ ဆရာ ပြန်လာခဲ့ပါ ” 


ဆရာဝန် က လူနာ ၏ လက်မောင်း ကို ကိုင်ကာ “ ကဲ သွားကြရအောင် ” ဟုဆိုသည် ။


လူနာ ၏ နှုတ်ခမ်းများ တုန်လှုပ်မှု ပြင်းထန်လာပြီး တဖြည်း ဖြည်း အသံ ထွက်လာသည် ။ ခပ်တိုးတိုး ၊ မတိုးမကျယ် ။ ထို့နောက် ကျယ်လောင်လာသည် ။


“ ငါ မသေဘူး ... ၊ ငါ မသေဘူး ... ၊ ငါ မသေဘူး ... ၊ ငါ မသေဘူး ” 


◾ဖေမြင့်


📖 ငါ မသေဘူး ဆိုတဲ့ လူ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment