Sunday, April 21, 2024

အဘယ့်ကြောင့် ဆိုသော်


 

❝ အဘယ့်ကြောင့် ဆိုသော် ❞

၁ ။

အရပ် ထဲ မှာ တော့ ဘိုမ တို့ မိသားစု က ဇာတ်လိုက် တွေ ပဲ ။ သူတို့ မိသားစု နဲ့ အရပ် ထဲ အမြဲ ပွဲစည် နေတာကိုး ။ အဓိက , ကတော့ ဘိုမ တို့ သားအမိတွေ ပေါ့ လေ ။ ဘိုမ အဖေ ကိုဖိုးအေး က ကြား က - ညှပ်ပြီး ပါရုံပဲ ။ တကယ်တော့ ကိုဖိုးအေး က နာမည် နဲ့ လိုက်အောင် အေးတာ ၊ တစ်နေကုန် လို့ စကား တစ်ခွန်း ပြောချင် မှ ပြောတာ ။ ကိုဖိုးအေး အလုပ် သွားတဲ့ ရက် နဲ့ အလုပ် နားတဲ့ ရက် ဘာမှ မထူးဘူး ။ ဘာသံမှ မကြားရဘဲ ကို ။ သားသမီးတွေ ကို ဟောက်တာ ဟန့်တာ မျိုး လည်း မရှိ ၊ အသောက်အစား လည်း မရှိတော့ တကယ့် ကို လူအေး တစ်ယောက် ။ ဘိုမ တို့ အမေ မဌေးပို က တော့ သူ့ ယောက်ျား နဲ့ ဆန့်ကျင်ဘက် ။ မဌေးပို က စကား သိပ် ပြောတာ ။ စကား လည်း တတ် တော့ သူ့ နား နေရင် မပျင်းရဘူး ။ ဒါကြောင့်လည်း အရပ် ထဲ က တောင် ပြောကြတယ် ၊ လင်မယား နှစ်ယောက် အသွင် မတူဘဲ နဲ့ ဘယ်လိုများ ညားကြပါလိမ့်လို့ ပေါ့ ။ ဒါပေမဲ့ ‘ မဌေးပို ’ က လည်း ကိုဖိုးအေး လို ပဲ လူ တစ်ဖက်သား ကို ကူညီ တတ်တယ် ။ ပြီးတော့ မဌေးပို က ဆင်းရဲသား ဘဝ မှာ အသားကျ နေလို့ လား မသိဘူး ။ သူ တစ်ပါး ကို လည်း အောက်ကျို့ ဆက်ဆံ ဖို့ ဝန် မလေးဘူး ။ ဘယ်သူနဲ့ မဆို အောက် က နေ တာပဲ ။ ဒီတော့ လည်း လူတိုင်း နဲ့ အဆင် ပြေတယ် ။ လူတွေ ဆိုတာ က လည်း တန်းတူချင်း တောင် မှ အထက် က နေချင်ကြတဲ့ သူတွေ ချည်း မဟုတ်လား ။ ဒါပေမဲ့ “ မဌေးပို ” က သားသမီးတွေ ကို ဆော် တဲ့ နေရာ မှာတော့ နာမည်ကြီး တယ် ။

သားသမီးတွေ ဆိုလို့ အဖေ က လူအေး ၊ အမေ အသွက် ဆိုပေမဲ့ ဘိုမ က လွဲ ရင် သား နှစ်ယောက် စလုံး က မျောက်တွေ ချည်းပဲ ။ အကြီးကောင် “ ဖိုးထိန် ” က အခု လူပျိုပေါက်လေး ဖြစ် လာ တော့ မှ နည်းနည်း ငြိမ် သွား တာ ။ အရင်က ဆို နံဘေး အိမ် က ယောင် တတ်တဲ့ “ မတင်မြ ” ဆိုရင် “ ဖိုးထိန် ” ကို မြင်ရင် ပဲ သူ့ မှာ ပုန်း နေရတာ ။ ဒီနှစ် “ ဖိုးထိန် ” က ရှစ်တန်း ကျ တော့ ကျောင်းဆက် မတက်တော့ ဘဲ ဈေးထိပ် က ဆိုင်ကယ်ပြင်ဆိုင် မှာ ပညာ သင် နေတယ် ။

ဒီတော့ “ ဘိုမ ” တို့ အိမ် မှာ ဖိုးထူး တစ်ယောက်ပဲ ကျောင်းသား တစ်ယောက် ရှိ တယ် ။ ဒါပေမဲ့ “ ဖိုးထူး ” က လည်း မည်ကာမတ္တ ကျောင်း သား ။ အရပ် ထဲ သူတွေ က “ ဖိုးထူး ” ကို ချောင်းသား ဆို ပြီး နောက်ပြောင် ခေါ်လေ့ ရှိ တယ် ။ သူ က လည်း ကျောင်း သွား တဲ့ နေ့ထက် ကျောင်း လစ်ပြီး ချောင်း ထဲ ရေသွား ကူး တဲ့ နေ့ က ပို များတာ ကိုး ။ သူ့ အမေ မဌေးပို လောက် ရိုက်တာ ၊ ဆူတာ ကလည်း နှစ်ယောက် မရှိဘူး ဆိုပေမဲ့ ကလေးတွေ ကလည်း အရေ ထူ နေကြပုံ ။ သူတို့ အရွယ်လေး နဲ့ သူတို့ လုပ်ချင်ရာ လုပ် ကြတာပဲ ။

ဖိုးထိန် က ၁၄ နှစ် ၊ ဖိုးထူး က ၁ဝ နှစ် ၊ ဘိုမ က ၇ နှစ် မို့ တကယ်လို့ ဘိုမ သာ ကျောင်း နေမယ် ဆိုရင် နှစ်တန်း လောက် ရောက်ရော ပေါ့ ။ အခုတော့ ဘို မက ကျောင်း မနေရဘူး ။ ဘိုမ က စကား မှ မပြောတတ်ဘဲလေ ။ ဘိုမ က အ , နေတယ် ။ စကား မပြောတတ်ဘူး ဆို တာ ထက် သာမန် ကလေးတွေ လို မဟုတ်ဘူး ။ အသိ ရှိ တယ် ။ နားလည်တယ် ဆိုပေမဲ့ ပုံမှန် မဟုတ်ဘူး ။ လွယ်လွယ် ပြောရရင် ဉာဏ်ရည် မမီရှာဘူး ဆိုပါတော့ ။

ဒါပေမဲ့ ဘိုမ ကို တချို့ ပုံမှန် မဟုတ်တဲ့ သူတွေ လို လည်း ကြောက်စရာ မကောင်းဘူး ။ မသိတဲ့သူ ဆိုရင် လူကောင်းလို့ ပဲ ထင် ကြတယ် ။ “ ဘိုမ ” အမေ “ မဌေးပို ” ပြောတာ က တော့ သူ့သမီး ဘိုမ က သိုက် က လာ တာတဲ့လေ ။

မဌေးပို ကိုယ်ဝန် လွယ် ထားတဲ့ တစ်လျှောက် လုံး ည အိပ်ပြီဆို ရင် တောင်ဘက် ချောင်း ထဲ က ရှေးခေတ် မင်းသမီးတွေ လို အဝတ်အစား ပြိုးပြိုးပြက်ပြက် နဲ့ ကောင်မ
လေး တစ်ယောက် က မဌေးပို တို့ နဲ့ အတူ နေချင်လို့ ဆိုပြီး လာ လာ ပြောတဲ့ အိပ်မက်မျိုး ခဏခဏ မက် သတဲ့ ။ နောက်တော့ သူ က သနားတာ နဲ့ လာနေ လို့ အိပ်မက် ထဲ မှာ ခွင့်ပြုလိုက်တယ် တဲ့ ။ ဒါ့ကြောင့် ဘိုမ က သိုက် က လာတဲ့ အတွက် အတိတ်ဘဝ က မိဘဆွေမျိုးတွေ က သူတို့ အကြောင်း လျှောက် ပြောမှာ စိုး လို့ ဘိုမ ကို စကား မပြောတတ် အောင် လုပ်ထား တာတဲ့ လေ ။

ဒါပေမဲ့ “ မဌေးပို ” က သာ ဘိုမ က တောင်ဘက်ချောင်း က လာတယ် ပြော ပေမဲ့ သူ့ သမီး ဘိုမ က တော့ ရေ ကြောက်တတ်တာ လွန်ပါ ရော ။ ထားပါတော့ လေ ။ “ မဌေးပို ” ပြောတာတွေ ဟုတ် မဟုတ် ၊ မှန် မမှန် မသေချာပေ မဲ့ ဘိုမ က တော့ တကယ် ချောတယ် ။ မိဘ နှစ်ပါး က
အသားလတ်လတ် နဲ့ သူလိုကိုယ်လို ရုပ်ရည်တွေ မို့ သားကြီး နှစ်ယောက် က လည်း သာမန် ရုပ်ရည်တွေ ဆိုပေမဲ့ ဘိုမ ကတော့ သူ့ အစ်ကိုတွေ ရဲ့ အကျ ယောက်ျားလေး အဝတ်အစား နွမ်းနွမ်းလေး ဝတ် ထားတဲ့ ကြား က ကို တစ်ပုံစံ ခွဲထွက် နေတာ ။ အသားအရေလေး က အစ ဖွေးဖွေးဆွတ်ဆွတ်လေး နဲ့ မျက်လုံးလေး တွေ ကလည်း စိုတောက် နေတာဆို ချစ်စရာ ကောင်းရတဲ့ ကြားထဲ ဆံပင် က လည်း အခွေအကောက်လေး ဆိုတော့ တကယ့် ကို ဘိုမရုပ်လေး ကျ နေတာ ။ အဲဒီ “ ဘိုမ ” ဆိုတဲ့ နာမည် ကို က သူ မွေးတုန်း က ဝမ်းဆွဲ ဒေါ်ထား ရဲ့ “ ဟဲ့တော် ဌေးပို ရေ ၊ ညည်း သမီး က ဘိုမရုပ်လေး ကျတာပဲတော် ” ဆိုတဲ့ စကား နဲ့ ဒီ နာမည် တွင် သွားတာ အခု ထိ ဆိုပါတော့ ။

တချို့တွေ ဆိုရင် “ ဒီ ကလေးမ နှယ် ဌေးပို တို့ နဲ့ တောင် မတန်ဘူး ၊ သူဌေးအိမ် မှာ သာ လူ ဖြစ်ရင် ဘယ်လောက်များ ချော လိုက်မလဲအေ ” လို့ အားမလို အားမရ ပြောကြတယ် ။ ဒီလိုဆို မဌေးပို က “ အဲလို မပြောပါနဲ့ တော် ၊ ကျုပ် သမီး က သိုက် က လာတာ ။ ကျုပ်တို့ ကို သူဌေး ဖြစ်အောင် လုပ်ပေးမှာပါတော် ” ဆိုပြီး ဂုဏ်ယူ ပြော ပြောတတ်တယ် ။ ဒီလို အချိန်မျိုး မှာ ဆို မဌေးပို က သူ့ သမီးချော အတွက် ပြုံးပြုံးကြီး ဖြစ် နေ တတ်တယ် ။ တစ်ယောက် တည်း ရှိတဲ့ သမီးအငယ်ဆုံး လည်း ဖြစ် ၊ ကျန်းမာရေး လည်း မပြည့်စုံတဲ့ သူ ဆိုတော့ ချစ်ရှာတာပေါ့ ။ ဒါပေမဲ့ လည်း သူ စိတ်တို ဒေါသ ထွက်တဲ့ အချိန် ဆိုရင်တော့ “ ဘိုမ ” လည်း မလွယ်ဘူး ထိတာပါပဲ ။

၂ ။

ဒီလိုနဲ့ ဘိုမ လည်း “ ၉ ” နှစ် ထဲ ရောက် လာပေမဲ့ မဌေးပိုတို့  စီးပွားရေး က ဒီ အတိုင်း က ဒီအတိုင်း ပဲ ။ အင်းလေ ဒီလို မဟုတ်ဘဲ စီးပွား တက် ရအောင် က လည်း သူတို့ က စီးပွားရေး လုပ်နေကြ တာမှ မဟုတ်ဘဲ ။ ကိုဖိုးအေး က လည်း သူများ ဆီ လခစား ၊ မဌေးပို က လည်း အရပ် ထဲ ရေလေး ခပ်လိုက် ၊ အဝတ် လျှော် လိုက် နဲ့ လက်တိုလက်တောင်း အလုပ်ကလေး ပဲ လုပ်တဲ့ သူ ဆိုတော့ လည်း ထူး ထူးခြားခြား ကြီးကြီးကျယ်ကျယ် စီးပွား ဖြစ်ဖို့ အကြောင်း မှ မရှိဘဲကိုး ။ ဒီတော့လည်း ဒီအတိုင်း ပဲ ပေါ့ ။

အပြောင်းအလဲ ဖြစ်သွား တာ က ဖိုးထိန် နဲ့ ဘိုမ ။ အကြီးကောင် ဖိုးထိန် က ဆိုင်ကယ်ပြင်ဆိုင် မှာ ပညာသင် နေရာက အခုဆို လစာလေး စ , ရနေပြီ ။ ဘိုမ ကျတော့ အသက် ၉ နှစ် ထဲ ဝင် လာတော့ မှ “ အမေ ” လို့ စကားသံ ထွက် လာတယ် ။ ဘိုမ စကားသံ ထွက် လာ တော့ ရွာ မြောက်ပိုင်း က နတ်ကတော် ဒေါ်ရွေး တစ်ယောက် အလုပ် ဖြစ်လိုက်တာ မပြောပါနဲ့တော့ ။ ဒေါ်ရွေး က အဟော ထုတ် ထားတာကိုး ၊ ဘိုမ ၉ နှစ် ထဲဝ င်ရင် စကား ပြော လာလိမ့်မယ်လို့ ပေါ့ ။ ဒီတော့ ဘိုမ စကားလေး တစ် ခွန်း စ , ပြောလိုက်တာ နဲ့ ဒေါ်ရွေး မှာ မကြော်ငြာ  ရဘဲ နာမည်တွေ ကြီး လို့ ။

ဘိုမ က အမေ လို့ အသံ ထွက် လာတာ မပြောနဲ့ ၊ သူ က လည်း အမေ ကို အရမ်း
ချစ်တဲ့ သူ ကိုး ။ တစ်ချိန်လုံး အမေ နောက် ပဲ ကပ် လိုက်နေတဲ့ သူ လေ ။ တစ်ခါတလေ သူတို့ လမ်းထိပ် က ကုက္ကိုပင် အောက် ကလေးတွေ ဆော့တာ သွား ငေး ရင် လည်း ခဏ ပါပဲ ။ ယုတ်စွအဆုံး မအေ လုပ်တဲ့ သူ က စိတ်ဆိုး လို့ ရိုက် ထု ထားရင်တောင် မှ ငို နေရင်း တန်းလ န်းနဲ့ မအေ့ ထဘီစ ဆွဲ ပြီး ပါ နေတဲ့ သူကိုး ။

မဌေးပို က လည်း သူ စိတ်ဆိုး ဒေါသ ထွက်ပြီ ဆိုရင် ဘယ်သူမှ မလွတ်ဘူး ။ ဘိုမ ကို လည်း အငယ်ဆုံး သမီး မို့ ၊ ကျန်းမာရေး မပြည့်စုံရှာသူ မို့ ဆိုပြီး ညှာတတ်သူ မဟုတ် ။ အားလုံး ထိ တာပါပဲ ။ မဌေးပို ကိုယ်တိုင် က အတန်းပညာ လည်း နည်း ၊ အသိဗဟုသုတ လည်း နည်း တဲ့ သူ ဆိုတော့ သူ့ စိတ် ထဲ မတော့ ရိုက် ပြီး ဆုံးမတဲ့ နည်း က သာ အထိ ရောက်ဆုံးလို့ ထင်နေတဲ့သူ ကိုး ။ ပြီးတော့လည်း သူ က ရိုက်ပြီ ဆိုရင် ရိုးရိုး မရိုက်ဘဲ ပါးစပ် က လည်း မဟုတ်က ဟုတ်ကတွေ ၊ ကြောက်စရာတွေ နဲ့ လည်း ခြိမ်းခြောက်တတ် သေးတယ် ။ ဥပမာ တစ်ခု ပြော ရရင် ဖိုးထူး ရေ သွား ကူးတယ် ကြား လို့ ရိုက် ပြီ ဆိုရင် ရိုက်ရင်း နဲ့ “ ချောင်း ထဲ ရေများများ သွား ကူးချေ ၊ နင့် ကို ချောင်း ထဲ ကနေ ခြေထောက် ကို ဆွဲနှစ်လိမ့်မယ် ” ဆိုတာမျိုး ပေါ့ ။ ဒါကို ပတ်ဝန်းကျင် က ကလေးတွေ ကို အဲလို မခြောက်လှန့် ဖို့ ပြောရင် “ အဲဒီ ကောင်တွေ က အကြောက်အလန့် ရှိတဲ့ ကောင်တွေ မဟုတ်ပါဘူး ။ ဒီလောက် ခေါင်းကြော မာတဲ့ ကောင်တွေ ” ဆို ပြီး သူ့ သားတွေ ကို ထော မနာ ပြုတတ်တယ် ။ ဒီတော့လည်း သူတို့ သားအမိတွေ နဲ့ အရပ် ထဲ အမြဲ စည်နေတာပေါ့ ။

၃ ။

အခုဆိုရင် ပွဲ က ပိုပြီး တောင် စည် လာသေးတယ် ။ ဘိုမ တို့ မှာ အဆော်ခံ ထိဖို့ ခေါင်းစဉ် အသစ် တိုး နေတာလေ ။ အဲဒီ ခေါင်းစဉ် ကလည်း တစ်ခါတလေ မှ မဟုတ်ဘူး နော် ။ လတိုင်း ပုံမှန် လကုန် ပြီ ဆိုတာနဲ့ ပွဲစဉ် က အဆင်သင့် ပဲ ။ အကြောင်းက အကြီး
ကောင် ဖိုးထိန် က ဝပ်ရှော့ မှာ ပညာသင် မဟုတ်တော့ဘဲ လခစား ဖြစ်သွားပြီး မှ လေ ။ အဲဒါကို ပြစ်ချက် က ဖိုးထိန် လစာ ရပြီ ဆိုရင် သူ သုံးချင် ရာ သုံး ပြီးမှ အမေ့ လက်ထဲ ရောက် လို့ တဲ့ ။ တကယ် ဆို ရင် ဖိုးထိန် က များများစားစား သုံး ပစ်တာလည်း မဟုတ်ပါ ဘူး ။ ဆံပင် ထောင် ဖို့ ဂျယ် ဝယ်တာ တို့ ၊ စနိုးဘူးလေး ဝယ် တာမျိုး ၊ စတီးလက်ကောက်လေးတွေ ဝယ် ဝတ် လိုက်တာမျိုး စတဲ့ တို့တိ တို့တိ အပြစ်လောက်လေးတွေ သုံးတာမျိုး ပါ ။ ဖိုးထိန် က လည်း လူပျိုလေး ဖြစ် လာပြီ ဆိုတော့ လှချင်ပချင် ရှိုးထုတ်ချင် တဲ့ ပုံပဲ ။ ပြီးတော့ သူ့ အမေ ရိုက်တာ ကို လည်း ထမင်း စား ၊ ရေ သောက် သဘောမျိုး ရိုး နေပြီ ဆိုတော့ ပြီးမှ ပဲ အရိုက် ခံရ ခံရ လ တိုင်း တော့ သူ လို
ချင်တာ ဝယ်ပြီး  မှ ပဲ လစာ က အမေ့ လက် ထဲ ရောက် တယ် ။

အဲဒါကို မဌေးပို က လည်း ဖိုးထိန် တစ်သက် ၊ အိမ်ထောင်သက် တစ်လျှောက် လုံး သူ့ ယောက်ျား ကိုဖိုးအေး ရဲ့ တစ်ပြား မကျန် အပြည့် အပ် တဲ့ လစာ ကို သိမ်းပိုက် လာတဲ့ သူ ဆိုတော့ အဖေ က တောင် အဲဒီလို မဟုတ်ဘဲ နဲ့ သား အလှည့် ကျ မှ ဒီလို လုပ်ရ
စကောင်းလား ဆို ပြီးတော့ပေါ့ ။ ဒီတော့ လ ကုန် လို့ လစာ ရတဲ့ နေ့ ဆိုရင် ဖိုးထိန် က အစ ဘိုမ အဆုံး ထိ ပြီ သာ မှတ်ပေရော့ ။ အဲဒီလို နေ့မျိုး မှာ ပတ်ဝန်းကျင် နံဘေးအိမ် က လူတွေ နား ထဲ ဂွမ်း ဆို့ ထားရမတတ်ပဲ ။ ဖိုးထိန် က လွဲပြီး အငယ် နှစ်ကောင် အော် ငိုတဲ့ အသံတွေ ၊ မဌေးပို ရဲ့ မပြီးနိုင် တဲ့ အဆူအကြိမ်း တွေ က တစ်လမ်းလုံး ကို လွှမ်း ထားတာကိုး ။

နဂို မဌေးပို ရဲ့ ဗီဇ က ကို စကား များ တဲ့ သူ ဆို တော့ မပြောပါနဲ့ တော့ ။ ဟုတ်တာ  ကော ၊ မဟုတ်တာ ကော ၊ အခု ဖြစ်တာ ကော ၊ ဟိုးရှေးရှေး ပဝေသဏီ က ဖြစ်ပြီးတာတွေ ကော အကုန် ဇာတ်ကြောင်း ပြန်တဲ့ သူ ဆိုတော့ မပြီးနိုင် တော့ဘူး ။ ဖိုးထိန် ကို ဆူ လျက် တန်းလန်း နဲ့ လည်း ဖိုးထူး ကို “ နင် လည်း ကြပ်ကြပ် သတိထား ၊ နောက် တစ်ခါ ကျောင်း လစ်ပြီး ချောင်း ထဲ ရေသွား ကူးတယ် လို့ ကြားရင် သေပြီသာမှတ် ။ နင်တို့ တွေ ငါ့ စကား နား မထောင် ဘဲ ကိုယ် လုပ်ချင်ရာ ပဲ ကြပ်ကြပ်လုပ်ကြ ၊ ငါ အိမ် က ထွက်သွားမယ် မှတ်ထား ” ဆိုတာမျိုး ပြော သလို ၊ တစ်ခါတလေ ကိုဖိုးအေး တောင် မှ အဖျား ခတ် ပြီး ပါလိုက် သေးတယ် ။ ပြဿနာ ကြီး ရင် ကြီး သလို ခေါင်းစဉ် အမည်တွေ စုံတယ်လို့ ဆိုရမလားပဲ ။

၄ ။

ဒီနေ့ တော့ ဖိုးထူး ကျောင်း သွားတဲ့ အချိန်ထိ အေးအေးဆေးဆေး ပါပဲ ။ မနေ့ က လစာ ထုတ်တဲ့ နေ့မို့ အဆော်ခံ ထားကြတာကိုး ။ မဌေး ပိုတောင် ဖိုးထူး ကို ရေ သွား မကူးဖို့ လှမ်း အော်ပြီး သတိပေး လိုက်သေးတယ် ။ အဲဒီနောက် ဘိုမ လည်း လမ်းထိပ် က ကလေးတွေ ဆော့တဲ့ ဆီ ထွက် သွားတော့ မဌေးပို တစ်ယောက် တည်း ထမင်း ချက် ကျန် နေခဲ့တယ် ။ တစ်အောင့် လောက် ကြာတော့ လမ်းထိပ် ကုန်စုံဆိုင် က မတင် က သူ့ သမီး လက် ဆွဲ ပြီး ဒေါကြီးမောကြီး နဲ့ ရောက် လာပါလေရော ။ သူတို့ သား အမိ နောက် မှာ တော့ တွန့်ဆုတ် တွန့်ဆုတ် နဲ့ ဘိုမ ။

မတင်နု က မဌေးပို ကို မြင်တာ နဲ့ -

“ ဟဲ့ ဌေးပို ၊ ဒီမှာ ကြည့် ပါဦး ။ ဘိုမ လုပ်တာနဲ့ ငါ့ သမီး အင်္ကျီအသစ်ကြီး ပြဲသွားလို့ ”

မတင်နု စကား ဆုံးတာ နဲ့ မဌေးပို ခေါင်းထဲ မိုက်ခနဲ တောင် ဖြစ်သွားတယ် ။ မတင်နု ဆိုတဲ့ နည်းနည်းမှ ဆတ်ဆတ်ထိ မခံတဲ့ မကြီးကျယ် လေ ။ လမ်း ထဲ က လူ တွေ က သူ နဲ့ ဆိုရင် ဘယ်သူမှ အတိုက်အခံ မဖြစ်ချင်ကြ ။ မဌေးပို ကိုယ်တိုင် လည်း မဖြစ်လိုပါ ။ တစ်ခါတလေ လက် ထဲ ငွေ ပြတ်ရင် သူ့ ဆီ ပဲ အကြွေး ယူ နေရတယ် မဟုတ်လား ။

ဒီတော့လည်း မျက်နှာငယ်လေး နဲ့ ...

“ ဘယ်လို ဖြစ်တာလဲ မတင်နု ရယ် ”

“ ဘယ်လို ဖြစ်ရမလဲ ၊ ညည်း သမီး ဘိုမ ဆွဲဖြဲ လိုက် တာ တဲ့ ။ ဒီမယ် လက် အနား က ဇာတွေ ပြုတ် ကုန်ပြီ ”

ကြည့် ရတာ အစ်ကို တွေ ရဲ့ အကျ အဝတ်ရ များတဲ့ ဘိုမ တစ်ယောက် မှန်ပါး လို ဂါဝန်လေး မှာ ဇာတွေ ၊ ဘော်ကြယ်တွေ တောက်တောက်ပပ နဲ့ ဆိုတော့ လှ လို့ မိန်းကလေး ပီပီ ကိုင် ကြည့်ပါလိမ့် မယ် ။ ဒါကို မကြီးကျယ် သမီး ကြီးကျယ်မလေး က အထိ မခံတာနဲ့ ဇာနုနုလေး တွေ ပြဲထွက် သွားတာ နေမှာ ဟု မဌေးပို စိတ် ထဲ က ဖြစ် နိုင်တာ လှမ်း တွေး မိပြီး ...

“ တောင်းပန်ပါတယ် မတင်နု ရယ် ”

“ အိုး ... တောင်းပန် တာ နဲ့ ပြီးရမှာလား ”

“ ဟုတ်ပါတယ် မတင်နု ရယ် ။ ဒီ ကောင်မလေး ကို လည်း လက်ဆော့တဲ့ အတွက်
ကျွန်မ ရိုက်ပါ့မယ် ။ စုတ် သွားတဲ့ အင်္ကျီ ကို လည်း ဈေးထိပ် က အပ်ချုပ်ဆိုင် မှာ သွား ပြန် ချုပ်ပေးပါ့မယ် ”

“ စက်ချုပ်ဆိုင် မှာ ပြန် သွား ချုပ်လို့ ဒီ ဇာတွေ က အကောင်း ပကတိ ပြန် ဖြစ်မှာလား ဌေးပို ရဲ့ ။ ဒီ အင်္ကျီ က သူ့ အဒေါ်အိမ် ဆွမ်းကပ် မှာ ဝတ် ဖို့ မနေ့ က မှ အသစ်ဝယ် ထားတဲ့ အင်္ကျီ ။ ဒီ စုတ်သွား တဲ့ အင်္ကျီ ကို ညည်းတို့ ယူပြီး အသစ် သာ ပြန် ဝယ်ပေးတော့ ရော့ ”

ပြောပြောဆိုဆို နဲ့ မတင်နု က သူ့ သမီး ဘက် လှည့် ပြီး ဂါဝန်လေး ကို ဆွဲချွတ် ကာ မဌေးပို ဆီ လှမ်း ထိုး ပေးပြီး ထွက် သွားကြတယ် ။ မတင်နု တို့ သားအမိ ထွက်သွား တော့ မှ မဌေးပို လည်း လက် ထဲ က ဂါဝန်လေး ကို ကြည့်ရင်း ဒေါသ က တလိပ်လိပ် ထွက် လာတယ် ။ ဪ ကလေး မို့ မျက်စိ ကျ တာ နေမှာ ၊ လိုချင်ရှာနေတာ နေမှာ လို့ သနားစိတ် ဝင်မိပေ မဲ့ ဒေါသ ထွက်တာ က ထွက်တာပဲ ။ ကြည့်ဦးလေ ၊ ဒီ ဂါဝန်လေး က အဖိုး လည်း ကြီးမယ့် ပုံ ။ ပြီးတော့လည်း ဂါဝန်လေး က ဘိုမ အရွယ် ဝတ်လည်း မဟုတ်ဘူး ။ မတင်နု သမီး က အခု ခြောက်နှစ် လောက် ပဲ ရှိဦး မှာ ။ အလကား နေ ပိုက်ဆံ အလဟဿ ဖြစ်ရမယ့် အရေး တွေး ပြီး ထွက် လာတဲ့ ဒေါသ က တမင် လုပ် တာ မဟုတ် ပေမဲ့ တရားခံ ဖြစ် နေတဲ့ ဘိုမ ဆီ ရောက်သွားတော့တယ်။

ဘိုမ ကံဆိုး သွားတာက ခါတိုင်း တစ်ယောက် ထိပြီ ဆို ရင် အကုန် ရောပြီး မျှ ခံရပေ မဲ့ အခုတော့ အကြီးကောင် တွေ က လည်း မရှိတော့ ဘိုမ တစ်ယောက်တည်း အဆော် ခံရတာပဲ ။ နံဘေး က ဝင် ဆွဲတော့မှပဲ ရိုက် တာ ရပ် သွား တော့တယ် ။ အဲဒီ နောက် တော့ ပါးစပ် နဲ့ ပဲ ဆက် ဆူ ပြန်ရော ။ ဒီတော့မှ ကိုဖိုးအေး ၊ ဖိုးထိန် ၊ ဖိုးထူး တို့ အကုန် ပါ ကုန်တယ် ။

ပြောလိုက် တဲ့ အကြောင်းအရာတွေ တော့ အစုံပါပဲ ။ ပြောရင်း နဲ့ နံဘေး မှာ ရှိုက် နေတဲ့ ဘိုမ ဆီ အာရုံ ရောက်သွား ပြန်တော့ “ နင့် ကို မမှာထားဘူးလား ၊ သူများ ဆော့ တဲ့ ဆီ သွား ကြည့်ရင် ငြိမ်ငြိမ် ဘေးက ကြည့်လို့ ဟင်း အခု ဒီ အင်္ကျီဖိုး ဘယ်လို သွား ရှာမလဲ ။ နင့် အဖေ နဲ့ အစ်ကို ရှာတဲ့ ပိုက်ဆံ က သုံး မကုန်လို့ ဒီ ပြဿနာ ရှာ လာတာလား ငါ တော့ နင့်တို့ တွေ နဲ့ နေရတာ စိတ် ဆင်းရဲလွန်း လို့ ချောင်း ထဲ ဆင်း သေတာပဲ ကောင်းမယ် ငါ သေ မှ နင်တို့ လုပ်ချင်တာ လုပ်ကြ ” ဆိုပြီး တော့ အော်ဟစ်လိုက်တာများ အိမ် မှာ ဘိုမ တစ်ယောက် ပဲ ရှိပေမဲ့ ကိုဖိုးအေး က အစ ဖိုးထူး အဆုံး အကုန်လုံး ဂါဝန် လောင်းရိပ် အောက် ရောက် ကုန်ကြတယ် ။

၅ ။

မရွေးပို ကို မြင် လိုက် တာ နဲ့ လမ်း ထဲ က လူတွေ တစ်ယောက် တစ်ပေါက် နဲ့ ဝိုင်း ပြောကြတယ် ။

“ ဟဲ့ ဌေးပို ၊ ညည်း ဘယ်တွေ သွား နေတာလဲ ။ ဘိုမ တစ်နေကုန် လိုက် ရှာနေတာ ”

“ ကျုပ် ရွာ တောင်ဘက် အရီးမြို င်တို့ အလှူအိမ် သွား ကူနေတာ ။ ဟို ကောင်မလေး ကို မနက် က ချထားတာလေ ၊ ဒါ ငိုရင်း အိပ်ပျော် သွားလို့ ထားခဲ့တာ ”

“ အေးလေ ၊ ငါ လည်း ဘိုမ ကို ညည်း အမေ ရွာ တောင်ဘက် သွားတာ တွေ့
လိုက်တယ်လို့ တောင် ပြော လိုက်သေးတယ် ”

မဌေးပို အိမ် ရောက် တော့ ဖိုးထူး တစ်ယောက် ပဲ သူ့ အဖော်တွေ နဲ့ ဆော့ နေတယ် ။

“ ဟဲ့ ဖိုးထူး ၊ ဘိုမ ကော ”

“ မသိဘူး ၊ သား ကျောင်း က ပြန်လာ ကတည်း က မတွေ့တာ ”

“ အဲဒီ ကလေးမ နော် ၊ မနက် က ချထား တာ တောင် မမှတ်သေးဘူး ။ ကလေးတွေ
ကစား တာ သွား မော့ ပြန်ပြီ ထင်တယ် ”

ဒါပေမဲ့ ကိုဖိုးအေး အလုပ် ပြန်လာတဲ့ အထိ ဘိုမ က မလာသေးဘူး ။ ည မိုး ချုပ် လို့ အလင်းရောင် က လည်း ပျောက်ချင် နေပြီ ဆို တော့ မဌေးပို စိတ်ပူ သလို ဖြစ်လာပြီ ။ ဘိုမ က လည်း တစ်ခါ မှ အဲသလောက် ကြာကြာ မသွားဖူး ဘဲကိုး ။

“ ကိုဖိုးအေး ကျုပ် ဘိုမ ဆီ လိုက်သွားလိုက်ဦးမယ် ”

“ အမေ သား ပြန်လာ ကတည်း က ကုက္ကိုပင် အောက် မှာ ကလေး တစ်ယောက် မှ မရှိတော့ဘူး ” ဆိုပြီး ဖိုးထိန် က လှမ်း အော်ပြော လိုက်ပေမဲ့ မဌေးပို က ထဘီ ပြင် ဝတ်ပြီး ခပ်သုတ်သုတ်သွားတယ် ။

ထမင်း တစ်အိုးချက် လောက် ကြာ တော့ မဌေးပို တစ်ယောက် ဘိုမ ကို ဘယ်မှာ မှ ရှာ လို့ မတွေ့ဘူး ဆိုပြီး မျက်ရည်လေး တစမ်းစမ်း နဲ့ ပြန် လာတယ် ။ အဲဒီတော့ မှ
ကိုဖိုးအေး နဲ့ သားတွေ ကော ၊ အိမ်နီးနားချင်း တွေ ကော ၊ အရပ် ထဲ က လူကြီးတွေ ပါ
ဝိုင်းဝန်း လိုက် ရှာကြပေမဲ့ ဘိုမ ကို အစအနလေး တောင် ရှာ လို့ မတွေ့ဘူး ။ ဒီလိုနဲ့
မဌေးပို ငိုကြီးချက်မ ဖြစ်လာတော့ မှ ဖိုးထူး က အထစ်ထစ် ၊ အငေါ့ငေါ့ နဲ့ “ အမေ နေ့လယ် က သားတို့ ရေကူး နေတုန်း ဘိုမ က ချောင်းနား လာ ငေး နေသေးတယ် ” ဆိုပြီး တော့ ပြော လာတယ် ။ ဒါပေမဲ့ ချောင်းနား တစ်ဝိုက် ရှာဖို့ က အခွင့် မသာတော့ဘူး ။ ရှာရင်းဖွေရင်း နဲ့ တဖြည်းဖြည်း အချိန် က လွန် လာပြီ ဆိုတော့
မနက်လင်း မှ ဆက်ပြီး ရှာရ အောင် ဆိုပြီး လက်လျှော့ လိုက်ကြတယ် ။

မနက် လင်း တာနဲ့ ချောင်း ထဲ ရှာတဲ့ သူ နဲ့ ၊ ချောင်းရိုး တစ်လျှောက် ရှာတဲ့ သူ နဲ့ အရပ် ထဲ က လူကြီးတွေ ကော လိုက် ရှာ ပေးတော့မှ ဘိုမ ရဲ့ အသက်ဝိညာဉ် ကင်းမဲ့ နေတဲ့ ခန္ဓာကိုယ်လေး ကို တောင်ဘက် ချောင်း ရဲ့ အောက်ဘက် ရွာချောင်းစပ် က ရှာ တွေ့ကြတယ် ။

ဘိုမ ရဲ့ အလောင်း ကို ကြည့် ပြီး လူတိုင်း စိတ် မကောင်း ဖြစ်ကြတယ် ။ လူတိုင်း ကို ပြုံး ပြခဲ့တဲ့ သူကိုး ။ မိသားစုဝင် တွေ က တော့ မပြောပါနဲ့ တော့ ၊ မတင်နု က တောင် စိတ် မကောင်းတွေ ဖြစ်လို့ ။ အချို့ က လည်း ဘိုမ တစ်ယောက် စကား မပြောတတ် တဲ့ ဒုက္ခိတ ဘဝ က ကျွတ်သွား သလို ဖြေသိမ့် ပြော ပြောကြ သလို အချို့ က လည်း မဌေးပို က ကလေး ကို သိပ် ရိုက် လို့ ဘဝဟောင်း က ဘိုမ မိဘတွေ က စိတ်ဆိုး ပြီး ဘိုမ ကို သိုက် ထဲ ပြန် ခေါ်လိုက်တာ လို့ လည်း ပြောကြတယ် ။ အချို့က လည်း အမြဲတမ်း ရေဆင်း ကူး တဲ့ ဖိုးထူး က ဘာမှ မဖြစ်ဘဲ ဘိုမ က ရေ ထဲ တစ်ခါ ဆင်း ဆော့ တစ်ခါ ဖြစ်သွားတယ် ဆိုပြီး စုပ် တသပ်သပ် ဖြစ်လို့ ပေါ့  ။

၆ ။

ဒါပေမဲ့ လူတွေ တစ်ယောက် တစ်မျိုးစီ အမျိုးမျိုး အထွေထွေ ပြောကြ ၊ မှတ်ချက် ချကြပေမဲ့ မဌေးပို အပါအဝင် ဘယ်သူမှ မတွေးမိ တာ က ၊ အတွေး မရောက်တာ က ရေ သိပ် ကြောက်တတ်တဲ့ ဘိုမ က ရေ ထဲ ဆင်း ဆော့တာ မှ ဟုတ်ရဲ့လား ဟု ပင် ... ။

◾ ဒဏ္ဍာရီ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၆ ခု ၊ ဩဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment