Wednesday, April 10, 2024

အကတစ်ရာ အလှတစ်ရာ


 

❝ အကတစ်ရာ အလှတစ်ရာ ❞

[ ဂီတ ထဲ မှာ ဘဝ ကို နှစ်မြှုပ်ထားသူတွေ ထဲ မှာ မဝင်းဝင်းအောင် ပါဝင်တယ် ။ သီချင်း တွေ ၅ဝဝ ကျော် ရှိတယ် ။ မြို့မ ကို နှစ်သက်သူ တိုင်း ဝင်းဝင်းအောင် ကို ကြိုက်ကြ တယ် ။ သူ က လည်း သူ့ ဘဝ ဟာ ဂီတ မှာ ရူးသွပ် နေသူ တဲ့ ။

ယခုအခါ သူ သာ မဟုတ်တော့ ဘဲ သူ့ ခင်ပွန်း နဲ့ သူ့ သားသမီးတွေ ဖြစ်တဲ့ အယ်ရီ သိမ့် ၊ သီရိသပြေ ၊ သားချို တို့ ဟာ ရွှေတိမ်လွှာ ဂီတစင်မြင့် မှာ ဂီတသမားတွေ ဖြစ် နေ ကြပြီ ။ မိသားတစ်စုလုံး ဟာ ဂီတ ဘဝ ထဲ မှာ ပျော်ဝင် နေကြတယ် ။

မဝင်းဝင်းအောင် ရဲ့ ဂီတဘဝ ကို မေး တော့ သူ က ခုလို ပြော ပြပါတယ်  ]

••••• ••••• •••••

ကျွန်မ အဖေ က မဟာဂီတ ဦးစိန်ဝင်း ၊ အမေ က ဒေါ်သောင်းတင် ။ ဂီတ ကို ကျွန်မ ဝါသနာ ပါတာ အဖေ့ ဗီဇ ပါပဲ ။ အဖေ က ဘုရားပွဲလေး တွေ ကျောင်းပွဲလေး တွေ မှာ ဝါသနာ အလျောက် ကြိုးတပ်ဝိုင်းလေး တွေ နဲ့ ဆိုတယ် တီးတယ် ။ စောင်း ပါတယ် ၊ တယော ပါတယ် ၊ ဒုံမင်း ပါတယ် ၊ ပတ္တလား ပါတယ် ။ ဝါသနာရှင် တွေ စုပြီး တစ်ရပ် နဲ့ တစ်ရပ် ဖိတ်ခေါ်ပြီး ဆိုကြ တီးကြ တာ ပေါ့ ။ အပျော်တမ်း ပါပဲ ။ ငွေရေး ကြေးရေး မပါဘူး ။ ဆို ၊ တီး ၊ စား ၊ ပြန် ပဲ ။

အဘိုး တို့ အဖေ တို့ က ဒေါ်ဒေါ်မိုး စက်ချုပ်ဆိုင် မှာ အဝတ်အထည် ချုပ်တယ် ။ အဖေ က ချုပ် တာ ထက် ဂီတ က အဓိက ပဲ ။ ဒီဟာ နဲ့ ဝမ်းစာ မရှာဘူး ။ အဖေ က ပန်တျာ က ဆရာကြီး ဆရာထူး ရဲ့ တပည့် ။

ကျွန်မ ငယ်ငယ်လေး ကတည်း က အဖေ သွား ရာ လိုက်တယ် ။ အဖေ ဆို တာ ရော အခြား သူ ဆိုတာ ရော နားရည် ဝ နေတယ် ။ ကျွန်မ လည်း ဝင် ဆိုတယ် ။ ကလေးလေး ဆိုတယ် ဆိုပြီး သဘော ကျကြတာပေါ့ ။

တစ်နေ့ မှာ တော့ စောင်းဆရာကြီး အင်းလေးဦးမြင့်မောင် ၊ ဒေါ်ခင်မေ တို့ ရပ်ကွက် ထဲ မှာ ဆိုကြတော့ ကျွန်မ ဆို သံ ကို ဆရာ က ကြား သွားတယ် ။ ဘယ်သူ့ အသံလေး လဲ မေးတယ် ။ အဲဒီတုန်း က ကျွန်မ က ၁၀ နှစ် ကျော်ကျော် ။ မဟာဂီတဦးစိန်ဝင်း သမီးလေး ဆိုတော့ ကလေးမလေး ကို ခေါ်ခဲ့ပါ ၊ ပညာ သင်ပေးချင်တယ် တဲ့ ။

ဆရာ အင်းလေးဦးမြင့်မောင် ဆီမှာ ဒါက ရတု ၊ ဒါက ပတ်ပျိုး ၊ ဒါက တေးထပ် ၊ ဒီလို အမျိုးအစား တွေ သိအောင် သင်ပေးခဲ့ပါတယ် ။ မဟာဂီတ နဲ့ ပတ်သက်ရင် ဆရာ ဦးမြင့်မောင် ဆီ မှာ အများကြီး သင်ယူခဲ့ရတယ် ။

အဖေ က လည်း အိမ် မှာ မဟာဂီတ ကို သင် ပေးပါတယ် ။ ကျွန်မ က လည်း ရူးရူးသွပ်သွပ် ဝါသနာ ပါခဲ့တယ် ။ ဝိုင်း ရှိရင် သားအဖ နှစ်ယောက် စည်းဝါးလေး နဲ့ သွား ဆို ကြတာ ။ အမေ က လည်း အားပေးတယ် ။

ကလေး ဆိုတော့ ကလေး အရွယ် ဆို ရတဲ့ ဝေဇယန္တာ တို့ မြမန်းဂီရိ တို့ လောက် ဆို ရတာ ။ ထူးမခြားနား တို့ ပန်းမြိုင်လယ် တို့ တော့ နားရည် ဝ ခဲ့တာ ။

အဘိုး တို့ လုပ်တဲ့ ဒေါ်ဒေါ်မိုးစက်ချုပ်ဆိုင် က ဘုရားပွဲကြီးတွေ မှာ အထည်ဆိုင် ဖွင့်တယ် ။ ရီကော်ဒါကြီး တွေ နဲ့ ပန်းမြိုင်လယ် တို့ သီချင်းကြီး တွေ တော်တော်များများ ဖွင့် ရောင်းတာ ။

ကျွန်မ ငယ်ငယ် က ၂၃ အထက မှာ ရှစ်တန်း အထိ နေ ခဲ့တယ် ။ အားလပ်တဲ့ အခါ အဖေ နဲ့ ပါ သွားတယ် ။

ဆရာဦးမြင့်မောင် ဆီ ရောက်တဲ့ အချိန် က ကျွန်မ ငယ် သေးတယ် ။ အဆို အဓိက သင် ဖြစ်တယ် ။ စောင်းအတီး သင်ပေး ပေမဲ့ ကျွန်မ က မဖြစ်ပါဘူး ။

၁၉ နှစ် သမီး မှာ ဆရာဦးသန်းကြွယ် ရဲ့ ဗဟိုတီးဝိုင်း ထဲ ဝင် ဆိုတယ် ။ အဘိုး တို့ အိမ် မှာ ကျွန်မ နေတုန်း အဆို လူ လိုတယ် ဆိုလို့ ဗဟို နဲ့ လိုက်ဖြစ် သွားတာ ။ တီးဝိုင်း က သိပ် မဆိုရပါဘူး ။ အဲဒီ အချိန် မှာ သင်္ကြန်တွင်း ဆိုရင် နဂါးဒေါ်ဒေါ်ဦး ရဲ့ နဂါးမယ် ရေသဘင်မဏ္ဍပ် မှာ နှစ်စဉ် ဆိုတယ် ။

တကယ် တော့ အသက် ၁၆ နှစ် ၁၇ နှစ် လောက် ကတည်း က မြို့မ ထဲ ကို လိုက်ဖြစ်ဖို့ပဲ ။ ကျွန်မ က တအား ဝါသနာ ပါ တော့ အဖေ က နေပြီး ဒါးတန်းဝင်း ထဲ ရှိတဲ့ မြို့မအသင်းတိုက် ကို သွား ပို့တယ် ။ ကျွန်တော့် သမီးလေး က အဆို တအား ဝါသနာ ပါ လို့ အသံလေး စစ်ပေးစမ်းပါ ဆိုပြီး လိုက် ပို့တာ ။ ခေါ်လို့ ပြုလို့ လည်း မဟုတ်ဘူး ။ စက်ဘီးလေး နဲ့ လိုက် ပို့တာ ။ စန္ဒရားငြိမ်းထက် က အသံစမ်း ပေးတယ် ။ ကျွန်မ က တစ်ကျော့နှစ်ကျော့ တေးကိုသီ ကို ဆိုတယ် ။ ညည်း မြို့မသီချင်း မရဘူးလား တဲ့ ။ ကျွန်တော် က လည်း မရဘူး ။ ဆရာ က မျက်နှာ အမူအရာတွေ ဘာတွေ လည်း သင် ထားဦး ၊ မြို့မ မှာ လိုရင် ခေါ်မယ် တဲ့ ။ ( ရယ်လျက် ) အဖေ က တော့ ဒေါတွေ ပွတယ် ။ မျက်နှာ အမူအရာ လုပ်မှ တော့ ငါ့ သမီး ကို မင်းသမီး လုပ်ခိုင်းမှာ ပေါ့ ၊ ငါ့ သမီး ဖြစ်ချင် တာ က အဆိုတော် လို့ ပြောတယ် ။ အဲဒါနဲ့ မြို့မ ကို မလိုက်ဖြစ်ဘဲ ဗဟိုတီးဝိုင်း လိုက် ဖြစ်သွားတာ ။

ပထမဦးဆုံး စင်ပေါ် မှာ ဆို ဖြစ်ခဲ့တာ လည်း သတိရ သေးတယ် ။ ကိုယ် က လည်း အဆိုတော် ဖြစ်ချင်တာ ။ ပွဲ က လည်း ရှိုးပွဲ ။ ကိုယ့် အရပ် ထဲ မှာ ။ ဆိုမယ့် ည မှာ သူငယ်ချင်း တွေ ကို ကြွားတာ ၊ ည ကျရင် စတေ့ချ်ရှိုး ဆိုရမှာ လာ ကြည့်လှည့် နော် ။ ပြင်ရဆင်ရ ဖြီးရလိမ်းရ တာ လည်း မရှက်ဘူး ။ အဲဒီလို ဖြီးလိမ်း ပြီး လမ်းမကြီး ပေါ် သွားရလည်း မရှက်ဘူး ။ စင် ပေါ် ရောက်တော့ တုန်ခိုက် နေပြီ ၊ မဆိုရဲတော့ဘူး ။ နာမည် လည်း ကြေညာ လိုက်ပြီ ။

ကျွန်မ နာမည် ဝင်းဝင်းအောင် ဆိုတာ အဘိုး ပေးတဲ့ အမည် ။ နာမည်ရင်း က တင်တင်ဦး ။ အဘိုး က သူ့ အမည် ဦးထွန်းအောင် ၊ အဖေ့ အမည် ဦးစိန်ဝင်း ဆိုတာ တွေ ပါအောင် ၊ ကိုးနဝင်း လည်း ကျေအောင် ဆိုပြီး ဝင်းဝင်းအောင် လို့ အမည် ပေးတာ ။

နာမည်ကြီး ကြေညာ လိုက်တော့ ရင်တွေ တုန်လှပြီ ။ မီးဆလိုက်ကြီးတွေ က လည်း ထိုး ထားသေး ။ ငါ ဆက် တိုးရမှာပဲ ၊ မတိုး ရင် အရှက် ကွဲမှာပဲ ။ တောက်လျှောက် တွန်း ဆိုတာ ။ ဆိုတော့ လည်း အဆင် ပြေပါတယ် ။ နောက် တစ်ပုဒ် ဆို တော့ အဆင်ပြေ သွားပြီ ။ ရှက် လည်း ရှက်တယ် ။ ကိုယ် နေတဲ့ ရပ်ကွက် ကိုး ။ ရှက် တဲ့ မျက်နှာ ဘေး ထိုး ထားပြီး တက် ဆိုရတာ ။ တီးဝိုင်း အထာ လည်း မသိဘူး ။ တွန်း ဆိုတာ ။

ဒေါ်တင့်တင့်လှိုင် တို့ ကိုလှိုင်ဦး တို့ နဲ့ ဗဟိုစင်ပေါ် မှာ သီချင်း အတူတူ ဆို ကြ တယ် ။ တစ်ခါ တော့ တစ်ယောက် တစ်ပိုဒ် သီချင်း ဆိုတာ ၊ ကိုလှိုင်ဦး က ကျွန်မ ဆိုရ မယ့် အပိုဒ် ကို ဆို ရော ။ ကျွန်မ က လည်း ငယ်သေး တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဘူး ။ ကိုလှိုင်ဦး လက်ကြီး အတင်း ဆွဲ ပြီး ကိုလှိုင်ဦး ကျွန်မ ဆိုရမယ့် အပိုဒ် လေ ၊ ကျွန်မ ဆိုရမယ့် အပိုဒ် လေ လို့ ပြောတာ ။ ဆို လို့ ပြီး သွားတော့ ကိုလှိုင်ဦး က နင် ကလည်း ဟာ ငါ့ လက် ကို အတင်း ဆွဲ ထားတယ် ။ တစ်ခါတည်း ပါးစပ် လှမ်း ပိတ်ရောပေါ့ လို့ ပြော တယ် ။ ( ရယ်လျက် ) နောက် အဲဒီလို မလုပ်ရဘူး တဲ့ ။

တိပ် ထဲ မှာ ကျွန်မ အသံ ပထမဦးဆုံး ထည့်ရတာ က နဂါးမယ် ရေသဘင် သီချင်းခွေ ထဲ မှာ ၊ အကတစ်ရာ အလှတစ်ရာ သီချင်း ကို စ ဆိုတယ် ။ အသက် က ၁၉ နှစ် ၊ ၂၀ ။ ကလေးဆိုလေး ပေါ့ ။ ဒါပေမဲ့ ကြိုက်ကြပါတယ် ။

ဗဟို မှာ ဆိုနေတာ သုံးလေးနှစ် လောက် ရှိ လာတော့ မြို့မဆရာပေါ က သတိ ပြုမိ သွားပြီး ကျွန်မ ကို မြို့မ ထဲ ခေါ် သွားတယ် ။

မြို့မ ထဲ ရောက် တော့ တိပ်ခွေတွေ လည်း သွင်း ဖြစ်တယ် ။ ဧည့်ခံတေး တို့ ၊ ရိသဲ့သဲ့ တို့ ၊ ညိုမြထင်ထင် ၊ ချစ်တာ တစ်ခုတည်း တို့ ဆို ဖြစ်တယ် ။ ကိုယ်ပိုင်မေတ္တာ ၊ ပြည်တော်ဝင် ၊ မိန်ရာသီ စတဲ့ ဧည့်ခံတေး တွေ ဆို ဖြစ်တယ် ။

ဗေပို့တူးပို့တူး ဆိုတဲ့ သင်္ကြန်ခွေ တစ်ကိုယ်တော် စိန်မွတ္တားဆိုင်း နဲ့ ထုတ်ခဲ့တယ် ။

သီချင်း က အမေသီချင်း လို ဟာမျိုး ၊ ကိုယ့် အမေ က မကျန်းမမာ ဖြစ်နေခိုက် ဆိုရင်း ဆိုရင်း မုဒ် က တက် သွားပြီး မျက်ရည် ပေါက်ပေါက် ကျ ဖူးတယ် ။ မတ္တရာ မှာ ပေါ့ ။ ကျွန်မ က သီချင်း တစ်ပုဒ် ဆို ရင် ခံစားပြီး ဆိုတယ် ။ အဲဒီတော့ ကိုယ် ကိုယ်တိုင် လည်း ကျေနပ်တယ် ၊ နားထော င်တဲ့ သူ အတွက် လည်း ကောင်းတယ် ။

ကျွန်မ ဒီ လောက ထဲ မရောက် ခင် မှာ အဒေါ်  နဲ့ စစ်ကိုင်း လိုက် နေရတယ် ။ အဒေါ်  ရော ဦးလေး ရော က ဝန်ထမ်း တွေ ။ ကျွန်မ က အားတိုင်း သီချင်း ဆို နေတာ ။ အဒေါ် က ကလေး ရ တော့ လည်း သီချင်း ဆို ရင်း ကလေး ထိန်းတာ ။

ကျွန်မ က ချစ်ဦး ရေ ... သောက ဟူသမျှ အတူတကွ မျှခံစားဝေ ဆိုတဲ့ သီချင်း ကို ခဏခဏ ဆိုတာ ။ အဒေါ်  မွေး တဲ့ သားအကြီးလေး က ဆရာဝန် သမားတော်ကြီး ဖြစ်နေပြီ ။ သူ စကား ပြောတာ က ချစ်ဦးရေ ... တဲ့ ။ မှတ်မှတ်ရရ ပဲ ။ ကိုယ် ရူးသွပ် တဲ့ အကြောင်း ပြောပြတာပါ ။

ကျွန်မ ဆိုခဲ့တဲ့ အထဲ မှာ စိန်ဓူဝံ နဲ့ ဆို ရတဲ့ ပျော်စရာအလှူ အကြိုက်ဆုံး အကျေနပ်ဆုံး ပဲ ။

ဆိုခဲ့တဲ့ သီချင်း ပုဒ်ရေ ၅ဝဝ ကျော် လောက် တော့ ရှိမယ် ထင်တယ် ။ ကိုယ်ပိုင် သီချင်းတွေ ဆို ရတာ များတယ် ။ မြို့မ မှာ လည်း ဆရာဦးရွှန်းမြိုင် တို့ ဦးရဲထွေး တို့ ရေး ပေးတဲ့ သီချင်းလေး တွေ ဆို ရတာ များတယ် ။

မြို့မ မှာ ဆို သလို ခုအခါ ရွှေတိမ်လွှာတေးဂီတ မှာ လည်း ဆိုတယ် ။ ကျွန်မ က တော့ တစ်သက်လုံး သီချင်း ဆို သွားမယ် ရည်ရွယ်ပါတယ် ။ ပုံကျိုးနေပြီ ၊ မဆိုနိုင် တော့ စတဲ့ အခါ ကျ မှ ဂီတ ကို လက် လျှော့မိမယ် ထင်ပါတယ် ။

ကျွန်မ က သီချင်း ပဲ ဆို ချင်တယ် ။ ဒီ နယ် ထဲ က ရုန်း မထွက်နိုင်ပါဘူး ။

◾ကျော်ရင်မြင့်

📖 အရောင်အသွေးစုံစုံ ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment