Monday, April 22, 2024

နှလုံးသား ဖြင့် စကား ပြောခြင်း


 

❝ နှလုံးသား ဖြင့် စကား ပြောခြင်း ❞

စာပေလောက ထဲ ဝင်ရောက် လာပြီး နုလှသေး တဲ့ ကျွန်တော့် စာပေ သက်တမ်း အတွင်း မှာ မဂ္ဂဇင်း အယ်ဒီတာ တွေ တာဝန် ပေးချက် အရ စတီရီယို အဆိုကျော်တွေ ၊ တေးရေးသူတွေ ၊ ရုပ်ရှင်မင်းသား မင်းသမီး တွေ နဲ့ တွေ့ဆုံ ခဲ့ရပါတယ် ။ ပေဖူးလွှာ မဂ္ဂဇင်း မှာ တွေ့ဆုံပေးခြင်းကဏ္ဍ တာဝန် ယူ ရပြန်တော့ တစ်မူ ထူးခြားရ အောင် စာရေးဆရာ ၊ ဆရာမတွေ နဲ့ တွေ့ဆုံ ပေးရ ပြန်ပါတယ် ။

အဲဒီလို တွေ့ဆုံခဲ့ရ သမျှ တွေ ထဲ မှာ ဒီလ တင်ပြရမယ့် စာရေးဆရာကြီး ဦးသုခ နဲ့ တွေ့ဆုံ ခဲ့ရတာ တော့ ကျွန်တော့် အတွက် တစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံ တစ်ရပ် ဖြစ်ခဲ့ရပါတယ် ။ ဆရာ့ ကို ကျွန်တော် က အကယ်ဒမီ ခြောက်ထပ်ကွမ်း ရ ထားတဲ့ ရုပ်ရှင် ဒါရိုက်တာ တစ်ဦး အဖြစ် နဲ့ လေးစား ခဲ့ပါတယ် ။ ဆရာ နဲ့ တွေ့ဆုံရတော့မယ် ဆိုတော့ ဒီ ကဏ္ဍ က စာရေးဆရာ ကို ဦးစား ပေးရမယ့် အခန်းကဏ္ဍ ဖြစ် လေတော့ ဆရာ့ စာပေရေးရာ တွေ ကို လည်း မေးရ မြန်းရ ၊ ဆွေးနွေးရ ဦး မှာ မို့ ဆရာ ရေးထားတဲ့ “ ဗုဒ္ဓ၏ အကျော်ဇေယျ သမီးတော်များ ” ၊ “  ရာမာခရစ်ရှနာ ၏ သုတ္တန်ပုံပြင်များ ” ၊ “ မင်္ဂလာသုတ် ” ၊ “ မေတ္တသုတ် ” စာအုပ်တွေ နဲ့ မဂ္ဂဇင်း ကြီးငယ်တွေ ထဲ က လက်လှမ်း မီ သမျှ ဆရာ့ စာတွေ ကို ဖတ် ခဲ့ပါတယ် ။

ဆရာ့ ကို သွားရောက် တွေ့ဆုံတဲ့ နေရာ မှာ ကျွန်တော် နဲ့ အတူ တာဝန်ခံစာတည်း ဦးခင်မောင်မြင့် နဲ့ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် တို့ လည်း လိုက်ခဲ့ကြပါတယ် ။ ကျွန်တော် မေးသမျှ ကို စိတ်ရှည်လက်ရှည် ဖြေကြား သွားတဲ့ နေရာ မှာ မိခင် နဲ့ ပတ်သက်ပြီး ဆရာ ပြော ပြ သွားတာတွေ ဟာ ကျွန်တော် တို့ အသည်းနှလုံး မှာ ထိရောက် လှ ပါတယ် ။ ကျွန်တော် ဆိုရင် ဆရာ့ နှလုံး သား ထဲ က ထွက် လာတဲ့ စကား တွေ ကို နားထောင် ရတဲ့ အချိန် မှာ မျက်ရည် ကျ မိတဲ့ အထိ ထိခိုက် ခံစားမိ လိုက်ပါတယ် ။

ဆရာ က တော့ ပြောပါတယ် ။ အခု သူ ပြောတဲ့ အကြောင်းအရာတွေ ဟာ ကြိမ်ဖန်များစွာ ဟောပြောပွဲ တွေ မှာ မျက်ရည်စက်လက် နဲ့ ပြောခဲ့ဖူးပါပြီ တဲ့ ။ ဒါပေမဲ့ ဟောပြောပွဲ ဆိုတာ က လည်း တကူးတက တက် မှ သာ နားထောင် နိုင်တာမျိုး ။ ကိုယ် နားထောင်တဲ့ ပွဲ မှာ ဆရာ က ဟောတာ နဲ့ တိုက်ဆိုင် ဦး မှ သာ ကြားဖူးမှာပါ ။ ဒါကြောင့် ဆရာ ပြော သမျှ ကို ရေးသား ဖော်ပြ မှတ်တမ်း တင် ပေး လိုက်ပါတယ် ။ ဒီ အတွက် ကျွန်တော် ဝမ်းသာ ဂုဏ်ယူ မိပါကြောင်း နဲ့ သားသမီး တိုင်း အထူးသဖြင့် ဒီနေ့ ခေတ် လူငယ် တိုင်း ဆရာ့ ဩဝါဒ စကား တွေ ကို လေ့လာ မှတ်သား လိုက်နာ သင့်တဲ့ အကြောင်း တိုက်တွန်း လိုက်ချင်ပါတယ် ။

•••••   •••••   •••••

“ ဆရာ စာပေနယ် ထဲ ရောက် လာပုံ က နေ စ ပြော လိုက်ရအောင် ဆရာ ”

“ စာပေလောက ထဲ ကို စ ရောက် လာပုံ က တော့ ကျွန်တော် က ကျိုက်လတ် မှာ အင်္ဂလိပ်အစိုးရ ကို သပိတ် မှောက် ပြီး အမျိုးသားကျောင်း ထောင် လာခဲ့တဲ့ ( အခုတော့ ရှိသေးရဲ့လား မပြောတတ်ဘူး ) ဆရာ ဦးအေးသောင် နဲ့ သရက် က ဦးခင်ညွန့် တို့ ဆီ မှာ ကျောင်း တက်တယ် ။ ဒီ ဆရာတွေ က မြန်မာစာ သင်ကြတယ် ။ တော် လည်း တော်တယ် ။ ကျွန်တော် က မြန်မာစာ ကို အင်္ဂလိပ်စာ ထက် ပို ကြိုက်တယ် ။ အဲဒီ တော့ မြန်မာစာ ကို များများ ပို ဖတ်တယ် ။ ကဗျာလင်္ကာ လည်း ပါတယ် ။ ဗုဒ္ဓ ပရိယတ္တိ လည်း ပါတယ် ။ ဝတ္ထု လည်း ပါတာပေါ့ ။ အဲဒီလို နေရင်း က နေ ဝတ္ထု ရေးချင် စိတ် ပေါက်လာတယ် ။ ဒါကြောင့် ကျောင်း က ထွက် လိုက် ပြီး နောက် တစ်နှစ် လောက် မှာ ဝတ္ထု စ ရေး ပါတယ် ။

ကံအားလျော်စွာ ပဲ ကဝိမျက်မှန် မဂ္ဂဇင်း က အဲဒီ ဝတ္ထု ကို ရွေးပြီး ထည့် လိုက်တယ် ။ “ စံပယ်ပွင့် ” ဆို တဲ့ ဝတ္ထု ပါ ။ ဝတ္ထု ရေး တာတော့ အဲဒီက စ ခဲ့တာပါ ။ ကျောင်း မှာ တော့ ခုနစ်တန်း လောက် က စပြီး အခု “ သုခမှတ်စု ” လို့ ဖြစ်လာမယ့် မှတ်စုစာအုပ် ကို ရေး ခဲ့တာပဲ ။ မှတ်စု ထုတ် ရတဲ့ ရည်ရွယ်ချက် ကတော့ အဲဒီမှာ ရေး ထားပါ တယ် ။ ကျွန်တော် က ဘယ် စာအုပ်ပဲ ဖတ်ဖတ် အကုန် စု မှတ်တာပဲ ။

နောက် ကျတော့ လောဘ ကြီး လာပြီး ကျိုက်လက် စာကြည့်တိုက် က ကျမ်းကြီးကျမ်းခိုင်တွေ ပါ ဖတ်ပြီး မှတ်စု ထုတ် တော့တာပဲ ။ ဒါကြောင့် မြန်မာစာ နဲ့ ပတ်သက်တဲ့ မှတ်စုမှတ်ရာ တော်တော်များများ ကျွန်တော့် ဆီ မှာ ရှိ နေတာပေါ့ ။

ကျွန်တော် က အဲဒါတွေ ရ လာ တဲ့ အပြင် ကဗျာလင်္ကာ လည်း ဝါသနာ ပါတယ် ။ ဂီတ လည်း ဝါသနာ ပါတယ် ဆို တော့ ဇာတ်လမ်း ဖွဲ့ တတ် လာ တာပေါ့ ။ ဒါကြောင့် ဝတ္ထု စ ရေးတာပဲ ။ “ စံပယ်ပွင့် ” ပါ ပြီး တဲ့ နောက် ဆက် ရေး တော့ မပါ တော့ဘူး ။ ဒါက ကိုယ် ညံ့ လို့ပေါ့ ။ အဲဒီတုန်း က တော့ ကျွန်တော် သက်သတ်လွတ် စားတဲ့ အကြောင်းတွေ ဘာတွေ ထည့် ရေးတာကိုး ။ အဲဒီတုန်း က ကဝိမျက်မှန် မှာ အယ်ဒီတာ က ပါဠိဆရာ ဆရာဝ လေ ။ သူ ကတော့ ကြိုးစားပါဦး လို့ အား ပေးပါတယ် ”

“ ဆရာ့ ဝတ္ထု ပါ လာတာ ဘယ် နှခုနစ် လောက် က ပါလဲ ”

“ ၁၉၂၈ ခုနှစ် ကပါ ။ အဲဒီ က နေ အဆက် ပြတ် သွားတယ် ။ အဲဒီ က နေ ကျွန်တော် စာရေး အလုပ်ကလေး ဘာလေး လုပ် ရင်း ကနေ ကဗျာ လင်္ကာတွေ ၊ ဘာတွေ တော့ ဆက် ရေး နေတာပဲ ။ အရပ် ထဲ မှာ မင်္ဂလာဆောင် တို့ ၊ ဘုရားထီးတင် တို့ မှာ ရတုတွေ ဘာတွေ ရေး ၊ ကိုယ်တိုင် ဝင် ဆို တာ တို့ ဘာ ညာတွေ တော့ လုပ် နေတာ ပေါ့ ။ နောက် လေး ငါး ခြောက်နှစ် လောက် ကြာ တော့ ရွှင်ပျော်ပျော် မဂ္ဂဇင်း ဆိုတာ ပေါ် လာတယ် ။ တစ်မူး တန် ။ ကိုဘိုးရ တို့ ထုတ်တာ ။ အဲဒီ မဂ္ဂဇင်း က ဝတ္ထု အရွေး ခံရရင် အစိတ် ပေးတယ် ။

ပထမ ဆုံး အရွေး ခံရတာ “ မင်းကတော် ” ဝတ္ထု ။ ဒီ ဝတ္ထု ကို ကျွန်တော် ဖတ် ကြည့် လိုက်တော့ ကြိုက်တယ် ။ ဒီ ဝတ္ထု ရေးတဲ့ သူ က လည်း ကျွန်တော် ကဝိမျက်မှန် မှာ ရေး တုန်း က ရေး တဲ့ လူ ။ ကျွန်တော့် အနေ နဲ့ သူ့ ကို လူချင်း မတွေ့ဖူးပေမယ့် ရေးဖော် ရေးဖက်ချင်း အနေနဲ့ ရင်းနှီး နေတယ် ။ သူ့ နာမည် က “ ရေနံချောင်း လှေသူကြီး မောင်စံခင် ” တဲ့ ။

ဆိုတော့ ... ကဝိမျက်မှန် မှာ ရေးတဲ့ လူချင်း သူ့ ဝတ္ထု စွံတယ် ဆိုရင် ငါ့ ဝတ္ထု လည်း စွံနိုင် အား ရှိတယ်လို့ တွေး မိ တယ် ။ ဒါနဲ့ “ မိန်းမသား ” ဆိုတဲ့ ဝတ္ထု ရေး လိုက်တယ် ။ စွံ သွားတယ် ။ နောက်ထပ် ရေးပါဦး ဆိုလို့ “ လင်တော် မောင် ” ထပ် ရေးတယ်  ”

“ အဲဒီတုန်း ကတည်း က ကလောင်နာမည် “ သုခ ” ယူ ပြီးပြီးလား ဆရာ ”

“ မယူရသေးဘူး ။ အဲဒီတုန်းက ကျိုက်လတ် အမျိုးသားကျောင်း မောင်သိန်းမောင် ဆိုပြီး ရေးတာ ။ လင်တော်မောင် ရေး ပြီးတော့ သူ တို့ သိပ် ကြိုက် သွားပြီး နောက်တစ်ခါ ရေးရင် ကလောင်နာမည် ယူ ပါတော့ လို့ သူတို့ က ပြောကြတယ် ။ ကျွန်တော် နောက်ထပ် “ မိုက်မိတယ် ” ဆိုတဲ့ ဝတ္ထု ထပ် ရေးတယ် ။ ပြည့်တန်ဆာမလေး တစ်ယောက် ရဲ့ ဝန်ခံချက် ပေါ့လေ ။ ကလောင်နာမည် စဉ်းစား ကြည့်တော့ ရွှင်ပျော်ပျော် ရှိ မှ သုခ ရှိမယ် ။ သုခ ရှိ မှ ရွှင်ပျော်ပျော် ဟာ ယထာဘူတာ ကျမယ် ။ ယုတ္တိ ရှိမယ် ဆိုပြီး “ သုခ ” ဆိုတဲ့ ကလောင် နာမည် ယူ လိုက်တာပဲ ။

စာ အဆုံး မှာ ကျတော့ ကျွန်တော် ရေးတဲ့ ဝတ္ထု ဖတ်ပြီး ကိုယ် စိတ် နှစ်ပါး ချမ်းသာကြပါစေ ဆိုပြီး “ သုခိ အတ္ထာနံ ပရိဟရန္တု ” ဆိုတဲ့ စာတန်းလေး ပါ ထိုး လိုက် ပါတယ် ။ အဲဒီတော့ ၁၉၃၆ ခုနှစ် လောက် ရောက် လာပြီ ပေါ့ ။ အဲဒီလို နဲ့ ပဲ ကျွန်တော် စာပေနယ် ထဲ ရောက် ခဲ့တာပါ ”

“ ဆရာ က စာ လည်း ရေး တယ် ၊ ရုပ်ရှင် လည်း ရိုက်တယ် ဆိုတော့ ဒီ လုပ်ငန်း နှစ်ခု မှာ ဘယ်ဟာ ကို ပိုပြီး စိတ် သန် ပါသလဲ ”

“ အရင် က တော့ စာပေ ကို စိတ် သန်တယ် ။ ဖြစ် ချင်တာ က တော့ ဇာတ်ညွှန်း ကောင်းကောင်း ရေး နိုင်တဲ့ စာရေးဆရာကြီး ဖြစ် ချင်တယ် ။ ရှိတ်စပီးယား တို့ ရေးခဲ့တဲ့ ရိုမီယို အင်န် ဂျူလီယက် လို ဟာမျိုး ရေး တတ်ချင် တယ် ။ အား ကျတယ် ။ ဒါပေမဲ့ အခြေအနေ အရ ကျွန်တော့် ဇာတ် ကို ရိုက်မယ့် လူ မရှိလို့ ကျွန်တော် က ရုပ်ရှင် ရိုက် ဖြစ်သွားတာပါ ။ ရုပ်ရှင် ရိုက် ဖြစ် သွားတော့လည်း ရုပ်ရှင် ဘက် မှာ အား သန်သွားတာပဲ ”

“ ဘာ ရုပ်ရှင် က စ ရိုက် ခဲ့တာလဲ ဆရာ ”

“ ကျွန်တော် ထင်တယ် ၊ ဂုဏ်ရည်မတူ ”

“ ဘယ် နှခုနှစ် လောက် က လဲ ဆရာ ”

“ စစ် မဖြစ်ခင်လောက် က ထင် တယ် ။ ကျွန်တော် ကောင်းကောင်း မမှတ်မိ တော့ဘူး ။ ၁၉၃၉ ခုနှစ် မှာ “ ချစ်သမျှ ” ကို ကျွန်တော် ဇာတ်ညွှန်း ရေး ပေးတယ် ။ အဲဒါနဲ့ လည်း ဆက်သွယ်တယ် ။ ရေး ပေးတဲ့ ဇာတ်လမ်း ကို ကိုတင်မောင် က ရိုက် တယ် ။ အမူအရာ ၊ ဒိုင်ယာလော့ တွေ ပါ ကျွန်တော် ရေး တာပဲ ။ သူ နဲ့ က ခင်ခင်မင်မင် ရှိတော့ ကား ရိုက်တဲ့ နေရာ မှာ ဝင်ပြီး စွက်ဖက် လို့ ရတယ် ။ အခု ရိုက် နေတဲ့ အချို့ ဒါရိုက်တာ ဆို ရင် စွက်ဖက် လို့ ရချင် မှ ရမယ် ။ ကျွန်တော် က ဇာတ်ညွှန်း ရေး ဆရာ အနေ နဲ့ ဝင် တာ က လည်း တစ်ကြောင်း ပေါ့ လေ ။ နောက်ပြီး စာပေနယ် မှာ လည်း ထင်ရှား လာပြီ ကိုး ။ အဲဒီတော့ ဒဂုန်မဂ္ဂဇင်း တို့ ဘာတို့ မှာ ပင်တိုင် စာရေးဆရာ ဖြစ်နေပြီ ။

ကျွန်တော် က စာ ရေးတဲ့ နေရာမှာ မိန်းမသား တွေ ရဲ့ အပြုအမူတွေ ကို အတော်လေး အသေးစိတ် စဉ်းစား တတ်တယ် ဆိုပါတော့ ။ ကိုယ်ချင်းစာနာမှု ကလေးတွေ ၊ စိတ်ဝင်စားမှုကလေးတွေ အသေးစိတ် ရေး တတ် တယ် ။ ဒါတွေ က လည်း မထူးဆန်းပါဘူး ။ ကျွန်တော် က အဖေ နဲ့ မနေရဘဲ အမေ နဲ့ နေ ရတာကိုး ။ အမေ ၊ အဒေါ် ၊ ဘွားအေ တွေ နဲ့ နေ ရတယ် ။

ပြီးတော့ အမေ က ဆေးလိပ်ခုံ ထောင် ထားတော့ ဆေးလိပ်သမတွေ အများကြီး ရှိတယ် ။ အပျိုအရွယ်တွေ က အစ ၊ အသက်ကြီး တဲ့ အထိ တစ်ခုလပ် တို့ ၊ မုဆိုးမ တို့ အကုန် ပါတော့ အားလုံး လူ လေးဆယ် လောက် ရှိတယ် ။ ငယ်ငယ် ကတည်း က သူတို့ တစ်တွေ ပြောဆို နေကြတာတွေ ၊ အမူ အကျင့်ကလေးတွေ က အစ မှတ်မိ နေတယ် ။

အဲဒီတော့ ကိုတင်မောင် က Toy Wife ဆိုတဲ့ ပြင်သစ် ရုပ်ရှင်ကား ကို မြန်မာမှု ပြု ရေးပေးစမ်းပါ ဆိုတော့ ကျွန်တော် က အဲဒီ မိန်းမသားတွေ ရဲ့ လှုပ်ရှားမှု တွေ အသေးစိတ် ပါအောင် “ ချစ်သမျှ ” ဆိုပြီး ရေးပေး လိုက်တယ် ။ ပြင်သစ်ကား ကို ကျွန်တော် မကြည့် လိုက်ရပါဘူး ။ ကိုတင်မောင် က ဇာတ်လမ်း အကျဉ်း ပဲ ပေးတာ ။

အဲဒီ “ ချစ်သမျှ ” ကို ကိုတင်မောင် ရိုက် လိုက်တော့ ကျွန်တော် က အမူအရာ ပိုင်း က အစ ဝင်ပြီး စွက်ဖက် လို့ ရတယ် ။ ကိုတင်မောင် က လည်း ခွင့် ပြုတယ် ။ တချို့ ကျွန်တော် မမြင်သေးတဲ့ နေရာတွေ ကျ တော့ ကိုတင်မောင် က ရှင်းပြတယ် ။ တချို့ ကျွန်တော် အရှည်ကြီး ရေး ထားတဲ့ နေရာတွေ မှာ ကိုတင်မောင် က အကျဉ်းချုံး ပြီး သုံး တယ် ။ ဘာကြောင့် အကျဉ်းချုံး ရတယ် ဆိုတာ လည်း ပြော ပြပါတယ် ။ ဒါလေး တွေ သူ့ ဆီ က ပညာ ရ ပါတယ် ။

ဒီလို ရုပ်ရှင် ရိုက် ရတော့ ကျွန်တော့် စိတ် ထဲ မှာ စာပေ ထက် အသံ ရော အရုပ် နဲ့ ပါ ကိုယ် ပြောချင်တာ ၊ ကိုယ် တင်ပြ လိုက်ရတာ ပိုပြီး ထိရောက်တယ် လို့ တွေး မိပြီး ရုပ်ရှင် ဘက် ကို စိတ် သန် လာတာပါပဲ ။ နောက် ကျွန်တော် ကိုယ်တိုင် ပါဝင် သရုပ်ဆောင်နိုင်ခွင့် ရ လာတော့ “ ချစ်မုန်းမာန် ” ဆိုတဲ့ ကား မှာ ဝင် ပါတယ် ။ ဝင် ပါတော့ ပို သိလာတာပေါ့ ။

ကျွန်တော် က ဟိုတုန်း ကတည်း က ဇာတ်တွေ ကို ဝါသနာ ပါတယ် ။ ကျိုက်လက် မှာ က ဖူး သမျှ ဆိုရင် “ ဦးရှင်ကြီး ” ဇာတ် မှာ ကျွန်တော် ဇာတ်ညွှန်း ၊ သီချင်း ရေးတယ် ။ ကိုယ်တိုင် ဝင် က တယ် ။ ကိုယ်တိုင် သီချင်း ဆိုတယ် ။ ဖိုးစိန် ၊ စိန်ကတုံး ဇာတ်တွေ ဆို ရင် လည်း ကျွန်တော့် အဖေ က ကန်ထရိုက် ယူတော့ ဆယ်ရက် ၊ ဆယ့်ငါးရက် လောက် လိုက် ကြည့်ပြီး ဇာတ်အထာတွေ ကို လေ့လာ တာပဲ ။

ရုပ်ရှင် မှာ ကျွန်တော့် ကို ပြည့်စုံတယ် လို့ ပြောရင် စာပေ တစ်ခုတည်း ကြောင့် မဟုတ်ပါဘူး ။ စာပေ ရယ် ၊ ဂီတ ရယ် ၊ ဇာတ်သဘင် ရယ် ကြောင့် ပါ ။ အဲဒီ သုံးမျိုး စုပေါင်း ပြီး ရိုက် ခြင်းကြောင့် သာ ကျွန်တော့် ရုပ်ရှင်ကား တချို့ အောင်မြင်တာပါ ။ ရုပ်ရှင် ဟာ သဘင် နဲ့ ကင်း လို့ မရပါဘူး ။ အနောက်နိုင်ငံ က ရိုက်တဲ့ ကားတွေ မှာ လည်း သဘင်ပညာ ပါ တာပဲ ။ သဘင်ရဲ့ Dramatic Ideas တွေ ပါတာပဲ ။

နောက် ကျတော့ ကျွန်တော် “ ချစ်အဏုမြူ ” ရိုက် တယ် ။ အသံတိတ် ကား ပါ ။ အဲဒါက ကျွန်တော့် မူရင်း ဝတ္ထု “ ရှက်လွန်းလို့ ” ဆိုတဲ့ ဝတ္ထု ကို ရိုက်တာပါ ။ ကျွန်တော် ဝတ္ထု ရေးတဲ့ နေရာ မှာ ရုပ်ရှင် ရိုက်ဖို့ ရည်ရွယ်ပြီး ရေးတဲ့ ဝတ္ထု တစ်ခု မှ မပါပါဘူး ။ အမှတ်တမဲ့ ရေး ထားတဲ့ ဟာလေးတွေ ထဲ က  ရုပ်ရှင် ရိုက်လို့ ကောင်းမယ့် ဟာလေး တွေ ကို ပြန် ရိုက်တာပဲ ရှိပါတယ် ။ အခု တချို့ စာရေးဆရာတွေ က ရုပ်ရှင် ရိုက်ဖို့ ရည်ရွယ်ပြီး ဝတ္ထု ရေး တော့ အရသာ ပျက် ပါတယ် ။ ကျွန်တော် ဒီလိုပဲ မြင် ပါတယ် ။ အမှတ်တမဲ့ ရေး ထားတာ တစ်ပုဒ် ကို ရုပ်ရှင် အဖြစ် ဖန်တီး ယူရတာ ပို ကောင်းပါတယ် ”

“ ဝတ္ထု ရေးတဲ့ နေရာ မှာ ဇာတ်ကောင် စရိုက် ဖန်တီး ရတာ နဲ့ ရုပ်ရှင် မှာ ဇာတ်ကောင် စရိုက် ဖန်တီး ရတာ ဘယ် ဟာ က ပိုပြီး ခက်ပါသလဲ ဆရာ ”

“ မနှိုင်းယှဉ် လောက်အောင် ပါဘဲ ။ ကိုယ့် ဝတ္ထု ထဲ မှာ က ဇာတ်ကောင် ကို ထင်သလို  တန်ဆာ ဆင် လို့ရတယ် ။ ထင်သလို စရိုက် မှန်အောင် လုပ်လို့ ရတယ် ။ ရုပ်ရှင် ရိုက်တော့မယ် ဆိုရင် ဇာတ်ကောင် စရိုက် မှန်အောင် ရွေးရတာ အများကြီး ခက်ခဲတယ် ။ ကျွန်တော့် အတွေ့အကြုံ အရ ပြောရရင် ဇာတ်လမ်း တစ်ခု ကို ဖတ်ပြီး ဘယ်မှာ ဘယ်သူလဲ ဆိုတာ ကို စစ် ရင် တစ်ယောက် ပဲ တွေ့ နိုင်တယ် ။ နှစ်ယောက် ရှိရင် ဒါ မမှန်ဘူး ။ ဒါကြောင့် ကျွန်တော် ရုပ်ရှင် ရိုက်တဲ့ နေရာမှာ ဇာတ်ကောင် ရွေး ရာမှာ မျက်နှာ မလိုက်ဘူး ၊ ကိုယ့် တပည့် ပဲ ဆိုပြီး ဇွတ်အတင်း မထည့်ဘူး ။

ဥပမာ - ကောလိပ်ဂျင်နေဝင်း နဲ့ မှ လိုက် ရင် ကောလိပ်ဂျင်နေဝင်း ပဲ ဖြစ် ရမယ် ။ ဒါလည်း ကျွန်တော့် အတွေ့ အကြုံအရ မှန်ပါတယ် ။ ဥပမာ - “ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ” ထဲ က အံ့ကျော် နေရာ မှာ အံ့ကျော် မှ ပဲ ဖြစ်မယ် ။ တစ်ခု ကျွန်တော် တို့ သတိ ထား ရမှာ က ကျွန်တော့် ရုပ်ရှင် ဇာတ်လမ်း သည် ရေမြွေ ဇာတ်လမ်း လား ၊ မြွေဟောက် ဇာတ်လမ်း လား ။ မြွေဟောက် ဇာတ်လမ်း မှာ ရေမြွေ ကို သုံးရင် ပါးပျဉ်းထောင် ခိုင်း လို့ ဘယ်နည်းနဲ့ မှ မရပါဘူး ။

ကျွန်တော် တို့ ဒါရိုက်တာ တွေ က မင်းသမီး ၊ မင်းသား တွေ ကို ကိုင်တွယ် သင်ပြပေးတယ် ဆို ပေမယ့် လည်း ကျွန်တော် တစ်ဦး တစ်ယောက် တည်း က သူတို့ ကို ပုံလောင်း ပေးလို့ မရပါဘူး ။ သူ့ ဗီဇ အခံ ရှိ ထားပြီး မှ အဲဒီ အပေါ် မှာ ပုံလောင်း ပေးရပါတယ် ။ ဒါကြောင့် ဒါရိုက်တာ က လည်း မင်းသား ၊ မင်းသမီး ရဲ့ အမူအရာ ၊ မျက်နှာ စရိုက် အားလုံး ကို အားကိုး ရပါတယ် ။ သူတို့ ကလည်း ကျွန်တော် တို့ ကို အားကိုး ရတယ် ။ ကျွန်တော် တို့ လုပ် တိုင်း ဖြစ်တယ် လို့တော့ ကျွန်တော် လုံးဝ မယူဆပါဘူး ။ မြွေဟောက် ကို ရေမြွေ ဇာတ် ရိုက်ရင် လည်း သူ့ ရဲ့ ပါးပျဉ်းထောင် နိုင် တဲ့ အရည်အချင်း ကို ဖုံးဖိ ချိုးနှိမ် ထားရာ ရောက်ပါတယ် ။

ဒါကြောင့် ကျွန်တော် ဇာတ်ကောင် ရွေးတဲ့ နေရာ မှာ ပြတ်သားတယ် ၊ သံယောဇဉ် ပြတ်တယ် ။ အမုန်း ခံ တယ် ။

တစ်ခါတလေ ရှိ တတ်တာ  ကတော့  လူ တစ်ယောက် ကို တင်ချင်လို့ သူ့ ကို ရွေးပြီး တမင်တကာ ဇာတ်လမ်း ဖွဲ့ တာမျိုး ။ ဒါလည်း ကျွန်တော့် ဘဝ အတွေ့အကြုံ ရှိ ခဲ့ဖူးပါတယ် ။ ဥပမာ အားဖြင့် ဟိုခေတ် က မင်းသား အေးကြူ ၊ ရုပ်ရည် က ချောတယ် ၊ လူပုံ က ပျော့စိစိ နဲ့ မိန်းမလျာ ဂိုက် ပေါက် တယ် ။ သူ့ အစ်ကို က ဒဂုန် မဂ္ဂဇင်း အယ်ဒီတာ လုပ် နေတော့ ကိုသုခ ရယ် ၊ ဒီ ကောင့် ကို သုံးစမ်းပါ ဆိုတော့ သူ့ ကို ရည်ရွယ်ပြီး “ ရွှေဒေါင်းတောင် ” ဇာတ် ကို ရေး ခဲ့တယ် ။ မိန်းမလျာ တစ်ယောက် က နေ သူရဲကောင်း တစ်ယောက် ပြောင်း သွား တဲ့ ဇာတ်လမ်း ပဲ ။ ဒါမျိုး ကျ တော့ လူ ကို ကြည့် ပြီး ရေးခဲ့တာပါ ”

“ ဆရာ ဇာတ်ကောင် ရွေးတာ နဲ့ ပတ်သက်ပြီး တစ်ခု မေးချင်ပါတယ် ။ “  ဘယ်သူပြိုင်လို့ လှပါတော့နိုင် ” ဇာတ်ကား မှာ ထန်းသမား အဖြစ် သရုပ်ဆောင် သွားတဲ့ အံ့ကျော် ဟာ ဒီ ကား မရိုက်မီ က ဆိုရင် လူကြမ်း တစ်ဦး ပဲ ၊ ဆရာ က သူ့ စရိုက် နဲ့ ပြောင်းပြန် ဖြစ်မယ့် နေရာ ကို ဘာဖြစ်လို့ ရွေး ခဲ့တာလဲ ”

“ သူ့ ကို ကျွန်တော် သင်ပြနိုင် လိမ့်မယ် လို့ ထင် လို့ပါ ။ အထူးသဖြင့် အံ့ကျော် ကို ပြန် ကြည့် ရင် သိပါ လိမ့်မယ် ။ သူ့ ကို ကျွန်တော် လုပ် ထားတာ က တစ်ခွန်း မှ စကား မပြောရဘူး ။ မျက်နှာသေကြီး နဲ့ နေ ရုံပဲ ။ ကောင်းသွား တယ် ဆိုတာ က ဘေး က ဇာတ်ပို့ Supporters တွေ ဝိုင်း ပို့ ကြတာပါ ။ အဲဒါ ဇာတ်သဘင် ရဲ့ အထာ သဘော ပါပဲ ။

ဥပမာ - ဖိုးစိန် နဲ့ စိန်ကတုံး ကို ကြည့် ၊ စိန်ကတုံး က ဖိုးစိန် လောက် အသံ မကောင်း ဘူး ။ ဖိုးစိန် က ဟစ်အော် ငိုနိုင်တယ် ။ စိန်ကတုံး က မျက်နှာသေ နဲ့ မှိုင်တွေ ချ နေတာ လောက်ပဲ ရှိတယ် ။ ငိုချင်း ဆို ပြန် တော့ လည်း ခြောက်ပေါက် တို့ ဘာတို့ နဲ့ မဆိုနိုင်ဘူး ။ ပတ်တပိုး နဲ့ ငိုချင်း ဆိုတဲ့ မင်းသားမျိုး ။ အဲဒါကို ဘယ်လို လုပ် ရသလဲ ဆိုတော့ သူ့ အနား မှာ ရှိတဲ့ ဦးရွှေအ တို့ ၊ ဦးကျော်ရွဲ့ တို့ ၊ ဦးမန်းရိပ် တို့ က ပို့ ပေး ရတယ် ။ စိန်ကတုံး က ဘာမှ မပြော ရသေးခင် မှာ ဘဲ လူရွှင်တော်ကြီး တွေ က သူ ဘယ်လောက် ဒုက္ခ ရောက်တဲ့ အကြောင်း ၊ ဘယ်လောက် ဆင်းရဲတဲ့ အကြောင်း ပျိုး ပေးတာနဲ့ ပဲ ပရိသတ် က တော်တော် လွမ်း နေပြီ ။ အဲဒီ အထာ တွေ ကို ကျွန်တော်တို့ သိ ရမယ် ။

အံ့ကျော် ကိုယ်တိုင် ကောင်းတာတွေ လည်း ပါ ပါတယ် ။ ဘေး က မိန်းမကြီး တစ်ယောက် က “ ဒီ အရွယ်ကြီး ထိ အောင် ရှင်တောင် မပြုရသေးဘူးတဲ့ တော် ” ဆိုပြီး ငို တာ ကို က အံ့ကျော် ရဲ့ မျက်နှာသေ နဲ့ မှိုင် တွေ ချ နေတာ ကို အထောက်အကူ သွား ပြုတယ် ။ မှိုင်တွေ ချ နိုင်တဲ့ သူ့ ရုပ် ၊ ထန်း တက်နိုင်တဲ့ သူ့ အရည် အချင်း ရှိတော့ ကျွန်တော် သူ့ ကို သုံး တာပေါ့ ။

ထန်းလျက်တောင်း ထမ်း ပြေးရတာ တို့ ၊ မောမောပန်းပန်း စကား ပြောရတာ တို့ ၊ ဆရာမတွေ ကျေးဇူး ဆပ်ဖို့ ထန်းလက်ကလေးတွေ နဲ့ လုပ် ထားတဲ့ ပစ္စည်းကလေးတွေ ပေး ရတာ ကို အမူအရာတွေ က ဒါလောက် မခက်ပါဘူး ။ သူ့ အရည်အချင်းတော့ ပါ တာပေါ့ လေ ။ ဒါကြောင့် ဇာတ်ကောင် ရွေးတဲ့ နေရာ မှာ ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ် ဆိုရင် Supporters များများကလေး နဲ့ သူ့ ကို ပို့ ပေး လိုက်ရင် အောင်မြင် တာပါပဲ ။ ဒါ ဇာတ်သဘင် ရဲ့ အထာ ပါပဲ ”

“ ဆရာ က ဗုဒ္ဓ ရဲ့ တရားတော် အနှစ်သာရ ကို ဖတ်လို့ ကောင်းအောင် သိုင်းဝိုင်းပြီး ရေး သွားတဲ့ နေရာ မှာ တချို့ အချက်အလက်ကလေးတွေ က ဒီနေ့ ယဉ်ကျေးမှု သဘောမျိုး ဝင် နေသလားလို့ တွေး မိပါတယ် ။ ဥပမာ - ပြည့်တန်ဆာမကလေး ဝတ္ထု မှာ ပြည့်တန်ဆာမကလေး သီရိမာ နဲ့ သူဌေးကလေး နန္ဒ ရဲ့ ဇနီး ဥတ္တရ တို့ တွေ့တဲ့ အခန်း မှာ လက်ချင်း ဆွဲ နှုတ်ဆက် တာ တို့ ၊ အချိုရည်ခွက် ချင်း toast လုပ် တာတို့ ဘာတို့ ထည့် ရေးတာ တွေ့ရပါတယ် ”

“ ကျွန်တော် တို့ ထင် တာက toast လုပ် တာ ကို အခုခေတ် ယဉ်ကျေးမှု လို့ ထင်နေကြ တာကိုး ။ ရှေးပဝေသဏီ ဗုဒ္ဓခေတ် က အိန္ဒိယ မှာ ကော ဒါမျိုးလေးတွေ မကျင့်သုံး ဘူးလား ။ မကျင့်သုံးပါဘူး လို့ တော့ မပြောဝံ့ဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ယဉ်ကျေးမှု မှန် သမျှ ဟာ အသစ် က နေ အဟောင်း ဖြစ် သွားတာ ။ အဟောင်း က နေ အသစ် ပြန် ဖြစ်လာတာပဲ ကိုး ။ ဆိုကြပါစို့ ... ဖက်လှဲတကင်း နှုတ်ဆက် ရာ မှာ ရင်ချင်း အပ် ပြီး နှုတ်ဆက် တာ ကို ဟောင်းတယ် ထင် ကြပြီး လက်ဆွဲ နှုတ်ဆက် တာကို ခေတ်မီတယ် ထင်ကြပေမယ့် တစ်ချိန် မှာ လက်ဆွဲ နှုတ်ဆက်တာ က ရိုး ချင် ရိုး သွားနိုင်တယ် ။ ရင်ချင်း အပ် တာ က ဆန်းချင် ပြန် ဆန်း လာမှာပဲ ။

ဒါလေးတွေ ကျွန်တော် ထည့် ရေးခဲ့တာ က လှအောင် ရေး တာ လည်း ပါတယ် ။ ပြီးတော့ စကား ပြော နိုင်စရာ အချက်အလက်ကလေး လည်း ဖြစ်ပေါ်နိုင်မယ် ဆိုရင် ကျွန်တော် toast လုပ် တန် လုပ် လိုက်ပါတယ် ။ နောက် နန္ဒသူဌေးသား နဲ့ toast လုပ်ပြီး ပြောစရာ အချက်တွေ ပေါ် ဖို့ပါ ။

ဒီ ဝတ္ထုတွေ ရေး ရတာ ကျွန်တော့် အတွက် အချိန် တော်တော် ယူ ရပါတယ် ။ ရိုးစင်းတဲ့ ဇာတ်ကြောင်း တွေ ကို ပဲ ခေတ်ပေါ်အသိုင်းအဝိုင်း နဲ့ ဖွဲ့ ရတယ် ။ အပြစ် မဖြစ် အောင် ရေး ရတယ် ။ ရေး ပြီးတော့ လည်း ကျွန်တော့် ထက် တတ်သိနားလည် တဲ့ ဆရာတော်ကြီးများ ကို ပြ ရပါသေးတယ် ။ ကျွန်တော် ရေးတာ အပြစ် ဖြစ် နေရင် ဆုံးမ ဖို့ လျှောက် ထားရတယ် ။ ရေးတဲ့ ပုံစံ က ( ကလေးကလား ) နိုင်ကြောင်း ကျွန်တော် လျှောက်ထားတော့ ဆရာတော်တွေ က ( ကလေးတွေ ) နားလည်အောင် ရေးတာမို့ ( ကလေးကလား ) နိုင်တာပဲ လို့ မိန့်တော် မူကြပါတယ် ။ ဒီ ဝတ္ထုတွေ မှာ အချက်အလက် အားဖြင့် ယုတ္တိ မကင်းလွတ် အောင် သတိ ထားရပါတယ် ။ စောစောက ကိုဝင်းငြိမ်း ပြော တဲ့ ပြည့်တန်ဆာမလေးဝတ္ထု ကိုပဲ ဥပမာ ပြရအောင် ။

ဝတ္ထု အကြောင်း အရ ပြည့်တန်ဆာမလေး က နောင် မှာ ဗုဒ္ဓရဲ့ အကျော်ဇေယျ သမီးတော် တစ်ပါး ဖြစ် လာမှာ ဆိုတော့ ပြည့်တန်ဆာ ဆိုတာ နဲ့ တစ်ပြိုင်နက် စာဖတ်သူ ရဲ့ စိတ် ထဲမှာ လမ်း ပေါ် က “ ကြက် ” လို့ မမြင်လိုက် ရ အောင် ဘယ်လောက် ထည်ဝါတယ် ဆိုတာ သိုင်းဝိုင်း ထား ရတယ် ။ ဝင်း နဲ့ ခြံ နဲ့ နေရတယ် ။ ရှင်ဘုရင် က ခန့် ထားရတယ် ။ အခြွေအရံ ငါးရာ ရ ထားတယ် ။ ပေါင်းချုပ်ရထား စီးခွင့် ရတယ် ။ ဘယ်လို အရည်အချင်း တွေ နဲ့ ပြည့်စုံ မှ သာ ပြည့်တန်ဆာ အဖြစ် ခန့် ခွင့် ရှိတယ် ဆိုတာတွေ ဖော်ပြ ရတယ် ။ ဆင်ခြင်မှု ပညာခံ ရင့်သန် လျက် ရှိကြောင်း လည်း ပြ ထားရပါတယ် ။

ပြည့်တန်ဆာမလေး ကို သူဌေးကတော် က ကိုယ်တိုင် လာ ငှားတယ် ။ သူ က ဗုဒ္ဓ ကို ဆွမ်း ကွမ်း ကပ် လှူချင် တော့ ဆယ့်ငါးရက်လောက် ယောက်ျား နား က ခွာ ချင်တယ် ။ ယောက်ျား က အခွာ မခံတော့ ခဏ လူစား ထိုး တဲ့ သဘော ပေါ့ ။ သူဌေးကလေး နန္ဒ နဲ့ တွေ့တော့ သီရိမာ က လည်း နန္ဒ ကို စွဲ သွားပြီး ဥတ္တရာ ကို ထောပတ်ပူ နဲ့ လောင်းသ,တ်ဖို့ ကြံတယ် မဟုတ်လား ။ ကောင်းပြီ ၊ အောက် မှာ ဆွမ်း ချက် နေတုန်း အပေါ်ထပ် အိပ်ခန်း ထဲ မှာ ဘယ်က ထောပတ်ပူ ရသလဲ ... ဒါ စဉ်းစားစရာ ဖြစ် လာမယ် ။ ဒီ အချက် ကို ဝင် လာအောင် ကျွန်တော် က နန္ဒသူဌေးကလေး နဲ့ သီရိမာ စ တွေ့တဲ့ နေရာ မှာ သီရိမာ က အရက်သောက်မယ့် အစား ရသာယန စား သင့်ကြောင်း တိုက်တွန်း ပေး ခိုင်းတယ် ။

ရုပ်ရှင်သဘော နဲ့ ပြော ရရင် ဒါ ကြို ပြတဲ့ အကွက် ပေါ့ ။ ကောင်းပြီ ... သီရိမာ က ပြည့်တန်ဆာမကလေး ပဲ ။ သူ့ စကား ကို နန္ဒ က ဘာကြောင့် နား ထောင်သလဲ ။ သီရိမာ ရဲ့ အဖေတူ အမေကွဲ အစ်ကို က ဗုဒ္ဓ ရဲ့ သားတော် ဇီဝက လေ ။ ဇီဝက နှမ က ဖော် ကျွေးမယ့် ဆေး ဆိုတော့ နန္ဒ က စားချင် မှာပေါ့ ။ ဒီတော့ သီရိမာ “ ရသာယန ” ချက်တယ် ။

မယား လုပ်တဲ့ ဥတ္တရာ က ဗုဒ္ဓ အတွက် ဆွမ်း ချက်ချိန်မှာ သူတို့ က ကာမဂုဏ် အားပေးမယ့် ဆေး ချက်ရမှာ ဆိုတော့ အောက် မှာ ဆင်း ချက်ရင် ရှက်စရာကြီး မဟုတ်လား ။ ဒီတော့ သီရိမာ က အပေါ်ထပ် မှာ ပဲ ချက် ပေး တယ် ။ ဒါမှ ဇာတ်ကြောင်း အရ အပေါ်ထပ် ကနေ ထောပတ်ပူ နဲ့ ဥတ္တရာ အပေါ် လောင်း ချနိုင်တဲ့ အခွင့်အရေး ရ မှာပေါ့ ။ အဲဒီလို အကျိုးအကြောင်း ဆက်စပ်မှုလေးတွေ ခိုင်လုံအောင် ကိုယ်တိုင် အတွေးအခေါ် ဆင်ခြင်မှု လေးတွေ နဲ့ လုပ် ရပါတယ် ။ ဓမ္မပဒ တို့ ၊ ထေရီအပဒါန် တို့ မှာ တော့ မပါဘူး ပေါ့ ။ အဓိက အချက် က ဘာလဲဆို တော့ ဗုဒ္ဓ ဟောမယ့် “ အမျက်ကြီးသူ ကို အမျက် မရှိခြင်းဖြင့် အောင်နိုင်ရာ ” ဆိုတဲ့ အချက်ပဲ မဟုတ်လား ။ ဒီ အချက် မပျက်ဖို့ ရာ အရေး ကြီးပါတယ် ။

သီရိမာ က နန္ဒ ကို တပ်မက် စိတ် ဝင်သွားတာ တို့ ၊ ဥတ္တရာ အပေါ်မှာ ဝန်တိုစိတ် ပေါ်လာတာ တို့ ကတော့ စောစော က ပြောခဲ့ သလို မိန်းမတွေ ရဲ့ သဘော နဲ့ နှိုင်းချိန် ရေးတာတွေပါပဲ ”

“ ဆရာ က ဝတ္ထု ရေးတဲ့ နေရာတွေ မှာ အဲဒီလို ဝတ္ထုတွေ ရေးတယ် ။ ရုပ်ရှင် ရိုက်ရမှာ လည်း “ စကားပြောသော အသည်းနှလုံး ” တို့ ၊ “ တစ်ဦး က မေတ္တာ ၊ တစ်ဦး က စေတနာ ” တို့ ၊ “  အကာကအချစ် အနှစ်က မေတ္တာ ” စသည် ဖြင့် မိဘမေတ္တာ နဲ့ ပတ်သက်တာ တွေ ၊ စေတနာတရား နဲ့ ပတ်သက်တာတွေ ရိုက်တာ တော်တော် များ ပါတယ် ။ ဒီ ကားတွေ ရိုက် တဲ့ ဆရာ့ ရည်ရွယ်ချက် သိ ပါရစေ ”

“ ကျွန်တော် ငယ်ငယ် ကတည်း က ပရိယတ္တိ ကို လေးစား နှစ်လိုလာတာ ကိုး ၊ ဗုဒ္ဓ ရဲ့ အဆုံးအမ ကို ကြိုက်လို့ နာလို လာတာ ကိုး ၊ အဲဒီတော့ ကျွန်တော်တို့ ဆီ မှာ ဂါရဝတရား နဲ့ နိဝါတ တရား မကင်းရင် အကောင်းဆုံး ပေါ့ ။ အထူးသဖြင့် “ စကားပြောသော အသည်နှလုံး ” တို့ ၊ ဘာတို့ ဆိုရင် မိခင် မေတ္တာ ပေါ့ ။ ဒါနဲ့ ပတ်သက် လို့ ကျွန်တော့် မှာ ခံစားချက်တွေ အများကြီး ရှိပါတယ် ။

ကျွန်တော် လိမ္မာ လို့ ငါ လို လုပ်ကြပါ လို့ ဟော နေတဲ့သူ မဟုတ်ပါဘူး ။ ကျွန်တော် မိခင် မေတ္တာ ကို အများကြီး စော်ကား ခဲ့သူပါ ။ မှား ခဲ့တာတွေ အများကြီး ရှိပါတယ် ။ အဲဒါတွေ ကို ကျွန်တော် က “ အမေ စားရသော ထမင်း တစ်နပ် ” တို့ ၊ ဘာတို့ မှာ ရေး ထားခဲ့ ပါတယ် ။ အမေ့ မေတ္တာ ကို ကျွန်တော် ပစ်ပယ် ခဲ့တယ် ။ မိန်းမ ရ ပြီး မိန်းမ နောက် ကို လိုက် သွားတယ် ။ ပြော ရရင်တော့ အရှည်ကြီး ပါ ပဲ ။ ကျိုက်လက် ကနေ ဘုရင့်နောင် ဖောင် ဖျက် တိုက်တဲ့ နည်းမျိုး လို နာမည်ကျော် စာရေးဆရာ မဖြစ်သမျှ ကာလပတ်လုံး ကျိုက်လက် ကို ငါ မပြန်ဘူး ဆိုပြီး ရန်ကုန် ထွက် ခဲ့တာ ။ အမေ က ကျိုက်လတ် မှာ ကျန်ရစ်ခဲ့တယ် ။

နောက်ဆုံး ရန်ကုန် မှာ ကျွန်တော် သိပ် ဆင်းရဲ နေတဲ့ အချိန် ၊ ကုန်းကြောင်း လျှောက် နေရတဲ့ အချိန် ၊ စာရေးဆရာ ပေမယ့် သူများ အိမ် မှာ ကပ် နေရတဲ့ အချိန် ၊ တစ်ခါတစ်ရံ မှာ ထမင်း ငတ် တဲ့ အချိန် ပေါ့ ။ ကာလပေါ် ဝတ္ထု နဲ့ ပတ်သက်ပြီး ကျွန်တော့် မှာ အရည်အချင်း ရှိသင့် သလောက် ရှိပေမယ့် ငတ် တစ်လှည့် ပြတ် တစ်လှည့် ဖြစ် နေတယ် ။ ဘာကြောင့် ဒီလို ဖြစ် ရတယ် ဆိုတာတော့ ကျွန်တော် မစဉ်းစားမိဘူး ။ ညည်း ပဲ ညည်း နေမိတယ် ။

အဲဒီလို နေတဲ့ အချိန် မှာ သီချင်း တစ်ပုဒ် က ကျွန်တော့် ကို တပ်လှန့် ပေး လိုက်ပါတယ် ။ အဲဒီ သီချင်း က တော့ ရွှေတိုင်ညွန့် ရဲ့ “ မိဘမေတ္တာ ” သီချင်း ပဲ ။ အဲဒီတုန်း က ဓာတ်ပြား ခေတ် ။ အဲဒီ သီချင်း ကို ည ကျွန်တော် လမ်း သွား ရင်း ဆူပါပင်လမ်း ထိပ် မှာ ကြား လိုက်ရတယ် ။ ဒီ သီချင်း ကို ကျွန်တော် ဘာ ဖြစ်လို့ ကြိုက် သလဲ ဆိုတော့ ဒီ သီချင်း ရဲ့ အကြောင်းခြင်းရာ အကုန်လုံး ကို သီချင်း ရေးတဲ့ ကိုအုန်းဆိုင် ( ရွှေတိုင်ညွန့် ) ထက် ကျွန်တော် က ဖတ် ပြီးသား ၊ သူ့ အဖေ ဦးကြင်ခဲ နဲ့ ကျွန်တော် နဲ့ က ထီးတန်း က သဘာဝဓမ္မဆေးကျောင်း မှာ အတူတူ သင်တန်း တက် ခဲ့တယ် ။ စာရေးဆရာ ဆို တော့ စုံအောင် လေ့လာခဲ့တယ် ။

အဲဒီမှာ သီချင်းစာသားတွေ က ရှေး ဇာတ်ဆရာကြီး တွေ ရေး ပြီးသား ဇာတ်တွေ ထဲ က စာသားတွေ ကို ဖွဲ့ သွားတာ အများကြီး ရှိတယ် ။ ပတ်ပျိုး ထဲ က ရတု ကို အသံလေး ထည့် ပြီး ဆို သွားခြင်း ကြောင့် ကျွန်တော့် အသည်းနှလုံး မှာ ပိုပြီး ထိခိုက် သွားတယ် ။ ဆိုတာ က “ မကြည်အောင် ” လေ ။ အဲဒီတော့ မှ အမေ့ မေတ္တာ ကို ကျွန်တော် သွားပြီး သတိ ရတယ် ။ အမေ က ကျိုက်လတ် မှာ သိပ် ဆင်းရဲ နေပြီ ။ အမေ့ ကို ပြန်ပြီး တွေ့ချင်ပေမယ့်လည်း ဒီ အတိုင်း ပြန် မတွေ့ချင်ဘူး ။ ဖြစ်ချင်တော့ ကျွန်တော် တို့ ထောင် ခဲ့တဲ့ ဒုလ္လဘရဟန်းခံအသင်း က အသင်းသား အဟောင်း တွေ ရော အသစ်တွေ ပါ ဒုလ္လဘမဲ ဖောက် တဲ့ အခါ မှာ ကျွန်တော် မဲ ပေါက်တယ် ။ ကျွန်တော့် ကို လည်း ရဟန်းခံ ဖို့ ၊ ပြန်လာဖို့ ရာ မှာ တော့ ငါ ရဟန်းခံ ဖို့ ပြန် တာပဲ ၊ ဘာဖြစ်လဲ ဆို ပြီးတော့ ကျိုက်လတ် ကို သွားတယ် ။

ဒုလ္လဘရဟန်း ခံပြီး မနက် မှာ ရဟန်း အပါး တစ်ရာ ဆွမ်းခံ ထွက် ကြတော့ အမေ့ တဲ ရှေ့ က ဖြတ် သွားရတယ် ။ အမေ က ရဟန်း တွေ ကြားမှာ ငါ့ သား ဘယ်ဟာပါ လိမ့် လို့ တဲကလေး ရဲ့ လက်တန်း ကို ကိုင်ပြီး ရှာ နေရှာတယ် ။ ကျွန်တော် ကတော့ အမေ့ ကို မြင်ပြီပေါ့ ။ ရှာ နေတဲ့ အမေ့ မျက်လုံးတွေ နဲ့ ကျွန်တော့် မျက်လုံးတွေ လည်း ဆုံလိုက် မိရော ၊ အခု ရုပ်ရှင် ထဲ မှာ Close Up ပြ ရ သလိုပဲ အမေ့ မျက်နှာ မှာ ရှက်စိတ် ၊ အားငယ်စိတ် ၊ ဝမ်းနည်းစိတ် ၊ ဝမ်းသာစိတ် တွေ ကို တွေ့ လိုက်ရတယ် ။

အဲဒီမှာ ကျွန်တော် ဘာ စဉ်းစားသလဲ ဆိုတော့ ငါ စာရေးဆရာ ဘဝ နဲ့ အောင်မြင် မှ သာ အမေ့ ကို ထမင်း ကျွေး ရမယ် ဆိုရင် အမေ မသေခင် ထမင်း တစ်နပ် မှ ကျွေးလိုက်နိုင်ပါ့ မလား ၊ အခု ကြုံကြိုက် တုန်း မှာ ငါ့ သပိတ် ထဲ က ထမင်း ကို ကျွေး ရရင် ကောင်းမယ်လို့ စိတ်ကူး မိတာ နဲ့ ကျောင်း ပြန် ရောက်တော့ ဆရာတော် ကို လျှောက် တယ် ။ တပည့်တော် ဒီ ဆွမ်း ကို အမေ့ ကို ကျွေးနိုင်ပါသလား ပေါ့ ။ ဆရာတော် က သိပ် မွန်မြတ် တယ် ။ ကျွေးနိုင်ပါတယ် လို့ ခွင့်ပြုလိုက်တာ နဲ့ ကျွန်တော် တစ်ပါးတည်း ပဲ အမေ့ တဲ ကို ပြန် လာခဲ့ တယ် ။ အမေ က ကျွန်တော့် ကို မမျှော်လင့် ပါဘူး ။ သူ့ ဘာသာ ထမင်း တောင် ချက် နေပြီ ။ အမေ က ကျွန်တော့် ဆွမ်း ကို ပေးလှူ တော့ ငို တာပေါ့ ။ အမေ က ပြော တယ် ။ မောင်ပဉ္စင်း အတွက် အမေ ဆွမ်း လောင်း ချင်ပေမယ့် လောင်းနိုင်တဲ့ အား အမေ့ မှာ မရှိဘူး တဲ့ ။ တစ်ပါး တည်း လောင်း လို့ မဖြစ်တဲ့ အတွက် တစ်ပါး ကို ဆွမ်း တစ်ဇွန်း စီ လောင်း ဦး တော့ ဇွန်းတစ်ရာ မှ မောင်ပဉ္စင်း ဆီ တစ်ဇွန်း ပဲ ရောက် မယ် ။ အဲဒီ တစ်ဇွန်း အတွက် အမေ ဇွန်း တစ်ရာ မချက်နိုင်ဘူး တဲ့ ။ မင်း ငယ်ငယ် အမေ တို့ ချမ်းသာ တုန်း က ၊ ရှင်ပြု တုန်း က အကြီးအကျယ် ပြု ပေးခဲ့ပြီ တဲ့ ။ အဲဒီတုန်း ကတော့ ကျွန်တော် ကလည်း ဘာမှ နားမလည် သေး တဲ့ အချိန် ဆိုတော့ ဆော့ နေတာပေါ့ ။

ဒီ တစ်ကြိမ် ရဟန်း ခံ ရတော့ စာရေးဆရာ လည်း ဖြစ်နေပြီ ဆိုတော့ သီလ ၊ သမာဓိ နဲ့ လည်း ပြည့်စုံ နေပြီ ။ သဒ္ဓါ က လည်း တကယ့် သဒ္ဓါတရား ရှိ နေတဲ့ အချိန် ဆိုတော့ ဒါယိကာမကြီး လည်း အသက် ရှည် မှာ မဟုတ်ဘူး ။ မတော်လို့များ သေ သွားရင် ကျုပ် ထမင်းကလေး တစ်နပ်တောင် ကျွေး လိုက်ရမှာ မဟုတ်ဘူး ။ ကျွန်တော် စာရေးဆရာ ဘဝ နဲ့ သာ ထမင်း ကျွေး ရမယ် ဆိုရင် ကျွေး နိုင်မှာ မဟုတ်ဘူး ။ ဒီ ထမင်း ကို အမေ စား ပါ ဆို ပြီး သပိတ် ကို ထိုး အပ်ခဲ့တယ် ။ ဒါ အမေ့ ကို ကျွန်တော် ကျွေး နိုင်တဲ့ ထမင်း တစ်နပ် ပါ ။

နောက် ကျွန်တော် ချောင်လည် လာပြီး အခြေအနေကလေး နဲ့ နေနိုင် လို့ အမေ့ ကို သွား ခေါ်တော့လည်း အမေ က သူ့ သမီး နဲ့ ပဲ လိုက် နေတယ် ။ ကျွန်တော့် ဆီ မလိုက်ဘူး ။ နောက်ဆုံး လာ ခေါ်တော့ ဆို လို့ သွား ခေါ်တော့ အမေ့ မှာ အသည်းအသန် ဖြစ် နေပြီ ။ အိမ် မှာ သုံးရက် ပဲ နေ လိုက်ရပြီး ဆုံး သွားပါတယ် ။ အမေ့ ကို ကျွန်တော် ကျေနပ်လောက် အောင် ပြုစုခွင့် မရ လိုက်ပါဘူး ။ ဒါတွေကို ကျွန်တော် အနှစ် နှစ်ဆယ် အတွင်း အကြိမ် နှစ်ရာ ထက် မနည်း ဟောပြော ခဲ့ပါပြီ ။ ဟောတိုင်း မျက်ရည် ကျ ခဲ့ရပါတယ် ။ အမေ ချင်း စာနာ တတ်တဲ့ ပရိသတ်တွေ လည်း ငို ကြတာပဲ ။

ကျွန်တော် သူတို့ ကို လွမ်းအောင် တမင် ပြောတာ မဟုတ်ပါဘူး ။ ကျွန်တော် ကိုယ်တိုင် က ခံစားချက် ရှိလို့ပါ ။ ဟောပြောပွဲတွေ အပြီး မှာ လည်း ကျွန်တော် အမြဲ မှာ ပါတယ် ။ သားတို့ သမီးတို့ ဒီ ဟောပြောပွဲ က ပြန်ရင် အိမ် ရောက်တာနဲ့ တစ်ပြိုင်နက် အမေ ကို ရှိခိုးပြီး မှ အိပ် ကြပါ ။ ငါ လိမ္မာလို့ ပြော နေတာ မဟုတ်ဘူး ။ ငါ မိုက်ခဲ့သမျှ မင်း တို့ လိမ္မာ ရအောင် အရှက် မရှိ ပြန် ပြောနေတာပါလို့ အမြဲ ပြောပါတယ် ။ တစ်ထောင် မှာ တစ်ယောက် လောက် နားလည် သဘောပေါက် သွားရင် တောင် ကျွန်တော် ဟောရကျိုး နပ် ပါတယ် ။

ကိုဝင်းငြိမ်း စဉ်းစားကြည့်ပါ ။ အမေ ကို လုပ်ကျွေး နိုင်ဖို့ရာ အခြေအနေ တချို့ လိုပါတယ် ။ ကိုယ် လုပ်ကျွေးနိုင် တဲ့ အချိန် မှာ အမေ က အသက် ရှင် လျက် ရှိ ရမယ် ၊ ကိုယ် က စေတနာ ပါ ရမယ် ၊ အမေ က လည်း ကိုယ် နဲ့ အတူ နေ တာ ဖြစ်ရမယ် ။ ကျွန်တော် ပြောတာ က ထမင်း တစ်နပ် သွား ကျွေးတာတို့ ၊ သီတင်းကျွတ် သွား ကန်တော့ တာ တို့ ပြောတာ မဟုတ်ဘူး နော် ။ အမြဲတမ်း ကျွေး နိုင်ဖို့ ပြော တာ ။ ကိုယ့် ဆီ လာ နေပြန် တော့ လည်း ကိုယ့် မိန်း မက လိမ္မာဦး မှ ၊ ကိုယ် က လည်း သဒ္ဓါတရား ရှိရမယ် ၊ အမေ က လည်း မှီခို တဲ့ ဘဝမျိုး ဖြစ် ရမယ် ။

သူ့ ဆီ မှာ သာ ပိုက်ဆံ ရှိ နေရင် သားသမီး ကို သာ သူ က ပြန် ပေးမှာ ။ သားသမီး ထမင်း သူ က စား မှာ မဟုတ်ဘူး ။ ဒါကြောင့် မှီခိုတဲ့ ဘဝမျိုး ဖြစ်ရမယ် ပြောတာ ။ နောက် တစ်ခု က အသက် တော့ ရှင် ပါလျက် သတိ မေ့ နေတာ မျိုး ၊ သူငယ် ပြန် နေတာမျိုး ၊ အချို မှန်း  မသိ ၊ အချဉ် မှန်း မသိ ၊ ထမင်း စား ပြီးပြီလား ၊ မစားရသေးဘူးလား မှ မသိ ။ အဲဒီ အချိန်မျိုး မှ ပြုစု ရ ပြန်တော့ လည်း အလကား ပဲ ။ သေ မှ ငိုယို နေကြလို့ လည်း အလကား ပဲ ။ ဒါကြောင့် အမေ ကို အသက် နှင့် ရှိတုန်း ကျွေးကြပါ ။ ပြုစုကြပါ ။ အမေ ကို လုပ်ကျွေး ပြုစုတဲ့ သားသမီး ဟာ ဆင်းရဲဒုက္ခ မရောက်ပါဘူး ။

ကျွန်တော် ဟာ အမေ့ ကို ထမင်း တစ်နပ် သာ ကျွေး လိုက်နိုင်တဲ့သူပါ ။ အမေ့ မေတ္တာ ကို ကျွန်တော် ပစ်ပယ် ခဲ့ ပါတယ် ။ ဒါကြောင့် ဒီ ကျေးဇူးတရားတွေ ကို လူငယ် လူရွယ်ကလေး တွေ သတိ ရကြစေဖို့ ကျွန်တော် လို နောင်တ မရကြရအောင် ခုနက ကိုဝင်းငြိမ်း ပြောခဲ့တဲ့ ကားတွေ ကို ရိုက် ခဲ့တာပါ ။ ကျွန်တော့် ကား တိုင်း မှာ မိခင် ရဲ့ မေတ္တာ အကြောင်း အမြဲ ပါ ပါတယ် ။ နည်းနည်း နဲ့ များများ ပဲ ကွာ ပါတယ် ။ မိခင် နဲ့ ဆရာသမား ကို အမြဲ သတိ ရတဲ့ အတွက် ကျွန်တော် ဒီ အခြေအနေ ကို ရောက်တယ် လို့ လည်း ယုံ ပါတယ် ။

ရုပ်ရှင်သက်တမ်း အနှစ် လေးဆယ် ရှိခဲ့ပါပြီ ။ ကျွန်တော့် ဆရာသမား အေဝမ်းကိုတင်မောင် ကို အကြိမ် လေးဆယ် ကန်တော့ ပြီး ပါပြီ ။ မနီလာ ရုပ်ရှင်ပွဲတော် သွားခါနီး တုန်း က လည်း ကျွန်တော် သွား ကန်တော့ပါတယ် ။ ပြန် လာ တော့ လည်း သွား ကန်တော့ပါတယ် ။ ယုတ်စွ အဆုံး ကျွန်တော် “ သုခ ရုပ်ရှင် ” ထောင်တော့မယ် ဆိုတာ တောင် သွားကန် တော့ ပြီး ဆရာ့ ရဲ့ ခွင့်ပြုချက် တောင်း ခဲ့ပါတယ် ။

ခု လူငယ်တွေ မှာ ပို ဆိုး လာတာ က မိဘမေတ္တာ ဆိုတာ မရှိပါဘူး ။ သွေးသား သောင်းကျန်း ရာ က နေ ရ လာတဲ့ သန္ဓေသား ကို သူတို့ စောင့်ရှောက် ရတာ တာဝန် ပဲ လို့ ယူဆ လာ ကြတယ် ။ ဒါတွေကို ကျွန်တော် အပြတ် ချေ ချင်တယ် ။ လူ ကို ထား လိုက် ၊ တိရစ္ဆာန် ကို ပြန် ကြည့် ၊ အကုန် ပါတယ် ။ ခွေး ၊ ဝက် ၊ ကြက် ၊ ငှက် ၊ လိပ် ဆို ပိုတောင် ဆိုး သေးတယ် ။ သူတို့ စောင့်ရှောက်တာ ကျတော့ ဘယ်လို ပြောမလဲ ။ ဘယ်လို ဥပဒေ စည်းမျဉ်း ကြောင့် စောင့်ရှောက် ကြတာလဲ ။

တချို့ ပြောတာ ကြား ဖူးပါတယ် ။ ဒါ မျိုးဆက် ပြန့်ပွားမှု ပဲ ပေါ့ ။ သစ်ပင်ပန်းမန် လည်း မျိုးဆက် ပြန့်ပွားကြတာပဲ တဲ့ ။ ဒီလို ပြန့်ပွားတဲ့ အတွက် ပန်းပွင့်ကလေးတွေ က သစ်ပင် ကို ကျေးဇူး တင်ရမလား တဲ့ ။ သစ်ပင် က ပြန့်ပွားတယ် ဆိုတာ က ရေ ၊ မြေ ၊ တော ၊ တောင် ၊ ဥတု သဘာဝ လက် ကို အပ် ချ လိုက်တာ ။ သစ်ပင်ကြီး က ပန်းပွင့်ကလေးတွေ အပေါ် မှာ ဘာ မှ လုပ်မပေးဘူး ။ တိရစ္ဆာန် နဲ့ လူ က တော့ မိမိ ရင်သွေး ကို ယုယပိုက်ထွေး ထားတယ် ။ ကာကွယ် စောင့်ရှောက် ထားတယ် ။ သစ်ပင် ကတော့ သူ့ အပင်ပေါက် ကလေးတွေ ကို နွား က စားစား ၊ လူ က နင်းနင်း ဘာ မှ ကာကွယ် မပေးနိုင်ဘူး ။

လူ က မနေနိုင်ဘူး ၊ ခွေး က မနေနိုင်ဘူး ၊ ဒါလေးတွေ ကို ဒီနေ့ လူငယ်တွေ မြင်လာ အောင် ကျွန်တော် က စကားပြေ နဲ့ ပြော မှ နားလည် နိုင်မယ် ။ မာတာပိတုဂုဏော အနန္တော လို့ ပြောရင် နားလည်ချင် မှ လည်မယ် ။ နောင် ကိုလည်း ကျွန်တော် မိဘမေတ္တာ ကို ဖွဲ့ ဦးမှာပဲ ။

အမေ့ မေတ္တာ ကို စိတ်ကူးပြီး အမျိုးမျိုး တရား ဟော ပါတယ် ။ ဥပမာ - နို့ချို တိုက်ကျွေး နေတဲ့ မိန်းမ တစ်ယောက် ကို ကလေး ကို ဆွဲဖယ် ပြီးတော့ နို့အုံ ကို ဓား နဲ့ လှီး ကြည့်ပါ ။ နို့ မထွက်ပါဘူး ၊ သွေး ပဲ ထွက် လာပါလိမ့်မယ် ။ ဘယ်အချိန် မှာ နို့ချို ဖြစ် သွားသလဲ ဆိုတော့ သားဇော ကပ် တဲ့ အချိန် မှာ သွေးစိမ်း ကနေ နို့ ဖြစ် သွားတာပါ ။ သုံးဆယ့်နှစ် ကောဋ္ဌာသ မှာ “ လောဟိတံ ”  “ သွေး ” ပါတယ် ။ နို့ ဆိုတာ မပါဘူး ။ ကလေးတွေ နားလည်အောင် ဒီလို ပြော ပြရတယ် ။ နွားနို့ ညှစ် တာ တောင် မှ နွားကလေး ကို ပြ မှ နွားမကြီး က နို့ ချ ပေးပါတယ် ။

ဒါကြောင့် အမေ့ မေတ္တာ ကို ပြ နိုင်ဖို့ ဒီ ကားတွေ ကို ရိုက် ခဲ့တာပါ ။ နောက် လည်း ဒါမျိုး ရိုက် ဦးမှာပါပဲ ”

“ ဆရာ ရိုက်သွားတဲ့ “ စကားပြောသော အသည်းနှလုံး ” က နိုင်ငံခြား ရုပ်ရှင်ကား ဖြစ်တဲ့ Madam X ကို မြန်မာမှု ပြုတာလား ဆရာ ”

“ လုံးဝ မဟုတ်ပါဘူး ။ မဒမ်အိတ် ( စ် ) မပြခင် ကတည်း က ဒီ ဇာတ်လမ်း ကို ပြဇာတ် က ပြီး သွားပါပြီ ။ မင်းသား ခင်မောင်မြင့် နဲ့ က ခဲ့တာပါ ။ ဒီ ကိစ္စ ကို တစ်ခါတုန်း က ဆောင်းပါးရှင် တစ်ဦး က “ စကားပြောသော အသည်း နှလုံး ” ဟာ မဒမ်အိတ် ( စ် ) ကို မြန်မာမှု ပြုတာ လို့ ရေး တော့ ကျွန်တော့် တပည့်တွေ က မခံမရပ် နိုင် ဖြစ်ပြီး ပြန် ရေးခဲ့ကြဖူးပါတယ် ။ ကျွန်တော် က တော့ ဘာမှ မပြောခဲ့ပါဘူး ။ ထန်းသီး ကြွေခိုက် ၊ ကျီး နင်း လိုက် ဖြစ်သွား တာပါ ။ ဇာတ် က ဝင်းဝင်းရုံ မှာ ဆယ်နှစ် လောက် စောပြီး တင် ခဲ့တာပါ ။

ဒီ ဇာတ်ကား ဖြစ်လာနိုင်ဖို့ နှစ်ပေါင်း နှစ်ဆယ် လောက် အမြုတေ စု ပြီး မှ ဇာတ်လမ်း ဆောက်တည် ခဲ့ ရတာပါ ။ ကျွန်တော် ဆိုလိုချင်တာ က တော့ အမေ ဟာ ကိုယ်ကျင့်တရား ပျက်သည် ဖြစ်စေ ၊ ပညာ မဲ့သည် ပဲ ဖြစ်စေ ၊ မျိုးရိုး ညံ့သည် ပဲ ဖြစ်စေ အမေ ဟာ အမေ ပါပဲ ။ မဒမ်အိတ် ( စ ) နဲ့ ကျွန်တော့် ကား က ရုံဆင်း ရုံတက် လောက် ပဲ ရက် ကွာပါ တယ် ။ အကယ်၍ မဒမ်အိတ် ( စ ) ကို သာ မှီးမယ် ဆိုရင် သူ ပြပြီး တစ်နှစ် လောက် နေမှ ကျွန်တော် ရုံ တင် နိုင်မှာပေါ့ ။ မဟုတ်ဘူးလား ”

“ ဒီနေ့ လူငယ် တော်တော်များများ ဟာ မိဘမေတ္တာ ကို နား မလည် ၊ မလေးစား ဘဲ ပြန် ပြော တာ တို့ ၊ အော်တာ ဟစ်တာ လုပ် နေ ကြပါတယ် ။ ဘာကြောင့် ဒီလို ဖြစ် လာတယ် လို့ ဆရာ ထင်ပါသလဲ ” 

“ ဗုဒ္ဓပရိယတ္တိ နဲ့ ကင်းကွာ လာလို့ပါပဲ ။ ဗုဒ္ဓဘာသာဝင် မှန်ရင် မင်းတုန်းမင်းကြီး က အစ တံခါးစောင့် အထိ ကိုရင် ဝတ် ကြရတယ် ။ ကိုရင် ဘဝ မှာ မင်္ဂလသုတ် တို့ ၊
မေတ္တာသုတ် တို့ ဟာ မသင်မနေရ ဘာသာရပ်တွေပဲ ။ အဲဒီ ဗုဒ္ဓ ပရိယတ္တိ တွေ က ကျွန်တော်တို့ နှလုံးသား တွေ ကို နူးညံ့စေ ပါတယ် ။

မင်္ဂလသုတ် ထဲ မှာ ပါတဲ့ မပေါင်းသင်းအပ် တဲ့ လူ နဲ့ မပေါင်းသင်းရဘူး ဆိုတဲ့ အချက် ကို လေးလေးစား စား လိုက်နာစေရမယ် ။ မိဘ က စောင့်ရှောက်ရမယ် ။ ဘိန်းဖြူ စွဲ တာ တစ်ယောက် တည်း စွဲ တာ မဟုတ်ပါဘူး ။ အပေါင်းအသင်း ကြောင့် စွဲ တာပါ ။ ဟေးလားဝါးလား လုပ်တာ တစ်ယောက် တည်း မဟုတ်ဘူး ။ အပေါင်းအသင်း ကြောင့် ပါ ။ အပေါင်းအသင်း မှား လာတော့ ပျက်စီးတယ် ။ မအေ ကို လည်း သူငယ်ချင်းပေါင်း ပေါင်း တယ် ။ သူငယ်ချင်း ပြော ပြောတယ် ။ ဒါတွေရဲ့ အုတ်မြစ် က အပေါင်းအသင်း မှားမှု ပဲ ။ ငယ်ငယ် ကတည်း က အပေါင်းအသင်း မမှား အောင် မိဘ က ထိန်း ပေးရပါမယ် ” 

“ တချို့ အိမ်ထောင်စု တွေ မှာ အဖေ က လည်း အရက်သောက် ၊ ဖဲရိုက် ၊ အမေ ကလည်း အိမ်ထောင်ရေး ဖောက်ပြန် ၊ စီးပွားရေး ပျက်စီး ၊ ဒါတွေ ရှိပါတယ် ။ ဒီတော့ သားသမီး ကို လည်း လှည့် မကြည့်နိုင်ဘူး ။ ဒီလို သားသမီးတွေ မှာ ကော မိဘမေတ္တာ နားလည်နိုင်ပါ့ မလား ” 

“ အဲဒါ အညမည ပါ ပဲ ။ သဟဇာတ ပြီး မှ အညမည လာတယ် ။ တစ်ဦး နဲ့ တစ်ဦး ခင်တွယ်နှစ်လို လာ ပြီးမှ အညမည တစ်ဦး ကို တစ်ဦး အကျိုးပြု နိုင် လာတာပါ ။ မိဘတွေ ကို က ဗုဒ္ဓတရားတော် ကို နား မလည်ဘူး ။ ဘုရား မရှိခိုးဘူး ဆိုရင် သားသမီး ကို ဟေ့ကောင် ဘုရားရှိခိုး လို့ ခိုင်းလို့ မဖြစ်ဘူး ။ အဖေ က အရက်သောက် ၊ အငယ် ထား ။ အမေ က နောက်မီးလင်း ။ ဒီတော့ ကလေးတွေ ကို ဘယ် လို ပြုပြင် ယူလို့ ရနိုင်ပါ့မလဲ ။ ဒါတွေကို ကျွန်တော် တို့ က Generation နဲ့ ကို ပြုပြင် ယူမှ ရမယ် ။

ခုခေတ် သီချင်းတွေ က လည်း နားထောင် ကြည့် ။ မိဘ က အပျိုပေါက် ကိုယ့် သမီးလေး ကို ခိုင်းနေ တာတွေ က မောင် မလာတာ လေးငါးခြောက်ရက် လောက် ကြာလို့ ထွန့်ထွန့်လူး နေရ သတဲ့ ။ ဖအေ ရှေ့ မှာ ဆို နေတာ ကျွန်တော် တော့ တော်တော် အံ့ဩ ပါတယ် ။ မအေ က လည်း နားထောင် နေတာပဲ ။

ဒါတွေ ပပျောက် သွားအောင် ၊ မိဘတွေ ကို လေးစား လာ အောင် အင်မတန် အေးချမ်း တဲ့ ပြာသိုလပြည့်နေ့ ည ကို အမေနေ့ ဆိုပြီး ကျွန်တော် က သတ်မှတ်ကျင်းပ ချင်တယ် ။ အဲဒီ ည မှာ လူ နှစ်ထောင် ၊ သုံးထောင် လောက် စုပြီး အမေ့ မေတ္တာ ကို ချီးကျူး ဂုဏ်ပြုတဲ့ သီချင်းတွေ ဆို ချင်တယ် ။ သားသမီး တွေ က အမေ တွေ ကို တတ်နိုင် သလောက် ပြုစုမယ် ။ ပိုက်ဆံ ကုန် ဖို့ မဟုတ်ပါဘူး ။ နင်း ပေးမယ် ၊ နှိပ် ပေးမယ် ၊ သနပ်ခါး သွေးပေးမယ် ၊ ရေချိုး ပေးမယ် ။ တတ်နိုင်တဲ့ သူတွေ က စားဖွယ်ရာလေး တွေ ဝယ် ကျွေးမယ်ရင်း အမေနေ့ ကို ကျင်းပစေ ချင်တယ် ။

ကျွန်တော် က တော့ ယခု ဘယ်လို စဉ်းစား မိသလဲ ဆိုတော့ နို့ပျဉ်းကျကြီး နဲ့ ခွေးမကြီး တစ်ကောင် အမှိုက်ပုံ မှာ နှုတ်သီး နဲ့ ထိုးပြီး အစာ ရှာ နေတာ တွေ့ ရင် လည်း ဪ ... ဒါ အမေ ပဲ လို့ တွေး မိတယ် ။ ဟို လူ က ရိုက် ၊ ဒီ လူ က ရေနွေးပူ နဲ့ ပက်လိုက် လုပ်နေတဲ့ ကြား က သူ့ ဝမ်းစာကလေး ရှာ စားမယ် ။ ပြီးရင် သူ့ သားသမီး ကလေး တွေ ကို နို့ချို သွား တိုက်ရ ရှာတာပဲ ။ တခြား အချိန် မှာ ဒီ ခွေးမကြီး ကို ကရုဏာ မသက်နိုင်ဘူး ထားဦးတော့ ၊ ဒီလို နို့ပျဉ်းကျကြီး နဲ့ အစာ ရှာ နေရတဲ့ အချိန်မှာ တော့ ဒါ အမေ ပဲ ဆိုတဲ့ အတွေး နဲ့ ကရုဏာ သက်မိပါတယ် ” 

“ ရုပ်ရှင်ကဏ္ဍ ဘက် လှည့်လိုက်ကြဦးစို့ ဆရာ ။ တလောဆီ က ဆရာ မနီလာ ( ဖိလစ်ပိုင်နိုင်ငံ ) မှာ ကျင်းပ တဲ့ ရုပ်ရှင်ပွဲတော် ကို တက်ခွင့် ရခဲ့တယ် နော် ”

“ ဟုတ်ပါတယ် ”

“ အဲဒီမှာ သူတို့ ဆီ က ကားတွေ နဲ့ အတူ ဆရာ ရိုက် ခဲ့တဲ့ “ ရွှေချည်ငွေချည် တန်းပါလို့ ” နဲ့ “ ချစ်အမျှ ” ပြခဲ့တယ်လို့ ကြားပါတယ် ” 

“ ဟုတ်ပါတယ် ” 

“ သူတို့ ကားတွေ လည်း လေ့လာခွင့် ရခဲ့မှာပေါ့ ။ စက်မှုဘက် အပိုင်းမှာ ကျွန်တော်တို့ က နိမ့် မှာတော့ သေချာပါတယ် ။ သရုပ်ဆောင်မှု အပိုင်း မှာ ကော ကျွန်တော် တို့ ကားတွေ က သူတို့ ကားတွေ ကို ယှဉ်နိုင်ရဲ့လား ” 

“ သူတို့ ဇာတ် မှာ ဝင် ပြီး သရုပ်ဆောင်  ရရင်တော့ ကောင်းချင် မှ ကောင်းမယ် ။ ကျွန်တော် တို့ ဇာတ် နဲ့ ကျွန်တော် တို့ ပရိသတ် ကြည့် ဖို့ က တော့ သူတို့ ထက် တစ်ထစ် မှ မနိမ့်ကျပါဘူး ။ ကျွန်တော် ပြောရဲပါတယ် ။ ဇာတ်လမ်း ဖန်တီးမှု အပိုင်း မှာ လည်း အောက် မကျပါဘူး ။ သူတို့ ဇာတ်လ မ်းတွေ က တစ်ခါတစ်ရံ မှာ ဇွတ် လုပ်တာတွေ ရှိပါတယ် ။ သဘာဝ မကျတာတွေ ရှိတယ် ။ ကျွန်တော်တို့ ဆီ မှာ ဒါမျိုး သိပ်နည်းပါတယ် ။

နောက် တစ်ခု က သူတို့ ဆီ မှာ အချစ် ဆိုရင် လိင် မပါ ရင် မပြီးဘူး ။ အများအားဖြင့် တွေ့ခဲ့ရတာ က အသတ်အဖြတ် ဆိုရင်လည်း လက်နက် အမျိုးမျိုး ငွေကုန် ကြေးကျခံပြီး သ,တ် ပြတယ် ။ တစ်ခါတုန်း က စာပေနယ် မှာ ပြောခဲ့ သလိုပေါ့ ။ အပစ်အခတ် ရယ် ၊ အညှစ်အသတ် ရယ် က သူ မတူအောင် ရိုက်ကြပါတယ် ။ ဇာတ်အိမ်ငယ် ငယ်လေး မဟုတ်ဘူး ။ အသိုင်းအဝိုင်းကြီး နဲ့ ကို ရိုက် ရ တာ ။ ဒါတွေတော့ ကျွန်တော် တို့ တု လို့ လည်း မရဘူး ၊ တု လည်း မတုချင်ပါဘူး ။ တု လို့ လည်း မကောင်းဘူး ။

အချစ် ကျ ပြန်တော့ လည်း အညစ်အပတ် က ပါလာတယ် ။ ဒါ သူတို့ ရုပ်ရှင် မှာ အနည်း နဲ့ အများပဲ ။ များ များ ပြရင် ပိုပြီး လူ ကြိုက်တယ် ။ သူတို့ ကိုယ်တိုင် ဒါကို ဝန်ခံပါတယ် ။ ကျွန်တော်တို့ ဆီ က ကား ( ကိုယ့် ကား ကိုယ် ပြောရတာ တော့ သိပ်မကောင်းပါဘူး ။

ဒီ စကား ကို ဦးမောင်မောင်ခင် တို့ ၊ ဦးအောင်ဖော်ဇံ တို့ ပြောရင် ပို ကောင်းမယ် ) ရွှေချည်ငွေချည် တန်းပါလို့ နဲ့ ချစ်အမျှ နဲ့ ပတ်သက်ပြီး သူတို့ ပြောတဲ့ အတိုင်း ပြောရရင် မနှစ် က သမ္မတကတော် အီမယ်လ်ဒါမာကို့စ် ဦးဆောင်ပြီး International Film Festival ( နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ) လုပ်တဲ့ နေရာမှာ မြန်မာပြည် နဲ့ တရုတ်ပြည် က မပါ လို့ ဒီနှစ် မြန်မာကားတွေ ကို သမ္မတကတော် ရဲ့ ကိုယ်စားလှယ် က လာ ကြည့် ပါတယ် ။ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ က တစ်နေ့ ငါးကား ကျ စီစဉ်ပြီး ခြောက်ရက် လောက် ပြ လိုက်ပါတယ် ။

အဲဒီလို ပြ လိုက်တဲ့ အထဲမှာ “ ရွှေချည်ငွေချည် တန်းပါလို့ ”  ပါ သွားတော့ ကိုယ်စားလှယ် က ဒီ ဒါရိုက်တာ ရိုက်တဲ့ နောက်ဆုံးကား ကြည့်ချင်တယ် ဆိုလို့ “ ချစ်အမျှ ” ကို ထပ် ပြ ရပါတယ် ။ ဒီတော့ အဲဒီ ကားထုပ် နှစ်ထုပ် ရိုက် တဲ့ ဒါရိုက်တာ ကို သူတို့ ဖိတ်ချင်ပါတယ် ဆိုပြီး ကျွန်တော် တို့ ဆီ က လူကြီးတွေ ကို အကြောင်းကြား ရာ က သက်ဆိုင်သူ လူကြီးများ ၏ မေတ္တာ စေတနာ ကြောင့် ကျွန်တော် တက်ရောက်ခွင့် ရခဲ့တာပါပဲ ။

ဟိုမှာ သူတို့ က ဘာ ပြောသလဲ ဆိုတော့ ခင်ဗျား တို့ ဗမာကားတွေ က ကျွန်တော်တို့ လိုချင်တဲ့ အရှေ့တိုင်း အယူအဆကလေး တွေ ပါတယ် ။ ဘုန်းကြီး ပါတယ် ။ ဘုရား သွားတာ ပါတယ် ။ ရေစက်ချတာ ပါတယ် ။ ပြီးတော့ အချစ် နဲ့ ပတ်သက်ပြီး တင်ပြရာ မှာ တစ်ယောက် နဲ့ တစ်ယောက် နှုတ်ခမ်းချင်း စုပ်နမ်းကြတာ မပါဘူး ။ လက်ဖျား နဲ့ ဆွဲတာ တောင် မပါဘဲ နဲ့ မေတ္တာ ကို ပေါ်လွင် စေပါတယ် တဲ့ ။

သမီးရည်းစား မေတ္တာ ၊ လင်မယား မေတ္တာ သာ မကဘဲ သူငယ်ချင်း မေတ္တာ နဲ့ တောင် သွေးဖောက်လှူ တာလေးတွေ တွေ့ ရတော့ ကြည်နူးရပါတယ် တဲ့ ။ ဗြဟ္မာစိုရ် မေတ္တာလေးတွေ ပြ နိုင်ခဲ့တယ် ။ မီးဖွားခါ နီး မှာ အမေ လို့ ယောင်ပြီး လန့် အော် လိုက်တာ ၊ သမီး ကို ပစ်ပယ်ထား တဲ့ အမေ က ဟိုမှာ ဝုန်းခနဲ ထ ပြီး ဟိုကြည့် သည်ကြည့် ကြည့် ပြထားတာလေးတွေ ကို “ တယ်လီပသီ ” ဆက်သွယ်မှုကလေး တွေ ကို သူတို့ နားလည် လက်ခံကြပါတယ် ။

စက်မှုဘက်ဆိုင်ရာ က တော့ ရှက်စရာ ကောင်း လောက်အောင် ကို ညံ့ဖျင်း ပါတယ် ။ အသံတွေ က တဂျီဂျီ  မြည် နေတယ် ။ သူတို့ က တော့ ဒါတွေ ခွင့်လွှတ်ပါတယ် လို့ ပြောပါတယ် ။ ကျွန်တော် က ဘာသာပြန် ပြရမလား လို့ ပြောတော့ မလိုပါဘူး တဲ့ ။ သူတို့ နားလည်ပါတယ် တဲ့ ။ Pictures Speak It-self လို့ ပြောပါတယ် ။ အဲဒီလောက် အထိ တော့ ကျွန်တော်တို့ ဂုဏ်ယူ နိုင်ခဲ့ပါတယ် ။ သို့သော် လည်း နောက် မှာတော့ အဆင့်အတန်း မီအောင် တော်တော် ကြိုးစား မှ ဖြစ်တော့မယ် ။

အထူးသဖြင့် အသံ ဘက် က သိပ် ဒုက္ခ ရောက်တယ် ။ ဟိုမှာ က အသံ ထွက် ရိုက်ပြီး စိတ် မချရတဲ့ အခန်းတွေ မှာ Post Recording လုပ်ယူတယ် ။ ကိုရီးယား သွား တုန်းက ကျွန်တော်တို့ တွေ့ခဲ့ရပါတယ် ။ အပ် ကျတဲ့ အသံလေး က အစ ထည့် ချင်ရင် ထည့် လို့ ရအောင် ရိုက် ကွင်း ပေါ်က အသံ ကို မယူဘဲ နောက်မှ သီးခြား သွင်း ပါတယ် ။ နောက် တစ်ခု က သူတို့ က အသံလုံ စတူဒီယို ထဲ မှာ ရိုက် ရတာ ။ ကျွန်တော် တို့ မှာ က အိမ်တကာ တက် ရိုက် ရတာ ။ တစ်ခါတစ်ရံ မှာ နေ့ခင်း ကို ည လုပ် ရိုက် ရတဲ့ အခါမျိုးတွေ ရှိတယ် ။

အဲဒီ အခါမျိုး မှာ တံခါးပေါက်တွေ အကုန်လုံး ပိတ်စ နဲ့ လိုက် ပိတ်ရတယ် ။ တစ်ခါတစ်ရံ အိမ် ကြီး ရင် ပိတ် ဖို့ ပိတ်စ တောင် အလုံအလောက် မရှိပါဘူး ။ အဲဒီ ကြား ထဲ ဇာတ်လမ်း က ညဉ့်နက်သန်းခေါင် ညဉ့် နှစ်ချက် တီး လောက် ရှိ နေတုန်း မှာ အိမ်ရှေ့ က နေ စက္ကူ ရောင်းဖို့ ရှိသေး လား ဆိုတဲ့ အသံမျိုး က ဝင်လာ တတ် သေးတယ် ။

ဒါရိုက်တာ ဆိုတာ အကုန် မတတ်ပါဘူး ။ ကျွန်တော့် ကားတွေ မှာ ချွတ်ယွင်းချက်
တွေ အများကြီး ရှိပါတယ် ။ သူတို့ ဆီ မှာ က Art Director သတ်သတ် ထားတယ် ။ ကျွန်တော် တို့ ဆီ မှာ မရှိဘူး ။ ဟိုမှာ Art Director က သိပ် အရေးကြီးတယ် ။ ဇာတ်ကြီး တွေ ဆိုရင် ဇာတ်ညွှန်းဆရာ နှစ်ယောက် ၊ သုံးယောက် ရှိတယ် ။

တစ်ယောက် က ဇာတ်လမ်း ရေးတယ် ။ ကောင်လေး နဲ့ ကောင်မလေး တွေ့ ၊ ဘာစကား ပြော ဆိုတာ ရေး လိုက်တယ် ။ နောက် တစ်ယောက် က မှ ကင်မရာ မြင်ကွင်း ဘယ်လို ယူရမယ် ဆိုတာ တွေး ပေးတယ် ။ နောက်ပြီး တော့ မှ Additional Dialogue စကားလုံး တိုတို နဲ့ ထိထိမိမိ ရှိ အောင် စကားလုံးရေးဆရာ က ရေး ပေးတယ် ။ နောက် ပြီးတော့ ရိုက်ကွင်း ရှာတဲ့ လူ က သတ်သတ် ရှိတယ် ။ ဒီ ဇာတ်ကွက် က ဘယ် နေရာ မှာ ရိုက်ရင် ကောင်းမယ် ။ ဘယ်ကို သွားဆိုတာ သူက ပြောတယ် ။

ဒါလောက် မကြီးကျယ်ချင် နေပါစေ ။ သူတို့ ဆီ မှာ Colour Consultant ဆိုတာ ရှိသေးတယ် ။ အနီကလေး နဲ့ အပြာကလေး နဲ့ ဖက်စပ် ပြီးတော့ Colour Harmony ဖြစ်အောင် ဘယ်လို ဝတ်ပါ ၊ ဘယ်လို စားပါ ဆိုတာ သူ က ပြောတယ် ။ အဲဒီလောက်တော့ ကျွန်တော် တို့ လိုချင်တယ် ။ Art Director ရော ၊ Colour Consultant ရော ရှိထိုက် ပါတယ် ။ ကျွန်တော် တို့ ဆီ မှာ က ဒါတွေ မရှိတဲ့ အပြင် ဒါရိုက်တာ က လက်သမား လည်း လုပ်တတ် ရတယ် ။ ဆက်တင် ဒီလို ဖြစ်နေတယ် ။ ဟိုလို လုပ်ပါ ဆိုပြီး ကိုယ် ဝင် ရိုက်တန်တာ ရိုက် ရတယ် ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ သူတို့ ကို ကြည့်ပြီး စိတ်ဓာတ် ကျခဲ့ရပါတယ် ။

တစ်ယောက် တည်း နဲ့ တော့ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး ။ ပညတ်တော် ဆယ်ပါး ရိုက်တဲ့ ဒါရိုက်ကြီး စီစီဒီမီးလား အောက် မှာ ဒါရိုက်တာ ပေါင်း ကိုးဆယ် ရှိတယ်လို့ ဖတ်ခဲ့ရဖူးတယ် ။ ဒီမှာ ကတော့ ဇာတ်လမ်း လည်း ကျွန်တော် ၊ တည်းဖြတ် တာ လည်း ကျွန်တော် လုပ် နေရတယ် ။ အရှေ့ဂျာမနီ သွား တုန်း က ကျွန်တော် တို့ လုပ်ရတာတွေ ကို ပြော ပြတော့ သူတို့ အံ့ဩ ကြတယ် ။ “ ခင်ဗျား မှာ ခေါင်း ဘယ်နှလုံးရှိလဲ ” လို့ မေးကြပါ တယ် ။

နောက်ဆုံး ပြော ရရင် တော့ ကိုဝင်းငြိမ်း ရေ ... ရုပ်ရှင် ရိုက်တာ ကို ကျွန်တော် တော်တော် စိတ် ကုန် သွားပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ် အချက် - ကိုယ့် အသက်အရွယ် ကြောင့် အပင်ပန်း မခံနိုင်တော့လို့ပါဘဲ ။ မင်းသား ၊ မင်းသမီး က သာ တစ်ယောက်ပြီး တစ်ယောက် ပြောင်း သွားမယ် ။ ဒါရိုက်တာ က တစ်နေကုန် ပြေး လွှား နေရတာပဲ ။ ဥပမာ အား ဖြင့် အမြင့်ကလေး က တက်ပြီး လိုချင် တဲ့ မြင်ကွင်း ကို ကျွန်တော် ကိုယ်တိုင် က တက်ပြီး မကြည့် ရ ရင် ကျေနပ် မှာ မဟုတ်ဘူး ။ ဘုရား ပေါ် တက် ရမယ် ၊ တောင် ပေါ် တက် ရမယ် ။ ဒါတွေကို အပင်ပန်း မခံနိုင်တော့ဘူး ။

နောက် တစ်ခု ခုန က ပြော သလို Technically လည်း လောဘ ကြီး လာတယ် ။ သူများ ဆီ က မြင်ရလေ ကိုယ် က အားကျပြီး လိုချင်လာ လေပဲ ။ လိုချင်လာ တော့ အရေး ဆိုချင် လာတယ် ။ ဒါကို ကြိုက်တဲ့ လူ ရှိတယ် ။ မကြိုက်တဲ့ လူ ရှိတယ် ။

နောက်ပြီးတော့ မင်းသမီး ၊ မင်းသားတွေ ကို ကျွန်တော် ကြောက်လာတယ် ။ သူတို့ က ရက် နှစ်ဆယ် နဲ့ ကား ပြီးသွား တာ ကို ကြိုက် တယ် ။ ရက် နှစ်ဆယ် လောက် နဲ့ ငါးသောင်း ရ တော့ ကြိုက် တာပေါ့ ။ ဒီတော့ ဒီလို ကားမျိုး တွေ ပဲ ရိုက် လာကြတယ် ။ စောစောပိုင်း ကတည်း က သူတို့ အန္တရာယ် ကို ကြို မြင်လို့ ကျွန်တော် ပြောခဲ့ ပါတယ် ။ ယခု ကျွန်တော် မြင်သလို ဖြစ်ကုန်ပြီ ။ ကားကောင်း မထွက်နိုင်တော့ဘူး ။ မင်းသား က  မောင်စိန် ဆို ရင် ကား တိုင်း မောင်စိန် ဖြစ် လာတယ် ။ ဒီတော့ အရည်အချင်း မရှိတော့ဘူး ။ ကြာတော့ မောင်စိန် ကိုယ်တိုင် လည်း ကား ရိုက် ရမှာ ကြောက် လာတာပဲ ။

ဒါပေမဲ့ ငွေတွေ က လက်ခံ ထား ပြီးပြီ ဆိုတော့ ရိုက် ပေး ရမှာပဲ ။ ရိုက် ရမှာ ကြောက် တော့ လှီးလွှဲ နေ တာပေါ့ ။ မအားသေးဘူး ၊ အမေ သေလို့ ၊ ဖွားအေ သေလို့ ၊ ကျွန်တော့် ကျန်းမာရေး မကောင်းလို့ ၊ ဘာလို့ ညာလို့ ၊ အမျိုးမျိုး ပြော ရတော့တာပေါ့ ။ ဒီတော့ ဇာတ်လိုက်မင်းသား ၊ မင်းသမီး ကို ပိုင်ပိုင်နိုင်နိုင် ရဖို့ မလွယ်ပါဘူး ။

ဗမာပရိသတ် က လည်း နာမည်ကြီး မင်းသား ၊ မင်းသမီး က လွဲရင် လက်မခံ ချင်ဘူး ။ ဒါရိုက်တာ အနေနဲ့ ကျွန်တော် တို့က အသစ် တင်ရဲပေမယ့် ပရိုဂျူဆာ က မတင်ရဲဘူး ။ ရှုံး မှာ ကြောက် ရတာကိုး ။ အရင်တုန်း က အေဝမ်း တို့ ၊ ဗြိတိသျှဘားမား တို့ ၊ ပဲရော့ တို့ က တစ်ကား ရှုံး နောက် တစ်ကား တင် တာပဲ ။ လေးကား လောက် ရှုံး လည်း ပဉ္စမမြောက် ကား အောင်မြင် သွားရင် အရင်း ကျေ တာ ကိုး ။ အခု ခေတ် ပရိုဂျူဆာ က နှစ်ကား လောက် ရှုံး ရင် ရှိသမျှ တိုက်ရော ၊ မိန်းမ နားကပ် ပါ ပြုတ် တော့တာပဲ ။ ဒီတော့ သူတို့ ကို လည်း အပြစ် မတင်ချင်ပါဘူး ။

ကျွန်တော်တို့ ဆီ မှာ က လည်း လူဦးရေ သုံးဆယ့်လေး ငါးသန်း လောက် မှာ အနုပညာ ထွန်းထွန်းပေါက်ပေါက် ရှိတာ သုံးဆယ့်လေး ငါးယောက် ရှိ လို့လား ၊ မရှိပါဘူး ။ တစ်သန်း မှာ တစ်ယောက် မတော်ပါဘူး ။ အဲဒီလို တစ်သန်း မှာ တစ်ယောက် လောက် ဖြစ် လာတဲ့ လူမျိုး က ကိုယ် ရပ်တည် နေတဲ့ နေရာ ကနေ လျှောကျ မသွား အောင် ကြိုးစား ဖို့ လိုပါတယ် ။ ကျွန်တော် တို့ ရုပ်ရှင်လောက မှာ ကျိန်းသေ ရိုက် နိုင်တဲ့ လူ ပြေး ကြည့်ရင် လေးယောက် ထက် မပိုပါဘူး ။

ဒါတောင် စူပါ က နှစ်ယောက် လောက် ရှိတာ ။ နောက် တစ်ယောက် က သိပ် သေချာတာ မဟုတ်ဘူး ။ ရွက်ကြမ်းရေကျို လောက်ပဲ လို့ ပရိုဂျူဆာ က မြင် ပါတယ် ။ ဒီတော့ ပရိုဂျူဆာ က မရိုက်ဝံ့ တာ မဆန်းပါဘူး ။ သူ တို့ မရိုက် လို့ ဒါရိုက်တာ က ကိုယ့် ဘာသာ ငွေ ထုတ် ရိုက် ပါလား ဆိုတော့ လည်း မရိုက်နိုင်ပါဘူး ။ ငွေ လေးသိန်း လောက် ထုတ် ရမှာကိုး ။ ရှုတင်ထမင်း စရိတ် တင် ကြည့်ပါ ။ ဟိုတုန်း က တစ်ယောက် ကို သုံးမတ် ၊ တစ်ကျပ် ကနေ အခု ခုနစ်ကျပ်ခွဲ ဖြစ် နေပြီ ။

နောက် တစ်ခု ကျွန်တော် ပြော ချင်တာ က ကျွန်တော် က စာရေးဆရာ ဆို တော့ စာပေ ကို မြတ်နိုးတယ် ၊ စာမတတ်သူ ပပျောက်ရေး ကို လိုလားတယ် ။ “ အ ” သုံးလုံး သင်တန်း အတွက် ကျွန်တော့် ဘာသာ “ ဘယ်သူ ပြိုင်လို့ လှပါတော့နိုင် ”  ကို ရိုက်ခဲ့တယ် ။ သုံးသိန်း ကုန်တယ် ။ ဒါတောင် တင်တင်ညို တို့ ၊ ဇော်ဝမ်း တို့ ပိုက်ဆံ မယူဘူး ။ တခြား သူတွေ လည်း တန်ရာတန်ကြေး ထက် လျှော့ ယူ ကြတယ် ။ လူခြောက်ဆယ် ၊ ခုနစ်ဆယ် နဲ့ ကျောက်ပန်းတောင်း မှာ ရက် နှစ်ဆယ် လောက် သွား ရိုက်ခဲ့တယ် ။ စရိတ် က တော့ ကိုဝင်းငြိမ်း စဉ်းစား သာ ကြည့်တော့ ။

ဆင်ဆာ ကျ ပြီးတော့ ရန်ကုန် ရော နယ်ပါ ရုံ မတင်ရသေး ခင် မှာ ပညာရေးဌာန က “ အ ” သုံးလုံး လှုပ်ရှားမှု အောင်ပွဲ မှာ ပြ ဖို့ အလှူ ခံပါတယ် ။ ဗလာပွဲ ပြ မှာနော် ။ အကယ်၍ ကျွန်တော် သာ စီးပွားရေးသမား ဆိုရင် ဘယ် ပေး မလဲ ။ ဒါပေမဲ့ ကျွန်တော် က စာရေးဆရာ စိတ် ရှိတဲ့ သူ ဆိုတော့ ပေး လိုက်ပါတယ် ။ အဲဒီတော့ ကျွန်တော့် ဝင်ငွေ မှာ အကုန် ထိခိုက်ပါတယ် ။ ရန်ကုန်မြို့ က လွဲရင် ပိုက်ဆံ မရတော့ဘူး ။ နယ် ကန်ထရိုက် တွေ က ပေးပြီးသား စရန်တွေ တောင် ပြန် တောင်းကြတယ် ။ သူတို့ ဆီ မှာ ဗလာပွဲ ပြ ပြီးပြီ ဆိုတော့ မပြချင်ကြ တော့ ဘူးပေါ့ ။

ဒီလို စီးပွားရေး ထိခိုက်ခဲ့ ပေမယ့် တိုင်းပြည် အကျိုး ပြုခဲ့ရတဲ့ အတွက် ဒီနေ့ ထက် ထိ ကျွန်တော် ဝမ်းသာ နေပါ တယ် ။ ရုပ်ရှင် သည် ပြည်သူ့ အတွက် လို့ ကြွေးကြော် နေကြတယ် ။ ကျွန်တော် တော့ တတ် ထားတဲ့ ပညာ နဲ့ ပြည်သူ့ အတွက် လက်တွေ့ လုပ် ပြခဲ့ပါပြီ ။ စာတတ်မြောက်ရေး အဖွဲ့ က ဒီနေ့ ထက် ထိ ဒီ ကား ပြ နေ ဆဲပါ ။ ထို့ အတူ ကျွန်တော် က လည်း စာတတ်မြောက်မှု အတွက် ဝမ်းသာ ဂုဏ်ယူ နေဆဲ ပါ ပဲ ”

“ ကျေးဇူး တင်ပါတယ် ဆရာ ။ ခုလို ဆရာ့ အဖိုးတန် အချိန်တွေ ထဲ က တကူးတက ဖြေကြား ပေးတဲ့ အတွက် ရော မိဘမေတ္တာ နဲ့ ပတ်သက်တဲ့ ဆရာ့ နှလုံးသား က စကားတွေ ကို ပါ ကြားနာ မှတ်တမ်းတင် ခွင့် ရတဲ့ အတွက်ပါ အထူး ကျေးဇူး တင်ပါတယ် ။ ဒီ တွေ့ဆုံခန်း က အတွေ့အကြုံ ကို လည်း ကျွန်တော့် တစ်သက် မှာ မေ့လို့ ရမှာ မဟုတ်တော့တဲ့ အကြောင်း ပြောခဲ့ပါရစေ ဆရာ ”

◾ဝင်းငြိမ်း

📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၂၄
      မေလ ၊ ၁၉၈၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment