Tuesday, April 2, 2024

ဖိုးကဲ နှင့် ခါချဉ်များ


 

❝ ဖိုးကဲ နှင့် ခါချဉ်များ ❞

တစ်ခါက ဘုရင့် နေပြည်တော် ၏ အပြင်ဘက် တွင် တဲအိမ်ကလေး တစ်အိမ် ရှိလေသည် ။ ထို အိမ်ကလေး တွင် ဖိုးကဲ အမည် ရှိ လူပျိုပေါက်ကလေး နှင့် သူ ၏ အဘိုး တို့ နေထိုင်ကြ၏ ။ သူတို့ သည် အလွန် ဆင်းရဲ သဖြင့် မနီးမဝေး ရှိ တော ထဲ သို့ သွားပြီး ထင်းများ ခွေ ကာ ဘုရင့်နေပြည်တော် ထဲ ဝင်၍ ရောင်းချ ကာ အသက်မွေး ဝမ်းကျောင်းကြရလေသည် ။

တစ်နေ့သ၌ အဘိုး ဖြစ်သူ မှာ ခါး နာ နေ သဖြင့် ဖိုးကဲ တစ်ယောက် တည်း သာ တော ထဲ သို့ သွား၍ ထင်း ခွေ ရ လေသည် ။ ဖိုးကဲ သည် တရွေ့ရွေ့ နှင့် တောနက် ရာ သို့ ဝင်ရောက် သွားလေသည် ။ 
တောတွင်း တစ်နေရာ တွင် ဘီလူးကြီး တစ်ကောင် သည် ချုံတွေ ကြား ထဲ တွင် ပက်လက် လှန် ၍ အိပ် နေလေ သည် ။ ဘီလူးကြီး ၏ ခြေထောက် တစ်ဖက် မှာ ချုံတွေ ကြား က ထွက် နေသော်လည်း ချုံများ ၊ မြက်ရိုင်းပင်များ ကွယ် နေသဖြင့် ခြေသလုံးမွေးများ ကို သာ လျှင် ထိုးထိုး ထောင်ထောင် နှင့် မြင် ရလေသည် ။

ဖိုးကဲ လည်း တရွေ့ရွေ့ နှင့် ဘီလူးကြီး ၏ ခြေ ထောက် နား သို့ ရောက် လာ လေတော့သည် ။ သို့သော် ဘီလူးကြီး ၏ ခြေသလုံးမွေးများ မှာ နီညိုရောင် ရှိ ၍ မာတောင့်တောင့် နှင့် ဖြစ်ရာ ထို ခြေသလုံးမွေးများ ကို သူ မမြင် ဖူးသော သစ်ခြောက်ပင်ကလေးများ ဖြစ်မည် ဟု ဖိုးကဲ က ထင်မိ လေ၏ ။

ထို့ ကြောင့် ပင် ခွေပြီးသား ထင်းစည်းငယ် ကို ချ၍ ဓားမတိုကလေး ကို ခါး တွင် ထိုး လိုက်ကာ သစ်ခြောက်ပင် တစ်ပင် ကို ခြေစုံ ကန် ၍ ဆွဲ နုတ် လိုက်လေ၏ ။

“ ဟယ် - နင့်ဘိုးအေ တဲ့ မှပဲ ၊ ဘယ်ကောင် ခြေ သလုံးမွေး တွေ လာ နုတ်သလဲ ဟ ”

ဟု ဘီလူးကြီး သည် မိုးချုန်းသံ ကဲ့သို့ သော အသံ နှင့် အော်ဟစ်ပြီး ခြေ ထောက် ကို ရုပ် ၍ ထ ရန် ပြင် လိုက်လေ၏ ။

ဖိုးကဲ သည် လည်း ထင်းစည်းလေး ကို ယူရန် အချိန် မရ တော့ သဖြင့် ထမင်းထုပ်ကလေး ကို သာ ဆွဲ၍ ခြေဦး တည့် ရာ ထွက်ပြေး လေ တော့သည် ။

ဘီလူးကြီး သည် နောက် က လိုက် လာသော်လည်း မျက်ခြည် ပြတ် သွား လေ၏ ။

ဘီလူးကြီး မျက်ခြည် ပြတ် သွားမှ ဖိုးကဲ လည်း တစ် နေရာ တွင် ထိုင်၍ အမော ဖြေ လေသည် ။ အမောပြေ သည် နှင့် တစ်ပြိုင်နက် ထမင်း ဆာ လေသည် ။ ထို့ကြောင့် ပါလာသော ထမင်းထုပ်ကလေး ကို ဖြေ၍ စားမည် ပြု၏ ။

ထိုခဏ ၌ အနား ရှိ တွင်း ထဲ မှ ခါချဉ်များ သည် တစ်အုပ် ကြီး ထွက် ၍ လာလေသည် ။ ရှေ့ဆုံး မှ ခါချဉ် ဘုရင်ကြီး က

“ ကိုဖိုးကဲ ရေ ကျုပ်တို့ တိုင်းပြည် မှာ  အငတ်ဘေး နဲ့  ရင် ဆိုင် နေလို့ ထမင်း နည်းနည်း မျှပါ ... ”

ဟု ပြောသည် ။

သနားတတ်သော ဖိုးကဲ သည် ထမင်းထုပ် ၏ တစ်ဝက် ကို ခါချဉ် များ အား ပေး ကျွေးပြီး တစ်ဝက် ကို သာ လျှင် သူ စား၏ ။ ခါချဉ် များ သည် ထမင်းများ ကို သယ်ယူ သွား ကြသည် ။

နောက်ဆုံးတွင် ခါချဉ် ဘုရင် ကြီး က ...

“ ကျေးဇူးတင်ပါတယ် ... ကိုဖိုးကဲ ၊ နောင် ကို ဘာ အကူအညီ ပဲ လိုလို .. ကျုပ်တို့ ကို ခေါ်လိုက်ပါ ။ ဒေါင် ဒေါင်ဒင်ဒင် ၊ ကိုခါချဉ်တို့ အလျင်အမြန် လာကြတော့ ဆိုတဲ့ ဂါထာလေး ကို ရွတ် လိုက်ရင် ကျုပ်တို့ ချက်ချင်း ရောက် လာပြီး ခင်ဗျား ကို ကူညီမယ် ” 

ဟု ပြော၍ ထွက် ခွာ သွား လေ၏ ။

ဖိုးကဲ လည်း သူ့ ထင်းစည်းလေး ကို ပြန် ရလို ရငြား ၊ စောစောက နေရာ သို့ ပြန်လာခဲ့၏ ။ သို့သော် မလှမ်း မကမ်း တွင် သူ့ ကို ရှာ နေသော ဘီလူးကြီး နှင့် တွေ့ သဖြင့် ပြေးရ ပြန်လေ၏ ။

ဤ တစ်ချီ တွင် ကား ဘီလူးကြီး သည် သူ့ နောက် က ထပ်ကြပ်မကွာ လိုက် လာ လေသည် ။

ဖိုးကဲ သည် ပြေးရင်းလွှားရင်း နှင့် ကျောက်တောင် နံရံ ရှိ လိုဏ်ဂူဝကြီး တစ်ခု ရှေ့သို့ ရောက် လာလေ၏ ။ ဂူတွင်း သို့ အတင်း ဝင် ပြေး သော အခါ ဂူ သည် အဝ တွင် အကျယ် ကြီး ဖြစ် သော်လည်း အတွင်းပိုင်း ရောက်လေ ကျဉ်း၍ နိမ့် လာ လေဖြစ်၏ ။ မှောင်လည်း မှောင် လာသည် ။

ဖိုးကဲ သည် အမှောင်ရိပ် တစ်နေရာ တွင် ခိုကပ်၍ နေ ၏ ။ ဘီလူးကြီး သည် ဒေါသ နှင့် အတင်း ပြေး ဝင်လိုက် လာရာ ကျဉ်းမြောင်းသော နေရာသို့ ရောက်သော် ၊ ဂူ အမိုး နှင့် သူ့ ဦးခေါင်း တို့ ဒုန်းခနဲ ဆောင့် မိ လေတော့၏ ။

“ သေပါပြီ အမေ ရာ ” 

ဘီလူးကြီး သည် အော်၍ ဖင် ထိုင်လျက် ကျသွား ၏ ။ ထိုနောက် မှ နဖူး ကို လက်ကလေး နှင့် ပွတ်ကာ အသာ ပြန် ထပြီး ၊ ဂူအတွင်း ဘက် ဆီ သို့ အနံ့ ခံ ကြည့်၏ ။ လူနံ့ ရ သဖြင့် ဖိုးကဲ ရှိ သေးသည် ကို သိကာ ..

“ ဟေ့ကောင် .. သတ္တိ ရှိရင် လာခဲ့ကွ ”

ဟု အော် လိုက် ၏ ။

ဖိုးကဲ က မူ ဘာမှ ပြန် မပြောချေ ။

သို့သော် ဘီလူးကြီး ၏ အော်သံ မှာ အတွင်းဘက် ဆီ မှ ပဲ့တင် ရိုက် ၍ ပြန် ထွက် လာ၏ ။

“ ဟေ့ ဟေ့ ကောင် ကောင် သတ္တိ တိ ရှိ - ရှိ - ရင် ... ဟင် ဟင် လာခဲ့ကွ ဟ - ဟ .. ”

ပဲ့တင် ရိုက်သည် ကို ဘီလူးကြီး က ဖိုးကဲ ပြန် အော် သည် မှတ်ပြီး ဒေါသ ပို ထွက်လာကာ ဒေါသ နှင့် အတင်း ဝင် ပြေး ပြန်ရာ အပေါ် က အမိုး သည် ဒုန်းခနဲ နဖူး ကို ဆောင့် ပြန်သဖြင့် ဖင်ထိုင် ကျ ပြန်လေ၏ ။

နောက်ဆုံး တွင် ဘီလူးကြီး မှာ ဂူဝ က ပင် အထွက် ကို စောင့်မည် ဟူသော အကြံ နှင့် ထိုင်နေလေ၏ ။

ဖိုးကဲ သည် လည်း သူ ၏ မိတ်ဆွေ ခါချဉ်များ ကို သတိ ရလေသည် ။

“ ဒေါင် ဒေါင် ဒင် ဒင် ကိုခါချဉ်တို့ အလျင်အမြန် လာကြလော့ ” 

ဖိုးကဲ က ရွတ်ဆို လိုက်ပြီးသည့် အချိန် နှင့် ဘီလူး အိမ်ရှေ့ မင်းသား ကြွရောက်လာချိန် တို့ မှာ ကိုက်ညီ သွား၏ ။

ဂူဝ မှ ဘီလူးကြီး သည် အိမ်ရှေ့မင်းသား ရောက်လာ သဖြင့် မတ်တတ် ထ ၍ အရိုအသေ ပေး၏ ။ ဘီလူး အိမ်ရှေ့မင်းသား က

“ အခုလို အရိုအသေ ပေးတာ ကောင်းတယ် ။ နောက် ထပ် ရိုသေကြောင်း ဘယ်လို ပြ နိုင်သေးသလဲ ” 

ဟု မေး လိုက်စဉ် ခါချဉ်အုပ်ကြီး သည် ဂူဝ မှ ဘီလူးကြီး ပေါ် တက် ၍ အစွမ်း ပြ ကြလေ၏ ။

ဘီလူးကြီး သည် တင်ပါး ကို ဆတ်ခနဲ ကုတ် လိုက် ၏ ။ ကျော က ကောင် က ကိုက် ပြန်၏ ။ လက် တစ်ဖက် က ကျော ကို နောက်ပြန် ကုတ်၏ ။ ဖနောင့် အထက် နား က ကောင် က ကိုက် ပြန်သည် ။ ကုန်း ၍ မကုတ်ဝံ့ သဖြင့် ဖနောင့် ကို မြှောက် ၍ တင်ပါး နှင့် ရိုက် ပြီး ခြေ ပြန်ချ၏ ။ တစ်ဖက် ဖနောင့် က ကောင် က ကိုက် ပြန်၏ ။ ခြေ တစ် ဖက် နောက် သို့ မြှောက် ၍ ပြန် ချ ရပြန်၏ ။ ဂျိုင်းအောက် က ကောင် က ကိုက် ပြန်၏ ။ လက် ကို မြှောက် လိုက်၏ ။ ကြာသော် .. ဘီလူးကြီး သည် တစ်ကိုယ်လုံး ထိုးထိုး ထွန့်ထွန့် နှင့် ဖြစ်လာသည် ။

“ ရိုသေတာ ကို ပြပါ ဆို မှ ငါ့ ကို နောင်ပြောင် ပြီး ကပြ ဦး ဟယ် .. ကပြဦး ဟယ် ... ”

ဘီလူးအိမ်ရှေ့ မင်းသား သည် ခြေ နှင့် ပိတ်ပိတ်ကန် လေ ရာ ဂူဝ မှ ဘီလူးကြီး သည် ထွက်ပြေး ရလေ၏ ။ သူ ၏ ခါးတွင် ချည် ထားသော ကျောက်မျက်ရတနာ ထုပ် မှာ ဂူဝ တွင် ကျ ကျန် ခဲ့လေတော့သည် ။

ဘီလူးအိမ်ရှေ့မင်းသား လည်း တခြား ဖက် သို့ ထွက် သွားလေ၏ ။ ထိုအခါ မှ ဖိုးကဲ သည် အထဲ မှ ထွက် လာ ကာ ကျောက်မျက်ရတနာ ထုပ် ကို ကောက် ၍ ပြန် လာ ခဲ့လေသည် ။

သို့သော် တောစပ် အထွက် နား သို့ ရောက်သောအခါ ဘီလူးကြီး နှင့် တွေ့၍ အိမ် သို့ ပြန် ပြေး ရ ပြန်လေ၏ ။

ဘီလူးကြီး လည်း နောက် က လိုက် လာလေသည် ။

ပြေး ဝင် လာသော ဖိုးကဲ ကို အဘိုး က တွေ့ တွေ့ချင်း ထင်းစည်း အစား အထုပ် တစ်ထုပ် ကို တွေ့ သော ကြောင့်

“ ဟဲ့ - ဘာပါသလဲ ဖိုးကဲ ... ”

“ ဘီလူးကြီး ပါ လာတယ် ဘိုးဘိုးရေ .. ”

သို့သော် အဘိုး က “ ဘီးလူးကြီး ” ဟု မကြားဘဲ “ အာလူးကြီး ” ဟု ကြား မိသဖြင့်

“ ဟဲ့ ဒါဖြင့်ရင်လည်း ပါးပါး,ပါးပါး လှီးပြီး ဆီ နဲ့ ကြော် စားရအောင် လေ .. ” 

ဟု ပြောလိုက်ရာ အိမ်ပြင် မှ ဘီလူးကြီး က ကြားလေ သော် သူ့ ကို ဆီ နှင့် ကြော်စားမည် ဟု ပြောသည် ထင်မှတ် ၍

“ အမယ်လေး .. ကျုပ် ကို တော့ ပါးပါး လှီးပြီး ကြော် မစားပါနဲ့ ဗျ ... ” 

ဟု အော်၍ ထွက်ပြေး သွားလေတော့၏ ။

ဖိုးကဲ တို့ မြေးအဘိုး သည် အခြေအနေ မပျက် ထင်း ကို ခွေ ၍ ပင် ရောင်းစား နေလေရာ ၊ တစ်နေ့ သော် ဖိုးကဲ သည် နေပြည်တော် ထဲ ၌ ဘုရင့်သမီးတော် ကို မြင် ခဲ့ရ၏ ။ ဘုရင့်သမီး ကို လိုချင်သည် ဟု ပူဆာ လေရာ အဘိုး မှာ မတတ်သာ တော့ ဘဲ နန်းတော် သို့ ဝင်၍ ဘုရင် ကို လျှောက်တင် ရတော့သည် ။

ဘုရင် သည် စိတ် ဆိုး သော် လည်း စိတ် မဆိုးချင် ယောင် ဆောင် ၍ ဖိုးကဲ ကို လွှတ် လိုက်ပါ ။ တွေ့မြင် လိုပါ သည် ဟု ပြော လိုက်၏ ။

နောက် တစ်နေ့ တွင် ဖိုးကဲ သည် အဝတ်အစား လှလှ ပပ ဝတ်ဆင် ၍ ဘုရင် ၏ ညီလာခံ သို့ ဝင်ရောက် လာလေ ၏ ။

ဘုရင် သည် ဖိုးကဲ ကို ရွံရှာ သလို ကြည့် ပြီး ...

“ နင့် လို လူဆင်းရဲ က ငါ့ သမီးတော် ကို လိုချင်ရ သလား .. နင့် မှာ ဘာ အစွမ်း ရှိလို့လဲ ၊ ငါ မပေးစားဘူး ၊ ကဲ နင် ဘာ တတ်နိုင်သေးလဲ ... ”

ဟု ပြောရာ ဖိုးကဲ သည် သူ့ မိတ်ဆွေ ခါချဉ်များ ကို ဂါထာ ရွတ် ၍ ခေါ် လိုက်လေ၏ ။

ချက်ချင်းပင် ... ခါချဉ် အုပ်ကြီး သည် ညီလာခံ ထဲ သို့ တိတ်ဆိတ် စွာ ရောက် လာ ကြလေ၏ ။

ညီလာခံ တွင် ဝပ်၍ ခစား နေသော ပုဏ္ဏားတော်ကြီး ၏ ဖင် မှာ ဟိုဘက် ရမ်းလိုက်,ဒီဘက် ရမ်းလိုက် နှင့် ဖြစ် လာလေ၏ ။ အနား က စစ်သူကြီး က မျက်စောင်း ထိုး ၍ ခပ်တိုးတိုး “ ဘာဖြစ်လို့ ရွစိ ရွစိ ဖြစ် ရတာတုန်း ... ” ဟု ပြောကာ ရှိသေး ၊ သူ့ ကျော ထဲ သို့ လည်း ခါချဉ်များ ဝင် ကိုက် လေရာ “ ရှူး ” ဟု အော်မြည် ၍ ကျောကော့ သွား ပြီး ပခုံး နှစ်ဖက် မှာ က, သလို လှုပ် သွား၏ ။

အနား မှ ဝန်ကြီး ၏ နောက်စိ တွင် လည်း ခါချဉ် က ခဲ လေရာ “ အလယ်လယ် ” ဟု အော် ၍ ဝန်ကြီး သည် နောက်စိ ကိုယောင် ၍ အားရပါးရ ပွတ် လိုက်မိ သဖြင့် ဦးဆောင်းကြီး မှာ ဖုတ်ခနဲ ရှေ့ သို့ ပြုတ် ကျပြီး ကြမ်းပြင် ပေါ်  ၌ လိမ့်သွား လေ၏ ။ ဝန်ကြီး မှာ ကပျာကယာ လှမ်း ဆွဲ၍ ပြန် စွပ်ရ၏ ။

မကြာမီ ပင် ညီလာခံ တစ်ခု လုံး မှာ ထိုင်လျက် က နေ ကြသလို လှုပ်လှုပ်ရွရွ ဖြစ် ကုန်ကြလေ၏ ။

“ သယ် .. ဘာဖြစ်လို့ ဣန္ဒြေ မဲ့ ကြရတာလဲ .. ”

ဘုရင် က ဒေါသ နှင့် ကြိမ်းမောင်း လိုက်၏ ။ ထိုအချိန် တွင် ပလ္လင် ပေါ် သို့ တွယ် တက် နေသော ခါချဉ်များ သည် ဘုရင် ၏ ပုဆိုး ကြား ထဲ သို့ ရောက် လာကြလေပြီ ။

ပြောရင်း ဆိုရင်း ပင် ဘုရင်ကြီး သည် ဆတ်ခနဲ မတ်တတ် ရပ် လိုက်ရပြီး ဟိုပွတ် ဒီပွတ် နှင့် သူ ကိုယ်တိုင် ထိုးထိုးထွန့်ထွန့် ဖြစ် ရလေတော့သည် ။

“ အလယ်လယ် .. ကိုက်သဟ ငါ့ ကို ကိုက်သဟ ... ”

ဘုရင်ကြီး က အော်မြည် လိုက်၏ ။

ခါချဉ်များ မှာ ဟိုကိုက် , ဒီကိုက် နှင့် ဝိုင်း ကိုက် ကြ လေရာ နန်းတော်ကြီး ထဲ ရှိ လူများ မှာ ဇိုးဇိုးဇတ်ဇတ် နှင့် အငြိမ် မနေနိုင်ဘဲ က ခုန် နေကြ သလို ဖြစ် နေကြ လေ၏ ။ 

“ ဟေ့ ဖိုးကဲ .. မောင်ဖိုးကဲလေး ရယ် .. ငါ့ သမီးတော် နဲ့ ပေးစား ပါ့မယ် .. မင့် အကောင်တွေ ကို မောင်းထုတ် ပေးပါ ”

ရှင်ဘုရင်ကြီး က အလျှော့ ပေး တော့ မှ ... ဖိုးကဲ က အမိန့် ပေး လိုက်သဖြင့် ခါချဉ်များ ပြန် ကုန်ကြလေသည် ။

ရှင်ဘုရင်ကြီး က သုံးရက်မြောက် နေ့ ၌ လက်ထပ်ပွဲ ကျင်းပ ပေးမည် ဟု ကတိ ပေး သဖြင့် ဖိုးကဲ သည် အိမ် ပြန် ခဲ့၏ ။

စစ်သူကြီး က မကျေမနပ် ဖြစ်နေသည် ။ သူ ၏ သား ကို ဘုရင့်သမီးတော် နှင့် ပေးစား ချင်၏ ။ ထို့ကြောင့် သူ ကိုးကွယ်သော ရသေ့ကြီး ထံ သွားကာ အကြောင်းစုံ လျှောက် တင် လေ၏ ။ ရသေ့ကြီး က စစ်သူကြီး ကို ခါချဉ် နိုင် ဂါထာ ကို သင် ပေးလိုက်၏ ။

“ အုံအုံ အင်အင် ၊ ကိုခါချဉ်တို့ ၊ အလျင်အမြန် သွားကြလော့ ”

ဤ ဂါထာ ကို သင် ပေးလိုက်၏ ။ သို့သော် ဂါထာ ကို သုံးခေါက် ဆက် ၍ မထစ်မငေါ့ ရွတ် ရမည် ။ ထစ်ငေါ့ သွား လျှင် တစ်မျိုး တစ်မည် ဖြစ် သွားလိမ့်မည်ဟု မှာ လိုက်၏ ။

လက်ထပ်ပွဲ နေ့ ရောက်သော အခါ ရှင်ဘုရင်ကြီး ကို စစ်သူကြီး က

“ မိမိ သည် ခါချဉ်များ ကို နှိမ်နင်းပါမည် ။ မပေးစားပါ နှင့် ” 

ဟု လျှောက် သဖြင့် ဖိုးကဲ ရောက် လာသော အခါ ရှင်ဘုရင်ကြီး က မပေးစားတော့ .. ၊ လုပ်ချင် ရာ လုပ် ဟု ငြင်း ပြန်လေ၏ ။ 

ထိုအခါ ဖိုးကဲ က ခါချဉ်များ ကို ခေါ် လိုက်သည် ။ ခါချဉ်များ ရောက် လာသော အခါ စစ်သူကြီး က ဂါထာ ကို ရွတ်၏ ။

“ အုံ ... အုံ .. အင် ... အင် ” 

ဂါထာ ကို မေ့သွားလေပြီ ။

စစ်သူကြီး ချွေးပြန် လာ ၏ ။

“ အုံအင် .. အုံအင် ... အုံ - အင် အုံ - အင် ... ”

စစ်သူကြီး သည် ထစ်ငေါ့ စွာ ရွတ် နေစဉ်ပင် ဖားအုပ် ကြီး ဝင် ရောက် လာပြီး “ အုံ - အင် .. အုံ - အင် .. ” နှင့် ဝိုင်း အော်ကြလေ၏ ။

ဖိုးကဲ ၏ အမိန့် နှင့် ခါချဉ်များ က ဖားများ ကို ကိုက် လွှတ် သဖြင့် ဖား တို့ ထွက်ပြေး ကြလေရာ စစ်သူကြီး လည်း ဘာ စိတ် ပေါက်လာသည် မသိ ၊ လေး ဖက် ထောက်၍ ဖား ကဲ့သို့ ခုန်ဆွ ခုန်ဆွ လုပ်ကာ ဖားတွေ နောက် သို့ လိုက်ပါ သွား၏ ။ ဖားများ ရေကန် ထဲ သို့ ခုန်ချ သော် ... သူလည်း လိုက်၍ ခုန်ချ ရာ ရေနစ် သေဆုံး လေ တော့ သည် ။

ဖိုးကဲ သည် လည်း သူ ပိုင်ဆိုင် သော ကျောက်မျက် ရတနာထုပ် ကို ရှင်ဘုရင် အား ဆက်သ ရာ ရှင်ဘုရင် သည် များစွာ ကျေနပ်၍ ဖိုးကဲ နှင့် သမီးတော် တို့ ကို လက်ထပ် ပေး လိုက်လေသတည်း ။

🚩 ကလေးတို့ အောင်မြင် ပျော်ရွှင်ကြပါစေ ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသ ပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment