❝ အမည်တပ် ဓားစာခံ ❞
တစ်နေ့တာ အတွက် နေ ဝင် သွားပြီ ဖြစ်သည် ။
သို့သော် ....
တစ်နေ့တာ အတွက် ငွေ မဝင်သေး ။ ကျွန်တော် စိတ်ညစ် ၊ စိတ်ပျက်စွာ ကားစက်နှိုး လိုက်သည် ။ ကျွန်တော့် ကား အိတ်ဇောပြောင်း မှ မီးခိုး အပူငွေ့ သည် ကျွန်တော့် သက်ပြင်း အပူငွေ့ လောက် ပူမည် မထင် ။ ကား ကို ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အတိုင်း မောင်း တက် လာ ရင်း ကျွန်တော် ငွေ အကြောင်း မတွေးစဖူး တွေးမိ သွားသည် ။
ငွေ သည် လူ ကို စိတ် ချမ်းသာစေနိုင် သလို စိတ် လည်း ဆင်းရဲ စေနိုင်သည် ။ ငွေ ကို သိကြားမင်း က ပေးတာ မဟုတ် သော်လည်း ငွေ သည် အရိန္ဒမာလှံ ထက် စွမ်း သည် ။ ငွေ သည် အာဠာဝက ဘီလူးမင်း ကိုင်ဆောင် သည် ဆိုသော ဘွဲ့ဖြူလက်နက် ထက် လည်း စွမ်းသည် ။ အလောင်းစည်သူမင်းကြီး ကိုင် ခဲ့သော ကြိမ်စကြာ ထက် လည်း သာလွန် ထိရောက်သည် ။
ကျွန်တော် လူငယ် ဘဝ က ငွေ ကို အသည်း ခိုက် အောင် နာကြည်းဖူးသည် ။ ထိုစဉ်က ကျွန်တော် နှင့် ခိုင်သဇင် ( ဆိုပါစို့ ) က ချစ်သူ ရည်းစား ။ သိပ် ချစ်ခဲ့ကြ သည် ။ ကြားလေသွေး လို့ ဝေးမှာ စိုး ဟူသော အဘိုး တို့ ၊ အဖေ တို့ ခေတ် က ဆိုရိုး အညွှန်း သည် ပင် ကျွန်တော်တို့ အတွက် ထင် ခဲ့သည် ။ ငယ်ရွယ်တုန်း မို့ လည်း နှလုံးသား တွင် အချစ်ဆိပ် တက် နေစဉ် ဖြစ်သည် ။
ထိုသို့ ချစ်လာကြ ရာ က ရည်းစား သက်တမ်း တစ်နှစ် ခွဲ လောက် ၌ ခိုင်သဇင် တက္ကသိုလ် ဒုတိယနှစ် တက် စ တွင် အခြေအနေ က တစ်မျိုး ပြောင်း သွားသည် ။ ပြောခဲ့သည့် အတိုင်း ငွေ ကြောင့် ပဲ ဖြစ်ပါ၏ ။
ငွေ သည် လူတို့ ၏ အတွေးအခေါ် ကို ကန်းစေနိုင် သည် ဟု ကျွန်တော် ကြားဖူးသည် ။ ငွေ ကြောင့် အတွေး အခေါ် ကန်း သွား တာတွေ လည်း ကျွန်တော် မြင်ဖူးသည် ။ ကျွန်တော့် ချစ်သူ က တော့ ငွေ ကြောင့် အတွေးအခေါ် သာ မက နှလုံးသား ပါ ကန်းသွား လေတော့သည် ။ မကြာမီ ပိုးပုဆိုး ဝတ်လေ့ ရှိပြီး ဥပဓိရုပ် ကောင်းသော လူကြီး နှင့် ပကာသနတွေ ဖောဖောသီသီကြီး လမ်းခင်း ကာ ( သူတို့ က တော့ ရွှေလမ်း ၊ ငွေလမ်း ဖောက်သည် ဟု ဆို၏ ) မင်္ဂလာပွဲ ဆင်နွှဲ ကြ လေ၏ ။
ကျွန်တော့် ကြင်သူ အနေအထား မှ ကျွန်တော့် ကို ကြဉ် သွားသော ခိုင်သဇင် သည် ဘာကြောင့်မှန်း မသိ ပြုံး တစ်ဝက် ၊ မဲ့ တစ်ဝက် မျက်နှာ နှင့် ကျွန်တော့် ကို မင်္ဂလာပွဲ ဖိတ် သည် ။ ဖက်ဖူးရောင် ဖိတ်စာ ကို ကျွန်တော် ဖွင့် လိုက် သော်လည်း မင်္ဂလာအချိန် နှင့် မင်္ဂလာနေရာ ကို သာ ကျွန်တော် ဖတ်ဖြစ်သည် ။
ကျွန်တော် တို့ မြို့ကလေး ၏ အဆင့်မြင့်ဆုံး ၊ အခမ်းနားဆုံး ဟိုတယ် တစ်ခု ၏ မင်္ဂလာခန်းမ တွင် ကျွန်တော် ဧည့်သည် အဖြစ် ရောက် သွားတော့ ဥပဓိရုပ် ကောင်းသော လူကြီး သတို့သား နှင့် ခိုင်သဇင် က လက်ချင်း ချိတ် ၍ ပြုံး ရွှင်ပျော်မြူးစွာ လာရောက် ဧည့်ခံ ကြသည် ။ လက်ထပ် မင်္ဂလာပွဲ က ခြိမ့်ခြိမ့်သဲ စည်ကား လှသည် ။
ထိုနေ့ ည က ကျွန်တော် ကဗျာတိုလေး တစ်ပုဒ် ရေးစပ် ဖြစ်သည် ။ ကဗျာ ဟု ပြောရမည် တော့ ခပ်ခက်ခက် ပင် ။ ကဗျာရေးစပ်နည်း ဥပဒေသများ ကို ကျွန်တော် မသိ ပါ ။ နား မလည်ပါ ။ သို့သော် ကျွန်တော့် ရင် မှ ဖြစ်သော ရတနာ အမြုတေ ( တစ်နည်းအားဖြင့် ) ရင် နှင့် ရင်း ထား ရသော ကဗျာအမြုတေလေး မို့ ကဗျာ တစ်ပုဒ် အဖြစ် မြတ်နိုး တန်ဖိုးထား ခဲ့ သလို ယနေ့ အထိ လည်း မှတ်မိ နေ သေးသည် ။ ရိုးရိုးလေး ၊ တိုတိုလေး သော ကဗျာ ခေါင်းစီး က “ လိုစာရင်း ပြ ငိုချင်းချ ” ။
လိုစာရင်းပြ ငိုချင်းချ
ချစ်သူရဲ့လက်ထပ်ပွဲ
ဝက်ဝက်ကွဲစည် ။
ငါ့အသည်း အက်အက်လည်း
ဟက်တက်ကွဲပြီ ။
ထိုစဉ် က ကဗျာလေး ကို သားရေအဖုံး နီညိုရောင် ဒိုင်ယာရီ စာအုပ်လေး ထဲ ရေး ခဲ့ပြီး နောက် သူ့ ကို ( ခိုင်သဇင် ) သတိရ တိုင်း ပြန်ပြန် ဖတ် ကာ ကိုယ့် ဒဏ်ရာ ကို ကိုယ် ပြန် ဆွ ခဲ့သည် ။ ကိုယ့် အရှုံး ကို ကိုယ် ပြန် တူးဖော် ခဲ့သည် ။
နောက်ပိုင်း စိတ် လည်း နည်းနည်း ငြိမ် လာတော့ အကြောင်းဇာတ်မြစ် ကို လှန် ပြီး တရားခံ ရှာ ကြည့်ရာ အဓိက တရားခံ က ငွေ ဖြစ် နေသည် ။ ငွေ ကို လိုတရ မှော် ချပ်ကလေးများ အဖြစ် မြင်တတ် သွားသည် ။ နောက် တော့ လည်း နှလုံးသား က သူ့ အလုပ် သူ လုပ်ပြီး ပြီ မို့ ဦးနှောက် က လည်း သူ့ အလုပ် သူ လုပ်ဖို့ အချိန် ရောက်ပြီ ဖြစ်သောကြောင့် ကိုယ့် ကိုယ် ကိုယ် တည့်မတ် ပြုပြင်ပြီး စိတ်ဒဏ်ရာ ကို အလုပ် နှင့် ကုစား ခဲ့သည် ။
ချစ်သူ ကို စိတ် မနာတော့ ။ ငွေ ကို လည်း စိတ် မနာ တော့ လောက ရဲ့ ဖြစ်စဉ် ကိုလည်း ဒေါ သနဲ့ အပြစ် မတင် ဖြစ်တော့ ။ ကိုယ့် စားဝတ်နေရေး ကို လိပ်ပတ်လည် အောင် ရှာဖွေရင်း ၊ ကြိုးစားရုန်းကန် လူမှုနေရာ မှန်အောင် အားထုတ်ရ တော့သည် ။ ယခု တော့ ကားအုံနာ တစ်ယောက် ဆီ မှ ဗင်ကားလေး ယူကာ တက္ကစီ ဆွဲစား နေရ သည် ။
ကား ကို ညောင်ပင်ဂိတ် မှာ တစ်နေကုန် ထိုး ထား တာ အခု ညနေ ခြောက်နာရီ ထိုးသည် အထိ ဈေးဦး မပေါက်သေး သော ကြောင့် ညပိုင်း ကား ထိုး ခွင့်ရသော မြို့မဈေးကြီး ၏ အရှေ့တောင် ထောင့် ရှိ တက္ကစီဂိတ် တွင် ထိုး ထား လိုက်သည် ။ ကျွန်တော်တို့ မြို့ကလေး ၏ တစ်ခု တည်း သော ညဈေးတန်း ၏ ထိပ် တွင် ဖြစ်၏ ။ မြို့လယ် လောက် လည်း ဖြစ်သော နာရီစင် ၏ အရှေ့ ဘက် နေရာကျယ်ကြီး တွင် ညဈေးတန်း စားသောက်ဆိုင် များ က မီး တထိန်ထိန် ဖြင့် စည်ကားစ ပြုနေပြီ ဖြစ်သည် ။
ကျွန်တော် ကား ပေါ် မှ ပင် မဆင်းဘဲ ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီး တွင် ဥဒဟိုဖြတ်သွား နေသော ကားများ ၊ ဆိုင်ကယ်များ ၊ ခြေကျင်လျှောက် သွားသူများ ကို ငေးရင်း ခရီးသည် မျှော် နေမိသည် ။ ညဈေးတန်း ထဲ က စားသောက်ဆိုင်များ ဆီ မှ ကြော်လှော်ချက်ပြုတ် နံ့ များ နှာခေါင်းဝ မှာ လာ တိုးဝှေ့ တော့ ဗိုက် က တကျုတ် ကျုတ် မြည် လာသည် ။ အုံနာကြေး တောင် မရသေး သည် မို့ တံတွေး ကို မကြာခဏ မျိုချ နေရသည် ။ ကား သိမ်း ပြီး အိမ်ပြန် ရောက်မှပဲ အမေ ချက် ထားသော ထမင်းဟင်း ကို အတိုးချ စား ရမည် ။
အခုတစ်လော ကျွန်တော် ကား သိပ် ဆွဲ မကောင်း ၍ အမေ့ ကို သိပ် မပေးနိုင် ။ ဟင်းကောင်း မစားရတာ လည်း ကြာပြီ ။ လ ကုန် လျှင် အိမ်လခ ၊ လမ်း ထဲ က ကုန်စုံ ဆိုင် ကို ဆန်ကြွေး ၊ ဆီကြွေး ၊ မီးသွေးကြွေး တွေ လည်း ပေးရ ဦးမည် ။ အမေ့ ရဲ့ မင်္ဂလာဦး နီလာနားကပ်လေး ပြန် မရွေးနိုင်တာ လေးလ ရှိပြီ ။ ရွှေဆိုင်ပိုင်ရှင် က ခြောက်လ အထိ လာ မရွေး လျှင် အပေါင်ဆုံး ဟု သတိ ပေး ထား တာ သတိရ မိသည် ။ လိုစာရင်းတွေ တွက်ဆ မိတော့ ငိုချင်း ချ ချင် စိတ်တွေ ပေါက် သွားပြန်သည် ။
“ ကား အားလား ... ညီလေး ”
ကားပြတင်း နား မျက်နှာ တစ်ခု ပေါ် လာပြီး မေး လိုက်သံ ကြောင့် ကျွန်တော် အားရဝမ်းသာ ခေါင်းညိတ် ပြ လိုက်ပြီး ကြည့် လိုက်ရာ မေး နှစ်ထပ်နှ င့် ခပ်ဝဝ အန်ကယ်ကြီး တစ်ယောက် ။ ချိုင်းကြား တွင် သားရေ ပိုက်ဆံအိတ်မည်းမည်းကြီး ညှပ် လျက် ကား နောက်ခန်း ထဲ ဝင် ထိုင်သည် ။ အန်ကယ်ကြီး နောက် က မိန်းကလေး က လည်း အန်ကယ်ကြီး ဘေး ဝင် ထိုင်သည် ။ ကျွန်တော် ကား နောက်ခန်းမီး ဖွင့်ပြီး ကား စက်နှိုး လိုက်ရာ အန်ကယ် ကြီး က ..
“ ညီလေး × × × ရပ် ထဲ ကို မောင်းကွာ ၊ ပြီးရင် အစ်ကို့ ကို စပ်စံထွန်းရပ် ထဲ ပြန်ပို့ ”
ကျွန်တော် ကား စ ထွက်ရင်း စိတ် သက်သာစွာ ပြုံး လိုက် မိသည် ။ သည်နေ့ တစ်နေကုန် မရချင်တော့ လည်း ဈေးဦး ပင် မပေါက် ။ ဟော အခု ရမယ့် ရ တော့လည်း အုံနာကြေး အပြင် နေ့ထွက် ကိုက်မည့် ခရီးသည်မျိုး ရ လေပြီ ။ ကျွန်တော် ကား မောင်းရင်း က ကား ကက်ဆက် ထဲ ခပ်ဆူဆူ သီချင်းခွေ တစ်ခွေ အလိုက်သိစွာ ထည့် ဖွင့် လိုက်သည် ။ သီချင်းသံများ ကြား မှာ ပင် ‘ အသည်းလေး ’ ၊ ‘ အစ်ကိုကြီး ’ ဆိုတာတွေ ခပ်သဲ့သဲ့ ကြားရသည် ။ သူတို့ ဘာတွေလဲ ။ ဝေးဝေး တွေးစရာ မလို ။ ပြီးတော့ အန်ကယ်ကြီး နှင့် သည် မိန်းကလေး တို့ ၏ ပေါင်းကူးတံတား မှာ ကျွန်တော် အပါအဝင် လူ တို့ သည်းခြေ ကြိုက်သော လိုတရမှော် စက္ကူချပ်တွေ ပဲ ဖြစ်ပါမည် ။
အန်ကယ်ကြီး ပြောသော ရပ်ကွက် ၏ လမ်းဆုံ ရောက် တော့ အန်ကယ်ကြီး က နောက် က နေ ဘယ်ကွေ့ ၊ ညာချိုး ၊ တောင်ဘက် ဝင် စသည် စသည် ဖြင့် လမ်းညွှန် လုပ် လာသည် ။ နောက်ဆုံး လမ်းလေး တစ်လမ်း ထဲ မောင်း နေရာက အရှေ့ က အိမ် ပဲ ဟု အန်ကယ်ကြီး ပြော လိုက် တော့ ကျွန်တော့် အံ့သြမှု က အထွဋ်အထိပ် ရောက် သွားသည် ။ သည် အိမ် သည် တစ်ချိန် က ကျွန်တော် ဝင် ထွက် ခဲ့ဖူသည့် ခိုင်သဇင် တို့ အိမ် ဖြစ်သည် ။
အိမ် ရှေ့ တွင် ကား ရပ်ပြီး ကျွန်တော် ကား ရှေ့မီး ကို ထွန်း ထားလိုက်သည် ။ ကား နောက်ခန်း က မိန်းကလေး က “ အစ်ကိုကြီး ၊ သန်ဘက်ခါ မှ တွေ့မယ် နော် ၊ ဘိုင့်ဘိုင် ” ဟု ပြော ရင်း ကား ပေါ် က ဆင်း သည် ။ မိန်းကလေး ၏ စကားသံ ချိုချို က တစ်ချိန်က ကျွန်တော် နားစွဲပျော်ဝင် နှစ်သက်ခဲ့သည့် ခိုင်သဇင် ၏ အသံ နှင့် တစ်ထပ်တည်း ။ ခိုင်သဇင် မဟုတ်ပါစေ နဲ့ ဟု ဆုတောင်းရင်း ကားရှေ့ က ပတ် ၍ အိမ်ခြံ ထဲ ဝင် သွားသော မိန်းကလေး ကို သေသေ ချာချာ ကြည့် လိုက်တော့ ...
“ ဖြစ်ရလေ ခိုင် ရယ် ”
ကျွန်တော့် စိတ် ထဲ ညည်းရင်း သက်ပြင်း ချ လိုက်စဉ် အန်ကယ်ကြီး က နောက်ခန်း မှ ရှေ့ခန်း သို့ လာ ထိုင် သည် ။ သည်တော့မှ ကျွန်တော် သတိ ဝင်ပြီး ကား စ ထွက် လိုက်သည် ။ သည် ရပ်ကွက် မှ အန်ကယ်ကြီး ကို ပို့ ရမည့် စဝ်စံထွန်း ကို လမ်း သင့်သည့် အနောက်မြို့ပတ်လမ်း သို့ ကား ကို ဦးတည် လိုက်သည် ။ ကား မောင်းရင်း ခိုင်သဇင် အကြောင်း သိ ချင်၍ အန်ကယ်ကြီး ကို စကားရော လိုက်သည် ။
“ ဟဲဟဲ .. အစ်ကိုကြီး ၊ အဲဒါ အစ်ကိုကြီး ရဲ့ စမောလေးလား ဗျ ။ စိတ် မရှိပါနဲ့ နော် ”
အန်ကယ်ကြီး က သူ့ ကို အစ်ကိုကြီး ဟု ခေါ်တာ သဘောကျ သွားပုံ ရသည် ။ ပြုံးပြုံးရွှင်ရွှင် နှင့် ...
“ အေးကွ ၊ ဟဲဟဲ ... ဘယ်လိုလဲ ၊ ရှယ်တယ် မဟုတ်လား ညီလေး ”
“ ဟုတ်ကဲ့ ၊ ဒါနဲ့ အစ်ကိုကြီး တို့ တွေ့တာ ကြာပြီလား ”
“ အေး ကြာပြီ ဆိုပါတော့ကွာ ၊ တစ်နှစ် ကျော်ပြီ ကွ တစ်ခုလပ်မလေး ပါ ကွာ ။ သူ က အရင်က ကော့သောင်း က သူဌေး တစ်ယောက် နဲ့ အိမ်ထောင် ကျ ခဲ့တာ ။ ကောင်မလေးမိဘ က လည်း ငွေမက် ၊ ဟို သူဌေး က လည်း လူပျို အယောင် ဆောင် ပြီး ကြီးကြီးကျယ်ကျယ် မင်္ဂလာ ဆောင် တယ် ။ ခြောက်လ တောင် မပြည့်သေးဘူး ၊ ကော့သောင်း က မယားကြီး ပေါ် လာပြီး ပြဿနာ တွေ တက် ၊ ကွဲကြ ၊ ပြဲကြပေါ့ ကွာ ။ အဲဒီ ကတည်း က ကောင်မလေး အိမ် ထဲ က အိမ်ပြင် မထွက်တော့ဘူး ။ ဒါတွေက နောက်မှ သိရတာ ပေါ့လေ ။ အစ်ကို နဲ့ စ တွေ့တာ က သူတို့ မိဘတွေ စီးပွား လည်း မပျက် ၊ အမှုတွေ ဘာတွေ ဖြစ်လို့ အစ်ကို့ ဆီ မှာ အိမ် ပေါင် တုန်းက ။ သူတို့ နှစ်နှစ် လောက် ဟန် မပျက် နေ နိုင်ကြသေးတယ် ကွ ။ နောက်ဆုံး အိမ် ရောင်းရမယ့် အခြေအနေ ရောက် တော့ ကောင်မလေး နဲ့ အစ်ကို ဇာတ်လမ်း စ တာပဲ ။ အဘိုးကြီး က အမှု အားလုံး ပြီးဖို့ ၊ တင် နေတဲ့ အကြွေးတွေ ဆပ်ဖို့ အိမ် ရောင်း လိုက်တော့ တစ်လ အတွင်း သူတို့ အိမ် ကို အစ်ကို ပဲ ပြန် ဝယ်ပေး လိုက်တယ် ။ အစ်ကို့ မှာ လည်း မယားကြီး ရှိ နေတော့ နားလည်မှုပေါ့ ကွာ ၊ မြို့ ထဲ က တိုက်ခန်း တစ်ခု မှာ တစ်ပတ် ကို သုံးရက် အစ်ကို တို့ တွေ့ ကြတယ် ”
“ အင်း ... အစ်ကိုကြီး တို့ လို ပိုက်ဆံ ချမ်းသာသူတွေ အတွက် အစစအရာရာ ပျော်စရာပဲဗျ နော် ”
“ ဒီလိုပါပဲကွာ .. ဒါပေမဲ့ ညီလေး စဉ်းစားကြည့် ဒီ ပျော်စရာတွေ က အလကား မရပါဘူးကွာ ။ စကားပုံ တောင် ရှိသေးတာပဲ ။ ‘ ဆီ ပေး မှ ဆန် ရ ’ တဲ့ ။ ပြီးတော့ တစ်ခု ခု ကို လိုချင် ရင် တစ်ခု ခု ကို ပေးဆပ်ရမယ် တဲ့ ။ အဲဒီလိုပဲ ပေါ့ ။ အခု ကောင်မလေး က ငွေ လိုတယ် ။ အဲဒါ ကို အစ်ကို က ပေးတယ် ။ အစ်ကို လိုချင်တဲ့ အချစ် ကို သူ က ပေးတယ် ။ ဒါပါပဲ ။ အဲ .. သစ္စာတွေ ၊ ဘာတွေ ကျ တော့ အစ်ကို တို့ လို ဆက်ဆံမှုမျိုး မှာ သိပ် မရှိပါဘူး ။ အင်း ... ကရုဏာ တော့ အနည်းအကျဉ်း ပါမယ် ထင် တယ်ကွ ဟဲ ဟဲ ဟဲ ”
“ ဘာကြောင့်လဲ အစ်ကိုကြီး ရဲ့ ”
“ ညီလေး စဉ်းစား ကြည့် လေ .. သူ မိန်းမပျက် ဖြစ် သွားမှာ နဲ့ စာရင် အခု လို အစ်ကို့ ရဲ့ အငယ်အနှောင်း ဘဝ က ပို မကောင်းဘူးလား ။ သူ့ ရဲ့ အခက်အခဲ ကို အစ်ကို လည်း ကူညီပြီးသား ရောက်တယ် ။ အစ်ကို တို့ လို ငါးဆယ်ကျော် တွေ အနေ နဲ့ လည်း နိုက်ကလပ် တက် ၊ အနှိပ်ခန်း ဝင် ၊ မိန်းမ ခေါ် တာတွေ နဲ့ စာ ရင် အခုလို စမောလေး နဲ့ ခြေငြိမ် တာ ပို မကောင်းဘူး လား ။ သူ လည်း ဣန္ဒြေ ရ ၊ ကိုယ် လည်း ဣန္ဒြေ ရ ပေါ့ ၊ မဟုတ်ဘူးလား ကွ ”
ဆိုတော့ ကျွန်တော် က “ ဪ .... ” ဟု မြည်သံ ရှည် ညည်း၍ ခေါင်း တဆတ်ဆတ် ညိတ် လိုက်သည် ။ သူ ပြောတာ ကို ထောက်ခံ ၍ မဟုတ် ။ ဘာ ပြ န်ပြောရမှန်း လည်း မသိသော ကြောင့် ရောယော င်၍ ဪ .. လိုက် ခြင်း ဖြစ်ပါသည် ။ ထို့နောက် အန်ကယ်ကြီး က အခြား အာလာပသလ္လာပ တွေ ပြော ရင်း သူတို့ အိမ် ကို လမ်းညွှန် သည် ။
သူ့ အိမ်ရှေ့ ရောက်တော့ ခြံကျယ်ကြီး ထဲ ခန့်ညား ထည်ဝါသော အိမ်ကြီး နှင့် နောက်ဆုံး ပေါ် ဇိမ်ခံကား သုံး ၊ လေးစီး လည်း တွေ့ ပါ၏ ။ ဘာကြောင့် တက္ကစီ ငှားစီးပါလိမ့် ဟု ကျွန်တော် လျှာရှည်တွေး တွေး နေစဉ် ခြံတံခါးကြီး လျှောထိုး ဖွင့်ကာ ခန့်ညားထည်ဝါသော အန်တီကြီး တစ်ယောက် ထွက် လာ၍ ...
“ ဟော မောင် ပြန်လာပြီ ။ မောင် .. .နေ့လယ် က သမီး ဖုန်း ဆက်တယ် ။ စင်ကာပူ ကို ငွေ ပို့ ပေးဦးတဲ့ ။ ပြီးတော့ .. ”
အန်တီကြီး စကား မဆုံးခင် ကား ပေါ် က ဆင်းခါ စ အန်ကယ်ကြီး က စိတ် ရှုပ်ဟန် ဖြင့် ...
“ နေပါဦးကွာ .. ဒီမှာ အလုပ် က ပင်ပန်း လာရတဲ့ ကြား ထဲ ။ ဪ .... ညီလေး ၊ ကားခ ဘယ်လောက်လဲ ကွ ”
ကျွန်တော် ပိုပိုသာသာ တောင်း ပစ် လိုက်သည် ။ အန်ကယ်ကြီး က သူ့ ဘီယာဖိုး လောက် သဘော ထား ကာ ကားခ ပေးပြီး ကျွန်တော့် ကို မျက်စိ တစ်ဖက် မှိတ် ပြ ရင်း လက် ပြကာ အိမ် ထဲ ဝင် သွားသည် ။ ကျွန်တော် ကား ကို လမ်းမ ဘက် မျိုးကွေ့ လိုက်ရင်း ကား ဒက်ရှ်ဘုတ် ပေါ် မှ နာရီ ကို ကြည့် လိုက်တော့ ည ရှစ်နာရီ ထိုးပြီးစ ။ စော တော့ စော နေသေးသည် ။ ကျွန်တော် က ညတိုင်း လိုလို ဆယ်နာရီ လောက် မှ ကား သိမ်းနေကျ ။ ထို့ကြောင့် ကား ကို ညဈေးတန်း ထိပ် တွင် ပြန်ထိုး ထားပြီး ခရီးသည် ဆက် စောင့် နေလိုက်သည် ။
အင်း ... သည် အချိန် ဆို စောစောက အန်ကယ်ကြီး မိန်းမ က သူ နှင့် သူ့ သားသမီးတို့ ၏ လိုစာရင်း ကို ပြ နေ ပေလိမ့်မည် ။ သို့သော် လိုတရ မှော်စက္ကူတွေ ပြည့်စုံကုံ လုံ သည့် အန်ကယ်ကြီး က တော့ ငိုချင်း ချ လိမ့်မည် မဟုတ် ။ တွေးရင်း တောရင်း ၊ ငေးရင်း မောရင်း ဗိုက် က ဆာ လာ ပြန်သဖြင့် ဂိတ် နှင့် ခပ်လှမ်းလှမ်း က လက်ဖက် ရည်ဆိုင် သို့ သွား ထိုင် လိုက်သည် ။ လက်ဖက်ရည် တစ်ခွက် နှင့် မုန့် တစ်ခု ဝါးရင်း ကား ဘက် သို့ လှမ်းလှမ်း ကြည့် နေရသည် ။
တော်တော်လေး ကြာတော့ အသက် လေးဆယ် ကျော် အရွယ်ခန့် အသားဖြူဖြူ ၊ ခန့်ခန့်ချောချော အမျိုးသမီး တစ်ယောက် ကား နား လာ ရပ်၍ ဟိုဟိုသည်သည် ကြည့်သည် ။ အမျိုးသမီး ၏ လည်ပင်း နှင့် လက် တို့ မှ စိန်ထည်များ က ခပ်လှမ်းလှမ်း က နီယွန်မီးရောင် ဖြင့် ပင် တလက်လက် တောက်ပ နေသည် ။ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း ကစား နိုင်မည့် ပုံ ။ ကိုယ်ပိုင်ကား စီးနိုင် သည့် အနေအထားမျိုး ။ ကျွန်တော် တွေး ရင်း ကား နား သွား လိုက်ပြီး ...
“ မမ ကား ငှားမလို့လား ခင်ဗျ ”
“ အေး မင်း က ဒီ ကား က လား ”
“ ဟုတ်ကဲ့ ၊ ဘယ် သွားမလဲ ခင်ဗျ ”
အမျိုးသမီး က ကား ရှေ့ခန်း ထဲ ဝင် ထိုင်ပြီးမှ “ တောင်ကျောင်းလမ်း ထဲ အရင် မောင်းကွာ ” ဟု ပြော သည် ။ ကျွန်တော် ဗိုလ်ချုပ်ဆောင်ဆန်း လမ်း ပေါ် မှ တောင်ဘက် အတိုင်း မောင်း လိုက်သည် ။ အမျိုးသမီး က စလင်းဘက် ထဲ မှ လက်ကိုင်ဖုန်း ကို ယူ ၍ ဖွင့်သည် ။
ခဏ အကြာ တွင် ...
“ ဟဲလို ... မိညှက်လား .... အေး ... ငါ အခု လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ရော ၊ ညစာ စားပွဲ ပါ ရှိလို့ ဒီ ည ဆယ်နာရီခွဲ ၊ ဆယ့်တစ်နာရီ လောက် မှ အိမ် ပြန်ရောက် မယ် လို့ နင့် ဦးလေး ကို ပြောလိုက် ၊ ကြားလား ။ အေး .. ပြီးတော့ သူ မအိပ်ခင် ဆေး တိုက်ဖို့လည်း မမေ့နဲ့ဦး ။ အေး ... ဒါပဲ ”
လက်ကိုင်ဖုန်း ကို ပိတ် ရင်း သက်ပြင်းရှည်ကြီး ကို ဟူးခနဲ ချသည် ။
“ ဪ .... မ မအမျိုးသား က နေမကောင်းဘူးလား ခင်ဗျ ”
ကျွန်တော့် ပါးစပ် က လွှတ်ခနဲ မေး မိ သွားသည် ။ ကြိုက်မှန်း မသိ ၊ မကြိုက်မှန်း မသိ ၊ မေးမိ ပြီး မှ အမျိုးသမီး ၏ မျက်နှာ ကို အကဲခတ် ကြည့် ရသည် ။ အမျိုးသမီး မျက်နှာ က စိတ်ဆိုး ဟန် မပြ ၊ ပေါ့ပေါ့ပါးပါး ပင် ပြုံး ၍ ပြန် ဖြေ သည် ။
“ ဟုတ်တယ် မောင်လေး ၊ သူ လေဖြတ် သွားတာ ခြောက်နှစ် ကျော်ပြီ ။ ဒီလိုပါပဲကွာ ၊ အိပ်ရာ ထဲ လဲနေတာ ”
ထို့နောက် အမျိုးသမီး က လတ်တလော ပေါ်ပြူလာ ဖြစ် နေသော ရုပ်ရှင် ၊ ဂီတ တို့ အကြောင်း စကားစမြည် ပြောသည် ။ ကျွန်တော် က ဂျာနယ် ဖတ်ထားတာလေး ထဲ က သိတာလေး ပြန် ပြောရသည် ။ တောင်ကျောင်းလမ်း ထဲ ရောက် တော့ လမ်း ညာဘက် ရှိ စိန်ပန်းနီပင်ကြီး အောက် တွင် ကား ရပ်ခိုင်းသည် ။ ဟိုး အရှေ့ ခပ်လှမ်းလှမ်း ရှိ လမ်းမီးဓာတ်တိုင် အောက် တွင် ဆိုင်ကယ် တစ်စီး ရပ်၍ လူ နှစ်ယောက် စကား ရပ် ပြောနေတာ တွေ့ ရသည် ။ အမျိုးသမီး က ကား ပေါ် မှ ဆင်း လိုက်ရုံရှိသေးသည် ၊ ရပ် စကား ပြောနေသော လူ နှစ်ယောက် အနက် မှ တစ်ယောက် က အမျိုးသမီး ကို မြင် သွားပြီး ကား ဆီ သို့ လျှောက် လာသည် ။
လမ်းလျှောက် လာ ပုံ မှာ စတိုင်လ်ကျ လှ သလို ဝတ် စား ထား တာ လည်း သပ်သပ်ရပ်ရပ် ခန့်ညား လှသည် ။ အမျိုးသမီး က ခပ်ပြုံးပြုံး ဖြင့် ရပ် စောင့်ရင်း ကြည့်သည် ။ ထို လူ ကား နား ရောက်တော့ ရုပ်ရည်ကို သဲသဲကွဲကွဲ မြင်ရ ၍ ကျွန်တော် အံ့ဩ သွားသည် ။ လူရွယ် တစ်ယောက် မဟုတ် ၊ လူငယ် တစ်ယောက် သာ ဖြစ်သည် ။ အသက် က နှစ်ဆယ့်လေး ၊ နှစ်ဆယ့်ငါး လောက် ပဲ ရှိပါဦးမည် ။ ရုပ် ချောချော သန့်သန့် ပင် ၊ အားကစားသမား တွေ လို ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်ကြီး ။ အမျိုးသမီး နှင့် ကောင်လေး က ကား နောက်ခန်း ထဲ ဝင် ထိုင်သည် ။ အမျိုးသမီး က ..
“ ကဲ ကားဆရာ သစ်တောရပ်ကွက် ထဲ က x x x လမ်း ထဲ ကို မောင်းပါ ”
သစ်တောရပ်ကွက် သည် ကျွန်တော်တို့ မြို့ကလေး ၏ အရှေ့ဘက် တောင်တံတိုင်းကြီး ၏ ခြေရင်း တွင်ရှိ သည် ။ အရာရှိများ ၊ သူဌေးသူကြွယ်များ အများစု နေ သော အေးချမ်းဆိတ်ငြိမ် သာယာသည့် ရပ်ကွက် ဖြစ်သည် ။ ကျွန်တော် ကား ကို စာတိုက်ဘက် မှ သစ်တော ရပ်ကွက် ဘက် သို့ ချိုးကွေ့ လိုက်သည် ။
“ မမ ကား ဘယ်မှာ ထားခဲ့လဲ ”
“ ယမုံ့ အိမ် မှာ လေ ၊ ဆယ်နာရီ လေးဆယ့် ငါးမိနစ် လောက် မှာ သူ့ ကို လာ ကြိုခိုင်း ထားတယ် ။ မောင် က ဆယ်နာရီခွဲ လောက် ပြန် လိုက်ပေါ့ ၊ ဟုတ်လား ။ ဪ .. ဒါနဲ့ ဒီနေ့ ချယ်ရီဦးနာရီဆိုင် ရောက် လို့ မောင့် အတွက် နာရီ ဝယ်လာတယ် ။ ရော့ .... ဒီ စလင်းဘက် ထဲ မှာ ယူလိုက် ။ ပြီးတော့ မနက်ဖြန် မောင့် အတွက် ဆိုင်ကယ် ဝယ် ဖို့ စီစဉ် ထားတယ် ”
“ ဟင် တကယ်လား မမ ”
“ အင်းပေါ့ ၊ အဲဒါ မနက်ဖြန် ညနေ နှစ်နာရီ လောက် တွေ့ နေကျ လက်ဖက်ရည်ဆိုင် မှာ စောင့်နေ ”
“ ဟား ... ဒါကြောင့် မမ ကို ... ”
“ မောင် နော် ... ကား ပေါ် မှာ ဟင်း ”
မောင် ဆိုသော ကောင်လေး ၏ တဟဲဟဲ ရယ်သံ ကြား ရသည် ။ အမျိုးသမီး နှင့် ကောင်လေး က ကျွန်တော် ရှိသည် ဟု ထင်ပုံ မရ ။ ထိုသို့ဖြင့် များမကြာမီ အမျိုးသမီး ၏ လမ်းညွှန်မှု ဖြင့် တောင်ခြေ ရှိ တစ်ထပ်တိုက်လေး ရှေ့ မှာ ခရီး ဆုံး သွားသည် ။
အမျိုးသမီး က စလင်းဘက် အိတ် ကို ဖွင့် ၍ တစ်ထောင်တန် ငွေစက္ကူအုပ် နှင့် သော့တွဲ တစ်တွဲ ကို ထုတ် ပြီး ကောင်လေး ကို သော့တွဲ ပေးလိုက်သည် ။ ကောင်လေး က ခြံတံခါးသော့ ကို သွား ဖွင့်သည် ။ အမျိုးသမီး က ကျွန်တော် တောင်း သော ကားခ ( ဒီ တစ်ခါ လည်း ကျွန်တော် မြိုးမြိုးမြက်မြက် တောင်း ပစ်တာ ) ကို ပေး ရင်း ည ဆယ်နာရီခွဲ တွင် ပြန်လာ ကြိုပေးဖို့ နှင့် ကားခ ပို ပေးမည် ဖြစ်ကြောင်း ပြောသည် ။ ကျွန်တော် ကတိ ပေး လိုက်သည် ။ ကျွန်တော် ကား စက်နှိုးရင်း ကြည့် လိုက်တော့ အမျိုးသမီး နှင့် ကောင်လေး ခါးချင်း ဖက်ကာ တိုက်အိမ်လေး ထဲ ဝင် သွား တာ တွေ့လိုက်ရသည် ။
••••• ••••• •••••
ကား ကို လာလမ်း အတိုင်း မောင်း လာရင်း စောစော က အန်ကယ်ကြီး ပြောသည့် စကားတွေ ကို ပြန် တွေး မိပြီး ကျွန်တော် ပြုံးမိသည် ။
“ အင်း ... ဒီ အမျိုးသမီးကြီး နဲ့ ကောင်ကလေး လည်း အခုလောက် ဆို ဆီ နဲ့ ဆန် လဲ နေရောပေါ့ ။ အို ... ဒါ ငါ့ အလုပ် မဟုတ်ပါဘူးလေ ။ ငါ့ အလုပ် က ဆယ်နာရီခွဲ အရောက် အဲဒီ ကောင်လေး ကို သွား ပြန် ကြိုပေးရမယ် ။ ဒါမှ မနက်ဖြန် အတွက် ဆီဖိုး ရမယ် ။ ဒီနေ့ အတွက် အုံနာကြေး လည်း ရမယ် ။ အခုတော့ အိမ် ခဏ ပြန် ၊ အမေ့ ကို ပိုက်ဆံ ပေး ၊ ထမင်း စား ၊ အော်ဒါ လက်ခံခဲ့တာ ပြောပြ ၊ အုံနာ ကို ဒီနေ့ ကား အပ် နည်းနည်း နောက်ကျမယ့် အကြောင်း ပြော .. ဒါ ငါ့ အလုပ် ပဲ ”
သည် တစ်ည တာ အတွက် စိတ်ကူး စီစဉ်တွေး နှင့် တွေး လိုက် ပြီးနောက် ကျွန်တော့် ကားလေး က လိုစာရင်း ပြ ငိုချင်းချ နေသည့် ကျွန်တော့် အစာအိမ် ကို ဖြည့်တင်း ရန် အမေ နှင့် ကျွန်တော် ၏ နားခိုရာ တဲအိုပျက် ဆီ သို့ ဦးတည် နေ လေ၏ ။
လူဆင်းရဲများ စုဝေး နေထိုင်ရာ ရပ်ကွက်ကလေး ၏ အစွန်အဖျား မှောင် နဲ့ မည်းမည်း လမ်းကြားကလေး ထဲ ရှိ ကျွန်တော်တို့ တဲ ရှေ့ ကား ရပ် ပြီး အိမ် ပေါ် တက် တော့ အမေ က လေးထစ် သာ ရှိသော ဝါးလှေကားလေး ထိပ် မှ ဖယောင်းတိုင်မီးလေး မြှောက် ပြကာ ကျွန်တော့် ကို ကြို သည် ။ ဘုရားခန်း လည်း ဟုတ် ၊ ဧည့်ခန်း လည်း ဟုတ် သော အိမ်ရှေ့ခန်းလယ် တွင် ထမင်းစားပွဲ အသင့် ပြင်ထား သဖြင့် ယာယီ ထမင်းစားခန်း ဖြစ်သွားသည် ။ ကျွန်တော် ထမင်းစားပွဲ တွင် ဝင် ထိုင်ပြီး အမေ့ ကို ပိုက်ဆံတွေ အကုန် ပေး လိုက်သည် ။ အမေ က ပိုက်ဆံများ ကို ရေတွက် ရင်း က မေးသည် ။
“ သား .. ဒီနေ့ ကားဆွဲ ကောင်းခဲ့တယ် ထင်တယ် ။ တော်တော် ရခဲ့သားပဲ ။ ဒါနဲ့ ကား တစ်ခါ တည်း မအပ်ခဲ့ ဘူးလား သား ”
“ ဟုတ်ကဲ့ ၊ မအပ်ခဲ့ဘူး အမေ ။ အော်ဒါ လက်ခံခဲ့ တာ တစ်ခု ရှိလို့လေ ။ ဆယ်နာရီ ကျော်ကျော် လောက် တစ်ခေါက် သွား ကြိုရဦးမှာ ။ အဲဒီ က ရတဲ့ ပိုက်ဆံ ကို အုံနာကြေး ပေးခဲ့လိုက်မယ် လေ ”
ပြောပြီး ကျွန်တော် အားရပါးရ ထမင်းစား နေလိုက် သည် ။ ကျွန်တော့် စိတ် ထဲ သည်နေ့ ကြုံခဲ့ရသည့် စုံတွဲ နှစ်တွဲ က လွှမ်းမိုး သလိုလို ရှိနေသော ကြောင့် ထမင်းစား ရင်း ပင် ထို စုံတွဲ နှစ်တွဲ အကြောင်း အမေ့ ကို ခရေစေ့တွင်း ကျ ပြော ပြလိုက်သည် ။ သို့သော် ပထမ စုံတွဲ မှ မိန်းကလေး သည် ခိုင်သဇင် ဖြစ်ကြောင်း ကို ကျွန်တော် ချန်လှပ် ထား ခဲ့သည် ။ ကျွန်တော် နှင့် ပတ်သက်ခဲ့ပြီး အိမ် သို့ တစ်ပတ် လျှင် သုံးရက် လောက် လာလေ့ ရှိသော ခိုင်သဇင် ကို အမေ သည် သမီး ရင်း တစ်ယောက် လို သံယောဇဉ် ရှိခဲ့ သည် ။ ကျွန်တော် နှင့် ခိုင်သဇင် ၏ မိသားစု ဘဝ တစ်ခု ကို အမေ မျှော်လင့်ခဲ့ သော ကြောင့် စိတ် မကောင်း မဖြစ်ရန် ကျွန်တော် ချန်လှပ် ခဲ့လိုက်သည် ။
ကျွန်တော် ပြော ပြသော စုံတွဲ နှစ်တွဲ ၏ ဇာတ်လမ်း ကို စိတ်ဝင်တစား နှင့် ဂရုတစိုက် နားထောင်ရင်း အမေ သည် ကျွန်တော့် ကို ကြည့်လိုက် ၊ သူ့ လက် ထဲ က ပိုက်ဆံ ထပ်ကြီး ကို ကြည့် လိုက် ဖြစ်နေသည် ။ စုံတွဲ နှစ်တွဲ အကြောင်း ကျွန်တော် ပြောပြီးသော အခါ အမေ က သက်ပြင်းရှည်ကြီး ချသည် ။ အမေ့ မျက်နှာ က အရင် နှင့် မတူ ။ ကျွန်တော် ထမင်း စားရင်း အမေ့ ကို အကဲ ခတ် ကာ အမေ ဘာ ပြောမလဲ နားစွင့် နေ လိုက်သည် ။
အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာမကြီး အမေ ခေါင်း တညိတ်ညိတ် လုပ်ပြီး ...
“ သား ရယ် ... တကယ်တော့ သူတို့ အားလုံးဟာ လူ့ ကျင့်ဝတ် စည်းအပြင် က ကြိုက် မရှက် ၊ ငတ် မရှက် တွေ ပေါ့ ။ လူတိုင်း လူတိုင်း မှာ အတ္ထုပ္ပတ္တိ တွေ ရှိကြတယ် ၊ ရှိကြရတယ် သား ။ ဒါပေမဲ့ သူတို့ ရဲ့ အတ္ထုပ္ပတ္တိ က ရေး နေတုန်း လည်း လှ မှာ မဟုတ်ပါဘူး ။ ရေး ပြီး ရင် လည်း ဘယ်သူ ဖတ်ဖတ် ... ဖတ်လို့ ကောင်း မှာ မဟုတ်ပါဘူး ။ ဒီလို အတ္ထုပ္ပတ္တိမျိုး သား ကိုယ်တိုင် လည်း မရေးမိစေနဲ့ ။ အဲဒီလို အတ္ထုပ္ပတ္တိစာမျက်နှာတွေ ရော .. ဟောဒီ ပိုက်ဆံ တွေ ရယ် က .. ယောက်ျား တစ်ယောက် ရဲ့ အတ္တ နဲ့ မိန်းမ တစ်ယောက် ရဲ့ အတ္တ ကို ဖြည့်ဆည်း ကြတဲ့ နေရာ မှာ အမည်တပ် ခံရတဲ့ ဓားစားခံတွေ ပဲ သား ”
လေးနက်တဲ့ အမေ့ ရဲ့ ဆုံးမ စကား ၊ သတိပေး စကား ကို နားထောင် ပြီး အမေ့ လက် ထဲ က ( အမေ ပြော သလို ) ဓားစာခံ တစ်ထပ်ကြီး ကို ကျွန်တော် ဖျတ်ခနဲ လှမ်း ကြည့် လိုက် တော့ စားလက်စ ထမင်း တောင် နင် သလိုလို ဖြစ် သွားသည် ။
◾သဓာ
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment