Monday, April 29, 2024

ပြုံးလဲ့လဲ့ ချို


 

❝ ပြုံးလဲ့လဲ့ ချို ❞

ခုလို ဆိုတော့လည်း ဘ ဝက နေပျော်စရာပဲ ။ တစိမ့်စိမ့် တွေးကာ ကြည်နူး မြူးပျော်လျက် နှုတ်ခမ်းများ ကတော့ တငြိမ့်ငြိမ့် ပြုံးမြ နေခဲ့လေသည် ။

ဖေဖေ က ချို့ ကို အလျင်လို မဆူတော့ ၊ မဆဲတော့ ။ သူ့ စိတ် နှင့် မတွေ့လျှင် ပြုနေကျ အတိုင်း ဖြောင်းခနဲ မြည်အောင် နားရင်း ရိုက်တာတွေ လည်း မရှိတော့ပေ ။ ထူပူ နာကျင်သော ခံစားမှု နှင့် ကြယ်တွေလ တွေ ကို မမြင်ရတော့ တာ တောင် အတော် ကြာ လှပြီ ။

ဒါပေမဲ့ ဖေဖေ တစ်ယောက် ညစဉ် ညတိုင်း အရက် တွေ ပို သောက်လာခဲ့သည် ဟု ထင်သည် ။ ဒါပေမဲ့ ချို ဖေဖေ့ ကို မကြောက်ရတော့ ။ ဟိုအလျင်တွေ က ဆို ဖေဖေ က မူး လာလျှင် အလွန် သွေး ဆိုးလှတာ ။ ချို့ မှာ နေစရာ မရှိ အောင် ကြောက်လွန်း လှသည် ။ ညနေ မှောင်ရီချိန် ရောက် လျှင် ချို့ ရင်ခုန်နှုန်းတွေ မူ မမှန်ချင်တော့ ။ ဖေဖေ က လမ်း ထဲ သို့ စ , ဝင်လာ ကတည်းက သိုင်းကွက် နင်း လာတာ ဖြစ်သည် ။ နှုတ် က လည်း လျှာလေး အာလေး ၊ ဗလုံးဗထွေး စကားတွေ နှင့် ဆဲရေးတိုင်းထွာ နေပြန်သည် မှာ မကြားဝံ့ မနာသာ ။ ပြီး ... ဟိုလူ့ ကို လိုလို ၊ သည်လူ့ ကို လိုလို စောင်းချိတ် ရန်စချင် သေးတာလည်း ဖြစ်သည် ။ ဖေဖေ မို့ လမ်း ထဲ ဝင်လာပြီ ဆိုလျှင် တစ်လမ်းလုံး က အချင်းချင်း အချက် ပြ ကာ တော်ရာ ခပ်ဝေးဝေး မှာ ရှောင်ဖယ်နေကြ တော့သည်  ။ ငို လက် စ ကလေးသည် ပင် အငို တိတ် ကာ နီးစပ်ရာ ရင်ခွင် ဆီ ပြေး ဝင် ပုန်းတော့ပြီ ။ ဖေဖေ့ နီးနား ဝန်းကျင် မှာ ခွေး ပင် ဖြတ် မလျှောက်ရဲ ။ ဖေဖေ က ရစ်စရာ မရှိ လျှင် ကိုယ့် အရိပ် ကို တောင် ပြန် အပြစ် ရှာ တတ်သူ လေ ။

အိမ် ပေါ် ရောက် လျှင် တော့ ဖေဖေ့ ဆိုးမျိုး သည်းညည်း မှန်သမျှ ရင်စည်း ခံရ သူမှာ ချို သာ ဖြစ်တော့သည် ။ ဖေဖေ့ အကြိုက် ချို ဘယ်လောက်ပဲ လိုက်နာ လုပ်ကိုင် ပေး ပေမဲ့ ဘယ်တော့မှ စိတ်တိုင်း မကျ ။ အပြစ် ဆိုစရာတွေ ချည်း သာ ။ ရိုက်နှက် ဒဏ် ပေး ခံခဲ့ရသည် မှာ လည်း အကြိမ်ကြိမ် ။

ခုတော့ ဖေဖေ က ချို့ ကို တစ်ပြန် အရိပ် ကြည့် ကာ ဂရုတစိုက် ရှိ လွန်း လှသည် ။
တစ်နေကုန် အပြင် မထွက်ဘဲ ချို့ အနား မှာ သာ စောင့်ကြပ် ပြုစု နေတော့ တာ ဖြစ်သည် ။ ညနေ ညို လျှင်တော့ ခဏငယ်ကလေး ဖေဖေ အိမ် က နေ ပျောက် သွား တတ်သည် ။ ဖေဖေ ပြန် လာလျှင် ရစ်ရွှေ ရည် အပြည့် ကြည်လဲ့လဲ့အိတ်ကလေး တစ်လုံး ကို လက် တစ်ဖက် က ကိုင်ဆွဲမြဲ လျက် တွေ့ရတတ် မြဲ ။

အဘွား က ...

“ ကလေး ရှေ့ မှာ မလုပ် ပါ နဲ့ ။ ခါတိုင်းလို ပဲ နင့် ဟာ နင် အပြင်မှာ ပဲ ထွက် သောက်ပါ ”

အဖေ က ...

“ ကျွန်တော့် သမီး ကို စိတ် မချလို့ပါ အမေ ရယ် ”

မျက်ရည်တွေ ဝဲ ပြီး အသံ တုန်ခိုက်ခိုက် နှင့် ပြောရှာသည် ။

ဖေဖေ့ စကား ကို သိပ်တော့ နားမလည်နိုင်ဘူး ။ အခါတိုင်း လည်း ဖေဖေ တစ် ယောက် တည်း ချို့ ကို အဘွား နှင့် ပစ် ထားပြီး တစ်နေကုန် မိုးလင်း မိုးချုပ် သွား နေကျပဲ မဟုတ်လား ။ အိမ် ပြန်လာ တော့ လည်း သူ ရစ်ချင် စိတ် ရှိချိန်တွေ လောက် သာ ချို့ကို  သတိတရ ရှိ တတ်တာ ။ ပြောချင်ရာတွေ တောင်စဉ်ရေ မရ ပြောပြီး မူးမူး နှင့် တခေါခေါ ဟောက် ပြီး အိပ်ပျော် သွားတော့တာ ။ ခုတော့ ဖေဖေ က ချို့ ကို စိတ်မချဘူး ဆို ပြန်ပြီ ။

ချို ဉာဏ်မီ သလောက် စဉ်းစား ကြည့် မိသည် ။ ဖေဖေ စိတ် မချတာဟာ ချို့ ကို မေမေ လာ ခေါ် မှာ စိတ် ပူ၍ များလား ။ မေမေ က ချို့ ကို အတူ ခေါ်ထားဖို့ ပြော နေတာ ကြာ လှပြီ ။ အဘွား နှင့် လာ တွေ့ သွား ပြီးပြီ ။ အဘွား က တစ်ဆင့် ဖေဖေ လည်း သိ နေလောက်ပြီ ။ မေမေ က ချို နှင့် တော့ တိုက်ရိုက် လာမတွေ့ ဘူး ။ လာ တွေ့လည်း ပဲ ချို က တော့ မေမေ့ နောက် လိုက် မသွားချင်ပါ ။ မေမေ့ မှာ တွယ်တာချစ်ခင်စရာ က ချို တစ်ယောက် တည်း မဟုတ် ။ နောက် အိမ်ထောင် က ပါ သည့် သားသမီး နှစ်ယောက် ရှိသည် ။ မေမေ ထပ် မွေးထား သည့် ချို့ မောင်လေး တစ် ယောက် လည်း ရှိ သေးသည် ။ ချို မောင်လေး ကို ချစ်ခင် တွယ်တာလို စိတ်ဖြ င့် ဟို မောင်နှမ နှစ်ယောက် ကို သည်းခံ နိုင်မည် ဆိုလျှင် တောင် မေမေ့ ယောက်ျား မျက်နှာ ကို တော့ မကြည့် ချင် ။ ဖေဖေ့ ကို အရက် တွေ ပို သောက်စေခဲ့ သည့် လူကြီး ။ အို ... မေမေ လည်း ဘာ ထူးလဲ ။ သူစိမ်း တစ်ယောက် နှင့် ပူးပေါင်း ပြီး ဖေဖေ့ အပေါ် သစ္စာ မဲ့ ခဲ့တာပဲ ။ မုန်းဖို့ ကောင်းလိုက်တာ ။

“ နင့် အဖေ က နေ့ ရှိသရွေ့ လောင်းကစား နဲ့ အရက် ပဲ အာရုံ ကျ နေတဲ့ လူ လေ ။ သားမယား ကို အရိုး နာ အောင် ခါး ချိုးပြီး လုပ်ကိုင် ကျွေးမွေး ချင်တဲ့ ကောင် မှ မဟုတ်ဘဲ ၊ မူး လာ ရင် ရမ်းကား နှိပ်စက် ချင်တာ ရှိသေးတယ် ”

ဖေဖေ့ ကို မွေး ထား သည့် အဘွား ကိုယ်တိုင် က မေမေ့ ဘက် က ဖြစ်နေသည် ။ တကယ် ဆို ကိုယ့် သား ဘက် က ဝင် ပါပြီး မေမေ့ ကို အပြစ် တင် ပါလား ။ အိမ် ကို လာ လျှင် ရန်တွေ့ ပြီး နှင်ထုတ်ပါ တော့ လား ။ အဘွား ကို လည်း စိတ်ကွက် ချင် မိသည် ။

“ လောက မှာ လင်ဆိုး မယားတွေ လက်ချိုး ရေတွက်လို့ မကုန်နိုင် အောင် ရှိ နေတာ အဲဒီ အဘွား မတွေ့ဘူးလား ။ မိန်းမ တိုင်း လှေကြီး ပေါ် လှေငယ် တင်ကြလို့လား ။ ပြီး ... ဒီ လင်ယောက်ျား ကို ကြောက် ရွံ့ စွန့်ပစ်ခဲ့မယ် ဆိုလျှင်တောင် ရင် မှ ဖြစ်သော သမီး အတွက် ရော မေမေ ထည့် တွက် မစဉ်းစားမိခဲ့ဘူးတဲ့လား ။ မေမေ့ မေတ္တာတရား ကို ချို တော့ မယုံကြည်နိုင် ”

“ ဟဲ့ .. မတွေးကောင်းတဲ့ အတွေး တွေ မတွေးမိပါ စေနဲ့ မြေး ရယ် ။ အဖြစ်အပျက် အားလုံး ဟာ ဖြစ်ချိန်တန် လို့ ဖြစ်ခဲ့ကြတာ ချည်းပဲ ။ မြေးလေး ရဲ့ ဘဝ အကြောင်းကံ ပေါ့ကွယ် ”

“ အဲဒီ အကြောင်းကံ ကို မေမေ လုပ်ခဲ့တာပဲ လေ ”

ချို တစ်ယောက် ရန်တွေ့ မည် ပြင်ရင်း ဝမ်းနည်း ဆို့နစ် ကာ စကား မျှ မဆက်နိုင် ။

“ မြေး ရဲ့ မေမေ က ဟို တစ်ဖက် က နောက် အိမ်ထောင် ကို အပြေအလည် ညှိနှိုင်းပြီး သူ့ သမီး ကို ခဏ မဆိုင်းဘဲ ခေါ်ယူဖို့ လုပ်ခဲ့ဖူးတာပါ ။ မြေး ရဲ့ ဖေဖေ က ဘယ်လို မှ ညှိ ယူလို့ မရခဲ့ဘူးလေ ။ တရားတပေါင် ရင်ဆိုင်ပြီး တောင်း ယူဖို့ အထိ ကြိုးစား ပေမဲ့ သူ့ အားနည်းချက် ကို လည်း လူ ရှေ့ ချ မပြရဲပြန်ဘူးပေါ့ ”

ကိုယ်ကျင့် သီလ မှ အစွန်းအထင်း မကင်းတော့ အမေ့ စိတ်လိပ်ပြာ သိမ်ငယ် နေလိမ့်မည် ထင် ပါသည် ။ ဒါပေမဲ့ ချို ကတော့ စာနာ နားလည်မှု မပေးနိုင် ။

အဲသည် အချိန် က ချို့ အသက် ဆယ့်တစ်နှစ် ၊ ခြောက်တန်းတက် နေရပြီ ။ နေ့လယ်နေ့ခင်း အိမ်ပြန် မကပ် တတ် သော ဖေဖေ က ရုတ်တရက်ကြီး အိမ်ပြန် ရောက်ချ လာ ကာ မေမေ့ အား စွပ်စွဲ ရိုက်နှက် ခဲ့ လေသည် ။

“ မင်း ... မင်း ... အဲဒီကောင် နဲ့ မပတ်သက် ဖို့ မင်း ကို ငါ ဘယ်နှခါ ပြောရမလဲ ... ဟင် ၊ ‌ေ-ာ က်ကမြင်းမ ”

ဖေဖေ့ ဒေါသ က အခါတိုင်း ရန်ပွဲတွေ ထက် ပိုကြီးမား ပြင်းထန် ကာ စကားလုံး တွေ က ပိုမို ရင့်သီး ကြမ်းတမ်းလှသည် ထင်မိ၏ ။ မေမေ က လည်း ဖေဖေ ရိုက်နှက်ထား သော ဒဏ်ရာဒဏ် ချက်တွေ ကြား ကနေ တစ်ခွန်း မကျန် ခွန်းတုံ့ ပြန် ၊ ခံ ပက် နေခဲ့သည် ။

“ ရှင် ... လူစကား ပြောပါ ။ ကျွန်မတို့ တစ်မျိုးလုံး မှာ အဲဒီ အကျင့် မရှိဘူး ”

“ ဒါဆို မင်း ကျ မှ အမျိုး ဖျက် တာပေါ့ ။ ကဲ ... ကဲ ဟာ ... အမျိုးဖျက်မ ”

မေမေ က ကယ်ပါ ၊ ယူပါ မအော်ရှာခဲ့ ။ ဒါပေမဲ့ ...

“ ကျုပ် မကမြင်း ဘူး ။ ရှင် က ယောက်ျား ဖြစ်ပြီး သူများ သားသမီး ယူ ထားပြီး ဝ , အောင် မကျွေးနိုင်တော့ ကျုပ် လည်း ထမင်း မငတ် အောင် ရှာရဖွေရတာပေါ့ ”

မေမေ့ စကား အရ ဈေး ရောင်းရင်း အရင်း ပြုတ်သွား၍ အဲ လူကြီး ဆီမှာ အတိုး နှင့် ငွေ သွား ဆွဲခဲ့သည် ဆိုတော့ ချို က မေမေ့ ကို သနားမိခဲ့သေးတာ ဖြစ်သည် ။ ဒါပေမဲ့ မေမေ့ မှာ အပေါင် ထား စရာ ပစ္စည်း တစ်စုံတစ်ရာ လည်း ပါ မသွားခဲ့ပါဘဲ ။

“ အပေါင်ပစ္စည်း မပါ ရင် သူ့ ဆွေမျိုးတောင် မယုံ တတ်တဲ့ ဟို ... ဥစ္စာရူး ၊ ခံတွင်းပျက်ကောင် က နင့် ကို တော့ ယုံသလား ”

မေမေ့ စကား အကျွံ မှာ ဖေဖေ ပေါက်ကွဲ ခဲ့ ရ ပြန် သည် ။ မေမေ က ...

“ လူ ကြည့် ယုံတာပေါ့ ”

... တဲ့ ။

တစ်နေကုန် တစ်ညကူး လာချိန် အထိ ဖေဖေ့ စကား တွေ အပ်ကြောင်းထပ် လာဆဲ ။ မေမေ့ ကိုယ် ပေါ် မှာ အရှိုးရာ ချင်း ထပ်ကာ မျက်လုံးတွေ ဖောင်းရောင် နီရဲ လာချိန်အထိ မျက်ရည်တွေ သွန်ကျ မစဲ ရှိ နေဆဲ ။ ချို တစ်ယောက် က တော့ ထောင့် တစ်ထောင့် မှာ ကျိတ်ရှို က်ကာ ကြောက်လန့် စိတ် နှင့် တသိမ့်သိမ့် တုန် နေခဲ့ ရတာ ဖေဖေ ရော ၊ မေမေ ပါ သတိ မပြုမိကြသေး ။ အဲသည်စဉ် က သီးခြား အိမ်ခွဲ နေ ချိန် မို့ ချို့ အား ဖေးမကူမည့် အဘွား လည်း အနား မှာ မရှိနိုင်သေး ။

အဝတ်တစ်ထည် ကိုယ်တစ်ခု ဖြင့် မေမေ အိမ်ပေါ် က ဆင်း ဖို့ပြင်တော့ ချို က မေမေ့
အနား သို့ တိုးကပ် သွားချင်မိခဲ့သေးသည် ။

“ ချို ... ပြန်လာခဲ့ ။ မင်း .. ငါ့ သမီး ကို ခေါ်ရဲ ခေါ် သွားကြည့် ”

“ ကျွန်မ သမီး ကို မထား ခဲ့ နိုင်ဘူး ။ ရှင် က ရော ထမင်း ဝ အောင် ရှာ ကျွေး နိုင်မှာမို့ လား ... အမယ်လေး .... ” 

ဖေဖေ က လက် ထဲ မှ ထင်းခြမ်း တစ်ချောင်း နှင့် ဖြောင်းခနဲ လှမ်း ပစ်တော့
ချို ... မျက်စိ စုံ မှိတ်ကာ သတိ ပင် လစ် မတတ် တဆတ်ဆတ် တုန် နေခဲ့ရသည် ။ မေမေ လည်း ဖေဖေ့ အား အကြောက် ကြီး ကြောက်ရှာသည် ထင့် ။ မေမေ့ နောက်ကျော ဘက် ဝါး ထရံ ဆီ မှ ဒိုင်းခနဲ ထိမှန် ကန်ထွက်လာသော ထင်းချောင်း ကို အထိတ်တလန့် ရှောင်ရှား ပြေးလွှားရင်း လမ်း ပေါ် ရောက် သွားသည် ထင်၏ ။

“ ကျွန်မ သမီး ကို ရှင် နဲ့ ထားခဲ့မယ် ထင်လား ။ ရအောင် ပြန် ခေါ်ပြမယ် ။ ချို ရေ ... မေမေ ပြန် လာ ခေါ် မယ် ။ စောင့် နေနော် သမီးလေး ”

ချို တစ်ယောက် က တော့ မေမေ့ စကားသံ တွေ ကို မကြားနိုင်တော့ လောက် အောင် ကစဉ့်ကလျား ပြိုကွဲ တုန်လှုပ် နေခဲ့ကာ အမြင်တွေ ပြာမှောင် ပြီး သတိ ကင်း ပျောက်လု ဖြစ်သွားရ ပြန်တော့သည် ။ အဘွား တစ်ယောက် အပြေးအလွှား ရောက် လာ နိုင်ခဲ့လို့ သာ ။ မဟုတ်လျှင် နေရာတင် ပွဲချင်းပြီး သေခဲ့ရှာမည် ထင်၏ ။

ချို ... အိပ်ရာ ထက် မှာ တညှိုးခွေခွေ နှင့် ဖေဖေ မသိ အောင် မေမေ့ ကို တိတ်တိတ်
ကလေး မျှော် နေခဲ့တာ မေမေ သိရဲ့လား ။ တစ်ရက် က နှစ်ရက် ရှိလည်း မေမေ့ အရိပ်
ယောင် မမြင်ရသေး ။ တစ်လ ကနေ နှစ်လ ကူး သွားလည်း ပဲ မေမေ ချို့ထံ ရောက် မလာ နိုင်သေး ။

အဘွား ပြော တော့ မေမေ က ဟို လူကြီး အိမ် ကို တန်း တက် သွား တာ ဆို ။ ဒါဆို .. ဖေဖေ့ စွပ်စွဲချက် စကားတွေ ဟာ အမှန် ပေါ့ ။ ချို ရှက်လိုက်တာ ။

“ ဟိုဘက် မှာ လည်း ငွေကြေး ပြေလည်တယ် သာ ဆို ပေမဲ့ အမိမဲ့ သားသမီး တွေ က
ဥမမည် စာမမြောက်ကလေး တွေ မဟုတ်လား ။ အမေ အုပ် ထိန်းမှုလို အပ်နေတာ ။ ညည်း အမေ က နဂို ကတည်း က မှ အမြင်မတော် ရင် မနေတတ် တော့ ဟိုဟာ ဝင်ကူ ၊ ဒီဟာ ဝင်ပါ  နဲ့မို့ ကလေးတွေ ကအစ ခင်မင်သံယောဇဉ် တော့ ရှိကြ မှာ ပေါ့ ။ သူ တကာ ထက် အရေးပေး ခံ နေရတာ မြင်တော့ ပတ်ဝန်းကျင် က မလိုတမာ စကားတွေ ကို ညည်း အဖေ နား ပေါက် အောင် လုပ်ကြတာပါ ”

“ ဒါဆို မေမေ က ဘာလို့ အဲ လူကြီး နဲ့ တကယ် ယူ လိုက်တာလဲ ”

“ သူ့ လည်း ဆွေရယ် မျိုးရယ် လို့ တွယ်ကပ် စရာမှ မရှိတာဘဲ မြေး ရယ် ၊ ညည်း အမေ ရဲ့ ဗီဇ ကို က လည်း အရွဲ့ တိုက်တတ် ၊ ခေါင်းမာတတ် တာ ညည်း လည်း အသိ ပဲ မဟုတ်လား ။ အဲဒီ ဇွတ်တရွတ် စိတ် နဲ့ ပဲ ညည်း အဖေ နောက် ဆွေပြတ် ၊ မျိုးပြတ် ခံ ပြီး လိုက်လာခဲ့ တာပဲ ” 

အဘွား က ချို့ အား မေမေ အိမ် မှ ဆင်းစ သူငယ်နှပ်စားလေး လို ထင်ယောင် ယူဆ နေသည် ထင်၏ ။ တကယ်က အရွယ် နှင့် မမျှ အောင် နားလည်လွန်း နေတတ် ခဲ့သော ချို့ အတွက် အဘွား ပြော သမျှ မျက်စိ မှိတ် ယုံကြည်ရန် မလွယ်ကူ ခဲ့ပါ ။

“ ညည်း အမေ မှာ ညည်း အဖေ ငုတ်တုတ် ဖြစ်နေတော့ လည်း ပတ်ဝန်းကျင် မှာ တော့ ပြောစရာ တော့ ဖြစ်တာပေါ့ အေ ။ ဒါပေမဲ့ ညည်း အမေ လိမ္မာ ရင် အဆင်ပြေ မှာပါ ။ ညည်း ကို လည်း အချိန် တန် ရင် လာ ခေါ်မှာပါ ”

ချို ... မေမေ့ အား မမျှော် ချင်တော့ ပါပြီ ။ ဖေဖေ့ အား သနားမိ သည်နှင့် အမျှ မေမေ့ ကို မျှော်လင့်အား လျော့ခဲ့ပါ ပြီ ။ ချို ... လုံးလုံးလျားလျား ဖေဖေ့ ဘက်တော်သား စစ်စစ် ပဲ လုပ်ပါတော့မည် ။ ချို မရှိ လျှင် ဖေဖေ သေမှာ ပဲ ထင် ၏ ။ ဖေဖေ အသက် ရှင်နေ သရွေ့ ဘယ်တော့မှ ချို... ဖေဖေနှင့် မခွဲဘူး ။

ဒါပေမဲ့ ဖေဖေ က အမြဲ တမ်း အရက် ချည်း သောက် နေတော့ တာ ခက်သည် ။ ဖေဖေ အရက် သောက် တိုင်း ချို ... စိတ်ညစ် ရသည် ။ အလျင်တုန်း က တော့ ချို့ အား အပြစ် မရှိ ပြစ်ရှာ ၊ ဆူပူတတ် ၊ ရိုက်နှက် ကန်ကျောက်တတ် ၍ ကြောက်ရွံ့ စိတ်ညစ်ရတာ ဖြစ်သည် ။ ခုတော့ တစ်မျိုး ။ မူး လာလျှင် ချို့ ကို ဖက်ကာ ရှိုက်ကြီး တငင် ငိုကြွေး နေပြန် တော့သည် ။

“ ဖေဖေ စိတ် မပူပါနဲ့ ။ ချို ... မေမေ့ နောက် လိုက် မသွားပါဘူး ။ ဖေဖေ နဲ့ ပဲ နေမှာ ။ စိတ်ချ ” 

ချို လည်း သိတတ် သလောက် ၊ ဉာဏ် မီ သလောက် တော့ ဖေဖေ့ ကို ဖျောင်းဖျ အားပေးသည် ပင် ။ ဒါပေမဲ့ ချို ထိုသို့ ပြောမှ ပို ဆိုးတော့ သည် ထင်၏ ။ ဖေဖေ က ချို့ ကိုယ့်ခန္ဓာကလေး ကို လက် မှ လွတ်ထွက် သွား မလား ပူပန် လှ သလို ပိုလို့ တင်းကျပ်စွာ ဖျစ်ညှစ် ထွေးဖက် ထား တော့သည် ။ ချို ... အသက်ရှူ မဝ တော့ ဘဲ မွန်းကျပ်မောပန်း လာ လျှင်တော့ အာခေါင် ခြစ် ၍ အော်ဟစ် ပစ်ကာ အားကုန် သုံး ပြီး ရုန်းကန် တွန်းထိုး ပစ် လိုက်ချင်သည် ။ ဒါပေမဲ့ ဖေဖေ စိတ် ဆိုးမှာ ကြောက်သည် မို့ ချို မရုန်းကန်ရဲ ။ အသက် အောင့် ကာ မျက်စိ မှိတ် လျက် ငြိမ်သက် နေရ ပြန်တော့သည် ။

လောက မှာ ချို ... အကြောက်ဆုံး က ဖေဖေ ... ချို့ အား စိတ်ဆိုး မှာ ၊ စိတ်ကွက် ငြိုငြင် မှာ ကိုပဲ ဖြစ်သည် ။ ပြီး .. ချို ဖေဖေ့ ကို သနား လှပါသည် ။ ဖေဖေ သည် မေမေ့ အား စိတ်နာ မပြေသော် လည်း တစ်ရံမလပ် သတိရ နေတတ်သည် ဟု ချို ထင်ပါ သည် ။ ပြီး အလုပ် မှာ လက်ကြော မတင်းသော ဖေဖေ့ လက်ထက် မှာ ငတ် တစ်လှည့် ၊ ပြတ် တစ်လှည့် ရုန်းကန် ခဲ့သော မေမေ သည် တစ်ပါးသူ ထံ မှာ ထိတ်ထိတ်ကြဲ မချမ်းသာ လှ သည့် တိုင် ထမင်း တစ်ဝမ်း ကို သက်ပြင်းမော နှင့် ရောနှော မျို ချ ရမည့် အခြေအနေ မျိုး မဟုတ်တော့ တာ ဝမ်းသာစရာ ဖြစ် သော်လည်း ဖေဖေ့ သိက္ခာ ၊ မာန ကို မြေပေါ် ချနင်း ခံရသလို အထိ နာ စေသည် ထင်၏ ။

“ ခင်ဗျား ... တရားစွဲ ပစ်လိုက်ဗျာ ”

ပတ်ဝန်းကျင် ပြော စကား ကို မသိ ၊ မကြား သလို မထုံတက်သေး လုပ်ပြနေခဲ့
တာ ဟာ ဖေဖေ မေမေ့ အတွက် ငဲ့ညှာ စဉ်းစားပေးခဲ့
တာလို့ မေမေ သိနိုင်ခဲ့ရဲ့ လား ။ မေမေ့ လူကြီး က ငွေကြေး တစ်ထပ် နှင့် ဗန်းပြ လာ ကာ ပျားရည် နှင့် ဝမ်းချ သလို ပြုမူ လာ ခဲ့တော့ ယောက်ျား တန်မဲ့ မျက်ရည် ဖြိုင်ဖြိုင် ကျ ကာ စေပြုကြသမျှ နုခဲ့ရ ပြန်သည် လည်း အသည်း ခိုက် တမျှ နာကျင် ပင်ပန်းရမည် ဆို တာ မေမေ စာနာ ကြည့်တတ် စေချင်ပါသည် ။

မေမေ ၏ ဝမ်းမနာ သား သမီး တွေ က လည်း သိတတ် လိမ္မာကြသည် တဲ့ ။ ချို လည်း ဖေဖေ့ အတွက် သမီး လိမ္မာ ဖြစ် ရန် ကြိုးစား ဆင်ခြင် နေထိုင် ခဲ့ ပါသည် ။ လွန်ခဲ့သော နှစ် က မေမေ့ ဝမ်းမနာ သားလေး တစ်ယောက် ဆယ်တန်း ကို ဂုဏ်ထူး သုံးဘာသာ ဖြင့် အောင်မြင်ခဲ့သည် ။ မြို့နယ် မှ ကျင်းပသော ပညာရည်ချွန် ဆုပေးပွဲ မှာ မေမေ တစ်ယောက် စုံပဝါ ဘယ်ညာ ချ လျက် ပြုံးမော့ ဂုဏ်ယူ နေခဲ့တာ မမြင် သော် လည်း သတင်းတွေ ကြား ပါသည် ။ ယခု နှစ် မှာ ချို့ အလှည့် ဖြစ်သည် ။

“ ငါ့ သမီး ဆု ရလို့ က တော့ ကွာ ငါ ကိုယ်တိုင် ဆုပေးပွဲ လိုက် တက်မှာ ” 

အဘွား က မဲ့ပြုံး စွက်လျက် မျက်စောင်း ဝင့်ချီ ကာ ...

“ နင် က မူးရူး ပြီး ချဉ်တူးနံစော် နေတော့ ငါ့ မြေး မျက်နှာ ငယ်မှာပေါ့ ”

“ အမေ ကြည့် နေလိုက်ပါ ၊ ကျွန်တော် သမီး ဆယ်တန်း အောင်တဲ့ နေ့ မှာ ကျွန်တော် အရက် ပြတ် စေရမယ် ”

အဘွား က မယုံဘူး ဆို သော မျက်နှာဟန်ပန် ကို လွှဲဖယ် ပစ်ခဲ့ သည် ။

“ ဖေဖေ ၊ ဖေဖေ တကယ် ပြောတာလား ”

ဖေဖေက လှိုက်လှိုက်လှဲလှဲ ဦးခေါင်း ကို ဆက်တိုက် ညှိတ်ဆတ် ပြနေတော့တာ ။ အဘွား မယုံပေမဲ့ ဖေဖေ့ ကို ချို ယုံကြည်သည် ။ ကြည့် နေ .. ။ ချို ... အစွမ်းကုန် ကြိုးစား ပြမည် ။ ဖေဖေ့ အား သုရာတွင်း မှ ကယ်တင် နိုင်ရမည် ။

ချို ကြိုးစားခဲ့ပါသည် ။ ကြိုးစားသလောက် လည်း အရာ ထင် ခဲ့ပါသည် ။ ယခု နှစ် အောင်စာရင်း မှာ ချို့ နာမည် နှင့် ခုံနံပါတ် ကို ထင်ထင်ရှား ရှား မြင်နိုင်ခဲ့ပြီ မဟုတ်လား ။ ချို့ ခုံနံပါတ် နောက် မှာ ဂုဏ်ထူး ငါးဘာသာ ။

“ သူ့ အဖေ နဲ့ ဆက် နေ သွား လို့ က တော့ ကလေး ဖွတ် သထက် ညစ်မှာပဲ ”

မေမေ ၏ နှိမ်ချစော်ကား စကားတွေ ကို လည်း ဖေဖေ့ ကိုယ်စား ချေဖျက် ပစ်နိုင်ခဲ့ ပြီး မေမေ့ ရင်ခွင် နှင့် ကင်းလွတ်ပြီး မြော်မြင် စနစ်ကျ သော အုပ်ထိမ်းမှု ဖြင့် မနေရ သော်လည်း ချို ဟာ မေမေ့ သမီး ထက် သာလွန်ကြောင်း ကို ခုတော့ မေမေ သိပြီ မဟုတ်လား ... ဟား ... ဟား ။

ဒါပေမဲ့ တရွေ့ရွေ့ ကုန်ဆုံး လွန်မြောက်ခဲ့သော စာသင်ရက်တွေ အတွင်း မှာ တော့ ချို ... အလွန် အင်မတန် စိတ်ညစ်စိတ်ပျက် ခဲ့ရတာ ဖြစ်သည် ။ ဖေဖေ က ချို့ ကို သာ ဆင်ခြင် ထိန်းကွပ်မှု မဲ့ ကြိုးစားအား ထုတ်စေ ချင်နေသည် ။ ဖေဖေ ကိုယ်တိုင် ကျ တော့ နေ့စဉ် နှင့် အမျှ မူးယစ်ရမ်းကားမှု မလျှော့ ။

“ ဒီ ပုံစံ အတိုင်း ဆိုရင်တော့ ညည်း ... ဟို မိန်းမ ရဲ့ သား ကို ခြေဖျား တောင် မီ မှာ မဟုတ်ဘူး ချို ”

ချို့ အား ထို တစ်ယောက် နှင့် နှိုင်းယှဉ် နှိမ်ချ ၊ စော်ကား ခံ ရတာ လောက် အသည်းနာစရာ ကောင်းလှ တာ လောက မှာ မရှိတော့ပြီ ကို ဖေဖေ သိဖို့ကောင်းပါသည် ။ ထို ကောင်လေး အတွက် မေမေ က ဘာသာရပ်ဆိုင်ရာ ဆရာ အားလုံး ကို အိမ် အရောက် ပင့်ခေါ် ကာ ကျူရှင် ပေးခဲ့တာ ရော ဖေဖေ မသိ၍ လား ။ Study Guide လည်း သီးသန့် ထားပေးခဲ့ သေး တာ သတင်း မကြား၍ လား ။ ချို့ မှာတော့ ခက်ခဲ သော ဘာသာရပ် တချို့ အတွက် အချိန်ပိုင်း ကျူရှင် ပင် တစ်လ ပြည့်အောင် တက် ခွင့် မရခဲ့ပေ ။ ကျူရှင် လခ ပေးရန် သတ်မှတ် ရက် နီးလာ သော အခါ ထို ကျူရှင် ရှေ့ သို့
လမ်း ပင် ဖြတ် မလျှောက်ရဲ သော ဘဝ သို့ ရောက်ခဲ့ရသည် မဟုတ်လား ။

အိုကြီးအိုမ ဖြစ်သော အဘွား တစ်ယောက် တည်း လုပ်စာ ကို မှီခို စားသောက် နေ ကြရသော ချို တို့ သားအဖ မှာ ထမင်း နပ်မှန် နေတာ ပင် ကံကောင်း လွန်းလှပြီ ။ ကျောင်း တက် ခွင့် ရ နေသေးတာ ပင် မဟာ အခွင့်အရေးကြီး ဖြစ်တော့သည် ။

သို့ပေမဲ့ ကံကြမ္မာ သည် ချို့ အား တစ်ကြိမ် တစ်ခါ မျက်နှာသာ ပေးခဲ့ ပြန်ပါသည် ။ တပည့် ကျောင်းသား များ အပေါ် နားလည်စွာ စာနာ ဖေးမ တတ်သော ချို တို့ ဆရာ
က သူ စီစဉ်သော စာသင် ဝိုင်း တစ်ဝိုင်း မှာ ချို့ အား ပါဝင် စေခဲ့သည် ။ ငါးယောက်စာ စာသင်ဝိုင်း မှာ ချို့ အတွက် သင်တန်းကြေး တစ်စု ကို ကင်းလွတ်ခွင့် ပြုခဲ့သည် ။ အမှန်ဆို ချို ... ဆရာ့ ထံ မှ အကူအညီ ကို မလိုချင်ခဲ့ပါ ။ ဒါပေမဲ့ မေမေ့ ထံ မှ အထောက်အပံ့ ကို ပို လို့ မလိုချင် ။ မေမေ က သူ ထောက်ပံ့ရသည် နှင့် တန်အောင် ဖေဖေ ၏ အစွမ်းအစ မဲ့ပုံများ အကြောင်းအမြစ် ဖော်ဦးမည် ။ ပြီး ချို့ ကို သူ နှင့် အတူ လာ နေဖို့ စည်းရုံး ဦး တော့မည် ။ မေမေ့ ထံ မှာ မျက်နှာ အောက်ချ ရမည့် အတူ တူ တော့ သူစိမ်းတွေ ကြား မှာပဲ အောက်ကျ ခံတော့မည် ။

“ ညည်း ကြိုးစားနော် သမီး ။ ဒီနှစ် ထူးထူးချွန်ချွန် အောင် သွားရင် ညည်း တက္ကသိုလ် တက်ဖို့လည်း စီစဉ် ပေးမယ် ။ တကယ် ထူးချွန်တဲ့ သူ အတွက် ငွေ ရှိဖို့ မလိုပါဘူး ။ ပညာရေးဖောင်ဒေးရှင်း တွေ လည်း အများကြီး ရှိ နေတာ ညည်း လည်း ကြားသိ နေတာပဲ မဟုတ်လား ။ ကျောင်းစာ က လွဲပြီး တခြား ကိစ္စတွေ ညည်း ခေါင်းထဲ
မှာ ဘာမှ ထည့်ထားစရာ မလိုဘူး ”

ချို့ ခေါင်း ထဲ မှာ ကျောင်းစာတွေ လည်း ရှိ နေ ပါသည် ။ ပြီး ... အခြားသော အကြောင်းအရာ များစွာ ကို လည်း ချို မတွေးဘဲ မနေနိုင် ခဲ့ပါ ။ ထို နေ့ ရက်တွေ အတွင်း မှာ ဖေဖေ့ ကျန်းမာရေး လည်း တစစ ယိုယွင်း ၍ လာနေသည် ။ အစား မမှန် ၊ အအိပ် မမှန်ဘဲ အရက် ကို သာ ချိုးကပ် အောင် သောက်နေ တတ်တာမို့ မျက်နှာကြီး က ဖောရောင်ဖောင်းကြွ နေပြန် လျှင် ချို က ဖေဖေ့ အတွက် စိုးရိမ် ပိုရ ပြန်သည် ။

ဖေဖေ့ ကို အရက် ပြတ် စေချင်သည် ။ မေမေ့ သားလေး ထက် သာလွန် ထူးချွန်ချင်သည် ။ ဆရာ ၏ ကျေးဇူးတရား ကို သိတတ်တုံ့ပြန်ရန် မှာ လည်း စာ ကြိုးစားရန် တစ်နည်း သာ ရှိတော့ တာ မဟုတ်လား ။ ပြီး ဆက် လှမ်းရမည့် တက္ကသိုလ် ပညာရေး လမ်းခရီး အတွက် ရော ... ။

ချို ၏ နေ့ရက် အချိန်များစွာ တို့ သည် စာ ... ၊ ကျောင်း စာ ... ။ ကျောင်းစာ ပြီး လျှင် လည်း စာ ပဲ ဖြစ်တော့ပြီ ။

ခါတလေ စိတ်ပျက် လက်လျှော့ ချင် မိသည် ။ သို့ပေမဲ့ စိတ်ပျက် လက်ပျက် ကြား မှ ပင် စာအုပ် နှင့် မျက်နှာ ခွာ မရ ။ တစ်ခါတစ်ရံ နေ့ည အချိန်ကာလ တို့ ကို ချို သတိ မရနိုင် ။ အစားအသောက် ပင် မမှန်ချင် တော့ ။ ချို တစ်ယောက် အစာအိမ်နာ နှင့် အိပ်ရာ ထဲ တစ်ပတ်လောက် လဲပြို ရ ပြန်သည် ။ ဆရာဝန် က ...

“ လူ က အရမ်းလည်း ဖျော့ နေပြီ ။ အား ရှိမယ့် အစားအစာလေး တွေ ဂရုတစိုက် ကျွေး ပါ ။ ရက် နည်းနည်း လောက် အနား ယူ ဖို့ လည်း လိုအပ်တယ် ။ ဖြစ်နိုင်ရင် စာ ကို လည်း နားနားနေနေ ပဲ လုပ်ပါစေ ”

ဟင့်အင်း ဒေါက်တာ ။ ကျောင်းစာ ကို ရပ် ထားဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဒါပေမဲ့ လူ က နေရင်း ထိုင်ရင်း အလိုလို မောနွမ်း နုံးချည့် နေ သည် ။ တစ်ခါတစ်ရံ ရင်တွေ တလှပ်လှပ် ခုန် ၊ တဆတ်ဆတ် တုန် လျက် မတ်တတ် မှ ပင် ပစ်လဲကျ ချင်နေတတ် ပြန်သည် ။ ပို၍ ဆိုးတာ က ဦးခေါင်းတွေ အုံခဲ ကာ ထုရိုက် ခံထားရ သလို တဆစ်ဆစ် ကိုက်ခဲ နာကျင် ၍ နေတာပဲ ဖြစ်သည် ။ စာတွေ လည်း တစ်လုံး မှ မှတ်၍ မရတော့ဘူး ။ ချို့ ဦးနှောက် က မှတ်ဉာဏ် တွေ ထွက်ပြေး ကုန်ပြီလား ။ ချို ... တုန်လှုပ် ကြေကွဲလာ ရ ကာ တလှိုက်လှိုက် ဝမ်းနည်း ဆို့နစ် လို့ လာသည် ။ သတိ မထားနိုင် ခင် မှာ ဘဲ ချို့ မျက်ဝန်း မှာ မျက်ရည်တွေ စိမ့်အိုင် လာ တော့သည် ။ ကိုယ်ငွေ့ နွေးနွေး ပူ ရာ က ချစ်ချစ်တောက် လာခဲ့ တော့ လောကကြီး နှင့် ချို ... အဆက် ပြတ် ၍ သွားတော့ပြီ ။

ဒါပေမဲ့ နောက်ဆုံးကျ တော့ လည်း အရာ အားလုံး ကို ချို တစ်ယောက် အောင်အောင်မြင်မြင် အနိုင်ရခဲ့တာ ပဲ မဟုတ်လား ။ ချို သည် ပြုံးမော့မာန်ဝင့် လျက် မျက်နှာကလေး တချီချီ ။ ချို့ မျက် စိရှေ့ မှာ ပြန့်ကျဲ နေသော ကျောင်းစာအုပ်တွေ ကို တစ်အုပ် ချင်း ကောက်ယူ စုစည်းကာ ...

“ မေမေ့ သား ကြီး လာ ရင် သုံးဖို့ ယူ သွားလိုက်ပါ ။ ချို့ နုတ်စ်တွေ က အရမ်း ပြည့်စုံ လို့ သူငယ်ချင်းတွေ က လာ ... လာ တောင်းနေကြတာ ။ ချို က မောင်လေး ဖို့ ဆိုပြီး တမင် မပေးလိုက်ပဲ ချန်ထားတာ ”

မေမေ က တရှုပ်ရှုပ် ငို နေပြန် ရော ။ သူ့ သား ထက် ပို သာ သွားလို့ မနာလို ဖြစ်နေတာ မဟုတ်လား ။ ဖေဖေ က လည်း နေ့ဆက် ညဆက် မူး လို့ ချည်း နေ ပြန်တာပဲ ။ ဖေဖေ ပြော တော့ ချို ဆယ်တန်း အောင် ရင် အရက် မသောက် တော့ဘူး ဆို ။ ဖေဖေ လည်း ကတိ မတည်ဘူး ။ အဘွား က လည်း မြေး ရယ် ... ၊ မြေး ရယ် ဆိုပြီး တဖွဖွ ရေရွတ် ရင်း မျက်ရည်တွေ ကျ နေ လိုက်တာ ။ ချို တက္ကသိုလ် သွား လျှင် ခွဲရတော့ မှာ သိ၍ အစောကြီး ကြိုတင် ပူဆွေး နေသည်လား ။ အဘွား က တော့ စံ ပဲ ။

အိမ်ရှေ့ ဆီ မှာ ဖြတ်လျှောက် သွားကြသည့် အဖြူ ၊ အစိမ်း တစ်အုပ် က ချို တို့
စာသင်ဝိုင်း က သူငယ်ချင်းမ တွေ မဟုတ်လား ။ ချို့ ကို ကွက်ကြည့် ကွက်ကြည့် လုပ် နေ လို့ လက် တစ်ဖက် မြှောက် ပြ လိုက်ရသည် ။ တစ်ယောက် က စာရွက်ဖြူဖြူ တစ်ရွက် ကို ပြန် မြှောက် ပြ ကာ ...

“ ငါတို့ ဒီနေ့ မြန်မာစာ စ , ဖြေရတယ် ။ ဖြေနိုင်တယ် ”

ရိုက် မစစ်ရဘဲ အော် ပြော နေသေးတယ် ။ စကြွား မ .... ။ ငါ က အောင်ပြီးသား မို့ ခုလို အေးဆေး ဖြစ်နေတာ နင် မမြင်ဘူးလား ။

ချို့ ကို လည်ပြန် လှည့် တကြည့်ကြည့် နှင့် စကား တွေ တွတ်ထိုး နေကြပြန်ရင်း တစ်ယောက် က နားထင် ကို လက်ညှိုးကလေး နှင့် ထောက် ၊ လက်ဝါးကလေး ခါ ပြနေပြန် တော့ ကျန်သည့် သူ အားလုံး က ဝါးခနဲ ရယ် လိုက်ပြန်သည် ။ ဟွန်း ... ရယ်စရာ လည်း မဟုတ်ဘဲ နဲ့ ။ အရူးမ တွေ ။

မျက်စောင်းကလေး ယောင်ယောင် ဝင့် ကာ မျက်နှာ လွဲ လိုက်မိ လျှင် တော့ ချို ကိုယ်တိုင် လည်း ပန်းနု သွေး နှုတ်ခမ်းဖျား မှာ အပြုံးစလေးတွေ တလဲ့လဲ့ ဝေ လို့ပေ ။  ။

◾သတိုး

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၆ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment