❝ ကျွန်တော် တရားခံ ❞
( ၁ )
“ ဟဲ့ ... သောင်းသောင်း ၊ သူ က ဘယ်သူလဲ ”
“ ကိုဘသန်း တဲ့ ”
“ ဘယ်သူ့ သား လဲ ”
“ ဦးလေးခိုင် နဲ့ ရွှေရွှေတို့ သားလေ ”
“ သိပေါင်အေ ... သူတို့ မှာ ဘယ်နှယောက် ရှိသလဲ ”
“ နှစ်ယောက် အစ်မ ရဲ့ ၊ အကြီး က ကိုဘသန်း ၊ အငယ် က ကိုဘချမ်း တဲ့ ”
“ ဪ .. ဪ ”
ကိုဘသန်း သည် မမသောင်း ကို ပြုံး ကြည့်လိုက်သည် ။
“ ဒီလိုပဲလား ”
မမသောင်း က ခေါင်းညိတ် သည် ။
“ ကလေးတွေ ပြန်လာကြ တုန်း က ဘွားလေးကြည် အကြောင်း ပြောကြတယ် ၊ ဒါလောက်တောင် ဖြစ် နေတယ် လို့ မထင်မိဘူး ”
“ ဒီလိုပါပဲ ၊ ကြာလှပြီ ကော ”
“ ဟုတ်တယ် ၊ ကျွန်တော် မရောက်တာ လည်း ကြာ လှပြီ ။ ခုတောင် အလုပ် နဲ့ နွယ်ပြီး မရောက် ရောက်အောင် လာခဲ့ရတာ ”
ဇာတိ အညာ သို့ ကိုဘသန်း ပြန် မရောက်သည် မှာ ကြာပြီ ။ ပြန်ချင်စိတ် ရှိသော် လည်း စိတ်သွား တိုင်း ကိုယ် မပါသည် က များသည် ။ ရောက်ပြန် တော့လည်း ကြာကြာ မနေရ ။ ချက်ချင်း လိုလိုပင် ရောက်ပြန် ပြန် ရသည် က များသည် ။
ဇာတိ ပြန်ရသည် မှာ ကိုဘသန်း အဖို့ ဝမ်းနည်း ဝမ်းသာ ဖြစ်ရသည် ။ ဝမ်းသာ ရသည် မှာ မိဘ ဆွေမျိုးသားချင်း ၊ သူငယ်ချင်း ငယ်ပေါင်း တို့ နှင့် တွေ့ ရသော ကြောင့် ဖြစ်သည် ။ တစ်ဖန် တဖြည်းဖြည်း ယိုယွင်း လာသော သူတို့ ပတ်ဝန်းကျင် ကို မြင်ရသည့် အခါ စိတ် မချမ်းမသာ ဖြစ်ရသည် ။ ဝမ်းနည်း ရသည် ။ သူတို့ ရပ်ကွက် သူတို့ လမ်း မှာ အရင် က နှင့် မတူ ။ အခြေအနေတွေ အားလုံး ပြောင်း နေသည် ။ အရှေ့ဘက် အိမ် ၊ အနောက်ဘက် အိမ် ၊ တောင်ဘက် အိမ် ၊ မြောက်ဘက် အိမ် တို့၏ အခြေအနေ သည်ပင် ငယ်ငယ် က နှင့် မတူ ။ သူတို့ အခြေအနေ သည် ပြောင်းလဲသည့် ၊ တိုးတက်သည့် ဘက် သို့ ရှေး မရှု ။ ဆုတ်ယုတ် ယိုယွင်း သည့် ဘက် သို့ သာ ရှေးရှု ခဲ့သည် ။ ကိုဘသန်း တို့ ရပ်ကွက် သည် လက်လုပ် လက်စား များ သည့် ရပ်ကွက် ဖြစ်သည် ။ အစိုးရအမှုထမ်း ၊ စာရေး စာချီ အလုပ်ဖြင့် အသက်မွေး ကြသူများ လည်း ရှိသည် ။ ဗျပ်ထိုး ခေါင်းရွက် ဈေးသည် သာသာ လက်လီ ဈေးသည် တို့ လည်း ရှိသည် ။ ရှေးကမူ ရက်ကန်းသည် တို့ ၏ ရပ်ရွာ ဖြစ်သည် ။ ကိုဘသန်း ၏ ဆွေမျိုးသားချင်း တို့ မှာ ဈေးသည် လူတန်းစားများ သာ များသည် ။ ခေတ်ပြောင်း လာသည့် အခါ အများစု မှာ ဖွံ့ဖြိုး မလာ ။ ဆုတ်ယုတ်၍ သာ လာသည် ။ စက်ရက်ကန်း ခေတ် ရောက် လာ ရာ လက်ရက်ကန်းစင် တို့ မှာ မစားသာ ။ သူတို့ ရပ်ကွက် နှင့် ယှဉ်သော် အနောက်ပိုင်းသား တို့သည် ကြီးပွားချမ်းသာ ကြသည် ။ သူတို့ ကား ကုန်သည်ပွဲစား အလုပ် ကို အရင်းအနှီး ကောင်းကောင်း နှင့် လုပ်ကြသူများ ဖြစ်သည် ။ အနောက်ပိုင်း က ဘုရား သည် ပင် ရွှေရောင် တဝင်းဝင်း တလက်လက် ဖြစ်လာသည် ။ သူတို့ အရပ် က အလောင်းစည်သူ မင်းကြီး တည်ခဲ့သည့် ဆုတောင်းပြည့် ကူတော်ကြီးဘုရား မှာ တဖြည်းဖြည်း မွဲခြောက် လာသည် ။
ကိုဘသန်း တို့ အိမ် ၏ အနောက်ဘက် တွင် ကျောင်းဆရာ ဦးဘတင် နေသည် ။ သူ့ တွင် သားထောက် သမီးခံ မရှိ ၊ လေးဆယ်ကျော် ငါးဆယ် တွင်း သေရာ ကျန်ရစ်သူ မိန်းမ မှာ အိမ် ကို ရောင်းကာ အရပ်တစ်ပါး သို့ ပြောင်း သွားရသည် ။ တောင်ဘက် အိမ် ကို ကြည့်ပါဦး ။ သူတို့ လူမှန်း သိစ က ပင် အခြေယိုင် နေပြီ ။ အရှေ့ဘက် က မဂိုတိုက်ကလေး တွင် အထည်ကြီးပျက် အပျိုကြီး တစ်ယောက် နေသည် ။ သူ လည်း ကြီး မှ အိမ်ထောင် ပြု ရာ မကြာမီ ပင် မုဆိုးမ ဖြစ်ကာ ကျန်သည့် ပစ္စည်း ကို ထုခွဲ ရောင်းချ စားသောက် နေရသည် ။ ငယ်ပေါင်း တို့ တွင် ချမ်းသာ သူ ထက် ဆင်းရဲသူများ က များ လာသည် ။ စစ်ကြီး ပြီး လျှင် တောရပ် မှ မြေရှင်လယ်ရှင် တို့သည် သူတို့မြို့ သို့ တက် လာကာ အခြေစိုက် ကြသည် ။ တစ်ဖန် ပြည်တွင်း စစ်ကြောင့် တော တွင် မနေရဲ ကြ ။ မြို့ သို့ ပြေးလာ ကြသည် ။ အရင်းအနှီး တောင့်တင်းပြီး ဖြစ်ရကား ကိုဘသန်း တို့ ရပ်ကွက် တွင် တိုက်ကြီး အိမ်ကောင်း မှန် သမျှ ကို ဝယ်သည် ။ သို့နှင့် သူတို့ ရပ်ကွက် တွင် လွန်ခဲ့ သည့် အနှစ် နှစ်ဆယ် သုံးဆယ် က ငယ်ပေါင်း ကြီးဖော် တို့ တစ်စ တစ်စ ပျောက်ကွယ် သွားကြသည် ။ ကံကောင်း သူတို့ သာ အခြေမပျက် ဆက်လက် တည်တံ့ ကျန်ရစ် သည် ။ သည် အထဲ တွင် အခြေအနေ ကြီးမြင့် ကာ ရာထူးရာခံကြီး နှင့် မို့ မြို့ ကို ခွာပြီး ရန်ကုန် တွင် အခြေစိုက်သူ တို့ လည်း ရှိသေးသည် ။ သို့သော် ယင်းတို့ မှာ လူနည်း စု သာ ။ ကိုဘသန်း မှာ ရန်ကုန် တွင် အခြေစိုက် သူ ထဲ တွင် အဝင်အပါ ဖြစ် သော်လည်း ပစ္စည်း အားဖြင့် လည်း ကောင်း ၊ ရာထူး ရာခံ အားဖြင့် လည်းကောင်း ကြီးမြင့် သူ မဟုတ် ။ သို့သော် သူ့ နည်း တူ တောင်မင်း မြောက်မင်း မကယ်နိုင် အောင် ဆင်းရဲ ကံခေကြသူများ ကို ကား ကိုဘသန်း ကိုယ်ချင်းစာ ကာ သနားမိ သည် ။ သူတို့ အခြေအနေ ၊ ကိုယ့် အခြေအနေ တို့ ကို ယှဉ် ကြည့်ကာ ဝမ်း နည်း မိသည် ။ ထို့ကြောင့်ပင် ဇာတိ ကို မပြန်ချင်လှ ။ သို့သော်လည်း နွေဦးပေါက် လျှင် သမုန်းပွင့်သုတ် ကို လွမ်းသည့် ရောဂါ သည် တစ်ခါတစ်ရံ ထ လာသည် ။
“ ကုန်းမြေပြင်မှာလေ ၊ သမုန်းပင်ဆပ်သွားဖူးတွေနဲ့ ၊ ထပ်လူးကာ တောင်လေသုတ်ပြန်တော့ ၊ သမုဒ် ဒီငန်ရေ လာရော့ထင် ၊ ဘုတ်မြည်သံတွေကြား ... ဘုတ်မြည်သံ တွေကြား ၊ ဆူဆူငယ်ညံ ”
ချောင်းကမ်းပါး ထိပ် မှ လှည်းသမား ကိုမောင်လေး ၏ အသံသြကြီး နှင့် ဟစ် လိုက်သည့် ခွန်းထောက် ကို နား ထဲ တွင် ကြားယောင် လာသည့် အခါ မြေပဲဆန် နိုင်နိုင် ဆောင်းကာ ဆီချက် မွှေးမွှေး ဖြင့် သုတ် ထားသည့် သမုန်းပွင့်သုတ် ကို အမှတ်ရ လာသည် ။ ထို့အတူ ဆူးပုပ်ကလေး ဟင်းချို ၊ နှမ်းဖတ်ချဉ်ချက် တို့ ကို လွမ်းသည့်အခါ လွမ်း သည် ။ ယခုမူ ထို အလွမ်းရောဂါ တို့သည် အဖေ နှင့် အမေ ကို အမှတ်ရသည့် စိတ် နှင့် ပေါင်းဆုံ မိသည့်အခါ ကိုဘသန်း သည် ဧရာဝတီမြစ် အနောက်ဘက် ဒေသရှိ ပုဂံကျောက်စာများ ကို ရှာဖွေ ကူးယူရန် ဟူသော အလုပ် ကိစ္စ ဖြင့် ဇာတိ သို့ ရောက်လာခဲ့ လေသည် ။ သူ သည် သမိုင်းသုတေသနဌာန မှ ကျောက်စာသစ်များ ရှာဖွေရေး ဒုတိယ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ကလေး တစ်ယောက် ဖြစ်သည် မဟုတ်လား ။
“ ကျွန်တော် ခုနစ်ရက် လောက် နေမယ် အမေ ၊ ကလေးတွေ လာ ကြတုန်း က ပျော်ကြတယ် မဟုတ်လား ။ ကျွန်တော် ကြားပါတယ် ။ သူတို့ ဘွားလေးကြည် နဲ့ တဝါးဝါး နဲ့ ရယ်နေကြရဆိုပဲ ”
ဘွားလေးကြည် ခေါ် ဒေါ်စောကြည် မှာ ကိုဘသန်း ၏ အရီး ဖြစ်သည် ။ သောင်းသောင်း မှာ ဘွားလေးကြည် ၏ တစ်ဦးတည်း သော သမီး ဖြစ်သည် ။ သူ သည် အပျိုကြီး ဖြစ်ပြီး မူလတန်းကျောင်းဆရာမကြီး ဖြစ်လာသည့် အခါ ဒေါ်ကြည်ဆွေ ဟု နာမည် ပြောင်း ထား လေသည် ။ သူ့ အဖေ မှာ ဂျပန်တက်စ က ပင် သေခဲ့သည် ။
“ ကိုပြူးကျယ် တို့ အမာ တို့ လာတုန်း က ပျော်လိုက် ကြတာကွယ် ၊ အောက်ကျင်း က သူတို့ ဘဘကြီး ဝိုင်း ထဲ မှာ ဆီးတော်သီးတွေ က သီးချိန် မဟုတ်လား ။ ပြီးတော့ ဦးညီလေး ဝိုင်း ထဲ သွားပြီး ဆီးသီး ခူးကြ ၊ မာလကာသီး ခူးကြနဲ့ ကိုဘသန်း သားတွေ ပြည်တော် ပြန်ချင်ဟန် မတူဘူး ”
သောင်းသောင်း က ဝမ်းသာအားရ ပြောသည် ။ ကိုဘသန်း သည် ဆီးသီး သီးချိန် ကို လွမ်းမိ လေသည် ။ လူပျိုပေါက် အရွယ် က ကိုပြူးကျယ် တို့ အမေ မခင်သိန်း ကို ဆီးသီးသီးချိန် မှာ ပင် သူ့ အဘိုး ဝိုင်း ထဲ သို့ ခေါ် လာပြီး ဆီးတော်သီးတွေ အားရပါးရ ခူးပေးကာ ကြည်နူး ရသည် ကို သတိရလာသည် ။
“ အင်းလေ ... သူတို့ တစ်တွေ အားလုံး ကျောင်း ပိတ် ရက် ဆုံတာနဲ့ လွှတ် လိုက်တာပဲ ။ ကလေးတွေ က အညာ က ဆွေမျိုးတွေ ဆီ သိပ် သွားချင်တာ ။ ဖအေ့ ဆွေမျိုး ရော ၊ မအေ့ ဆွေမျိုးရော သူတို့ မတွေ့ ရတာ ကြာပြီ မဟုတ်လား ”
ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် မူ ကျောင်းပေါင်းစုံ ပိတ် သဖြင့် အညာ သွားရေး အဆင်ပြေသည် ။ သို့မဟုတ် လျှင် သားသမီး လေးယောက် ကျောင်း ပိတ်ချိန် ညှိ၍ မရ ။ အကြီး နှစ်ယောက် မှာ တက္ကသိုလ် ရောက် နေရာ အငယ် နှစ်ယောက် ၏ အထက ကျောင်း ပိတ်ချိန် နှင့် မတိုက် ဆိုင် ။ ကျောင်း ပိတ်ချိန် ဆုံသည့် နွေ ရောက် ပြန်တော့ သူတို့ အညာ မှာ ချစ်ချစ်တောက် ပူသည့် အချိန် ဖြစ် လေရာ သွားဖို့ မကောင်း ။ အကောင်းဆုံး အချိန် မှာ အသီးအနှံ ပေါ သည့် သီတင်းကျွတ် တန်ဆောင်မုန်းရာသီ ပင် ဖြစ်သည် ။
“ မအမာ နဲ့ သူ့ အဘွားလေးကြည် တို့ တော့ အချီအချ ပြော ကြတာပဲ ။ ကိုဘသန်း သမီး ကလည်း အစွာပဲ ။ တစ်ခွန်း မခံဘူး ပြန်ချေတယ် ” ဟူ၍ မမသောင်း က ကိုဘသန်း ကို ပြန် ပြောပြသည် ။
“ ဟုတ်တယ် ၊ အမာ က စွာတယ် ။ အကြီး နီနီ က အေးတယ် ။ ကိုပြူးကျယ် နဲ့ ကိုဒုံးပျံတို့ က တော့ တဟား ဟား နေမှာပဲ ”
“ သူတို့ က ဘွားလေး ကို စ ဟို က လည်း ပြန်ပြော နဲ့ တဟား ဟား ပေါ့ ”
ကိုဘသန်း ၏ အိမ်သူ မခင်သိန်း မှာ လည်း ဆွေမျိုး မကင်းသော တစ်ရပ်တည်း သားချင်း ဖြစ် လေရာ သူ့ ဇာတိ ကိုယ့် ဇာတိ ခွဲခြား မနေရ ။ ဒီဇင်ဘာလ တွင် မူ မခင်သိန်း သည် သားသမီး လေးယောက် ကို ခေါ် ကာ အညာ သို့ သွား ခဲ့သည် ။ မြောက်ပိုင်း သူ့ အဒေါ် အိမ် တွင် တည်း သည် ။ ယောက္ခမ အိမ် သို့ နေ့တိုင်း ရောက်သည် ။ မြေးများ ရောက်လာသည့် အခါ အဘိုး ရော အဘွား ပါ တအား တက်ကာ နေကောင်း ထိုင်ကောင်း ဖြစ်လာသည် ၊ ပျော် လာသည် ။ မခင်သိန်း အဒေါ် အိမ် တွင် လည်း မခင်သိန်း တစ်ယောက် သားသမီးတွေ နဲ့ ရောက်လာ သတဲ့ ဟု သတင်း စကားကြားသည် တွင် ဆွေမျိုး မိတ်ဆွေများ လာ တွေ့ ကြသည် ။ ကိုဘသန်း အဖေ အမေ အိမ် ရောက် ပြန် လျှင် လည်း ဦးလေးခိုင် တို့ ဘွားလေးရွှေ တို့ မြေးတွေ ရောက်လာ သတဲ့ ဆိုကာ ဆွေမျိုးများ လာ တွေ့ကြသည် ။
ထိုအခါ ဘွားလေးကြည် သည် စိတ်ရှုပ် လာ ဟန် တူသည် ။ အိမ် တွင် လူတွေ များလာသည် ။ မျက်စိ နောက် လာသည် ။
“ ဟဲ့ ... သောင်းသောင်း တို့ အိမ် ပြန် ပြောင်းကြရ အောင် အေ ၊ သူတို့ အိမ် မှာ ရှုပ်လှပါတယ် ။ ငါ ဖြင့် ဘယ်သူတွေ မှန်း ကို မသိပါဘူး ။ ဟော တစ်ယောက် ဟော တစ်ယောက် ရောက်လာ ကြတာပဲ ”
“ အဲဒါက ကိုဘသန်း သားသမီးတွေ အစ်မ ရဲ့ ။ အကြီးဆုံး က ကိုပြူးကျယ် ၊ နံပါတ်နှစ် က နီနီ ၊ နံပါတ် သုံး က ကိုဒုံးပျံ ၊ နောက်ဆုံးပိတ် က အမာ ”
“ ဟိုတလော က တစ်ယောက် လာပါ သေးတယ် ”
ဘွားလေးကြည် မျက်စိ လည်မည် ဆို က လည်း လည်စရာပင် ။ တလောက ရောက်လာ သူမှာ ကိုဘချမ်း ၏ သား ကိုပေါက်တူး ဖြစ်သည် ။ ဝသတက္ကသိုလ် ကျောင်းတော်သားကြီး ကိုပေါက်တူး သည် အသုံးလုံး လုပ်အားပေး အဖြစ် အညာ သို့ ရောက် လာရာ အဘိုးအဘွား အိမ် တွင် တစ်ည အိပ် သွား သေးသည် ။
“ အားလုံး ရန်ကုန်သူ ရန်ကုန်သားတွေ ဖြစ်နေကြ ပြီပဲ ။ တို့ တစ်တွေ လည်း ကြီး လာပြီကွယ် ၊ တစ်နှစ် တစ်ခါ လောက် တော့ မှန်မှန် လာကြပါ ”
မမသောင်း က ဝမ်းနည်းသံလေး နှင့် မှာသည် ဟု ကလေးများ က သူတို့ အဖေ ကိုဘသန်း ကို ပြန် ပြော သည် ။ ဟုတ်သည် ။ ကိုဘသန်း မှာ အညာ ဇာတိ ။ သို့သော် ရန်ကုန် တွင် ကြီးသည် ။ သားသမီးများ ၏ ချက်မြှုပ် မှာ ဒပ်ဖရင် ဖြစ်သည် ။ သို့သော် လည်း သူ့သား သမီးများ ကို အညာ ရင်ငွေ့ ပေးချင်သည် ။ ရိုးသားဖြူစင် သည့် အညာစရိုက် ကို သိနားလည် စေချင်သည် ။ ရန်ကုန် တွင် တွေ့ရသည့် ပျံကျ လူလည်တွေ ၏ စရိုက် နှင့် အညာ စရိုက် ၊ ရေ နှင့် ဆီ လို ကွာခြားပုံ ကို သူ့ သား သမီးများ သိနားလည် စေချင်သည် ။
“ ရန်ကုန် နဲ့ နယ် က မြို့ကလေး ဆိုရင် အဲဒီ မြို့ ကလေးတွေ မှာ ရှိကြတဲ့ သူတွေ က ပိုပြီး ရိုးသားတယ် ၊ ဖြူစင်တယ် ၊ မကောက်ကျစ်ဘူး ၊ မလိမ်မညာကြဘူး ၊ အချင်းချင်း လည်မလှီးကြဘူး ၊ တစ်ခါ မြို့ကလေး နဲ့ တောရပ် ဆိုရင် တောက လူတွေက ပိုပြီး ရိုးသားတယ် ၊ ဖြူစင်တယ် ၊ မလိမ်တတ်ဘူး ၊ မကောက်ကျစ်တတ်ဘူး ။ ဘာလို့ ဒီ စိတ်ဓာတ်တွေ ဖြစ်နေရတာလဲ ၊ အခြေခံ က စီးပွားရေး ပဲ ။ ရန်ကုန် မှာ အချင်းချင်း လူလည် ကျနိုင်မှ ၊ အချင်းချင်း မျက်ခုံးမွေး ပေါ် စင်္ကြံ လျှောက်နိုင် မှ စားရ သောက်ရမယ် ၊ ကား စီးရမယ် ၊ ရာထူးရာခံ ရမယ် ၊ ကြီးကျယ်မယ် ။ အဲဒါကို လည်း အဲဒီ ကြီးကျယ်တဲ့ ရာထူး ရာခံကြီးတဲ့ ချမ်းသာတဲ့ လူတွေ က အရသာ ခံကြတယ် ။ မြို့လေးတွေ နဲ့ တောရပ်တွေ မှာ စီးပွားရေးပုံစံ က ရန်ကုန် လောက် ရုန်းဟကန်ဟ သိပ် မလုပ်ရသေးဘူး ။ ရုန်းရ ကန်ရ ရင် ခက်ခဲကျပ်တည်း လာရင် အဲဒီ အရပ်တွေ က လူတွေ လည်း အားလုံး လိမ်ကြ ၊ ညာကြ ၊ ကောက်ကျစ် ကြ ဖြစ်ကုန်မှာပဲ ။ တစ်တိုင်းပြည်လုံး လူညာတွေ ၊ လူလိမ်တွေ ၊ တန်ဖိုးမရှိတဲ့ လူတွေ ဖြစ် ကုန်မှာပဲ ”
ကိုဘသန်း သည် သူ့ သားသမီးများ အား အကြောင်း တိုက်ဆိုင် လာသည့် အခါ ဤသို့ ပြောပြ တတ်သည် ။ ထို့ကြောင့်ပင် ဒပ်ဖရင် ချက်မြှုပ် ကိုပြူးကျယ်တို့ ၊ ကိုဒုံးပျံ တို့ ကို အညာ သို့ ခဏခဏ သွား စေချင်သည် ။
“ အဖေ ရယ် ပြန်တော့မယ် ဆိုတော့ ဟိုအိမ် က လက်ဆောင်လေး လာ ပေးလိုက် ၊ ဒီအိမ် က ဆီးပြားလေး လာပေးလိုက် ၊ ပြီးတော့ မြေပဲဆားလှော် ၊ ဆီးတော်ဖီ ၊ သနပ်ခါးတုံး တွေ လည်း အများကြီး ရ လာခဲ့တယ် အဖေ ကြီးရဲ့ ။ မိမာ တို့ နောက် တစ်ခေါက် သွားဦးမယ်နော် ” ဟု အမာ က အသက် မရှူဘဲ ဆိုသည် ။
“ အေး ... အဲဒါလည်း အညာ ရဲ့ ချစ်စရာ့ ယဉ်ကျေးမှု တစ်ခု ပဲ ”
“ တစ်ညနေ မှာ အမေကြီး တို့အိမ် ထမင်း သွား စား တယ် ၊ ထမင်း စားကြတော့ ဘွားလေးကြည် တို့ က ဝက်ဆုတ်ဝက်သည်းဟင်း တစ်ခွက် လာပေးတယ် ။ ပြီးတော့ ‘ ကိုမြတ်ခိုင် မလေးရွှေ တို့ မြေးတွေ ထမင်း ကျွေးတယ် ဆိုပြီး တို့များ ကပ်စား ရမလား အောက်မေ့ပါတယ် ။ အခုတော့ တို့ကတောင် ဟင်းပေးရသေးသဟဲ့ ’ လို့ ပြောပြီး ‘ ဧည့်သည် ဆိုတာ အလှစားရတယ်အေ့ ၊ အဝ မစားရဘူး ’ လို့လည်း ပြောသေးတယ် ။ အဲဒီ ည က သမီးတို့ အမေကြီးတို့ အိမ် မှာ အိပ်ကြတယ် ။ မနက်လင်း တော့ ‘ ဟဲ့..ဒါတွေက ဘယ်သူတွေလဲ ၊ ဘယ်သူ့ကလေး … တွေလဲ ’ လို့ လာ မေးပြန်ရော ဘွားလေးကြည်က သိပ်ရယ် ရတာပဲ ”
ဘွားလေးကြည် တွင် မေ့ တတ်သည့် ရောဂါ ရနေ သည် ။ သုံးလေးနှစ် ရှိပြီ ဟု ဆိုသည် ။ လွန်ခဲ့သည့် လေး ငါးနှစ် က ကိုဘသန်း တစ်ခေါက် ရောက်သည့် အခါ နည်းနည်း မေ့ချင် သလို ဖြစ် နေသည် ကို ပြန်၍ အမှတ်ရ သည် ။ ထိုစဉ်က မူ ထုံးစံ အတိုင်း တွေ့ကာ နှုတ်ဆက် ။ ခဏ နေ ပြီး လျှင် ကန်တော့ ကာ ပြန်ခဲ့ရသည် မို့ အကျိုး အကြောင်း ပင် ကောင်းကောင်း မပြောရ ၊ မဆိုရ ။ ယခုကား စိမ်ပြေနပြေ ပြောဆိုခွင့် ရပြီ ။
ဘွားလေးကြည် နှင့် သောင်းသောင်း တို့ သည် ကိုဘသန်း တို့ အဖေအမေ များအိမ် နှင့် မလှမ်းမကမ်း တွင် နေ ကြသည် ။ ဂျပန် ဝင်စ က ပင် သောင်းသောင်း အဖေ ဆုံးသည် ။ စီးပွားရေး အဆင် မပြေ ။ အသက် ထောက် လာ သည့်အခါ အမှီသဟဲ လို လာသည် ။ ဖေးမကူမည့် သူ လို လာသည် ။ ကျီးစောင့် ကြက်နှင် လို လာသည် ။ ထို့ကြောင့် ဦးမြတ်ခိုင် နှင့် ဒေါ်လေးရွှေ တို့က ဘွားလေးကြည် တို့ သားအမိ ကို သူတို့ နှင့် အတူ လာ ၍ ပေါင်း နေ စေသည် ။ သောင်းသောင်း တို့ အိမ် ကို မူ အငှား ထား ခဲ့သည် ။ ဤသို့ဖြင့် မောင်နှမ နှစ်အိမ်ထောင် အတူ နေ ကာ ကိုယ့် အိုး နှင့် ကိုယ် ချက်စား ကြသည် ။ ဦးမြတ်ခိုင် တို့ က လည်း လင်ကိုယ် မယား နှစ်ယောက် တည်း ။ ဘွားလေးကြည် တို့ ကလည်း သားအမိ နှစ်ယောက် တည်း ။ ဦးမြတ်ခိုင်နှင့် ဘွားလေးကြည် မှာ မောင်နှမ တစ်ဝမ်းကွဲ တော်သည် ။ ဒေါ်စောကြည် တွင် ဒေါ်စောရီ ဟူသော အစ်မ အရင်း တစ်ယောက် ရှိသေးသည် ။ ဒေါ်စောရီ ၏ ခင်ပွန်း မှာ အရင် သေသည် ။ သည့်နောက် နှစ်နှစ်ခန့် အကွာ တွင် ဒေါ်စောရီ သေသည် ။ သူတို့ တွင် လည်း သားထောက် သမီးခံ မရှိ ။
“ မနက်ဖြန် မနက် ဘာ ချက်မလဲ အမေ ။ နှမ်းဖတ်ချဉ်ချက် ရယ် ၊ ဝက်သား နဲ့ ခရမ်းသီး ရယ် ။ ပြီးတော့ ငရုတ်သီးစပ်စပ် ကို ကြက်သွန်ဖြူ နဲ့ထောင်း ၊ ဘူးရွက် ဟင်းချို ကို ဆီလေး ဝေ့ပြီး ဆမ်းလိုက် ၊ ပဲသီးသုပ် ၊ မောင် မခေါ်ပဲဟင်း ။ ပြီးတော့ ဆူးပုပ်ရွက်ဟင်းချို ၊ အဲ ... အဲ ... သမုန်းပွင့်သုတ် ”
“ အမယ်လေးဟဲ့ ... ငါ့သား မလည်း စားချင်တာတွေ စဉ်းစားပြီး တစ်ခု စီ ပြော နေတော့တာပဲ ”
ရောက်သည့် ည တွင် သား ကြောင်း ၊ သမီး ကြောင်း ၊ ဆွေကြောင်း မျိုးကြောင်း ပြောရသဖြင့် ညဉ့်နက် မှ အိပ်ရ သည် ။ အိမ်နီးနားချင်း တို့ ကလည်း ကိုဘသန်း ကို လာ၍ တွေ့ ကြသည် ။ ဆွေမျိုးသားချင်း ရော မိတ်ဆွေ အပေါင်းအသင်း တို့ ပါ သတင်းကြား နှင့် ရောက် လာ ကြသည် ။ ကိုဘသန်း သည် သူ့ အဖေ အမေ တို့၏ အိမ်နီးနားချင်း များ ကို ကျေးဇူးတင် မိသည် ။ အဖေ နှင့် အမေ အဒေါ် တို့ ကို သူတို့ တစ်တွေ သည် ကြည့်ရှု စောင့်ရှောက် ကြ သည် ။ တစ်ဦး ကို တစ်ဦး စောင့်ရှောက်ကြသည် မှာ အညာ ၏ စရိုက် ဖြစ်သည် ။ အိမ်နီးချင်းကောင်း ပီသစွာ သူတို့ သည် နှုတ် ၏ စောင်မခြင်း ၊ လက် ၏ စောင်မခြင်းတို့ ပြုလုပ် ကြသည် ။ မည်သို့ ဖြစ်စေ ကိုဘသန်း ကား သူတို့ ကို ကျေးဇူး တင်မိသည် ။
ဆွေမျိုးသားချင်း တို့ အနက် ညီမများ ၊ နှမများ သည် သူတို့ အစ်ကို ကိုဘသန်း ကို ဘယ်လောက်များ ကြီး ကျယ်လေသည် ဟု အောက်မေ့လေသည်လည်း မသိ ။ ဒီ ကိစ္စလေးတော့ ရန်ကုန် မှာ ပြောဆို ပေးပါ အစ်ကိုလေး ရဲ့ ဆိုသူ တစ်မျိုး ။ သူ့ သားလေး အလုပ် တစ်ခု ခု ရအောင် ကိုကိုသန်း ဆောင်ရွက် ပေးပါ ဟု ဆိုသူ က တစ်ဖုံ ။ ကိုဘသန်း မှာ မနည်းပင် ဣန္ဒြေ ဆည် ကာ “ လိုအပ်သည်တို့ ကို ညွှန်ကြား သွားမည် ” ဟု ခပ်တည်တည် အာလူး ပေး ခဲ့သည် ။ ထိုအခါ နှမများ ညီများမှာ စီးကရက် ကိုယ်စားလှယ် ရသည့် အလား များစွာ ကျေနပ်သွားကြ လေသည် ။ သို့နှင့် ရောက်သည့် ည တွင် ညဉ့်နက် မှ အိပ်ရ သဖြင့် နောက် တစ်နေ့ တွင် အိပ်ရာ ထ နောက်ကျခဲ့ သည် ။
အိပ်ရာ မှ ထ ပြီး နောက် မီးဖိုဘက် သို့ တစေ့တစောင်း အကဲခတ် လိုက်သည်တွင် အိမ်မကြီး နှင့် မီးဖိုအကူး တံခါးဝ တွင် ထိုင် နေသော ဘွားလေးကြည် က ကိုဘသန်း ကို လက်ညှိုး ထိုး ကာ ...
“ သူ က ဘယ်သူလဲ ” ဟု သောင်းသောင်း အား မေး လေသည် ။
“ ကိုဘသန်း တဲ့ ”
“ ဘယ်သူ့ သားလဲ ”
“ ဦးလေးခိုင် နဲ့ ရွှေရွှေ သား ”
“ ဪ … ဪ ”
ကိုဘသန်း ကား ပြုံးရုံ သာ ပြုံးမိသည် ။ ခဏကြာ လျှင် ကိုဘသန်း အား ...
“ နေပါဦး ၊ မင်း က ဘယ်သူလဲ ”
“ ကိုဘသန်း တဲ့ ”
“ ဘယ်က လာတာလဲ ”
“ ရန်ကုန် က … ”
“ တို့ လည်း ရန်ကုန် တစ်ခေါက် လောက် လေယာဉ် ပျံကြီး နဲ့ ထီပေါက် မှ သွားဦးမကွယ် ”
“ ကျွန်တော် စင်းလုံးငှားပြီး ခေါ်ပါ့မယ် ၊ ဘွားလေးကြည် နဲ့ မမသောင်း တို့ လိုက်ခဲ့ကြပေါ့ ”
ကိုဘသန်း သည် ဈေးဘက် သို့ တစ်ခေါက် ထွက် ကာ မုန့်ဟင်းခါး ၊ လက်သုပ် စားသည် ။ ဗယာကြော် ၊ ဝက်သားလုံး ၊ ဝက်အူတောင့် တို့ နှင့် မုန့်ဟင်းခါး လက်သုပ် ကို မစားရသည် မှာ အတော် ကြာပြီ မို့ အရသာ တွေ့ သည် ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ ၊ ဆွေမျိုးများ အိမ် ကို တစ်ပတ် လှည့် ပြီးနောက် အိမ်ပြန် ရောက်သည့် အခါ ဆယ့်တစ်နာရီ ခွဲ နေပြီ ။ သို့သော် အိမ် မနှံ့သေး ။ အိမ်ပြန် ရောက်သော် ထမင်း စားရန် အဖော်ပင် မကျန် တော့ ။
သူ ထမင်း စား နေခိုက် “ ဟဲ့ ... မလေးရွှေ ၊ ငါ ထမင်း စားပြီးပြီလား ” ဟူသော ဘွားလေးကြည် ၏ အသံ ကို ကြားရ ပြန်သည် ။ ဘွားလေးကြည် သည် သူ့ အခန်းဝ တွင် ရပ်ကာ ကိုဘသန်း ကို တွေ့၍ ကြည့် နေ ပြန်သည် ။
“ မနက် က ထမင်းလေး တစ်ထပ် တော့ ပြီးပြီ ၊ ထမင်း ကြီး မပြီးသေးဘူး ။ ဆာ ပြီလား ၊ ဆာရင် စားလေ ။ ကြောင်အိမ် ထဲ မှာ မသောင်း ခူးခပ် ထားခဲ့တဲ့ ထမင်းဟင်း တွေ ရှိတယ် ” ဟု ကိုဘသန်း အမေ က ပြော လိုက် လျှင် မီးဖို ထဲ မှာ ပင် တမြုံ့မြုံ့ စားနေသည် ။
“ နေပါဦး …. မလေးရွှေ ရဲ့ ၊ တလောက ရန်ကုန် က လာကြတာတွေ က ဘယ်သူတွေ လဲ ”
“ ကိုဘသန်း မိန်းမ နဲ့ သူ့ သားသမီးတွေ လေ ၊ ကိုပြူး ကျယ် တို့ ၊ ကိုဒုံးပျံတို့ ”
“ နာမည် က လည်း ပြူးကျယ် ရယ် လို့ ကွယ် ”
“ မျက်လုံး က ပြူးတယ် ဘွားလေးကြည် ရဲ့ ၊ အငယ် ကောင် ဆိုရင် မြန် လိုက်တာ လှစ်လှစ် လှစ်လှစ်နဲ့ နေ တာပဲ ”
“ မင်းတို့ ရန်ကုန် ငါ လိုက်ခဲ့မနော် ”
“ လိုက်ခဲ့ပါ ... လိုက်ခဲ့ပါ ”
သည်လို အခါမျိုးတွင်ကား ဘွားလေးကြည် သည် လူကောင်း ပကတိ ပင် ဖြစ်သည် ။ ရင်းနှီးသည့် ဆွေမျိုး သားချင်းတို့ နှင့် တွေ့သည့် အခါ ငယ်ငယ် က အဖြစ် အပျက်တို့ ကို အမှတ်ရ ပြောဆို တတ်သည် ။ သို့သော် လူ ကို မူ မေ့သည် ။ ဘွားလေးကြည် ၏ ပင်ကို သဘာဝ မှာ ခပ်အေးအေး နေ တတ်သည် ။ စကား သိပ် မပြော ။ သမီး တစ်ယောက် တည်း ကို သာ အရိပ် တကြည့်ကြည့် နေလေ့ ရှိသည် ။ သူ ခင် သည် မှာ ကိုဘသန်း တို့အဖေ ဦးမြတ်ခိုင် ၊ သူ့ အနီး ပတ်ဝန်းကျင် မှ အတူ နေ ညီမ ဝမ်းကွဲများ ၊ တူ တူမ ဝမ်းကွဲများ ပင် ဖြစ်သည် ။
ကိုဘသန်း ကား နေရ သမျှ ရက် အတွင်း ဘွားလေး ကြည် နှင့် စကား ပြော ကာ သဘောကျ နေသည် ။ သူ့ ကို စ လျှင် တစ်ခွန်း မခံ ချက်ချင်း ပြန်၍ ချေသည် ။
တစ်ညနေ တွင် ကိုဘသန်း ၏ အစ်မ တစ်ယောက် အိမ် သို့ ရောက် လာသည် ။ သောင်းသောင်း နှင့် လည်း သူငယ်ချင်း မို့ အိမ် ဝယ် ချင်သည့် အကြောင်း စကားစပ် ကြရင်း “ ဟိုဘက်နား က ကိုဘချစ် တို့ သုံးပင်လေးခန်း အိမ်လေး တောင် တစ်သောင်း တဲ့ မသောင်း ရဲ့ ” ဟု ပြော သည့် အခါ ဘွားလေးကြည် က “ ဟဲ့ ... ဒီလို ဆိုရင် တို့ အိမ် ရောင်းမယ် ဆိုရင် သောင်းငါးထောင် တော့ ရမှာပဲ ” ဟု ဆိုသည် ။
“ အံမယ် … မသောင်း ရဲ့ ၊ အမေ က ဒီလို ဆိုတော့ အတည့်ပါလား အေ့ ”
“ ဟေ့ ... ငါ က မတည့်လို့ စောင်းနေရမှာလား ၊ ညည်း စကား က ကြည့် လည်း ပြောပါအေရဲ့ ” ဟု ဘွားလေး ကြည် က ဒိုးဒိုးဒက်ဒက် ပြန် ရန်ထောင် လိုက်သည် ။ ကိုဘသန်း တို့ မှာ ရယ်နေကြရသည် ။
ထို ည မှာ ပင် ကိုဘသန်း တို့ အိမ် သို့ ပွဲကတော် ဒေါ်ခင်မိ ရောက် လာသည် ။ ဒေါ်ခင်မိ တို့ မှာ အနည်းငယ် ချောင်လည် ကာ ရွှေတွဲလွဲ ငွေတွဲလွဲ နှင့် ဖြစ်သည် ။ မကြာမီ က တိုက် ကို ပြင် ဆောက်သည် ။ ဒေါ်ခင်မိ သည် တလောက အိမ် သို့ အလာ တွင် ဘွားလေးကြည် ကို နှုတ် မဆက်ဘဲ ဦးမြတ်ခိုင် နှင့် ဒေါ်လေးရွှေ တို့ နှင့် သာ စကား လက်ဆုံ ကျနေသဖြင့် ဘွားလေးကြည် မကျေနပ် ။
“ သူတို့ က တိုက်ဆောက် ရလို့ မာနကြီးတာ ဟဲ့ ၊ ဟေ့ ... သောင်းသောင်း တို့ လည်း ထီ ပေါက် ရင် တိုက် ဆောက်မယ်အေ ” ဟု ထေ့ လိုက်သည် ။ ယခုကား ဒေါ်ခင်မိ သည် ဘွားလေးကြည် ကို အရင် နှုတ်ဆက် ရ သည် ။
ကိုဘသန်း ရောက် နေ ခိုက် မှာ ပင် သူ့ အဖေ ဦးမြတ်ခိုင် တစ်ရက် နှစ်ရက် ခန့် ဖျား သည် ။ ထိုအခါ ဘွားလေးကြည် မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် နေ သည် ။ သူ့ မောင် ၏ ခြေထောက် ကို ဆုပ်နယ် ပေးသည် ။ မောင် က လက်အုပ် ချီ သည့် အခါ ဘွားလေးကြည် က “ ငရဲ မကြီးပါဘူးကွယ် ၊ သာဓု … သာဓု ၊ ငါ့မောင် မြန်မြန် ပျောက်ပါစေကွယ် ” ဟု ဆုတောင်းသည် ။ ကိုဘသန်း သည် ထို မြင်ကွင်း ကြောင့် ရင် ထဲ တွင် ဆို့ လာသည် ။ တစ်ဖန် ဘွားလေးကြည် က “ ကိုမြတ်ခိုင် ရေ ... တို့ မင်းတို့ အိမ် ပြောင်း နေတယ်ဟေ့ ၊ သိလား ” ဟူ၍ လည်း ပြော သေးသည် ။ ထိုအခါ ကိုဘသန်း အမေ ဒေါ်လေးရွှေ က ရယ်သည် ။
“ အံမယ် …. ညည်း က ဘာ သိလို့လဲ ၊ အား မငယ် အောင် အားပေးရတာပေါ့ အေ့ ” ဟု ဆိုသည် ။
အိမ် ပြောင်းသည် မှာ နှစ်နှစ် လောက် ရှိပြီ ။ ဘွားလေး ကြည် က မနေ့ တစ်နေ့ က မှ ပြောင်းလာ သလို ပြောနေ သည် ။ ထို စကား ကြောင့် ကိုဘသန်း ပါ ရယ်မိ လေသည် ။ အင်း .. သူတို့ မောင်နှမ တယ် ချစ်ကြပါလား ။
နီးနီးစပ်စပ် သံယောဇဉ် ဆို၍ သမီး နှင့် မောင် သာ ရှိတော့သည် ။ တစ်ခါတစ်ရံ တွင် မူ အစ်ကိုကြီး တို့ မမရီ တို့ လည်း မလာတာ ကြာလှပြီ ဟု ပြောသည် ။ တစ်မြို့ တွင် နေသည့် အစ်မ ဒေါ်စောရီ နှင့် ခင်ပွန်း ကို တခြင်း ဖြစ်သည် ။ သို့သော် နှစ်ယောက် စလုံး မရှိတော့သည် ကို သူ သတိ မရ ။ တစ်ခါတစ်ရံ မူ ရှေးရှေးက ကွယ်လွန် သွား ကြသည့် အဖေ နှင့် အမေ တို့ ကို တ တတ်သည် ။ လောလော ဆယ် တွင် ကား သမီး သောင်းသောင်း ကို မျက်စိ အောက် က အပျောက် မခံနိုင် ။
တစ်ည တွင် သမီး သောင်းသောင်း ၏ ခြင်ထောင် ကို ဖြုန်းခနဲ လှပ်ကြည့် လိုက်ရာ “ အမယ်လေး .. လန့် လိုက်တာ အမ ရယ် ” ဟု သောင်းသောင်း က ထ အော် သည် ။
သူ့ စိတ် ထဲ တွင် သမီး ရှိ မှ ရှိပါလေစ ၊ ဘယ်သွား နေ လေသလဲ မသိ ဟု ထင်ကာ လှပ် ကြည့်ခြင်း ဖြစ်ဟန် တူ သည် ။ သောင်းသောင်း ကား “ အမ နဲ့ ဒုက္ခပါပဲ ၊ ကောင်း ကောင်းကို မနေရပါဘူး ” ဟု တဖျစ်တောက်တောက် ပြော နေသည် ။
ကိုဘသန်း ရှိနေစဉ် မှာပင် သမီး သောင်းသောင်း နှင့် ပတ်သက်၍ ဘွားလေးကြည် ယောက်ယက်ခတ် နေသည် ကို နှစ်ခါ ကြုံရသည် ။
တစ်ညနေ တွင် ဘွားလေးကြည် သည် အိမ် ရှေ့ ထွက်လိုက် ၊ အိမ် ထဲ ပြန် ဝင်လိုက် ၊ လမ်းထိပ် မျှော်ကြည့် လိုက် နှင့် ဂနာမငြိမ် ဖြစ်နေသည် ။
“ ဘွားလေးကြည် ဘယ်သူ့ မျှော်နေတာလဲ ”
ကိုဘသန်း က စ သည် ။
“ ဘယ်သူ့ မှ မမျှော်ပါဘူးကွယ် ”
“ အလကား ညာ ပြောတာ ၊ ကျွန်တော် မသိဘူး မှတ် လို့လား ။ မမသောင်း မျှော်နေပြီး တော့ ... ”
“ ဟုတ်လည်း ပြီး ရောပေါ့ကွယ် ”
“ ဘွားလေးကြည် မှာ သမီး ဘယ်နှယောက် ရှိသလဲ ”
“ နှစ်ယောက် ပေါ့ ကွဲ့ ။ မသောင်း ရယ် ၊ မကြည်ဆွေ ရယ် ”
“ ဒါဖြင့် မကြည်ဆွေ က ဘယ်သွား နေလဲ"
“ သိပေါင်ကွယ် ၊ မင်း လုပ်တာ နဲ့ ငါ့ မှာ ယောင်ကုန် ပါပြီ ။ မကြည်ဆွေ က ကျောင်းသွား နေတာပေါ့ ကွဲ့ ”
သောင်းသောင်း ခေါ် ဆရာမကြီး ဒေါ်ကြည်ဆွေ မှာ လေးနာရီခွဲ လျှင် အိမ် သို့ ပြန် ရောက် တတ်သည် ။ ယခု ငါးနာရီ ထိုးပြီ ဖြစ်သော် လည်း သောင်းသောင်း မလာသေး ။ ကြာသော် ဘွားလေးကြည် မအောင့်နိုင် တော့ပြီ ။ အိမ်ရှေ့ မှ လေးငါးလှမ်း ထွက် သွားသည် ။ ထိုအချိန် မှာ ပင် လမ်းထိပ် ထောင့်ချိုး တွင် သောင်းသောင်း ကို ဘွားခနဲ တွေ့ လိုက်လျှင် ချာခနဲ ပြန် လှည့်လာသည် ။
“ လာပြီ ဟဲ့ ”
“ ဘယ်က ဟုတ်ရမှာလဲ ၊ အဲဒါ သောင်းသောင်း မှ မဟုတ်တာ ”
“ ဟုတ်ပါ့ ”
“ ကဲ ... ဒါဖြင့် လောင်းမလား ၊ ဟော ... မရှိတော့ဘူး ”
ပြောရင်း ဆိုရင်း ပင် သောင်းသောင်း သည် လမ်း ထိပ် မှ စက်ဆိုင် သို့ ဝင် သွားသည် ။ ဘွားလေးကြည် ကား ပျာယာခတ် ဖြစ် နေသည် ။ စောစောက မြင် လိုက် ရသော သမီး ပျောက် သွားခိုက် ကိုဘသန်း က လည်း သောင်းသောင်း မဟုတ် ဟု ပြော နေလေရာ ပြူးကြောင်ကြောင် ဖြစ်ကာ ယောင်ဝေဝေ ဖြစ် နေသည် ။ သို့သော် စိတ် ထဲ တွင် ဇဝေ ဇဝါ ဖြစ်ရင်း လမ်းထိပ် သို့ မျှော်ကြည့် မိ ပြန်သည် ။ ခဏ ကြာလျှင် သောင်းသောင်း သည် စက်ဆိုင် ထဲ မှ ဘွားခနဲ ပြန် ထွက် လာပြီး အိမ် ဆီသို့ ဦးတည် လာ နေသည် ။ ထိုအခါ တွင် မှ ဘွားလေးကြည် က ..
“ ကဲ … ငါ နိုင်ပြီ ၊ ပေး .. ပိုက်ဆံ ” ဟု ကိုဘသန်း ကို ကလေးလေး လို လက်ဝါး ဖြန့် တောင်းသည် ။ ကိုဘသန်း ကား ခွက်ထိုးခွက်လန် ရယ်မိ လေသည် ။
တစ်ည တွင် မူ ဘွားလေးကြည် သည် သူ့ အခန်းဝ ၌ ကြည့်တည့် ကြောင်တောင် ဖြစ် နေသည် ။ အချိန် မှာ ညကိုးနာရီ ခန့် ရှိနေပြီ ။
“ အသာနေ ... မောင်ဘသန်း ၊ အသာနေ ၊ သူ့ သမီး ရှာနေတာ ”
ဒေါ်လေးရွှေ က ကိုဘသန်း ကို သတိ ပေး သည် ။
“ ဟုတ်တယ် ... ကျွန်တော် သိတယ် အမေ ၊ စောစောက နောက်ဖေး က အိမ်သာ ဆီ ကို ပြတင်း က လှမ်း ကြည့် နေ သေးတယ် ။ အိပ်ရာ ထဲ မှာ လည်း မရှိ လို့ အခု အိပ်မယ် လုပ်ရာ က သတိရ ပြီး ထ ထွက် လာတာ ဖြစ်မှာပဲ ”
သို့သော် ကိုဘသန်း သည် ကြာကြာ မအောင့်နိုင် ။
“ ဘွားလေးကြည် ဘာ ရှာ နေတာလဲ ”
“ ဘာမှ မဟုတ်ပါဘူးကွယ် ”
ခဏကြာမှ ...
“ သောင်းသောင်း ကော ” ဟု မေးသည် ။
“ မသိဘူးလေ ၊ စောစော ကတည်း က ပြန် မလာတာ ”
“ စ မနေပါနဲ့ မောင်ဘသန်း ရယ် ၊ သောင်းသောင်း တစ်ယောက် တောင် နား က မညိမ်း တို့ အိမ် သွားတယ် မမကြည် ” ဟု ဒေါ်လေးရွှေ က ပြောလိုက် မှ ဘွားလေးကြည် သည် အိပ်ခန်း ထဲ ပြန် ဝင် သွားသည် ။
မညိမ်း မှာ သောင်းသောင်း ၏ အဒေါ် ဘွားလေးကြည် ၏ ညီမ ဖြစ်သည် ။ ဘွားလေးကြည် လည်း ညနေ ခင်း တွင် သူ့ ညီမများ တူ တူမများ ဆီသို့ သွား တတ် သည် ။ ထိုအခါမျိုး တွင် အင်္ကျီလုံချည် ခပ်လတ်လတ် ကို လဲဝတ် တတ်သည် ။
“ မင်းတို့ အိမ် နေ ရတာ အင်္ကျီလုံချည် သိပ် ကုန် တာပဲ ။ မင်း လာတော့ ဧည့်သည်တွေ လာ ကြတယ် ။ ငါ က အင်္ကျီစုတ် လုံချည်စုတ် နဲ့ ဆိုတော့ ဘယ် တင့်တယ်မလဲ ကွဲ့ ” ဟူ၍ လည်း ချက်ကျကျ ပြောတတ်သေးသည် ။ ထိုအခါ မျိုး တွင် ဘွားလေးကြည် သည် မယ်ညို ပဒုမ္မာ အင်္ကျီ ကို ထုတ် ဝတ်သည် ။ သောင်းသောင်း ၏ ပါတိတ် လုံချည် ကို ယူ ဝတ် တတ်သည် ။
ဘွားလေးကြည် မှာ သတိ မေ့သည် ဆိုသော်လည်း အခါခပ်သိမ်း မဟုတ် တစ်ခါတစ်ရံ သူငယ် ပြန်နေ သလား ထင် ရသည် ။ သို့သော် ယခုတလော တွင် မူ ခဏခဏ ခေါင်းကိုက် တတ်သည် ဟု ဆိုသည် ။ ခေါင်း ကိုက်ပြီ ဆိုလျှင် အိမ်ခန်း ထဲ မှ မထွက်တော့ ။ မူးဝေ လာ တတ်သည်ဟူ၍ လည်း ဆိုသည် ။ ခေါင်း ထဲတွင် လေးလံ လာသလို ခံစားရသည် ။ ထိုအခါ ဘယ်သူ့ ကို မျှ မသိတော့ ၊ သတိ မရတော့ဟု ဆိုသည် ။ ကိုဘသန်း ရှိနေ စဉ် တွင်မူ ထိုသို့ ဝေဒနာ ခံစားရသည် ကို မတွေ့ခဲ့ရ ။
“ ရန်ကုန် ရောက်တော့ ဆရာဝန်တွေ နဲ့ မေးစမ်း ကြည့်ပါဦးမယ် ” ဟု ကိုဘသန်း က ပြောခဲ့သည် ။ သို့သော် အရေးတကြီး ဟူ၍ ကား မထင် ။ ဘွားလေးကြည် ၏ အသက် မှာ ၇၅ နှစ် ကျော်ပြီ ဖြစ်ရာ ဤသည် မှာ အသက် အရွယ် ကြီး သဖြင့် မေ့လျော့ခြင်း သာ ဖြစ်သည်ဟု ထင် သည် ။ သို့သော် အံ့သြစရာ ကောင်းသည် မှာ သူတို့သည် မနေ့ တစ်နေ့ က အဖြစ်အပျက် တို့ ကို သတိ မရသော် လည်း အပျိုဘဝ ၊ လူပျိုဘဝ ၊ ကလေးဘဝ က အဖြစ် အပျက် တို့ ကို ကြည်ကြည်လင်လင် သတိရ တတ်ခြင်းပင် ဖြစ်သည် ။
သို့နှင့် ကိုဘသန်း သည် ပေါင်လောင် ၊ ကူနီ ၊ ကျူတော အရပ် တို့ မှ သက္ကရာဇ် ၅၀၀ ကျော် တွင် ရေးထိုး သည့် ကျောက်စာ အသစ် လေးချပ် ကို ကူးကာ ရန်ကုန် သို့ ပြန် ခဲ့လေသည် ။
( ၃ )
ကိုဘသန်း သည် ကျောက်စာ ထဲ တွင် နစ်မြုပ် နေ သဖြင့် အညာ ကို မေ့လု မတတ် ရှိနေစဉ် မှာ ပင် မမသောင်း ထံ မှ စာ တစ်စောင် ရသည် ။ သူ့ မိဘများ နေကောင်းကြ ပါသည် ။ သို့သော် ဘွားလေးကြည် မှာ ခဏခဏ ခေါင်း ကိုက် လာသည် ။ မူးဝေသည် ။ အစာ မစား ဘဲ လည်း အော့အန်သည် ။ တစ်ခါတစ်ခါ မျက်လုံးများ ပြာ လာ သည် ။ ဆရာဝန် တို့ က ရန်ကုန် သို့ သွားပါ ။ ဦးနှောက် နှင့် အာရုံကြောဌာန တွင် နိုင်ငံခြားပြန် ပါရဂူ ဆရာဝန်ကြီး များ ရှိပါသည် ။ တစ်ခါ လောက် ပြကြည့်ပါ ဟု အကြံ ပေး ကြသည် ။ ကိုဘသန်း စုံစမ်းကြည့်ပါ ဟု စာ တွင် ပါသည် ။
ကိုဘသန်း သည် အပေါင်းအသင်း မိတ်ဆွေများ မှ တစ်ဆင့် ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီး များ ထံ ချဉ်းကပ်ရန် ကြိုးစား ရသည် ။
သူ ၏ မိတ်ဆွေ တစ်ယောက် ၏ မိတ်ဆွေ တစ်ဦး မှာ အသိ ဆရာဝန် တစ်ယောက် ရှိသည် ။
ထို ဆရာဝန် သည် မကြာသေးမီ က မှ အင်္ဂလန်ပြည် အီဒင်ဗာရာ တက္ကသိုလ် မှ ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ဘွဲ့ ကို ယူ၍ ပြန်လာသည် ။ သူ သည် ဦးနှောက် ခွဲစိတ် ကုသခြင်း တွင် အထူး အလေးပေးကာ သင်ကြား လေ့လာ ခဲ့ရသည် ။ အမေရိက ပြန် ဦးနှောက်ဆရာဝန် ၊ ဂျပန် ပြန် ဦးနှောက်ဆရာဝန် တို့ ရှိသေးသည် ဟု ဆိုသည် ။ တစ် ယောက် နှင့် တွေ့ လျှင် လုံလောက် ပါပြီ ။
ဤသို့ဖြင့် ကိုဘသန်း သည် အင်္ဂလန်ပြန် ဆရာဝန်ကြီး နှင့် တွေ့ ကာ စုံစမ်းသည် ။ ဆရာဝန် မှာ အသက် သုံးဆယ် ကျော်သာ ရှိ သေးသည် ။ ဖြူဖြူရှည်ရှည် ၊ သွယ်သွယ်လျလျ ။ ဖျတ်လတ်သည် ။ လက်ချောင်းများ မှာ သေးသွယ်ကာ ခွဲစိတ်ဆရာဝန် ၏ လက်များ ပီသ သည် ဟု ကိုဘသန်း ထင်သည် ။ သူ့နာမည် မှာ ဦးမျိုးတင့် ။ အားကျ စရာ ။ ငယ်ငယ်ရွယ်ရွယ် နှင့် နိုင်ငံခြား သွားကာ ပါရဂူဘွဲ့ ကို ယူ ။ တိုင်းပြည်အတွက် အမှုထမ်း ။
ဒေါက်တာမျိုးတင့် သည် သဘော ကောင်းသည် ။ မေးမြန်း စုံစမ်းသည် တို့ ကို ကျေနပ် လောက်အောင် ပြန်၍ ဖြေသည် ။
“ ခေါ်လိုက်ပါ .. ဦးဘသန်း ၊ ဦးဘသန်း အဒေါ် ကို ခေါ် သာ ခေါ်လိုက်ပါ ။ လူ ကို တွေ့ ရတော့ ကျွန်တော်တို့ စစ်ဆေး စမ်းသပ် လို့ ပိုပြီး ကောင်း တာပေါ့ ။ ခုဟာက ဦးနှောက်မြင်း လို့ ကျွန်တော်တို့ ခန့်မှန်း ရတာပဲ ။ စစ်ဆေး ကြည့် ရတော့ ပို သေချာတာပေါ့ ”
“ မြင်း ဆိုတာ ရောင်ကိုင်း ဖူးရောင် လာတဲ့ အဖုအလုံး တစ်ခု ပါပဲ ။ လူ့ ခန္ဓာကိုယ် ရဲ့ အင်္ဂါအစိတ်အပိုင်း တွေမှာ ဖြစ်တတ်ပါတယ် ။ အသားပိုသစ် တစ်မျိုးပေါ့ ။ တဖြည်းဖြည်း ကြီးထွား လာ တတ်တယ် ။ သူ့ ကြောင့် အန္တရာယ် ရှိတဲ့ အခါ လည်း ရှိတယ် ။ တချို့လည်း သိပ် မရှိဘူး ။ မြင်းတွေ ထဲ မှာ မြင်းဆိုး နဲ့ မြင်းယဉ် တို့ ရှိတယ် ။ တချို့က သေလွယ်တယ် ၊ အခု ကျွန်တော် ပြောတဲ့ ဦးနှောက် ထဲ က မြင်း က တော့ ဦးနှောက် ထဲ မှာ နေရာ အမျိုးမျိုး မှာ ဖြစ်ပေါ် နိုင်တယ် ။ တချို့ က ဦးနှောက် အကာသား မှာ ဖြစ်တတ်တယ် ။ တချို့က ဦးနှောက် အခြေ မှာ ဖြစ်တတ်တယ် ။ အဲ ... အကာသား မှာ ဖြစ်တော့ ဖြစ်တဲ့ နေရာ တည်ပြီး အဲဒီ နေရာက ချုပ်ကိုင်တဲ့ လှုပ်ရှားမှု မှန်သမျှ လုပ်ငန်း မှန်သမျှ ကို ထိခိုက် တော့တာပဲ ။
“ အခု ဦးဘသန်း ရဲ့ အဒေါ် မှာ ဖြစ်နိုင်တာ က ဦးနှောက် နဖူးမြွှာ နဲ့ နားထင်မြွှာ နား မှာ ရှိတဲ့ မှတ်ဉာဏ် ဧရိယာ ကို ထိခိုက်တဲ့ ဖိထား နိုင်တဲ့ မြင်းမျိုး ကြီးထွား လာ နိုင်တာပဲ ။ ဒါကြောင့် မေ့လျော့တယ် ၊ ခေါင်းမူးတယ် ၊ အင်း ... မှတ်ဉာဏ် ဆိုတာ ကလည်း အာရုံကြော ကလာပ် စည်းတွေ သန်းပေါင်း ၆ဝဝ လောက် ရဲ့ကိစ္စ ဆိုတော့ အဲ ... ခင်ဗျာ အဲဒါတွေ ပြော နေ လို့လည်း ဦးဘသန်း နားလည် မှာ မဟုတ်ဘူး ။ ခေါ်သာ ခေါ် လိုက်ပါ ”
ဒေါက်တာမျိုးတင့် သည် တက်ကြွ နေသည် ။ ဆရာဝန်သည် လူနာ နှင့်တွေ့ ရန် စိတ်အား ထက်သန်နေပြီ ဆို ကတည်း က ကိုဘသန်း ကျေနပ် သွားပြီ ။ ဆရာဝန် နှင့် သက်ဆိုင်သည့် အင်္ဂလိပ် ဆိုရိုး တစ်ခု ကို သူ ကြားဖူး သည် ။ ယင်းမှာ ဆရာဝန်ကောင်း တစ်ယောက် အဖို့ “ ခြင်္သေ့ ၏ နှလုံးသား ရှိပြီး မိန်းမ တစ်ယောက် ၏ လက်များ ရှိရမည် ” ဟူ၍ ဖြစ်သည် ။ ဆရာဝန် ဆိုသည် ရဲရင့် ရမည် ။ သတ္တိ ရှိရမည် ။ စိတ်ဓာတ် ကြံ့ခိုင်ရမည် ။ လျင်မြန် ဖျတ်လတ်ရမည် ။ အဆုံးအဖြတ် ပေးရဲရမည် ။ တစ်ချိန် တည်း မှာ ပင် ကြင်နာရမည် ။ ပျော့ပျောင်း ရမည် ။ စဉ်းစား ချင့်ချိန် နိုင်ရမည် ။ သို့သော် မြန်မြန် ခေါ်လိုက်ပါ ။ ကုပေး ချင် လှပြီ ။ စစ်ဆေး ကြည့်ချင်လှပြီ ဟူသော အဓိပ္ပာယ် တို့ကိုဆောင်သည့် လိုလားမှုမျိုး ကို ဆရာဝန် ထံ မှ ကြားရ သည့်အခါ ကိုဘသန်း သည် မမသောင်း ထံ ဘွားလေးကြည် ကို ခေါ်ပြီး ရန်ကုန် သို့ လိုက်ခဲ့ရန် အကြောင်း ကြား လိုက်လေသည် ။
မကြာမီပင် သောင်းသောင်း နှင့် ဘွားလေးကြည် တို့ ရောက် လာကြသည် ။ သည် တစ်ခါတွင် မူ ဘွားလေးကြည် မှာ ခါတိုင်း လို မဟုတ် ။ မူးဝေနေပြီး ခေါင်း ကလည်း ခဏခဏ ကိုက် နေသည်မို့ ကိုပြူးကျယ် တို့ ၊ မိမာ တို့ အသောအရွှန်း မပြော နိုင်ကြတော့ ။ လူမမာ တစ်ဝက် ကျော်ကျော် ဖြစ် နေပြီ ။
ကိုဘသန်း သည် ဘွားလေးကြည် ကို ဦးနှောက်နှင့် အာရုံကြောဌာန သို့ ခေါ်သွားကာ ဒေါက်တာမျိုးတင့် နှင့် ပြသည် ။ ဒေါက်တာမျိုးတင့် မှ တစ်ဆင့် အခြား ပါရဂူ ဆရာဝန်ကြီးများ ဝိုင်း၍ ကြည့် ကြသည် ။ စမ်းသပ် စစ်ဆေး ကြသည် ။ ကံအားလျော်စွာ ပင် ထိုအချိန် တွင် အင်္ဂလန် မှ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီး တစ်ဦး မြန်မာပြည် ရောက် လာသည် ။ ဘွားလေးကြည် ကို ဆေးရုံ တက် ခိုင်းသည် ။ သောင်းသောင်း ကား အစောင့် အဖြစ် သူ့ အမေ့ အပါး မှ မခွာဘဲ လိုက် သွားသည် ။
ကိုဘသန်း သည် ဦးနှောက်နှင့် အာရုံကြောဌာန သို့ လူနာ မေးအဖြစ် သာ ရောက်ဖူးသည် ။ လူနာရှင် အဖြစ် မရောက်ဖူးခဲ့ ။ သူ့ သူငယ်ချင်း ကိုတင်မောင် ၏ ဇနီး မမအေး တစ်ယောက် ကား ပေါ် မှ ကျကာ ခေါင်း ဒဏ်ရာ ရ သဖြင့် ထိုဆေးရုံ သို့ တင် ရဖူးသည် ။ တင်စ က သတိ မရ ။ သတိ ရ လာ၍ ဆရာဝန် က မေးစမ်းသည့် အခါ သူ့ ယောက်ျား ဖဲချပ်တွေ က ပြူးတွေချည်း ပဲ ဟု ပြောသည် ။ ဆရာဝန် ကား ပြုံးနေသည် ဟု ဆိုသည် ။
တစ်ဖန် သူ ၏ သူငယ်ချင်း တစ်ယောက် ဖြစ်သည့် ကိုသိန်းမောင် တစ်ယောက် ဒူးညွှတ် ခွေကျသည့် ရောဂါ ဖြင့် ဦးနှောက် နှင့် အာရုံကြော ဌာန သို့ တက်ရသည့် အခါ ရောက်ဖူးသည် ။ ရောဂါတို့ သည်ကား ဆန်းပြားလှ သည် ။ ဆရာဝန် တို့ က မူ ဘာကစ ဘယ်လို ဖြစ်သည် ဟု ကိုသိန်းမောင်း ၏ ဒူးညွှတ်ရောဂါ ကို မပြောနိုင် ။ ဟိုစမ်းစမ်း ဒီစမ်းစမ်း လုပ်ကာ ဆေး ကျွေးသည် ။ ဆရာဝန် တစ်ယောက် က မူ အောက်ပိုင်း လှုပ်မှု အာရုံကြော ချို့ယွင်းချက် ကြောင့် ဖြစ်သည့် ရောဂါ ဟု ယေဘုယျ သဘောသာ အဖြေ ပေးသည် ။ နောက်ဆုံးတွင် ကား ဘယ်ဆေး ကြောင့်ဟူ၍ မသိ ပျောက် သွားသည် ။ ကိုသိန်းမောင် သည် ဆရာဝန်ဆေး ရော သဘာဝဓမ္မဆေး ပါ မှီဝဲ သွား သည် ဟု ဆိုသည် ။
ယခုလည်း ဘွားလေးကြည် ကို အမျိုးစုံ စစ်ဆေး သည် ။ ဆီး ၊ ဝမ်း ၊ သွေး စစ်ဆေးသည် ။ အကြိမ်ကြိမ် စစ်သည် ။ ကျောရိုးဖောက်ကာ ကျောရိုး အာရုံကြောစီး ရေကြည် ကို စုပ်ယူ၍ စစ်ဆေးသည် ။ ဓာတ်မှန်အမျိုးမျိုး ရိုက်သည် ။ ရှေ့ က ရိုက် ၊ ဘေး က ရိုက် ၊ နောက် က ရိုက် ၊ အပေါ် က ရိုက် ၊ အကြိမ်ပေါင်း များစွာ ရိုက်သည် ။
မမသောင်း မှာ မျက်စိလေး ကလည်ကလည် နှင့် မျက်စိမျက်နှာ ပျက် နေသည် ။ အမ ကို မကုချင်တော့ဘူး ။ အညာ ကို ပြန်ချင်ပြီ ဟူ၍သာ ပြောနေသည် ။ ကိုဘသန်း က အားပေး နေရသည် ။ သူ သည် ပတ်ဝန်းကျင် ရှိ အနိဋ္ဌာရုံ များ ကို ကြည့်ကာ ချောက်ချား လာဟန် တူသည် ။ ဝေဒနာ အဖုံဖုံ ခံစားနေရသည့် လူနာများ ကို ကြည့်ကာ စိတ်ညစ်ညူး လာဟန် တူသည် ။ ကိုယ် တစ်ခြမ်းသေနေသူ ၊ တစ်လ လောက် မေ့နေသူ တို့ ကို တွေ့ရသည် ။ ကား တိုက်လို့ ၊ ကားပေါ် က ကျလို့ ဆိုကာ ခေါင်းဒဏ်ရာနှင့် ရောက်လာသူ တို့ မှာ အားလုံးလိုလို မေ့ လာကြသူများ ဖြစ်သည် ။ ထိုအခါ သောင်းသောင်း သည် စိတ်ပျက် လာ သည် ။ ဆရာဝန်များ က အားပေး လျှင် စိတ်ဓာတ် တက် လာပြန်သည် ။
“ အခု ခင်ဗျားတို့ အလွန် ကံကောင်းတယ် ၊ ဒီ ရောဂါ မျိုးက ခွဲချင် ရင် အင်္ဂလန် သွားခွဲရတာ ။ အခု အီဒင်ဗာရာ ဆေးတက္ကသိုလ် က ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာ အက်ဒဝပ် ရောက်နေတုန်း ... "
“ ဟင် ... ခွဲရမယ် ”
“ ဟုတ်လား..ဆရာ ၊ ခွဲရမယ် ”
ကိုဘသန်း ပါ အံ့အား သင့် သွားသည် ။
ဟုတ်သည် ။ သေချာ သလောက် ရှိနေပြီ ။ ဘွား လေးကြည် ၏ ရောဂါ မှာ ဦးနှောက်မြင်း ဖြစ်သည် ။ မှတ်ဉာဏ် ဧရိယာ တစ်ဝိုက် ကြီးထွား နေသည် ။ သို့သော် ကံကောင်းသည် မှာ အင်္ဂလိပ် ပါရဂူဆရာဝန်ကြီး က အထူးသင်တန်း အနေ ဖြင့် ဦးနှောက်မြင်း လူနာ ရှိလျှင် ခွဲစိတ်ပုံ တို့ကို လက်တွေ့ ပြ သွားမည်ဟု ဆိုသည် ။
“ အလွယ်လေးပါ ၊ ကြောက်စရာ မရှိပါဘူး ။ ဒေါက်တာအက်ဒဝပ် ဆိုတာ ဒါမျိုးတော့ ဆူး စူးတာ ကို အပ်ကလေး နဲ့ ထွင် လိုက်သလို သိပ် ကျင်လည်တာပဲ ။ ဦးနှောက်အရေပြား ကို လှပ် ၊ ဦးနှောက်ခွံ ကို လွန်ပိုင်းဝိုင်း လေး နဲ့ ဖောက် ။ ပြီးတော့ မြင်းဖုလေး အသားပိုသစ် ကလေး ကို ဖြတ် ပစ်လိုက် ဒါပဲ ။ နှစ်နာရီ လောက် အလွန် ဆုံး ကြာမှာပဲ ”
ကိုဘသန်း သည် တိုင်ပင်သင့် သူ တို့ နှင့် တိုင်ပင် သည် ။ မမသောင်း က မူ သင့် သလိုသာ လုပ်ပါတော့ ဟု လွှဲ ထား လိုက်သည် ။
“ အင်္ဂလန် သွားပြီး ခွဲကြတဲ့ လူတွေဟာ ဒေါက်တာ အက်ဒဝပ် နဲ့ တွေ့တာပဲ ။ အားလုံး လိုလို ပျောက်ကင်း ကြတာပဲ ။ လွန်ခဲ့တဲ့ နှစ်လ လောက် ကပဲ ဆရာဝန်ကြီး ဦးမင်းရွှေ ပြန် လာ ခဲ့သေးတယ် ။ သူ့ မှာလည်း ဒီလို ရောဂါ မျိုးဖြစ်တာပဲ ။ ဟော ... အခု ကောင်းလို့ ”
ဒေါက်တာမျိုးတင့် သည် အတွေ့အကြုံသစ် တစ်ခု လိုချင် နေဟန် တူသည် ။
ကိုဘသန်း ၏ မိန်းမ မခင်သိန်း က မူ သဘော မတူ ။ သူ့ ယောက်ျား အဖတ်တင်မည် ကို စိုး နေသည် ။ သို့နှင့် အဆုံးအဖြတ် ပေး ရတော့မည့် အချိန် ရောက် လာသည် ။ မမသောင်း က မထူးတော့ပါဘူး ခွဲပါ ဟု ခွင့် ပေးသည် ။ ဘွားလေးကြည် ကို ခွဲမည့် နေ့ က မခင်သိန်း သည် မမသောင်း ကို သွား ခေါ်ကာ ရွှေတိဂုံဘုရား သို့ အစောကြီး သွား ကြသည် ။ ဗေဒင် အကျော်အမော် ကို ဇာတာ စစ်ခိုင်း သည် ။ အလွန် ကောင်းသည့် ဇာတာရှင် ဟု ဆိုသည် ။ ကောင်းလိုက်သမှ ဒေါင်ဒေါင်မြည်အောင် ကောင်းသည် ဟု ဗေဒကဝိန်က တပ်တပ်အပ်အပ် ဆိုသည် ။ ဘုန်းကြီး ကျောင်း သို့ ဆွမ်း သွား ပို့သည် ။ ယတြာ ချေသည် ။
မနက် ၈ နာရီခွဲ တွင် ဘွားလေးကြည် ကို ခွဲသည် ။ ၁ဝ နာရီခွဲ တွင် ချောချောမောမော ပြီးသည် ။ ခွဲစိတ်ခန်း ထဲ မှ ဒေါက်တာမျိုးတင့် ထွက် လာပြီး အောင်မြင်ပါတယ် ဟု ဝမ်းသာအားရ ဆိုသည် ။ ထိုအခါတွင် မှ မမသောင်း ရော မခင်သိန်း တို့ ပါ ပြုံးနိုင် လာကြသည် ။ ကိုဘသန်း ကား သက်မကြီး ကို ချလိုက်နိုင်ပြီ ။ တစ်သက်လုံး ယူကျုံး မရ ဖြစ်စရာ ကိစ္စကြီး တစ်ခုကို သူ ရှေ့ဆောင် ခဲ့ရာမှ ယခု ဝမ်းသာအားရ ရွှင်ပြုံး နိုင်ပြီ ။
ဘွားလေးကြည် ကို ဆေးရုံ တွင် ဆယ်ရက် ထား သည် ။ တဖြည်းဖြည်း ကြည်ကြည်လင်လင် ဖြစ် လာ သည် ။ သက်သာ လာသည် ။ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူး ခြင်း တို့ တစ်စ တစ်စ ကင်းစင် လာသည် ။ အိမ် မှာ တစ်ပတ် နေပါ ။ ပြီးမှ အညာ သို့ ပြန်ပါ ဟု ဒေါက်တာမျိုးတင့် က မှာသည် ။
အိမ် ရောက်တော့ ဘွားလေးကြည် မှာ အရင် က လို မဟုတ်တော့ပြီ ။ စကား ပြော နည်း လာသည် ။ တွေတွေ ဝေဝေ ဖြစ် လာသည် ။
“ ဘာမှ မဖြစ်တော့ပါဘူးအေ ၊ ကောင်းလာပါပြီ ။ ငါ့ ကို ဘာဖြစ်လို့ ဆေးရုံ တင် ကြတာလဲ ။ ခေါင်း မှာ လည်း ပတ်တီး နဲ့ ပါလား ” ဟု မေးသည် ။
ကိုဘသန်း က အကျိုးအကြောင်း ပြော ပြသည် ။ သောင်းသောင်း က လည်း အင်္ဂလိပ် ဆရာဝန်ကြီး နှင့် ဒေါက်တာမျိုးတင့် တို့ ကို ကျေးဇူးတင်စရာ ကောင်း ကြောင်း ပြောသည် ။ အညာ မှ ဆွေမျိုးများ ထံ သတင်း စကား ကြား လိုက်သည် ။ ကိုဒုံးပျံ ၊ အမာ ၊ နီနီ ၊ ကိုပြူး ကျယ် တို့ သည် ဘွားလေးကြည် ကို ခေါ်ကာ ဘုရား သွား ကြသည် ။
“ မင်းတို့ ရန်ကုန် က တယ် ရှုပ်ကိုး ကွဲ့ ၊ တို့ ငယ်ငယ် တုန်း က သိပ် ရှင်းတာပဲ ။ ရွှေတိဂုံဘုရား အနောက်ဘက် မုခ် မှာ အံ့ပွဲ သွင်း တုန်း က တို့ ရောက်တယ် ”
သူ့ အစ်မ ဒေါ်စောရီ ၏ ခင်ပွန်း မှာ အမရပူရ ဆောင်းဒါး ရက်ကန်းကျောင်း မှ လက်ထောက် ကျောင်းအုပ် ဖြစ်ရာ နှစ်စဉ် ပင် ရန်ကုန်ပြပွဲ သို့ ဆင်း လာ ရသည် ။
“ ပြန်ကြမယ် .… သောင်းသောင်း ရေ ၊ အိမ် မှာ ကိုမြတ်ခိုင် နဲ့ မလေးရွှေ တို့ ချည်း ကျန်ရစ်ရှာတယ် ။ တို့ ကို လွမ်း နေ မှာပဲ ။ ပြီးတော့ မင်းတို့ ရန်ကုန် က လည်း တယ်ပြီး ရှား ပါးတာကိုးကွဲ့ ” ဟု ပြောကာ ပြန်ရန် ပြင်ဆင်ကြသည် ။
“ သူ က ဘယ်သူတဲ့ လဲ ဘွားလေးကြည် ”
“ သိပါတယ်ကွယ် ... ကိုဒုံးပျံ ပါ ၊ ငါ မမေ့တော့ ပါဘူး ။ ဒါနဲ့ ကိုဘချမ်း တို့ က ကော .. ”
“ မောင်ဘချမ်း တို့ က မန္တလေး ကို ပြောင်း ရတယ် ဘွားလေးကြည် ၊ သားတွေ သမီးတွေ လည်း လိုက်သွား ကြတယ် ။ တလောက ပဲ သူ့ သား ကိုပေါက်တူး လာ သွားသေးတယ် မဟုတ်လား ”
“ အေးအေး ... ဟုတ်ပါရဲ့ ၊ တို့ဆီ လာခဲ့ကြနော် ။ နောင်နှစ် ဆောင်းတွင်း ကျ တော့ ဘူးသီးပေါင်း နဲ့ ငချိတ် မုန့်ပေါင်း ကို ဆီရွှဲရွှဲ နဲ့ ငါ့ မြေးတွေ ကျွေးရမယ် ၊ နော် ... ”
မိမာ သည် ဘူးသီးပေါင်း ကို များစွာ တောင့်တ နေ လေသည် ။
ဤသို့ဖြင့် ဘွားလေးကြည် နှင့် သောင်းသောင်း တို့ သည် ရန်ကုန် တွင် တစ်လ ခန့် နေပြီး သော် အညာ သို့ ပြန်သွားကြ လေသည် ။ ကိုဘသန်းကား ယခုမှ ပင် အမော ပြေသွား လေသည် ။
( ၃ )
နောက် နှစ်ပတ်ခန့် ကြာသည့် အခါ မမသောင်း ထံ မှ အောက်ပါ အတိုင်း စာ တစ်စောင် ရလေသည် ။
မမသောင်း စာ ရေး လိုက်ပါတယ် ကိုဘသန်း ။
အစ်မ နေကောင်းပါတယ် ။ ကိုဘသန်း နဲ့ မခင်သိန်း ကို လည်း သိပ် ကျေးဇူး တင်ပါတယ် ။ အစ်မ ကလည်း တစ်ပြော တည်း ပြော နေပါတယ် ။
အစ်မ လည်း အစစအရာရာ အဆင် ပြေပါ တယ် ။ ဆွေတွေမျိုးတွေ က လည်း ဝမ်းသာကြ တယ် ။ ဒီအတိုင်း ဆိုရင် အသက် တစ်ရာ အထိ နေရ လိမ့်မယ် ထင်တယ် ။ အခုမှ ပိုပြီး စားကောင်း သောက်ကောင်း ဖြစ် နေတယ် ။ ရန်ကုန် လာ ဆေး ကု ရလို့ ငွေ ဘယ်လောက် ကုန်သလဲ လို့ မမသောင်း ကို တစ်မေး တည်း မေးတယ် ။ ငွေ ကုန်တာ က အရေး မကြီးပါဘူး ။ လူ နေကောင်း ဖို့ အရေး ကြီးပါတယ် အစ်မ ရယ် လို့ ပြော ထား ရတယ် ။
တစ်နေ့တော့ မမသောင်း လည်း မအားတာ နဲ့ ခိုင်းရမယ့် လူ လည်း မရှိတာ နဲ့ အစ်မ ကို သမဝါယမ အသင်းဆိုင် မှာ ဆန် ထုတ်ခိုင်းခဲ့ မိပါတယ် ။ ဆိုင် က အိမ် နား တင်ပါ ။ ပြီးတော့ ဆီဆုံ မှာ လည်း ဆီ အဝယ် ခိုင်းခဲ့မိတယ် ။ သိပ် မဝေးပါဘူး ။
ကျောင်း က ပြန် လာလို့ အစ်မ ကို ဆန် ထုတ်ပြီးပြီ လား ၊ ဆီ ဝယ် ပြီးပြီလား မေးတော့ အစ်မ တစ်ယောက် ငိုင်နေတယ် ။ ပြီး မှ သမီး ရယ် အမေ ဖြင့် အရင် က လို ပြန် မေ့ ချင်ပြီ လို့ ပြောတယ် ။ ပြီးတော့ တစ်ညနေ လုံး စကား မပြောတော့ဘူး ။ ငိုင်တိ ငိုင်တိုင် နဲ့ ဘာတွေ တွေး နေ သလဲ မသိပါဘူး ။ ဦးလေးခိုင် နဲ့ ရွှေရွှေတို့ က လည်း စိတ် မကောင်း ကြဘူး ။
အဲဒီ ညနေ မှာ ပဲ ဦးလေးအေး ရောက် လာတယ် ။ ဒီ လောကကြီး မှာ မမကြည် လောက် စိတ်ချမ်းသာ တာ မမကြည် ပဲ ရှိတယ် ။ မမကြည် ရဲ့ဘဝ ဟာ ဘာမှ မသိလေတော့ စိတ်ချမ်းသာစရာ အကောင်းဆုံး ဘာ အတွက် မှ ပူရတာ မဟုတ်ဘူး ။ အဲဒါ ဘယ်လို များ စိတ်ကူး ပေါက်ပြီး မောင်ဘသန်း တစ်ယောက် မမကြည် ကို သွားပြီး ကလိ သလဲ မသိဘူး လို့ ပြော သွားတယ် ။
ဦးလေးခိုင် တို့ ရွှေရွှေ တို့ နေကောင်း ကြ ပါ တယ် ။
တလောက လူ ကြုံတာနဲ့ ကလေးတွေ ဖို့ မြေပဲဆန် နဲ့ သနပ်ခါးတုံး ပေး လိုက်တယ် ။ ကိုဒုံးပျံ အတွက် အညာခုံဖိနပ် တစ်ရန် လည်း ပေး လိုက် သေးတယ် ။ ရတယ် မဟုတ်လား ။ နီနီ တစ်ယောက် အန်တီသောင်း ပြခဲ့တဲ့ နည်း အတိုင်း မြေပဲဆား လှော် လှော်တတ် ပြီလား ။ နောက် မှ စာ ရေးဦးမယ် ။ ဪ .. တောင်ဘက် အိမ် က မွန်မွန် က မမမာ ကို သတိရတယ် တဲ့ ။
သောင်းသောင်း
သည် စာ ကို ဖတ်ပြီး ကိုဘသန်း တစ်ယောက် ခဏမျှ ငိုင် နေကာ ပြီးမှ “ အင်း ... ကျွန်တော် တရားခံ ... ကျွန်တော် … တရားခံ ” ဟု ရေရွတ် နေလေသည် ။ ။
◾ကျော်အောင်
📖 ရှုမဝမဂ္ဂဇင်း
၁၉၇၅ ၊ နိုဝင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment