Friday, April 26, 2024

တွတ်တွတ်


 

❝ တွတ်တွတ် ❞

သူ က ကျွန်တော့် ထက် စောပြီး စာပေလောက ကို ရောက်နှင့် သူပါ ။ မန္တလေးမြို့ မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ မှာ “ တွတ်တွတ် ” ဆိုတဲ့ နာမည် နဲ့ သူ ရေးဆွဲ ခဲ့တဲ့ ကာတွန်းတွေ ကို ကျွန်တော် တို့ က လေးလေးစားစား စောင့် ဖတ် ခဲ့ရတာ ။

ဟံသာဝတီသတင်းစာ ဟာ အစိုးရထုတ် သတင်းစာတွေ အားလုံး ထဲ မှာ ပြည်သူလူထု ရဲ့ နှစ်သက်လက်ခံမှု ကို အရရှိဆုံး နေ့စဉ်ထုတ် သတင်းစာ ဖြစ်ပါ တယ် ။ ပထမဆုံး ထုတ်တဲ့ အမှတ် ၁ ကတည်း က ကာတွန်းတွတ်တွတ် ရဲ့ ကာတွန်း ကို ဟံသာဝတီ က ဖော်ပြခဲ့တယ် ။

ကိုတွတ်တွတ် ကို ရုပ်ရှင်သရုပ်ဆောင် “ ကဲသာ ” အဖြစ်နဲ့ ပါ ရုပ်ရှင်ကားတွေ မှာ ကြည့် လာရတာပါ ။

သူ နေထိုင်တာ က မန္တလေးမြို့ အရှေ့ဘက် က နန်းဦးလွင် မှာ ။ နန်းဦးလွင် က ရန်ကင်းတောင် အရိပ် ကို ခိုပြီး အေးချမ်းတယ် ။

သူ့ အိမ် ဧည့်ခန်း မှာ ကျွန်တော် တို့ ထိုင်ပြီး ရှေးဟောင်း နှောင်းဖြစ် တွေ ပြောကြတယ် ။

“ ကျွန်တော် က မန္တလေးသား ၊ Nineteen Fourty - seven ( ၁၉၄၇ ) မှာ မွေးတာ ၊ အမေ က ပခုက္ကူ သူ ၊ အဖေ က မန္တလေး ဒေးဝန်းသား စစ်စစ် ၊ ကျွန်တော့်အဖေ က ယခု အခေါ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ မှာ ဒုတိယ မင်းကြီး အဆင့် အထိ အလုပ် လုပ်ခဲ့တယ် ။ သင်္ဘောဆိပ် နဲ့ နီးတဲ့ စိန်ပန်းရပ်က ပန်းချီဆရာကြီး ဦးလှိုင် ရဲ့အိမ် မှာ အိမ် ငှားပြီး နေတာ ၊ အိမ်ကြီး က အကြီးကြီး ပဲ ၊ ရှေးအိမ်ကြီး ၊ အဲဒီမှာ ပန်းချီပိုး စ ဝင်တာပဲ ”

ဆရာတွတ်တွတ် ရဲ့ သမီး တစ်ယောက် က လိမ္မော်ရည် ၊ သောက်ရေသန့် တွေ စားပွဲပေါ် လာ ချတယ် ။ ဆရာ က တော့ ပြောလက်စ စကား ကို ဆက် ပြောတယ် ။

“ လေးတန်း လောက် မှာ ပန်းချီ ဆွဲ နေပြီပေါ့ ၊ နောက်တော့ ကျွန်တော် တို့ ရန်ကုန် ကို ပြောင်း သွားတယ် ”

သူ့ ဖခင် ရဲ့ လုပ်ငန်း တာဝန် အရ ပြောင်းရတာလား မေးတော့ အဲဒီ အချိန် က အသက် ၅၅ နှစ် မှာ ပင်စင် ယူရတယ် ။ ကုမ္ပဏီ က အငြိမ်းစား ယူ ပြီးနောက် ရန်ကုန်က စီကေကေ အင်န်ဆန်း ကုမ္ပဏီ မှာ အလုပ် ပြောင်း လုပ်တဲ့ အကြောင်း သူ က ပြောပြတယ် ။

“ ရန်ကုန် က ဆက် နေရမယ့် ကျောင်း က ကျောင်း အစုတ်လေး ၊ ကျောင်း အိုလေး ၊ ကျောင်း ယိုင်လေး ။ မန္တလေး မှာတုန်း က အေတီအမ် မစ်ရှင်ကျောင်းကြီး မှာ နေခဲ့တာ ဆိုတော့ ကျောင်းစုတ်လေး မှာ မနေချင်ဘူး ဆိုပြီး ငိုတာ ။ အဖေ က ချော့တာပေါ့ ။ မင်း ဒီ ကျောင်း မှာ ဗိုလ် လုပ်လို့ ရတယ် ။ မင်း က ကျောင်းကောင်း မှာ နေခဲ့ရတော့ အခြေခံ ကောင်းတယ် တဲ့ ။ ဟိုမှာ စာသင်သား ၊ ဒီမှာ ကျောင်းထိုင် ဖြစ်မယ် ၊ ကြိုးစားပေါ့ကွာ တဲ့ ”

ကျွန်တော် တို့ ရယ်မိကြတယ် ။

“ လေးတန်း မှာ ကျွန်တော် စကောလားရှစ် ရတယ် ။ ရန်ကုန်တိုင်း တစ်တိုင်းလုံး မှာ ကျွန်တော် က အဆင့် ၁၇ ရတယ် ။ ခုနစ်တန်း အထိ ခံစားခွင့် ရတယ် ။ ရန်ကုန် မှာ ငါးတန်းနှစ်တစ်ဝက် နေပြီး အဖေ က မိတ္ထီလာ ပြောင်း တော့ ကျွန်တော် တို့ လည်း ပါသွား ပြန်ရော ”

“ မိတ္ထီလာ မှာ ကျောင်း ဆက် နေသလား ”

“ အထက ၁ မှာ ဆက် တက်တယ် ။ ကျွန်တော် ငယ်ငယ် က စာဖတ်တဲ့ အခါ ကျားဘညိန်း စာလေးတွေ ဖတ် ရတော့ အင်္ဂလိပ်လက်ဝှေ့ ( boxing ) ကို စိတ်ဝင်စား တယ် ။ ကမ္ဘာကျော် လက်ဝှေ့သမားတွေ အကြောင်း ဖတ်ပြီး အားကျ တယ် ။ လူ က လည်း စက ပေါ့ ။ လူပျို က လည်း မဖြစ်သေးဘူး ။ တစ်ဖက် က လည်း ပန်းချီ ဆွဲ ၊ တစ်ဖက် ကလည်း လက်ဝှေ့ ထိုး ”

“ ကလေးပေါက်စ ငါးတန်း ကတည်း က ထိုး တာလား ”

“ Pin Weight တန်း ပေါ့ ။ ပင်အပ်ကလေး လို အပေါ့စား အငယ်စား အတန်း ပေါ့ ။ အတန်း သုံးတန်းထိုးခဲ့တာပေါ့ ။ အမေ က လက်ဝှေ့ ထိုးသတ်တာ ကို မကြိုက်ဘူး ပြောတယ် ။ နောက်ပိုင်း မှာ အလေးမ အားကစား ကို ကူးပြောင်း ခဲ့တယ် ။ တစ်ဦးတည်း ကစားရတဲ့ အားကစား ကို လိုက်စားခဲ့တဲ့ အတွက် ဘဝ မှာ တစ်ဦးတည်း လုပ်ရတဲ့ အလုပ် ၊ ကိုယ်ပိုင် အလုပ်တွေ ကို ယုံကြည်မှု ပို ရှိခဲ့တယ် ”

“ မိတ္ထီလာ မှာ နေတာ ကြာ သလား ”

“ အဖေ က လားရှိုး ပြောင်း သွား ပြန်တယ် ။ ကျွန်တော် က လားရှိုး ပြောင်း လိုက် မသွားတော့ဘဲ မန္တလေး က ဦးလေး အိမ် မှာ ပဲ နေပြီး မန္တလေး အမှတ် ၁ အထက မှာ ခြောက်တန်း ဆက်တက်တယ် ”

“ ဟို တစ်ခါက ခုနစ်တန်း အထိ စကောလားရှစ် တွေ ရတယ် ဆိုတာ ဆက် ရသေးလား ”

“ မန္တလေး မှာ ခြောက်တန်းနှစ် တစ်နှစ်လုံး မရတော့ဘူး ဗျာ ။ ခြောက်တန်း စာမေးပွဲ အပြီး ကျောင်း ပိတ်တော့ တိုင်းပညာဝန် နဲ့ ကို ကျွန်တော် ခြောက်တန်း ကျောင်းသား က သွား တွေ့တာ ”

ကိုတွတ်တွတ် က ရယ်သည် ။

“ ကျွန်တော် မှတ်မိတယ် ။ တိုင်းပညာဝန် က ဦးစိန်လှိုင် ၊ ကျောင်း စာရေးကြီး က သူ့ စက်ဘီး ကယ်ရီယာ ပေါ် တင်ပြီး တိုင်းပညာရေးမှူးရုံး လိုက် ပို့ တယ် ။ တိုင်းပညာဝန် က အပေါ်ထပ် မှာ ရုံး ထိုင်တာ ။ ကျွန်တော် တက်သွားတော့ peon မင်းစေ ပေါ့ ဗျာ ။ သူ က နေ ကျွန်တော့် မောင်းချတယ် ။

တိုင်းပညာဝန် က ဆင်နားရွက် တံခါး နဲ့ အခန်း ထဲ ထိုင် နေတာ ၊ ခြေထောက် မြင် ရတယ် ၊ မီး ဖွင့် ထားတယ် ၊ ပန်ကာ လည် နေတယ် ။ ဒါကို မင်းစေ က မရှိဘူး ၊ အစည်းအဝေး သွားတယ် ပြောပြီး မောင်း ထုတ်တယ် ။ ပညာဝန် က သူ နဲ့ ကျွန်တော် ပြောဆို နေတာ ကြား ရတော့ ဘဲလ် တီးပြီး မင်းစေ ကို လှမ်း ခေါ်တယ် ”

သူ့ အတွေ့အကြုံ က ရင်ခုန်စရာ ။

“ ကျောင်းသား ကို ဝင်ပါစေ တဲ့ ။ ကျွန်တော့် အကြောင်း ကို မေးပြီး ဖိုင်တွေ ယူ ကြည့်တော့ ချော် နေတာတွေ အကုန် တွေ့တာပေါ့ဗျာ ။ အကုန် ဆူတယ် ။ နောက်ရက် မှာ ဒီ ကျောင်းသား လက်ထဲ ရသင့်ရထိုက်တာ တွေ ရအောင် လုပ်ပေး တဲ့ ၊ ပြီးတော့ ဘဲလ် ထပ် တီးတယ် ။ မင်းစေ ဝင်လာတော့ လက်ဖက်ရည် နှစ်ခွက် တဲ့ ၊ တိုင်းပညာဝန် နဲ့ ကျွန်တော် နှစ်ယောက်သား လက်ဖက်ရည် အတူတူ သောက် ခဲ့ရတယ် ”

သူ က အားရပါးရ ပြုံးတယ် ။

“ ကျောင်း က တော့ ပိတ် ထားပြီ ၊ ကျွန်တော့် ကို ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြင်မြိုင် က ခေါ်ပြီး စတိုင်ပင် တစ်နှစ် စာ ပေးတယ် ။ ပြီးတော့ ဆရာမကြီး ပိုက်ဆံ ထဲ က မုန်ဖိုး တဲ့ နှစ်ဆယ် ( ကျပ် ၂၀ ) ပေးတယ် ။ ကျောင်းစာရေး မစ္စတာ ပေါလ် က တစ်ဆယ် ( ကျပ် ၁ဝ ) ပေးကြတယ် ။ ပြီးတော့ ဆရာမကြီး က မျက်ရည် ကျတယ် ။ မင်း လို ကျောင်းသား ဆုံးရှုံးတာ နှမြောတယ် တဲ့ ”

“ ကျောင်း က ထွက်မှာလား ”

“ အဖေ ရှိရာ လားရှိုး ကို ပြောင်း လိုက်ရတော့ မှာ ။ အဲဒီမှာ ကျွန်တော် စဉ်းစားမိတာ တစ်ခု ရှိလာတယ် ။ ခြောက်တန်း ကျောင်းသား တစ်ယောက် ကို နေရာထိုင်ခင်း ပေး ၊ လက်ဖက်ရည် အတူတူ သောက်ခွင့် ပေးတဲ့ တိုင်းပညာဝန် ဦးစိန်လှိုင် ၊ ကျောင်းသား တစ်ယောက် ရဲ့ ကိစ္စ ကို အလေးအနက် ထားပြီး ချက်ချင်း ပြီးအောင် ဆောင်ရွက် ပေးတယ် ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင် က ကျောင်းသားတွေ ကို ချစ်တယ် ၊ ကျောင်းသား အတွက် မျက်ရည် ကျတယ် ။ ကျောင်း စာရေးကြီး မစ္စတာပေါလ် က ကျောင်းသားလေး ကို သူ ကိုယ်တိုင် စက်ဘီး ကယ်ရီယာ ပေါ် တင်ပြီး သူ့ အထက် က တိုင်းပညာဝန် ဆီ လိုက် ပို့ပေးရဲတယ် ။ အဲဒီလို လူကြီး လူကောင်း တွေ ကို ကျွန်တော် က တော့ တစ်သက် မမေ့ဘဲ ကျေးဇူး တင် နေတယ် ”

“ လားရှိုး မှာ ကော ကြာ သလား ”

မပြောသေး ခင် ကိုတွတ်တွတ် က အရင် ရယ်ပါတယ် ။

“ ခုနစ်တန်း အောင်တဲ့ နှစ် မှာ ဝန်ထမ်း ဝင် လုပ်နေတဲ့ အစ်ကို အကြီးဆုံး က ရန်ကုန် ပြောင်း ရတော့ ရန်ကုန် ခေါ်တယ်ဗျ ။ ရှစ်တန်း ကျ တော့ ရန်ကုန် စင်ထရယ် ကျောင်း တက် ပြန်တယ် ။ ၁၉၆၆ မှာ ကျွန်တော် ပညာရေး ကို စွန့် လိုက် ပြီး မန္တလေး ပန်းချီကျောင်း တက် လိုက်တယ် ”

“ နေတော့ကော ”

“ အဆောင် ပေးတယ် ၊ စတိုင်ပင် တစ်လ ငါးဆယ် ( ကျပ် ၅၀ ) ပေးတယ် ၊ ကျောင်းအုပ်ကြီး က မန္တလေးဦးဘသိန်း ။ ဆရာကြီးဦးဘသိန်း ပင်စင် သွားတော့ ဆရာဦးကံညွန့် က ယာယီကျောင်းအုပ် ။ ကျွန်တော် ပထမနှစ် ပြီးလို့ ဒုတိယနှစ် တက်ခါစ မှာ ကျောင်းအုပ် က ဆရာဦးဝင်းဖေ ”

ပန်းချီဆရာ ၊ စာရေးဆရာ ၊ ကာတွန်းဆရာ ၊ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေ လို ပုဂ္ဂိုလ် နဲ့ ပညာ သင်ယူခွင့် ရတာ ကိုတွတ်တွတ် အတွက် ကံကောင်းတာပဲ လို့ ကျွန်တော် တွေး လိုက်မိတယ် ။

“ ကျောင်းဆင်းခေါင်းလောင်း ထိုး တာနဲ့ ဆရာဦးဝင်းဖေ အိမ် ကို ကျွန်တော် ရောက် တော့ တာပဲ ။ ဆရာ က ပန်းချီ ဆွဲလိုက် ၊ ပတ္တလား တီးလိုက် ၊ စန္ဒရား တီးလိုက် နဲ့ နေတာ ။ ကျောင်းချိန်ပြင်ပ မှာ ဆရာ့ အိမ် မှာ ကျွန်တော် ပျော်မွေ့ တော့ တာပဲ ။ မော်ဒန်ပန်းချီ ကို လည်း ကြိုက်လာတယ် ။ ဆရာ ဦးဝင်းဖေ နဲ့ နွှယ်ပြီး ဆရာပေါ်  ( ပေါ်ဦးသက် ) ဆီ လည်း ရောက်တယ် ” ”

“ ပန်းချီကျောင်း ပြီးတော့ …. ”

“ ဒုတိယနှစ် နှစ်ဝက် လောက် မှာ ဆရာဦးဝင်းဖေ က ကျွန်တော့် ကို လူထုတိုက် ပို့ လိုက်တယ် ။ ကျွန်တော် က illustration ( သရုပ်ဖော်ပုံ ) တွေ လည်း ဝါသနာ ပါတော့ တွတ်တွတ် ၊ မင်း က လူကြီးတွေ နဲ့ နေတတ်တယ် ဆိုပြီး ဒေါ်ဒေါ် ( လူထု ဒေါ်အမာ ) ၊ ဦးလေး ( လူထုဦးလှ ) တို့ ဆီ စာ ရေးပြီး လွှတ်လိုက်တယ် ”

“ ဘာတွေ လုပ်နေလဲ ”

“ ဦးဆုံး အစတော့ ခေါင်း ကနေ ခြေထောက် အထိ ကြည့်တော့တာပဲ ”

ကျွန်တော် ရယ်လိုက်မိတယ် ။

“ ဆရာ ဦးဝင်းဖေ လို လူ က စာ ရေး ပေးလိုက်တာ ဆိုတော့ လက်ခံတယ် ။ ပထမဆုံး စ လုပ်ရတာ က တော့ စာ ဖတ် ခိုင်းတာပဲ ။ လူထု မှာ စာအုပ်ဗီရိုတွေ က အများကြီး ၊ နောက်တော့ ပုံပြင်စာအုပ် ကြော်ငြာလေးတွေ စ ရေး ခိုင်းတယ် ။ လူထု ဦးလှ ၊ မွန်ပုံပြင်များ ထွက်ပြီ ဆိုတာမျိုး ၊ မုန့်ဖိုးပဲဖိုး လည်း ပေးတယ် ၊ ပန်းချီ စာအုပ်တွေ လေ့လာ ခိုင်းတယ် ”

“ ကျောင်း ပြီးသွားတော့ ...”

“ လူထု ကို ပဲ မှီ နေရတာ ။ နေတော့ ပန်တျာကျောင်းဝင်း ထဲ မှာပဲ ၊ ဆရာ ဦးဝင်းဖေ နဲ့ ဝါးတစ်ရိုက် လောက် မှာ နေတာ ၊ ပန်းချီ တွေ ဆွဲတယ် ။ လူထု က ထွက် တဲ့ စာအုပ် တွေ မှာ မျက်နှာဖုံး ၊ အတွင်းပုံ တွေ ဆွဲရတယ် ။ ဆရာကြီးဦးအုန်းလွင် နဲ့ တွဲပြီး ယောနယ်ရှေးတင်းများ စာအုပ် ဆွဲ ရတာ ဘဝ မှာ အမှတ်တရ ပဲ ၊ မောင်မဲ ရဲ့ ခရီးသွား မှတ်တမ်း ၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာပေအင်အား ၊ စာအုပ် တွေ ၊ သရုပ်ဖော်ပုံ တွေ ရေးခဲ့ရတာ ”

ကျွန်တော့် မျက်စိ ထဲ မှာ အသွင် ထူးခြား ခေတ်မီ တဲ့ လူထုတိုက်ထုတ် စာအုပ်တွေ ကို မြင်ယောင်လာတယ် ။ ကိုတွတ်တွတ် က တော့ သူ့ ဘဝ အကြောင်း ကို ဆက်လက် ပြော ပြ နေပါတယ် ။

“ ၁၉၇ဝ မှာ ခြေချော်လက်ချော် နဲ့ ကျွန်တော် မိန်းမ ရတယ် ”

သူ က ပြောပြီး ရယ်တယ် ။

“ ဘယ့်နှယ် ခြေချော်လက်ချော် ရမှာလဲ ”

လို့ ကျွန်တော် က ပြောတော့

“ ရည်ရွယ်ချက် မရှိဘူး ၊ မထင်မှတ်ဘဲ မန္တလေး နန်းရှေ့သူ နဲ့ အိမ်ထောင် ကျ သွားတာ"

သူ ကာတွန်း ဆွဲဖြစ်ပုံ ကို ကျွန်တော် မေးတယ် ။

“ ၁၉၆၉ ခုနှစ် လောက် မှာ ဦးလေး က ကျွန်တော့် ကို စာ တစ်စောင် ပေး ဖတ်တယ် ။ ဟံသာဝတီဦးဝင်းတင် ရေး လိုက်တဲ့ စာ ၊ ကျွန်တော် နဲ့ ဆိုင်တာ သုံး - လေးကြောင်း ပါတယ် ။ မန္တလေး မှာ ဟံသာဝတီသတင်းစာ ထုတ်ဖို့ ပြင်ဆင် နေတယ် ၊ ဦးလေးစာအုပ်တွေ မှာ သရုပ်ဖော်ပုံ ဆွဲ နေတဲ့ တွတ်တွတ် ရဲ့ လက်ရာ တွေ ကို ကျွန်တော် ကြိုက်တယ် ။ ဟံသာဝတီသတင်းစာ ထွက် ရင် သူ့ ကို ကာတွန်း ဆွဲစေချင်တယ် ။ သူ့ ကို ကာတွန်း နဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးပါ တဲ့ ”

“ ကိုယ်တိုင် က ဝါသနာ ပါ လား ”

“ ကျွန်တော် က ဒေါ်ဒေါ် ရေး နေတဲ့ ကာတွန်းရွှေရိုး ၊ ဗကလေး စာအုပ် ကို ကိုင်ပေး နေရတာ ။ ဦးဗကလေး ကာတွန်းတွေ နဲ့ ထိတွေ့ နေရတာ ၊ သတင်းကာတွန်း ကို စိတ်ဝင်စား နေပြီ ။ ဦးလေး က လည်း ချကွာ ဆိုပြီး နိုင်ငံခြား က ကာတွန်း စာအုပ်တွေ ၊ လူထု မှာ ဦးဝင်းဖေ တို့ ၊ ကိုပေါ်ဦး ( သက် ) တို့ ဆွဲခဲ့တဲ့ ကာတွန်း တွေ လေ့လာရတော့တာ ပေါ့ ”

“ ဟံသာဝတီ ထွက် တော့ ...”

“ ၁၉၆၉ ခု ၊ အောက်တိုဘာ ၁ ရက် ၊ First Issue ( ပထမဆုံး ထုတ် ) မှာ ကာတွန်း ပါ လာတယ် ၊ ကာတွန်း ခုနစ်ပုံ ပါတယ် ”

သူ့ အတွက် ဂုဏ်ယူစရာ အမှတ်တရ တစ်ခု ပါပဲ ။

“ ကျွန်တော် မှတ်မိ သလောက် တော့ မန္တလေး က လူငယ်ကာတွန်း ဆရာတွေ အများကြီး ပေါ်ထွန်း လာတယ် ။ သတင်းစာ လွတ်လပ်ခွင့် လည်း တော်တော် ရခဲ့တယ် ။ ရန်ကုန် က ကာတွန်းဆရာတွေ တောင် မှ မန္တလေးဟံသာဝတီ သတင်းစာ ကို ကာတွန်း  လှမ်း ပို့ခဲ့ရတယ် ”

“ ဟံသာဝတီသတင်းစာ ကို ပိတ်ပစ်လိုက်တဲ့ အထိ ရေး နေတာပဲလား ”

“ ဟံသာဝတီသတင်းစာ ပိတ်သိမ်း တဲ့ ၁၉၇၈ မှာ ကျွန်တော် က ရန်ကုန် ကို တစ်ကျော့ပြန် ခြေချဖို့ ကြိုးစား နေချိန် ဖြစ်တယ် ။ ကျွန်တော့် ဘဝ ကို ဟိုပြောင်း ဒီပြောင်း တော်တော် များခဲ့တာ ၊ အဲဒီတော့ ကျွန်တော် က ဒီဇိုင်နာ ဖြစ် နေတာ ”

“ ဘာ ဒီဇိုင်းလဲ ”

“ ဆရာဦးဝင်းဖေ က လည်း ကျောင်းအုပ်ကြီး ဘဝ နဲ့ မပျော်တော့ဘူး ၊ ထွက်တယ် ။ ရုပ်ရှင် ဘက် ကူး သွားတယ် ။ ကျွန်တော် လည်း လိုက်မလား ခေါ်တော့ လိုက် သွားတယ် ။ ယောက္ခမ ဆီ မှာ ဇနီး နဲ့ သမီး ကို ထားခဲ့ပြီး ရန်ကုန် ဆင်းချ သွား တယ် ။ ဦးဝင်းဖေ က မပြိုသည့်မိုး ၊ မောင်တင်ဦး က နေထွက်သောည ရိုက်တာ ၊ ကျွန်တော် က နှစ်ကားလုံး မှာ ဒီဇိုင်းဆရာ ပေါ့ ။ အဲဒီမှာ ရုပ်ရှင်ဒီဇိုင်းဆရာ အဖြစ် ချတော့တာပေါ့ ”

“ နာမည်ကြီး ဒါရိုက်တာတွေ ရဲ့ ပထမဆုံး ကားတွေ ကို ဒီဇိုင်း ဆွဲခွင့် ရတာပဲ ”

“ ကျွန်တော် တို့ က အိုင်ဒီယာ နဲ့ သွားတာ ။ တစ်ခါတလေ မင်းသား ၊ မင်းသမီး ပုံ တောင် မထည့်ဘူး ။ စာလုံး လောက် နဲ့ ဆော် လိုက်တော့ ဒီဇိုင်းလောက လှုပ် သွား တာပေါ့ ။ ဒါပေမဲ့ ရန်ကုန် မှာ အခြေ မချဘဲ မန္တလေး ပြန်လာတယ် ”

“ အဲဒါ မှန်သလား ၊ မှားသလား ”

“ မှားတာပေါ့ ၊ ဘဝ မှာ အထွန်းတောက်ဆုံး အချိန် ကို ကောင်းကောင်း အသုံး မချဘူးလေ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment