Monday, April 22, 2024

မဟာဗောဓိ


 

❝ မဟာဗောဓိ ❞

“ အိန္ဒိယ ကို ကျောင်းထိုင် ပြီး သာသနာ ပြုရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ သွားခဲ့တာ တော့ မဟုတ်ဘူး ။ ပညာ သင် ဖို့ အတွက် သွားတာ ”

အိန္ဒိယနိုင်ငံ ၊ ဗီယာပြည်နယ် ၊ ဗုဒ္ဓဂယာ မှာ မဟာဗောဓိ ဓမ္မရိပ်သာ ကို တည်ထောင် ဖွင့်လှစ် ထားတဲ့ ဆရာတော် ဘဒ္ဒန္တဒေါက်တာစန္ဒမုနိ က မိန့်ဆို ပါတယ် ။

“ မူလ ပထမ က တော့ အိန္ဒိယနိုင်ငံ ၊ နာလန္ဒ တက္ကသိုလ် မှာ ဘီအေ တက် တယ် ။ ဘီအေ စာမေးပွဲ ပြီးတော့ မဂဓ တက္ကသိုလ် မှာ အမ်အေ သင်တယ် ။ အမ်အေ ပြီးတဲ့ အခါ ကာလကတ္တား တက္ကသိုလ် မှာ ပီအိတ်ခ်ျဒီ သင်တယ် ။ ဒေါက်တာ ဘွဲ့ ပေါ့ ၊ သင်ပြီးတဲ့ အခါ မှာ ဆုံးဖြတ်ချက် တစ်ခု ချတယ် ။ သာသနာပြု လုပ်ငန်း လုပ်မယ် ။ ဘုန်းကြီး ဆိုတာ သာသနာ ပြုလုပ်ငန်း လုပ်ရမယ်ပေါ့ ”

ကျွန်တော် က ဆရာတော် မိန့်ကြားတာ ကို “ မှန်ပါ့ဘုရား ” လိုက်ပြီး စကား ထောက် တယ် ။

“ မြန်မာနိုင်ငံ ကို ပြန် လာရင် မြန်မာနိုင်ငံ မှာ လည်း သာသနာပြု လုပ်ငန်း လုပ် ရမယ် ။ အိန္ဒိယနိုင်ငံ မှာ လည်း သာသနာပြု လုပ်ငန်း လုပ်ရမယ် ၊ မြန်မာနိုင်ငံ မှာ တော့ ဆရာတော် ၊ သံဃာတော် တွေ အများကြီး သာသနာပြု လုပ်ငန်း လုပ် နေ ကြတယ် ။ အိန္ဒိယ မှာ ဝမ်းနည်းစရာ တွေ့မြင် နေရတယ် ”

ဘာတွေ မြင်တွေ့ နေရတာလဲ မေးလျှောက် ပါတယ် ။

“ ဘုရား ပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသ မှာ ဗုဒ္ဓဘာသာ အဘိဓမ္မာ နဲ့ ပတ်သက်ပြီး ကျကျနန ဟောပြော နေတဲ့ သူ မရှိဘူး ။ ဗုဒ္ဓဘာသာ မှာ မဟာယာန နဲ့ ထေရဝါဒ နှစ်ခု ရှိရာ မဇ္ဈိမဒေသ မှာ မဟာယာန က တော်တော်လေး လွှမ်းမိုး တယ် ။ ပညာ သင်ပြီးတဲ့ အခါ ဒီ နေရာ မှာ တော့ သာသနာပြု လုပ်ငန်း လုပ်ရင် ကောင်းမှာပဲ လို့ ဆုံးဖြတ်ချက် ချတယ် ”

ဆရာတော် ဒေါက်တာစန္ဒမုနိ စကား ပြောတာ ရခိုင်လေသံ ဝဲတယ် လို့ သတိထား မိ ပါတယ် ။

“ ဗုဒ္ဓဂယာ မှာ တိဗက်အုပ်စု တွေ ဘုရားဖူး လာ ကြတယ် ။ လာတဲ့ အခါ ဘာလုပ်သလဲ ဆိုတော့ မြတ်စွာဘုရား ရုပ်ပွားတော် ရှေ့မှာ တစ်ခါ တည်း ဒိုက် ထိုး သလို လုပ် ကြတယ် ”

မဟာယာန ဗုဒ္ဓဘာသာဝင် တွေ ဖြစ်တဲ့ တိဗက်တွေ ဘုရား ဝတ်ပြုတဲ့ အခါ မတ်တတ်ရပ် နေရာ က ဝမ်းလျား ထိုးချပြီး ဘုရားရှိခိုးပုံ ကို ကျွန်တော့် မျက်စိ ထဲ မှာ ပြန် မြင်ယောင် လာတယ် ။

“ တစ်နေ့ တစ်နေ့ မှာ တတ်နိုင်သမျှ အခါပေါင်း တစ်ထောင် ၊ နှစ်ထောင် ၊ သုံးထောင် ၊ လေးထောင် ဒိုက် ထိုးပြီး ပူဇော် နေတာ ။ ဗုဒ္ဓဂယာ ကို အနောက် နိုင်ငံတွေ က လည်း လာ ကြတယ် ။ လေ့လာဖို့ လာတဲ့ သူတွေ ဟာ အဲဒီ ပုဂ္ဂိုလ်တွေ နဲ့ တွေ့ရတယ် ”

ဆရာတော် က ပြောလက်စ ခဏ ရပ်နားတယ် ။ ပြီးမှ ဆက် ပြောပါတယ် ။

“ နိုင်ငံခြားသားတွေ က မြတ်စွာဘုရား လည်း ဒီလိုပဲ ထိုး သလား အမေး ခံ ရတယ် ။ ဦးပဉ္စင်း လည်း မဇ္ဈိမဒေသ မှာ ထေရဝါဒ ဗုဒ္ဓဘာသာ ရိပ်သာတွေ လိုအပ် နေပြီ လို့ မြင် လာတယ် ။ အဲဒီ နေရာ မှာ တရားရိပ်သာ ဖွင့်မယ် ၊ နိုင်ငံတကာ က လာတဲ့ သူတွေ ကို တတ်နိုင် သမျှ ဟောပြမယ် ပေါ့ ”

လက်ကိုင်ဖုန်း အသံ မြည် ပေမယ့် ဆရာတော် က မကိုင်ဘဲ ထားပါတယ် ။

“ ၂ဝဝ၁ ခုနှစ် မှာ မြေ ဝယ် တယ် ။ ဦးပဉ္စင်း က လူငယ် ဘဝ ပါ ။ လူသိ များ တာ လည်း မရှိဘူး ၊ စိတ် က တော့ ပြင်းပြ နေတယ် ။ သုံးနှစ် လောက် တန်းလျားလေး တွေ ဆောက်ပြီး ဗုဒ္ဓဂယာ မှာ နေခဲ့ ရတယ် ။ ၂ဝဝ၄ ခုနှစ် မှာ ရန်ကုန် က ဒေါ်နန္ဒာဝင်း တို့ ဒကာမကြီး တွေ ရောက် လာပြီး သာသနာ ပြုချင်တဲ့ လုပ်ငန်းတွေ ပြောပြတော့ ဝိုင်း လုပ်ကြတာပေါ့ ဆိုပြီး ဝိုင်းကူ ကြတယ် ။ မန္တလေး က ဆိုရင် ဒေါ်ခင်အေးမြင့် ”

ဆရာတော် က ယခုအခါ ဆောက်လုပ် ပြီးပြီ ဖြစ်တဲ့ အုတ်တိုက်ကျောင်းကြီး ရဲ့ ဓာတ်ပုံ ကို ပုံမှန် ထုတ် နေတဲ့ မဟာဗောဓိဓမ္မရိပ်သာ မဂ္ဂဇင်းစာအုပ် ထဲ က ပြတယ် ။

“ ၂ဝဝ၆ ခုနှစ် က စပြီး နိုင်ငံတကာ က ယောဂီတွေ လာချင် သမျှ လာ ၊ free of cost စရိတ်စက အားလုံး လုံးဝ အခမဲ့ ၊ ဒီနေ့ အထိ လုံးဝ အခကြေးငွေ မယူတာ ။ ၂၀၀၆ ခုနှစ် မှာ ဖွင့်တော့ နိုင်ငံတကာ က ယောဂီ ၅ဝ ရောက်လာတယ် ။ ၂ဝဝ၇ ခုနှစ် မှာ ၇ဝ လောက် ရောက် လာတယ် ။ ၂၀၀၈ ခုနှစ် က စပြီး နှစ်စဉ် ၁၀၀ ကျော် ၁၀၀ ကျော် ရောက်ပြီး တရား ထိုင်ကြတယ် ”

ဆရာတော် က ရိပ်သာ မှာ မြန်မာ ၊ အင်္ဂလိပ် ၊ ဟင်ဒီ သုံးဘာသာ နဲ့ ဟောပြတာ ကို ရှင်းပြတယ် ။

“ လက် နှစ်ဖက် မှာ ဒီဘက် လက် က မစင်ကြယ် ရင် ဒီဘက် လက် နဲ့ ဆေးကြော ရတယ် ။ လက် နှစ်ဖက် က တစ်ဖက် ကို တစ်ဖက် အထောက်အကူ ပြုရတယ် ။ လက် နှစ်ဖက် ရှိမှ အသုံးကျတယ် ။ ပဋိပတ္တိ နဲ့ ပရိယတ္တိ လည်း ဒီလိုပဲ ၊ လမ်းမှန် ရောက် ဖို့ သိပ် လိုအပ်တယ် ဆိုပြီး ပရိယတ် ကို အားပေးဖို့ စီစဉ်တယ် ”

“ မှန်ပါဘုရား ”

“ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း က အာသံ ၊ မဏိပူရ အပါအဝင် ခြောက် ပြည်နယ် ရှိတယ် ။ အဲဒီမှာ ဗုဒ္ဓဘာသာဝင် တွေ ရှိတယ် ။ အဲဒီ ဘက် က ကိုရင်လေး တွေ ကို ၂၀၁၀ က စပြီး ရိပ်သာဖွင့် လက်ခံတယ် ။ အပါး ၆ဝ လောက် ရှိတယ် ။ ဒီ ကိုရင်လေး တွေ အတွက် မြန်မာနိုင်ငံ က စာဖြေဌာန တစ်ခု တောင်းတယ် ”

“ စာဖြေဌာန ဖြစ်ရင် ဘယ်လို စာပေတွေ ဖြေရမှာလဲ ဘုရာ့ ”

“ အငယ်တန်း ၊ အလတ်တန်း ၊ အကြီးတန်း ၊ ဓမ္မာစရိယ ဖြေမယ် ၊ အကြီးတန်း အောင်တာ နဲ့ နာလန္ဒ တက္ကသိုလ် က ဘီအေ နဲ့ ညီတယ် လို့ အသိအမှတ် ပြုတယ် ၊ အမ်အေ ၊ ပီအိတ်ခ်ျဒီ ဆက် တက် လို့ ရတယ် ”

ကျွန်တော် က ဆရာတော် ရဲ့ ဘဝ ဇာတ်ကြောင်း ကို ပြန်ပြောင်း မေး လျှောက်တယ် ။

“ ဇာတိ က တော့ ရခိုင်ပြည်နယ် ၊ မြေပုံမြို့နယ် ၊ ငမာန်ရဲကျွန်း ၊ ဒကာကြီး တို့ လည်း ကြားဖူးမှာပေါ့ ။ ရခိုင်ပြည်နယ် မှာ မုန်တိုင်း တိုက် တော့ ရွာ က ပျက်စီး သွားလို့ မင်းပြားနယ် ကု,လားမတောင်ရွာ ကို ရွှေ့ပြောင်း ခဲ့ကြတယ် ”

ဆရာတော် က ပြောလက်စ စကား ခဏ ရပ်ပါတယ် ။

“ အဲဒီ အချိန် က ရခိုင်ကွန်မြူနစ်ပါတီ က ကျောင်းတွေ ပိတ်ထားလို့ ဘုန်းကြီးတို့ က တန်းကျောင်း စာ မသင်ရဘူး ။ ဘုန်းကြီးကျောင်း မှာ ပဲ ဘုန်းကြီး ကျောင်းပညာ သင် ရတယ် ”

“ ကိုရင်ဝတ် နဲ့ လား ”

“ လူဝတ် နဲ့ ပါ ၊ ကု,လားမတောင်ရွာကျောင်း ဆရာတော်ကြီး အရှင် ဉာဏသာရ ဆီ မှာ ဘုန်းကြီး စာသင်တာ ၊ သင်္ဂြိုဟ် တို့ ၊ သဒ္ဒါ တို့ ပေါ့ ၊ အသက် ၁၇ နှစ် မှာ အစိုးရ ကျင်းပတဲ့ အဘိဓမ္မာ စာမေးပွဲ ကို ဝင် ဖြေတော့ ရခိုင်ပြည်နယ် မှာ ပထမ ရတယ် ။ ၁၈ နှစ် မှာ အလတ်တန်း ဒုတိယဆင့် ဖြေ တော့ လည်း ပထမ ရတယ် ။ ၁၉ နှစ် မှာ မိဘ က ရှင်ပြု ပေးလို့ ကိုရင် ဝတ်တယ် ၊ မင်းပြားမြို့နယ်လုံး ဆိုင်ရာ အမျိုးသားစာမေးပွဲ မှာ ပထမ ၊ မြို့နယ်လုံး ဆိုင်ရာ စာမေးပွဲ အလတ်တန်း ပထမ ရတယ် ”

“ အရှင်ဘုရား က ငယ်ငယ် ကတည်း က စာ တော်တာပဲ ”

ကျွန်တော့် မှတ်ချက် ကို ကြား တော့ ဆရာတော် က ရယ်တယ် ။ စာ ပဲ ကြည့်စရာ ရှိတာကိုး လို့ ပြောတယ် ။

“ အလတ်တန်း အောင် တဲ့ နှစ် မှာ ပဲ အစိုးရ ရဲ့ အငယ်တန်း လည်း အောင် တယ် ။ နောက် ရဟန်းခံတယ် ။ အစိုးရ အလတ်တန်း အောင်တယ် ။ အကြီးတန်း ကျ တော့ စစ်တွေမြို့ ကို ပြောင်းတယ် ”

“ စစ်တွေ ဘယ်ကျောင်းလဲ ဘုရား ”

“ စိတ္တသုခကျောင်း ၊ အကြီးတန်းအောင် တော့ မန္တလေး မစိုးရိမ်တိုက်သစ် လာ နေတယ် ။ သီလက္ခန် တစ်ကျမ်း ပြီးတယ် ၊ နောက်တော့ အကြောင်း အမျိုးမျိုး ကြောင့် ပဲခူးတိုင်း မင်းလှမြို့ကို ပြောင်း ခဲ့တယ် ။ မင်းလှ မှာ နိကာယ်စာမေးပွဲ ပထမ ရတယ် ၊ အစိုးရ တိပိဋကစာမေးပွဲ ဝင် ဖြေ တော့ သုံးရက်မြောက် နေ့ မှာ ခေါင်း မူးပြီး ဆက် မဖြေနိုင်ဘူး ”

“ အိပ်ရေး ပျက်တာ များသွား သလား ”

“ ကြိုးစားတာ များ သွားတယ် ၊ တိပိဋကစာမေးပွဲ ဆိုတာ သိတဲ့ အတိုင်းပဲ ကြိုးစားရတာ ၊ ဘုန်းကြီး လည်း အိန္ဒိယနိုင်ငံ ကို ထွက်လာခဲ့တယ် ”

“ ဘယ်လို အဆက်အသွယ် ရတာလဲ ”

“ ကုသိနာရုံ ဆရာတော် မြန်မာပြည် ကို အလည် ကြွ လာတာ ရန်ကုန် မှာ တွေ့ပြီး အိန္ဒိယ မှာ ပညာ သင်လို့ ရတယ် လို့ မိန့်ကြားချက်အရ စိတ်ဝင်စားပြီး ကြွတာ ”

“ အရှင်ဘုရားတို့ အိန္ဒိယ မှာ ပညာ သင်တော့ ဘာသာစကား က ဘာ ဘာသာစကား လဲ ဘုရား ”

“ အင်္ဂလိပ် ၊ မင်းလှမြို့မကျောင်း ဆရာတော် ဆီ မှာ ဦးပဉ္စင်း က အင်္ဂလိပ် စာ လေ့လာခဲ့တယ် ။ ကုသိနာရုံဆရာတော်ကြီး က မြန်မာပြည် မှာ အကြီးတန်း အောင် တဲ့ သူ တွေ နာလန္ဒတက္ကသိုလ် မှာ ပညာ သင်လို့ ရတယ် ပြောလို့ ရည်ရွယ်ချက် ထားပြီး အင်္ဂလိပ်စာ သင်ခဲ့တာ ”

ဆရာတော် ရဲ့ ဇွဲသတ္တိ ကို ကျွန်တော့် စိတ် ထဲ မှာ လေးစား မိပါတယ် ။

“ သိတဲ့ အတိုင်းပဲ ၊ တိပိဋက ဆက် လုပ်ဖို့ က ကျန်းမာရေး မကောင်းဘူး ။ ပညာ ဆက် လေ့လာချင် လို့ အိန္ဒိယ ထွက် လာခဲ့တာ ”

“ ဟို ရောက်တော့ နေရေးထိုင်ရေး အခက်အခဲ နည်းနည်း ရှိမယ် ”

“ အများကြီး ရှိတယ် ၊ ဦးပဉ္စင်း တို့ ကာလကတ္တား ကို ရောက် တော့ လက် ထဲ မှာ ပါတာ က ဒေါ်လာ အစိတ် ( ၂၅ ဒေါ်လာ ) ပဲရှိတယ် ။ မိဘတွေ က လည်း သိပ် မတတ်နိုင်ဘူး ။ အဲဒီတုန်း က တစ်ဒေါ်လာ ကို ၁၇ ရူပီး ပဲ ရှိသေးတယ် ။ အဲဒီလို နဲ့ နာလန္ဒ ကို ရောက်သွား ရော ”

“ တည်းရေးခိုရေး ကော ဘုရား ”

“ နာလန္ဒ မှာ တရုတ်ဘုန်းတော်ကြီးကျောင်း ဆိုတာ ရှိတယ် ၊ ရခိုင် ဆရာတော်ကြီး တစ်ပါး က အဲဒီ ကျောင်း မှာ သီတင်းသုံး နေတယ် ။ ဘီအေ ပြီးတော့ နာလန္ဒ မှာ ဆက် နေရင် ရတယ် ။ ဒါပေမဲ့ နာလန္ဒ မှာ မြန်မာ ဘုန်းတော်ကြီးတွေ ရှိတယ် ။ ဦးပဉ္စင်း က အင်္ဂလိပ်စကား ပြောချင်တာ ၊ တတ်ချင်တာ ။ မဂဓ တက္ကသိုလ် မှာ မြန်မာနိုင်ငံ က တစ်ပါး မှ မရှိဘူး ။ အဲဒီ သွားပြီး အမ်အေ သွား လုပ်တယ် ။ အဲဒီ အချိန် မှာ မဂဓ ကို မြန်မာဦးပဉ္စင်း တစ်ပါး ၊ နှစ်ပါး ရောက် လာတယ် ။ ကိုယ့် အချင်းချင်း ရှိရင် ကိုယ့် ဘာသာ စကား ပဲ ပြော နေကြ တာ ၊ ဒါကြောင့် အမ်အေ ပြီးတော့ ကာလကတ္တား တက္ကသိုလ် ကို ဦးပဉ္ဇင်း ပြောင်း ပြန်တယ် ”

ဆရာတော် က ပြုံးတယ် ။

“ အဲဒီမှာ အိန္ဒိယနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု နဲ့ သမိုင်းဌာန မှာ ပီအိတ်ခ်ျဒီ လုပ်တယ် ။ ဦးပဉ္စင်း အိန္ဒိယ လာတော့ လက်ထဲ ဒေါ်လာ အစိတ် လောက် နဲ့ လာခဲ့တာ ။ အစားအသောက် ဆင်းရဲတယ် ။ တစ်ခါတစ်ခါ ဆွမ်း မစားရဘူး ။ နာလန္ဒ က ကိုယ်တော် တွေ နဲ့ တိုင်ပင်ပြီး နောက် လာတဲ့ ကိုယ်တော်တွေ လည်း ကိုယ် လို မဖြစ်အောင် ဆိုပြီး ဗုဒ္ဓဘာသာ ရဟန်းပျိုများ အသင်း ကို ဖွဲ့တယ် ။ ပညာ သင် လာတဲ့ သူတွေ ကို ထောက်ပံ့တယ် ”

“ အရှင်ဘုရား တို့ အလှူငွေ ဘယ်က ရ လဲ ဘုရား ”

“ အဲဒီ အချိန် မှာ မြန်မာနိုင်ငံ က ဘုရားဖူးတွေ စ လာကြပြီ ။ ဦးပဉ္စင်းတို့ က ဂိုက် လုပ်ပြီး ရှင်းပြ ပေးတယ် ။ ရ လာတဲ့ အလှူငွေတွေ များ လာတော့ ကာလကတ္တား လေဆိပ် နဲ့ သုံးကီလိုမီတာ လောက် ဝေးတဲ့ နေရာ မှာ မြေ ဝယ်တယ် ။ ကျောင်း ဆောက်တယ် ။ ဦးပဉ္စင်း က တစ်ဖက် မှာ လည်း ပီအိတ်ခ်ျဒီ လုပ်တယ် ၊ ကျောက်စာ တွေ ကို လေ့လာပြီး ပါရဂူဘွဲ့ ယူတာ ”

“ အိန္ဒိယကျောက်စာ တွေ လား ”

“ မဟုတ်ဘူး ၊ ရခိုင် က ကျောက်စာ တွေ ၊ မန္တလေး ၊ တံတားဦး ၊ အင်းဝ ၊ ပုဂံ ဒေသစုံ ပဲ ။ အဓိက တော့ အက္ခရာ တွေ ပေါ်ပေါက် ပြောင်းလဲ လာပုံတွေ ကို လေ့လာတာ မြန်မာနိုင်ငံ က ကျောက်စာ တွေ စုဆောင်း ထားတာ ဦးပဉ္စင်း လောက် များတာ မရှိဘူး ”

“ အရှင်ဘုရား လျှောက်လှမ်း ခဲ့ရတဲ့ ဘဝ တာ မှာ အခက်ခဲဆုံး အချိန် က ဘယ် အချိန် လဲ ”

“နာလန္ဒ မှာ နေတဲ့ အချိန် ၊ သိပ် ကို ခက်ခဲတယ် ”

“ မြန်မာပြည် ပြန် ပြေးချင်စိတ် မပေါက်ဘူးလား ”

“ ပြန် ပြေးချင်စိတ် ပေါက်တာ တော့ မပြောပါနဲ့ တော့ ဒကာကြီး ရာ ၊ ချက်ချင်း ကို ပြန်ချင်တာ ။ ဒါပေမဲ့ ပညာရေး က ရှိသေးတယ် ။ ပြန် ပြေးတာ တော့ ခုလည်း ပြန် ပြေး ချင်တယ် ။ ဘာကြောင့်လဲ မေးရင် အိန္ဒိယနိုင်ငံ က ဦးပဉ္စင်း တို့ နဲ့ အနေအထိုင် အစားအသောက် အတွေးအခေါ် အယူအဆ ဘာမှ မတူဘူး ။ ဒါပေမဲ့ သာသနာ ပြုမယ် ဆိုတဲ့ စိတ်ဆန္ဒ တစ်ခု တည်း နဲ့ နေတာ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment