Tuesday, April 30, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၁ )


 

မျက်နှာ ကို စင်သော ရေစက် ကြောင့် လန့် နိုး လာရ၏ ။ လူ က မထနိုင်သေး ။

“ တောက် ... ရန်ကုန် က လက်ဝှေ့ကျော် တဲ့ ကွာ မျက်နှာကြီး က ထိုး မလွဲကြီး ”

“ အေးလေ ... ဒီလို မျက်ပေတုံး နဲ့ ထိုးမလွဲ မျက်နှာမျိုး ၊ ကျွဲမောင်း မပြောနဲ့ ငါ တောင် ချ ထည့်ချင်တာ ”

“ ဟေ့ကောင် ခုနက ကျွဲမောင်း သူ့ မျက်နှာကြီး ချ ထည့် လိုက်တာ ငါ့ မယ် ဆိုင်းဝိုင်း က ပတ်ချမ်းချမ်း ( ရကွင်း ( ခ ) လင်းကွင်း ) ကြီး ဆိုင်းဆရာ ယောင် တီးလိုက်တယ် မှတ်တာ ၊ တောက် အားရလိုက်တာ ကွာ နှစ်ချက် သုံးချက် ဆင့် မြည် မှ ဒီကောင့် မျက်ခွက်ကြီး က မှန်း သိတာ ”

မျက်နှာ လာ စင်သော ရေစက် နှင့် အသံများ ကြောင့် ယောင်ပြီး လန့် နိုး လာသည် ။

“ ကျွန် ... ကျွန်တော် ဘယ် ရောက် နေပြီလဲ ဟင် ”

ကျွန်တော် ၏ အမေး ကြောင့် ခုနက ကျွန်တော့် စကား ပြော နေသူများ က ...

“ ဟော ... ဟော သတိရ လာပြီ ၊ သတိရ လာပြီ ၊ ဟေ့ ဟေ့ ပခုံး နှိပ်ပါဟ ”

“ အား ... ကျွတ်  ... ကျွတ် ကျွန် ... ကျွန်တော် ဘယ် ရောက်နေတာလဲ ဟင် ”

“ ဘယ်မှ မရောက်ဘူး ၊ ဘယ်မှ မရောက်ဘူး ၊ စင်ပေါ် မှာ ပဲ ရှိသေးတယ် ”

အနီးနား ဝေ့ ကြည့်လိုက်တော့ ဟုတ်သည် ။ စင် ပေါ် မှာ ပင် ။

“ ဟင် ... ခုန .. ခုန ကျွန်တော် ရှုံးပြီ မဟုတ်လား ”

“ ဘာ ... ဘယ်ကလာ ရှုံးရမှာလဲ ။ ခင်ဗျား မျက်နှာကြီး တခွမ်းခွမ်း နဲ့ အထိုး ခံရပြီး မေ့လဲ သွားလို့ ခြောက်မိနစ် အနား တောင်း သေးတာ ခင်ဗျား သတိရ လာရင် ပြန်ထိုးရမှာ ”

“ ဂျာ ”

လူ က မျက်လုံး ပင် ပြန် လည် သွား၏ ။ ကြောက်စိတ် ကား ဘယ်ကနေ ဘယ်လို ပေါ် ပြီး ငယ်ထိပ် ဆောင့် တက် လာသည် မသိ ။ ရေ ထိပြီး ဝပ် နေသော ဆံပင်များ ပင် အချောင်းလိုက် ပြန် တောင့် တက်လာ၏ ။

“ ကဲ ... ကဲ သတိရ လာပြီ ဆို ၊ ပြန် အထိုး ခံမယ် ၊ အဲလေ မျက်နှာကြီး နဲ့ ပြန် ထိုးမယ် ၊ ကဲ ဝိုင်း လယ် မှာ တည် ”

ဆိုကာ မတ်တတ် ဆွဲ ထူပြီး ဝိုင်းလယ် ကို တွန်း လွှတ် လိုက်ပြန် သည် ။

“ ဟင် ”

ကုပ်ချိကုပ်ချိ နှင့် ဝိုင်းလယ် မှာ ပြန် ရပ်နေတာ တွေ့ တော့ ကျွဲမောင်း အံ့အားသင့် သွားသည် ။ ပရိသတ် ၏ လက်ခုပ်သံများ လည်း စီညံ သွားသည် ။

“ ဒါမှ မြို့ကြီးသား ကွ ”

“ တောက် ... အသည်း က တော့ ဘယ်လို နေတယ် မသိဘူး ၊ မျက်ခွက် က တော့ အလွန် မာတဲ့ကောင် ပဲ ၊ ကြည့်စမ်း အခွက်ကြီး တစ်ခု လုံး ပိန်ချိုင့် နေတော့မယ် ၊ ကုန်း ထ လာ တုန်း ”

ဟူသော ဩဘာသံများ လည်း ပေါ်ထွက် လာ၏ ။ လူများ ၏ အာရုံ မှာ စင်ပေါ် ပြန် ရောက် ကုန်သည် ။ ကျွဲမောင်း ပင် ကျွန်တော့် ကို လက်ဆွဲ နှုတ်ဆက်ပြီး .. 

“ ကျုပ် တွေ့ဖူးသမျှ လက်ဝှေ့သမား တွေ ထဲ မှာ တော့ ခင်ဗျား ခံနိုင်ရည် အရှိဆုံးပဲ ဗျာ ၊ ဒီလောက်တောင် မျက်ခွက်ကြီး ကို တခွမ်းခွမ်း ထိုးခွဲ တာ တောင် ပြန် ထ လာနိုင်သေးတယ်လို့ ”

ကျွန်တော် လည်း သူ့ မျက်နှာ ကို မချင့်မရဲ ကြည့်ပြီး ...

“ အခုလို ချီးကျူး တဲ့ အတွက် ကျေးဇူးဥပကာယ အထူး တင်ရှိ ပါတယ် ၊ ဒါပေမယ့် ထိုးမယ် ဆို မျက်နှာ ကို သာ ဆက် ထိုးပါဗျာ ”

“ ဘာလို့လဲ ”

ကျွဲမောင်း က မျက်မှောင် ကျုံ့ ရင်း မေးသည် ။ ဒါကို ကျွန်တော် က ငိုချင်ရုပ် ကို ဟန် လုပ်၍  ...

“ လက် မှာ က အနာတွေ ပြည့် နေလို့ပါ ဗျာ ၊ အဟင့် ဒါကြောင့် ဒဏ်ရာ သိပ် မများသေး တဲ့ မျက်ခွက် ကို သာ တွယ်ပါ ”

ကျွန်တော့် စကား ကို ကျွဲမောင်း က သက်ပြင်း ကို ချ လက်သီး ကို ပြင်ပြီး ...

“ စိတ်ချပါ ဗျာ ၊ ခင်ဗျား မျက်နှာကြီး စုတ်ပြတ်သတ် သွားရုံ မ က လူ မြင်ရင် ဒဿဂီရိ ထင်ရ လောက်အောင် သမ ပေးမယ် လို့ ရဲရဲ ကြီး အာမခံပါတယ် ”

သူ့ စကား ကြားတော့ ဝမ်းသာရ မှာလား ၊ ငိုပဲ ငိုပြ ရမှာလား မသိနိုင်တော့ ။ နာနေသော လက်ကလေး နောက် ပစ်ပြီး မျက်နှာလေး သာ ပင့် ထား ပေးလိုက်ရသည် ။

“ ဒါမှ မြန်မာ့ သတ္တိ ၊ ခံရတာ တောင် မျက်နှာ က ချီထားတုန်း ၊ တွေ့လား ဒီ တစ်ခါ ဘယ်လို အတွယ် ခံဦးမယ် ဆိုတာ ကြည့်ကြသေး တာပေါ့ ”

ဪ ... ကိုယ့် မှာ ဒါလေး ရှိလို့ ဒါလေး ပင့် ထားတာ အောက် က လော်စပီကာ နှင့် မြှောက် ပေးတုန်း ။ အေပေးတွေ သူ တို့ မခံရ တိုင်း ဟိုင်းယား ဟိုင်းယား နှင့် မြှောက်ပေး တတ်ကြသည် ။

“ လာပါ သူငယ်ချင်း ... ဝိုင်းလယ် မှာ တည်မယ် ၊ ဟိုင်းယား အသံကောင်း လို့ ပွဲတောင်းတဲ့ မောင် ပါ နော် ၊ ဟိုင်းယား ဟိုင်းယား ”

ဝိုင်းလယ် မှာ တကယ် တည်သည် ။ သို့သော် ကြွေးရှင် နှင့် ကြွေးပူသည် လို မျက်နှာ အကြီး အငယ် က ကွာလှ၏ ။

“ အဆင်သင့် ဖြစ်ရင် ”

“ ခွမ်း ”

“ ကိန် ”

“ ခွမ်း ... ခွမ်း ”

“ အိုင် ... အိုင် ”

“ ဖုန်း ”

“ အာဝု ”

“ ဒုန်း ”

“ ကိန် ”

ကြမ်းပြင် ပေါ် မှောက်လျက် လဲ လား ၊ ပက်လက် လဲ သလား တော့ မသိ ။ ခေါင်း နှင့် ကျသွားမှန်း တော့ သိသည် ။ ပြီးနောက် ယောင်ယောင်ကန်းကန်း နှင့် စင်ပေါ် လေးဘက် ထောက် သွား နေမိသည် ။ မျက်လုံး က တော့ ဘာကို မှ မမြင်တော့ ။

“ တစ် ... နှစ် ... သုံး ... လေး ... ငါး ... ခြောက် ”

အမှတ်စဉ် ရေတွက် နေသံသာ ကြားသည် ။ ဘာမှ မမြင်တော့ ။ လူ က စင်ပေါ် လေးဖက်ကြီး လည် နေတုန်း ။

“ ဂိန် ”

စင်ပေါ် မှ စင်အောက် သို့ ခွေးကျ ထပ် ကျသည် ။ ကျ တာ မှ ခွေးကျ စစ်စစ် ။ ဘယ်လို ကျကျ အောက်ပိုင်း ထက် အပေါ်ပိုင်း ကြီး နေ ၍ လား မသိ ခေါင်း နှင့် သာ ကျသည် ။

“ ခွန် ... ရှစ် ... ကိုး ... တစ်ဆယ်ပါ ခင်ဗျား ”

အမှတ်စဉ် ရေတွက် လို့ ပြီး သွားသည် ။ လူ က စင် အောက် ထိုင်ခုံများ ကြား လေးဖက် သွား နေတုန်း ။ လူ စင်စစ်က ဘာ ဖြစ်သွားသည် တော့မသိ ။ လေးဖက်ကြီး လည်တယ် နှင့် ပြန် တည့်လို့ မရသေး ။

“ ဟ ... ဟ ဝိုင်း ဖမ်းကြပါဦး ဟ ၊ ဟိုကောင် ဘာ ဖြစ်သွားလဲ မသိဘူး ”

အားလုံး ဝိုင်း ဖမ်း မှ ဒိုင် တစ်ယောက် ၏ လုံချည် အောက် မှ ခေါင်း ကို ပြန်မိသည် ။

“ ဟ ... ဘာကြီးလဲ ဟ ၊ ကြောက်စရာကြီး ”

“ ဘာရမလဲ ကွ ... လုံချည် အောက် က မြင်ရတာ ဆိုတော့ ဟာ အဖြေရ ခက်လိုက်တာ ကွာ ၊ အဲ ဟိုကောင့် ခေါင်း ကွ ... ဟိုကောင့် ခေါင်း ”

“ ဟင် ... ဟိုကောင့် ခေါင်း က ဘာလို့ နှစ်ခု ပို ၊ ဟင်... ဪ ဒီလိုလား ၊ ဒီလိုတော့ အရှင်းသား ဟီဟီ ”

အရေးထဲ သဘောကျ သူ နှင့် လာ တွေ့ နေသေးသည် ။ ဒိုင်လူကြီး လုံချည် ကြား က မနည်း တိုး ထွက် ယူရသည် ။

“ အာ ... ကြည့်စမ်းပါဦး ဒီကောင့် မျက်နှာကြီး တကယ့် ကို စုတ်ပြတ်သတ် သွားတာ ၊ ထွီ ရွံစရာကြီး ”

“ အေးလေ ... မျက်နှာကြီး က ဘီလူး လိုပဲ ၊ တောက် ဒိုင် လုပ် လာတဲ့ သက်တမ်း တစ်လျှောက် ဒီလောက် အဖြစ်ဆိုး တာ တစ်ခါ မှ မကြုံဖူးသေးဘူး ၊ သေ တာ တောင် ဒီလောက် ကံ ဆိုးမယ် မထင်ဘူး ”

“ အေး ... ဟေ့ကောင်တွေ ငါတို့ မကြည့်ရဲဘူး ၊ သွား ပစ်ထုတ်လိုက်ကြ ၊ သွား ... သွား ”

“ အမြန် လုပ်ပါဟ ... ရွံလွန်းလို့ပါ ”

ဝါရင့်ဒိုင်များ ကိုယ်တိုင် ကို က လန့် ယူရသည့် အနေအထား ဖြစ် နေလေပြီ ။

“ ကဲ ... ကဲ ဒါဆိုလည်း ဟိုကောင်တွေ ခြေထောက် က မ ၊ ငါတို့ က ခေါင်း ၊ ဟင် ခေါင်း တစ်ခုလုံး ဒဏ်ရာချည်း ပဲ ဆိုတော့ ”

“ ဟာ ... နားရွက် က သာ မ သွားစမ်းပါ ”

ပြောသည့် အတိုင်း တကယ် လုပ်သည့် ရွာ ပင် ။ နှစ်ယောက် က ခြေမ က ဆွဲ၍ နှစ်ယောက် က နားရွက် ကဆွဲသည် ။ ပြီးနောက် လူကြား ထဲ မှ တိုးဝှေ့ ပြီး ခပ်ဝေးဝေး လူ ရှင်းရာ တွင် သွား ပစ်ထုတ်သည် ။

“ ကိန် ”

သည် တစ်ခါက ကျွန်တော် အော်သည် မဟုတ် ။ တကယ့် ကို ခွေး ပေါ် ပြုတ် ကျ ၍ ခွေး လန့်အော်ခြင်း ဖြစ်သည် ။ နောက် ဘယ်က ဘယ်လို သိမ်းထားမှန်း မသိသော ကျွန်တော့် အထုပ် က ဘုတ်ခနဲ ပြုတ် ကျ လာသည် ။

“ ဟဲ့ ... ပလုတ်တုတ် ”

ဘေးနား က လူ တစ်ယောက် က လန့် အော်သည် ။

“ ဟ ... ဟ ဘာကြီးလဲဟ ”

ဟို လူ က သူ့ ရှေ့ ချထား သော ခွက်ကလေး နေရာ ရွှေ့ သည် ။ ပြီးနောက် ကျွန်တော့် ကို အသေအချာ ကြည့်ပြီး သတိရ သွားဟန် နှင့် ...

“ ဟင် ... နှေ့ ကောင် ... နှင်း နှာ နေရာ ... နု တာနားကွ ”

ဘုရားပွဲဈေး ၌ ရရာ တောင်း ပြီး အလုပ် ဖြစ်နေသူ ထင်၏ ။ သူ့ မှာ လည်း ပတ်တီးကြီးများ နှင့် ...

“ အာ .. ဘာလို့ နု ... အဲ လုရမှာလဲ ဗျ ၊ ဒီမှာ ကိုယ့် ဘာသာ ကိုယ် မဟန်နိုင်လို့ လာ လဲတာ ”

“ နှေ့ကောင် .. သူတောင်းစား ချင်း ခြေ ညင်တယ်နော ၊ မင်း ဒီ မှာ လာနဲ ကနည်းက ဘယ် အပေါက် ညိုးမယ် ဆိုတာ သိတယ် ”

“ အာဂျာ... အဲလေ ဟာဗျာ ခင်ဗျား ကလည်း တစ်မှောင့် ကျုပ် က သူတောင်းစား မဟုတ်ဘူးဗျ ”

“ မင်းရုပ် မင်းရည် နဲ့ သူတောင်းစား မဟုတ်ဘူး ၊ ထွီ ရွံ့စရာ ကောင်း လိုက်တာ ၊ ငါ့ များ နာ လိမ်နေသေး ၊ ရုပ်ကလပ် က စုတ်ပြတ် နေတာ ၊ အနူ က တောင် ပြန် ရွံရသေး ၊ နေ့ကောင် နာ့ လက် ကို တုတ် ချည်ပေးစမ်း ”

“ ဘာလုပ်ဖို့လဲ ဗျ ”

“ မင်း ကို ရိုက်မလို့ နေကွာ ... မင်း ကို ရိုက်မလို့ ”

“ အောင်မာ ... ကိုယ့် ကို ရိုက်မလို့ ကို များ သူ့ လက် တုတ် ချည်ပေးရဦးမယ် ၊ တော်ပြီဗျာ သွား တော့မယ် ၊ အား ကျွတ် ကျွတ် ”

လူက  ယိုင်နဲ့နဲ့ နှင့် ထ ရသည် ။

“ အား ... ကျွတ် ... ကျွတ် ”

“ နှေ့ကောင် နေဦး ၊ ဒီ အထုပ် က နာ့ လှူသွားတာကွ ၊ ပေးကြမ်း ”

အရေးထဲ ကျွန်တော့် ဆီ က ပါလာသည့် အထုပ် ကို သူ့ ခြေမ နှင့် ကလော် ထား၏ ။

“ အာ ... ဘယ့်နှယ် ခင်ဗျား ကို လှူရမှာလဲ ၊ ကျုပ် အထုပ်ဗျ ၊ ကျုပ် နဲ့ ပါလာတာ ”

“ နှေ့ကောင် ... ဒူတောင်းစား ချင်း ခွက်ဇောင်း မခုတ်နဲ့ ၊ နုန က လူတွေ ငါ့ ရှေ့ ပစ်ချ သွားတာကွ ၊ နာ့ ပစ္စည်း ”

“ အာ. . ဘယ့်နှယ် ခင်ဗျား ရှေ့ ပစ်ချရမှာလဲ ၊ ကျုပ် ရင်ဘတ် ပေါ် ကျ လာတာ မတွေ့ဘူးလား ”

“ မင်း က နာ့ ရှေ့ လာ အိပ် နေတာကိုးကွ ၊ မင်း ရင်ဘတ် ပေါ် ကျ မှာပေါ့ ၊ သူစောင်းစား ကျက်သရေ တုန်းလိုက်ဘာ ၊ အင်္ကျီလေး ဘာလေး တောင် မရှိဘူး ”

ကြည့် လိုက်တော့ ဟုတ်ပါသည် ။ သူ က တောင် အင်္ကျီ နှင့် ကျွန်တော် က ကြိုးဝိုင်း ပေါ် မှ ဆင်းလာ သူ မို့ အင်္ကျီ ဗလာကျင်း သူတောင်းစားကြီး က အိတ်ကြိုး ကို ခြေသလုံး နှင့် ညှပ် ပြီး အတင်း ဆွဲ သည် ။ ကျွန်တော် က လည်း ကိုယ့် အိတ် သူ့ ဆီ ပါသွား မှာ စိုး၍ လက် နာနေရသည့် ကြားမှ အားစိုက် ၍ ပင် ...

“ မပေးဘူး .. ဘာလို့ ပေးရမှာလဲ ၊ ကျုပ် အိတ် ကျုပ် ပြန်ယူရမှာ ၊ လွှတ်စမ်း ”

“ ဘာလို့ လွှတ်မှာလဲ ၊ မင်း လွှတ်ရမှာ ”

“ လွှတ်ဘူး ... လွှတ်ဘူး ”

“ ကျုပ် လည်း လွှတ်ဘူး ၊ ခင်ဗျား လွှတ် ”

အိတ် တစ်လုံး ကို သူတောင်းစား က ခြေချိတ် ၊ ကျွန်တော် က လက်ချိတ် ပြီး အပြိုင် ဆွဲ နေရသည် ။ ကြာတော့ ဒေါသ ထွက် လာပြီး ဆောင့် ဆွဲကာ ...

“ အာ ... လွှတ်လေဗျာ ၊ ဒါ ကျုပ် အိတ်ဗျ ”

“ မလွှတ်ဘူး ၊ ငါ့ အိတ် ၊ ဟောဒီမှာ ကယ်ကြပါဦး ဗျို့ ၊ ကျုပ် ကို လှူတာ ကို ဒီကောင် လာ လုနေတယ် ”

“ ဟင် ”

သူတောင်းစားကြီး ဆီ က ကျယ်လောင်သော အော်သံ ကြား တော့ ခေါင်းနားပန်း ပါ ကြီး သွားရသည် ။

“ အရပ် ကူပါ လူ ဝိုင်းပါဦး ဗျို့ ၊ ဒီမှာ ကျုပ် စီးပွားအိုး ကို တုတ်ထိုး နေလို့ပါ ခင်ဗျ ၊ ဟီး ဟီး ”

အမူအရာ ကောင်းလိုက်သည့် ဖြစ်ခြင်း ။ မျက်ရည် က ပတစ်ခနဲ အတောင့်လိုက် ထွက်လာ၏ ။ အကယ်ဒမီ ပေး လျှင် သူ ရပြီ ။

“ ကယ်ပါ ... ကယ်ပါ ၊ ကယ်ပါ ဆီ က အထုပ် လု နေလို့ အို့ အို့ ဟီး ”

သူ့ အော်သံ ကြောင့် လူများ ဝိုင်း လာကြလေသည် ။

“ ဟေ့ ... ဟေ့ ဘာဖြစ်ကြတာလဲကွ ”

“ ဒီ ... ဒီလိုပါ ”

ကျွန်တော့် အဖြေ မဆုံးမီ မှာ ပင် သူတောင်းစားကြီး က သူ့ တိုနေသော လက် ကို ထိုး ရင်း ...

“ ကျုပ် လက် ကို တုတ် ချည်ပေးစမ်းပါ ဗျ ၊ တုတ် ချည်ပေးစမ်းပါ ၊ ဟီး... ဟီး ”

“ ဘာ ... ဘာဖြစ်လို့လဲ ”

“ ဟောဒီ နူ .. ဟောဒီ နူ ကျုပ် စုထားတဲ့ အထုပ်ကို နု နို့ ၊  ဟီး ... ဟီး ကျုပ် လက် ကို တုတ်ချ ည်ပေးစမ်းပါဗျာ ၊ ဒီကောင့် ကို ရိုက်ချင် နို့ ”

“ ဟင် ... သူတောင်းစား ဆီ က တောင် ပြန် လုတဲ့ ကောင် ၊ ဒီလို ကောင်မျိုး ကို မထားသင့်ဘူး ”

“ အေး ... ဟုတ်တယ် ၊ ရုပ် ကို က ကြည့်ပါလား ၊ စုတ်ပြတ်သတ် နေတာ ”

“ ချကွာ ... ဒီလို ကောင်မျိုး ကို ဆုံးမ ပစ် ၊ ဟို လူ့ လက် တုတ် ချည် ပေးလိုက်ကြစမ်း ”

ရှင်းပြချိန် တစ်ချက်ကလေး ပင် မရလိုက် ။ လူတွေ အားလုံး စုပြုံ ကျ လာ၏ ။

ထို့နောက် သူတောင်းစား လက် ကို ဘယ်သူ ချည် ပေးလိုက် မှန်း မသိသော တုတ်ကြီး ကို အနီးကပ် မြင် လိုက်ရသည် ။

“ ကယ်တော်မူကြပါဗျို့ ”

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment