Sunday, April 14, 2024

သင်္ကြန်ရေ


 

❝ သင်္ကြန်ရေ ❞

လေပွေ ဝှေ့ လိုက် ရာ တွင် မြူမှုန်တို့ သည် ဝဲဂယက် ကဲ့သို့ ဝှေ့ဝှေ့ ပြီး ကောင်းကင် သို့ ပျံတက် နေကြလေသည် ။ သစ်ရွက်ခြောက် တို့ သည် လည်း လေဟုန် ကို စီး ကာ လဟာပြင် တွင် ကခုန် ပျော်မြူး၍ နေလေသည် ။

သစ်ပင်ပန်းပင် တို့ မှ အစို့အညှောက် နှင့် ရွက်နုကလေးများ သည် လည်း ပူပြင်းလှ သော နေမင်းရောင် ၏ အောက် တွင် လာလုဆဲ နှစ်သစ် ကို မရဲတရဲ ပြူတစ် ပြူတစ်ဖြင့် ငံ့လင့် စောင့်စားလျက် ရှိကြလေသည် ။

အပြာရောင် ဖုံးလွှမ်း နေသော ကောင်းကင်ပြင်ကြီး ၏ ဝမ်းပြင် အောက် တွင် လည်း တိမ်ဖြူ ၊ တိမ်ညို ၊ တိမ်နီကလေးများ သည် လေ တွင် လွင့်ပါး စေသော ပဝါ အလား ဟို မှ သည် မှ မော်ကြွား လျက် ရှိလေသည် ။

မြေပြင် ပေါ် တွင် မူ ကား နေမင်းရောင် ၏ အပူရှိန် ကြောင့် အငွေ့ တို့ သည် တရှိန်ရှိန် ဖြင့် မီးတောက် သလို ကောင်းကင် သို့ ခုန်ပျံလျက် ရှိကြသည် ။ ကတ္တရာစေးလမ်းများ ပေါ် ၌ သာမန် မြေပြင် ထက် ပင် အပူရှိန် သည် လွန်ကဲ သည့် သရုပ်သဘော ကို ဆောင်လျက် ရှိသည် ။

ငှက်များ ပင် လျှင် နေပူရှိန် ကို ခံရန် မဝံ့ရှာကြ သဖြင့် အာဝါသ တို့ ၌ ခိုအောင်း ရင်း တစာစာ မြည်ကြွေးခြင်း သာ ပြု နေကြ ရှာလေသည် ။

ဤသို့ ပူပြင်း လှသည့် အချိန် တွင် ဆိုက်ကားသမား ကိုဝင်းရှိန် သည် နေရောင် ကို အတင်း ထိုးဖောက် ပြီး ကြည့် နိုင်ရန် မျက်လုံး ကို မျက်မှောင်ကြုတ် သလို ရှေ့သို့ မှေး၍ အားစိုက် ကြည့်ရင်း ကတ္တရာစေး လမ်းမကြီး အတိုင်း ဆိုက်ကား ကို မှန်မှန်ကြီး နင်း ၍ လာ နေ ရာ ဆိုက်ကားဘီး တာယာ နှင့် ကတ္တရာစေး တို့ ၏ ထိတွေ့ သံများ ဖြင့် တရှပ်ရှပ် မြည် နေ လေသည် ။

စက်ဘီး လက်ကိုင် နှစ်ဖက် ကို ဆုပ်ကိုင် ၍ ထားသော ကိုဝင်းရှိန် ၏ လက် နှစ်ဖက် မှာ ချွေး နှင့် မြူမှုန်များ ပေကျံ ပြီး လျှင် နေပူ လောင် ထားခြင်း ကြောင့် အတော် အကြည့်ရ ဆိုး သော ညိုမည်းခြင်းများ ဖြင့် ရှိ နေ လေသည် ။ နေပူ မရှောင် ၊ မိုးရွာ မရှောင် ဆောင်း လွန်း ၍ ဖြူဖပ်ဖြူရော် ဖြစ်ကာ အောက်သို့ ကုပ် ကျ နေသည့် သက္ကလတ်ဦးထုပ် အစုတ်ကြီး ကို လည်း ဦးခေါင်း ၌ အဆုံး ထိ စွပ်၍ ချထား သဖြင့် ထိုဦးထုပ် အောက် မှ ချွေးသီးချွေးပေါက် များ သည် လည်း ဦးခေါင်း အတွင်း မှ လှိုင်၍ထွက် လာပြီး မျက်နှာ တစ်ခုလုံး မှ ထွက် လာသော ချွေးများ နှင့် ပေါင်းစု ကာ မေးစေ့ အဖျား မှ ခုန်ဆင်း ၍ နေကြရာ တချို့သော ချွေးတို့ သည် ရင်ဘတ် ပေါ်သို့ ကျ၍ တချို့သော ချွေး တို့ သည် လုံချည် ပေါ် သို့ ကျကာ တချို့သော ချွေး တို့ သည် မြေ ပေါ် သို့ ကျရောက် ပြီးလျှင် သွေ့ခြောက်ခြင်း အဖြစ် သို့ ရောက် လျက် ကောင်းကင် သို့ အငွေ့ အဖြစ် နှင့် ပြန်တက် ကြ လေသည် ။ ထို နေ့ သည် သင်္ကြန် အကြိုနေ့ ဖြစ်ပေရာ ဆိုက်ကားသမား ကိုဝင်းရှိန် ၏ ချွေးရည် ချွေးပေါက် ချွေးသီးများ သည် သိကြားမင်း အား ဆီးကြို နေ သကဲ့သို့ ဖြစ်နေ ပေတော့သည် ။

ကိုဝင်းရှိန် ၏ လုံချည် ကို ကြည့်ဦး လော့ ။ အကွက် မပေါ်အောင် ညစ်ထေး လျက် ရှိ ရာ တွင် အနားဘက် မှာ ကွဲ နေ သဖြင့် အစ နှစ်ဖက် ကို ဆွဲ ၍ ထုံးနှောင် ထားရသည့် ချည်ကြမ်း လုံချည် ဖြစ်သည် ။ အင်္ကျီ မှာ မူ ကား ပင့်ကူအိမ် အကွက် အကွက်များ ကဲ့သို့ အပေါက်များ ၊ အပြဲများ ဖြင့် သာ ပြီးသည့် စွပ်ကျယ်အင်္ကျီ မျှ သာ ဖြစ်သည် ။ လက်မောင်း ပေါ်၌ မူ ကား တစ်ပိုင်း စုတ်ပြတ် နေသော ရှပ်အင်္ကျီလက် မှာ ကြီးမားစွာ ပြုလျက် တဖတ်ဖတ် ဖြင့် တွဲလောင်း လိုက်ပါလျက် ရှိနေပေသည် ။

ကိုဝင်းရှိန် သည် တစ်မျှော် တစ်ခေါ်ကြီး အပူရှိန် တောက်လောင် နေသည့် လမ်းမကြီး ၏ အလျားလိုက် ဟိုဘက် သည်ဘက် လှမ်းမျှော် ကြည့် လိုက်ပြီး ဆိုက်ကား စီးမည့် ခရီးသွား အရိပ်အယောင် ဆို၍ မြင်ရဟန် မရှိသောကြောင့် လမ်းဘေး မှ တမာပင်ရိပ် တစ်ခု အောက် သို့ ဆိုက်ကား ကို ဘရိတ် အုပ် ပြီး ထိုး ရပ် လိုက်လေသည် ။

ကိုဝင်းရှိန် သည် ဆိုက်ကား ပေါ် မှ အောက် သို့ ဆင်း လိုက်ရာ ဖင်ထိုင်ခုံ မှာ ချွေးများ စိုရွှဲ ကာ နူးလျက် ရှိသည်ကို တွေ့ရလေသည် ။ ကိုဝင်းရှိန် သည် ဦးခေါင်း မှ ဦးထုပ် ကို ချွတ် လိုက်ပြီး ဟဲခနဲ့ ပါးစပ် မှ လေများ ကို မှုတ်ထုတ် လိုက်ရင်း ဦးထုပ် ဖြင့် ယပ်ခတ် ၍ နေ လေသည် ။ ယပ် ခတ်ရင်း အပန်းဖြေ နေစဉ်ပင် ကိုဝင်းရှိန် သည် ပါးစပ် မှ ကျွတ်ကျွတ် မြည်တမ်း မိ လျက် ဆီးစပ် ဆီ သို့ လက် ဖြင့် ဖိ ထား လိုက် မိလေသည် ။ သူ ကား ဆိုက်ကားသမားတို့ ၏ ထုံးစံ အတိုင်း ရရှိအပ် ၊ ခံစားအပ် သော ဆီးရောဂါ ကို ခံစား နေရပေပြီ ။ မျက်လုံးအိမ် အတွင်း မှ မျက်ရည်များ ဥ လာ မတတ် ဝေဒနာ ကို ပြင်းပြစွာ ခံစား ရ သဖြင့် ကိုဝင်းရှိန် သည် ဆိုက်ကား ဘေးတွဲ ပေါ်တွင် တင်ပါးလွဲ ထိုင်လျက် ဖင်ထိုင်ခုံ ပေါ်သို့ လက် တင် ကာ မျက်နှာ မှောက် နေမိလေသည် ။ လက် တစ်ဖက် မှ လည်း ဆီးခုံ ကို နှိပ် ထား လေသည် ။

အတန်ငယ် ကြာ သွားသော အခါ ကိုဝင်းရှိန် သည် မျက်နှာ ကို မှောက်ထား ရာ မှ ပြန်၍ မော့ လာပြီး ဟိုဟို သည်သည် စောင်းငဲ့ ကာ ကြည့်ရင်း အလွန် စိတ်မချမ်းမြေ့သော အသွင် ဖြင့် သက်ပြင်း တစ်ချက် ချ လိုက်ကာ ဆိုက်ကား ပေါ် သို့ ပြန်၍ တက် ထိုင်လျက် မနင်း ချင် နင်း ချင် ဖြင့် နေပူ ထဲ တွင် နင်း ပြီး ထွက်လာခဲ့ရှာလေသည် ။

လမ်း တွင် ပင် ဆိုက်ကား နင်း ရင်း ကိုဝင်းရှိန် မှာ မကြာခဏ စုတ် သပ်ပြီး ဆီးရောဂါ ၏ ဝေဒနာ ကို ခံစား ခဲ့ရသည် ။ သူ သည် သူ ၏ နေရာ တဲအိမ် ရှိရာ သို့ ပြန် နေခြင်းပင် ဖြစ် သည် ။

ကိုဝင်းရှိန် မှာ အသက် ၃၈ နှစ် မျှ ရှိလေပြီ ။ သူ့ တွ င် ၁၅ နှစ် ရွယ် မျှ သား တစ်ယောက် ရှိသည် ။ သူ့ ဇနီး ဖြစ်သူ မှာ ဂျပန်ခေတ် က ဘူတာရုံ တွင် ကူလီ လုပ်ခဲ့ရာ လေယာဉ်ပျံ မှ စက်သေနတ် ကျည်ဆန် ထိပြီး သေဆုံး ခဲ့ရှာသည် ။ ယခုမူ ကိုဝင်းရှိန် မှာ သူ့ သား နှင့် သူ သားအဖ နှစ်ယောက် တည်း နေကြရသည် ။

ရှေးယခင် က ကိုဝင်းရှိန် သည် တော တွင် လယ်လုပ်စား နေသူ ဖြစ်သည် ။ နောက်ဆုံး ၌ ကြွေးများ အတွင်း နစ်မြုပ် ပြီး လယ်ယာများ ဆုံးရှုံး ခဲ့ရ သဖြင့် မြို့ သို့ တက် လာပြီး ကူလီ လုပ် နေခဲ့ရလေသည် ။ ကူလီ လုပ်ရာ မှ တစ်ဆင့် ဆိုက်ကား ကို အငှား နင်း ခဲ့သည် ။ ပထမ တွင် ဆိုက်ကား နင်းရာ ၌ ဗလ က လည်း ကောင်း ၊ မော်တော်ဘတ်စ်ကားများ လည်း အမြောက် အမြား မရှိသေး သဖြင့် အတော်ကလေး ငွေဝင်လမ်း ဖြောင့်ခဲ့သည် ။ ရသမျှ ငွေ ကို လည်း တောသား ပီပီ စုဆောင်း တတ် သဖြင့် ဆိုက်ကား တစ်စီး ကို ဝယ်ယူ နိုင်သည့် အဖြစ် သို့ ရောက် ခဲ့ လေသည် ။

သို့သော် ဆိုက်ကား ကိုယ်ပိုင် နင်း နိုင်သည့် အခြေ သို့ ရောက်လာသည့် အချိန် တွင် ဘတ်စ်ကားများ ဥဒဟို ပေါ်ပေါက်လာပြီ ဖြစ်ရကား ၊ သူ့ လို အညတရ ဆိုက်ကားသမားကလေး ကို မဆိုထားဘိ ။ မြင်းလှည်းသမားများ ပင် လျှင် လမ်းဘေး တွင် ရပ်လျက် ထိုင် ငေး ပြီး နောက်ဆုံး အိမ် သို့ ဗလာ အချည်းအနှီး မောင်း ပြီး ပြန်ရသည့် အဖြစ်မျိုး သို့ ကျရောက် လာ လေရာ ကိုဝင်းရှိန် တို့ အခြေအနေ မှာ ရှေ့သို့ မတက် နိုင်အောင် ဖြစ်လာခဲ့ပေတော့သည် ။

ဤအတွင်း ပိုမို ဆိုးရွား လာသည့် အကြောင်း တစ်ခု ကား ဆိုက်ကား နင်းရဖန် များ သဖြင့် ဆီး ကိုင် လာခြင်းပင် ဖြစ်သည် ။ ပထမ တွင် ဆီးရောဂါ ကို ပျောက်စိမ့်သော ငှာ လူပြော သူပြော ဖြင့် ဟို အရွက် သည် အရွက် များ ကို ပြုတ် ၍ သောက်ခဲ့သည် ။ ရောဂါ မှာ ကင်းရှင်း စွာ မပျောက်ဘဲ တတိတိ ဖြင့် ပြင်းထန် ၍ သာ လာခဲ့ လေသည် ။ သို့သော် လည်း သူ သည် ဝီရိယ ကို မူကား မလျှော့ ။ ခါတိုင်း လို ပိုက်ဆံ စည်အောင် ကြိုးစား ရှာသည် ။ သူ ဤမျှ ကြိုးစား စေရန် ဖန်တီး စေ့ဆော်သည့် အချက် တစ်ခု မှာ သူ ၏ သား အရေး ပင် ဖြစ်သည် ။

“ ဪ ... ငါ့ သား ၊ ငါ့ သားကလေး တစ်ယောက် သာ ငါ ချစ်ဖို့ ၊ ငါ ပြုစုဖို့ ရှိပါ ကလား ” ဟု ကိုဝင်းရှိန် ၏ စိတ် တွင် အမြဲ ကိန်းအောင်း လျက် ရှိသည် ။ သူ ပညာ မတတ် ခဲ့ ၍ သာ ဤ အဖြစ် ဆိုးမျိုး များ ခံစားရသည် ဟု ယူဆ ကာ သူ့ သား ကို သူ့ လို ပညာမဲ့ မဖြစ် စေရန် အလွတ် ပညာသင်ကျောင်း တွင် အပ်နှံ ထားလေရာ ဤ သားလေး အတွက် သူ အထူး ကြိုးစား၍ ရှာဖွေသည် ၊ ဤ သားလေး အတွက် ဆိုက်ကား ကို မနေမနား နင်းသည် ၊ ဤ သားလေး အတွက် ရောဂါ ကို ရောဂါ မမှတ် ဘဲ ဝီရိယ ထုတ်သည် ။ ထို့ကြောင့် သူ့ ဆီးရောဂါ မှာ အရင့်ဆုံး အဖြစ် သို့ ရောက်ခဲ့ လေ တော့သည် ။

ငါ့ သား အတွက် ဒီ သင်္ကြန် အတွင်း မှာ သူများ နည်းတူ သူငယ်ချင်း ကျောင်းသားတွေ နဲ့ ပျော် နိုင်အောင် ငါ တော့ ပိုက်ဆံ ပေးနိုင်တော့ မှာ မဟုတ်ဘူး ဟု ကိုဝင်းရှိန် သည် ဆိုက်ကား ကို ကြိတ်မှိတ် ပြီး နင်း ရင်း စဉ်းစားမိ သဖြင့် ရောဂါ ထက် ပိုမို လွန်ကဲပြင်းပြသည့် မေတ္တာ ဝေဒနာ ကို ခံစား လိုက်ရလေသည် ။

သူ့ သား အတွက် ပင် ပူပန်သောက ရောက် လျက် ခေါင်း ငိုက်စိုက် ချ ကာ နင်း လာနေ စဉ် လမ်းမ ပေါ်၌ ဖလားကလေး တစ်လုံး ကို ကိုင် လျက် ရပ်စောင့် နေသော လူငယ်ကလေး တစ်ဦး ကို ရိပ်ခနဲ တွေ့လိုက်ရလေသည် ။

“ ဟေ့ သူငယ် .... ငါ နေ မကောင်းလို့ ပါ ကွယ် ။ နက်ဖြန် မှ မင်းတို့ ပက်ရမှာ မဟုတ် လားကွဲ့ ” ဟု ကိုဝင်းရှိန် က တောင်းပန် လိုက်သည် ။ သို့သော် လူငယ် သည် ကိုဝင်းရှိန် ကို ဖလား ထဲ မှ ရေ အကုန်လုံး စိုစွတ် သွားအောင် ဗွမ်းခနဲ ပက်လိုက်လေရာ ကိုဝင်းရှိန် တစ်ကိုယ်လုံး မှာ ရေများ ဖြင့် ရွှဲရွှဲစို ၍ သွားလေတော့သည် ။ ကိုဝင်းရှိန် သည် ဗြုန်းခနဲ ဒေါသ ဖြစ်သွားပြီး ဆိုက်ကား ကို ချက်ချင်း ရပ်လျက် မျက်နှာ မှ ရေများ ကို လက် ဖြင့် သပ်ချရင်း ဆိုက်ကား ပေါ် မှ ဆင်း၍ လိုက်ရန် ဟန် ပြင်လိုက် မိ လေသည် ။ သို့သော် ရေပက်သူ လူငယ် အား အသေအချာ ကြည့် လိုက်မိသော အခါ၌ ဘိုကေစုတ်ဖွား နှင့် ၁၅ နှစ်သား လောက် ပင် ရှိသည့် လူငယ် ကို တွေ့ မြင်ရလေ ရာ “ ဪ ... ဒါ ငါ့ သား အရွယ်ကလေး ပါ လား ။ ငါ့ သား လည်း ဒီလိုပဲ ပျော်ချင်မှာ ပဲ ။ ငါ့ သားကလေး ဒီလို ပျော်ရွှင်နိုင်ဖို့ အရေးတွေ ကို ငါ အခုပဲ တွေးလာတာ မဟုတ်လား ” ဟု ချက်ချင်း စဉ်းစား မိ ကာ ရေ နှင့် ပက်သူ သူငယ် ကို ကြည့် ၍ ပြုံး လိုက်လေသည် ။

“ ဟေ့ ... မင်းတို့ ဒီလို ပက်ရတာ ပျော်သလား ကွ ”

“ ပျော်တာ ပေါ့ ဗျ ၊ ဘယ့်နှယ် ပြောပါလိမ့် ”

“ အေးအေး .... ကောင်းတယ် ... ကောင်းတယ် ”

ကိုဝင်းရှိန် သည် ပြုံးရယ် ရင်း ဆိုက်ကား ကို ရှေ့ဆက် နင်း သွားလေသည် ။

မိမိ ၏ နေအိမ် တဲကုပ်ကလေး သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကိုဝင်းရှိန် သည် ဆိုက်ကား ကို တဲ အတွင်း သို့ ထိုးသွင်း လိုက်ပြီး ခါတိုင်းလို မှ ဖုန်များ ကို ပွတ်တိုက် သုတ်သင်ခြင်း မပြုနိုင်တော့ ဘဲ ဝါးကွပ်ပျစ် ပေါ် သို့ အလျားထိုး မှောက် လိုက် ရှာလေသည် ။ ထို့နောက် ပြင်းပြသော ဝေဒနာ ကို ခံစားရသည့် အတိုင်း အောင့် ၍ မထား တော့ဘဲ တဟီးဟီး ဖြင့် အသံများ ထွက် လောက် အောင် ညည်းတွား နေလေသည် ။

အဘယ်မျှ ကြာမြင့် အောင် ညည်းတွား နေမိသည် မသိ ။ ခြေသံ တရှပ်ရှပ် ကြားလိုက် တော့မှ အညည်း ရပ်ပြီး ဦးခေါင်း ထောင် ကာ လည်ပြန် ကြည့် လိုက်ရာ သား ဖြစ်သူ မောင်ဖိုးဝေ ကျောင်း မှ ပြန် လာသည် ကို တွေ့ ရ သဖြင့် အားစိုက် ကာ ပြုံး လိုက်လေသည် ။

“ ဪ .... ငါ့ သား ကျောင်း ဆင်းလာပလား ကွ ”

“ ဟုတ်ကဲ့ .. အဘ ၊ ဒီနေ့ အစောကြီး ပြန်လာပါလား ။ ဘာပြုလို့လဲ နေ မကောင်းလို့ လား ”

“ ကောင်းပါတယ်ကွာ ၊ ကောင်းပါတယ် ”

သား ဖြစ်သူ သည် လက် တွင် ပိုက် လာသော စာအုပ်များ ကို တဲထရံ ထောင့် နား သို့ ပစ်ချ လိုက်ပြီး သူ့ ဖခင် ၏ နဖူး ကို စမ်း ကြည့်လေသည် ။

“ ဟင် ... အဘ ”

“ ဘာမှ မဖြစ်ပါဘူး ကွယ့် ”

“ အို ... တစ်ကိုယ်လုံး ကို ချစ်ချစ်တောက် ပူနေတာပဲ ”

“ အေးကွယ် .... နေပူကြီး ထဲ က ပြန် အလာ မှာ ရေပက် ခံရလို့ ထင်ပါရဲ့ကွယ် ”

ထိုနေ့ ည က ကိုဝင်းရှိန် သည် အပြင်း ဖျား လေသည် ။ အပူရှိန် မှာ ကျသည် မရှိ ။ ပို၍ ပို၍ သာ လျှင် အပူရှိန် လွန်ကဲ ၍ လာ ခဲ့လေသည် ။ နံနက် လင်းအားကြီး အချိန် တွင် သတိ မရ တစ်ချက် ရ တစ်ချက် ဖြစ်နေသည် ။ သား ဖြစ်သူမှာ လည်း ဒီ သား နှင့် ဒီ အဖေ သာ ရှိသူများ ဖြစ်သည့် အတိုင်း အလွန် စိုးရိမ်ကြီးစွာ ဖြင့် သူ့ ဖခင်အနီး တွင် မအိပ်ဘဲ စောင့်ပြီး ပြုစုရှာ လေသည် ။ မည်သို့ ပြုစုရမည် ၊ မည်သို့ ကုသရမည် ၊ မည်သို့ စီမံရမည် .. စသည်တို့ ကို နား မလည်  ၊ ရေ တောင်း လျှင် ရေ ပေး၍ ထိုင်ချင်သည် ဆို လျှင် ထူ ပေး ရုံ မျှ လောက် သာ လုပ်တတ်ရှာ လေသည် ။

ကိုဝင်းရှိန် ၏ ပါးစပ် မှ လည်း အခြား စကားများ ကို ဘာမျှ မပြော ။ “ သား .. သား ” ဟူ၍ သာ တ,နေလေသည် ။

နံနက် လင်း သော အခါ၌ ကိုဝင်းရှိန် သည် မိန်းမောပြီး အိပ်ပျော် သလို ဖြစ် နေလေ သည် ။ ဤအခိုက် တွင် သား ဖြစ်သူ သည် သူ့ ဖခင် အား ဘာဘူစောင် အစုတ် ဖြင့် တတ်နိုင် သမျှ လုံ အောင် ဂရုတစိုက် လွှမ်းခြုံ ပေး ပြီးလျှင် အိပ်ရာ မှ နိုး လျှင် တိုက်ရန် ဆန်ပြုတ်မည် ဟု အကြံ ပြုမိ သဖြင့် ထမင်းအိုး ကို မီးဖိုဘေး မှ ယူ၍ အိုး တွင် ကပ် နေသော ထမင်းချိုးများ ကို ခွာ လျက် ရေဖြင့် ဆေးပြီး ဆန် ထည့်သည့် အိုး ရှိရာ သို့ လက် နှိုက်လိုက်သည် ။ မောင်ဖိုးဝေ မှာ ဆန်အိုး တွင်း ၌ လက် နှိုက်ရင်း ပါးစပ် ဟ ကာ ငေးစိုက် နေ မိလေသည် ။ ဆန်အိုး ထဲ တွင် လက် ကို မွှေပြီး ဖြစ်သည် ။ ဆန်များ ကား သုံးလေးစေ့ မျှ သာ သူ ၏ လက် ကို ကပ် ၍ ပါလာ တော့သည် ။ ဆန်အိုး ထဲ တွင် ဆန် ကုန် နေချေပြီ ။

ဖိုးဝေ သည် မကျေနပ် သဖြင့် ဆန်အိုး ထဲ သို့ ခေါင်း ငုံပြီး ကြည့်သည် ။ သူ့ မျက်စိ ၏ မြင်ရ သမျှ သည် မဟုတ်ပါစေ နဲ့ တော့ ဟူ၍ ပင် သူ ဆုတောင်း မိသည် ။ အိုး ထဲ တွင် ဟင်းလင်း ဖြစ်သည် ကို မြင် နေရပေရာ ဤ မြင်ရချက် သည် လွဲမှားပြီး တကယ် ဆန် တွေ သာ ရှိ လျှင် မည်မျှ ကောင်းလေမည်နည်း ဟု သူ တောင့်တ မိသည် ။

ဖိုးဝေ သည် သက်မ ချ လိုက်ပြီး ခဏမျှ ကြာအောင် ဆောင့်ကြောင့် ထိုင် ၍ ငိုင် ငေး နေမိသည် ။ အတန်ကြာ မှ ထိုင်ရာ မှ လေးကန်စွာ ထ လိုက်ပြီး ဆိုက်ကား မှ ခရီးသည် ထိုင် ရာ ခုံ အောက် တွင် ပိုက်ဆံ ထည့်သည့် အံ အတွင်း ၌ ပိုက်ဆံ ရှိလို ရှိငြား ဖွင့် ၍ ကြည့်လေသည် ။ ရေစရေန နှင့် ဖုန်မှုန့်များ လုံးထွေး နေသည် မှ အပ ပိုက်ဆံ ဆို၍ တစ်ပြား မျှ မတွေ့ချေ ။ ထိုမှ တစ်ဖန် ကွပ်ပျစ် ပေါ် မှ တွဲလောင်း ကျနေ သည့် သူ့ အဖေ ပတ်နေကျ တရုတ် ခါးပတ် အတွင်း မှ ပိုက်ဆံအိတ် ကို လည်း ဖွင့် ၍ ကြည့် ပြန်သည် ။ ထို အထဲ တွင် သူ့ အဖေ ငုံ နေကျ ဆေးရွက်ကြီး သုံး လေး ဖတ် သာ လျှင် တွေ့ရသည် ။ ဖိုးဝေ မှာ အတော်ပင် စိတ် မချမ်းမသာ ဖြစ်၍ သွား လေသည် ။ ခဏမျှ စဉ်းစား နေပြီးသည့် နောက် သူ့ အဖေ မနိုး အောင် အသာ အယာ ဆိုက်ကား ကို အပြင် သို့ ထုတ်လေသည် ။

“ ငါ့ ကို အင်မတန် ချစ်တဲ့ အဘ ၊ ဒီ တစ်ခါ အဘ ကျေးဇူး ကို ငါ ဆပ်မဟ ” ဟု ဝမ်း တွင်း မှ ကြိတ်၍ နှလုံး သွင်းကာ ဖိုးဝေ သည် ဆိုက်ကားကြီး ကို မနင်းနိုင် နင်းနိုင် ဖြင့် နင်း ပြီး ထွက်သွား လေသည် ။

ဆိုက်ကားသမား များ တန်းစီ ၍ ဆိုက် နေကြသော နေရာ တစ်ခု သို့ ဖိုးဝေ ဝင် ၍ ဆိုက်ကပ် ရပ်နား လိုက်သည် ။ ခရီးသွား မြင်တိုင်း ဆိုက်ကား တွင် တပ်၍ ထားသော ဟွန်း ကလေး ကို နားငြီး လောက် အောင် “ ပူးပေါ် ... ပူးပေါ်  ” နှင့် နှိပ်ရင်း လူ ခေါ် လေသည် ။

ခရီးသွားများ ကား ဖိုးဝေ ကို ဂရု မစိုက်ကြချေ ။ ဆိုက်ကား စီး ကြလျှင် လည်း ဖိုးဝေ ၏ ဆိုက်ကား ကို မခေါ် ။ အခြားသော ဆိုက်ကားများ ကို သာ ခေါ်၍ သွားတတ်ကြသည် ကို ဖိုးဝေ သည် ငေး ၍ ကြည့် နေရတော့သည် ။ ဆိုက်ကား စီးသူ တို့ သည် ဖိုးဝေ လို လူငယ်ကလေး နင်း သော ဆိုက်ကား ကို စီးချင်စိတ် မရှိကြ ။ ဗလကောင်းကောင်း နှင့် ခပ်သွက်သွက် နင်းနိုင် မည့် သူ ကို သာ စီးလိုကြ ရ ကား ဖိုးဝေ မှာ စိတ် မချမ်းမမြေ့ ဖြစ်မိလေသည် ။ ခရီးသွား တို့ ၏ သဘော ကို လည်း ဖိုးဝေ ရိပ်စားမိ သဖြင့် မိမိ ၏ သေးငယ် သော ခြေသလုံး ၊ သေးငယ် သော ကိုယ်ကာယ ၊ သေးငယ် သော လက် တို့ ကို ကြည့်ရင်း ဝမ်းနည်း မိ လေသည် ။ ပထမ တွင် ဟွန်း ကို ခဏခဏ နှိပ်၍ လူ ခေါ် သော်လည်း မိမိ ဘေး မှ ဆိုက်ကား အားလုံး ခရီးသည် ကိုယ်စီ နှင့် ထွက်ခွာ သွားကြသည့် တိုင် အောင် မိမိ မှာ သူ မရ အောင် ဖြစ်နေ သဖြင့် ဟွန်း နှိပ် သည့် လက် မှာ လေးကန် ၍ လာလေသည် ။ တစ်ချက် တစ်ချက် မှ မလွှဲ သာ ၍ နှိပ် ရသည့် အဖြစ်မျိုး သာ ရောက် လာခဲ့ ပေ တော့သည် ။

“ ငါ့ အဘ နိုးများ နေပြီလား ။ နိုး ရင် ငါ့ ကို ဘယ် သွားသလဲ လို့ ခေါ် နေတော့မှာပဲ ။ ငါ့ ကို မတွေ့ ရင် စိတ်ပူ နေတော့မှာပဲ ။ ဒါပေမဲ့ နိုးတာနဲ့ တစ်ပြိုင်နက် ဆန်ပြုတ်ကလေး တိုက် ရ မှ ကောင်း မှာပဲ ။ အဘ ဒါမှ နေကောင်းမှာပဲ ” ဟု ဖိုးဝေ သည် စိတ်သောက ရောက် နေတော့သည် ။

ယင်းသို့ ဖိုးဝေ တွင် သောက ရောက် နေသော်လည်း လမ်းများ ပေါ် ၍ သံချပ် ထိုးသံ များ တစ်စ တစ်စ ဆူ ၍ လာပြန်လေသည် ။ ရေပက်သံများ ၊ ရယ်သံများ ၊ သီချင်းဆိုသံများ မှာ ကြာလေ ကြာလေ ပိုမို များပြား လာလေ ဖြစ် နေလေသည် ။ ရေပက်ခံ ထွက်သူများ ၏ မော်တော်ကား များ လည်း အလျှိုအလျှို ဖြင့် တစ်စီး ပြီး တစ်စီး အဆက်မပြတ် ဖိုးဝေ ၏ ရှေ့ မှ ဖြတ်သန်း သွားလာ နေကြရာ ဖိုးဝေ မှာ ငေးမော ပြီး ကြည့် နေရင်း ရင်တွင်း ၌ ဗလောင် ဆူ ၍ နေလေသည် ။

ရေ ပက်ရင်း လှောင်ကြ ပြောင်ကြ ၊ သရော်ကြ ဖြင့် ဆူပူ ပြီး ပျော်ပွဲကြီးများ ဆင်ယင် နေကြ စဉ် ဖိုးဝေ ၏ မျက်နှာ မှာ ငိုတော့မည် ကဲ့သို့ မဲ့ ၍ မဲ့ ၍ လာ နေလေသည် ။

“ သင်္ကြန် သင်္ကြန် ... ပျော်သူတွေ ပျော်ကြပေမဲ့ ” ဟူ ၍ ဖိုးဝေ သည် မချိတင်ကဲ ဖြစ်သည် ထက် ဖြစ်လာ၍ ဘယ်သို့ သွားရမည် မသိအောင် ဖြစ်ပြီး ဆိုက်ကား ကို နင်း ကာ တစ်ပတ် လောက် လှည့် လိုက်ဦးမည် ဟု ဟန်ပြု လိုက်စဉ်ပင် အေး နေသော လက်ကြီး တစ်ခု ကုပ်ဆက် တွင် လာ ၍ တင်သည် ကို ခံလိုက်ရ သဖြင့် လန့်ပြီး မော့ ကြည့် လိုက်သည် ။ ရေတွေ စိုရွှဲ နေသော လူကြီး တစ်ဦး ကို တွေ့ ရတော့ မှ “ ဘယ်သွားမလဲ ဦး ” ဟု ဝမ်းသာအားရ မေး လိုက်မိလေသည် ။

လူကြီး သည် ဆိုက်ကား ပေါ် သို့ တက် ထိုင် လိုက်ပြီး

“ မင်း နင်းနိုင်ပါ့မလားကွ ” ဟု မေး လေသည် ။

“ နင်းနိုင်ပါတယ် ခင်ဗျာ ”

“ အေး ... ဒါဖြင့် ... အဲဒီ တည့်တည့် ဟေ့ ”

ဖိုးဝေ သည် အားရဝမ်းသာစွာ ဆိုက်ကား ကို တအား ကြုံး ၍ နင်းပြီး ထွက်ခွာ ခဲ့လေ သည် ။ ဟွန်း ကို “ ပူးပေါ် ... ပူးပေါ်  ” နှင့် နှိပ်ရသည် မှာ အလွန် သာယာသော အသံ ၊ ရယ်မော နေသော အသံ ဟူ ၍ ဖိုးဝေ တွင် ထင်မှတ်မိ လေသည် ။

ဆိုက်ကား စီးသူ က ဆိုက်ကား နင်း နေသော ဖိုးဝေ ကို ခေါင်းငဲ့ ၍ ကြည့်ရင်း “ မင်း ဒီနေ့ သူများတွေ လို ရေ မကစားဘူးလား ကွ ” ဟု မေး လေသည် ။

“ မကစားဘူး ခင်ဗျ”

“ ဘာပြုလို့လဲ ၊ မကစားချင်လို့လား ”

“ ကစားချင်ပါတယ် ”

“ ဒါဖြင့် ဘာလို့ မကစားတာလဲ ”

“ မကစားနိုင်သေးလို့ပါ ”

“ မင်းနှယ် ကွယ် ဒီလို အခါကြီးရက်ကြီး မှာ ”

“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ... ဒါပေမဲ့ ” 

“ ဒါပေမဲ့ ဘာဖြစ်လို့လဲကွယ့် ”

“ ကျွန်တော့် အဘ ဖျား နေလို့ ဆန်ပြုတ် တိုက်ချင်တာနဲ့ ကျွန်တော် တို့ မှာ သားအဖ နှစ်ယောက်တည်း ရှိတယ် ”

“ ဪ ... နှစ်ယောက် တည်း ”

“ ဟုတ်ကဲ့ ... ဒါကြောင့် ကျွန်တော့် အဖေ နေမကောင်း နေတာ နဲ့ ပိုက်ဆံ လည်း တစ်ပြား မှ မရှိတော့ လို့ ဆိုက်ကား ယူပြီး ကျွန်တော် ထွက် လာခဲ့တာပဲ ။ ခါတိုင်းတော့ ကျွန်တော့် အဘ ပဲ နင်း တာပါ ။ ကျွန်တော် ထွက် လာ ကတည်း က ဘယ်မှ လည်း မလိုက် ရပါဘူး ။ အခု ဦးကြီး ကျ တော့မှပဲ ”

“ အင်း .. အင်း .. ငါ က ဈေးဦးဖောက် တာ ပေါ့ ၊ ဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ အေး ... ရောက်လုပါပြီ ကွာ ။ ဟို ရှေ့ တင်ပါပဲ ။ အဲ ... အဲ ...ရပ်တော့ဟေ့ ” ဆိုက်ကား စီးသူ သည် ဆိုက်ကား ပေါ် မှ ဆင်း ပြီး ပိုက်ဆံ ပေးရန် အိတ် ကို နှိုက်နေ လေသည် ။

ဖိုးဝေ သည် လူကြီး ကို ရိုသေသော အားဖြင့် ဆိုက်ကား ပေါ် မှ ဆင်းပြီး လူကြီး ၏ အရိပ်အခြည် ကို ကြည့် နေလေသည် ။

“ ဘယ်လောက် ပေးရမလဲ ဟေ့ ”

“ ခါတိုင်း ဘယ်လောက် ပေးရသလဲ ခင်ဗျ ။ ကျွန်တော့် တော့ မသိဘူး ။ အဘ ကို ဆန်ပြုတ် တိုက်နိုင်ရုံ လောက် ရရင် တော်ပါပြီ ”

လူကြီး သည် ခဏမျှ ဖိုးဝေ ကို ငေးစိုက် ကြည့် နေပြီး စဉ်းစား သလို လုပ်နေရာမှ

“ ကဲ .. မင်း ဒီလို အခါကြီး ရက်ကြီး မှာ မိဘဂုဏ်ကျေးဇူး ကို သိတတ်တဲ့ အတွက် ဒီ ခရီး ဟာ တစ်မတ် လောက် သာ တန်ပေတဲ့ အလှူဒါန ပြုတဲ့ သဘောနဲ့ ငါးကျပ် ပေး လိုက်မယ် ”

ဖိုးဝေ သည် ဒိတ်ခနဲ မူးမိုက် ၍ သွားလောက် အောင် ဝမ်းသာ သွားလေသည် ။ လူကြီး က ကမ်း လိုက်သော ငါးကျပ်တန် ငွေစက္ကူ ကို လှမ်း ယူ လိုက်ပြီး မချုပ်တည်း နိုင်တော့ သဖြင့် “ အဘ ရေ ... ဆန်ပြုတ်ဖိုး ရပြီ ဗျို့ ” ဟု အရူး လို အော် လျက် ခုန်ပေါက်ပြီး အိမ် ဆီ သို့ ပြေး လေတော့သည် ။

နောက်မှ လူကြီး သည် အံ့သြ ကာ မှင်တက်မိ သလို ရပ်ကြည့် နေမိရာမှ “ ဟေ့ သူငယ် ... ဟေ့ သူငယ် ... ဆိုက်ကား ...ဆိုက်ကား ...မင်း ဆိုက်ကား မေ့နေခဲ့ပြီ ” ဟု လှမ်း၍ အော် လေသည် ။

ဖိုးဝေ သည် လူကြီး ၏ အော်သံ ကို မကြားမိ ။

“ အဘ ရေ .. ဆန်ဖိုး ရပြီ ၊ ဆန်ဖိုး ရပြီ ” ဟု အော်ရင်း အတင်း သာ ပြေးသွား လေရာ မကြာမီပင် အိမ် သို့ ရောက် ကာ ပြေးဝင် သွား လေသည် ။

“ သားရေ ... သား ”

“ အဘ ကျွန်တော် လာပြီ ”

ဖိုးဝေ က မောကြီးပန်းကြီး အသံဖြင့် ပြော ရာ ကိုဝင်းရှိန် သည် အား မရှိတော့သည့် မျက်လုံးများ ကို ဖွင့် လျက် သား ကို ဆီးကြို ကြည့်ရင်း စိတ်ပူ စိုးရိမ် ပျော့တော့ သော အသံ ဖြင့် “ ငါ့ သား ဘယ် သွားနေလဲ ” ဟု မေးလေသည် ။

“ ကျွန်တော် ဆန် ဝယ်ဖို့ ပိုက်ဆံ ရအောင် ဆိုက်ကား ထွက် နင်းတာ အဘ ၊ ဟောဒီ မှာ ငါးကျပ် ရခဲ့တယ် ” ဟု ဖိုးဝေ က ပြောရင်း ဝမ်းသာအားရ ငွေစက္ကူ ငါးကျပ်တန် ကို ထောင် ပြ လေသည် ။

“ ဪ .... သား နှယ် ကွယ် အလကား အပင်ပန်း ခံတယ် ။ ဆိုက်ကား ရော သိမ်းထားရဲ့ လား ”

“ ဟင် ”

ဖိုးဝေ သည် ပါးစပ် အဟောင်းသား နှင့် အစိုးရိမ်ကြီးစွာ ဟင် လိုက် မိသည် ။

“ အဘ မေ့ နေခဲ့ပြီ ”

ထိုအခါ ကိုဝင်းရှိန် သည် ရှိသမျှ အား များကို ကြုံးယူ ပြီး ထ လိုက်ကာ “ အမယ် လေး သား ရယ် ၊ အဘ မနည်းကြီး စုဆောင်းပြီး ဝယ်ခဲ့ရတဲ့ ဆိုက်ကားပါ ကွယ် ” ဟု တုန် လှုပ်ချောက် ချားသော လေသံ ဖြင့် ပြော လိုက်လေသည် ။

ဖိုးဝေ သည် နားထင် နားရင်းများ ပူ သွားအောင် အရိုက် ခံလိုက်ရသည် ထက် ပင် ပြင်းထန်သော ဝေဒနာ ကို ခံစား လိုက်ရ သဖြင့် ဖြုန်းခနဲ အပြင် သို့ ထွက်ကာ ဆိုက်ကား ကျန် ရစ်ခဲ့ ရာသို့ စွမ်းအား ရှိသမျှ စိုက်ထုတ်ပြီး အလျင်မြန် ဆုံး ပြန် ပြေး လေတော့သည် ။

ဆိုက်ကား ကျန်ရစ်ခဲ့သည့် နေရာ သို့ ရောက်သော အခါ ဖိုးဝေ မှာ မူးမိုက်၍ သွားလေ တော့သည် ။

“ ဆိုက်ကား .... ငါ့ အဘ မနည်းကြီး စုဆောင်း ဝယ်ရတဲ့ ဆိုက်ကား ဘယ် ရောက် သွားပလဲ ... ဟင် ... ဆိုက်ကား ကော ”

လူကြီး ရော ၊ ဆိုက်ကား ပါ မတွေ့ရတော့ သဖြင့် အလွန် စိုးရိမ်ကြီးစွာ ဘေးပတ် လည် သို့ ကျီးကန်းတောင်းမှောက် ရှာဖွေ သော်လည်း အစအန မမြင်ဘဲ ဖြစ်နေလေသည် ။

ဤအခိုက် တွင် လမ်းဘေး အိမ် ထဲ မှ ခေါ်သံ တစ်ခု ကို ကြားရလေသည် ။

“ ဟေ့ သူငယ် .... မင့် နှယ်ကွယ် ဒီမှာ မင့် ဆိုက်ကား ” ဟု အသံ ကို သေချာစွာ ကြားသည် နှင့် တစ်ပြိုင်နက် ဖိုးဝေ မှာ မနှိုင်းယှဉ် နိုင် လောက်အောင် ဝမ်းသာ သွားပြီး အိမ် ထဲ သို့ ဝင်ပြေး ကာ ဆိုက်ကား ကို ထုတ် ပြီး နင်းခဲ့ လေတော့သည် ။

လမ်း တွင် ဆန်ဆိုင် တစ်ခု တွင် တစ်ပါ တည်း ဆန် ဝင် ဝယ်ကာ ဆိုက်ကား ကို ဖုံး သော လုံချည် ဖြင့် ထုပ်၍ အိမ် သို့ ယူခဲ့လေသည် ။

အိမ် သို့ မရောက်မီ ဆိုက်ကား နင်း လျက် ဖိုးဝေ တွင် အပျော်ကြီး ပျော် နေသည် ။

“ ငါ့ ကို ချစ်တဲ့ အဘ ၊ ငါ က လည်း ချစ်တဲ့ အဘ ။ ဒီ အဘ အတွက် ငါ ရှာလို့ ရတဲ့ ပိုက်ဆံ နဲ့ ဆန်ပြုတ် တိုက်ရတော့မယ် ” ဟု ဝမ်းသာ လျက် အိမ် သို့ ဆိုက်ရောက်လာ လေသည် ။ တဲ အိမ်ဝ သို့ ရောက်သည် နှင့် တစ်ပြိုင်နက် ဆိုက်ကား ပေါ် မှ ဆင်း ကာ ဆန်ထုပ် ကို ရင်ခွင် ပိုက် ပြီး အလွန် မြူးပျော်သော လေသံ ဖြင့် “ အဘ .. အဘ .... ဆန် လည်း ဝယ်ခဲ့ပြီ ” ဟု အော်၍ ပြောရင်း တဲအိမ် ထဲ သို့ ဝင် ခဲ့လေသည် ။

“ အဘရေ အဘ ”
( ကိုဝင်းရှိန် သည် ပြန်၍ မထူး )

“ အဘ ... ဗျို့ ... အဘ ၊ ဆန် လေ ဆန် ”
( ကိုဝင်းရှိန် သည် ငြိမ် နေ၏ ။ )

“ အဘ ... ဆန်ပြုတ် သောက်မယ် မဟုတ်လား ”
( ကိုဝင်းရှိန် သည် မလှုပ် ။ )

ဖိုးဝေ သည် သူ့ အဘ အနီး သို့ ဒူး ထောက် ၍ သွားပြီး မျက်နှာ မှ စောင် ကို လှပ် ကြည့် လိုက်ရာ ...

“ ဟင် ... အဘ ”

ဖိုးဝေ ၏ လက် မှ ဆန်ထုပ် သည် အောက် သို့ လွတ် ကျကာ ဖွာရာကြဲ သွားသည် နှင့် အမျှ မျက်ရည်တို့ သည် တပေါက်ပေါက် ကျဆင်း လာ လေရာ ...

သည်နှစ် နှစ်သစ်ကူး တွင် ဖိုးဝေ ၏ သင်္ကြန်ရေ သည် မျက်ရည် သာ လျှင် ဖြစ်ပေတော့ သတည်း ။

◾မောင်ရူပ

📖 ဂျာနယ်ကျော်
      ဧပြီ ၁၄ ၊ ၁၉၄၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment