Monday, April 29, 2024

စက်ဘီး မင်းသား


 ❝ စက်ဘီး မင်းသား ❞


[ ဖိုးစွံ လို့ နာမည် ခံ ထားပြီး ယခု ထိ လူပျိုကြီး ပဲ ဖြစ် နေသေး တဲ့ ကိုအောင်မြင့်ဟန် နဲ့ ပတ်သက်ပြီး စက်ဘီးမင်းသား ဦးမောင်မောင်ထွေး ( ၆၂ နှစ် ) နဲ့ ရင်းနှီး ခင်မင် ရ ပါတယ် ။ ဦးမောင်မောင်ထွေး ဟာ အစဉ်သဖြင့် သွက်လက် ဖျက်လတ် နေပြီး ခပ်ပျော်ပျော် နေတတ်ပုံ ရတယ် ။ သူ့ ကို စက်ဘီး တစ်စီး နဲ့ အမြဲ တွဲပြီး တွေ့ ရတတ်တယ် ။


N.S.C.C ( Northern Star Cycle Club ) လို့ ဆိုင်းဘုတ် တင် ထား တဲ့ သူ့ အိမ် မှာ ဦးမောင်မောင်ထွေး ကို ကျွန်တော် သွား တွေ့တယ် ။ ဦးမောင်မောင်ထွေး က မန္တလေးတိုင်း ပြိုင်စက်ဘီး ဆပ်ကော်မတီ အတွင်းရေးမှူး တာဝန် ယူ ထားပြီး N.S.C.C ဆိုတဲ့ အပျော်တမ်း စက်ဘီးစီးကလပ် တစ်ခု လည်း တည်ထောင် ထားတယ် ။ သူ့ ကလပ် မှာ အဖွဲ့ဝင် လူ ၁၅ဝ လောက် ရှိပြီး ပုံမှန် စီးသူ ၃၅ ဦး လောက် ရှိတယ် လို့ ဆိုပါတယ် ။ ဦးမောင်မောင်ထွေး ရဲ့ အိမ် အဝင် ဝ မှာ မြန်မာပြည် မြေပုံကြီး တစ်ခု ချိတ် ထားပြီး ကျွန်တော့် ဘဝ စက်ဘီး ဖြင့် သွားလာခဲ့ ဖူးသော ခရီးများ လို့ လမ်းကြောင်းတွေ ပြ ထားတယ် ။ မြစ်ကြီးနား - မော်လူး လည်း ပါတယ် ။ မန္တလေး က နေ ရှမ်းပြည်နယ် လားရှိုး ၊ တောင်ကြီး ၊ သံလွင်မြစ်ကူးတံတား တာကော ၊ အလောင်းတော်ကဿပ ၊ ချောင်းသာလမ်းကြောင်း တွေ တော်တော် စုံပါတယ် ။ ဦးမောင်မောင်ထွေး ရဲ့ စက်ဘီးဘဝ ကို သူ က ယခုလို ပြောပြပါတယ် ။


   •••••   •••••   •••••


ကျွန်တော် လည်း ၁၉၉၆ ခု ကတည်း က စက်ဘီး စီး လာခဲ့တာ ပထမ တော့ ပြိုင်ပွဲ ဝင်ဖို့ အတွက် စီးတာ ၊ နောက်တော့ အရက်သမား အရက်စွဲ သလို ၊ ကွမ်းသမား ကွမ်းစွဲ သွား တာ ။ ကိုယ် နဲ့ ရွယ်တူတန်းတူတွေ အိုစာပြီး ကျ သွားတယ် ။ ကိုယ် က တော့ မကျဘူး ။ ဘာကြောင့်ပါလိမ့် လို့ ပြန် စဉ်းစား လိုက်တော့ စက်ဘီး စီး လို့ ပဲ ဆိုတာ အဖြေ သွား တွေ့တယ် ။


တကယ်တမ်း တော့ စက်ဘီး အားကစား ကို သိပ် သိတာ မဟုတ်ပါဘူး ။ စိတ်ဝင်စား လို့ စာအုပ်တွေ လိုက် ဖတ် မှ ပဲ သိ လာတာ ။ ဥပမာ ကျွန်တော် ဆိုရင် အင်အားတွေ အမြဲတမ်း ပြည့် နေ သလို ဖြစ် နေတယ် ။ သက်လုံ ကောင်းတယ် ၊ ကြွက်သားတွေ ကျ မသွားဘူး ။


လောကကြီး မှာ ပိုက်ဆံ ချမ်းသာ ဖို့ အဓိက လို့ ထင် ရပေမယ့် အသက်ရှည် နေတဲ့ အခါ ကျန်းကျန်းမာမာ ရှိဖို့ က သိပ် အဓိက ကျတယ် ။ ကျန်းမာအောင် နေထိုင်ခြင်း ကို မွန်မြတ်တဲ့ လုပ်ငန်း လို့ ထင်တယ် ။ ကျွန်တော့် အပေါင်းအသင်းတွေ ထဲ မှာ ရောဂါမျိုးစုံ ခံစား နေရ ပေမယ့် ကျွန်တော်တို့ က တော့ Training တွေ လုပ် နေ လို့ အရွယ် တင်တယ် ။ မွေးလာ ကတည်း က သေရ မှာ မုချပဲ ။ ဒါပေမယ့် အသက် ရှည်ရှည် နေဖို့ နဲ့ ကျန်းကျန်းမာမာ နေရဖို့ က အရေးကြီးတယ် ။ ဒါကြောင့် မို့ လူတိုင်း လူတိုင်း ကို စက်ဘီးစီး ဖို့ တိုက်တွန်းတယ် ။ ပိုက်ဆံ ချမ်းသာ တဲ့ သူ က လည်း ကျွန်တော်တို့ လို နေရမယ် ဆိုရင် ပျော်မှာပဲ ။ ဒါကြောင့် အားလုံး ကို စက်ဘီး စီး ဖို့ တိုက်တွန်းတယ် ။ အခု ဆိုရင် စက်ဘီး စီးကြတဲ့ မိတ်ဆွေတွေ ထဲ မှာ စီးပွားရေးသမားတွေ ၊ ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အင်ဂျင်နီယာတွေ ပါလာ ကြပြီ ။ သူတို့ လည်း စွဲစွဲမြဲမြဲ စက်ဘီကို စီး နေကြပြီ ။


စက်ဘီး စီး တာ က အခြား အားကစားတွေ နဲ့ ယှဉ်ရင် ငွေကုန်ကြေးကျ များတယ် ၊ စရိတ်စက များတယ် လို့ ထင်ရပေမယ့် ကိုယ် မကျန်းမာ တဲ့ အခါ ဆရာဝန်တွေ ကို သွား ပြလို့ ကုန်ကျစရိတ် နဲ့ ယှဉ်ရင် မဆိုးဘူး ။ ဟိုဟာ က စိတ်ဆင်းရဲမယ် ၊ ဒါက စိတ်ပျော်တယ် ။


နိုင်ငံခြားသား အချို့ ဒီလို စီးရတာ သိပ် သဘောကျ တယ် ။ သူတို့ ပြန်သွား ပြီးတော့ စာတွေ ဘာတွေ လှမ်း ပို့တာ ရှိတယ် ။


မြန်မာပြည်ကလေး က ကျဉ်းကျဉ်းလေး ပါ ။ ကျွန်တော်တို့ ဒီထက် မက သွား ချင်တယ် ၊ ဒါပေမယ့် ငွေရေးကြေးရေး က အခက်အခဲ ရှိတယ် ။ ချောင်းသာ သွားတာ ဆိုရင် လေးယောက် ထဲ ကို ၃ သိန်း လောက် ကုန်တယ် ။ ကုမ္ပဏီတွေ က သာ ကြော်ငြာ တဲ့ သဘောနဲ့ စပွန်စာ လုပ်ပြီး သူတို့ ကုန်အမှတ်တံဆိပ်တွေ ကို ဝတ်စုံ ချုပ်ပြီး ကျွန်တော်တို့ ကို ဝတ် ခိုင်းမယ် ၊ စက်ဘီးတွေ မှာ ကြော်ငြာ ချင်တဲ့ ကုန် ပစ္စည်းတံဆိပ် ကို ဆေး နဲ့ ရေးမယ် ဆိုရင် သူတို့ အတွက် လည်း ထိရောက် မှာပါ ။ လမ်း တစ်လျှောက်လုံး မှာ ကျွန်တော်တို့ စက်ဘီး စီး လာ ရင် လူတွေ က သိပ် စိတ်ဝင်စားတယ် ။


စက်ဘီး စီးမယ် ဆိုရင် နံပါတ် ( ၁ ) အရေးကြီးဆုံး က တော့ Safety First ကိုယ့် ဘီး က ကောင်းကောင်းမွန်မွန် နဲ့ အန္တရာယ် ကင်းဖို့ လိုတယ် ။ တာယာ တို့ ၊ ကျွတ် တို့ ကောင်းဖို့ လိုတယ် ။ ခပ်ဝေးဝေး စီးတော့ လမ်း မှာ ဘီး ပေါက် ရင် စိတ်ဆင်းရဲ ရမယ် ၊ လမ်း ပေါ် မှာ စီးတဲ့ အခါ ကိုယ် သွားရမယ့် လမ်းကြော အတိုင်း စီး ရင် အန္တရာယ် မရှိဘူး ။ ရပ်သင့်တဲ့ နေရာ ကိုယ် က ရပ် ပေးရမယ် ၊ အလောသုံးဆယ် မစီးနဲ့ပေါ့ ။ နံပါတ် ( ၂ ) က တော့ ကိုယ် ဘာ အတွက် လုပ် နေတာလဲ စဉ်စားရမယ် ။ ကျန်းမာရေး အတွက် စီးတာ မို့ ကျန်းမာရေး ချွတ်ယွင်းတဲ့ အထိ တော့ မစီးသင့်ဘူး ။ အရက်သမား အရက် သောက် တဲ့ အခါ ရေချိန် တက် တက် လာ သလို စက်ဘီး က လည်း စီးရင်း စီးရင်း နဲ့ တစ်ယောက် နဲ့ တစ်ယောက် အပြိုင်အဆိုင်ကလေး က လည်း ရှိတော့ ချမယ်ကွာ ၊ ချမယ်ကွာ ဆို စီးရင်း နောက်ဆုံး ဖလက် ပြတော့ တာပဲ ။


သတိ ထား ရမယ့် အချက် တစ်ခု ကတော့ စက်ဘီး ရဲ့ အနေအထား က ကိုယ့် ရဲ့ ခန္ဓာကိုယ် နဲ့ အံဝင်ခွင်ကျ ဖြစ်ရမယ် ။ လူ က စက်ဘီး ဖင်ထိုင်ခုံ ပေါ် မှာ ထိုင် ပြီး စက်ဘီး ကို နင်း ပြီး ခြေ ဆန့် လိုက်တဲ့ အခါမှာ ခြေထောက် က ကွေး မနေရဘူး ။ ခြေနင်းကွင်း နဲ့ လွတ် မသွားရဘူး ။ ခြေ တစ်ဆန့် အံကျ ဖြစ်ရမယ် ။ ခြေနင်းကွင်း တစ်ဆုံး ဟာ ကိုယ် ခြေထောက် တစ်ဆန့် ဖြစ်ရမယ် ။ နင်း ရာ မှာ လဲ ခြေဖဝါး က ခြေနင်း ကွင်း ရဲ့ အလယ် ဗဟို မှာ ရှိ ရမယ် ။ ပေါင် ကား ပြီး ဘဲသွား သွား သလို လည်း မနင်း ရ ဘူး ။ ဖင်ထိုင်ခုံ ထိပ် နဲ့ လက်ကိုင် ထိပ် ဟာ ကိုယ့် တစ်တောင် နဲ့ တစ်တောင် ကွာ ဝေးရမယ် ။ နီး လည်း မသွားရဘူး ။ ဝေး လည်း မသွားသင့်ဘူး ။


အရက် သောက် တဲ့ အခါ မှာ မူးတဲ့ ခံစားမှု ကို ခံစားရ သလို စက်ဘီး စီး တဲ့ အခါ မှာ လည်း ခံစားရမှု တစ်ခု ရှိတယ် ။ ဒါကို စွဲလန်းတာပဲ ။ စက်ဘီး စီးတာ ပင်ပန်းတာ မှန်ပေမယ့် Touring တစ်ခု က ပြန် လာရင် ပြန်ပြီး စမြုံ့ပြန် ပြောရတဲ့ အရသာ ဟာ သိပ် ကောင်း ပါတယ် ။ Touring သွား တဲ့ အခါ ခရီးဖော် ထဲ မှာ ကိုယ် နဲ့ စိတ်ချင်း မတိုက်ဆိုင်တဲ့ သူတွေ ပါလာ နိုင် ပါတယ် ။ တချို့ က လည်း ဂဂျီဂဂျောင် ပဲ ။ ဒါပေမယ့် အချင်းချင်း သဘော ပေါက် သွားတယ် ။ စက်ဘီး စီး ခရီး သွားရင်း Friendly ဖြစ် သွားတာ က တကယ့် ကို စိတ်တူ ကိုယ်တူ ဖြစ်သွားတာ ၊ အဖွဲ့စည်း နဲ့ နေတတ် လာတဲ့ အခါ မှာ ကိုယ့် ဘက် ကလည်း လျှော့ သူ့ ဘက် က လည်း လျှော့ အဲဒါ မျိုးပေါ့ ။ စက်ဘီး ကို အလုပ် သွား အလုပ် ပြန် စီးတာ မျိုး မဟုတ်ဘဲ နဲ့ ကိုယ့် ရှိ တဲ့ ဘီးကလေး နဲ့ ဟိုနား ဒီနား ပုံမှန် စီး ကြည့်ပါ ။ စွဲစွဲမြဲမြဲ လုပ် ကြည့်ပါ ။ ပိုပြီးကျန်းမာ လာပါ လိမ့်မယ် ။


ကိုယ် နဲ့ စိတ်တူ ကိုယ်တူ သူငယ်ချင်း တစ်ယောက် နှစ်ယောက် နဲ့ နီးရာ နေရာကလေး တွေ ကို စက်ဘီး နဲ့ Touring ထွက် ကြည့် စေချင်တယ် ။ စားစရာ သောက်စရာလေး တွေ ယူ သွား ၊ လမ်း အဆင်ပြေတဲ့ နေရာ မှာ ရပ် ပြီး စား ၊ ပြီးရင် နေ့ချင်း ပြန် လာ ၊ ပျော်စရာ သိပ် ကောင်းပါတယ် ။ နောက် နည်းနည်း ကြာ တော့ အဝတ်အစား အပို တစ်စုံ နှစ်စုံ နဲ့ ညဉ့်အိပ် ညနေ ခရီးလေးတွေ ထွက်ကြည့် စေ ချင်တယ် ။ အဝတ်အစား ကို ကျောပိုးအိတ် နဲ့ တော့ ထည့် မလွယ်စေချင်ဘူး ။ ကျောပိုးအိတ် ဟာ ဘာမှ မလေးဘူး ထင် ရပေမယ့် ရေရှည် မှာ ပခုံးတွေ ဘာတွေ ကိုက် လာတယ် ။ ခါးပတ်အိတ်တွေ လည်း မပတ်စေ ချင်ဘူး ။ ရေရှည် မှာ ဗိုက် အောင့်လာမယ် ။ တောသူ တောင်သားတွေ ဟာ အင်မတန် ခင်မင်စရာ ကောင်း ပါတယ် ။ သူတို့ မှာ ဟန်ပန် မရှိဘူး ။ တစ်ခါက တောင်ကြီး က အပြန် မှာ ပင်းတယလမ်း မှာ စုပေါင်းပြီး အာလူး ကောက် နေတဲ့ တောသူတောင်သားတွေ နဲ့ တွေ့တယ် ။ ကျွန်တော်တို့ အဖွဲ့  ကို တားပြီး လက်ဖက်ရည် တိုက်တယ် ။ သိပ် ပျော်ဖို့ ကောင်းတာပဲ ။ အဲဒီ အရသာမျိုး က လွယ်လွယ် မရနိုင်ပါဘူး ။


ခရီး သွားတဲ့ အခါမှာ ငွေရေးကြေးရေး အခက်အခဲ တော့ ကျွန်တော် တို့ မှာ ရှိတယ် ။ ဒကာ ခံတာ လည်း ရှိတယ် ။ သွားတဲ့ အခါ မှာ ကိုယ့် စရိတ် ကိုယ် တာဝန် ယူ ကြရတယ် ။ လမ်း မှာ စက်ဘီး ပျက်တာ ၊ ပေါက်တာ မျိုး ဖြစ်လို့ မျှော်မှန်းတဲ့ အတိုင်း မရောက် ဘဲ တွေ့ကရာ နေရာ မှာ ချုံကြိုချုံကြား က ဇရပ်ပျက် ထဲ ကို မှောင်မှောင်မဲမဲ နဲ့  ဝင် အိပ်တာ မနက် ကျ မှ သင်္ချိုင်း ဖြစ် နေတာ မျိုး လည်း တွေ့ ရတယ် ။ လမ်း မှာ ဒုက္ခ ရောက် တာတွေ အများကြီး ရှိပေမယ့် ပျော်ရွှင်စွာ နဲ့ ဒုက္ခ ရောက် တာပါ ။ အဲဒီ သဘော ကို နားလည်မယ် ထင် ပါတယ် ။ နိုင်ငံခြား က လာတဲ့ စက်ဘီး ဝါသနာရှင်တွေ ကို လည်း အနီးအနား ကို စက်ဘီး အတူ စီး ပြီး လိုက်ပို့ ဖူးတာ ရှိတယ် ။


ကျွန်တော် မစီးဘူး ဆို တစ်နေ့မိုင်၂ဝ လောက် စီး ဖြစ်တယ် ။ ဥပမာ မန္တလေး ကျုံး တစ်ပတ် ၆ မိုင် လောက် ရှိတယ် ဆို ၃ ပတ် လောက် စီးတယ် ။ တစ်ခါ တလေ ရေတံခွန်တောင် ၊ တစ်ခါတလေ မတ္တရာ ဘက် နေ့စဉ် စီးတယ် ။ နေ့စဉ် မနက် ၄ နာရီခွဲ လောက် ထ ပြီး တစ်ယောက် တည်း တစ်ခါတလေအပေါင်းအသင်း တွေ နဲ့ စီး တာပေါ့ ။


ဒီလို စီး တော့ ရှူရှိုက် ရ တဲ့ လေ က အစ မြို့ ထဲ နဲ့ ကွာတယ် ။ မြင်ကွင်းတွေ က လည်း ဒီ နေ့ နင်း သွားတာ နဲ့ နောက်နေ့ နင်း သွားတာ ခံစားရမှု က မတူဘူး ။ စပါးခင်းလေး တွေ က အစ စ စိုက်တဲ့ အချိန် မှာ တွေ့ ရတဲ့ အရောင်အသွေး ၊ ထွက်တဲ့ ရနံ့ တစ်နေ့ နဲ့ တစ်နေ့ မတူဘူး ။ ဒီ ခရီး ဒီ အချိန် သွားနေ တတ်ပေမယ့် ပတ်ဝန်းကျင် က ပြောင်းလဲ နေတာ ။


မန္တလေး က တောင်ကြီး ကို အသွား အပြန် ၊ ချောင်းသာ သွားတဲ့ ကိစ္စမျိုး လူငယ်တွေ နဲ့ အတူ လိုက် စီးနိုင်တာ က ကိုယ် ကိုယ်တိုင် လည်း Training ရှိတဲ့ အပြင် စက်ဘီး က လည်း အဆင့်မြင့်မှု ၊ အားသာမှု ၊ စက်ဘီးပညာ တတ်မှုကြောင့် ပေါ့ ။


အရင် က စက်ဘီး ကို စီးတဲ့ အခါ နင်း ရင် ပြေးမှာပဲ ထင်တာ ၊ မဟုတ်ဘူး ဗျ ၊ ထိုင်ခုံ အမြင့် လက်ကိုင် အနေအထား အချိုး ကျ မှ ခြေနင်းကွင်း ကို လည်း တောင်တက် မှာ ဘယ်လို နင်း ၊ ရေ ဘယ်လို သောက် ၊ အစား ဘယ်လို စား ဆိုတဲ့ စနစ်တွေ လည်း ရှိ သေးတယ် ။ အစား ကို တနင့်တပိုး စား ချ လိုက်လို့ ရှိရင် အစာအိမ် ထဲ အစာ ပြည့် ရင် လှုပ်ရှားမှု မသွက်လက်ဘူး ။


စက်ဘီး နဲ့ ခရီး တော်တော်များများ သွား ဖူးတယ် ။ ရောက်လေရာ ဒေသ မှာ တည်းခိုခန်း မရှိရင် ဘုန်းကြီးကျောင်း မှာ တည်းတယ် ။ ဘုန်းကြီးတွေ က လည်း တော်တော် လိုလိုလားလား ဝမ်းပမ်းတသာ နဲ့ ကြိုဆို လက်ခံတယ် ။


ကျွန်တော် ပုဂံ သွား တာ အခေါက် ၅ဝ လောက် ရှိပြီ ။ ၁၉၆၇ ခု လောက် က စပြီး သွားတာ ။ လမ်း တစ်လျှောက် ရွာတွေ ဟာ အမျိုးတွေ လို ဖြစ် နေပါပြီ ။ တစ်ချို့ ထမင်းဆိုင်တွေ က ဆိုရင် ထမင်းဖိုး တောင် မယူတော့ဘူး ။ စ တွေ့ခါစ က ကျွန်တော်တို့ ကို နိုင်ငံခြားသားတွေ လို့ ထင်တာ ။ မြန်မာတွေ က စက်ဘီး စီးပြီး Touring သွားတဲ့ အလေ့အထ က မရှိသေးဘူး မဟုတ်လား ။ မြန်မာတွေ က အစု လိုက် စက်ဘီး စီးပြီး Touring ထွက်တဲ့ အလေ့အထ က လည်း သိပ် မရှိသေးဘူး ။ ကျွန်တော်တို့ မန္တလေး မှာ ပဲ ရှိ သေးတာ ။ ကျွန်တော် တို့ သွား ရင် တစ်ခါတလေ ၂၃ ယောက် ၊ ၂၈ ယောက် တောင် ရှိတာ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment