❝ လုလင်ငယ်သွေး အားမာန်ဖြည့်စို့လေ ❞
( ၁ )
ပလပ်စတစ်ပုန်းလေး ထဲ သို့ စာအုပ် အချို့ ကို ရွေးချယ်ပြီး ၄ မိုင် မျှ ဝေးသော သီပေါမြို့ပေါ် သို့ ဆိုင်ကယ် တစ်စီး ဖြင့် သီချင်း တစ်ပုဒ် ညည်း ဆိုရင်း ကျွန်တော် ထွက်ခွာလာခဲ့သည် ။
“ မည်သူမဆို ကူညီသည်ဖြစ်စေ ... မည်သူမဆို မကူညီသည် ဖြစ်စေ ... ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ အခြေအနေ ... ကိုယ့်အား ကိုယ်ကိုးမှ ကိုယ်သာ သခင်ဖြစ်မည် ... ဝန်ထမ်း ... ရွှင်လန်း ... ပန်းတိုင် ကို အရောက် လျှောက်နိုင်ဖို့လေ လုလင်ငယ်သွေး အားမာန် မွေးရမလေ ”
အဆိုတော် “ ရာဇာဝင်းတင့် ” သီချင်းသံ သည် နားစည် မှ တစ်ဆင့် နှလုံးသားသို့ စီးဆင်း လာကာ အားအင်တွေ ပြည့်ဖြိုးလို့ စိတ်ဓာတ်မာန်များ နိုးကြား ထကြွ လာလေတော့သည် ။
လူကြီး ၊ လူငယ်များ စုံလင်လှသည့် လက်ဖက်ရည်ဆိုင် သို့ ရောက်သော အခါ ဆိုင်ကယ်ကို အရှိန် လျှော့ ကာ ရပ် လိုက်သည် ။ ဒေါက် ထောက်ပြီး စာအုပ်ပုံး ကို မနိုင်မနင်း မ ကာ ဆိုင် ထဲ သို့ ဝင်လာခဲ့ သည် ။ စာအုပ်ပုံး ထဲ မှ စာအုပ်များ အနည်းငယ် ယူကာ ဆိုင်တွင်း မှ လူငယ်များ ဆီ သို့ ခြေလှမ်း စတင် ခဲ့တော့သည် ။
( ၂ )
“ အစ်ကို တို့ ... အစ်မ တို့ ကျွန်တော် မိတ်ဆွေစစ် အခမဲ့ စာကြည့်တိုက် က ပါ ခင်ဗျ ။ စာအုပ်တွေ ကို အခမဲ့ ငှားပေးပါတယ် ခင်ဗျ ၊ အိမ် အရောက် လည်း ပို့ပေး သလို ၊ အိမ်အရောက် လည်း လိုက်ယူပေးပါတယ် ခင်ဗျ ”
“ ညီလေး .. မအားသေးလို့ ပါ ၊ အချိန် မရှိလို့ပါနော် ”
“ အစ်ကို ၊ အစ်မ တို့ ရယ် အချိန် မရဘူး ဆိုရင် တောင် တစ်နေ့ တစ်မျက်နှာ လောက် ပဲ ဖတ်ကြည့် ပေးပါလား ... ”
“ နေပါဦး ငါ့ မှာ အချိန် မရှိလို့ မဖတ်ချင်ပါဘူး ဆိုတာ ကို မင်း က ဘာလို့ အရမ်း ဖတ်စေချင်နေတာလဲ ။ စာအုပ်စာပေ ကို ဘာလို့ ဖတ်သင့်တယ် ဆိုတာ ငါ့ ကို မင်း နားလည်အောင် ရှင်းပြ နိုင်မယ် ဆိုရင် ငါ အချိန်ပေး ဖတ်မယ်ကွာ ” ဘယ်လိုလဲ ၊ မင်းငါနားလည်အောင် ပြောပြ ပေးနိုင်ပါ့မလား ...”
“ ဟုတ် ... ကျွန်တော် ခံယူမိတာလေးတော့ ပြောပြပါရစေနော် ။ အမှားများ ပါသွားခဲ့ရင် ကြိုတင်ပြီး တောင်းပန်လိုပါကြောင်း ဦးစွာ ပထမ မေတ္တာရပ်ခံပါရစေ ... ”
ပြောပြီးသည် နှင့် ကျွန်တော် ထိုင်ခုံဆွဲ ကာ ထိုင် လိုက်သည် ။ လက် ထဲ က စာအုပ်များ ကို စားပွဲ ပေါ် ချပြီး စကားစ လိုက်သည် ။
“ စာရေးဆရာ ဆိုတာ သူတို့ သင်ယူလေ့လာ ထားတဲ့ အသိပညာ ၊ အတတ်ပညာ ၊ ကြုံတွေ့ရတဲ့ အခက်အခဲ မှန်သမျှ ဖြေရှင်းခဲ့ပုံ တွေ လူတိုင်း ကို သင်ကြားပြသ ပေးချင်ပေမယ့် သန်ပေါင်းများစွာ ရှိတဲ့ လူတွေ ကို အကုန် သင်ပေးဖို့ ဆိုတာ သိပ် မလွယ်ကူဘူးလေ ။ နည်းလမ်း တစ်ခု ပဲ ရှိတယ် ။ ဒါက ဘာလဲ ဆိုရင် စာရွက်တွေ ပေါ် မှာ ရိုက်နှိပ်ကာ စုစည်းပြီး ဖြန့်ဝေ လိုက်မယ် ဆိုရင် ပိုမို ထိရောက်လိမ့်မယ် ။ စာအုပ် စာပေ ထဲဆိုတာ စာရေးဆရာ ၊ ဆရာမ တို့ ရဲ့ အသိပညာ ၊ ဗဟုသုတ ၊ အတွေ့အကြုံ တွေ သိုမှီးရာ နေရာ တစ်ခု ပါပဲ ။ လူတန်းစား မရွေး သင်ယူ လေ့လာ နိုင်တယ် ။ စာကြည့်တိုက်ဆိုတာ က တော့ ဆရာကြီးများ အားလုံး ရဲ့ အသိပညာ ၊ ဗဟုသုတ ၊ အတွေ့အကြုံ အားလုံး တို့ စုစည်းရာ ကျောင်းတော်ကြီး လို့ ကျွန်တော် ခံယူမိတယ် ”
ဒါကတော့ ကျွန်တော့် ရင် ထဲ က ခံယူချက်သီးသန့်ပါခင်ဗျ ။
( ၃ )
“ ဘာလို့ စာ ကို ဖတ်သင့်တာလဲ ဆိုတဲ့ အမေး ကို မဖြေခင် အစ်ကို့ ကို ကျွန်တော် မေးခွန်း တစ်ခု လောက် အရင် မေးခွင့် ပြုပါလား ”
“ အင်း ... မေးပါ ”
“ သဘာဝသယံဇာတ ပစ္စည်းတွေ က တန်ဖိုး ကြီးသလား ”
“ ဟား.. ဟား .. မေးတတ်တယ်နော် ... ကြီးတာပေါ့ကွ ။ ဒါကို လူတိုင်း သိတယ် ”
တည်ငြိမ်သော လေသံ ဖြင့် ကျွန်တော့် အမေး ကို သူ ပြုံးရယ် ကာ ဖြေသည် ။ ကျွန်တော် အနည်းငယ် ပြုံးကာ စကား ဆက် လိုက်သည် ။
“ ဟုတ်တယ် ၊ အစ်ကို ပြောတဲ့ အတိုင်း သဘာဝသယံဇာတ ပစ္စည်း ဆိုတာ တန်ဖိုးကြီးမှန်း လူတိုင်း သိတယ် ။ မှန်တယ် ။ ဒါပေမဲ့ စာအုပ်စာပေ ဆိုတာက သူ့ ထက် အများကြီး ပိုတယ် ဆိုရင် အစ်ကို လက်ခံနိုင်မလား ”
“ ဘယ်လို ... ဘယ်လို ... ငါ နားမရှင်းဘူး ”
“ ဒီလိုပါ အစ်ကို ... သဘာဝသယံဇာတ ဆိုတာ တန်ဖိုး ကြီးပါ တယ် ။ ဒါပေမဲ့ ဒီ အရာတွေ အားလုံး ထက် စာအုပ်စာပေ က ပိုပြီး တန်ဖိုး ကြီးပါတယ် လို့ ပြောတာပါ ခင်ဗျ ”
“ ဟား ... ဟား ... ရှင်းစမ်းပါဦး မင်း စကား ကို ... ”
“ ဒီလိုပါ အစ်ကို ... ဒီ ဆိုင် ထဲ ကို လူငယ် နှစ်ယောက် ဝင်လာတယ် ။ ကိုယ်စီ လက်ဖက်ရည် မှာ ကြပြီး တစ်ယောက် က ဖုန်း တစ်လုံး နဲ့ Internet Game ဆော့ နေမယ် ၊ နောက် တစ်ယောက် က စာအုပ် တစ်အုပ် ကို ဖတ် နေမယ် ။ ဘယ်သူ့ ကို အစ်ကို သဘောကျမလဲ ခင်ဗျာ ”
“ ဟ ... မေးတတ်တယ် နော် ။ စာဖတ် နေတဲ့ သူ ကိုပေါ့ ကွ ”
“ အစ်ကို ဘာလို့ စာ ဖတ်နေတဲ့ သူကို သဘောကျရတာလဲ နော် ”
“ သူ က အချိန် ကို အလကား မဖြုန်းတီးဘူး လေ ။ ပြီးတော့ ဗဟုသုတတွေ လည်း ရစေတယ် ။ Internet Game ဆော့တဲ့ သူ က ဘာ ဗဟုသုတ မှ မရဘဲ အချိန် ကို အလကား ကုန်စေတယ်လေ ”
“ ဒါဆိုရင် အနာဂတ်တိုင်းပြည် အတွက် ဘယ်လို လူမျိုး က ခေါင်းဆောင်ကောင်း တွေ ဖြစ်နိုင်မယ်လို့ ထင်ပါသလဲ ခင်ဗျ ”
“ စာဖတ် နေတဲ့သူပေါ့ ကွ ”
“ သေချာတယ်နော် အစ်ကို ...”
“ သေချာတာပေါ့ ကွ ၊ ဘယ်သူ့ မေးမေး ဒီ စကားပဲ ဖြေလိမ့်မယ် ”
“ နောက်ထပ် တစ်ခုလောက် မေးပါရစေနော် ”
“ အေး ... မေးပါ ”
“ တန်ဖိုး ကြီးမားပါတယ် ဆိုတဲ့ သဘာဝသယံဇာတတွေ တော့ ရှိပြီး အသိပညာဗဟုသုတ နည်းပါး တဲ့ လူတွေ များ နေရင် တိုင်းပြည် က ဘာဖြစ်နို င်မလဲ ။ ဒီ သဘာဝသယံဇာတ တွေ ကို အကျိုးရှိအောင် အသုံး ချ နိုင်မယ့် ပညာတွေ မရှိရင် တိုင်းပြည် က ဘာ ဖြစ်မလဲ ။ သဘာဝသယံဇာတတွေ မရှိပေမယ့် အသိပညာ ကြွယ်ဝသူတွေ များ နေရင် တိုင်းပြည် က ဘာဖြစ်လာ နိုင်မလဲ ။ သဘာဝသယံဇာတ တွေ လည်း ရှိသလို အသုံးချမယ့် အသိပညာဗဟုသုတ တွေ လည်း ရှိတယ် ဆိုရင် တိုင်းပြည် က ဘာဖြစ်မလဲ ။ အစ်ကို့ စိတ် ထဲ မှာ ပဲ ဖြေ ကြည့်ပါ ။ အဖြေ က အစ်ကို့ ရင် ထဲ မှာ ရှိနေပြီးသား လို့ ကျွန်တော် ယုံကြည်တယ် ”
“ ဟား ... ဟား ... ဟား ... မင်း မဆိုးဘူး ...”
သူ အားရပါးရ ရယ်လေတော့သည် ။ အားရ မှ အရယ် ရပ် ကာ ကျွန်တော့် ကို ပြောသည် ။
“ ကဲ ... မင်း အဖြေ ကို ငါ သဘောကျတယ် ။ ဒါ့ကြောင့် ငါ့ ကတိ အတိုင်း ငါ စာဖတ်မယ် ။ မင်း ကြိုက်တဲ့ စာအုပ် တစ်အုပ် ပေးပါ ”
ကျွန်တော် လွန်စွာ ပျော်သွားသည် ။ ဝမ်းသာအားရ ဖြင့် စာအုပ် ထည့်ထားသည့်ပုံး ကို ပြေးယူ လိုက်သည် ။
“ ကျွန်တော် ကြိုက်တဲ့ စာအုပ် ထက် အစ်ကို ဘယ် စာပေမျိုးကိုဖတ်ချင်သလဲ အရင် လေ့လာချင်သလဲ ပြောပြ ပေးပါလား ။ ရသ ၊ သုတ ၊ ဓမ္မ ဘယ် အပိုင်း ကို ဖတ်ချင် ၊ လေ့လာချင်ပါသလဲ ခင်ဗျာ ”
“ ဓမ္မအကြောင်း စာအုပ် ရွေးပေးကွာ ”
“ ဟုတ် ... ”
ကျွန်တော် စာအုပ်ပုံး ထဲ မှ စာအုပ် တစ်အုပ် ကို ထုတ် လိုက်သည် ။
“ ဓမ္မစာပေ ဆိုရင် မေတ္တာရှင် ရွှေပြည်သာ ရဲ့ မျက်ရည် မကျ ခင် သိစေချင် စာအုပ်လေးဖတ် ကြည့်ပါ့လား အစ်ကို ”
“ ဖတ်ရတာ ရိုးရိုးရှင်းရှင်းလေး နဲ့ နားလည်လွယ် တဲ့ စာအုပ် တစ်အုပ် ပဲ အစ်ကို ၊ သိပ် ကောင်းတယ် ။ စပြီး ဖတ်လိုက်တာ နဲ့ မပြီး မချင်း လက် က မချချင်လောက်အောင် ကို ဖြစ်သွားလိမ့်မယ် ”
“ မင်း ဟာ က အာမ ခံရဲလှချည်လားကွ ”
“ ရဲ မှာပေါ့ အစ်ကို အာမခံ ရဲ လောက်အောင် ကောင်းတာကိုး ”
မှတ်စုစာအုပ် ထုတ်ကာ စာအုပ်ငှားသူ ကိုယ်တိုင် မှတ်စေသည် ။
“ ကျေးဇူးပါနော် အစ်ကို ”
“ အနီးအနား က လူတွေ ကို လည်း ပြောပေးပါဦး ခင်ဗျ ”
“ အေးပါ ... ငါ ကြော်ငြာ ပေးပါ့မယ် ”
“ ဟုတ် ... ကျေဇူးပါနော် အစ်ကို ၊ အခြား သူတွေ ကို လိုက် ငှားပေး လိုက်ပါဦးမယ် ခင်ဗျ ”
( ၄ )
ဒီလိုနဲ့ တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် ၊ လက်ဖက်ရည်ဝိုင်း တစ်ဝိုင်း ဝင် ပြောလိုက် ၊ နောက် တစ်ဝိုင်း ကို ပြောင်းလိုက် နဲ့ စာ ဖတ်ဖို့ တိုက်တွန်းလှုံ့ဆော် လိုက်တာ အချိန်တွေ တစ်ရွေ့ရွေ့ နဲ့ ကုန်မှန်း မသိ ကုန်ဆုံး လာခဲ့သည် ။ စာအုပ်ငှားသူ တွေ က အလိုလို ငှားကြသလို မငှားသူ တွေ ကို တော့ အတတ်နိုင်ဆုံး တွန်းအား ပေးသည် ။ အချို့က စာ ဖတ်ဖို့ စည်းလုံး လို့ ရသော်ငြား အချို့များ ကျ တော့ လုံးဝ မရတဲ့ အပြင် ရန် ပါ အတွေ့ ခံရသည် ။ ကျွန်တော် ‘ ဆရာမ နိုင်းနိုင်းစနေ ’ ရေးသော နေကြာပန်းလေး တစ်ပွင့် လို ပြုံးပါ ဆိုသော စာအုပ် ထဲ က အတိုင်း အမြဲ ပြုံး နိုင်အောင် ကြိုးစား နေထိုင်ခဲ့ပါသည် ။ ကျွန်တော့် အား ဆဲဆိုကြ သည့် သူတွေ ကို အပြစ် မမြင်မိ သလို ကိုယ်တိုင် လည်း စိတ်ဓါတ် မကျမိပါ ။
အချိန်တွေ ၊ ရက်တွေ တစ်ရွေ့ရွေ့ ကုန်ဆုံး လာခဲ့သည် ။ ဖုန်း ဆက်ပြီး လာပို့ ခိုင်းသူ က ပို့ ခိုင်းသည် ။ တစ်ရက်ခြား တစ်ခါ လက်ဖက်ရည်ဆိုင်တွေ ကို လည်း အရောက် လိုက် ပို့ရင်း စာအုပ် ငှားဖို့ တိုက်တွန်း လှုံ့ဆော် ပြန်သည် ။ ဒီလိုနှင့် ... ... တစ်နေ့ မှာ တော့ ...
“ မည်သူ မဆို ကူညီသည် ဖြစ်စေ ... မည်သူ မဆို မကူညီသည် ဖြစ်စေ ... ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘဝ အခြေအနေ ... ကိုယ့်အား ကိုယ်ကိုး မှ ကိုယ်သာ သခင်ဖြစ်မည် ... ဝန်ထမ်း. - ရွှင်လန်း ... ပန်းတိုင် ကို အရောက်လျှောက်နိုင်ဖို့လေ ... လုလင်ငယ်သွေး အားမာန် မွေး ရမလေ .. ”
ဝင်လာသည့် ဖုန်း ကို ကြည့် လိုက်တော့ ဖုန်းစိမ်း ဖြစ်နေသည် ။
“ ဟဲလို ... မင်္ဂလာပါ ခင်ဗျ ”
“ မိတ်ဆွေစစ် အခမဲ့ စာကြည့်တိုက် က ရှိုင်းဝေအောင် လား မသိဘူး ရှင့် ”
“ ဟုတ်ပါတယ် ခင်ဗျ ”
“ ဟုတ်ကဲ့ပါ .. အစ်မ စာအုပ် ငှားချင်လို့ ၊ နောက်ပြီး အစ်မ စိတ် မှာ ခံစားမိတာလေး တစ်ခုလောက် အကြံ ပေးချင်တယ် ။ အလှူငွေ လည်း ထည့်ချင်လို့ ညနေပိုင်း နာရီစင် နား လာပေး နိုင်မလား ”
“ ဟုတ် ... ကျွန်တော် လာခဲ့ပါ့မယ် ခင်ဗျ ”
( ၅ )
ညနေ ၄ နာရီ ထိုးတော့ ကျွန်တော် ဆိုင်ကယ် စီးကာ သီပေါမြို့ လယ် နာရီစင် နား သို့ ထွက်လာခဲ့သည် ။ နာရီစင် နား ရောက်သောအခါ မနက် က ဖုန်း ခေါ်ထားသည့် အစ်မထံ သို့ ဖုန်း ဆက်လိုက်သည် ။
“ တူး ... တူး ... တူး ... တူး ... ”
( လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်း မှာ သက်မှတ် အချိန် အတွင်း ပြန်လည် ဖြေကြားခြင်း မရှိပါ သဖြင့် ခေတ္တ စောင့်ဆိုင်းပြီး မှ ပြန်လည် ခေါ်ဆိုပါရှင် ... )
MPT ရုံး မှ ဝန်ထမ်း ၏ ချိုသာသော အသံဖြင့် ဖြေကြားသော အခါ ဆက် မခေါ်တော့ဘဲ .. ဘောင်းဘီအိတ်ကပ် ထဲ သို့ ဖုန်း ထည့်ပြီး ကျောပိုးအိတ် ထဲ မှ ဦးနု ရေးသားသော တာတေစနေသား စာအုပ် ထုတ် ကာ စာ ဖတ်ရင်း ထိုင်စောင့် နေလိုက်သည် ။ ၁၅ မိနစ်ခန့် ကြာသောအခါ ဖုန်း ပြန် ဝင်လာသည် ။
“ ဟဲလို ... မင်္ဂလာပါခင်ဗျ ”
“ အေး ... မောင်လေး ရောက်နေပြီလား ၊ အစော က ရေချိုး နေ လို့ မသိလိုက်ဘူး ။ အခုမှ ဖုန်း ကောက်ကိုင် လိုက်တော့ မောင်လေး ခေါ်ထားတာ တွေ့လို့ ပြန် ခေါ်လိုက်တာ ၊ ခဏလေး စောင့်နော် ၊ အစ်မ အခုပဲ ထွက်လာခဲ့မယ် ”
ပြောပြောဆိုဆို ဖုန်းချ သွားသည် ။ ကျွန်တော်ပင် ဘာမှ ပြန် ပြောချိန် မရလိုက်ပါ ။ ၁ဝ မိနစ် ကြာသောအခါ ရောက်လာသည် ။
“ မောင်လေး ... မင်္ဂလာပါ ”
“ ဟုတ် ... မင်္ဂလာပါအစ်မ .. ”
“ မနက်က အစ်မ တစ်ခု စဉ်းစား မိပြီး အကြံ ရ လို့ ဖုန်းဆက် လိုက်တာ ”
“ ဟုတ် ... အစ်မ ”
“ အစ်မတို့ မောင်လေး တို့ လို လူငယ်တွေ နဲ့ ပေါင်းစုပြီး လူငယ် တွေ့ဆုံပွဲလေး တစ်ခု ဖန်တီးချင်လို့ ... ”
“ ဟုတ် ... အစ်မ ... ဘယ်လိုကြောင့်လဲ ခင်ဗျ ”
“ ဒီလိုကွာ ... အခု စာမေးပွဲဖြေနေတဲ့ ၁၀ တန်းကလေးတွေ ကို အဓိက ဆွေးနွေးချင်တယ် ။ ဘာကြောင့် ဆိုရင် ဒီ ကလေးတွေ ၁ဝ တန်း ဖြေပြီး နဲ့ အောင်စာရင်း မထွက်ခင် အကြား အချိန်တွေ ပို နေ သလို ၊ အောင်စာရင်း ထွက်ပြီးတော့ အောင်တဲ့ သူ က တက္ကသိုလ် မရောက်ခင် အကြား မှာ များသော အားဖြင့် အချိန်တွေ ပို နေတတ်ကြတယ် ။ ပြီး တော့ လွတ်လပ်မှု တစ်ခု လို ဖြစ်နေမယ် ။ နောက်ပြီးတော့ ၁၀ တန်း အောင် ရင် သူတို့ အတွက် ဘဝ တစ်ခု အောင်မြင်သွား သလို ဖြစ်တတ် ကြတယ် ။ ကျရှုံးတဲ့ သူတွေ ကျတော့ လည်း များသော အားဖြင့် စိတ်ဓါတ် ကျဆင်း တတ်ကြတယ် ။ အထူးသဖြင့် မိန်းကလေးတွေ ပဲ ။ ရုန်းထ နိုင် သူတွေ လည်း ရှိကြပါတယ် ။ ယနေ့ခေတ်ပညာရေး က အနာဂတ် အတွက်ဝေဝေဝါးဝါး ဆိုတာ လူတိုင်း သိတယ် ။ တက္ကသိုလ် တက်မယ် ၊ ကျူရှင် က ပေးတဲ့ စာတွေ ကျက်မယ် ၊ အတန်း ထဲ မှာ လူ ရှိမယ်များ ထင်လား ။ အနည်းစု ပဲ ရှိတယ် ။ ယောက်ျားလေး ကော ၊ မိန်းကလေး ကော ပျက်စီးတာချင်း အတူတူပဲ ။ ယောက်ျားလေး က တော့ အမှားနည်းနည်း ခံ တာပေါ့ ။ သူတို့ အနာဂတ်တွေ ၊ ဘဝတွေ မဆုံးရှုံး စေချင်ဘူး ။ ဒါ ကြောင့် သူတို့ သူတို့လေး တွေ ၁ဝ တန်း ဖြေပြီးနဲ့ အောင်စာရင်း မထွက်ခင် အကြား ၊ အောင်စာရင်း ထွက်ပြီး နဲ့ တက္ကသိုလ် မရောက်ခင် အကြား မှာ စာဖတ်တဲ့ အကျင့်လေးတွေ ရသွား စေချင်တယ် ။ သူတို့ ကိုယ် သူတို့ အားကိုးချင်တဲ့ စိတ် ဖြစ်စေချင်တယ် ။ ပညာတတ် တာ ချင်း အတူတူ စာဖတ်သူ က ပိုပြီး အမှား အမှန် ဝေဖန်ပိုင်းခြား နိုင်တယ် ဆိုတာ သိစေချင်တယ် ။ စာ မတတ်ပေမယ့် စာ ဖတ်ရင် ပညာရှိ ဖြစ်စေနိုင်တယ် ဆိုတာ သိစေချင်တယ် ။ စာဖတ် လို့ ဘဝ တိုးတက် အောင်မြင်သလား ဆိုရင် မအောင်မြင်နိုင်ပါဘူး ။ ကျဆုံး သွားလား ဆိုလည်း မကျဆုံးသွား ပါဘူး ။ ဒါပေမဲ့ အောင်မြင် တဲ့ သူတိုင်း က တော့ စာဖတ်ကြတယ် ဆိုတာ သိစေချင်တယ် ။ စာတတ်တဲ့ သူတွေ စာဖတ် ပါ မှ စာ မတတ် သူတွေ စာဖတ်ဖို့ လှုံ့ဆော် နိုင်မယ် ။ လူငယ် ဆိုတာ အနာဂတ်တိုင်းပြည် ရဲ့ ခေါင်းဆောင် ၊ သူရဲကောင်းတွေ ပဲ မို့ အညွန့် တစ်လူလူ ဖြစ်နေတဲ့ သူတို့ ဘဝလေး ကို ဟိုး အမြင့်ဆုံး အထိ ထိုးတက်စေ ချင်တယ် ။ ဒါကြောင့် ဒီ အချိန် အတိုင်းအတာ ကြားမှာ သူတို့ စာ ဖတ်အောင် တိုက်တွန်းရမယ် ။ ပညာ ကို တန်ဖိုးထား တတ်အောင် ဒီ စာအုပ်တွေ က ပဲ လမ်းညွှန်ပေးနိုင် လိမ့်မယ် ။ အဲ့ဒါ မောင်လေး ဘယ်လို သဘောရသလဲ ”
“ ဟာ ... အစ်မရယ် သိပ် ကောင်းတဲ့ အစီအစဉ်ပေါ့ ။ ကျွန်တော် တောင် အစ်မ လို မတွေးမိဘူး ”
“ ဒါဆို မင်း သဘော တူတယ်ပေါ့ ”
“ ဟုတ် ... အစ်မ ... ကျွန်တော်တို့ ဘယ်အချိန် စတင်ကြမလဲ ခင်ဗျ ”
“ လောလောဆယ် တော့ ... စာမေးပွဲ လည်း မပြီးသေးဘူး လေ ၊ အစ်မတို့ အချိန် နည်းနည်း ယူပြီး စီစဉ်ကြတာပေါ့ ၊ လူကြီးတွေ လည်း တိုင်ပင်ရ ဦးမယ် ။ အစ်မ က သေသေချာချာ စီစဉ် အချိန် ယူပြီး မှ လူငယ်တွေ့ဆုံပွဲ ကို လုပ်ချင်တယ် ။ မြန်မြန် လုပ်ရင် ထိရောက်မှု အားနည်း သွားလိမ့်မယ် ။ အစ်မတို့ ဝိုင်းဝန်း ကြိုးစားကြတာပေါ့ ”
“ ဟုတ်ကဲ့ပါ အစ်မ ”
( ၆ )
“ ပြပါဦး ... စာအုပ်တွေ ... ”
သူ ပြုံးရယ်ကာ ကျွန်တော့် ထံ မှ စာအုပ် ငှါးရန် ပါ လာသော စာအုပ်များ ကို ထုတ် ပြခိုင်းသည် ။
“ ဟုတ် ”
ကျွန်တော် လွယ်အိတ် ထဲ မှ စာအုပ်များ ကို ထုတ် ပြသည် ။ အစ်မ က စာအုပ်အများကြီး ထဲ မှ မင်းသိင်္ခ ရေးတဲ့ ဘာဘာ ဘာမှ မသိဘူး ဆိုတဲ့ စာအုပ် ကို ယူ လိုက်သည် ။
“ ဒီ စာအုပ်လေး ယူမယ် မောင်လေး ”
“ ဟုတ် ”
မှတ်စုစာရင်း စာအုပ် ထုတ်ကာ စာအုပ်ငှားသူ ကိုယ်တိုင် မှတ်စေသည် ။ ပြီးနောက် သူ့ အိတ် ထဲ မှ ပိုက်ဆံ ၂၀,၀၀၀ ထုတ် ကာ ကျွန်တော့် ကို ပေးသည် ။
“ ရော့ ... မောင်လေး ... လိုအပ်ရာ သုံးဖို့ အစ်မ အလှူငွေ ၂ဝ,ဝဝဝ ထည့်မယ် ”
“ ဟုတ် ”
“ အစ်မ နာမည်လေး ရယ် ၊ နေရပ်လေး ရယ် တစ်ဆိတ်လောက် ပြောပြပေးပါ့လား ”
“ အစ်မ နာမည် ဖြူဖြူခိုင် ၊ နေရပ် က တော့ ပန်တိမ်မြောက် ရပ်ကွက် ၊ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပေါ့ ”
ကျွန်တော် ဂုဏ်ပြုလွှာလေး ကို ထုတ်ကာ မှတ်တမ်း တင်ပြီး ပေး လိုက်သည် ။
“ အစ်မ ပြန်တော့မယ် ... မောင်လေး ”
“ ဟုတ် ”
ဆိုင်ကယ် ဖြင့် သူ ပြန် သွားသည် ။ ကျွန်တော် လည်း စာအုပ် များ လွယ်အိတ် ထဲ ပြန်ထည့်ကာ အိမ်သို့ အတွေးတွေ ဖြင့် ပြန်လာခဲ့သည် ။
( ၇ )
အိမ် ရောက်တော့ ညနေ ၆ နာရီ ပင် ထိုးချေပြီ ။ ရေချိုး ၊ အဝတ်အစား လဲပြီး ထမင်းစား လိုက်သည် ။ ပြီးသည် နှင့် စာရေးစားပွဲ တွင် ထိုင်ကာ စာ ရေးသည် ။ ရေးရင်း ရေးရင်း မှ ညနေ က အစ်မ ပြော ခဲ့သည့် အကြောင်းအရင်းများ ကို တွေးမိ ပြန်သည် ။ ထို့နောက် အခြား ခေါင်းစဉ် တစ်ခု ပြောင်းကာ ဝတ္ထုတို တစ်ပုဒ် အသစ် ပြန် ရေးလိုက်သည် ။ ခေါင်းစဉ် အမည် က တော့ ...
“ လုလင်ငယ်သွေး အားမာန်ဖြည့်စို့လေ ” တဲ့ ။
စာ ရေး၍ ပြီးစီးသော အခါ လေပူ တစ်ချက် မှုတ်ထုတ်ပြီး အိမ်ရှေ့ ဝရန်တာ သို့ ထွက်ခဲ့သည် ။ အိမ်ရှေ့လမ်းမီးတိုင် အောက် မှာ ဆော့ ကစား နေကြသည့် ကလေးငယ်များ ကို အဓိပ္ပါယ် ပြည့်စုံသော အကြည့် ဖြင့် ကျွန်တော် ကြည့်ရင်း နှုတ်ခမ်းဖျား မှ တီးတိုးလေး ပြောလိုက်သည် ။
“ မင်းတို့ ... မင်းတို့လေးတွေ အနာဂတ် မှာ ကိုယ့်အား ကိုယ် ကိုး ပြီး ကိုယ် လိုရာပန်းတိုင် ကို ရောက်အောင် အားမာန် အပြည့် ဖြင့် ပျံသန်းနိုင်ဖို့ အတွက် ငါတို့ တွေ အစွမ်း ရှိသလောက် ထမ်းတင် ပေးပါ့မယ် ။ မင် တို့ လည်း မခိုမကပ် ပဲ အရှိန် ယူကာ အမြင့်ဆုံး ရောက်အောင် အထိ ပျံသန်းကြပါ ကွာ ”
◾ရှိုင်းဝေယံ ( သီပေါ )
📖 နှလုံးသားဖြင့် စီရင်သည်
( ဝတ္ထုတိုများစုစည်းမှု )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment