❝ ဖွတ်ကောင် ကံကြီးမောင် နှင့် ဇောတိက ❞
ကံကြီးမောင် တစ်ယောက် အသုဘ ပို့စဉ် သုသာန် ဇရပ်အနီး ကုက္ကိုပင်ကြီး ပင်စည်ပေါ် မှာ ကပ် နေသည့် ဖွတ်ကြီး တစ်ကောင် မြင်လိုက် သဖြင့် သုတ်ခြေတင် အိမ် သို့ ပြန် ပြေးခဲ့ရင်း အိမ် ခေါင်းရင်း ဝါးထရံ မှာ အဆင်သင့် ထိုးထားသည့် ဓားကောက် ကို အိမ်ရှေ့ မျက်နှာ သစ်ရာ ရေကပြင် မှာ အမြန် သွေး နေပေသည် ။
ရေကပြင် က သစ်ပင်ရိပ် မရသဖြင့် နေ ခြစ်ခြစ်တောက် ပူ နေသည် ။ ကံကြီးမောင် တစ်ကိုယ်လုံး ရေချိုး ထား သလို ချွေး ထဲ မှာ ရွှဲနစ် နေတော့သည် ။ ချွေးစေးတွေ တစ်ပေါက်ပေါက် ကျ နေသည့် မျက်နှာ ပေါ် က တစ်စက်ချင်း စီ ကျ နေသည့် ချွေးတွေ ကို မျက်နှာသုတ်ပဝါ ၊ ဝတ် ထားသည့် ပုဆိုး တို့ ဖြင့် မသုတ်နိုင် ။ လက်မောင်း ပေါ် မျက်နှာ အပ် ကာ သုတ် လိုက်မိသည် ။ ဖွတ်ကောင်ကြီး သ,တ်ဖို့ စိတ်ဇော ဖြင့် ချွန်မြေ့ နေသော ဓားသွား အား ချွန် သထက် ချွန် ၊ မြေ့ သထက် မြေ့ အောင် ဂရုစိုက် သွေး နေသည် ။
ကံကြီးမောင် ရဲ့ရှေ့တွင် ဖွတ်ကောင် အရုပ် ရေး ပြရင် တောင် လက် နှင့် ချေဖျက် ၊ ခြေ နှင့် ကန်ကျောက် မည် ဖြစ် ပေသည် ။ အမုန်းကြီး မုန်း နေရှာသည် ။
ဒီ ဖွတ် ကြောင့် ကံကြီးမောင် ရဲ့ မိဘ နှစ်ပါး စလုံး ငယ်ငယ်ရွယ်ရွယ် စီးပွား တက်စ တွင် သေဆုံးခြင်း ဖြင့် ဘဝ နိဂုံး ချုပ်စေ ခဲ့ရသည် ။ အဖေ ဆုံးပြီး မကြာမတင် သော ကာလ မှာ ပင် အမေ အဖေ့နောက် လိုက်သွားရ ရှာသည် ။ နှစ်ယောက် စလုံး တိမ်းပါးယိမ်းပါး ဖြစ်ရသည် မှာ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဖြစ်ရပေသည် ။ ကံကြီးမောင် မှာ ဖွတ်ကောင် မြင်တိုင်း စိတ် ပုံရိပ် ထဲ မှာ ဒေါသလှိုင်း တွေ ဗလောင် ဆူဝေ လာနေသည် ။ ခုလည်း ဖွတ်ကောင်ကြီး ကို မြင်လိုက် ရ သဖြင့် ကံကြီးမောင် မှာ တရှိန်းရှိန်း တဖိန်းဖိန်း ဖြစ်နေပေသည် ။
ကံကြီးမောင် လူ့ပြည် မရောက်မီ ဝမ်း ထဲ မှာ အရင့် အမာကြီး ရှိနေစဉ် မိခင် ဖခင်တို့ တစ်သိန်း ထီဆုကြီး ပေါက် ခဲ့ရသည် ။ စပါးတွေ လည်း လှည်း နှင့် အောတိုက် ရခဲ့ပြီး စပါးကျီ ဆောက်နိုင်ခဲ့သည် ။ လယ်ပိုင်ယာပိုင် ဖြစ်ခဲ့ရသည် ။ ထရံကာ ဝါးကပ် ဓနိမိုး အိမ် မှ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နှစ်ဆောင်ပြိုင် အိမ်ကြီး ဖြင့် တင့်တောင့် တင့်တယ် နေခဲ့ရ ရှာသည် ။ ကံကြီးမောင် မီးဖွား ပြီး စီးပွားတွေ လည်း တက် ခဲ့ရသည် ။ ရွာဦးကျောင်း ဆရာတော် ထံ တစ်ဦးတည်း သော သားကလေး အား အပ်နှံ ပြီး “ ကံကြီးမောင် ” ဟု နာမည်ပေး ကင်ပွန်းတပ် နိုင်ခဲ့ ပေသည် ။ ကံကြီးမောင် ကို ဆရာတော်ဘုရား မှ အသက် တစ်ရာ့နှစ်ဆယ် ရှည်စေသတည်း ဟူသော ဇာတာဖွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရှာသည် ။
ကံကြီးမောင် ငါးနှစ်သား အရွယ် မှာ သင်္ကန်း နိုင်ပြီ ဖြစ်၍ သင်္ကန်းစီး အလှူကြီး ပေး နိုင်ခဲ့သည် ။ ကံကြီး မောင် ရဲ့ မွေးရာချက်မြှုပ် ရွာတံတားလည် ရွာ သာ မက ကြက်မင်းတွန် ၊ ဇရပ်ဖြူ ၊ ရဲစု ၊ ညောင်မြောက်ပင် နှင့် ကျောက်ဆည်မြို့ ပေါ် ရှိ အသိအကျွမ်း မိတ်ဆွေ တို့ ကို ဖိတ်ကြားပြီး ဝက်သားဗလာ ၊ ပဲကြီးဟင်းချို ၊ သရက်ချဉ် ဖြင့် ဧည့်ခံ နိုင်ခဲ့သည် ။ အလှူဝတ် လှည့်ရာ တွင် လည်း ရွာဦးနတ်စင် သာ မက မြို့ပေါ် ရှိ အထက် ဆည်တော် သခင်မကြီး ၊ အောက် ဆည်တော် သခင်မလေး နတ်ကွန်း ထိ အောင် ဆင်စီး မြင်းရံ ကာ အလှူဝတ် လှည့် နိုင်သည် အထိ ရွာ ထဲ မှာ မည်သူမျှ မပြုလုပ်နိုင်သော အလှူ ကို ထမင်းရည် ချောင်းစီး လှူနိုင်ခဲ့ ပေသည် ။
ကံကြီးမောင် ရွာ ဘုန်းကြီးသင် မူလတန်း က လေးတန်း အောင် ခဲ့စဉ် ကျောက်ဆည် အထက ( ၁ ) မှာ ငါးတန်း တက်ဖို့ ကျောင်း ပြောင်း ခဲ့ရသည် ။ ကျောင်း နှင့် အိမ် နီးပေမဲ့ ဇော်ဂျီမြစ် ခြား နေခြင်း ကြောင့် ကျောင်း နှင့် အိမ် ခရီး တွင် ရန်ဆူးကုန်းရပ် မြောက်ပိုင်း ကြိုးတံတား ခြေရင်း ရှိ အိမ်ခြံမြေ ကို အပြီး ဝယ်ပြီး တိုက် ဆောက် နေခဲ့ကြ ပေသည် ။ တံတားလယ်ရွာ ရှိ အိမ် နှင့် ခြံ ကို လည်း ရွာဦး ဆရာတော်ဘုရား ရှေ့မှောက် မှာ ပင် ရွာလူကြီးများ ထံ ရွာဘုံမြေ အဖြစ် ရေစက်ချ လှူပြီး ဇရပ် တစ်ဆောင် ဆောက်လှူ ပေးခဲ့ပေသည် ။
တံတားလယ် ရွာသူ ရွာသား တို့ မှာ လည်း ရပ်ရေး ရွာရေး ကိစ္စကြီးငယ် မြို့ ထဲ သွားဖို့ရန် အကြောင်း ဖန် လာရင် ရေခန်း နေသော ဇော်ဂျီမြစ် သဲသောင်ပြင် ကို ဖြတ် သန်း သွားရပေသည် ။ ဝါဆိုဝါခေါင် အထက် ဘက် မိုး ရွာ ရင် ဇော်ဂျီမြစ် ရေ လျှံတက် နေသည် ။ တောင်ကျ ဟုန်းရေတွေ ဒလဟော စီးဆင်း တတ် သဖြင့် လှေ နှင့် လည်း ကူး လို့ မရကြ အောင် ဖြစ်ကြရ ရှာသည် ။
အသစ် ဝယ်ယူပြီး ဖြစ်သော အိမ်ခြံမြေ ကို တိုက်ဆောက် နေနိုင်ခဲ့ကြသည့် အပြင် ကျောက်ဆည် တံတားဦး သို့ ပြေးဆွဲသည့် လူစီးယာဉ် ချက်ပလက် ခေါင်းတို တစ်စီး ဝယ်ဖြစ်ခဲ့ ပေသည် ။ ကံကြီးမောင် မှာ ခြောက်တန်း ရောက်ပြီ ဖြစ်ပေမယ့် ငယ်ရှာသေး သဖြင့် ကား မမောင်း ရ ။ ကံကြီးမောင် ဖခင် မှာ လည်း ကားမောင်း သင် နေစဉ် ဖြစ် သဖြင့် ဒရိုင်ဘာ ငှားပြီး မောင်း စေသည် ။
တစ်ခုသော ဝါခေါင်လကြီး မှာ ဇော်ဂျီဟုန်းရေတွေ ကျလာ သဖြင့် ဟုန်းရေ နှင့် အတူ သစ်တုံးသစ်ခက် ၊ ဒိုက် အမှိုက် တို့ နှင့် တစ်ပါတည်း မျောပါ လာသည့် ဖွတ်ကြီး တစ်ကောင် ဘယ်ပုံ ဘယ်နည်း ကံကြီးမောင် တို့ တိုက် ခေါင်မိုး ပေါ် ရောက်လာသည် မသိရ ။ နံနက် ဝေလီ ဝေလင်း ကား လာ ထုတ်သည့် စပယ်ယာ ၊ ဒရိုင်ဘာ တို့ အဖေ့ ကို ပြောရာ အဖေ နှင့် အတူ တိုက် ခေါင်မိုး ပေါ် တက် နေသည့် ဖွတ်ကြီး ကို မောင်း ချကြသည် ။ ဖွတ်ကောင်ကြီး မှာ တောင်ပြေး မြောက်ပြေး ဖြစ်နေသည် ။ နောက်ဆုံး ကြံရာ မရ ဖြစ်ပြီး အောက် သို့ ခုန် ချရာ အဖေ တို့ ၊ ကားဆရာ တို့ လက်ချက် ဖြင့် ဇီဝိန်ချွေခြင်း ခံလိုက်ရ ပေသည် ။
မရွာစဖူး ထို တစ်ည က သဲသဲမဲမဲ ညလုံး လိုလို မိုး ရွာ နေသည် ။ ဒရိုင်ဘာ မှာ မိုး မိပြီး အပြင်းဖျား နေ သဖြင့် ကံကြီး ရဲ့အဖေ ကိုယ်တိုင် ကားမောင်း ခဲ့ရလေသည် ။ ကား လမ်း မှာ ဗွက်ပေါက် နေသည် ။ အဖေ မှာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင် နိုင်ခြင်း မရှိသေး သဖြင့် အဖေ က ခရီးသည် မတင် ။ ကိုယ်တိုင် ပဲစိမ်းစားဥများ သာ ပွဲရုံ ပို့ရန် မောင်းပို့ ပေးခြင်း ဖြစ်သည် ။ ဖြစ်ချင်တော့ ပန်းလောင်မြစ်ကူးတံတား အဆင်း ချောက် ထဲ ချော်ကျ သဖြင့် စပယ်ယာ မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ကား ပေါ် မှ ခုန် ချရာ ခြေလက် ကျိုး သွားသဖြင့် ကျောက်ဆည် ဆေးရုံ တင် လိုက်ရသည် ။ ဆေးဖိုး ကုန်ကျစရိတ် နှင့် နစ်နာကြေး အဖြစ် လျော်ကြေးငွေတွေလည်း ပေး လိုက်ပေသည် ။ အဖေ မှာ နေရာ မှာ ပင် ပွဲချင်းပြီး ရှာတော့သည် ။ ခရီးသည် မပါ ကိုယ်ပိုင် ပဲစိမ်းစားဥတွေ ဖြစ်လို့ တော်ပေသေး သည် ။ ပဲစိမ်းစားဥတွေ လည်း ရေ ထဲ မျော လို့ မျော ပျက်စီး ပျောက်ဆုံး ရသည် ။ နို့မို့ဆို လျော်လို့ ဆုံးတော့မည် မထင် တော့ပေ ။
ကံကြီးမောင် ရဲ့ အမေ လည်း ခင်ပွန်း စိတ် ၊ စီးပွား ပျက်သောက ကြောင့် နှင့် အိပ်ရာပေါ် ဗုန်းဗုန်းကျ ရာ က ခင်ပွန်းသည် နောက် နှစ် မခြားဘဲ လိုက်သွား တော့သည် ။ အဖေ နှင့် အမေ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဘဝ တစ် ပါး ပြောင်းရွှေ့ သွားသဖြင့် ကံကြီးမောင် တစ်ယောက် မျောက် သစ်ကိုင်းလွတ် သလို တွယ်ရာမဲ့ ခဲ့ရပြီး ကျောင်း ထွက် လိုက်ရ ပေတော့သည် ။ ကံကြီးမောင် လည်း ခိုကိုး ရာမဲ့ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်နေ သဖြင့် ရွာ ကျောင်း မှာ ခိုကပ် နေရပေတော့သည် ။
( ၃ )
တိုက် ခေါင်ပေါ် ဖွတ် တက်သည် မှ စ၍ ကံကြီး မောင် တို့ မိသားစု လည်း ကစဉ့်ကလျား ဖြစ်ရ ရှာသည် ။ မိဘ နှစ်ပါး ဆုံး ၊ ကား ဆုံး ၊ လယ်မြေ ဆုံး လက်မဲ့ ဘဝ ဘုန်းကြီးကျောင်းသား ကပ္ပိယ ဖြစ်ကာ သောင်တင်ရေ မရ ဖြစ်ခဲ့ရသည် ။ ငယ်ရည်းစား ကျောင်း နေဖက် မခင်မြကြည် နှင့် အကြောင်း ပါ ကာ ယောက္ခမ အိမ် ပေါ် ကပ် မှီခိုသူ ဖြစ်ခဲ့ရ ရှာသည် ။ ကံကြီးမောင် လည်း အရင် ကံကြီးမောင် မဟုတ်တော့ ။ ဖွတ်ကောင် ဖြစ်မှန်း မသိ ဖြစ်ခဲ့ရ ပေသည် ။ ဖွတ်ကောင် က မှ ဇောတိက အခေါ် ခံ နေရသေးသည် ။ ကံကြီးမောင် ကို တစ်ရွာလုံး လိုလို က ဖွတ်ကောင် ဟု ခေါ် နေကြတော့သည် ။ ကံကြီးမောင် ခမျာ အကုသိုလ်တွေ တစ်ခု ပြီး တစ်ခု ထပ်ကာ ထပ်ကာ ဝင် နေတော့ပေသည် ။ ကံဆိုး ကြုံ နေသည့် ကံကြီးမောင် တစ်ယောက် အခု လည်း ယောက္ခမ က နှင် ချခံရခြင်း ကြောင့် သူ့ မိဘတွေ ရှိစဉ် အိမ် မှာ တောက်တိုမည်ရ ခိုင်း ခဲ့သော လူပျိုကြီး ကိုရင် လူထွက် တွတ်ပီ အဖီတဲ မှာ ကပ်ရပ် နေခဲ့ရ ရှာသည် မှာ ယနေ့ တိုင် ဖြစ်သည် ။
ကံကြီးမောင် နှင့် ရာပြည့် တို့ နှစ်ဦးသား နေပူလယ် မှာ ခြေလှမ်း ကျဲကျဲ လှမ်း ကာ သုသာန် ဆီ သို့ အပြေး အလွှား လာခဲ့သည် ။ သုသာန် မှာ ဇီးတောချောင်း တစ်ဖက် မှာ ရှိနေခြင်း ကြောင့် တံတား ပေါ် မှ မဖြတ်ဘဲ နှစ်ဦး သား ချောင်း ထဲ မှ ဖြတ် ခဲ့ကြသည် ။ နွေလ ဖြစ် သဖြင့် ချောင်း ထဲ မှ ရေ ရင်ခေါင်း လောက် အထိ မြင့်တက် နေပေ သည် ။ ဇီးတောချောင်း မှာ ဇော်ဂျီမြစ် လက်တက် ဖြစ် သည် ။ လယ် တွေ ရေ သွင်းချိန် ဖြစ်၍ ရေတွေ လွှတ် ထား သည် ။ မြန်မြန် ရောက်ချင်လွန်း လို့သာ ချောင်း ထဲ ဖြတ် လာခြင်း ဖြစ်သည် ။
စောစောတုန်းက တွေ့ မြင်ခဲ့ကြရသော ဂူဟောင်း တွေကြား မှာ ထီးထီးကြီး တစ်ပင်တည်း ပေါက် နေသော ကုက္ကိုပင်ကြီး ပေါ် က ဖွတ်ကြီး လည်း မမြင်ရတော့ပေ ။ တစ်ဖက် က ရွက်စိမ်းတွေ ပြည့်လျက် ရှိပြီး ကျန် တစ်ဖက် က ရွက်ခြောက်တွေ နှင့် ဖြစ် နေသော ကုက္ကိုပင်ကြီး ကို နှစ်ဦးသား အပြန်ပြန် အလှန်လှန် ဖွတ်ကြီး ကို ရှာဖွေ သော်လည်း မတွေ့ ရတော့ပေ ။ တော်ရုံတန်ရုံ လက် လျှော့ခြင်း မရှိသော ကံကြီးမောင် မှာ အုတ်ဂူ အကြိုအကြား အနှံ့ ရှာဖွေ နေမိသည် ။ နောက်ဆုံး ခေါင်း ထဲ ဝင် လာသော အတွေး ဖြင့် ခြတောင်ပို့ ရှိလို ရှိငြား မျက်စိကစား ကြည့် မိ နေတော့သည် ။ အမှန် မှာ ခြကောင်တွေ သည် ဖွတ်တွေ ၏ အစာ ပင်ဖြစ်ပေသည် ။ ဖွတ်ကောင်တွေ က သူတို့ အစာ ဖြစ်သော ခြကောင် တွေ ရှိရာ နေတတ်ကြသည် ။ ဒါကို လေ့လာထားသော ကံကြီးမောင် က ခြတောင်ပို့ တွေ့ လို တွေ့ငြား သဲကြီးမဲကြီး ရှာနေခြင်း ဖြစ်သည် ။ ဖွတ်ကောင်ကြီး ကို လည်း အသေအချာ ကြည့်ထား လိုက်ရာ ဖွတ်မကြီး ဖြစ်ပြီး မကြာမီ အကောင် ပေါက်တွေ မွေးတော့ မည် ကို ကံကြီးမောင် သိထား သဖြင့် ခြတောင်ပို့ ကို မတွေ့ တွေ့ အောင် ရှာနေခြင်း ဖြစ်ပေသည် ။ ဝပ်ကျင်း ရှိ မည်
ထင်သော နေရာ အား နှစ်ယောက် စလုံး ပိုက်စိပ် တိုက် ရှာ နေကြပေသည် ။
ခြတောင်ပို့ နှင့် မနီးမဝေး မှာ ဖွတ်ကြီး ဝပ် နေမည် ကို အတတ် သိနေ သဖြင့် ရှာနေခြင်း ဖြစ်သည် ။ ဖွတ်တို့ ဓလေ့ မှာ ခြတောင်ပို့ နှင့် မနီးမဝေး အနား မှာ ဝပ်တတ် ၊ ဥတတ် ကြသည် ။
သုသာန်ဇရပ် မြောက်ဘက် ကုက္ကိုပင်ကြီး နှင့် မနီးမဝေး ပွန်းနခြုံတွေ ကြား တွင် ခြတောင်ပို့ကြီး မြင်တွေ့ လိုက်ရ သဖြင့် ကံကြီးမောင် သတိ ကြီးစွာ ထား ကာ မြေ ပေါ် မှာ ဝပ်တွား သွား လိုက်ရပေသည် ။ ဂူဟောင်း သုသာန် ကျင်းဟောင်း လူရိုးတွေ ကို မမှုနိုင် ၊ မရွံရှာနိုင် ၊ ကြောက်လန့်ခြင်း မရှိ ဝမ်းသာအားရ ဖြစ် နေရှာသည် ။ ဖွတ် ကို သ,တ်ချင်သော စိတ် ဖွတ် ရှေ့ က ပြေး နေသည် ။ ရှေ့ နှစ်ပေ သာသာ တွင် ဖွတ်မကြီး မွေးဖို့ ၊ ဥ ဖို့ ဝပ် နေ သည် ။ ရာပြည့် ကို အသာနေ မလှုပ်ရန် သတိပေး လိုက် သည် ။ ဖွတ်မကြီး မှာ ရန်သူ လာပြီ သိနေ သဖြင့် သတိ ကြီးစွာ ထား နေရှာသည် ။ အမှတ်မထင် သောနေရာ က ရန်သူတွေ လာ ဝိုင်း နေခြင်း ကို ရုတ်တရက် ခံလိုက်ရ ရှာ သည် ။ အံ့အားသင့် ပြူးပြူးကြောင်ကြောင် ကံကြီးမောင် တို့ အား ကြောင် ကြည့်ပြီး ပြေးပေါက် ရှာ နေပေသည် ။ ဖွတ်မကြီး မှာ တွင်းဝ က သာ ခေါင်းပြူ ကြည့် နိုင်ရှာသည် ။ အမြီးပိုင်း မှာ ဝပ်ကျင်းအတွင်း သွင်းထား သဖြင့် လောလောဆယ် ထ မပြေးနိုင်ပေ ။ ဖွတ်မကြီး တွေဝေ နေချိန် ဖြစ် သဖြင့် ကံကြီးမောင် လက်ဦးမှု ရယူ နိုင်လိုက်ပေသည် ။ ကျင့်သား ရ နေပြီ ဖြစ်သော လက် က မှန်းဆမှု မှန်မှန် ဖြင့် အသင့် ဖြစ် နေသော ဓားဖြင့် ပစ်ပေါက် လိုက် ရာ ဒုတ်ခနဲ မြည်ပြီး ဖွတ်မကြီး ခေါင်း သာမက မြေ သို့ စိုက်ဝင် သွားပေသည် ။ ဖွတ်ကြီး အား တွေ့ရာ ဂူကျိုး အုတ်နီခဲ ဖြင့် ခေါင်း ကို ထုရာ ဖွတ်ကြီး သွေးစိမ်းရှင်ရှင် ပန်း ထွက်ပြီး ပွဲချင်းပြီး သွား တော့သည် ။
ဖွတ်ကောင်တို့ သဘာဝ ဥရန် မြေကြီး ကို တစ်ကိုယ် အတူ ယက်ပြီး အမြီးဖျား မှ နေ၍ တဖြည်းဖြည်း နောက် ပြန်ဆုတ် ကျင်း ဝပ်လေ့ ရှိပေသည် ။ ဦးခေါင်း ကို ရန်သူ ကြည့်ရန် ၊ အစာ ဖမ်းရန် အတွက် မြေ ပေါ် မှာ ချန် ကာ ဝပ်တတ် ပေသည် ။
ဖွတ်မတို့ ရဲ့ အလေ့အထ မှာ ကြက်မ တို့ လို မဟုတ် ၊ မဥခင် က ဥကျင်း ရှာ တတ်သည် ။ ကြက်မတွေ က ဥပေး တတ်သည် ။ ဝပ်ပေး တတ်ကြပေသည် ။ ဖွတ်မ မှာ မဥ ခင် က ပင် ကြိုဝင် ဥကျင်း ရှာတတ်ကြ သလို ၊ ပုတ်သင်ညို ၊ အိမ်မြှောင် တို့ လို လည်း ဥတွေ ဥပြီး ပစ်ထား တတ်ကြသည် ။
ဖွတ်ကောင်ပေါက်စကလေးတို့ မှာ ဥခွံ မှ ဖောက် ထွက် လာလာချင်း ခြကောင်ကလေးတွေ ကို အစာ အဖြစ် စားသောက် တတ်သည် ။ ဖွတ်မတွေ ခြတောင်ပို့ အနီး မှာ သာ သားမွေး တတ်ကြသည် ။ ဒါကြောင့် ဖွတ်ကောင် ရဲ့ ခန္ဓာကိုယ် ပေါ် မှာ အမြဲတမ်း ခြကောင်တွေ ကပ်ပါ လာ တတ်ကြသည် ။ ဖွတ်မ တို့ သဘာဝ မှာ ဥတွေ ဥ ပေးရန် မသေမချင်း ဥကျင်းဟောင်း မှာ သာ ဥပေး တတ်ပေသည် ။ အခြား အသိုက်သစ် ဥကျင်းသစ် မရှာတတ် ။ အသိုက် မပြောင်းဘဲ တစ်ဘဝလုံး ဝပ်ကျင်းဟောင်း ပေါ် မှာ ဝပ် တတ်ကြသည် ။ ဖွတ်ဥ ရှာဖွေသည့် မုဆိုးတို့ က နှစ်စဉ် ဖွတ်မကြီး ဥတတ်ကြသည့် ဥကျင်းဟောင်း ကို ဖျက်ဆီး မသွားကြ ။ ခွေး ၊ ဝက် ၊ ဆိတ်တို့ တွေ့ ရင် ဝပ်ကျင်း ပျက်စီး တတ်ကြ သဖြင့် ဖွတ်မကြီးခမျာ ဥကျင်း ထပ် ရှာတတ်ကြ ပြန်သည် ။ မုဆိုးတို့ က ဥယူရန် ဖွတ်ဝပ်ကျင်း ကို မှတ် သား ထား တတ်ကြသည် ။ ဖွတ် ဥချိန် တွင် အရောက် လာ ကာ ဝပ်ကျင်း နှိုက်နေကျ ဖြစ်သည် ။
“ ဖွတ်ဥ လိပ်သဲ ကျွဲနို့ခဲ ” အော်ကာ ဟစ်ကာ ရာပြည့် တစ်ယောက် အသင့် ယူဆောင် လာသော လွယ် အိတ်စုတ်ကြီး အတွင်း ဥတွေ ကောက်ကောက် ထည့် နေ သည် ။ ဖွတ်သေကောင်ကြီး ကို လည်း အမြီးဖျား က ဇောက်ထိုး ဆွဲ လာသည် ။ ဖွတ်တို့ မှာ ရန်သူ အား အမြီး ဖြင့် အနိုင် ယူလေ့ ရှိသည် ။ ဆူးတောင်တွေ ပြည့် နေသော အမြီး ဖြင့် တဝှီးဝှီး မြည်အောင် ယမ်းကာ ရန်သူ ကို တုံ့ပြန် တတ်ကြသည် ။ ရန်သူအား အမြီး ဖြင့် ရိုက်ပြီး ရန်သူ့ လက် မှ လွတ်အောင် ရုန်းထွက် တတ်ကြသည် ။
ဖွတ် တစ်ကောင်လုံး အမြီး သာ စား လို့ ကောင်း သည် ။ အရေပြားကြီး မှာ ခပ်ကြမ်းကြမ်း ရှိနေသည် ။ အတောင်ပါ တိရစ္ဆာန် တို့ တွင် ဠင်းတ မှာ အရုပ်ဆိုး ဆုံး ဖြစ် သလို မြေပေါ် တွားသွားသတ္တဝါ တို့တွင် ဖွတ် က အရုပ်ဆိုး ဆုံး ဖြစ်သည် ။ အကြည့်ရ အဆိုး ဆုံး အမင်္ဂလာ ကောင် ရွတ်တွကြီး ဖြစ်ပေမယ့် ဇောတိက လို့ နှုတ်ကျိုး နေကြသည် ။
နှစ်ဦးသား လာလမ်း အတိုင်း ပြန် လာရင်း ချောင်း ရောက်တော့ ကံကြီးမောင် ဖွတ်ကောင် အရေဆုပ် ၊ ပိုင်း ထစ် ၊ ရေ စင်အောင် ဆေးကြောပြီး ရာပြည့် လက် ထဲ ထည့် ပေး လိုက်သည် ။ ရာပြည့် မှာ ထမင်း မစားမီ အရက် နှင့် မြည်း ၊ သိကြားမင်း စည်းစိမ်ခံရန် အိမ် ကို သုတ်ခြေတင် ပြန်ခဲ့ ပေသည် ။
တစ်နေကုန် ပင်ပန်း ညစ်ပတ် ပေရေ နေသော ကံကြီးမောင် ချောင်း တွင်း ရေဆင်း ချိုး လိုက်မိသည် ။ အညစ် အကြေး ၊ ချေးတို့ ကို တိုက်ချွတ် ဆေးကြောရန် အောက် ခြေ ရှိ သဲ ကို ခေါင်းငုံ့ပြီး ကောက်ယူ ပြန် အထ တွင် ခေါင်း ထဲ မိုက်ခနဲ ဖြစ်သွား ကာ တစ်ကိုယ်လုံး ချက်ချင်း ဆို သလို တုန်ယင် လာပြီး ဖျားချင် သလို ဖြစ် လိုက်သည် ။ ရေစို ဘောင်းဘီလေး နှင့် ပင် အိမ် ရောက်အောင် အမော တကော ပြေး ခဲ့သည် ။ တဲ ပေါ် အတက် မျက်နှာချင်းဆိုင် တွေ့ နေ ရသော မခင်မြကြည် က -
“ ကိုကံကြီးမောင် ဘာဖြစ်လာတာလဲ ၊ တစ်ကိုယ် လုံး လည်း ရွဲရွဲစို လို့ … ကျွန်မ ဘာ လုပ် ပေးရမလဲ” အမေး ကို တောင် မဖြေမိ ။ ကြမ်း ပေါ် ပစ်လဲ ကျ ကာ အသက်ရှူ ရပ်သွားရှာသည် ။
ကံကြီးမောင် အခုလို ရုတ်တရက်ကြီး ဆုံး ရှာသည့် အဖြစ် အား ဇနီး မခင်မြကြည် ယူကျုံး မရဖြင့် သူမ ရဲ့ အမေး စကား ပြန် မဖြေတာ မုန်း သွားလို့ လား ဟု
အလောင်းနား က မထ တဖွဖွ အော် ငိုရင်း ပြောမဆုံး ဖြစ် နေသည့် အဖြစ် အား အသုဘရှု လာရောက် မေးမြန်းသူ များ က သနား ပြီးရင်း သနား နေကြပေသည် ။
ဆရာတော်ကြီး ဦးဝိသုဒ္ဓ က မိဘ နှစ်ပါး နည်းတူ ကံကြီးမောင် ငယ်ငယ်ရွယ်ရွယ် နှင့် ဆုံးရသည့် အဖြစ် အား တရားသဘော နှင့် ယှဉ်ကာ ရှင်းပြ နေသည် ။ တွတ်ပီ မတတ် တတတ် ဖြင့် ဇနိတံ = တူသော ၊ ပါကံ = အကျိုး ပေးအား ၊ ဇနိတ = ဖြစ်စေနိုင်၏ ဟု အလောင်း နား က မထ တမ်း ဟောင်ဖွာ ဟောင်ဖွာ လုပ် နေပေမယ့် အလောင်း ကောင် မျက်နှာ က ဖွတ်တွေ ကို လက်စားချေ သ,တ်နိုင် သောကြောင့် ဂုဏ်ယူ ဝင့်ကြွား နေ သယောင်ယောင် ။
◾အနီ ( မန္တလေး )
📖 ပေဖူးလွှာ မဂ္ဂဇင်း
၂၀၁၅ ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment