Tuesday, April 23, 2024

တံခါးခေါက်သံ


 ❝ တံခါးခေါက်သံ ❞

    

ကျွန်မ ဘဝ တွင် မှတ်မှတ်ရရ ခံစားမှုများ ပေးသော တံခါးခေါက်သံ နှစ်မျိုး ကို ကြုံခဲ့ရ ဖူးသည် ။ မကြာမီ တံခါးခေါက်သံ တစ်မျိုး ကို ကြားရပေဦးမည် ။ အံ့သြ တုန်လှုပ်စွာ ဖွင့် ပေး မိလေမလား ။ ဖြည်းလေးညင်သာ စွာ ဖွင့် ပေး မိလေမလား ။ ကျွန်မ မတွေးရဲပါ ။ သေချာသည် ကတော့ ဝမ်းမြောက်ဝမ်းသာ ဖွင့်ပေးမိမည် တော့ မဟုတ်ပါ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မသည် သာမန် ပုထုဇဉ် လူသား တစ်ယောက် သာ ဖြစ်ပါ၏ ။


••••• ••••• •••••


“ ည ကျ ရင် ညီမ အခန်း တံခါး ကို အစ်ကို လာ ခေါက် မယ် ။ ခဏ နေရင် နောက်ဖေးပေါက် ထွက်ခဲ့နော် ”


သောက်ရေအိုးစင် တွင် အတူ ဆုံစဉ် က တိုးတိုးတိတ်တိတ် ကြိတ် ၍ မှာ လိုက်သော အစ်ကို့ စကား ကြောင့် တစ်ညလုံး ကျွန်မ စိတ်တွေ ဂနာမငြိမ် ဖြစ်ရ သည် ။ တစ်အိမ် ထဲ တွင် အတူ နေပါလျက် ၊ အေးအေးဆေးဆေး စကား ပြောခွင့် ရှိပါလျက် တိတ်ဆိတ်သော ည အချိန် ကို ချိန်းဆို လာသည့် အတွက် အပျိုဖြူ ကျွန်မ ရင် မခုန်ဘဲ ရှိပါ့မလား ။ ကြောက် သလိုလို ၊ စိုးရွံ့ သလိုလို ရင်ဖိုဖို ။ သူ့ ချိန်းဆိုချက် ကို စောဒက တက် ကြည့်ရန် စိတ်ကူး သေးသည် ။ အစ်ကို က ဘာမှ မထူးခြား သလို ဣန္ဒြေ မပျက် ။


ညဦးပိုင်း ကတည်း က ခြေဖျားလက်ဖျား တွေ အေး နေသည် ။ အိမ်သားများ အပါအဝင် သူ နှင့် အတူ ဧည့်ခန်း မှာ ထိုင် နေကျ ဖြစ်သော်လည်း ယနေ့ မထိုင်ရဲ ။ ထူးထူးထွေထွေ အလုပ် မဟုတ်ဘဲ နှင့် အလုပ်တွေ ရှုပ် နေ လိုက်သည် ။ စောစောစီးစီး အိပ်ရာ ထဲဝင်ခဲ့သည့် တိုင်အောင် စိတ်ချလက်ချ ခေါင်းအုံး မှာ ခေါင်း ကို ဖိနှစ် ၍ မအိပ်ရဲ ။ လက် ကို ကွေးခေါက်ခံ ထားပြီး နား နှင့် ခေါင်းအုံး ကို ခွာ ထား လိုက်သည် ။ အစောကြီး ရှိပါသေးသည် ။ အပြင် က စကား ပြောသံများ ကို ကြား နေရသည် ။ အစ်ကို့ အသံကို လည်း တစ်ချက် တစ်ချက် ကြား ရသည် ။ သူ အခု ထိ မအိပ်သေး ။ အိမ်သားများ နှင့် အတူ စကား ပြော နေ သေးသည် ။ သူ ဘယ်တော့ အိပ် မှာလဲ ။ သူ ဘယ် အချိန် တံခါး ခေါက် မှာလဲ ။


တကယ်တော့ ကျွန်မ နှင့် အစ်ကို ချစ်နေကြသည် ကို အိမ်သားများ အားလုံး သိ ကြသည် ။ ဆွေမျိုးမကင်း သူများ ဖြစ်၍ သဘောတူ ခွင့်ပြုခဲ့ပြီး လည်း ဖြစ်သည် ။ အတူ သွားလာခွင့် လည်း ရှိသည် ။ အုပ်ထိန်းသူ လူကြီး မိဘ ခွင့်ပြုချက် ဖြင့် ဘုရားသွား ကျောင်းတက် နှစ်ယောက် တည်း သွားဖူးကြသည် ။ သည်လို ညဉ့်နက် သန်းခေါင် ချိန်းဆို တွေ့စရာ ပင် မလို ။ သို့ပါလျက် အစ်ကို ဘာကြောင့် ချိန်း သလဲ ။


တစ်အိမ်လုံး တိတ်ဆိတ် သွားပြီ ။ ရင်ခုန်စွာ စောင့်စားရင်း လက် ကို ခေါက်၍ ခေါင်း ခု ကာ အချိုးမကျ အိပ်ပျော် သွားသော ကျွန်မ နား ထဲ သို့ တိုးတိတ် ညင်သာသော တံခါး ခေါက်သံ ဝင် လာသည် ။


“ ဒေါက် ... ဒေါက် ”


လက်ချောင်းများ ကို ကွေးချိုးကာ ခေါက် လိုက် သော ညင်သာ ပျော့ပျောင်းသော တံခါး ခေါက်သံ ။ ကျွန်မ က တံခါးပေါက် နားတွင် အသာ ရပ် ကာ တုန်ယင် တိုးခတ်သော အသံ ဖြင့် “ လာပြီ ” ဟု ပြန်လည် အသံ ပြု လိုက်သည် ။ တံခါး ကို တော့ မဖွင့်ရဲ ။ တံခါး မှာ နားကပ် ထားသော ကြောင့် အခန်းဝ မှ ထွက် သွားသည့်လှုပ်ရှားသံ ကို တိုးညှင်း သော် လည်း အကျယ်ကြီး လို ကြားနေ ရသည် ။ သူ ထွက်သွားပြီ ။ ကျွန်မ ကို သူ စောင့်နေတော့ မည် ။ ခုန်သော ရင် ကို ဖိထား လိုက်ရင်း ပင့်သက် ကို ရှူထား မိသည် ။ ခဏကြာ မှ ပင့်သက် ကို ချကာ အခန်း တံခါး ကို အသာ ဖွင့် လိုက်သည် ။ ဘုရားခန်း မှ မီးလုံး သေးသေးလေး ၏ အလင်းရောင် ဖြင့် အပြင်သို့ ထွက် လိုက်ကာ နောက်ဖေးဆောင် ဘက် ကို ကူးလာ ခဲ့သည် ။ နောက်ဖေး တံခါး က ဟဟလေး ပွင့် နေသည် ။ ပွင့်နေ သော တံခါးရွက် ကြား မှ အဖြူရောင် အလင်းတန်း ကလေး တိုးဝင် နေသည် ။ အပြင် က အလင်းရောင် ။ အို .. ည ဆိုပေမယ့် မှောင် မနေပါလား ။


တံခါးရွက် ကို ဆွဲ ဖွင့်ပြီး လူ ကိုယ် ကို အပြင် သို့ ထုတ် လိုက်သည် ။ တံခါးရွက် ကို ပြန် ပိတ်လိုက်ပြီး ကိုယ် ကို လှည့် ထွက်ရန် ဟန် ပြင် လိုက်သော အခါ ”မားမား ရပ် နေသော သူ့ ကို တွေ့လိုက် ရသည် ။ ဒိတ်ခနဲ ခုန် သွား သော ရင် ကို ဖိ ကာ ...


“ အောင်မယ်လေး .. လန့် လိုက်တာ ” 


“ အစ်ကို စောင့်နေတာလေ ၊ လာ ”


သူ က ကျွန်မ လက် ကို လှမ်း ဆွဲ လိုက်သည် ။ ကျွန်မ ရုပ်ပျက်ဆင်းပျက် ပင် ပြန် ရုန်း လိုက်သည် ။ သူ က အံ့အား သင့်သွားပုံ ရသည် ။


“ ဘယ် သွားမလို့လဲ အစ်ကို ။ ဘာကိစ္စ ရှိလို့လဲ ။ ပြောစရာ ရှိရင် ဘယ်အချိန် ပြောပြော ရရဲ့သားနဲ့ ”


“ အစ်ကို နဲ့ ခြံ ထဲ ခဏ လိုက်ခဲ့ပါ ။ ကြည့်စမ်း ... လရောင် က လင်းပြီး ဝင်းပ နေတာပဲ ။ ခဏလေး …. ခဏလေး ”


သူ ဆွဲ ခေါ်ရာ နောက်သို့ တွန့်ဆုတ် တွန့်ဆုတ် နှင့် လိုက်လာခဲ့ရသည် ။ ဟုတ်ပါရဲ့ ။ သူပြော မှ မြင်မိသည် ။


လရောင် က ဝင်းလို့ ။ ကောင်းကင် ကို မော် ကြည့် လိုက် တော့ ဝိုင်းဝိုင်းပြည့်ပြည့် လမင်း ။ ဪ … သည်နေ့ လပြည့်နေ့ ပဲ ။


သူ က အုန်းပင်ရင်း တွင် ဝိုင်းပတ် ထားသော ခုံတန်းကလေး ရှိရာ သို့ ကျွန်မ ကို ခေါ်လာ ခဲ့သည် ။ ခုံတန်းကလေး ပေါ် တွင် အုန်းလက်များ ကြား မှ လရောင်ပြောက်ပြောက်ကျားကျား ကျနေသည် ။ သူ က ပြုံးရွှင်ကြည်နူး သော မျက်နှာ ဖြင့် ထိုင် ချလိုက်ရင်း ကျွန်မ ကို သူ့ ဘေးမှာ ထိုင်ခိုင်း လိုက်သည် ။ ရင် ခုန်လျက် ခပ်ယို့ယို့ ထိုင် နေသော ကျွန်မဘက် လှည့်ကာ မျက်နှာ ကို ရွှန်းရွှန်းစားစား ပြည့် နေတော့ ကျွန်မ အနေ ခက်လာသည် ။


“ ဘာလုပ် မလို့လဲ အစ်ကို ရာ ။ ပြောစရာ ရှိရင် ပြော့ ။ ဒီမှာ ကြာကြာ မနေချင်ဘူး ”


“ ဘာမှ မစိုးရိမ်ပါနဲ့ကွာ ။ အစ်ကို က နှမချင်း စာနာ တတ်တဲ့ ယောက်ျား ပါ ။ ညီမ ရဲ့ သိက္ခာ ကို ဘာမှ မထိပါး စေရပါဘူး ။ လရောင် အောက် မှာ ချစ်သူ ရဲ့ မျက်နှာလေး ကို ကြည့်ချင်တဲ့ စိတ်ကူးယဉ် ဆံန္ဒလေး အစ်ကို့ မှာ ရှိခဲ့ တယ် ။ ဒါကြောင့် လသာ နေတုန်း ညီမ ကို ခေါ် လာတာ ။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲနော် ။ လရောင် ရယ် ၊ ချစ်သူ ရယ် ၊ တိတ်ဆိတ် အေးချမ်း တဲ့ ည ရယ် ”


အစ်ကို့ ကို အံ့သြစွာ ကျွန်မ ကြည့် မိသည် ။ ကျွန်မ ထက် အသက် ငါးနှစ် ကျော် ကြီးပြီး လူကြီးဆန်ဆန် နေ တတ်သော အစ်ကို့ ကို ရိုသေစွာ ချစ်ခဲ့ရ၍ အစ်ကို့ မှာ သည်လို ခံစားမှု နုနုကလေးတွေ ရှိလိမ့်မည် မထင်ခဲ့ ။ သူက ကျွန်မ မေးစေ့ ကို ဆွဲယူ မော့ကာ မျက်နှာ ကို တစိမ့်စိမ့် ကြည့်ရင်း...


“ ဒီ အချိန် ဒီအရွယ် မှာ ပဲ ဒီလို ခံစားမှုမျိုး ရနိုင်တာ ညီမ ရေ ။ တို့ နှစ်ယောက် လက်ထပ် ပြီးကြလို့ ဘဝ အတွက် ရုန်းကန် လှုပ်ရှား နေရတဲ့ အချိန်တွေ ရောက် ရင် အခါကြီး ရက်ကြီး က လွဲလို့ လပြည့်လကွယ် တောင် သတိထား မိမှာ မဟုတ်ဘူး ။ မွန်းသိပ်ကျပ် နေတဲ့ လောကကြီး ထဲ မှာ လရောင် ရဲ့ အရသာ ကို ဘယ်လို ခံစား နိုင်တော့မှာ လဲ ။ ဒါကြောင့် အခု ညီမ ကို ခေါ်လာတာ ” 


အစ်ကို့ ပခုံး ထက် တွင် ခေါင်း တင်ရင်း အုန်းလက် များ အကြား မှ လမင်းကြီး ကို ကြည်နူးစွာ ကြည့် လိုက်မိသည် ။ အုန်းလက်ညို အကြိုအကြား × × × ပြောက် ပြောက်ကျားကျား ရောင်ခြည် ဝင်တယ် × × × မြေပြင် ငွေမင် လူးသည့်နှယ် × × × ဆိုသည့် သီချင်း တစ်ပိုင်း တစ်စလေး ကို သတိရ လိုက်သည် ။ စာဆိုကြီး လည်း ကျွန်မ တို့ လို ခံစား ကြည်နူးခဲ့ဖူးပေမည် ။


လ သာ သည့် ညများ တွင် အစ်ကို က ကျွန်မ အခန်း တံခါး ကို လာ ခေါက်လေ့ ရှိသည် ။ တိုးတိတ်ညင်သာ သော တံခါး ခေါက်သံ ။ ရင်ခုန်ကြည်နူး ရသော တံခါး ခေါက်သံ ။ မမေ့ရက် နိုင်သော တံခါးခေါက်သံ ။


••••• ••••• •••••


ညနေ ကတည်း က အစ်ကို က အထုပ် တပြင်ပြင် လုပ် နေသည် ။ သူတို့ လာ ခေါ်ကြမည် ။ အဆက်မပြတ် ချောင်းဆိုး နေသည့် အတွက် အစ်ကို့ ကို စိတ်မချ ။ လိုက် မသွား စေချင် သော်လည်း အစ်ကို က သူတို့ လာ ခေါ်လျှင် လိုက်ဖို့ အဆင်သင့် ပြင် ထားသည် ။


“ အိပ်လိုက်ပါလား အစ်ကို ရယ် ။ သူတို့ မလာတော့ ဘူးထင်တယ် ”


“ မလာသေးတာ ဖြစ်မှာပါ ”


“ အိပ်ရာ ထဲ က ပဲ စောင့်ပါ ။ ချောင်းတွေ ဆိုးတာ ပင်ပန်း နေပြီ ။ လာတော့ လည်း လိုက်သွား တာပေါ့ ။ အခု ခဏ ဝင် နား လိုက်ပါလား ”


သူ က သဘော တူသည် ။ အိပ်ရာ ထဲ မဝင်မီ လည် ယပင်း တွင် ပရုပ်ဆီ လူး ကာ တဘက် နှင့် ပတ်ပေး လိုက် သည် ။ သူ့ အိပ်ရာ ထဲ ဝင် လှဲ နေစဉ် ကျွန်မ အပြင် မှာ မအိပ်သေးဘဲ စောင့် နေ လိုက်သည် ။ အတန်ကြာ မှ သူတို့ ရောက်လာကြသည် ။ သူ က ကြိုတင် ပြင်ဆင် ထားသော ခရီးဆောင် အိတ်ကလေး ကို ဆွဲကာ အဖော်များ ပါလာ သော ကား နောက်ပိုင်း သို့ တက် သွားသည် ။ ကျွန်မ နှင့် သမီး ကား ထွက်သွားသည် အထိ အစအဆုံး ကြည့်နေ လိုက်သည် ။ ည ၁၁ နာရီ ကျော်ပြီ ။


“ ဖေဖေ ချောင်းတွေ ဆိုး နေတာ လိုက်သွားဖို့ မကောင်းဘူး ”


“ လာ ခေါ် နေတော့လည်း လိုက် မသွားလို့ မှ မဖြစ် တာ သမီးရယ် ။ အအေးပတ် လို့ ချောင်း ဆိုးတာပါ ။ ညနေ က ဆေး သောက် ထားတယ် ။ ကောင်းသွားမှာပါ ”


“ မေမေ က ဆေးတွေ ထည့်ပေး လိုက်သေးလား ” 


“ ဖေဖေ က ထည့် မသွားဘူး ။ အတူတူ ပါသွားတဲ့ ဆရာဝန်ကြီး က ဖေဖေ ချောင်းဆိုးသံ ကြား ရင် နေမှာ မဟုတ်ဘူး ။ သူ့ အိတ်ထဲ မှာ အမြဲ ဆောင်ထားတဲ့ မက်လင်ချဉ် တော့ လှမ်း ပေးဦးမှာပဲ ”


“ ဒီ တစ်ခါ ဖေဖေ ထွက်တာ ကြာမလား မသိဘူး ” 


“ ကြာချင် လည်း ကြာမှာပေါ့ ။ မြန်ချင် လည်း မြန် တတ်တာပဲ ။ အခြေအနေ အရ ပေါ့ကွယ် ။ သမီး အိပ်တော့ နော် ”


သမီး ကို နှစ်သိမ့် လိုက် ရ သော်လည်း ကျွန်မ အိပ် 

မပျော်တော့ ။ တဟွပ်ဟွပ် ချောင်းဆိုး နေသည့် အစ်ကို အသံ ကို ကြား နေရသည် ။ နွေးနွေးထွေးထွေးလေး နေ လိုက် လျှင် ချောင်းဆိုး က သက်သာ သွားမည် ။ ယခု ညဉ့်နက်သန်းခေါင် ကား နှင့် ခရီး သွား ရ၍ လေစိမ်း တိုက် မည် ။ သူ ချောင်းတွေ ပို ဆိုး မလား ။ အဖျား ဝင်လာ မလား ။ ခေါင်းတွေ ကိုက်လာ မလား ။ သူ ခေါင်းကိုက်ပြီ ဆိုလျှင် မနေနိုင် မထိုင်နိုင် အော် နေရသည် ။ ခေါင်း နှင့် ပတ်သက်၍ ငယ်ငယ် က ထိခိုက်မှု တစ်ခု ရှိခဲ့ဖူးသော ကြောင့် သည် ရောဂါ ဖြစ်သလား ဟု သံသယ နှင့် နည်း မျိုးစုံ စမ်းသပ် စစ်ဆေး ခဲ့သည် ။ သူ့ ရောဂါ အတွက် အထောက်အထား မတွေ့ ။ တစ်ခါတစ်ခါ ပေါ် လာတတ် သော သူ့ ရောဂါ ပျောက် နေသည် မှာ အတော် ကြာပြီ ။ ယခု ညကြီးမိုးချုပ် ခရီး ထွက်သွား မှ ပေါ်လာ လျှင် ဒုက္ခ ။


အစ်ကို နှင့် ကျွန်မ အိမ်ထောင်သက် ဆယ့်ရှစ်နှစ် ရှိပြီ ။ အတူ နေရသည့် ကာလ ကို နှစ် နှင့် တွက် လို လျှင် ရက်များ ကို ပေါင်း ကြည့် မှ ရမည် ။ လရောင် အောက် တွင် ကြည်နူးရွှင်ပျ ခဲ့ရသည့် ညကလေးများ ကို ပြန်လည် တမ်းတ မိပါရဲ့ ။ တကယ် ။ လ သာ တာ ကို အရေး လုပ် ကာ မကြည်နူး နိုင်တာ ကြာပြီ ။


ခုမှ သတိရ သည် ။ သည် ည လာ သာ သလား ။ ဘယ် နှစ်ရက် လဲ ။ ဗမာရက် များ တောင် မသိတော့ပါ ကလား ။


“ ဒေါက် ... ဒေါက် .. ဒေါက် ”


မှေးခနဲ အိပ်ပျော် သွားလိုက်သည် မှာ မည်မျှ ကြာ လိုက်သည် မသိ ။ ခပ်ပြင်းပြင်း ခေါက် လိုက်သော တံခါး ခေါက်သံ ကြောင့် ဖျတ်ခနဲ ကျွန်မ လန့် နိုးလာသည် ။


တံခါး ခေါက်သံပါလား ။


ကိုယ့် အိမ် ကို လား ၊ ဘေး အိမ် ကို လား ။ မသဲမကွဲ ဝေဝါး နေစဉ်မှာပင် တံခါး ခေါက်သံ မှ တံခါး ကို တဝုန်းဝုန်း ထုသံ နှင့် အတူ ... ။


“ အန်တီ ... အန်တီ ”


ခေါ်သံ က အမောတကော နိုင်လှသည် ။ အသံ က ပီပြင် လာပြီး ကိုယ့် အိမ် ကို ခေါ် နှိုး နေမှန်း သိလိုက်၍ အိပ်ရာ မှ ကမန်းကတန်း လူးလဲ ထ လိုက်ရသည် ။ တံခါးပေါက် ဆီ သို့ ပြေးထွက် ခဲ့ပြီး တံခါး ဖွင့် ပေးလိုက်သော အခါ တံခါးဝ တွင် ရပ်နေသော သူက လမ်း ထဲ မှ လူငယ်လေး တစ်ယောက် ။ အိမ်ရှေ့ မှာ လူကြီး တချို့ ကို တွေ့ လိုက်ရသည် ။


“ ဘာလဲ ... ဟင် ။ ဘာလဲ ... ဟင် ”


“ လူကြီးတွေ က တွေ့ ချင်တယ် ဆိုလို့ ကျွန်တော် ခေါ်ပေးတာ ။ သူတို့ က ဦး အကြောင်း ပြောပြကြ လိမ့်မယ် ”


ကျွန်မ ဒူး နှစ်ဖက် မှာ တဆတ်ဆတ် တုန်လာ သည် ။ အချိန် က ညကြီး အချိန်မတော် ။ အိမ် က လူ က လည်း ညကြီးမိုးချုပ် မှ ခရီး ထွက်သွားသည် ။


“ ဘာ .. ဘာကိစ္စလဲ .. ဟင် ။ ကျွန်မ ယောက်ျား ဘာ ဖြစ်လို့လဲ ဟင် ။ သူ အခု ဘယ်မှာလဲ ဟင် ”


အမောတကော မေးသည့် ကျွန်မ ၏ မေးခွန်းများ အားလုံး ၏ အဖြေ မှာ တစ်ခုတည်း သာ ဖြစ်ခဲ့သည် ။


မမျှော်လင့်သော ကြမ္မာဆိုး ကြောင့် ကျွန်မ ၏ ချစ်သူ ခင်ပွန်း သည် ကွယ်လွန် ခဲ့သည် ။


သည် သတင်းဆိုး ကို သယ်ဆောင်လာသူများ ထံ မှ ကြား ရသည့် တံခါး ခေါက်သံ ။ တုန်လှုပ်ချောက်ချားဖွယ် သည် တံခါး ခေါက်သံ သည် နှစ်ပေါင်း များစွာ ကျွန်မ အတွက် အိပ်ရာ မှ လန့် နိုးစေခဲ့သည့် ခြောက်လှန့်သံ ဖြစ်ခဲ့သည် ။


••••• ••••• •••••


“ အစ်မကြီး အခြေအနေ က သိပ် စိုးရိမ်စရာ တော့ မဟုတ်ပါဘူး ။ နှလုံးသွေးကြော တစ်ချောင်း ကျဉ်း နေ တယ် ။ မကြာခင် ကောင်းသွား မှာပါ ။ ဆေး စား ဖို့တော့ လိုမယ် ။ အဆီ လျှော့ စားရမယ် ”


ဆရာဝန်ကြီး က မျက်နှာချိုချို နှင့် စိတ် သက်သာရာ ရအောင် နှစ်သိမ့်စကား ပြော လိုက်သည် ။ ဆရာဝန်ကြီး အခန်း မှ ထွက်လာသော အခါ လိုက် ပို့သော သား က ဘာ ပြောလိုက်သလဲ ဆိုသည် ကို ရအောင် မေး နေသည် ။ ကျွန်မ က သား ကို စိတ် မပူစေရန် ဆရာဝန်ကြီး စကား ကို ပြန် ပြောပြလိုက်သည် ။


“ သား လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ် ။ မေမေ တို့ အရွယ် ရောက် လာရင် ဒီလိုပဲ အနည်း နဲ့ အများ ဖြစ်တတ် တာပါပဲ ။ ကြီးကျယ်တဲ့ ရောဂါ မဟုတ်ပါဘူး ” 


“ ဘာပဲဖြစ်ဖြစ် သတိထား ရမယ့် ရောဂါပဲ လေ ။ ဖြစ်တတ်တဲ့ ရောဂါမျိုး ကိုယ် က ဖြစ်လာခဲ့ပြီ ကိုး ” 


“ မေမေ စိတ်ငယ် သွားသလား ”


သား က ကျွန်မ မျက်နှာ ကို စေ့စေ့ ကြည့် ကာ မေး လိုက်သည် ။ ကျွန်မ ခေါင်းခါ ပြ လိုက်သည် ။ တကယ် လည်း ကျွန်မ စိတ် မငယ်ပါ ။ ဖြစ်ချိန်တန် ဖြစ်ပြီး ပျက်ချိန်တန် ပျက်တတ်သည့် သင်္ခါရ သဘောတရား ကို ကျွန်မ လက်ခံရ မှာပေါ့ ။ အရာရာ ကို တရားသဘော နှင့် ရှုမြင်သုံးသပ် ဆင်ခြင် တတ်ရမယ့် အရွယ် ရောက် ပြီပဲ ။ မကြာမီ တံခါးခေါက်သံ တစ်ခု ကို ကြားရ တာ့မည် ။


သည် တစ်ခါ တံခါး ခေါက်သံ ကြား လျှင် တည်ငြိမ်စွာ ရင်ဆိုင် နိုင်ဖို့ အသင့် ပြင် ထားရတော့မည် ။


“ ဒီ အပတ် ဆေး စားပြီးလို့ ပြန် ပြ ပြီးရင်း မေမေ ရိပ်သာ ဝင် မှ ဖြစ်မယ် ။ ရိပ်သာ ဝင်ဦးမယ် ”


◾ခင်လှိုင်ကြူ


📖 မဟေသီ မဂ္ဂဇင်း

     ၂၀၀၄ ၊ သြဂုတ်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment