Tuesday, April 16, 2024

တစ်ခုသော သင်္ကြန် မှာ


 

❝ တစ်ခုသော သင်္ကြန် မှာ ❞

( ၁ )

နှစ်စဉ် သင်္ကြန်ရက် ရောက်တိုင်း တစ်ခု သော သင်္ကြန်ခါ က အဖြစ်အပျက်လေး တစ်ခု ကို အမြဲ သတိရ စေသည် ။

သို့နှင့် အမျှ ...

ရက်တို့ သည် ကြာခဲ့ပြီ ဖြစ်သော်လည်း သင်္ကြန်ပေါင်း များစွာ ဖြတ်သန်းခဲ့ပြီ ဖြစ်သော်လည်း ယင်း အဖြစ်အပျက် က ထမင်းလုံးတစ္ဆေ ပမာ မိမိ ကို ခြောက်လှန့် ဆဲ ။

အစွဲအလန်း သည် အစွဲအလန်း သာ ဖြစ်၏ ။ တကယ်တမ်း ဖျောက်ဖျက် ပစ်ဖို့ ကျ မလွယ်လှပါချေ ။

( ၂ )

သင်္ကြန် ချစ်သူများ က သင်္ကြန် ကို မျှော် ကြသည် ။ သင်္ကြန် ရောက် လျှင် ကဲ ကြသည် ။ သောက်တတ်သူ တို့ က သောက်ပြီး ကဲကြသည် ။ အရက် သောက်လေ့ မရှိသူ တို့က လည်း သင်္ကြန် ရောက်ပြီ ဆို လျှင် အရက် သောက်ကြသည် ။ အရက် နေ့စဉ် ကြိုက်သူ တို့ အဖို့ မူ ဆိုဖွယ် ရာ မရှိတော့ ။

သင်္ကြန်ရေ ကို အရက် ရော ကြသည် ။ အချမ်း ခံရန် ဟု အကြောင်း ပြ ကြသည် ။ မူးမှ ရူး ၍ ကောင်းသည် ။ သောက် မှ ပေါက် ၍ ကောင်းသည် ။ အရက်ရှိန် ရ မှ က ၍ ကောင်းသည် ဟု စောဒက လည်း တက် ကြ သေး၏ ။

သင်္ကြန် ကို မိမိ လည်း ချစ်သည် ။ သင်္ကြန် သည် မိမိ တို့ မြန်မာ့ ရိုးရာ လှပသော ရက် များ သာ ။ သင်္ကြန် ကို ချစ် သော် လည်း မိမိ က ရေ ကြောက်သည် ။ တစ်နေ့လုံး ရေ စိုတိ စိုရွှဲ နှင့် နေရသည် ကို မိမိ မနှစ်သက် ။

မိမိ က အချမ်း ကြောက်သည် ။ အချမ်း ပျောက် ဖို့ ယမကာ သောက်ရန် လည်း မိမိ အစာအိမ် က အယ်လ်ကိုဟော ကို လက် မခံ ။

ပြီးတော့ မိမိ က မူး လျှင် သွေးဆူတတ်သူ မျိုး မဟုတ် ။ ကရ ခုန်ရ အော်ဟစ်ရ မှာ မိမိ က ရှက် တတ်သည် ။ မူး လျှင် လည်း မသွက်လှ ။ သောက်ဖူးခဲ့ စဉ် က လည်း မူးတာ က တခြား ၊ က ဖို့ ပျော် ဖို့ က ရှက်တာ က တခြား ။ ထို နှစ်ခု ရောစပ် မရ သဖြင့် မိမိ မှာ မူး သော်လည်း ကြက်ကြီး လည်လိမ် ထား သလို ငေါးစင်းစင်း ပေခံ နေရ တတ်သည် ။

မူး သော် လည်း မပျော် တတ် ။ မအော် တတ် ။ ထို့ကြောင့် မိမိ အရက် လည်း မသောက်ဖြစ် ။ သင်္ကြန် လည်း မလည်ဖြစ် သည်မှာ နှစ်စဉ် လိုလိုပင် ။

သင်္ကြန် မှာ အိမ်တွင်း အောင်း ပြီး အလုပ်စားပွဲ နှင့် မျက်နှာ အပ် ရသည် က နှစ်စဉ်လိုလို ။

သို့ပေမယ့် တစ်ခါတုန်း က တော့ သင်္ကြန် ကို မိမိ ကား နှင့် ထွက် လည် ဖူးခဲ့သည် ။ တစ်ခါ ဆို ဆို သလောက် မှတ်လောက် အောင် အဖြစ် မျိုး ကြုံခဲ့ရဖူးပါချိမ့် ။

( ၃ )

( ၁၃၅၆ ) ခုနှစ် သင်္ကြန် ။

မိမိ ကား ခါတိုင်းနှစ်များ လို ပင် အိမ်တွင်း အောင်း ၏ ။

သို့သော် ယခု နှစ် ကား အောင်း မရသော အဖြစ်မျိုး နှင့် ကြုံ ရ သည် ။ ထိုစဉ်က မိမိ ထံ တွင် ပတ်ဘလစ်ကာ ကား တစ်စီး ရှိ၏ ။

ထိုနှစ် က ဆရာမ မသူဇာ က သင်္ကြန် လည်ချင် ၍ အကူအညီ တောင်းသော အခါ  ...

ဆရာမ မသူဇာ က မိမိ တို့ မိသားစု အပေါ် ကျေးဇူး ရှိခဲ့ဖူးသည် ။ ဘယ်လိုမှ ငြင်း မကောင်း ။

ထို့ကြောင့် ထိုနှစ် က သင်္ကြန် အကျနေ့ တွင် မိမိ သင်္ကြန်ကား ထွက် ဖြစ်သည် ။ နေ့ တစ်ဝက်တည်း ဟု ပြော၍ သာ တော် ရော့သည် ။

သင်္ကြန် အကျနေ့ ကျ ပတ်ဘလစ်ကာ ကားကလေး ကို အမိုးကိုင်း ဖြုတ် ချ၍ အသင့် စောင့် နေ လိုက်သည် ။

မနက် ( ၇ ) နာရီ ကျတော့ လာပါပြီ လူတွေ ။ မိမိ က ကားလေး ကို အိမ်ရှေ့ ထုတ် ရပ်ထား လိုက်သည် ။ ဆရာမ လာ ရင် အဆင်သင့် ဖြစ် အောင် ။ သို့သော် စစချင်း လာသူတွေ က ဆရာမ မဟုတ် ။ လမ်း ထဲ က မိန်းကလေး တွေ ။

နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ ကား ပေါ် တက် ထိုင် ကြ၏ ။ အပျို တွေ လည်း ပါသည် ။ အအို တွေ လည်း ပါ၏ ။ ပျိုပျိုအိုအို အဝတ်အစား က တော့ အပျံစား ။ သင်္ကြန်ဖက်ရှင် ကြောင်ကြောင်ကြားကြား တွေ နှင့် ...

( ၇ ) နာရီ ကျော်ကျော် မှ ဆရာမ ပေါက်ချ လာသည် ။ ဆရာမ ကို ရုတ်တရက် မမှတ်မိ ။ ဆရာမ က အသက် လေးဆယ် ကျော် ရှိပြီ ။ သို့သော် ဂျင်းဘောင်းဘီ နှင့် တီရှပ် နှင့် ဂျင်းဂျက်ကက် နှင့် မျက်နှာ က လည်း ရောင်စုံ ခြယ်သ ထားသည် ။ ဪ သင်္ကြန်ဖက်ရှင် ပေ ကိုး ။ ဆရာမ က ထိုအခါ မှ သတင်း ပေးသည် ။

“ အရပ် ထဲ က ကလေးမ တွေ နဲ့ ကျွန်မ တပည့် တွေ က လည်း လိုက်ချင်တယ် ဆိုတာ နဲ့ အားနာ တာ နဲ့ လိုက်ခိုင်း လိုက်တယ် ရှင် ”

“ ရပါတယ် ဆရာမ ရယ် ”

မိမိ လည်း နွမ်းချိချိ တုန့်ပြန် မိ၏ ။ မရလို့ က လည်း မဖြစ်တော့ ။ ကား ပေါ် တွင် လူ က ထပ် တက်၍ မရလောက် အောင် ပင် ပြည့်ကြပ် နေချေပြီ ကော ။ ကား ပေါ် မှ မိန်းကလေးများ က လမ်း ထဲ မှ မိမိ နှင့် သိသူများ လည်းပါသည် ။ မျက်နှာစိမ်း မိန်းကလေးများ လည်း ပါ၏ ။

ဘော်ဒီ ကား မြေ နှင့် တစ်ထွာမျှ ပင် မဝေးတော့ ။

မိမိ လည်း ကား အောက် ကို ငုံ့ ကြည့်၏ ။

လေး ကား ပြောင်းပြန် လန် နေသည် ။ ဗုဒ္ဓေါ ။ ဒီ ပုံစံ နှင့် ဖြစ်ပါ့မလား ။

“ လေး တောင် စန့်နေပြီ ဟ ၊ ဝိတ် သိပ်များ နေတယ် ဖြစ်ပါ့ မလား ၊ ဟို ... နည်းနည်း ... နည်းနည်း ပြန် ဆင်းလို့ မရဘူးလား ”

“ အို ...  သင်္ကြန် လည်ချင်လို့ လိုက်ပါတယ် ဆိုတာ ဘယ်သူက ပြန် ဆင်းချင် မှာတုန်း ... ”

“ ဟုတ်ပ ... ကျွန်မ တို့ တော့ မဆင်း ”

“ ကွယ် ... ကား ပဲ ၊ သံထည်တွေ နဲ့ လုပ်ထားတဲ့ ဥစ္စာ ၊ လူ ထက် တော့ ခံနိုင်ပါတယ် ... ဖြည်းဖြည်း မောင်း ပေါ့ ”

“ ဟုတ်တယ် ... သင်္ကြန်တွင်း ပဲ ... မြန်မြန် မောင်းလို့ မှ မရတာဘဲ ”

မိန်းကလေးတွေ ပုံစံ က ကုတ် နှင့် ကော်ချ တာ တောင် ဆင်းမည့် ဟန် မရှိ ။ ထို့ကြောင့် မိမိ လည်း ဖြစ်ချင်ရာ ဖြစ် သဘော ထား ခါ ကား စတီယာရင် နောက် တွင် ဝင် ထိုင် လိုက်သည် ။

ဘီး ကို ဖြည်းညင်းစွာ စတင် လှိမ့်၏ ။ မဆိုးသေး ။ မဏ္ဍပ်များ တစ်ခု ပြီး တစ်ခု ဝင်သည် ။ မဏ္ဍပ်များ က ရေ ထိုး သည့် အခါ ရေများ က ကား မှန် ပေါ် ဝေါခနဲ ဝေါခနဲ ထိုး ကျသည် ။ ဝိုက်ဘာ မနိုင် ။ မိမိ မှာ ကား ကို သတိ ထား ပြီး မောင်း ရ၏ ။ ကား က ဝိတ် အဆမတန် များ သဖြင့် ယိမ်းနွဲ့ပါး ဖြစ်နေသည် ။

မိန်းကလေး ချည်း မို့ မဏ္ဍပ်တိုင်း တွင် ရေ သဲသဲမဲမဲ ပက် ခံရ၏ ။ ယောက်ျားလေး ဆို၍ မောင်းသူ မိမိ တစ်ယောက် တည်း ။ ဂွတ္တလစ် ရောက်သည် ။ ကမ္ဘာအေး ရောက်၏ ။ တာမွေ လည်း ရောက်သည် ။ မိမိ မှာ နောက် မှ ရေပက်ခံမမ များ ၏ ညွှန်ကြားချက် အတိုင်း မောင်း နေသည် ။

တစ်ချီ တော့ ဆူးလေ အဝိုင်း ရောက် လာသည် ။

ပြီးရော ။ ဆူးလေ အဝိုင်း ၌ ကား က တင်းကြမ်း ခံနေသည် ။ မြို့တော်ဝန်မဏ္ဍပ် ၌ ရေပက်ခံကား ကြည့်သူ ၊ အက ကြည့်သူ များ ဖြင့် ကားများ သည် သိပ် မရွှေ့ချင်ကြတော့ ။

ဆူးလေ အဝိုင်းပတ် တွင် ကားများ သည် ယာဉ်လိုင်း သတ်သတ် မှတ်မှတ် မရှိတော့ ။ အတည့် ကား ၊ ရွေ့စောင်း ကား ၊ ကန့်လန့် ကား ၊ စက်ပျက် ကား စသဖြင့် စုံတကာစေ့ နေတော့၏ ။ တစ်ဖွဲ့ က ( စ ) လုံး နံပါတ် အိုပယ်လ် လို စက်ပျက် ကား ကို သင်္ကြန်စတန့် ထွင် ကာ ရေပက် ခံသူများ လည်း ရှိ၏ ။ စက် က မမောင်း ။ လူတွေ က သာ တွန်းတွန်း ရွှေ့ နေကြသော စနစ် ဖြစ်၏ ။

ဆူးလေ အဝိုင်းပတ် တွင် မိမိ ကား ဇောချွေး ပြန်နေသည် ။ ရေစို ရက် တန်းလန်း နှင့် စတီယာရင် ကိုင် ထားသော လက် သည် ချွေးစေး တို့ ပြန် နေ၏ ။ ကား ကို တစ်ထွာ လောက် ရွှေ့ ရဖို့ အရေး ငါးမိနစ် ဆယ်မိနစ် စောင့် ရသည် ။ သိပ် လည်း မတိုးရဲ ။ ရှေ့ကား နှင့် တိုး မိ မှာ ဘေးကား နှင့် ချိတ် မိ မှာ ပူပန် ရ၏ ။

ဆူးလေ အဝိုင်း ကို တစ်နာရီ ကျော် ကြာအောင် ပတ် ရသော အခါ မှာ ထို တစ်ကြိမ် သာ ကြုံရ ဖူး၏ ။

ရေပက်ခံမမများ ကား မိမိ ၏ ဒုက္ခ ကို မသိကြ ။ ကား ပေါ် မှာ အော်လိုက်ကြ ၊ ပျော်လိုက်ကြ ၊ မော်လိုက်ကြ ။ မိမိတို့ ကား , ကား မိန်းကလေး ကား မို့ အခြား ကားများ နှင့် ဘေးချင်း ကပ် အော်ဟစ် နောက်ပြောင်မှု ကို အခံရဆုံး ဖြစ်၏ ။

ဆရာမ က ကားခေါင်းခန်း က မစီး ။ ခေါင်းခန်း တွင် လမ်း ထဲ မှ အဝ စံချိန်တင် သူ မမကြီး ကို ထည့် ထားပြီး သူမ က ကား နောက်ခန်း ဘေးဘောင် ပေါ် တွင် တင်ပလွဲ ထိုင်ပြီး လိုက်၏ ။

ဘေးကားများ က ကောင်လေးများ က မိမိ ကား ပေါ် မှ မိန်းကလေးများ ကို စ ကြသည် ။ သင်္ကြန် တွင်း မို့ ရေပက်ခံ ကားများ က အော်ဟစ် စ ကြရာ မိမိ မှာ မိမိ တို့ ကား မှ မိန်းကလေးများ က ပက်ခနဲ ပြန် ပြောလိုက် မှာ ကား မောင်းရင်း အလွန် စိုးရိမ် နေရ၏ ။

မခံချင် အောင် စ ကြ သဖြင့် မခံနိုင် ပါ က ပြန်လှန် ပြောရင်း ရန် ဖြစ် ကြသော် သင်းတို့ က ကား ကို စွန့်ခွာ ပြေးကြပေမည် ။ ကားရှင် မိမိ မှာ သာ ပြေး လည်း မပြေး ရက် ။ နေ လည်း မနေရဲ နှင့် ကား ပျက်စီး လူ အန္တရာယ် ဖြစ်ကိန်း ပါ ပေ ။

တော်သေး၏ ။ မိမိ ကား ပေါ် မှ မိန်းကလေးများ ကား ခေါင်းငုံ့ ခံ ကြသည် ။ ပြန်လှန် မပြော ။ သင်္ကြန် တွင်း ကား တစ်နှစ်တာ အတွင်း တွင်ကျယ်စွာ စနောက်ခွင့် ရ ကြသော လိုင်စင်ရက်ကြီး များ ပါပေ ။

ကမ်းနားလမ်း ဘက် ရောက် တော့ ကားတန်းကြီး တွင် ဝင် တန်းစီ ရင်း နောက်ဘက် မဏ္ဍပ် တစ်ခု တွင် ရုပ်ရှင်သရုပ်ဆောင် ရဲအောင် သီချင်း ဖြင့် ဖျော်ဖြေ နေချေ ရာ ...

“ ဟယ် ... ကိုရဲ တော့ ...  ကိုရဲ ကိုရဲ .. ”

“ ကားဆရာကြီး ပြန် လှည့်ပေးပါ .. ပြန် လှည့်ပေးပါ ”

“ ကိုရဲ ကြည့်ချင် လို့ ”

ကား နောက်ခန်း မှ လက်ပံပင် ဆက်ရက် ကျ သလို စီစီညံညံ အသံ ထွက်ပေါ် လာရာ မိမိ လည်း ကားစတီယာရင် ကို ယောင်နန ဖြင့် ဆွဲ လှည့် လိုက်ရာ ...

“ ဂျိန်း .. ”

ကားချင်း တိုက်မိခြင်း မဟုတ် ။

ဝိတ် က မတန်တဆ တင် ထားပြီး ပုံမှန် ရှေ့ မောင်း နေရာ က ရုတ်တရက် စတီယာရင် ခေါက်လိုက် သဖြင့် ကားအလိုင်းမင်း အောက် သွားခါ အရှေ့ မှ ကျိုး ကျသည် ။

မိမိ လည်း ကမန်းကတန်း ပင် ကား အောက် ဆင်း ကြည့်ရာ ညာဘော်ဒီ ရှေ့ပိုင်း သည် ကတ္တရာလမ်း နှင့် မိတ်ဆက် ရ၏ ။

ကား ပေါ် မှ မမများ “ အမေ ရေ ” “ အစ်မ ရေ ” အော်ဟစ်သံများ ဆူညံ သွားပြီး မိန်းမများ ကား ကား ပေါ် မှ ဆင်းသူ ဆင်း ကြည့် ကြ၏ ။

အချို့ကား ကား ပေါ် တွင် ကြောင်စီစီ ဖြင့် ဆက် ထိုင် နေကြဆဲ ။ လူများ ဝိုင်း လာပြီး ဝေဖန် ကြ၏ ။

ကားပေါ် မှ ထိုင်နေသူ မမများ လည်း လူအုပ် အလယ် တွင် မျောက်ပွဲ အလား ဝိုင်း အကြည့် ခံ နေရ သဖြင့် အလျှိုလျှို ဆင်းကြ၏ ။

ထို့နောက် အလျှိုလျှို ပျောက် သွားကြသည် မှာ သိပ် မကြာလှ သော အချိန် တွင် ဟန်ချက် ပျက် နေသော ခြေတစ်ပေါင်ကျိုး ကား နှင့် မိမိ သာ ငေါင်းစင်းစင်း ကျန်ရစ်ရှာသည် ။

သင်္ကြန်ရက် မို့ ကားဝပ်ရှော့ တွေ က လည်း မရှိပြီ ။

မိမိ သည် တဖြည်းဖြည်း နှင့် ရှည်လျား လာ သော တိုက်တာ အရိပ်တွေ အောက် ဝယ် ပူလောင် သော ရင်ပြင် နှင့် သင်္ကြန်ရေ က လည်း မအေးမြ နိုင်တော့ပြီ တကား ။

( ၄ )

မှတ်မိသေးတော့ တစ်ခါတုန်းက သင်္ကြန် ..... ။

◾ ဆွေမင်း ( ဓနုဖြူ )

📖 သောကြာ မဂ္ဂဇင်း
     ၂၀၀၀ ပြည့်နှစ် ၊ မေလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment