Tuesday, April 16, 2024

ပိတောက်စည်း


 

❝ ပိတောက်စည်း ❞
( လင်္ကာရည်ကျော် )

သမီးရေ ...

စာရေး မပျင်းပေမယ့် စာရေးချိန် မရှိတဲ့ ဆရာ ဟာ ရွှေမြစ်မခ က သမီး ခင်နှင်းကြည်သာ ရဲ့ ကောင်းမှု နဲ့ တစ်ခါ မှ လူချင်း မဆုံဖူးသေးတဲ့ သမီး ဆီ ကို တစ်လ တစ်ခါ စာ မှန်မှန် ရေးဖြစ်နေပြီနော် ။ 

ဒီစာ ရေးနေတဲ့ မတ်လ က တကယ်တော့ ကံ့ကော် တွေ ပွင့်တဲ့လ ။

ဆရာ့ မှာ လည်း ဒီလ မှာမွေး လို့ ကံ့ကော် ပါ တဲ့ နာမည် ပေးထားတဲ့ ချစ်စရာ သမီးကလေး တစ်ယောက် ရှိတယ် ။ ချစ်စရာ ဆိုတာ ဆရာ က ချစ် တာကိုး ကွယ့် ။ အသက် ၂၀ ကျော် ဆိုတော့ သမီးတို့ အရွယ် ပေါ့ ။ သူ့ ထက် နည်းနည်းပဲ ကြီး တဲ့ သား တစ်ယောက် လည်း ရှိတယ် ။ နှစ်ယောက် စလုံး အဝေး ရောက်နေကြတဲ့ အချိန် က များတော့ ဆရာ လည်း အမြဲ လွမ်း နေရတာပေါ့ကွယ် ။

သူတို့ နှစ်ယောက်စလုံး မှာ တကယ် ကို ချစ်စရာ ကောင်းတဲ့ ကိစ္စ ကလေး တစ်ခုတော့ ရှိတယ် ။ အဲဒါက ဒီမဂ္ဂဇင်း ထွက်မယ့်အချိန် ဧပြီလ မှာ ကျရောက်မယ့် မြန်မာ့သင်္ကြန် နဲ့ ဆိုင်နေတယ် ။ သင်္ကြန် မှာ သူတို့ ဘာလုပ်ကြလို့ လဲ လို့ တွေးနေမိတယ် မဟုတ်လား ။ တကယ်တော့ ဘာမှ မလုပ်ကြတာ ကို ပြောတာပါကွယ် ။

◾သင်္ကြန် ဆိုတာ

တို့ မြန်မာတွေမှာ ၁၂ လရာသီ စလုံး ပွဲလမ်းသဘင် တစ်မျိုး မဟုတ် တစ်မျိုး ရှိပေမယ့် သင်္ကြန် ကိုတော့ မြန်မာလူမျိုးတွေ တခုတ်တရ တန်ဖိုးအထား ဆုံး ဆိုတာ သမီးတို့ သိမှာပါ ။ ၁၂ လရာသီ ပွဲတော်တွေ ကို စုံအောင် မရွတ်တတ်တဲ့ လူငယ်တွေ ရှိပေမယ့် သင်္ကြန် ကိုတော့ အားလုံး သိကြတာပဲ မဟုတ်လား ။

ဒါလည်း သိပ်တော့ မဆန်းလှဘူး ။

မြန်မာနှစ်သစ်ကူးအချိန်ကိုး ။

ပြီး သူများ နိုင်ငံတွေမှာလည်း သူတို့ နှစ်သစ်ကူးကို သူတို့ တော်တော် တန်ဖိုး ထားတတ်ကြတာ တွေ့ရတယ် ။

ဥပမာ ဆရာ ရောက်ဖူးတဲ့ အနောက်နိုင်ငံတွေ မှာ လူအများစု က ခရစ်ယာန် ဘာသာဝင်တွေ ဆိုတော့ ခရစ္စမတ် မတိုင်ခင် တစ်ည Christmas Eve ဖြစ်တဲ့ ဒီဇင်ဘာလ ၂၄ ရက်ကနေ နှစ်သစ် မကူးခင်ည New Year Eve ဖြစ်တဲ့ ၃၁ ရက်နေ့ အထိ ကို ရုံး ပိတ်ပေးလေ့ရှိတယ် ။ ဆရာတို့ ငယ်ငယ်ကတော့ သင်္ကြန် က အကျ ကနေ နှစ်ဆန်း တစ်ရက် နေ့အ ထိ လေးရက် ပဲ ပိတ်တယ် ။ အခုတော့ ၁ဝ ရက် ပိတ်ပေး နေပြီပေါ့ လေ ။

ခရစ္စမတ် နဲ့ နှစ်ကူးညတွေ မှာလည်း အနောက်နိုင်ငံတွေ မှာ အရက် မူးပြီး ကား မောင်းရာ ကနေ ထိခိုက်ဒဏ်ရာ ရတာတွေ ၊ လူသေတာတွေ နှစ်စဉ် ရှိတယ် ။ သို့သော် နှစ်ကူး ကို တော့ မပျက်မကွက် ကျင်းပကြတာ ချည်းပဲ ။ တို့ ဆီမှာလည်း သင်္ကြန် ဆိုရင် ပြည်သူ့ဆေးရုံတွေ က ထိခိုက် ဒဏ်ရာရ ကုသဌာနတွေ တိုး မပေါက်အောင်ပါပဲကွယ် ။ 

သင်္ကြန်က တို့ချည်း ရှိတာတော့ မဟုတ်ဘူးကွယ့် ။ ဆရာ ရောက်ဖူး သလောက်ဆို ထိုင်း မှာလည်း ရှိတယ် ။ ကမ္ဘောဒီးယား မှာလည်း ရှိတယ် ။ တခြား ဆရာ မရောက်ဖူးတဲ့ နိုင်ငံတွေလည်း ရှိကောင်း ရှိမယ် ထင်တယ် ။ အဲဒီ နိုင်ငံတွေမှာလည်း မူးတာ ရူးတာ ၊ ကဲတာ ထိခိုက်ဒဏ်ရာ ရတာ ၊ လူ သေတာတွေ ရှိတာပဲ တဲ့ ။

ဒီတော့ ဘာဖြစ်လဲ ။ ဖြစ်ရိုးဖြစ်စဉ် လို့ သဘောထားလိုက် ရုံပေါ့လို့ တွေးတဲ့ လူက တွေးတယ် ။ ဒါပေမဲ့ ဆရာ စစ်စစ်ပေါက်ပေါက် တွေးပြီး ရေးထားတဲ့ ဝတ္ထုတိုကလေး တစ်ပုဒ် ရှိဖူးတယ် ။

“ အိမ်ပြန်ချိန် ခရစ္စမတ် ” တဲ့ ။

ခရစ္စမတ် ဆိုတာ အိမ်ပြန်ချိန် ပါကွယ် ။ ကွဲကွာနေကြတဲ့ မိသားစုဝင် တွေ ဘယ်လောက် ဝေးတဲ့ နေရာကပဲ ဖြစ်ဖြစ် အိမ်ပြန်လာပြီး ရအောင် ဆုံစည်းတတ်ကြတယ် ။ ' Coming Home for Christmas ' ဆိုတဲ့ စကားလုံးလေးတောင် တွင် လို့ ၊ မိသားစု အနက် အဓိပ္ပာယ်တွေ ပါ နေတယ် ။

သင်္ကြန် ဆိုတာ ကတော့ အိမ် က ထွက်သွားကြ တဲ့ ပွဲမျိုးပါကွယ် ။

◾ဗုဒ္ဓဘာသာ နဲ့ သင်္ကြန်

အဲဒီလို ပြောတော့ သမီး က ဆရာ့ ကို ခရစ်ယာန် ဘာသာဝင် လို့ ထင် နေဦး မယ် ။ တကယ်တော့ ဆရာ က ထေရဝါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်ပါ ။

သင်္ကြန် ရဲ့ ထူးခြားချက် နောက် တစ်ခုကတော့ ဗုဒ္ဓဘာသာ နဲ့ ပတ် သက်တဲ့ အထိမ်းအမှတ် လုံးဝ မဟုတ်တာဘဲ ဖြစ်တယ်ကွယ့် ။

သင်္ကြန်တွင်း မှာ ဥပုသ် စောင့်ကြတာတွေ ၊ တရားစခန်း ဝင်ကြတာ တွေ ၊ နှစ်ဆန်း တစ်ရက် နေ့ မှာ သက်ကြီးရွယ်အိုတွေ ကို ခေါင်းလျှော်ပေး ၊ ခြေသည်း ၊ လက်သည်း ညှပ်ပေးတာတွေ က ဗုဒ္ဓဘာသာ အမြင်အရ နှစ်လိုဖွယ်ရာ ကိစ္စတွေ ဖြစ်ပေမယ့် လို့ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေ မှာ သင်္ကြန် ဆိုတာ မပါတာတော့ အမှန်ပဲ ကွယ့် ။

ရှေး ရှင်ဘုရင်တွေ ခေတ် ကတည်းက သင်္ကြန် ဆိုတာ တစ်နှစ်လုံး သီးခြား နေ နေရတဲ့ နန်းတွင်း လူပျိုတော်တွေ ၊ အပျိုတော်တွေ အချင်းချင်း ရေပက်ခွင့် ရတဲ့ ပွဲလမ်းမျိုးပဲ မဟုတ်ဘူးလား ။ မိသားစု စုဝေးတဲ့ အဓိပ္ပာယ် ထက် လူပျိုတွေ နဲ့ အပျိုတွေ ကို အမူအရာနဲ့ တစ်ယောက် ကို တစ်ယောက် စိတ်ဝင်စား အောင် ဆွဲဆောင်ခွင့် ပြုလိုက်တဲ့ အနက် အဓိပ္ပာယ် က ပို များနေ တယ်လို့ ဆရာ ထင်တယ် ။

ချစ်ရေး ငင်ကြတဲ့ ပွဲပေါ့ ။

အဲဒါကို “ ပိတောက်စည်း ” ဆိုတဲ့ နာမည် နဲ့ ဝတ္ထုတိုကလေး တစ်ပုဒ် လည်း ဆရာ ရေးခဲ့ဖူးတယ် ။

◾ပိတောက်စည်း

ပိတောက်စည်း ဆိုတဲ့ အမည်ကလေး ဟာ ဘယ်လောက် လှလိုက် သလဲနော် ။ စည်းမျဉ်း စည်းကမ်း ချတာ တောင်မှ ပိတောက် ခက် ကလေးတွေ နဲ့ တဲ့ ။

ဒါပေမဲ့ ဆရာ့ ဝတ္ထုကလေး က မလှပါဘူးကွယ် ။ ပိတောက်စည်း ဆိုတာ လူပျိုတွေ နဲ့ အပျိုတွေ ကြား ထဲ က တား ထားတဲ့ စည်း ကို သင်္ကြန် တွင်း မှာ ခဏ နည်းနည်း ဖြေလျှော့ ပေးထားတဲ့ စည်း လို့ အဓိပ္ပာယ် ရတယ် ကွယ့် ။

ပုံမှန် အချိန် မှာ ဆိုရင် ကောင်မလေး တစ်ယောက် က ကောင်လေး တစ်ယောက် ကို မသိဘဲ လမ်း မှာ တွေ့တဲ့အခါ “ လှလိုက်တာ ” လို့ တောင် ပြောခွင့် မရှိတဲ့ လူမျိုး လေကွယ် ။ သင်္ကြန် မှာတော့ ရတယ် ။ ခွင့်လွှတ်တယ် ။ ရယ်သွားမယ် ။ ဒီ အထိ က တော့ သင်္ကြန် က လှနေတုန်းပဲ ။

မြန်မာ့ရုပ်မြင်သံကြား က သင်္ကြန်နား နီးတိုင်း ပြ ပြနေတဲ့ ဦးဝင်းဦး ရဲ့ “ မောင်တို့ ချယ်ရီမြေ ” ဆိုတာ ဆရာ့ ဖေဖေ တို့ ခေတ် သင်္ကြန်ပေါ့ ။ “ သင်္ကြန်မိုး ” က ဆရာတို့ ခေတ် ၊ အဲသည် ခေတ် နှစ်ခေတ် ကြား ထဲ မှာ သင်္ကြန် မှာ အနိဋ္ဌာရုံ တချို့ ရှိပေမယ့် သိပ် မများသေးဘူး ။ သမီးတို့ လို မိကောင်း ဖခင် သမီးပျိုကလေး တွေ မိန်းကလေးတွေ ချည်း ပဲ အပြင် ထွက် ရင်တောင် တော်တော် လုံခြုံ နေသေးတယ် ။ နောက်ပိုင်း သင်္ကြန်တွေ ဘာဖြစ်လာ သလဲ တော့ သမီးတို့ အသိပဲ ။

“ ပိတောက်စည်း ” ဝတ္ထု ထဲ မှာ လည်း မိဘ က သမီး ကို စိတ် မချလို့ အိမ် မှာ ထိုးပေး ထားတဲ့ မဏ္ဍပ် မှာ ပဲ ပေး က ထား တဲ့ ဆယ်ကျော်သက်မလေး တစ်ယောက် ဟာ ယဉ်ယဉ်ကျေးကျေး မိတ် လာ ဖွဲ့တဲ့ ဆရာဝန် ပေါက်စ လူငယ်ကလေး တစ်ယောက် နဲ့ ပိတောက်စည်းကလေး လျှော့ အပေး မှာ ခင် သွား သတဲ့ ။ ဆရာဝန်ကလေး က လည်း မဏ္ဍပ် ကို နေ့တိုင်း လာသတဲ့ ။ ဆယ်ကျော်သက်မလေး ရဲ့ မြန်မာ အက ကို မြတ်နိုးစွာ အားပေး သတဲ့ ။ ဒါပေမဲ့ သင်္ကြန်အတက်နေ့ မှာတော့ သူ ချစ်နေမိတဲ့ ဆယ်ကျော်သက်မလေး ဆီ အလာ လမ်းမှာ သင်္ကြန်ရေပက်ခံ ကားချင်း အရက်မူး ရန်ဖြစ်ကြရာကနေ သူ ပါ ဒဏ်ရာ ရသွားပြီး ရောက် မလာနိုင်တော့ဘူးတဲ့ကွယ် ။

ဇာတ် နာအောင် ရေးလိုက်တယ် လို့ ထင်သလား သမီး ၊ ခုနောက် ပိုင်း သင်္ကြန်တွေ မှာ မြန်မာအက နဲ့ မဏ္ဍပ်တောင် ရှာ လို့ မရတော့တာ သမီး တို့ သတိထား မိမှာပါ ။

◾အရက်သင်္ကြန် ၊ Sex သင်္ကြန်

ဒီလို ပြောရင် သင်္ကြန် ချစ်သူတွေ ကတော့ ဆရာ့ ကို စိတ် ဆိုးပေလိမ့်မယ် ။ ဒါပေမဲ့ ဒီ မကောင်းတဲ့ လှိုင်းတံပိုးကြီး က သင်္ကြန် ကို ဝါးမျိုသွားပြီ ဆိုတာ ဘယ်သူ ငြင်းနိုင်တော့ လို့လဲ ။

ကြေးစား အဖော်အချွတ် အကမယ်တွေ ကို တောင် နေ့ခင်းကြောင် တောင် မဏ္ဍပ် ပေါ် မှာ Sexy အကတွေ ငွေ ပေးပြီး ကခိုင်း ထားတဲ့ သင်္ကြန် ။

အပျော်မယ်တွေ ကို ပါ ရေပိုက် ကိုင် ရင်း ရေပက်ရင်း က ရေပက်ခံ ကား ပေါ် က ယောက်ျားတွေ ကို မဖွယ်မရာ အမူအရာတွေ လုပ်ပြ နေပြီ ဖြစ်တဲ့ သင်္ကြန် ။

အချိရည် ထဲ မှာ အရက် ခိုး စပ်ပြီး မိန်းကလေးတွေ ကို တိုက်တာ လည်း ရှိရဲ့ ။ မိန်းကလေးတွေ ကိုယ်တိုင် က အရက် ကို တကယ် သောက် ပြီး မူး နေတာတွေ လည်း ရှိရဲ့ ။ 

မဖွယ်မရာ ဆေးတွေ မိန်းကလေးတွေ ကို နည်းမျိုးစုံ နဲ့ ရအောင် တိုက်တာတွေ လည်း ရှိရဲ့ ။ 

မူး ပြီး ကားမောင်းကြ ၊ ရမ်းကားကြ ၊ ရန်ဖြစ်ကြ တာ တွေ က မမြင် ချင် မှ အဆုံး ၊ မဏ္ဍပ် ပြိုကျတာ လည်း ရှိ ၊ ဗုံး ပေါက်တာ လည်း ရှိ ။

ဆရာတို့ ဇနီးမောင်နှံ ကတော့ သင်္ကြန် ဆိုရင် ကလေး နှစ်ယောက် ကို အိမ် မှာပဲ ပျော်ပျော် အနား ယူ တတ်အောင် သူတို့ သူငယ်ချင်းကလေး တွေပါ ခေါ်လို့ လိုတာလေးတွေ ပံ့ပိုးပေးရင်း ကလေးတွေ နဲ့ ကိုယ် ပါ သူငယ်ချင်း ပေါင်း ဝင် ပေါင်းပြီး နေတတ် နေလေရဲ့ ။ 

အရက် သင်္ကြန် sex သင်္ကြန် ထဲ မှာ ပေး ထွက် မလည်တာ ဆရာ တို့ ကို ရှေး ဆန်တယ်လို့ ဆိုချင် မလား သမီး ။

◾ပိတောက်စည်းကလေး ချလိုက်ပါ

၁၉၈၉ သင်္ကြန် မှာ လူတွေ ထွက် ပျော်ရွှင်ကြတော့ အခု ခွဲစိတ်အထူးကု ပါမောက္ခကြီး ဖြစ်နေပြီ ဖြစ်တဲ့ ဆရာ့ သူငယ်ချင်း ( အဲဒီတုန်း က ၂၈ နှစ် ပဲ ရှိပါသေးတယ် ) တစ်ယောက် က “ တို့ မြန်မာတွေ ဟာ စိတ် မှ မှန်သေး ရဲ့လား မသိဘူး ၊ တိုင်းပြည် ပျော်ပွဲရွှင်ပွဲ ခံပြီး ပျော်ရမယ့် အချိန်မျိုး မဟုတ်ဘူး ဆိုတာလေး ကို တောင် ဘာလို့ မသိကြရတာလဲ ” လို့ စိတ်ပျက် လက်ပျက် ညည်း ဖူးတယ် ။

တိုင်းပြည် မှာ စိတ်ညစ်စရာ များတာတွေ က ရာစုနှစ် တောင် ကူးခဲ့ ပြီ ဆိုတော့ တစ်ချိန်လုံး စိတ်ညစ် နေရမယ် လို့ တော့ မဆိုလိုဘူးပေါ့ သမီး ရယ် ။ ဒါပေမဲ့ ကိုယ့် နိုင်ငံ ဟာ ကမ္ဘာ ပေါ် မှာ အာဟာရ အချို့တဲ့ဆုံး ကလေး တွေ ရှိတဲ့ နိုင်ငံတွေ ထဲ မှာ ပါ နေတာ ၊ လယ်သမားတွေ ဒုက္ခ ရောက် နေတာ ၊ ပြည်တွင်းစစ်မီးကြီး မငြိမ်းသေးတာ ၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျသူ တွေ အများကြီး ရှိနေတာ အဲဒီလို စိတ်ညစ် နေရတဲ့ လူတွေ အများကြီး ရှိနေတဲ့ နိုင်ငံ မှာ နေပြီး မှ သင်္ကြန် မှာ ခြေလွတ် လက်လွတ် မူးရူး ပျော်ပါး ဖို့ က လည်း လိပ်ပြာ မလုံစရာ မဟုတ်လား ။ ယောက်ျားကလေး တွေ အတွက် ပြောတာပါ ။

မိန်းကလေးတွေ အတွက် က တော့ ပို ဆိုးတယ် ။ တစ်ချက် သတိလစ် လိုက်တာနဲ့ တစ်သက်လုံး အမာရွတ် ထင်မယ့် ၊ ဒဏ်ရာတွေ ရမယ့် ကိစ္စတွေ က တစ်ပုံချည်း စောင့်နေတာ ။

ဘုရားမှာ ပိတောက်ပန်းကလေး ကပ် ၊ ပျော်ချင်စိတ် ကို ပိတောက် စည်းကလေး ထားပြီး မိဘ နား မှာ ပဲ ပျော်ပျော် အနားယူတာ ကောင်းပါတယ် ကွယ် ။ 

ဆရာ ကတော့ သင်္ကြန် မှာ တောင် မနားတတ်တဲ့ ပရဟိတ သူရဲကောင်းမကလေး ခင်နှင်းကြည်သာ တို့ အဖွဲ့ နဲ့ တောင်တန်းဒေသ မှာ ရှင် သွား ပြု ပေးရင်း က တောင်တန်း တစ်လျှောက် ကလေးလေးတွေ ကို ဆေး ကုသဖို့ စီစဉ်ထားလေရဲ့ ။

မင်္ဂလာ မြန်မာ နှစ်သစ် ဖြစ်ပါစေ သမီး ။

◾လင်္ကာရည်ကျော်

📖 သမီးသို့

#ကိုအောင်နိုင်ဦး
.

No comments:

Post a Comment