❝ ဝေစားမျှစား ❞
“ အရောင်းအဝယ် ပါးတယ် ၊ မှေးထားလို့ ရသေးတယ် ၊ ဒီ ည ပွဲ ကြည့် ချင် ကြည့်ကြဦး ”
ကျွန်တော့် မိန်းမ ခင်မိငယ် က သူ့ တပည့်ကလေးတွေ ပွဲ ကြည့်ဖို့ ဖျာဝယ် ခိုင်း နေတယ် ခင်ဗျာ ၊ ဖျာဖိုး သူ က ပေး မှာ ။ အောင်လံ မှာ ပွဲတော်ရက် ခင်ဗျာ့ ၊ နှစ်စဉ် တပေါင်းလပြည့် က နေ လပြည့်ကျော် ၁၀ ၊ ၁၁ ၊ ၁၂ ရက် အထိ ကျင်းပလေ့ ရှိတယ် ။ ကုသိနာရုံ ဘုရားပွဲ ။ အလုပ် လုပ်တဲ့ အခါ သည်လိုပဲ ၊ ဆရာ နဲ့ တပည့် တင်းခံ နေကြရင် ဟန် မကျတော့ဘူး ခင်ဗျာ ။ အဲသည် လုပ်ငန်း ။ အလုပ် လုပ်တယ် နော် ၊ ပိုက်ဆံ ရတယ် ။ မလုပ်ဘူး နော် ၊ ပိုက်ဆံ မရဘူး ။ ပိုက်ဆံ ပေး ခိုင်းနေတာပဲ ၊ ငဲ့စရာ မလိုဘူး ။ သည်လို စိတ်မျိုးတွေ နှစ်ဦး နှစ်ဖက် မမွေးကြရဘူး ခင်ဗျာ့ ။
အမှန်ကတော့ အလုပ်သမား နဲ့ အလုပ်ရှင် ဆရာ နဲ့ တပည့် ဆိုတာ
သေချာ တွေး ကြည့်ရင် ဝေစား မျှစား တွေ ပါဗျာ ။ တပည့် မှာ ငွေရေးကြေးရေး အခက်အခဲ ၊ လူမှုရေး အခက်အခဲ ရှိပြီ ဆို ဆရာ က ပြုံးပြုံးကြီး ကြည့် နေလို့ မရဘူး ဗျာ ၊ သူတို့ အရေး မှာ ဝင် ပါရတယ် ။ နှုတ် ကူခြင်း ၊ လက် မခြင်း ၊ ငွေကြေး ထောက်ပံ့ခြင်း စသဖြင့် တကယ် အလုပ် ဖြစ်သွားအောင် ကူညီကြ ရတယ် ။ ဆရာ့ မှာ လှုရေးတန်းရေး ရှိမယ် ၊ ချက်ရေး ပြုတ်ရေး ဧည့်ခံရေး ရှိမယ် ဆို တပည့်တွေ က ဝိုင်း လုံးတတ် ကြတယ် ။ ဘေးကပ် မနေကြဘူး ။
အပြန်အလှန် ။ အဲသည်လို ပဲ လုပ်ငန်း ဟာ ပုံမှန် လည်ပတ်တာပါ ခင်ဗျာ ။ လုပ်ငန်း လည်ပတ် မှ ပိုက်ဆံ ရ ၊ သည် ပိုက်ဆံ ထဲ က အရင်းအနှီး ကုန်ကျစရိတ် တွေ နုတ် ၊ ရ လာတဲ့ အကျိုးအမြတ် ထဲ က ခွဲဝေ မျှစား ကြရတာကလား ဗျာ ။
“ ကရင် ... ကရင် ... ကရင်ရင် ”
“ ဟဲလို ... အမိန့်ရှိပါ ခင်ဗျာ ”
“ ဦးလေး ကျွန်တော် မြင့်တိုး ပါ ”
“ အယ် ... ပြော ကိုမြင့်တိုး ၊ ဘာ အကူအညီ ပေးရမလဲ ”
“ တခြား မဟုတ်ဘူး ဦးလေး ၊ ဦးလေး တို့ အလုပ်သမား တွေ ကို ဘယ်နှုန်း တွေ ပေး နေလဲ သိချင်လို့ ”
“ ဪ ... အေး ... အေး ”
ကျွန်တော် က ကျွန်တော့် တပည့် တွေ ရဲ့ နေ့စားနှုန်း ၊ ပုတ်ပြတ်နှုန်း ၊ အနိမ့်ဆုံး အမြင့်ဆုံး နှုန်းထားတွေ ကို ပြောပြ လိုက်တယ် ။
“ ကျေးဇူးပဲ ဦးလေး ”
ကိုမြင့်တိုး ဆိုသော ကျွန်တော့် တူ ခင်ဗျာ့ ၊ သူ က အလုပ်သမား ရာ နှင့် ချီ ရှိ နေသော အလုပ်ရုံကြီး ကို ကြီးကြပ် နေရသူ ။ လက်ရှိ စီးပွားရေး အခြေအနေ ၊ လက်ရှိ ဆန်ဈေးနှုန်း ၊ အချို့ ပွဲရုံများ တွင် ယနေ့ ရရှိ နေသော ပွဲရုံ လုပ်သားများ ၏ ဝင်ငွေ စသည် တို့ ကို သိရှိ လို သဖြင့် ကျွန်တော့် ဆီ ကို လည်း ဖုန်းဆက် မေးခြင်း ဖြစ်ပုံ ရပါ၏ ။ သူ့ လူတွေ ကို ဘယ်လောက် ပေးရင် ကောင်း မလဲ ချိန်ဆ လို့ရအောင် ။ ဟို နေ့ က ပြည်မြို့ ရောက် တော့ ဝင်းသီရိပွဲရုံ က အလုပ်သမားများ တစ်နေ့ ၂၀၀၀ ၊ ၂၅၀ဝ ကျပ် ရကြသည် ဟု ဆိုပါ၏ ။ ကုန် အဝင် များ ပြီး လုပ်ခ ဝင်ငွေ များခြင်း ဖြစ်ပါ၏ ။
အောင်လံပွဲရုံများ မှာ လည်း ကုန်အဝင် အား ကောင်းသော ပွဲရုံ ၊ အရောင်းအဝယ်
ကောင်းသော ပွဲရုံများ မှ လုပ်သားများ ဝင်ငွေ ကောင်း ကြပါ၏ ။ သီးနှံ လှိုင်ချိန် မှာ ၂၀၀၀
ဆိုတာ အသာကလေး ပါ ။ နည်းနည်း တော့ ပို ပင်ပန်းတာပေါ့ ။ တချို့များ အလုပ်သမားများ ကို အလှည့်ကျ နားပေး ထားရတယ်ဗျာ ၊ ဆင်း ချင်တဲ့ သူ ဆင်း ၊ ဆင်းနိုင် သလောက် ဆင်း ၊ သည်လို လုပ်လို့ မရဘူးဗျာ ။ အားလုံး ပြုံဆင်း ၊ အားလုံး ပြုံနား ဆို အလုပ် ဟာ သွား မှာပေါ့ဗျာ ။ ပွဲရုံ နဲ့ ပွဲစား နဲ့ အလုပ်သမား ဝေစားမျှစား လေ ။ အလုပ်သမား အချင်းချင်း လည်း ဝေစားမျှစား ပေါ့ဗျာ ။
အလုပ် လုပ်ကြတယ် ဆိုရာမှာ “ ငါ ကို ဖြုတ် ထားနိုင် မှ ” အလုပ် ဖြစ်ကြတာကလား ဗျာ ။ ငါ ဆိုတာကြီး က သာ ရှေ့တန်း တင် လို့ က တော့ အားလုံး ဟာ ငါတွေ ဖြစ်သွားကြပြီ ၊ ဘာမျှကို လုပ်စားလို့ မရတော့ဘူး ဗျို့ ။ လုပ် လည်း လုပ်လုပ်ပဲ ဖြစ်မှာပဲ ။ ဘာမျှ ထူးထူးခြားခြား အောင်အောင်မြင်မြင် ပြောင်ပြောင်မြောက်မြောက် ဖြစ် မလာနိုင်ပါဘူး ဗျာ ။
တွေ့ဖူးပေါင်း များလှပါပြီ ဗျာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment