❝ သင်္ကြန် သံကြောင် ❞
အကယ်၍ မိတ်ဆွေ သည် ရန်ကုန်မြို့ အိပ်ဆဲစီယာ ရုပ်ရှင်ရုံ တွင် ရုပ်ရှင် ကြည့်ရင်း ကိုယ်လက် သုတ်သင်ရန် ရေအိမ် သို့ သွားလျှင် ၊ ဝင်ပေါက် တတိယမြောက် ရေအိမ် ကို ဝင် မိ ပါ က “ ၃၂ - လမ်း က လင်ကောင် မပေါ်ဘဲ ကလေး မွေးတဲ့ မသန်းကြည် ” ဟူသော အိမ်သာဒေဝ တစ်ပါး ၏ မှတ်စုကလေး ကို တွေ့ရပါမည် ။ တစ်ဖန် စတုတ္ထမြောက် ရေအိမ် ကို ဝင် မိ ပါ လျှင် “ ဆိုရှယ်လစ် အစိုးရ ဖြုတ်ချ ” ဟူသော ကြွေးကြော်သံ တစ်ရပ် ၏ ဘေး ၌ “ ကိုစံရွှေ မဟုတ်တာ မလုပ်ပါနဲ့ ” ဟူသော စာတန်း ကို မြင်ရပါမည် ။
ဤသည်တို့ ကား ရန်ကုန်မြို့တော် မှ ကြောင်ကွက်ကလေးများ ပေတည်း ။
‘ ကြောင်ကွက် ’ ဟု ကျွန်တော် သုံးခြင်း မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သင့်သော ကိစ္စ မှ ပိုမို၍ လည်းကောင်း ၊ လွန်ကဲ၍ လည်းကောင်း ၊ ဆန့်ကျင်၍ လည်းကောင်း ဖြစ်ပါက ဂီတ တွင် သံကြောင် မြည် သကဲ့သို့ လူ ဖြစ်စဉ် တွင် လည်း သံကြောင် မြည်ခြင်း ကြောင့် ‘ ကြောင်ကွက် ’ ဟု သုံးရခြင်း ဖြစ်ပါ၏ ။
‘ ခိုးလိုးခုလု ’ ဟု ၁၉၄၉ ခုနှစ် ပေါ် စကားလုံးဆန်းကလေး နှင့် သတင်းစာတိုင်း တွင် မကြာခဏ ပါ နေသော ဟို အမှု ဒီ အမှုကလေးများ သည် လည်း ‘ ကြောင်ကွက် ’ ကလေးများ ပင် ဖြစ်၏ ။ ရန်ကုန်မြို့ တွင် ကြောင်ကွက်ကလေးများ တွေ့ ရပါက ၊ ထို ကြောင်ကွက် ကို သိပြီး မြုံ မထား နိုင်ဘဲ ထုတ်ဖော် လိုသူ ၊ လှောင်ပြောင် လိုသူ တို့ အဖို့ အိမ်သာ စာ ရေးခြင်း နှင့် သတင်းစာ တို့ တွင် ရေး ပို့သော ဓလေ့ ရှိ၏ ။
စံပဲ တို့ အညာ တွင် ကား ဤသို့သော ကြောင်ကွက်ကလေးများ ကို လှောင်ပြောင် နိုင်သော ဓလေ့ထူးကလေး ရှိ၏ ၊
ထို ဓလေ့ မှာ သင်္ကြန် အခါ တွင် သံကြောင် ဟစ်ခြင်း ပင် ဖြစ်၏ ။
စံပဲ တို့ အညာသူ ညိုညိုညက်ကလေးများ သည် အောက်သူ ဖြူဖြူဖွေးကလေး များ ကဲ့သို့ ညိုမြကလေးများ မဟုတ်ကြလေသောကြောင့် သင်္ကြန် အခါတွင် ရေပက်ခံ လေ့ မရှိကြဘဲ ၊ ပုန်းအောင်း လေ့ ရှိကြရာ အညာ မှ ကာလသားများ အဖို့ သင်္ကြန်ပွဲတော် ၌ ရေပက် ၍ ပျော်ရွှင်ခြင်း ထက် ၊ သံကြောင် ဟစ်သည် ဟု ခေါ်သော ကြောင်ကွက် ဖော်ခြင်း ဓလေ့ ဖြင့် ပျော်လေ့ရှိကြ၏ ။
သံကြောင် ဟစ်ခြင်း ဟူသည် မှာ ကာလသား တို့ သည် အရပ် ထဲ ရှိ သူများ အားလုံး တစ်နှစ် အတွင်း ပြုခဲ့သမျှ ကြောင်ကွက်ကလေးများ ကို တေးမှတ် ထားခဲ့ကြပြီး သင်္ကြန် ကျ ရက်တို့ တွင် မှ အကာလ ည အခါဝယ် သုံးလေးယောက် အုပ်စုကလေးများ ဖွဲ့ပြီး ၊ သက်ဆိုင်ရာ တို့ ၏ အိမ် အနီး သို့ သွား ကာ အသံ ကို ဖျက်၍ ကြောင်၍ သူ ပြုခဲ့သော အပြစ် ကို ဟစ်အော်ခြင်း ဖြစ် ၏ ။ အချို့ကား အပြစ် မရှိပါဘဲ လျက် ဒေါသ ကြီး အောင် စိတ် ဆွ ပေးကာ ဟစ်ခြင်း ဖြစ်၏ ။
ဟစ်ရာ တွင် တစ်ရပ်တည်းသားများ သာ ဖြစ်ကြသောကြောင့် အသံ မမှတ်မိနိုင်ရန် အသံကြောင် တတ်ဖို့ လို၏ ။ ၎င်းပြင် ကာယကံရှင် က မခံချင် အောင် အဓိပ္ပာယ် ထိထိမိမိ ရှိစေရန် နှင့် ကြားရသူ တိုင်း မပြုံးဘဲ မနေနိုင်အောင် ဟာသဂုဏ် မြောက်ဖို့ လည်း လိုသေး၏ ။
ကာယကံရှင် တို့ သည် စိတ် ကို ထိန်းနိုင်သူ ဖြစ်ပြီး ငြိမ် နေပါက သံကြောင်ဆရာ တို့ သည် သူ့ အား နောက်ထပ် ဟစ်လေ့ မရှိ ။ စိတ် မထိန်း နိုင်သော ကာယကံရှင် ဒေါသ ဖြင့် ပြန်လည်ဆဲရေး လျှင် လည်းကောင်း ၊ ထွက် ၍ လိုက် လျှင် လည်းကောင်း ၊ ခဲ ၊ တုတ် ၊ ပုလင်း တို့ ဖြင့် ပေါက် လျှင် လည်းကောင်း ၊ သံကြောင်ဆရာ တို့ သည် လိုက်စဉ် တွင် ပြေးပြီး ပစ်စဉ် တွင် သာ ရှောင်ကာ ၊ ထိုသူ တို့ ၏ ဒေါသအိုး ပေါက်ကွဲပုံ ကို အရသာ ခံ၍ မဲ ကာ ဟစ်လေ့ ရှိကြ၏ ။ သံကြောင် ဟစ်သော အချက်များ သည် စုံလင် လှသည် ။ အရပ် ထဲ မှ ပြု သမျှ ကြောင်ကွက် ကလေးများ အားလုံး ကို ပင် ပျော်တတ် ရွှင်တတ် သော ကာလသား သံကြောင်ဝိဇ္ဇာများ က မှတ်တမ်းတင် ထားလေ့ရှိ၏ ။
မိန်းမ ကြောက်ရသူများ ၊ ကပ်စေးနှဲသူများ မှ စ ကာ သမီး အပျိုကြီးများ မွေးမိသူ အထိ ၊ မည်သူ့ ကို မျှ သံကြောင်ဆရာ တို့ က ချမ်းသာခွင့် ပေးလေ့ မရှိ ။
••••• ••••• •••••
စံပဲ တို့ မြို့ကလေး တွင် ဆိုလျှင် ဦးထန် ဆိုသူ စိတ်တို တတ်သော အဘိုးကြီး တစ်ဦး တွင် ၊ လင် မရနိုင်သေးသော သမီး အသားညိုညို အပျိုကြီး နှစ်ယောက် ရှိ၏ ။ ဦးထန် သည် ပုန်းရည်ကြီး ရောင်း၏ ။
သံကြောင်ဆရာ တို့ က ဦးထန် အား .. “ ဗျို့ .. ဦးလေးထန် ဦးလေးထန် ... ၊ ခင်ဗျား မှာ တော က ဝယ် ရောင်းတဲ့ ပုန်းရည်ကြီး အိုးတွေ အကုန် ရောင်းရပေမဲ့ ... အိမ် မှာ ချက်တဲ့ ပုန်းရည်ကြီးအိုး နှစ်လုံး က တော့ ရောင်းလို့ ကို မစွံ နိုင်ဘူး ဆို ..... ဗျ ၊ အဲဒီ ပုန်းရည် အိုးနှစ်လုံး ကို ရောင်း စွံချင် ရင် ဖင် ကို ထုံး ကွင်း ပေးရတယ် ဗျ .... ” ဟု အော်ဟစ် ရာ နဂို က မှ စိတ် တိုတတ် သော ဦးထန် သည် အဘယ်မှာ လျှင် သည်းခံ နိုင်ပါအံ့နည်း ။ တွေ့ ရာ လက်နက် ကို ဆွဲ၍ လိုက်လေ့ ရှိ၏ ။
ပုန်းရည်ကြီး သည် အညိုရောင် ဖြစ်လေရာ သမီးအပျိုကြီးများ ကို အသားရောင် ဖြင့် တင်စား ကာ သုံးထားခြင်း ဖြစ်၏ ။
ဤသို့ လိုက်၍ ပြေးရသည် ကို ပင် သံကြောင်ဆရာ တို့ အဖို့ အရသာ ဖြစ်နေရာ ၊ လိုက်ရာ မှ မည်သူ ကို မျှ မမိဘဲ အိမ် သို့ မောမော နှင့် ပြန် ရောက် ရင်း ၊ တစ်ဖန် ပြန် သွားပြီး ဟစ်ကြရင်း နှင့် အိမ်နီးချင်းတို့ အဖို့ ပါ တခွိခွိ နှင့် ပြက်လုံးကောင်းကြီး ဖြစ် နေတော့၏ ။
••••• ••••• •••••
“ ဗျို့ လူပျိုကြီး ကိုလှ - ကိုလှ .... ၊ ခင်ဗျာ့ ဥစ္စာ မဟုတ်သေးပါဘူး ဗျ .. ၊ အဒေါ် အပျို ကြီးတွေ နဲ့ အတူ နေပြီး ဒေါ်ဒေါ်တွေ ကို အားနာ လို့ လားဗျ ၊ ရေတွင်း မှာ ရေချိုး နေတဲ့ ကောင်မ ကလေးတွေ ကို အိမ် ပေါ် ပြတင်း က ချောင်း ချောင်း ကြည့် တာ မကောင်းပါဘူးဗျာ .. ၊ ကြည့် ချင် ရင် ပို မြင်ရအောင် ရေတွင်းထုတ် ပေါ် က တက် ကြည့်ပါလားဗျ ”
လူပျိုကြီး ကိုလှ အဖို့ အရှိုက် ထိ သွားရာ ၊ သူ ချောင်း ကြည့်သော အိမ်ပေါ် ထပ် ပြတင်း မှ ပင် ၊ သံကြောင်ဆရာ တို့ အား ခဲ နှင့် ပေါက်လေ့ ရှိ၏ ။
သံကြောင်ဆရာ တို့ သည် မိမိ တို့ အား ဤသို့ ရန်ပြု ပါ က ပြန်လည် ရန်ပြုလေ့ မရှိဘဲ ရှောင်ကာတိမ်းကာ နှင့် သာ သံကြောင် ကို ဆက်လက်၍ မလျှော့တမ်း ဟစ် လေ့ ရှိ၏ ။
••••• ••••• •••••
ဦးထွန်းသာ ဆိုသော အဘိုးကြီး မှာ များစွာ ကပ်စေးနှဲလှပြီး ၊ အရွယ် နှင့် မလိုက် မယား ငယ်ငယ်ကလေး ယူ ထားရာ -
“ ဗျို့ - ဦးထွန်းသာ - ဦးထွန်းသာ ၊ အလှူကလေး အတန်းကလေးများ ပေးပါဦးဗျ .. ၊ အင်း - ခင်ဗျားကြီး က တော့ ကပ်စေးနှဲ ပါရဲ့ ။ ခင်ဗျား သေတော့ ၊ အို ... မပြောချင်ပါဘူး ဗျာ .. ”
သံကြောင်ဆရာ တို့ က ဆုံးမသြဝါဒကောင်းကလေး ပေးခြင်း ပင် ဖြစ်သော်လည်း ဦးထွန်းသာ အဖို့ လက် မခံနိုင်ဘဲ ၊ သံကြောင်ဆရာ တို့ အား မအေနှမ စုံအောင် ဆဲရေးတတ် လေသည် ။
ထိုအခါ သံကြောင်ဆရာ တို့ က ရပ် မသွားဘဲ ။ “ ဆဲလေ ... ဆဲတာပေါ့ ၊ ခင်ဗျား ကို အကောင်း ပြောနေတာ ဗျ ၊ ခင်ဗျား သေရင် ခင်ဗျား မယားကလေး ကို ပါ ခေါ်သွား နိုင်မှာ မဟုတ်ဘူး နော် ... ” ဟူ၍ လည်းကောင်း ၊ “ ခင်ဗျား ကပ်စေးနှဲ နေတာတွေ ဘယ်သူ ကောင်းစားဖို့လဲဗျ ” ဟူ၍ လည်းကောင်း ၊ ဦးထွန်းသာ ၏ ဒေါသအိုး ကို အမျိုးမျိုး ဖောက်ခွဲ လေ့ ရှိကြလေသည် ။
••••• ••••• •••••
ကူလီခေါင်း ကိုသာညွန့် ကား မယား ဒေါ်စီ ကို ကြောက်ရသူ ဖြစ်၏ ။ သို့သော် မယား ကွယ်ရာ တွင် ကူလီမကလေးများ ကို ထိကပါး - ရိကပါး ကျီစယ်လေ့ ရှိရာ သူ ၏ စာရိတ္တ ကို ဖိုးသိ များ ဖြစ်ကြသော သံကြောင်ဆရာ တို့ က ...
“ ဗျို့ ဒေါ်စီ ဒေါ်စီ ၊ နောက်တော့မှ မပြော မရှိနဲ့ နော် .. ။ ခင်ဗျား ယောက်ျား ၊ ခင်ဗျား နိုင်အောင် ထိန်းပါဦး ။ ဟိုတစ်နေ့ က ကူလီမကလေး တစ်ယောက် ကို ဂိုဒေါင် ထဲ ခေါ် သွားပြီး .. ”
ဤ တစ်ချီ တွင် မူ ထွက်၍ မလိုက်ကြ ။ သံကြောင်ဆရာ တို့ ဟစ်သံ မဆုံးသေး ခင် ပင် ၊ လင်မယား ရန်ပွဲ စ,တော့၏ ။ ကိုသာညွန့် က ငြင်း ၊ ဒေါ်စီ က ဆူ နှင့် တစ်ရပ်လုံး ပွက်လောရိုက် သွား တော့၏ ။
••••• ••••• •••••
“ ဗျို့ - ဦးစိန် - ဦးစိန် .. ၊ ခင်ဗျား က ဝက်အူချောင်း ကြိုက်လို့ ဝက်အူချောင်း ကောင်း ကောင်း စားချင်တာနဲ့ တရုတ် ကို သမီး ပေးဖို့ ကြံတာတော့ မတော်ပါဘူးဗျာ ... ”
လူမျိုးကွဲ နှင့် ပေးစားရန် စီစဉ် သော ဖခင် တစ်ဦး မှာ ဤ သံကြောင် ဆရာ ကြောင့် အစီအစဉ် ပျက်သွားဖူး ခဲ့ လေသည် ။
••••• ••••• •••••
ဥပသကာဝတ်သင်း လူကြီး ဆရာဘ သည် မြို့လယ် မှ စေတီကလေး ထုံးသင်္ကန်း ကပ် ရန် ငွေ ကောက်ခံပြီး ၊ ထုံးသုတ် ရန် နှောင့်နှေး နေ သဖြင့် ၊ သံကြောင်ဆရာ တို့ က “ ဒကာကြီး ဆရာဘ ... ဒကာကြီး ဆရာဘ ။ ငါ့ မှာ ထုံးသင်္ကန်းဖြူဖြူကလေး ရုံရတော့မလား လို့ အောက်မေ့ နေ .... ခုထက်ထိ မရုံရသေးပါလား ကွ ၊ ဒကာမကြီး က တော့ ကွာ ... ဝယ်လိုက်တဲ့ လုံချည် တွေ ၊ ဟုတ်မှ ဟုတ်သေးရဲ့လား ဒကာ ရယ် ... ” ဟု ဟစ် ကြရာ ၊ ထို စေတီကလေး မှာ သင်္ကြန် မတက်မီ ပင် ၊ ထုံးသင်္ကန်း ကပ်ပြီး ဖြစ် သွားတော့၏ ။
••••• ••••• •••••
စံပဲ တွေ့ဖူး ကြားဖူး သမျှ သင်္ကြန်သံကြောင် တို့ တွင် အထိဆုံး အမိဆုံး အဓိပ္ပာယ် အရှိဆုံး နှင့် ( ရန်ကုန် သတင်းစာဆရာ တို့ ရေးသည် ထက် ပင် ) ဝိနည်းလွတ်စွာ လှောင်ပြောင် နိုင်ဆုံး သံကြောင် တစ်ခု မှာ ...
ကိုစံပေါ ဆိုသူ သည် မယားပါ သမီး နှင့် ဘာဂလိုတိုတို ဖြစ် နေကြ၏ ။
ဤအချက် ကို သိအောင် သိလိုက်ကြသော သံကြောင်ဆရာ တို့ သည် ကိုစံပေါ ၏ အိမ်ထောင့် သို့ သွားကာ -
“ ဗျို့ - ကိုစံပေါ - ကိုစံပေါ ” ဟု ပထမ ခေါ် လိုက်လေသည် ။
ကိုစံပေါ သည် ပျော်တတ်သော သူ ၊ သူ့ ကိုယ်တိုင် ပင် သံကြောင်ဟစ် ဝါသနာ ပါသူ ဖြစ်ပြီး သူ့ အား ဟစ်မည့် သံကြောင် မှာ လည်း ပေါ့တီးပေါ့ဆ နောက်ပြောင်ရုံ သာ ဟစ်ပေ မည် ဟု ယူဆ ရာ “ ဗျို့ ... ” ဟု ပင် ပြန် ထူး လိုက်သေး၏ ။
ဤတွင် သံကြောင်ဆရာ တို့ က .. “ ခင်ဗျားကြီး က သမီး ... သမီး နဲ့ ဟီဟိ .. ” ဟု သာ အဓိပ္ပာယ် ထိထိမိမိကလေး ဟစ် လိုက်ရာ ၊ အရှိုက် ကို အထိုး ခံလိုက်ရသော ကိုစံပေါ ၏ ဒေါသအိုးကြီး သည် ဝုန်းခနဲ ပေါက်ကွဲ သွားတော့၏ ။
••••• ••••• •••••
ဤသည်တို့ ကား စံပဲ တို့ အညာသင်္ကြန် မှ သံကြောင် အချို့ ဖြစ်၏ ။
◾စံပဲ
📖 ရှုမဝ မဂ္ဂဇင်း
📖 ပိတောက်ဖူးတဲ့ လတန်ခူး
နှစ်ဦးသင်္ကြန်ခါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment