Wednesday, April 10, 2024

ထိုသင်္ကြန်


 

❝ ထိုသင်္ကြန် ❞

    ( မင်းဏီ )

သင်္ကြန် တော်တော်များများ ကို ကြုံခဲ့ဖူးပါသည် ။

ရခိုင် က သင်္ကြန် ကို အမြဲတမ်း မှတ်မိ နေခဲ့ဖူးပါသည် ။ ရပ်ကွက် အလိုက် ကစား နေကြသော အမျိုးသမီးကလေးများ က မဏ္ဍပ် ထိုးပြီး ငွေဖလားကြီးများ အသင့် ကိုင် လျက် စီတန်းရင်း က ရေ အပြည့် ထည့် ထားသော လောင်းကြီး ဘေး မှ စောင့် နေကြသည် ။ ရေကစားသူ အမျိုးသားများ နှင့် ရေ လောင်းရန် စောင့် နေကြသူ အမျိုးသမီးများ အကြား တွင် ရာဇမတ် ကာ ထားသည် ။ ကိုယ် နှင့် မျက်နှာချင်းဆိုင် တွင် ရှိသော လုံမငယ် အား မိမိ တွင် ပါလာသည့် ဖလား ကို ပေး ရင်း “ မရီးရှည် ၊ ရည်ပေးပါ ” ဟု တောင်း ရသည် ။ ရေ ရသော အခါ မှ ခွက်ငယ်ကလေး ဖြင့် တစ်ခွက် ချင်း လှမ်း ပက်ရင်း ကဗျာ ကို လည်း ရွတ် ကြသည် ။ စကားထာ ကို လည်း ဝှက် ကြသည် ။ စောင်းပါးရိပ်ခြည် “ ရှင်သာ ရခိုင် တန်ဆောင်လော ” ဟူသည့် မြှောက်လုံးကလေးများ ပေးရင်း ထေ့ရ ၊ ချိတ်ရ ၊ ပြောရ ၊ ဆိုရ ကြသည် ။ ယဉ် လည်း ယဉ်သည် ။ ပျော် လည်း ပျော် ခဲ့ရသည် မဟုတ်ပါ လော ။

ရန်ကုန်မြို့ သင်္ကြန် ကား ထိုသို့ မဟုတ်ချေ ။ ရေပက် သွားသူများ တွင် ယောက်ျား ရော မိန်းမ ပါ ရှုပ်ယှက်ခတ် နေ၏ ။ ရေပက် ခံသူများ တွင် လည်း မော်တော်ကား ဖြင့် လာကြပြီး အမျိုးသမီး ရော ၊ အမျိုးသား ရော ရှုပ်ထွေး နေ၏ ။ ရေပက်ကြသူများ က လည်း ရေပိုက်များ နှင့် တရကြမ်း ပက်ကြ၏ ။ ရေပက်ခံသူ တို့ က “ ရယ်တာပေါ့ - ရယ်တာပေါ့ ”
ဟု အော်ရင်း ဟစ်ရင်း ကုန်းခံကြရ၏ ။ ဤကား စစ် မဖြစ် မီ က ရန်ကုန် သင်္ကြန် တည်း ။

စစ်ပြီး ခေတ် ရန်ကုန် သင်္ကြန် ကား တစ်မျိုး ပြောင်း လာသည် ။ ယဉ်ကျေး လာသည် ။ အလှပြကားများ ၊ အကပြကားများ ထွင် လာသည် ။ စက်ရုံ အလုပ်ရုံ တို့ မှ အလှပြ ရင်း ၊ ကြော်ငြာ ရင်း ငွေကုန်ကြေးကျ ခံကာ ထွက် လာကြသည် ။ နိုင်ငံရေး ထေ့လုံးများ နှင့် ရင် ဖွင့်သည့် အဖွဲ့များ ပေါ် လာသည် ။

ယခု တစ်ခေတ် ပြောင်း လာခဲ့ပြီ ။ ရေသက်သက် အပက်ခံ လာ ကြသည် ။ ရေပက်ခံ လူငယ်များ က လုံမငယ်များ ကို ထေ့သည့် သဘော ဖြင့် အဖွဲ့အမည်များ တွင် “ ကိုယ်တို့ က တော့ မပြောတော့ဘူး ” “ ဆံပင် ဘုတ်သိုက် ကိုယ်တို့ အကြိုက် ” “ မပွင့် နဲ့ နော် ၊ ပွင့် ရင် စားမှာပဲ ” “ တောင်လေ တိုက်လေ ကိုယ် မောလေ ” စသည်ဖြင့် ပဟေဠိ လိုလို ၊ ရင်ဖွင့်သံ လိုလို စာတန်းများ ချိတ်ဆွဲ လာ ကြသည် ။ နိုင်ငံရေး ထေ့လုံးများ နှင့် အလှပြ သက်သက် အဖွဲ့ များ ကွယ်ခဲ့ပြီ ။

ကျွန်တော် သည် ရခိုင် သင်္ကြန် ၊ ရန်ကုန် သင်္ကြန် ၊ မန္တလေး သင်္ကြန် နှင့် မော်လမြိုင် သင်္ကြန် တို့ ကို ပါ ခေတ် အဆက်ဆက် ကြုံခဲ့ဖူးပါသည် ။

သို့သော် မည်သည့် သင်္ကြန် ကို မှ အထူးတလည် စာ ဖွဲ့ရန် အကြောင်း မရှိပါ ။

သို့သော် “ ထိုသင်္ကြန် ” ဟူ၍ စာ ဖွဲ့ရမည့် သင်္ကြန်ကလေး တစ်ခု အကြောင်း ကို တော့ ဆယ့်ငါးနှစ် တာ လွန်ခဲ့ပြီး သော်လည်း မေ့မရ နိုင် သဖြင့် အမှတ်တရ ရေးပြ ချင်ပါသည် ။

•••••   •••••   •••••

ကျွန်တော် သည် အထက် ချင်းတွင်း သို့ ပြည်တော်သာ ခေတ် က ရွာ တစ်ရွာ တွင် ကျန်းမာရေးမှူး အဖြစ် နှင့် ပထမဆုံး အလုပ် ဝတ္တရား စတင် ထမ်းရွက်ခဲ့ ရ ပါသည် ။

ကျွန်တော် ရောက် သော ရွာကလေး မှာ အိမ်ခြေ ရှစ်ဆယ် ခန့် သာ ရှိပေမည် ။ မြစ်ကမ်းနဖူး မို့ သာယာသည် ။ အစုန်အဆန် သင်္ဘော ဆိုက်ကပ် သဖြင့် စိုစိုပြည်ပြည် ရှိသည် ။ သတင်းစာ ၊ မဂ္ဂဇင်း မှန်မှန် ဖတ် ရသည် ။

ဤ ရွာကလေး တွင် အစိုးရ အမှုထမ်း ဟု ဆို ရအောင် ရွာသူကြီး ဦးဖိုးအောင် နှင့် ကျွန်တော် သာ ရှိကြသည် ။ တစ်ခါတစ်ရံ မှ မြို့ပိုင် ၊ နယ်ပိုင် တို့ နယ်လှည့် ရင်း ရောက် လာသည် ။ သစ်တောဘက် အမှုထမ်းများ ၊ ရဲဘက်အမှုထမ်းများ လည်း ရံဖန်ရံခါ မှ ရောက် လာ တတ်သည် ။

ထိုစဉ်က နယ် အခြေအနေ မှာ လုံခြုံမှု မရှိပါ ။ နယ်လှည့်ခရီး မထွက်နိုင်ခဲ့ပါ ။ ထို့ကြောင့် ဤ ရွာကလေး တွင် ပင် အဖော်အလှော် မရှိ အထီးထီး ကုပ် နေခဲ့ရပါသည် ။

သို့သော် စစ်ပြန် ကိုဘမှီ တစ်ယောက် တော့ အပေါင်းအသင်း ရှိပါသည် ။ ကျွန်တော် လိုအပ်သမျှ ကူညီပါသည် ။ ကျွန်တော့် ထံ မှ သတင်းစာ ၊ မဂ္ဂဇင်းများ ငှားရမ်း ဖတ်ပါသည် ။ ကိုဘမှီ ရှိနေ သဖြင့် ကျွန်တော့် ထံ တွင် စကား ပြောဖော် ရ လာပါသည် ။

ရွာခံလူကြီးများ ကား ရှိ ကြပါသည် ။ ရပ်ရေး ရွာရေး အကြောင်း ဆွေးနွေးရုံ မှ အပ အခြား အခြား အကြောင်းများ အပျင်းပြေ ဆိုသလို ပြောခွင့် မရပါ ။ လူငယ် လူရွယ်များ က လည်း ကျွန်တော့် ကို လူကြီးပိုင်း သို့ ပို့ထားကြဟန် တူပါသည် ။ ရောဝင် ရင်းနှီးခြင်း မရှိလှပါ ။ အပေါင်း အသင်း ဘက် တွင် ကျွန်တော် ကြားချောင် နေပါသည် ။ နေဝင်စ ပြု လျှင် ကိုယ့် အိမ် ကို ပိတ် ၊ မီးမှိတ် နေတတ်ကြသောကြောင့် ရောက်စ က များစွာ အနေ ကျုံ့ခဲ့ရပါသည် ။

အစုန်အဆန် သင်္ဘောများ ဆိုက် လျှင် ကား ရွာ သည် တော်တော် စည်ပါသည် ။ တော်တော်နှင့် လည်း မအိပ်ကြတော့ပါ ။ သင်္ဘော ဆင်း ဈေးဝယ်သူများ ၊ သင်္ဘော ပေါ် မှ ဆင်း ၍ ရွာ ထဲ လည်ပတ် နေသူများ ၊ ရွာ ပေါ် တက်၍ အရက်ပုန်း ရှာ သောက်သူများ ၊ ရွာ ထဲ မှ သင်္ဘော ကို ဆင်း၍ ဟင်းသီးဟင်းရွက် နှင့် ငါး ရောင်းသူများ စသည် ဖြင့် ဆူဆူညံညံ စည်စည်ကားကား ဖြစ် နေပါသည် ။

ကျွန်တော် နှင့် ကိုဘမှီ တို့ လည်း သူများနည်းတူ သင်္ဘော ဆင်းကြပါသည် ။ ယခုအခါ မှ စားစရာ ဝယ်ခြမ်းခြင်း ၊ သို့မဟုတ် စာရေးစက္ကူ ၊ တိုလီမိုလီ ဝယ်ခြမ်းခြင်း ၊ သို့မဟုတ် အနည်းဆုံး သကြား ဖြင့် ဖျော်သော ကော်ဖီ ၊ လက်ဖက်ရည် သောက်ရင်း သင်္ဘော မီးမှိတ် ခါ နီးမှ ရွာ ပေါ် သို့ ပြန် တက်ခဲ့ကြပါသည် ။

ဤသည်ပင် လျှင် ကျွန်တော့် အတွက် ကျန်ရစ်ခဲ့သော ကမ္ဘာ တစ်ခု ဖြင့် ဆက်သွယ်ခွင့် ရခြင်း အကြောင်းရင်း ဟူ၍ အောက်မေ့ရ ပါသည် ။ ထို့ကြောင့် လည်း သင်္ဘော ကို တော့ လက်ချိုး ၍ စောင့် ခဲ့ကြရသည် ။ သင်္ဘော လာ တော့ ပျော် ၍ သင်္ဘော သွားတော့ ဟာ နေကြရသည် ။ သင်္ဘော ဆိုက်တိုင်း ဆို သလို အသိ တစ်ယောက် ပါ နိုးနိုး ၊ မိဘ နှင့် နှမများ ထံ မှ တစ်စုံတစ်ရာ ပေးလိုက် နိုးနိုး ၊ စာကလေး တစ်စောင်တလေ ရောက် နိုးနိုး နှင့် မျှော်ရင်း ဆင်းကြ ရ ပါသည် ။ နောက်ဆုံး သတင်းစာအထုပ် နှင့် မဂ္ဂဇင်းအသစ်များ ရ လာ လျှင် ပင် ဝမ်းသာကြရ ပြီး ကိုဘမှီ နှင့် ကျွန်တော် တို့ မှာ သင်္ဘော ဆိုက် တိုင်း ဝတ္တရားကြီး တစ်ခု အဖြစ် ဆင်းကြရ ပါသည် ။

တစ်ခုသော သင်္ဘော အဆန်ပတ် တွင် သူကြီး ဦးဖိုးအောင် ပါလာသည် ။ သူ နှင့် အတူ ခပ်သွယ်သွယ် ၊ ခပ်ချောချော ၊ ခပ်ဖြူဖြူ ၊ ခပ်နုနု ၊ အဝတ်အစားသစ်သစ် ၊ ခေတ်ဆန်ဆန်နှင့် အမျိုးသမီးကလေး တစ်ဦး ပါ လာသည် ။

ကျွန်တော် က သူ့ ကို ကြည့် သလို သူ က လည်း သင်္ဘောဆိပ် သို့ ပျားပန်းခပ် ဆင်းလာကြသူများ အနက် မှ ကျွန်တော့် ကို ရွေး ၍ ကြည့် နေသည် ဟု ထင်ပါသည် ။ ဦးဖိုးအောင် က စောစော က ပြော ထား၍ ဖြစ်ပါ လိမ့်မည် ။

ဦးဖိုးအောင် သည် သင်္ဘောကုန်းပေါင် ပေါ် မှ သောင်စပ် ကို ဆင်းဆင်းချင်း ကျွန်တော့် ကို လက် ဆွဲ ၍ သူ့ မျက်နှာ လည်း အလွန် ရွှင် နေဟန် ဖြင့် ...

“ ဆရာ ရေ .… ကျွန်တော်တို့ ဆီ မှာ တော့ ကျောင်း ရဖို့ သေချာသွားပြီ ဆရာ ရေ ၊ အခု ပညာဝန် ဆီ က ပြန် လာတာ ။ ဆွဲခန့် အနေနဲ့ ဆရာမ ကလေး တစ်ဦး ထည့် ပေးလိုက်တယ် ” ဟု ပြောရင်း လက် တစ်ဖက် မှ အိပ်ရာလိပ် ကို ပခုံး ပေါ် ထမ်းကာ ကိုယ် ကို လှည့်၍ ကျွန်တော် ပြောသော ကလေးမ ဘက် သို့ ခေါင်းညိတ် ပြ ပါသည် ။

ကျွန်တော့် ကို မြင်သော အခါ မျက်လွှာကြီး တစ်ချက် ပင့်ပြီး တစ်ဖန် မျက်လွှာကြီး ကို ချလိုက်ပါသည် ။ ကျွန်တော့် ထက် ခုနစ်နှစ် ၊ ရှစ်နှစ် ခန့် ငယ်ပါလိမ့်မည် ။ ထိုစဉ်က ကျွန်တော့် အသက် မှာ အစိတ် ခန့် ရှိပါမည် ။ ကုန်းပေါင် ပေါ် မှ လူများ က ဦးဖိုးအောင် ကို တိုးဝှေ့ ပြီး ဆင်း သူ ဆင်း ၊ တက် သူ တက် လုပ် နေကြပါသည် ။ ကလေးမ လည်း ဦးဖိုးအောင် နောက်နား မှ ကပ် နေပြီး တိုးဝှေ့ တက်သူ ၊ ဆင်းသူ တို့ ကို တိမ်းပေး နေရပါသည် ။

ဦးဖိုးအောင် က မိတ်ဆက် ပေးသော အခါ ကျွန်တော် လည်း ကိုယ် ကို မတ်၍ မျက်နှာ ကို ခပ်ပြုံးပြုံး လုပ်ရင်း ဦးလေးကြီး တစ်ယောက် ၏ ဟန်ပန် ကို ဖမ်း ၍ သူငယ်မလေး ဆရာမ ကို ငုံ့ကြည့် ကြည့် ပါသည် ။

ထိုအခါ ဆရာမ သူငယ်မကလေး မှာ မျက်လွှာကြီး တစ်ချက် ပင့် ကြည့်ပြီး မျက်လွှာကြီး ကို ပြန် ချရင်း ခေါင်းငုံ့ နေပါသည် ။ ဤတွင် သူ့ အရပ် မှာ ပို ပု သွားဟန် ရှိပါသည် ။

ကျွန်တော့် နောက် မှ ကိုဘမှီ က သွက် လှသည် ။

“ အား … သိပ် ကောင်းတာပေါ့ ။ ဒါဖြင့် ဘာတွေ သယ်စရာ ရှိ သေးလဲ ဘကြီးအောင် ” ဟု ပြောရင်း ကျွန်တော့် နောက် မှ နေပြီး ရှေ့သို့ တိုးဝှေ့ ရောက် လာ ပါသည် ။

“ နေပါစေကွာ ၊ ရွာ ထဲ က ခင်မ တို့ ၊ သန်းရင် တို့ ကို ပစ္စည်းတွေ အပ်ခဲ့ပါပြီ ။ ကိုင်း ဆရာလေး သွား ဦးမယ် ၊ ည ကျတော့ သာ ဆရာ့ အိမ် မှာ ရွာလူကြီးတွေ နဲ့ အတူ ကျောင်းကော်မတီ ဖွဲ့ရအောင် လာခဲ့တော့မယ် ” ဆို၍ ဦးဖိုးအောင် ဆင်း သွား ပါသည် ။ ဆရာမလေး လည်း ဦးဖိုးအောင် နောက် မှ လိုက် သွားပါသည် ။

ကိုဘမှီ က ကျွန်တော့် အနား ကပ်ရင်း “ ဆရာရေ ၊ ဘကြီးအောင် ညာတယ်လို တော့ မဖြစ်တန်ကောင်းပါဘူး ” ဟု ပြောရင်း သူ့ ဟာ သူ ရယ် နေပါသည် ။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ရယ် ၊ ကိုဘမှီ ရယ် အပြင် တခြား ကမ္ဘာ မှ ကျွန်တော့် တို့ ဆီ လူသစ် တစ်ယောက် တော့ ရောက်ခဲ့ပြီ ဟု ကျိတ်၍ ဝမ်းသာ ခဲ့ရသည် ။

•••••   •••••   •••••

ဆရာမကလေး အမည်မှာ မခင်ဝိုင်း ဖြစ်ပါသည် ။ သူ သည် မုံရွာ ခရိုင် အတွင်း မြို့နယ် တစ်ခု မှ အညာ ကို ရောက်လာခြင်း ဖြစ်ပါသည် ။ အစိုးရစစ် ကိုးတန်း အောင်ပြီး ပါပြီ ။ ဆယ်တန်း ဆက် မနေနိုင်သေး သဖြင့် အလုပ် ရှာရင်း အဒေါ်များ ရှိရာ မော်လိုက် ကို ရောက်လာခြင်း ဖြစ်ပါသည် ။

ကျွန်တော်တို့ ရွာ တွင် စုပေါင်း ဆောက်ထားသော ကျောင်းကလေး တစ်ခု ရှိပါသည် ။ သို့သော် ယခု ဆရာ မရှိပါ ။ ယခင် လုပ်အားပေး သဘော ဖြင့် စေတနာ့ဝန်ထမ်း ဆောင်ရွက် နေသော ဆရာ က လည်း ဆရာဖြစ် သင်တန်း တက်ရောက် နေရပါသည် ။ ထို့ကြောင့် ကျောင်းကလေး တွင် ကျွန်တော် က ပင် ဆရာ အစား ဝင်ရောက် ပြသ နေရပါသည် ။ ကျွန်တော့် အား ကူညီ၍ ဦးပဉ္စင်း တစ်ပါး နှင့် ကိုဘမှီ တို့ က လည်း ပြသ ကြပါသည် ။

သို့သော် ယာယီ အားဖြင့် အစိုးရ အသိအမှတ်ပြု မခံရဘဲ ရှိနေပါသည် ။

ဤအချိန် တွင် ဆွဲခန့် ဆရာမ မခင်ဝိုင်း ရောက်လာရခြင်း ဖြစ်ပါသည် ။ ကျွန်တော် တို့ လည်း ဝမ်းသာကြပါသည် ။ ရွာ ရှိ လူများ ကား ဆိုဖွယ် မရှိတော့ပြီ ။ မခင်ဝိုင်း အတွက် တစ်အိမ်စီ အလှည့်ကျ ထမင်း ပို့သည် အထိ ပြုစု ထားကြပါသည် ။ နေရာတကာ တွင် ဆရာမ ဆရာမ နှင့် ဖူးဖူးမှုတ် ထား ကြပါသည် ။ နောက်ဆုံး မင်္ဂလာဆောင် ဆိုလျှင် ခင်ဝိုင်း က သတို့သမီး ပြင် ပေးမှ ၊ ရှင်ပြု နားထွင်း ဆိုလျှင် မခင်ဝိုင်း ပြင် မှ နှင့် တစ်စ တစ်စ တစ်ရွာလုံး တွင် မခင်ဝိုင်း ခြေ ၊ မခင်ဝိုင်း လက် သာ ဖြစ်လာပါသည် ။

မခင်ဝိုင်း က လည်း လူပေါင်း သူပေါင်း ကောင်း သလို ဘယ်နေရာ မှ မလစ်လပ် အောင် ရပ်ရေး ရွာရေးများ တွင် ကူညီ တတ်ပါသည် ။ ကျွန်တော့် ဆေးပေးခန်း တောင် မှ တစ်ခါ တစ်ခါ ဝင် ကူပေးပါသည် ။ အလုပ် နှင့် လက် မပြတ် မှ နေတတ်သူ ဖြစ်ပါသည် ။ အလုပ် မရှိလျှင် အိမ် ကို လွမ်းတတ်သည် ဟု ပြော ပါသည် ။

ဦးဖိုးအောင် ကား မခင်ဝိုင်း ကို ဆောင်ကြဉ်းခဲ့ ရ သဖြင့် မျက်နှာပန်း ပွင့် နေတော့၏ ။ သူကြီး သက်တမ်း ကုန် သဖြင့် နောက်ထပ် တင် မြှောက်ရမည် ဆိုဦး တော့ ဦးဖိုးအောင် ပြန် ၍ ရမှာ သေချာ နေတော့၏ ။

ဦးဖိုးအောင် ၏ မြေပဲခင်း တွင် မခင်ဝိုင်း ကို မြင်ရတတ်သည် ။ သူ့ အဆိုမှာ စိုက်ပျိုးရေး လက်တွေ့ ဆင်း နေခြင်း ဟု ဆိုသည် ။ ဦးဖိုးအောင် ၏ ကလေးများ နှင့် အတူ မခင်ဝိုင်း ကို ရေချိုးဆိပ် မှာ တွေ့ရ၏ ။ ကလေးများ လည်း မခင်ဝိုင်း ရောက်လာမှ သန့်သန့်ပြန့်ပြန့်ကလေး ဖြစ် လာကြသည် ။ သူကြီးကတော် မတင်မ ဆို လျှင် ဆိုစရာ မရှိပြီ ။ ဝတ်ကောင်းစားလှ သန့်သန့် နှင့် ပန်းများ ကို ပင် ပန် ၍ သင်္ဘောဆိပ် ကို ဆင်း၍  ဈေးဝယ် တတ်သည် ။ ကော်ဖီမှုန့် ၊ နို့ဆီ ၊ သကြား ဝယ်ရင်း “ အဝိုင်း က ကော်ဖီ ကြိုက်တယ် ၊ အခုတော့ သူ့ မောင်တွေ က ပါ ကော်ဖီ ကြိုက်လာပြီ ” ဟု သူ့ကလေးများ ကို ပါ စာဖွဲ့ သွား တတ်သေး၏ ။

မခင်ဝိုင်း သည် မတင်မ ကြောင့် ‘ အဝိုင်း ’ ဖြစ် လာသည် ။ သို့သော် ကျွန်တော် နှင့် ရင်းနှီးလာသော အခါ ကျွန်တော် က ‘ ဘဲဥ - ဘဲဥမ ’ ဟု ခေါ်ပါသည် ။ ထိုသို့ ခေါ် သော် မခင်ဝိုင်း က သဘောကျစွာ ဖြင့် မျက်လွှာကြီး ကို ပင့် ပြီး မျက်လွှာကြီး ကို ပြန် ချရင်း ပြုံး ပါသည် ။

ဘဲဥ လို ဝိုင်းရှည်ရှည် ဖြူဖြူကလေး မဟုတ်လား ။

•••••   •••••   •••••

မခင်ဝိုင်း သည် တက္ကသိုလ်ဝင်တန်း ကို အလွတ် ဖြေမည် ဟု အားခဲ ထားသူကလေး ဖြစ်သည် ။ ထို့ကြောင့် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာ ကို ကျွန်တော့် ထံ မှာ နေ့စဉ် ကျူရှင် လာ ယူ နေပါသည် ။ ကျွန်တော် က လည်း ဂရုတစိုက် သူ့ ဘဝ သူ ရုန်းကန် နေသူမို့ သင်ကြား ပြသ ပေးပါသည် ။ ကြိုးစား ပြသ ပေးပါသည် ။ ကြိုးစားသည့် အပြင် အခြေခံ ကလည်း ကောင်း သဖြင့် သင်ပြရာ တွင် အလွန် ခရီး ပေါက်ပါသည် ။ ထို့ကြောင့် လည်း မခင်ဝိုင်း နှင့် ကျွန်တော် မှာ ပိုမို ရင်းနှီး ခင်မင် ကြပါသည် ။

ကျူရှင် လာ ယူတိုင်း ဦးဖိုးအောင် ၏ သားကလေး တစ်ယောက် အဖော် ပါလာ တတ်ပါသည် ။ ဦးဖိုးအောင် ၏ သားကလေး ကို လည်း တစ်ပါတည်း စာ အကျက် ခိုင်းရပါသည် ။ ကျွန်တော့် အိမ်ကလေးမှာ ညဉ့် ရှစ်နာရီခွဲ ၊ ကိုးနာရီ အထိ အာလာဒင်ဓာတ်မီး တစ်လုံး ဖြင့် ထိန် နေတတ်ပါသည် ။ တစ်ခါတစ်ရံ သူ တို့ မရောက် လာ လျှင် ပင် ပျင်း နေတတ်ပါသည် ။

ဤသို့ နေလာခဲ့ကြ ရာ မှ တစ်ခုသော သင်္ကြန် ကို ရောက်ခဲ့ပါသည် ။ သင်္ကြန်ရက် အတွင်း က အဝိုင်း သည် စာမေးပွဲ ဖြေ ပြီးပါပြီ ။ ကျောင်း ပိတ်ထား သော်လည်း အောက် ကို မပြန်ဘဲ ရွာကို  ပြန် လာ နေ ပါသည် ။ သင်္ကြန်ရက် ပြီး မှ ပြန်မည် လိုလို ပြောပါသည် ။ မရေရာ လှပါ ။

သင်္ကြန် ဟု ဆိုရ သော် လည်း အညာကျေးလက် တွင် မည်မည်ရရ ရေ ကစားခြင်းမျိုး မရှိပေ ။ ခြောက်ကပ် နေပေသည် ။ တစ်ခါတစ်ရံ ညဉ့်နက်ပိုင်း တွင် ခပ်နောက်နောက် လူငယ်ကလေးများ သာ အပျိုလေး ရှိရာ အိမ်များ ကို လိုက်လံ ချောင်းမြောင်း ပက် ကြသည် ။

နေ့ခင်း တွင် ဥပုသ်သီတင်း ဆောက်တည်ခြင်း ၊ ညနေ တွင် ရေလှူခြင်းများ ဖြင့် ဘုရားများ ၊ ကျောင်းများ တွင် လူ စည်ကား နေပြီး ရွာတွင်း ကား ခြောက်သွေ့ နေပေသည် ။

ဤ ရာသီ တွင် အင်ကြင်းပန်းများ ကား တော အနှံ့ ၊ တောင် အနှံ့ ဖွေးဖွေးဆွတ်အောင် ပွင့် နေကြသည် ။ တစ်တောလုံး မွှေး ၍ တစ်ရွာလုံး သင်း နေပေသည် ။ နောက်ပြီး ဥသြငှက်သံ က တကြော်ကြော် နှင့် လွမ်း ဆွတ်ဖွယ် ပင် ကောင်း နေသည် ။

ကျွန်တော် သည် အင်ကြင်းခိုင်ကြီး တစ်ခု ကို ကိုဘမှီ က ပေးလာ သဖြင့် ဘုရား မှာ တချို့ ထိုး ၊ တချို့ ကို ခွဲ၍ သိမ်း ထားလိုက်၏ ။ ပြီးလျှင် ဆင်းတုတော်ကလေး ကို ရေသပ္ပာယ် အမွှေးအထုံ ဖျန်း ၍ သင်္ကြန်ရက် နေ့ အထိမ်းအမှတ် အဖြစ် ကုသိုလ် ပြု လိုက်ပါသည် ။

ထို့နောက် လုပ်စရာ ကိုင်စရာ မည်မည်ရရ မရှိတော့ သဖြင့် စာအုပ်စင် မှ ဝတ္ထုဟောင်း တစ်အုပ် ကို ရွေးထုတ် ပြီး ဧည့်ခန်း ပက်လက်ကု,လားထိုင် တွင် အိမ်အဝင် တံခါးမကြီး ကို ကျော ပေးလျက် ကျကျနန ဖတ် နေပါသည် ။

ကျွန်တော့် အိမ်ကလေး မှာ ရွာ ၏ တောင်အ စွန်ဘက် ၊ မြစ်ကမ်းနဖူး ပေါ် တွင် ရှိ နေပါသည် ။ ဝရန်တာကလေး မှ ကြည့် လိုက် လျှင် ချင်းတွင်းမြစ်ပြင် နှင့် သောင်ပြင်ကြီး ကို မြင် နေရသည် ။ တစ်ဖက်ကမ်း မှ တောအုပ် ၊ တောင်ရိပ် တို့ ကို စိမ်းစိမ်းလန်းလန်း နှင့် ရှုမောဖွယ်ရာ တစ်ခေါ် တစ်မျှော် မြင် နေပါသည် ။

သို့သော် စာ တွင် စိတ်ဝင်စား နေမိစဉ် မှာ ပင် ကုပ် မှ ကျော တစ်လျှောက်လုံး စိမ့်ခနဲ အေး သွားသဖြင့် လန့် သွားပါသည် ။ ထ ကြည့်လိုက် သောအခါ ဘဲဥ ကို တွေ့ ရပါသည် ။ ဘယ်အချိန် က လေးငါးခြောက်ထစ် တက် ရသော ဝရန်တာလှေကား မှ ခြေသံ မကြား အောင် တက် လာပြီး ရေ လောင်း လိုက်သည် မသိ ။ ကျွန်တော် လန့် ပြီး ထ ခုန်မိသည် ကို သူ သဘောကျ သွားသလို တခစ်ခစ် ရယ် နေတော့သည် ။ ပါးချိုင့်ကလေးများ ပေါ် လာကြသည် ။ ပါးစပ် ကို လက်ဖမိုး နှင့် ပိတ်၍ တစ်ကိုယ်လုံး ယိမ်း ထိုး အောင် ရယ် နေသည် ။ ပိုင်လှပြီ ဟု အားရကျေနပ် နေပုံ ရပါသည် ။

“ အောင်မလေး …. ဘဲဥမ ၊ ဘယ်တုန်းက ရောက်လာသလဲ ။ ငါ့ ကို လန့်သွားတာပဲ ” ပြောလိုက်ကာ မှ ပိုပြီး သဘောကျ သလို ရယ်ရင်း မောရင်း ကျွန်တော့် ခြေ တင်ရာ ခုံပေါ်  တွင် ဝင် ထိုင်ပါသည် ။

“ ဆရာ့ ကို ဘုရား က ပြန်လာ ကတည်းက ရေ လောင်းဖို့ ကြံစည် ထားတာ ” ဟု ပြောပါသည် ။

“ ကောင်းဗျာ ... ပြီးတော့ မှ သာ ဆရာ လောင်းတော့ ငိုမဲ့ မနေနဲ့နော် ။ အခု မလောင်းသေးဘူး ၊ ပြန်တော့ မှ ” ဟု ကြိမ်း လိုက်ပြီး စာအုပ်စင် တွင် စာအုပ် ကို ပြန် ထား လိုက်ပါသည် ။

“ ကိုင်း … ဆို ကော်ဖီ သောက်မလား ၊ ဖရုံယို စားမလား ၊ ပေါင်မုန့်ခြောက် နဲ့ နွားနို့ သောက်မလား ” ဟု သင်္ဘော ပေါ် မှ ဝယ် ထားသည့် စားစရာများ ကို စားမလား ဟု မေးပါသည် ။

“ အဝိုင်း ဘာမှ မစားချင်တော့ဘူး ။ မနက် ကတည်း က ဘုန်းကြီးကျောင်း သွားကြပြီး ဆွမ်း ကပ်ကြလို့ ကျောင်း က စားခဲ့ရတာ အီတော ကို လှိုင် နေပြီ ”

“ အံမယ် တယ် ဟုတ်ပါလား ၊ ဒီလိုမှန်း သိရင် တို့များ တောင် လိုက်သေး ”

“ ဘာသာရေး ရှိတဲ့ လူ မှန်သမျှ တော့ အကုန် ကျောင်း ကို လာ ကြတာပါ ။ ကိုဘမှီ တောင် မှ ကျောင်း မှာ ကျန်ရစ် သေးတယ် ။ ဆရာ သာ … ” ဟု ကျွန်တော့် ကို မတင်မကျ စောင်း ပြောပါသည် ။

“ အံမယ် တို့များ လည်း ဘာသာရေး ရှိပါ့ ၊ ကြည့်လေ အခု ဆိုရင် ဘုရား ရေသပ္ပာယ် ပြီးပြီ ၊ အင်ကြင်းပန်းတွေ ကပ် ပြီးပြီ ” ဘုရားစင် ကို မော့ ပြ လိုက်ပါသည် ။

“ ဟာ ... အင်ကြင်းပန်းတွေ တယ် ဟုတ်ပါလား ။ လှ လိုက်တာ နော် ” ဟု အားပါးတရ ပြော ပါသည် ။ ပန်း ကို မြင်၍ လိုချင် လာ ဟန် တူ ပါသည် ။

“ ဘာလဲ ၊ ပန်ချင်ပြန်ပြီလား ”

ခေါင်းညိတ် ပြ ပါသည် ။

“ ပန်ချင် ရင် ရတာပေါ့ ။ မြင် လား ၊ ကြောင်အိမ် ပေါ် က ဇလုံ ထဲ မှာ ” ဟု အတွင်းဘက် မီးဖိုချောင် ကို မေးထိုး ပြ လိုက်ပါသည် ။ ဘဲဥ သည် ဝမ်းသာသည့် အခါ မိန်းကလေး တို့ မြည် တတ်သည့် “ အိ ” ဟူသော အသံ ကို ပြုရင်း အင်ကြင်းပန်း ရှိရာ ပြေး ပါသည် ။

ကျွန်တော် သည် အမြဲတမ်း အဝိုင်း ကို ကြည့် ပြီး လျှင် အိမ် မှာ ကျန်ရစ်ကြသည့် နှမကလေးများ ကို သတိရ မိ တတ်ပါသည် ။ သူတို့ နှင့် ကင်းကွာ နေရ သမျှ အဝိုင်း ရောက် လာ မှ အစား ကောက် ရသော နှမငယ် သဖွယ် ကြည်နူး ခဲ့ ရပါသည် ။ နှမများ ထံ စာ ရေးတိုင်း အဝိုင်း အကြောင်း ကို ထည့် ရေးသည် ။ ကြာ တော့ နှမအကြီး မိအေး က “ တစ်ဝိုင်း တည်း ဝိုင်း နေနော် ၊ တော်တော်ကြာ အဝိုင်း နဲ့ လေးထောင့် ဖြစ်နေဦးမယ် ” ဟု နောက် တတ်ပါသည် ။

အင်ကြင်းပန်းများ တစ်ခေါင်းလုံး ဝေ နေအောင် ပန် ပြီး နံရံ တွင် ချိတ် ထားသည့် မှန်ကလေး တွင် ကြည့် ပြန်ပါသေးသည် ။ စောစော က ထက် မြူးကြွ နေလေသည် ။ အင်္ကျီနောက်ကျောစေ့ လက်ပြတ်ကလေး နှင့် ချည်ပျော့လေး ကို တစ်တစ်ရစ်ရစ် ဝတ်ထား သော အဝိုင်း မှာ ပန်းများ ဝေ နေ သဖြင့် ဝိုင်းဝိုင်းပုပု ကလေး ဖြစ် နေတော့၏ ။ တကယ့် ကလေးငယ် သဖွယ် ပင် ။ နောက်တော့ ညာတာပါတေး နှင့် ပြန်တော့မည့် ဟန် ပြင် လေတော့သည် ။

“ ဘာရမလဲ ၊ နေဦး ။ သူများ ကို တစ်ခွက် လောင်းရင် သူများ တစ်အိုး လောင်းခံ ထိမှာပေါ့ ”

ဟု ဆိုပြီး ကျွန်တော် က တံခါးပေါက် ရှေ့ မှ ဆီး တား လိုက်ပါသည် ။

ထုံးစံအတိုင်း မျက်လွှာကြီး ကို ပင့် ၍ မျက်လွှာကြီး ကို ချပြီး နှုတ်ခမ်း ကို စူတူတူ လုပ် နေပါသည် ။ ကျွန်တော် သူ့ ကို ကြည့်ပြီး ရယ်ချင် လာပါသည် ။ သူ လည်း သူ့ ကိုယ် သူ ဦးလေးကြီး တစ်ယောက် ထံ တွင် နွဲ့ချင် ဆိုးချင် စိတ် ပေါ်လာ ဟန် ရှိပါသည် ။ ပြီးတော့ အင် - အင် နှင့် လုပ်နေ ပြန်ပါသည် ။ သို့သော် ခေါင်း ငုံ့ပြီး ငြိမ် နေ သဖြင့် ကျွန်တော့် ဘေး မှ သောက်ရေအိုး ကို အသာ မပြီး သူ့ ကုပ် ပေါ် မှ သွန် လောင်း လိုက်ပါ၏ ။

“ အားပါး … အေးလိုက်တာပါလား ဆရာ ” ဟု ရှိုက်သံ ဖြင့် အော် ရှာ ပါသည် ။ နံနက်ခင်း သောက်ရေအိုး မှ‌ ရေ ကား မအေးဘဲ ဘယ် မှာ ရှိမည်နည်း ။

သူ့ ကိုယ် သူ လိမ်ရင်း ၊ တွန့်ရင်း ၊ ခါရင်း ၊ ယမ်းရင်း ဖြင့် ခေါင်း မှ ပန်း တချို့ ပင် ပြုတ်ကျ ကုန်တော့၏ ။

“ လျော်ပေး - လျော်ပေး ” ဟု ခြေချင်းပွတ် ဆောင့်ပြီး ကု,လားထိုင် ပေါ် ထိုင် ချလိုက်၏ ။ တစ်ကိုယ်လုံး ရွှဲရွှဲစို နေပြီ တည်း ။ ပခုံး နှစ်ဖက် ကို လက်ဖဝါးကလေးများ နှင့် အုပ်လျက် ပု၍ ကျုံ့ သွားရင်း ခဏ ကြာသောအခါ မျက်နှာများ ရှုံ့မဲ့ နေတော့၏ ။

“ ဟော ငိုတော့မယ် ” ဟု ကျွန်တော် က စ လိုက်၏ ။

မငိုနိုင် ရှာတော့ပါ ။ အမှန် မှာ သူ့ နှုတ်ခမ်းများ ပြာတက် လာကြ သည် ။ ပြီးလျှင် မေးများ ရိုက် လာကြ၏ ။ ပြီးလျှင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏ ။ ပခုံး ကို လက်ကလေး နှစ်ဖက် ဖြင့် အတင်း ပွတ်ရင်း တုန် နေ၏ ။ သူ့ အင်္ကျီ ၊ သူ့ လုံချည်တို့ မှာ တစ်ကိုယ်လုံး အသားနှ င့် ကပ်‌ နေကြ၏ ။ ကျွန်တော် ကြည့် ရင်း အားနာ သွား၏ ။ သနား သွား၏ ။ တကယ် ချမ်းသွား ရှာတော့ပြီ ။

နွေ ဆိုပေသည့် အညာ နံနက်ခင်း ကား အေးမြ လှသည် ။ ထို အထဲ တွင် သောက်ရေ က ပိုပြီး အေးစေတော့သည် ။

“ အဝိုင်း အအေးမိတော့မှာပဲ ”

ဟု ကျွန်တော် စိုးရိမ် သွား၏ ။ မတော်တဆများ ဖျား မှ ဖြင့် ဟု ကျွန်တော် တွေး ပူမိ၏ ။

“ ပြန်ချင်ပလား ၊ ပြန်လေ ”

ဟု ပြော မိ၏ ။ ဘာ လုပ် ပေးရမည် ရုတ်တရက် မသိ သဖြင့် ပြောမိခြင်း ဖြစ်၏ ။

“ ဟုတ်တယ် ၊ ဆရာ့ နှယ် ၊ ဒီလိုကြီး ပြန်လို့  ” ဟု တဆတ်ဆတ် တုန်ရင်း ငိုမဲ့မဲ့ နှင့် ပြောပါသည် ။

“ ဒီလိုဆို နေဦး .. နေဦး ” ဟု ကျွန်တော် က အကြံ ရ သဖြင့် အိမ် အတွင်းခန်း ပြေး ပြီး တဘက်စကြီး တစ်ထည် ယူ၍ ခြုံခိုင်း ထားရ၏ ။

နောက် ကျွန်တော် တစ်ခု သတိရ လာပါသည် ။ ကျွန်တော် အညာ သွားရမည် ဆိုသောအခါ အမေ က လိုရမည်ရ ဆေး အဖြစ် ထည့် ပေး လိုက်သော ပျားအုံတံဆိပ် ဘရန်ဒီပုလင်းအသေး တစ်လုံး ကို သတိရ သဖြင့် သေတ္တာ တွင်း မှ ထုတ်ယူ လိုက်ပါသည် ။ ထို့နောက် ဖန်ခွက် ထဲ တွင် ကြွေဇွန်းကြီး နှင့် လေးဇွန်း တိတိ ထည့် ပါသည် ။ ရေနွေး နှင့် ကော်ဖီမှုန့် ၊ သကြား ရောဖျော်ပြီး ဘရန်ဒီခွက် ထဲ ရော လိုက်ပါသည် ။ ခပ်နွေးနွေး ဖြစ်အောင် လုပ် ပေးပြီး အသောက် ခိုင်း လိုက်ရ၏ ။

အဝိုင်း သည် ကပျာကယာ ယူပြီး မော့ချ လိုက်၏ ။ မော့ပြီး ပျို့ လာပြန် ပါသည် ။ တချို့တစ်ဝက် ကို အန်ပါ သေးသည် ။ တချို့ တစ်ဝက် သီး သွား ဟန် တူပါသည် ။

“ ဖြည်းဖြည်း သောက်ရတယ် ၊ ဒါဟာ ဘရန်ဒီ ၊ အရမ်း မမော့ရဘူး ” ဟု ကြိမ်းရ သေးသည် ။ နောက် တစ်ကျိုက် မော့ပြီး ကုန် သွား ပါသည် ။ ခဏ နေလျှင် အတုန် ရပ် သွားပါသည် ။ အတုန် ရပ် သဖြင့် အချမ်း ပြေကာ ဟန်ပြီ ထင်ကာမှ တစ်မျိုး ဖောက် လာ ပြန်ပါသည် ။ မျက်ခွံ လေး၍ မှေးပြီး ခေါင်း ကို စားပွဲ ပေါ်  ပုံ ချ ထား ဖြစ်သည် ။ လက် တစ်ဖက် က ကု,လားထိုင် ပေါ် မှ တွဲလောင်း ကျ သွား ပြန်သည် ။ တစ်ချက် တစ်ချက် ကြို့ ထိုးနေပါသည် ။

ခက်ပြီ ဟု ညည်း မိ၏ ။ “ ဒီလောက် အမူး မြန်ရသလား ကလေး ရယ် ” ဟု ရေရွတ်မိ၏ ။ ကျွန်တော့် ညည်းသံ ကြားသော အခါ မျက်ခွံ တစ်ချက် လှန် ကြည့်၏ ။ ကျွန်တော် ပင် လန့် သွား၏ ။ မြတ်စွာဘုရား သေသွား မှ ဖြင့် ဟု ထိတ်လန့် သွား၏ ။

ယခု အခြေအနေ အတိုင်း ဆိုလျှင် သူ့ အိမ် ပြန်ရန် သာ၍ မဖြစ်နိုင်တော့ချေ ။ မတော်တဆ သူကြီးကတော် တို့ သိသွား လျှင် လည်း ခက် ရတော့မည် ။ ဧည့်ခန်း တွင် ယခု လို ထားရပြန် အောင် လည်း မသင့် ၊ အကြံ ရ ခက်နေမိသည် ။ သို့သော် ကျွန်တော် ခင်းသည့် ဇာတ် ကျွန်တော် သိမ်းရ ပေတော့မည် ။

“ ကဲ … အဝိုင်း ၊ ခဏ လှဲ နေဦးနော် ” ဟု သူ့ ပခုံးများ ကို ပုတ် ရင်း ပြောရ၏ ။ မျက်စိ က မဖွင့်ပေ ။ ခေါင်း ကို တော့ ညိတ် သည် ။

“ ဒါဖြင့် ... ထ ၊ အဝိုင်း ထ ... ထ ” ဟု ပုတ် ၍ ခေါ် ပြန်၏ ။ ထ မည် တော့ လုပ် သေးသည် ။ သို့သော် လက်ကလေးများ သာ လှုပ်သလို ရှိပြီး ကိုယ် က ပါ မလာပေ ။

ကျွန်တော် သည် သူ့ ကို ပခုံး နှစ်ဖက် ထိန်း လျက် မ , သေး၏ ။ တရွတ်ကြီး ဖြစ် နေသည် ။ မ , ၍ မရ သဖြင့် ချိုင်း နှစ်ဖက် မှ လက် လျှိုပြီး ထူ သေးသည် ။ နှီးအစည်းကြီး လို ခွေ ၍ သာ ကျ နေသည် ။ မထူး တော့ အဖြင့် ပွေ့ချီ လိုက်ရ၏ ။

သူ့ အသက်ရှူသံ မှာ အိပ်မောကျ နေသလို ပြင်းပြင်းကြီး ရှူ နေ၏ ။ နှာခေါင်း နှင့် ပါးစပ် မှာ ဘရန်ဒီနံ့များ ထွက် လာကြ၏ ။

မေမေ သည် ကျွန်တော် အအေး မိသည့် အခါ ဘရန်ဒီ လေးဇွန်း တိုက်သည် ဟု ပြောပါသည် ။ ယခု လည်း သူ့ ကို လေးဇွန်း သာ တိုက် ပါ သည် ။ ဇွန်းချင်းများ မတူလေရော့ သလား ၊ ကလေးမ ကား တကယ် မူး သွားတော့သည် ။

အတွင်း ခန်း ရှိ ကျွန်တော့် ခုတင် ပေါ် တွင် အသာ ချပြီး သက္ကလတ်စောင် တစ်ထည် ကို ဖြန့် ခြုံ ပေးလိုက်ပါသည် ။ သို့သော် ရွှဲရွှဲစို နေသေးသော သူ့ အဝတ်များ က ရှိနေသေးသည် ။ ထို အတိုင်း ထားလျှင် အအေး အမိကြီး မိ သွား နိုင်ပါသည် ။ ကျွန်တော် သည် သူ့ အတွက် အစအဆုံး ပြုစုရ ပေတော့မည် ။ သို့နှင့် အကြံ ထုတ်ရ ပြန်ပါသည် ။

မတတ်သာ တော့ သည့် အဆုံး အခန်းတွင်း မှ ထွက် ခဲ့၍ ကျွန်တော် နှင့် ခပ် မလှမ်းမကမ်း တဲ တွင် ရှိ နေသော ဒေါ်ဖွားသိုက် ကို လှမ်း ခေါ်ရတော့၏ ။ ဒေါ်ဖွားသိုက် ကား ကျွန်တော့် အဝတ်အစားများ လျှော်ဖွပ် ခိုင်းနေ ရသော အမယ်ကြီး တစ်ဦး ဖြစ်ပေသည် ။

အရေးတကြီး ပင် ရောက် လာပါသည် ။ သူ ရောက်လာ ပြန်တော့ ကျွန်တော် ဘာ က စ ပြောရမည် မသိ သလို ဖြစ် နေပါသည် ။ သူ လည်း ကျွန်တော့် ကို ကြောင် ကြည့် နေပါသည် ။ သို့သော် မတတ်သာ သဖြင့် အဝိုင်း ရေ စိုပြီး အအေးမိ အဖျား တက် နေကြောင်း ၊ ထို့ကြောင့် စောင်ခြုံ အတွင်း မှ သူ့ ရေစို အဝတ်များ ကို ထုတ် ယူပြီး စောင် လုံလုံ ခြုံပေးဖို့ ကို ပြော ရ ပါသည် ။

ဒေါ်ဖွားသိုက် ရုတ်တရက် နား မလည် သလို ငေး နေပါသည် ။ “ အဝိုင်း က ဘယ်မှာလဲ ”
ဟု ပင် မေး နေပါသေးသည် ။

နောက်ဆုံး ဒေါ်ဖွားသိုက် လက် ကို ဆွဲပြီး အတွင်းခန်း ခေါ် ခဲ့ပါသည် ။ “ အဖျား တက် နေလို့ ဗျို့ ... ၊ လမ်း မှာ လည်း ရေ စိုလာလို့ ၊ အဲဒါ အဝတ်တွေ ယူပြီး စောင်ခြုံ ပေးထားဖို့ ပြောတာ ” ဟု ပါးစပ် က ခပ်အုပ်အုပ် ပြောရင်း လက် က လည်း မျက်လှည့် ဆရာ တစ်ယောက် ၏ ပုံသဏ္ဌာန် ကဲ့သို့ ဖုံးလွှမ်း ထားသော ပဝါစ အောက် မှ အထူးအဆန်း ပစ္စည်းကလေးများ တစ်ခု ပြီး တစ်ခု ထုတ်ပြ သလို အမူအရာ ပါ လုပ် ပြ မှ ဒေါ်ဖွားသိုက် နားလည် သွားတော့ ဟန် ခေါင်း တဆတ်ဆတ် ညိတ်ရင်း ကျွန်တော့် ကို အပြင် သာ ထွက် ဟု အမူအရာ ပြသ သဖြင့် အခန်းပြင် မှ တံခါး ကို စေ့ရင်း စောင့် နေရပါသည် ။

ကျွန်တော် သည် အပြင် မှ တစ်ချိန်လုံး စောင့် နေရပါသည် ။ တစ်ချက် တစ်ချက် အဝိုင်း ၏ ညည်းသံ ကြား ရပါသည် ။ ထိုအခါ ကျွန်တော် ကိုယ်တိုင် ပြေး ဝင် ကြည့်ချင် သလို ဖြစ်ပါသည် ။ တစ်ချက် တစ်ချက် ပျို့အန်သံ လိုလို ကြားရပါသည် ။ ထိုအခါ ကျွန်တော့် နားရွက်များ စွင့် သွား မိပါသည် ။ ခုတင် ပေါ် တွင် ဒေါ်ဖွားသိုက် တက်လိုက် ဆင်းလိုက် လုပ်သံ ကြားရပါသည် ။ ထိုအခါ အဝိုင်း နိုး သွားမှာ စိုးပါသည် ။ လုပ်ခိုင်းသည့် အတိုင်း နေရာတကျ မှ ရှိပါလေရဲ့လား ဟု လည်း အဘွားကြီး ကို စိတ် မချသလို ဖြစ်မိပါသည် ။ ကိုယ်တိုင် ဝင်၍ လည်း မဖြစ်ပါ ။ ကြာလိုက်တာ ဟု သာ အောင့် ရင်း စောင့် နေရပါတော့၏ ။

ခဏကြာ မှ အတွင်း တံခါး ပုတ်သံ ကြားရ သဖြင့် ဖွင့် ပေး လိုက်၏ ။ အဘွားကြီး ရေစိုဝတ်တွေ ကို လုံးထွေး ယူလာသည် ။

နေရာတကျ မှ ဖြစ်ရဲ့လား ဟု အတွင်းခန်း အဝ မှ ခုတင် ပေါ်ကို ငဲ့ ကြည့် လိုက်မိ၏ ။ သက္ကလတ်စောင် ဖြင့် ပတ် ထားသော အဝိုင်း ၏ အရပ် မှာ သွယ် ၍ ရှည် ထွက် လာသည် ထင် ရ၏ ။ အိပ်မောကျ သလို အိပ်ပျော် နေပေသည် ။ ယခုအခါ မျက်လွှာကြီးများ ကို ပင့် မကြည့်တော့ချေ ။ မျက်တောင်ကော့ကြီးများ ယှက် လျက် ပါးစုန့်ကလေး နှစ်ဖက် ထွက် နေအောင် နှုတ်ခမ်းချင်း ထပ် စေ့လျက် အိပ်မောကျ နေ၏ ။

ခုတင် ဘေး မှ ခြေသံ မကြား အောင် ဖော့ နင်း နင်းရင်း အပြင် ကို ထွက်ခဲ့၏ ။ ဒေါ်ဖွားသိုက် ဘယ် ရောက် သွားပါလိမ့် ။ အလန့်တကြား ဝရန်တာ ဆီ ပြေးထွက် ကြည့်ရပြန်၏ ။ အေးအေးဆေးဆေး ပင် ဝင်းထရံ တန်း တွင် ရေစို အဝတ်များ သွား လှန်း နေပြန်သည် ။ ကျွန်တော် သည် “ ဒေါ်ဖွားသိုက် ” ဟု အလန့်တကြား ခေါ် လိုက်ရ ပြန်၏ ။ အဘွားကြီး လန့် သွားဟန် တူသည် ။ ရေစို အဝတ်များ ကို လုံး ၍ ပြန် ရုပ်လိုက်သည် ။ လက်ယပ် ခေါ် ရ၏ ။ နောက်မှ ခုတင် ခြေရင်းတန်း ပေါ် လွှား ထားရန် လက်ဟန် ခြေဟန် ပြ ရ၏ ။ နားလည် သွားဟန် တူသည် ။ ကျွန်တော့် ကို အပြင် မှာ သာ နေ ဟူသော သဘော ဖြင့် မျက်ရိပ် ပြန် ပြသည် ။

နောက် တံခါး ကို သေသေချာချာ စေ့ ထား လိုက်၏ ။ ယခု မှ အလုံးကြီး ကျ သွားတော့၏ ။ သူ နိုး လာသည့် အခါ အဝတ်များ အရန်သင့် ခြောက် နေပေမည် ။ ဒေါ်ဖွားသိုက် လည်း အိမ် ကို ပြန်သွား၏ ။ ကျွန်တော် လည်း စိတ် အမော ဖြေရင်း ပက်လက်ကု,လားထိုင်ပေါ် တွင် ခြေပစ် လက်ပစ် ထိုင်ချ လိုက်တော့၏ ။ ထို့နောက် မေ့ခနဲ ငိုက်မျဉ်း သွားတော့၏ ။

ကျွန်တော် အိပ်ပျော် သလို ရှိ ရာ မှ နိုး လာသောအခါ ညနေ စောင်း လုပြီ ။

အဝိုင်း ကို သတိရ သဖြင့် တံခါး ကို လှမ်းကြည့်၏ ။ စေ့မြဲ အတိုင်း ရှိနေသည် ။ ယခု ထက် ထိများ အိပ်ပျော် နေသေးလား မသိ ။

ရေ လှူရန် မြစ်ဆိပ် သို့ ရေခပ် ဆင်းသူများ ဆင်း ကုန်ကြပြီ ။ ရေလှူ တွင် အဝိုင်း ပါရဦးမည် ။ တော်တော်ကြာ လိုက် ရှာကြ ၊ မေးကြ လုပ်နေ ကြတော့မည် ။ ကျွန်တော် စိတ်ပူ လာ၏ ။ မြစ်ဆိပ် ကို လှမ်း ကြည့်သော အခါ ရေအိုး ကိုယ်စီ နှင့် သူငယ်မများ ကို မြင် နေရသည် ။ မော်တော်ဖြူဖြူလေး တစ်စင်း က လည်း ကမ်း က ခွာစ ပြု နေသည် ။ မော်တော် ကို လှမ်း ၍ တချို့ က လက်ယမ်း ပြ နေကြသည် ။ ဘယ် အချိန် ဆိုက် လာခဲ့သည် ပင် ကျွန်တော် မသိလိုက် ။

တံခါး ကို ပုတ် ၍ “ အဝိုင်း ရေ - အဝိုင်း ရေ ” ဟု နှိုး ပါသည် ။ ထူးသံမ ကြားပါ ။ ခပ်ကျယ်ကျယ် ပုတ် နှိုးပါ လည်း မရပါ ။ ထပ်၍ ခပ်ပြင်းပြင်း ထု ရင်း ခေါ် ပါသည် ။ အိပ်ခန်း မှာ ငြိမ်ချက်သား ကောင်း နေသည် ။ သို့ဖြင့် စိုးရိမ် လာပြီး တံခါး ကို ဖွင့် ဝင် လိုက်မိပါသည် ။
ဘယ်လို ဖြစ်ပါလိမ့် ။ ခုတင် ပေါ် တွင် အဝိုင်း မရှိတော့ပြီ ။ သူ့ အဝတ်ကလေးများ လည်း မရှိပြီ ။ အိပ်ရာ ဘေး မှ ပြတင်းတံခါး ပွင့် နေသည် ။ ထို အပေါက် မှ ဆင်းပြေးဟန် တူပါသည် ။

စောင်ကလေး ကို သပ်ရပ်စွာ ခေါက်၍ ခြေရင်း မှာ ထား ခဲ့သည် ။ ခေါင်းအုံး ဘေး တွင် စာကလေး တစ်စောင် တွေ့ ရသည် ။ တိုတိုပဲ ရေး ထားသည် ။

ဆရာ ရယ် ...

ဆရာ့ မျက်နှာ ကို အဝိုင်း ဘယ်တော့ မှ ကြည့်ဝံ့ တော့ မှာ မဟုတ်ပါဘူး ။

                   ဝိုင်း

ဟူ၍ ဖြစ်ပါသည် ။

နောက် သူကြီး အိမ် သွား စုံစမ်း ကြည့်ပါသည် ။ ထိုနေ့ က ပျာယီး ပျာယာ နှင့် သစ်ထုတ်လုပ်ရေး ဘက် မှ မော်တော်ကြုံ နှင့် မော်လိုက် ကို လိုက် သွားကြောင်း ပြော ပြ၍ သိရပါသည် ။

တစ်ရက် နှစ်ရက် မျှော်သည် ။ အဝိုင်း ပေါ်မလာ ။ တစ်လ နှစ်လ မျှော်သည် ။ အဝိုင်း ပေါ် မလာ ။ တစ်နှစ် နှစ်နှစ် မျှော်သည် ။ ယခု ဆိုလျှင် ထို သင်္ကြန် မှာ ဆယ့်ငါးနှစ် ပင် ရှိခဲ့ပြီ ။ အဝိုင်း ကား ပေါ် မလာတော့ ။

◾ မင်းဏီ

📖 ရှုမဝ မဂ္ဂဇင်း
      ဧပြီလ ၊ ၁၉၇၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment