Monday, April 15, 2024

ပိတောက်တစ္ဆေ


 ❝ ပိတောက်တစ္ဆေ ❞ 


စိမ်းညိုရွက် ဆင်သော ပိတောက်ပင် အထက် ဥသြငှက် ၏ လွမ်းမက်ဖွယ် တေးသံ ကို ကြား ရသည် ။


လေဝှေ့ လေ လျှင် ရွှေဝါရောင် ပိတောက်ပွင့် တို့ ဆီ မှ ပျံ့မွှေးကြူအေး သော ရနံ့ ကို ခံစားရသည် ။


ဪ .. အတာသင်္ကြန် ရောက်ခဲ့ရပြန်ပါပြီ ကော ။


ထွေး သည် အိမ် ၏ ပြတင်းပေါက် မှ နေ၍ ခြံထောင့် ရှိ  ပိတောက်ပင် ကို ငေးကြည့် နေသည် ။ သင်္ကြန် လက်ဆေးမိုး ရွာချခဲ့ သဖြင့် ပိတောက်ရွက် တို့ သည် သန့်စင် နေလေ သည် ။ စိမ်းညို နေလေသည် ။ အဝတ်သစ် ကို ဝတ်ဆင် ထားရသော ကလေးငယ် အသွင် ဖြင့် လန်းရွှင် နေပေသည် ။


အဝါရောင် ပိတောက်ပန်း တို့ က နံနက်ခင်း နေရောင်ခြည် အောက် တွင် အလှိုင်း လှိုင်း ထအောင် ပွင့် နေကြသည် ။ ပိတောက်ပင် ကို ကြည့်ရသည် မှာ ပိတောက်ပွင့် ကို ဆင် မြန်း ထားသော မိန်းမပျိုကလေး အသွင် ပျိုမြစ်တင့်ဆန်း နေသည် ဟု ထွေး ထင်သည် ။ 


ပိတောက်ပန်း ၏ ချိုအေးကြူမွှေး သော ရနံ့ နှင့် အတူ သင်းပျံ့ လှသော မြေသင်း ရနံ့ ကို ထွေး ရှူရှိုက် မိသည် ။ ထွေး ၏ ရင် မှာ ဆွတ်ပျံ့ကြည်နူးခြင်း ကို ခံစား နေရပေသည် ။ 


ပိတောက်ပန်း ကို ထွေး မြတ်နိုးသည် ၊ နှစ်သက်သည် ။ ပိတောက်ပွင့်များ ကို မြင် ရ လျှင် ပျောက်ဆုံး နေသော ချစ်သူ ကို ပြန်လည် တွေ့ ရှိရသည် သို့ ပျော်ရွှင် ကြည်နူး လာ မိ တတ်လေသည် ။


ထွေး သည် ကိုယ်တိုင် ပြင်ဆင် ထားသော အတာအိုး ဘက် သို့ လှမ်း ကြည့်လိုက်သည် ။


အတာအိုး အတွင်း ၌ သပြေပန်း များ ၊ မြေစာရွက် များ ၊ ဆီးရွက် များ ၊ အုန်းလက် များ ရှိနေကြ ပေသည် ။ ကျရောက် လာ မည့် အတာသင်္ကြန် ကို ကြိုရန် ပြင်ဆင် ထားခြင်းဖြစ် သည် ။


တစ်မနက် လုံး ပင် ထွေး သည် အားလပ်သည် မရှိအောင် ပြင်ဆင် နေရသည် ။ 


သင်္ကြန်ထမင်းပွဲ အတွက် ဖယောင်း ဖြင့် ဖောက်သော ထမင်းပုစွန်ခြောက်ကြော် ၊ ငါးခြောက်ထောင်း တို့ သည် လည်း အဆင်သင့် ရှိနေပြီ ဖြစ်သည် ။


ဧည့်ခန်း ကို ဆေးကြောသန့်စင် ကာ လောလောဆယ် ဧည့်သည် ရောက် လာတော့ မည့် အသွင်မျိုး ဖြစ်အောင် ပြင်ဆင် ထားရသည် ။ ဧည့်ခန်း ရှိ ပန်းအိုး များ ၊ ဘုရားပန်းအိုး များ တွင် ပိတောက်ပွင့် တွေ ဝေ နေအောင် ထိုး ထားသည် ။ ခန်းဆီးများ ကို လည်း အဝါ ရောင် ဘရိုကိတ်ခန်းဆီး များ ဖြင့် လဲလှယ် တပ်ဆင် ထား ရသည် ။


ဧည့်ခန်း ရှိ အားလုံးသော အရာ တို့ မှာ လန်းရွှင်လျက် စိတ်ချမ်းမြေ့ဖွယ် အသွင် ဆောင် ထားသည် ။ သို့ရာတွင် ထွေး သည် ထင် သလောက် စိတ်ချမ်းမြေ့မှု မရှိပေ ။ စိတ် တွင် တစ်စုံတစ်ရာ အတွက် စနိုးစနောင့် ရှိနေရသည် သာ ဖြစ်သည် ။ တစ်စုံတစ်ရာ အတွက် တထင့်ထင့် ရှိနေမိသည် သာ ဖြစ်သည် ။


မနက်ဖြန် တွင် ကျရောက် လာမည့် သင်္ကြန်ရက်များ ကို ပင် ကျရောက် မလာစေချင် ၊ ဖြစ်နိုင်လျှင် မိမိ နှစ်သက် မြတ်နိုး လှသော ပိတောက်ပွင့် တို့ ကို ပင် ပွင့်မလာ စေချင်ပေ ။ 


ဤသည် မှာ ကြီးကြီးမြ နှင့် ပတ်သက်၍ ဖြစ်ပေသည် ။


သင်္ကြန် ထမင်းပွဲ ၌ ကြီးကြီးမြ တစ်ယောက် မျက်ရည် ပေါက်ပေါက် ကျရဦးမည် ကို ကြိုတင် မြင်ယောင် နေသောကြောင့် ဖြစ်ပေသည် ။


ကြီးကြီးမြ သည် သင်္ကြန် အကြိုနေ့ ကို ရောက် လေတိုင်း လာမည် ဟု မသေချာသော ၊ တပ်တပ်အပ်အပ် မပြောနိုင် သော ဧည့်သည် တစ်ယောက် ကို စောင့်ကြို နေ ရသော မိန်းမကြီး တစ်ယောက် ဖြစ် လေသည် ။ သင်္ကြန် နှင့် ပတ်သက်လျက် ၊ ပိတောက်ပန်း နှင့် ပတ်သက်လျက် အစွဲအလမ်း ကြီးမား လှ သူ ဖြစ်လေသည် ။


ထွေး ကြီးကြီးမြ အိမ်သို့  ရောက်ခဲ့သည် မှာ ၁ဝ နှစ် တိတိ ရှိခဲ့လေပြီ ။ မိဘ နှစ်ပါး လုံး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ ကြ ပြီး နောက် ထွေး ကို ကြီးကြီးမြ က ကောက်ယူ မွေးစားခဲ့သည် ။ ထွေး ၏ မွေးမေ နှင့် ကြီးကြီးမြ တို့ က ညီမဝမ်းကွဲ တော်စပ်သည် ။ ထို့ကြောင့် ထွေး နှင့် ကြီးကြီးမြ သည် တူအရီး တော်စပ် ပေသည် ။


ကြီးကြီးမြ အိမ် တွင် အစစ အရာရာ ပြည့်စုံသည် ။ ကြီးကြီးမြ သည် ကြွယ်ဝချမ်းသာ သူ ဖြစ်သည် ။ တစ်သက်တာ ကာလ ပတ်လုံး သုံးစွဲ ၍ သော်မှ ကုန်နိုင်ဖွယ် မရှိသည့် ငွေ ကြေး တို့ ကို ပိုင်ဆိုင် ထားသည် ။


ကြီးကြီးမြ ၏ အိမ်မှာ ခံ့ညား လှသည် ။ ဝန်းကျယ်ခြံကြီး နှင့် တစ်ထီးတစ်နန်း ဆန် သည် ။ မြို့ နှင့် အတော်ချည်း အလှမ်း ကွာသည် ။ တသီးတသန့် ဆန်ကာ အေးချမ်းလှပေ သည် ။


သည် အိမ် တွင် အစစအရာရာ ပြည့်စုံပါ လျက် အလို မပြည့်နိုင်သော အရာ တစ်ခုပဲ ရှိသည် ။


နာကြည်း ကြေကွဲဖွယ် အတိတ် ကို ရင် မှာ ထွေးပိုက် ထားရခြင်း ဖြစ်သည် ။ သင်္ကြန် အကြိုနေ့ ၌ ပြုလုပ် လေ့ ရှိသော သင်္ကြန်ထမင်းပွဲ တွင် ကြီးကြီးမြ တစ်ယောက် မျက်ရည် ကျ ရလျက် လူ တစ်ယောက် အတွက် နေရာလွတ် တစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည် ။ ယင်း လူ ကို ပင် နေ့ နှင့် အမျှ နာရီစက္ကန့် နှင့် အမျှ စောင့်မျှော် နေရခြင်း ဖြစ်သည် ။


လူ တစ်ယောက် ဆိုသည် ထက် အစ်ကိုမောင် ဟု ဆိုလျှင် ပို၍ ပြည့်စုံပေမည် ။ 


အစ်ကိုမောင်ကို ထွေး ကောင်းစွာ တွေ့ မြင်ဖူးခြင်း မရှိခဲ့ ။ ငယ်စဉ် က တစ်ခါ ၊ နှစ်ခါ လောက် သာ မြင်ဖူး သည် ။


အစ်ကိုမောင် သည် ကြီးကြီးမြ ၏ တစ်ဦးတည်း သော သား ဖြစ်သည် ။


အစ်ကိုမောင် အိမ် မှ ထွက်သွားသည် မှာ သည် နှစ် ဆိုလျှင် ၁ဝ နှစ် တိတိ ရှိခဲ့လေ ပြီ ။ ကြီးကြီးမြ သည် သား ဖြစ်သူ ကို ထာဝရ စောင့်မျှော် နေခဲ့သည်မှာ လည်း ၁၁ နှစ် ပြည့်ခဲ့ပြီ ။


အစ်ကိုမောင် အိမ် မှ ထွက်ခွာ သွားခြင်းသည် နာကြည်း ကြေကွဲဖွယ် အတိတ်ဖြစ်ပေ သည် ။ ကြီးကြီးမြ တစ်ယောက် ကြွယ်ဝချမ်းသာ ပါ လျက် စိတ်လက် မကြည်မသာ ရှိခဲ့သည် မှာ ယင်း ကိစ္စ ကြောင့် ပင် ဖြစ်သည် ။


အစ်ကိုမောင် အိမ် က ထွက်သွားချိန် မှာ အသက် ၁၈ နှစ် တွင် ဖြစ်၍ ယခုအခါ သူ သူ ၏ အသက် သည် ၂၈ နှစ် ရှိလေရော့မည် ။


အိမ် မှ ထွက်သွားသည် ဆို ကတည်း က အစ်ကိုမောင့် သတင်း ကို မကြားရတော့ ။ အစ်ကိုမောင့် ထံ မှ စာ တစ်စောင် တလေ မျှ လည်း မလာ ။ အစ်ကိုမောင် နှင့် ပတ်သက် လျှင် အဆက်အသွယ် အားလုံး ပြတ် နေခဲ့သည် ။


ထို အတွက် ကြီးကြီးမြ သည် အစဉ် လို စိတ် မချမ်းမသာ ရှိ နေခဲ့သည် ။ ထာဝရ လူမမာကြီး ပမာ ရှိနေခဲ့ရသည် ။


တစ်ခု ပဲ ရှိသည် ။ နှစ်စဉ် ပိတောက် ပွင့်ချိန် တိုင်း အစ်ကိုမောင့် ထံ မှ ပိတောက်ပန်း ခြောက်များ ကြီးကြီးမြ ထံ ရောက်လာ တတ်ခြင်း ဖြစ်သည် ။ စာအိတ် တွင် အခြား တစ်စုံ တစ်ရာ မပါဘဲ ပိတောက်ပန်းခြောက်များ ကို ချည်း ပေးပို့တတ်ခြင်း ဖြစ်သည် ။ ၁ဝ နှစ် လုံးလုံး ပင် နှစ်စဉ် ပိတောက်ပန်းများ ကြီးကြီးမြ ထံ ရောက်လာမြဲ .. ။


ပိတောက်ပန်းများ ရောက်လာ ဖြင့် ကြီးကြီးမြ သည် သား ဖြစ်သူ က သူမ အား ထာဝရ အမှတ်ရ နေသည် ထင်၏ ။ တစ်နေ့ မဟုတ် တစ်နေ့ သူမ ထံ ပြန် ရောက် လာလိမ့် မည် အထင် နှင့် ကြိုဆို နေ တတ်သည် ။ စက္ကန့် နာရီ မလပ် သား ဖြစ်သူ အား စောင့်မျှော် ပေသည် ။


ကြီးကြီးမြ ၏ အိမ်တွင် အကျင့် တစ်ခု ရှိပေသေးသည် ။


၎င်း မှာ သင်္ကြန် အကြိုနေ့ တိုင်း မိသားစု ဆုံ ကာ သင်္ကြန် ထမင်း ကို လက်ဆုံ စား ကြခြင်း ဖြစ်သည် ။ အစ်ကိုမောင် ဖခင် ဦးကျော်ဒင် ရှိစဉ် ကတည်း က အကျင့် ဖြစ်သည် ။ သင်္ကြန် အကြိုနေ့ တွင် အိမ် သို့ ရောက်ရာ အရပ် မှ မဖြစ် ဖြစ်သည့် နည်းဖြင့် ပြန် လာကာ မိသားစု သိုက်သိုက်ဝန်းဝန်း နှင့် ထမင်း လက်ဆုံ စားလေ့ ရှိကြသည် ။


အစ်ကိုမောင် အိမ် မှ ထွက် မသွား ခင် နှစ် က ဦးကျော်ဒင် မော်တော်ကား မှောက် ၍ သေဆုံး သွားခဲ့သည် ။ ထိုစဉ်က ထမင်းစားပွဲ တွင် နေရာ တစ်နေရာ လွတ် ခဲ့လေသည် ။ အစ်ကိုမောင် အိမ် မှ ထွက်သွားသော အခါ ထမင်းစားပွဲ ၌ နေရာ လွတ် တစ်ခု ရှိနေရ ပြန် သည် ။


သို့ရာတွင် ယင်း နေရာလွတ် ကို အလွတ် အတိုင်း မထားပေ ။ လူ တစ်ယောက် ချက်ချင်း ရောက်လာတော့မည့် အသွင်မျိုး ဖြင့် ဖယောင်းနံ့ သင်းသော သင်္ကြန်ထမင်း ကို ပြင်ဆင် ထားခဲ့သည် ။ ထမင်းစားပွဲ မသိမ်းမီ အစ်ကိုမောင် ချက်ချင်း ရောက်လာမည် ဟု ထင်ရသည် ။


စင်စစ်တွင် မူ သင်္ကြန် အကြိုနေ့များ ကို အခါခါ ဖြတ်ကျော် လာခဲ့ရသည့် တိုင် အစ်ကို မောင် ကား ရောက် မလာခဲ့ ။ ထိုနေရာ အတွက် နေရာ လွတ် နေသည် သာ ဖြစ်သည် ။ ထမင်း စားပွဲ သိမ်းခါနီး လေ တိုင်း ရောက် မလာသော သား အတွက် ကြီးကြီးမြ တစ်ယောက် မျက်ရည် ပေါက်ပေါက် ကျရသည် သာ ဖြစ်ပါသည် ။


သည်နှစ် မှာ ကော ။


အစ်ကိုမောင့် ထံ မှ ပိတောက်ပန်းခြောက်များ ရောက် လာသည်မှာ မကြာလှသေး ။ ပိတောက်ပွင့်ဦး ပင် ဖြစ်ပေ လိမ့်မည် ။


ကြီးကြီးမြ သည် အခါတိုင်း နှစ်များ က ထက် သည်နှစ် သား ဖြစ်သူ ကို ပို၍ မျှော် သည် ၊ ပို၍ တမ်းတ သည် ။ ကြီးကြီးမြ သည် ဆယ်နှစ်တာ အတွင်း သား ဖြစ်သူ ၏စိတ် ဖြင့် တဖြည်းဖြည်း လုံးပါး ပါး လာကာ သည် အတိုင်း ဆက်လက် စိတ်ဆင်းရဲနေရ ပါ က ရှေ့ လျှောက် နာလန် ထူ နိုင်စရာ မမြင်တော့ပေ ။ အသက် နှင့် ကိုယ်ခန္ဓာ တည်မြဲမှု မှာ ကြာရှည် ခံနိုင်တော့မည် မထင်ပေ ။


ထွေး သည် ကြီးကြီးမြ ၏ စိတ်ဆင်းရဲမှု ကို မြင်ရ တွေ့ ရ လေတိုင်း အစ်ကိုမောင့် ကို တမ်းတ မိသည် ။ ရောက်လေရာ အရပ် မှ မိခင် ဖြစ်သူ ထံ ပြန်လာ စေ ချင်သည် ။ သတင်းစာများ တွင် ကြော်ငြာ ခေါ်ယူခဲ့သည် မှာ လည်း နှစ်စဉ် ဖြစ်သည် ။ အကြိမ်ကြိမ် အခါခါ ဖြစ်ပါသည် ။


အစ်ကိုမောင် နှင့် ပတ်သက်၍ ထွေး သည် လည်း ကြီးကြီးမြ နည်းတူ အစ်ကိုမောင့် ကို တမ်းတ နေရပေသည် ။


ထို့ကြောင့်ပင် ထွေး သည် တစ်ခါတစ်ခါ တော့ သင်္ကြန် အချိန် ကို ရောက် မလာစေ ချင် ။ ချစ်ခင်မြတ်နိုးရသော ပိတောက်ပန်းများ ကို လည်း မပွင့်စေချင်ပေ ။ သင်္ကြန်ချိန်နှ င့် ပိတောက် ပွင့်သော ရာသီများ ၌ အစ်ကိုမောင် ကို ပို၍ စောင့်ကြို မောရသည် မဟုတ်ပါလား ။  


“ ထွေး .. ထွေး .. ဟဲ့ ၊ ကလေးမ ”


ကျောဘက် မှ ထွက်ပေါ် လာသော အသံ က ထွေး ၏ အတွေးအမျှင်များ ကို ဖြတ် တောက် လိုက်သည် ။ ရုတ်တရက် ကြား လိုက်ရသော အသံ ကြောင့် ထွေး က လန့်ဖျပ်၍ လည်း သွား မိသည် ။


ထွေး ကို ခေါ်လိုက်သူ က အိမ်တွင် ခိုင်းစေရန် ခေါ် ထားသော ဒေါ်စော ဖြစ်သည် ။ 


“ လန့်လိုက်တာ ဒေါ်စော ရယ် ၊ ဘာများလဲ ရေးကြီးသုတ်ပျာ နဲ့ ”


ထွေး က ပြတင်းပေါက် မှ ခွာ ကာ ဒေါ်စော ရှိရာ သို့ လျှောက် လာခဲ့သည် ။


“ အိမ်ရှေ့ မှာ ယောက်ျား ဧည့်သည် တစ်ယောက် ရောက် နေတယ် ။ ဒေါ်စော က နာမည်တွေ ဘာတွေ မေးတော့ ဘာမှ မပြောဘူး ။ ဒါနဲ့ တံခါးဖွင့် မပေးသေးဘဲ ထွေး ကို လာ ခေါ်တာ ”


“ ဧည့်သည် ”


ထွေး က တွေတွေဝေဝေကလေး ဖြစ် သွား လျက် ဒေါ်စော ၏ စကား ကို ပဲ့တင်ထပ် ကြည့်သည် ။


“ ယောက်ျားဧည့်သည် ”


ထွေး သည် အတွေး ကို ဆက်၍ မတွေးနိုင် လောက် အောင် တထိတ်ထိတ် ရင်ခုန် လာ သည် ။ ခြေဖျားလက်ဖျားကလေး တွေ အေးစက် သွားသည် ထင် မိသည် ။  


“ အစ်ကိုမောင် များ လား ”


ထွေး ၏ ပါးစပ် မှ ယောင်၍ ထွက်သွားသည် ။


ထွေး သည် ဝမ်းသာရမည် လား ၊ ဝမ်းနည်းရမည် လား ဝေခွဲ မရနိုင် လောက်အောင် ဖြစ် သွားလျက် ဒေါ်စော ၏ မျက်နှာ ကို စူးစူးစိုက်စိုက်ကြီး ကြည့် လိုက်သည် ။ 


“ ဟင် ဒေါ်ဒေါ်စော အစ်ကိုမောင် များ လား ”


စောစောက ယောင်၍ ထွက် သွားသော စကားကို  ပင် အတည်ပြု ကာ မေး လိုက် မိသည် ။


“ မသိဘူး ၊ ဒေါ်စော လည်း အစ်ကိုမောင် ဆိုတာ ကို မြင်ဖူးလိုက်တာ မှ မဟုတ်တာ ။ ဟုတ်ချင် ဟုတ် နေမှာပေါ့ ”


ထွေး သည် တဆတ်ဆတ် ခုန်သော ရင် ဖြင့် အိမ်ရှေ့ခန်း သို့ ပြေးထွက် ခဲ့မိသည် ။ 

အစ်ကိုမောင့် ကို ရုတ်တရက် မြင်ရမည့် အတွက် ပင် မဝံ့မရဲ ဖြစ်မိသည် ။ စိတ် ထဲ တွင် မဖော်ပြ တတ်သော ဝေဒနာမျိုး ကို ခံစားရ လျက် တထိတ်ထိတ် ရှိနေသည် ။ 

အိမ်ရှေ့ ဆင်ဝင် အောက် တွင် လူ တစ်ယောက် ရပ် နေသည် ။


သံတခါး နှင့် မနီးမဝေး တွင် ရပ် နေခြင်း ဖြစ်သည် ။ ဘေးတစောင်း အနေအထား ဖြင့် ရပ် ကာ စီးကရက် တစ်လိပ် သောက်ရင်း စောင့်စား နေသည် ။ ထွေး ခြေသံ ကြောင့် သည် မှာ ဘက် ကို လှည့် ကြည့်လိုက်သည် ။


“ အစ်ကိုမောင် ”


ထွေး ၏ ပါးစပ် မှ အသံ က လွှတ်ခနဲ ထွက်သွားသည် ။ ဘယ်လိုမှ တားဆီး ၍ မရဘဲ ထွက်သွားခြင်း ဖြစ်သည် ။


အစ်ကိုမောင် မှ အစ်ကိုမောင် အစစ် ။


ထွေး သည် အစ်ကိုမောင့် ကို ကြီး မှ အသေအချာ မမြင်ဖူး သော်လည်း အိမ်ဧည့်ခန်း ရှိ ဓာတ်ပုံများ အရ မျက်မှန်း တန်းမိ နေသည် ။ မြင်ဖူးသည် သို့ ရှိနေသည် ။ 


ထွေး သည် တံခါးသော့ ကို ကမန်းကတန်း ဖွင့်ကာ အစ်ကိုမောင် ရှိရာသို့ ပြေးဆင်း လာ ခဲ့သည် ။


“ အစ်ကိုမောင် ၊ အစ်ကိုမောင် ပြန်လာပြီ နော် ”


ထွေး က အစ်ကိုမောင့် လက်မောင်း ကို ဆုပ်ကိုင် လှုပ်ရမ်းကာ ဝမ်းပန်းတသာ ပြော မိသည် ။


“ ထွေး ဖြင့် ဝမ်းသာလွန်း လို့ ရူးရတော့ မလား မသိဘူး အစ်ကိုမောင် ။ အစ်ကိုမောင် အခုလို အိမ် ကို ပြန် လာတာ ထွေး ဘယ်လို ဝမ်းသာမိမှန်း မသိဘူး ”


ထွေး က စိတ်ပါလက်ပါ ပြောမိခြင်း ဖြစ်ရာ အသံ က လှိုက်လှဲ နေသည် ။ ထွေး သည် စောစောက လို အမျိုးအမည် မခွဲခြား တတ်သော ဝေဒနာ ကို မခံစားရတော့ ၊ တကယ်တမ်း လှိုက်လှဲဝမ်းသာမှု ကို သာ ခံစားနေရသည် ။


ထွေး က အစ်ကိုမောင့် မျက်နှာ ကို လှမ်း ကြည့်လိုက်သည် ။ အစ်ကိုမောင့် မျက်နှာ အနေအထား ကြောင့် ထွေး သည် တွေတွေဝေဝေကလေး ဖြစ်သွား မိသည် ။ 


အစ်ကိုမောင် ၏ မျက်နှာ တွင် ဝမ်းသာခြင်း အရိပ်အယောင် ကို မတွေ့ရ ။ 


ကြည်သာရွှင်ပျခြင်း လည်း မရှိ ။ ဝေခွဲ မရခြင်း ၊ တွေဝေခြင်း ၊ ထူးဆန်းခြင်း ၊ အံ့ဩခြင်း အရိပ်အယောင် တို့ သည် သာ လျှင် ယှက်သန်းလျက် ရှိချေ ။


အစ်ကိုမောင် အဘယ့်ကြောင့် သည်သို့ ဖြစ်နေရသည်ကို အစပိုင်း က ထွေး မတွေး တတ် ။ မစဉ်းစားတတ်နိုင် ။ နောက် မှ သတိရသည် ။


အစ်ကိုမောင် ကိုယ်တိုင် ထွေး ကို ဟုတ်တိပတ်တိ မတွေ့ဖူးခဲ့ ။ တွေ့ဖူးခဲ့သည့် တိုင် ငယ်စဉ် ကနှ င့် ရုပ်ရည် ကော ၊ ကိုယ်လုံးကိုယ်ထည် ပါ ပြောင်းလဲ နေသည့် ထွေး ကို မမှတ်မိ နိုင် ။


ရှိပေစေဦး ။ အံ့သြလက်စ နဲ့ အံ့သြပေစေဦး ။ နောက်မှ ပဲ ရှင်းပြတာပေါ့ ။ ထွေး က သည်သို့ တွေးကာ အစ်ကိုမောင် ၏ ခရီးဆောင် သားရေအိတ် ကို သာ ကောက် ကိုင်လိုက် သည် ။


“ ကဲပါ အစ်ကိုမောင် ရယ် ၊ အပြင် မှာ မတ်တတ်ကြီး ရပ် မနေစမ်းပါနဲ့ ။ အိမ် ထဲ ဝင် ပါ ၊ ကြီးကြီးမြ သာ အစ်ကိုမောင် ကို  မြင်လိုက် ရ ရင် ဘယ်လောက် ဝမ်းသာ ရှာမလဲလို့ ” 


ထွေး သည် တွန့်ဆုတ်ဆုတ် ရှိ နေသော အစ်ကိုမောင့် ကို အိမ် အတွင်း ခေါ်သွင်းခဲ့ သည် ။ တံခါးပေါက် မှ ရပ်လျက် ထွေး တို့ အခြေအနေ ကို စောင့်ကြည့် နေသော ဒေါ်စော ကို မြင်ရသည် ။


“ ဒေါ်ဒေါ်စော က လည်း အစ်ကိုမောင့် ကို များ မမှတ်မိဘူးရယ် လို့ ။ မနက် က ပဲ ဧည့်ခန်း က ဓာတ်ပုံပေါင်တွေ ကြက်မွေး နဲ့ ဖုန် သုတ်ရင်း မောင်မောင် ဆိုတဲ့ သူငယ် ဟာ လူချော ပဲ လို့ မှတ်ချက် ချခဲ့သေးတယ် မဟုတ်လား ။ ကြည့်ပါဦး ၊ ဓာတ်ပုံထဲ က နဲ့ အပြင် နဲ့ ဘာများ ကွဲပြားလို့လဲ ”


ထွေး က ဒေါ်ဒေါ်စော ကို အပြစ် တင်လျက် ဧည့်ခန်း ဆိုဖာများ ဆီသို့ အစ်ကိုမောင် ကို ခေါ်လာသည် ။


“ ထိုင်လေ အစ်ကိုမောင် ၊ ကိုယ့် အိမ် ကိုယ် တောင် မမှတ်မိတော့ဘူးလား ။ ဆက်တီ တွေ အားလုံး လွန်ခဲ့တဲ့ ၁ဝ နှစ် က အတိုင်းပဲ ။ နေရာ တောင် မရွှေ့ပါဘူး အစ်ကိုမောင် ။ ကြီးကြီး က လည်း အရွှေ့ မခံဘူး ”


အစ်ကိုမောင် သည် ယောင်တောင်တောင် အနေအထား ဖြင့် ဆိုဖာ တွင် မရဲတရဲ ဝင်ထိုင်သည် ။ ဧည့်ခန်းဆောင် အသွင်အပြင် ကို မမြင်မတွေ့ ဖူးသော အရာများ အလား လိုက်လံ ကြည့်ရှု နေသည် ။ ထွေး သည် အစ်ကိုမောင့် မျက်နှာ ကို အလွတ် ကျက်မှတ် သလို ကြည့် နေမိသည် ။


အစ်ကိုမောင် က ဧည့်ခန်း ကို ကြည့် ပြီး နောက် ထွေး ဘက် သို့ လှည့် ကြည့်သည် ။ ထွေး နှင့် မျက်စိ ချင်း ဆုံသည် ။ ထွေး က ပြုံးပြ လိုက်သည် ။


“ အစ်ကိုမောင် ထွေး အတွက် ပဟေဠိ ဖြစ်နေတယ် ထင်တယ် ဟုတ်လား ”


“ အစ်ကိုမောင် ထွေး ကို ဘယ် မှတ်မိမလဲ ။ အစ်ကိုမောင် အိမ် က ထွက်သွားချိန်က  ဆိုရင် ထွေး ဟာ ဂါဝန်ဝတ် တုန်း ပဲ ရှိသေးတာ ။ ထွေး က အစ်ကိုမောင့် မေမေ ကြီးကြီးမြ ရဲ့ သမီး ပေါ့ ။  ကဲ ... ဒီလို ဆိုရင် မှတ်မိရော မဟုတ်လား ။ မမှတ်မိ သေးဘူးလား ။ အစ်ကိုမောင့် မျက်နှာ က မှတ်မိပုံ မပေါ်ဘူး ။ အေးပေါ့လေ ... ၁၀ နှစ်လုံးလုံး ဝရမ်းပြေး လုပ်နေ တော့ မေ့ ကုန်ရောပေါ့ ”


“ ထွေး ဒီ အိမ် ရောက် နေတာလည်း ၁ဝ နှစ် ရှိပြီ အစ်ကိုမောင် ရဲ့ ။ အစ်ကိုမောင် အိမ် က ထွက်သွား ကတည်း က ဆိုပါတော့ ၊ ဖေဖေ ရော ၊ မေမေ ရော ရှေ့ဆင့် နောက်ဆင့် ဆို သလို ဆုံး သွားတော့ အဖော် မရှိ ဖြစ်နေတဲ့ ကြီးကြီးမြ က လာ ခေါ်တယ် ။ ဒီ ရောက်တဲ့ ၁၀ နှစ် ကတည်း က ဒီနေ့ လို တစ်ခါမှ စိတ် မချမ်းသာရ ဖူး ဘူး အစ်ကိုမောင်  ၊ တစ်ခါမျှ ဒီနေ့ လောက် ဝမ်းသာရ ဖူး ဘူး ။ ကြီးကြီးမြ က အချိန် ရှိသ၍ အစ်ကိုမောင့် ကို သာ တမ်းတ နေတာ ကလား ။ အထူးသဖြင့် အစ်ကိုမောင် ပို့ လိုက်တဲ့ ပိတောက်ပန်းခြောက် တွေ ရတဲ့ နေ့ ရယ် ၊ ဒီနေ့ လို သင်္ကြန်ကြို နေ့ရယ် တွေ မှာပေါ့ ”


“ ကြီးကြီးမြ က အစ်ကိုမောင် တစ်နေ့ မဟုတ် တစ်နေ့ ပြန်လာမှာပါ ဆိုတာ ရယ် ၊ အစ်ကိုမောင် အိမ် က ထွက် သွားရတာ သူ့ အပြစ်ကြောင့် ပါရ ယ် ဆိုတာ အမြဲ ပြောနေတာပဲ ။ ထွေး တို့ လည်း ဒီ စကားတွေ ကြားရ လွန်း တာ နဲ့ ပဲ အစ်ကိုမောင့် ကို အမြဲ မျှော်နေမိတာပေါ့ ”


ထွေး သည် စကားများ ကို အမျှင်မပြတ် ပြောရင်း တစ်ချက် တစ်ချက် တွင် အစ်ကိုမောင့် မျက်နှာ ပြောင်းလဲ လာလေမည်လား ဟု စောင့် ကြည့်နေမိသည် ။


သို့ရာတွင် အစ်ကိုမောင် ၏ မျက်နှာ အနေအထား က ပြောင်းလဲ မလာရုံ မက ပိုမိုအံ့ဩ တွေဝေ မိသည့် အရိပ်သဏ္ဌာန်များ ပေါ်ပေါက် လာလေသည် ။ သူ ၏ အကြည့် က ရီဝေဝေ ရှိ ကာ ထွေး ၏ မျက်နှာ အနေအထား ကို ပင် အံ့ဩနေသည့် အသွင် ကို ဆောင်ထားလေသည် ။


ထွေး ၏ စကား အဆုံး တွင် အစ်ကိုမောင့် နှုတ်ခမ်းကလေးများ က လှုပ် လာသည် ။ စကား ပြောလိုဟန် တူသည် ဟု ထွေး အကဲခတ် မိသည် ။


“ ဒါ ... ဒါ ... ဒေါ်မြမြ ရဲ့ အိမ်ပါပဲ နော် ”


အစ်ကိုမောင့် ကို ထွေး က အားမရ နိုင်စွာ ကြည့် လိုက်သည် ။


“ ဟုတ်ပါတယ် အစ်ကိုမောင် ရဲ့ ။ ဘာလဲ အိမ်မှား ဝင်လာတယ် ထင်မိလို့လား ။ ဒါ အစ်ကိုမောင့် မေမေ အိမ် ၊ ကိုယ့် အိမ် မှာ သူစိမ်းတွေ တွေ့ ရလို့ အံ့သြ နေသလား ” 


“ ဒေါ်မြမြ ကော ဟင် ”


ထွေး ၏ စကား မဆုံးမီ အစ်ကိုမောင် က ဖြတ် မေးသည် ။


“ အစ်ကိုမောင့် မေမေ ဥပုသ်စောင့် သွားတယ်လေ ။ ရွှေနတ်တောင်ကျောင်း တင်ပါ ။ အခု ပြန် လာမှာပါ ။ ပြန် လာရင် သင်္ကြန်ထမင်းပွဲ အဆင်သင့် ရှိအောင် ထွေး ပြင်ထား တယ်လေ ။ ၁၀ နှစ် လုံးလုံး နေရာလပ် ဖြစ်နေတဲ့ ခုံ မှာ ဒီက နေ့တော့ နေရာလပ် မဖြစ်ရ တော့ဘူးပေါ့  ။ မထွေး တော့ သိပ် ဝမ်းသာတာပဲ အစ်ကိုမောင် ရာ ။ ထွေး ဖြင့် သိပ် ဝမ်းသာတာပဲ ”


ယင်းအခိုက် ဆင်ဝင် သို့ မော်တော်ကား ထိုးဆိုက်သံ ကြားရသည် ။ 


“ ဟော ... ကြီးကြီးမြ ပြန် လာပြီ ”


ထွေး သည် ဝမ်းသာအားရ ပြော လိုက်ရင်း ထိုင်ရာ မှ ခုန်ထ လိုက်သည် ။ အိမ်ရှေ့ ခန်း ဆီ သို့ ပြေး လာခဲ့သည် ။


ကြီးကြီးမြ သည် အခါတိုင်း ထက် ပိုမို ညှိုးငယ်သော ဖျော့တော့သော မျက်နှာ ဖြင့် ကား ပေါ် မှ ဆင်း လာသည် ။ ယောဂီတဘက် ကို ခြုံကာ လက် တွင် စိပ်ပုတီး ကို ဆွဲ ထား သည် ။


“ ကြီးကြီးမြ ကို သိပ် ဝမ်းသာစရာ ကောင်းတဲ့ သတင်း တစ်ခု ပြောစရာ ရှိတယ် ” 


ထွေး သည် ကြီးကြီးမြ ကို ပြေး၍ ကြိုဆိုရင်း ပါးစပ် မှ လည်း အဆက်မပြတ် ပြော လိုက်သည် ။ ကြီးကြီးမြ သည် ယခင် အခါများ က လိုပင် အေးစက်စက် ၊ ထုံထိုင်းထိုင်း အမူအရာ ဖြင့် ထွေး ကို ပြန် ကြည့်သည် ။  


“ ဘာ သတင်း မို့ လဲ ထွေး ရယ် ”


ကြီးကြီးမြ က စိတ်မဝင်စား သလို ဖျော့တော့စွာ မေးသည် ။


“ ကြီးကြီးမြ အရမ်းကာရော ဝမ်းသာ မသွားနဲ့ဦး ၊ စိတ်အေးအေး ထားပြီး ဖြည်းဖြည်း ချင်း ဝမ်းသာနော် ”


ထွေး က ဝမ်း အသာ လွန်ကာ ကြီးကြီးမြ တစ်ယောက် ဆောက်တည်ရာ မရဘဲ ရှိ မည် စိုး၍ ကြိုတင် သတိပေးသည် ။


“ ပြောစမ်းပါကွယ် ၊ ကြီးကြီးမြ မှာ ဒီလောက် ဝမ်းသာစရာ သတင်း ရှိနိုင်မယ် မထင်ပါဘူး ”


ထွေး သည် ကြီးကြီးမြ ၏ မျက်နှာ သူငယ်အိမ် အတွင်း စူးစိုက် ကြည့်ကာ အားပါး တရ ပြော လိုက်သည် ။


“ သူ ပြန်လာတယ် ကြီးကြီးမြ ၊ အစ်ကိုမောင် ပြန်လာတယ် ၊ အိမ် မှာ အစ်ကိုမောင် ရောက် နေတယ် ”


“ မောင်မောင် ”


ကြီးကြီးမြ နှုတ် မှ ထွေး ၏ စကား ကို ပဲ့တင်ထပ် သံ ပေါ် လာသည် ။


ကြီးကြီးမြ ၏ မျက်နှာ သည် ရုတ်တရက် တည်ငြိမ် သွားသည် ။ မျက်လုံးများ က ဝိုင်း စက် ကာ အရောင် တလက်လက် တောက် လာသည် ။ နှုတ်ခမ်းများ က တဆတ်ဆတ် တုန်နေ သည် လား ထင် ရသည် ။


“ မောင်မောင် .. သားသား ”


ကြီးကြီးမြ သည် ပါးစပ် မှ ခေါ်ရင်း ထွေး ကို ဖြတ်ကျော်ကာ ဧည့်ခန်း ဆီ သို့ ပြေးသွား သည် ။ အစ်ကိုမောင် က ဆိုဖာ ရှေ့ တွင် မတ်တတ် ရပ် ကာ သူ့ ထံ ပြေးလာသော ကြီးကြီးမြ ကို လှမ်း ကြည့် နေသည် ။


ကြီးကြီးမြ သည် အစ်ကိုမောင့် ကို အားပါးတရ ပွေ့ဖက် လိုက်သည် ။


“ မောင်မောင် ... သားသား ”


ကြီးကြီးမြ သည် အားပါးတရ လေးလေးပင်ပင်ကြီး ခေါ် လိုက်ရင်း အရုပ်ကြိုးပြတ် လဲကျ သွားသည် ။


အံ့သြခြင်း ၊ ထိတ်လန့်ခြင်း ၊ စိုးရိမ်ခြင်း ၊ ပူပန်ခြင်း အပြည့်ဖြင့် ထွေး သည် ကြီးကြီးမြ ထံ ပြေး လာသည် ။ ကြမ်းပြင် ပေါ်သို့ လဲကျ နေသော ကြီးကြီးမြ ကို ပွေ့ယူရင်း “ ကြီးကြီးမြ ... ကြီးကြီးမြ ” နှင့် ခေါ် နေမိသည် ။


ကြီးကြီးမြ သည် မေ့ နေသည် ၊ သတိလစ် နေသည် ။


ထွေး သည် ကြီးကြီးမြ ကို ပွေ့ထားရာ ၊ အစ်ကိုမောင့် ကို မော့ကြည့် လိုက်သည် ။ အစ်ကိုမောင် က မတုန်မလှုပ် အနေအထား ၊ ထူးခြား အံ့ဩသော မျက်နှာ နှင့် ကြီးကြီးမြ ကို ကြည့်နေသည် ။


“ ကိုးလလွယ် ဆယ်လ ဖွား လာရတဲ့ အမေ အရင်း ခေါက်ခေါက် တစ်ယောက် အပေါ် ဒီလောက်တောင် အငြိုး မထားသင့်ပါဘူး အစ်ကိုမောင် ။ ဒီလောက် တောင် မနာကြည်း သင့်ပါဘူး ။ ကြီးကြီးမြ ဟာ အစ်ကိုမောင် နဲ့ ပတ်သက်လို့ ဘယ်လောက် တောင် နောင်တ တရား ရခဲ့တယ် ၊ အစ်ကိုမောင် ကို ဘယ်လောက် မျှော်ကိုးခဲ့တယ် ဆိုတာ သိဖို့ ကောင်းပါ တယ် ။ လူ တစ်ယောက် အနေနဲ့ သိတတ်ဖို့ ကောင်းပါတယ် ”


ထွေး သည် မျက်ရည် ပြည့်လျှံ လာသည့် မျက်လုံးများ ဖြင့် အစ်ကိုမောင့် ကို  မုန်းတီး စွာ ကြည့် ရင်း အော်ဟစ် ပစ် လိုက် မိလေသည် ။


 •••••   •••••   •••••


“ စိုးရိမ်စရာ မရှိတော့ပါဘူး ၊ နှလုံးရောဂါ အခံရှိတဲ့ လူ ဆိုတော့ ဝမ်းသာစရာ နဲ့ ပဲ

တွေ့တွေ့  ၊ ဝမ်းနည်းစရာ နဲ့ ပဲ တွေ့ တွေ့ ခုလို ဖြစ်တတ် ပါတယ် ။ နောင် ဆိုရင် ဒေါ်မြမြ ကို ခုလို ဝမ်းသာစရာ ၊ ဝမ်းနည်းစရာ အဖြစ်တွေ နဲ့ ဗြုန်းစားကြီး မတွေ့ ရအောင် ဂရုစိုက်ဖို့ပဲ ရှိပါတယ် ”


ပန်ချာပီဆရာဝန်ကြီး ဘရဝမ်ဆင်း က လက်သုတ်ပဝါ ဖြင့် လက် ကို အပြန်ပြန် အလှန်လှန် သုတ်ရင်း ပြော လေသည် ။ ထွေး က ယခု မှ သက်ပြင်း ချ နိုင်လျက် ကြီးကြီးမြ ၏ မျက်နှာ ကို ကရုဏာ ပြည့်လျှမ်း နေသော မျက်လုံးများ ဖြင့် စိုက် ကြည့်နေမိသည် ။ ကြီးကြီးမြ သည် အပူအပင် အကြောင့်အကြ ကင်းစွာ အိပ်ပျော် နေပေသည် ။


အိပ်ပျော် နေသော ကာလ ဆိုသည် မှာ စိတ်ချမ်းမြေ့စရာ ကောင်းလှပါဘိ၏ ။ 


ဆရာဝန် က ထွေး ကို နှုတ်ဆက်လျက် အခန်း အပြင် သို့ ထွက်သွားသည် ။ မကြာမီ ဆရာဝန် ၏ မော်တော်ကား အိမ် မှ မောင်းထွက် သွားသံ ကြားရသည် ။


ခုတင် ခြေရင်း တွင် တွေတွေကြီး ရပ်နေသော အစ်ကိုမောင့် ကို ထွေး လှမ်းကြည့် လိုက်သည် ။ အစ်ကိုမောင် သည် တောင်းပန်တိုးလျှိုး သော ဟန် ဖြင့် ထွေး ၏ မျက်လုံး များ ကို ရင်ဆိုင် ၍ ကြည့်သည် ။


သူ က ခေါင်း ငုံ့ ၍ အခန်း အပြင်သို့ ထွက် သွားသည် ။ ထွေး သည် ကြီးကြီးမြ ကိုယ် ပေါ် သို့ စောင် တစ်ထည် ခြုံပေး ခဲ့ပြီး အခန်း အပြင် သို့ ထွက် လိုက်လာခဲ့သည် ။ အစ်ကိုမောင် က ဧည့်ခန်း မှာ စီးကရက် တစ်လိပ် သောက်ရင်း ထိုင် နေသည် ။


ထွေး သည် အစ်ကိုမောင် နှင့် မျက်နှာချင်း ဆိုင် လို စိတ် ပင် မရှိတော့ ။ မျှော်ခဲ့ရသော ကာလများ ကို နှမြော တသ မိသည် ။ အစ်ကိုမောင် ရောက် လာလျှင် ပင် အကောင်းသား ဟု တွေးနေ မိလေသည် ။


“ အထွေး ... ထွေး ”


အစ်ကိုမောင် ခေါ်သံ ကြောင့် မီးဖိုခန်းဘက် သို့ လှမ်း နေသော ထွေး ၏ ခြေလှမ်း က တုံ့ သွားရသည် ။ အစ်ကိုမောင့် ဘက် သို့ စောင်း၍ ကြည့်သည် ။


“ ထွေး ကို ကျွန်တော် စကား ပြောစရာ ရှိလို့ ခဏ လောက် ခြံ ထဲ ဆင်းရအောင်လား ”


စိတ်တွင်း က ငြင်းပယ်ချင် သော်လည်း အစ်ကိုမောင် ၏ ကြေကွဲဝမ်းနည်း နေဟန် မျက်နှာ ကြောင့် ထွေး က ခေါင်းညိတ် ပြ လိုက်မိသည် ။


ထွေး က အိမ် အပြင်သို့ စတင် ထွက်ခဲ့သည် ။ ခြံထောင့် မှ ပိတောက်ပင် အောက် တွင် အစ်ကိုမောင့် ကို ရပ်စောင့် မိသည် ။


အစ်ကိုမောင် က ထွေး နှင့် မလှမ်းမကမ်း တွင် ရပ်သည် ။ သူ က လက် ထဲ မှ စီးကရက်တို ကို မြေကြီး သို့ ပစ်ချကာ ဖိနပ်ဦး ဖြင့် နင်းခြေ ပြီး ထွေး ကို မော့ ကြည့်သည် ။


“ ကျွန်တော် သိပ် စိတ် မကောင်း ဖြစ်မိတာပဲ ထွေး ရယ် ။ အမှန်တော့ အခြေအနေ တွေ က ကျွန်တော် လိုက် မမီနိုင်အောင် ဗြုန်းစားကြီး ဖြစ်လာတာ ကလား ။ ကျွန်တော့် အနေ နဲ့ ဘယ်လိုမှ ရေလည် အောင် မတွေးတတ် ခင် ဖြစ်လာတာ ဆိုတော့ ဝမ်းနည်းစရာ တွေ ပေါ်ပေါက် လာရတာပဲ ”


သူ ၏ အသံ သည် လှိုက်လှဲ နေပေသည် ။


“ အမှန်တော့ ထွေး ... ကျွန်တော် ဟာ ထွေး တို့ ထင် နေတဲ့ အစ်ကိုမောင် ၊ သို့မဟုတ် ကိုမောင်မောင် မဟုတ်ပါဘူး ”


“ ရှင် ”


ထွေး သည် အထိတ်တလန့် တအံ့သြ ဖြစ်သွားမိသည် ။ သူ့ ကို လည်း ဆတ်ခနဲ လှမ်း ကြည့်မိသည် ။


“ ဟုတ်ပါတယ် ထွေး ၊ ကျွန်တော် ဟာ ကိုမောင်မောင် နဲ့ ခပ်ဆင်ဆင် တူတဲ့ လူ တစ်ယောက် ရယ် ပါ ”


ထွေး သည် မယုံကြည် နိုင် သလို သူ့ ကို လှမ်းကြည့်သည် ။


“ အဖြစ်က ဒီလိုပါ ထွေး ။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက် ကတည်း က ဆိုပါတော့ ။ ကျွန်တော် အမှုထမ်း နေတဲ့ စစ်တပ် ထဲ ကို အစစအရာရာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကိုမောင်မောင် ဆိုတဲ့ လူ တစ်ယောက် ရောက် လာတယ် ။ သူ့ ကို မြင် ကတည်း က ကျွန်တော် စိတ်ဝင်စား မိတယ် ။ အပေါင်းအဖော် ပြုမိတယ် ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ကိုမောင်မောင် နဲ့ ကျွန်တော် နဲ့ ဟာ အမြွှာညီအစ်ကို လို ရုပ်ရည်ချင်း အတော်ဆင် ပါတယ် ။ တပ် ထဲ မှာ ကျွန်တော် တို့ ကို “ ဘုရား ပေးတဲ့ အမြွှာညီအစ်ကို ” လို့ ခေါ်ကြရ လောက်အောင် တူကြပါ တယ် ။ ကိုမောင်မောင် ရဲ့ ထူးခြားချက် က တော့ သူ့ ရဲ့ အတိတ်ကာလ ကို ဘယ် အခါမျှ မေးစမ်းလို့ မရနိုင်တာပါပဲ ။ သူ ဟာ သူ့ ရဲ့ ကျန်ခဲ့တဲ့ ဘဝ အစိတ်အပိုင်းတွေ ကို အတိတ် ကာလသင်္ချိုင်း မှာ ထာဝရ မြှုပ်နှံထားခဲ့ပြီ လို့ ကဗျာဆန်ဆန် ပြောပြ တတ်ပါတယ် ။ သူ နဲ့ ကျွန်တော် အတူ သွား ၊ အတူ စား ၊ အတူ နေ ၊ အတူ ထိုင် ပေမဲ့ သူ့ ဘဝ ကို ကျွန်တော် နဲ့ စ တွေ့တဲ့ အချိန် ရဲ့နောက်ပိုင်း ကို သာ သိရပါတယ် ။ ကျန်တာတွေ ကို တော့ ဘယ်လိုမှ သိခွင့် မရခဲ့ဘူး ထွေး ”


“ သူ့ ရဲ့ ကျန် ထူးခြားချက် က သူ ဟာ ပိတောက်ပန်း ကို မြတ်နိုး တာပါပဲ ။ နှစ်စဉ် ပိတောက် ပွင့်ချိန် ရောက်ပြီ လား ဆိုရင် ပိတောက်ပ န်းကို မရအရ ရှာပြီး တစ်စုံ တစ်ယောက် ဆီ ကို မဖြစ် ဖြစ်တဲ့ နည်း နဲ့ ပို့လေ့ ရှိပါတယ် ။ ပထမ တော့ ကျွန်တော် လည်း ဒါကို သိပ် အလေးအနက် မထားမိပါ     သည် ။ နောက် သုံးလေးနှစ် လောက် အစဉ်အဆက် လုပ် လာ တော့ စိတ်ဝင်စား လာမိတယ် ။ တစ်နေ့ သူ ပိတောက်ပန်းတွေ ထည့်မယ့် စာအိတ် မှာ လိပ်စာ ရေး ထားတာ အသာ ယူ ဖတ်ပြီး မှတ်ထားမိတယ် ။ လွန်ခဲ့တဲ့ ငါးနှစ် က စပြီး သူ ပိတောက်ပန်းတွေ ပို့ မပေးနိုင်တော့တဲ့ အချိန် မှာ ကျွန်တော် ဟာ အဲဒီ လိပ်စာ အရ ပိတောက်ပန်း ကို သူ့ ကိုယ်စား ဆက်ပြီး ပို့ပေး နေ မိတယ် ။ ဒီနှစ် မှာတော့ ကံအားလျော်စွာ ဒီ မြို့ ဘက် ကို ခရီး ထွက်ခွင့် ကြုံ လာပါတယ် ။ အဲဒါကြောင့် ကိုယ် အခင်မင်ဆုံး သူငယ်ချင်း နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း စုံစမ်း ရ အောင် ဒီ အိမ် ကို ဝင်လာရင်း မမျှော်လင့်တာတွေ ဖြစ်ခဲ့ရပါတယ် ”


“ အဓိက က တော့ ကျွန်တော် ဟာ တွေး ထင်နေတဲ့ အစ်ကိုမောင် ၊ သို့မဟုတ် ကိုမောင်မောင် မဟုတ်ဘူး ဆိုတာပါပဲ ။ စောစောပိုင်း က ကျွန်တော့် ရဲ့ ဝတ္တရား မကျေနိုင် တဲ့ အပြုအမူ နဲ့ ပတ်သက်လို့ ထွေး သဘောပေါက် ကောင်းပါရဲ့ နော် ”


ထွေး ဘာမှ မပြောတတ်တော့ ။ မစဉ်းစားတတ် ၊ မတွေးတောတတ်ပေ ။ ထွေး တစ်ခု ပဲ ခံစားရတယ် ။ စောစောက သူမ ပြုမူခဲ့ မိသော အပြုအမူများ အတွက် ရှက်ရွံ့ခြင်း ဖြစ်သည် ။ အပြစ်တင် စောမိသည့် အတွက် နောင်တ ရမိသည် ။


ထွေး နှင့် သူ သည် ကျောက်ရုပ်တုများ အလား စကား မပြောနိုင်ကြဘဲ ရှိသည် ။ ထွေး ၏ ရင် ထဲ မှာ တလှပ်လှပ် ဖြစ်လာသည် ။ ဝမ်းနည်း ကြေကွဲစိတ် ကို မျိုသိပ် မရအောင် ဖြစ် လာသည် ။


“ လွန်ခဲ့တဲ့ ငါးနှစ် က စပြီး အစ်ကိုမောင် ဟာ ပိတောက်ပန်းတွေ ဘာဖြစ်လို့ ပို့ မပေးတော့တာလဲ ဟင် ”


ထွေး သည် စိတ် ထဲ က သိ သလိုလို ရှိမိလျက် သည် မေးခွန်း ကို မေးမိ သေးသည် ။ သူ ၏ မျက်နှာ သည် ပိုမို ညှိုးမှိုင်း သွားသည် ဟု ထွေး ထင်သည် ။


“ ထွေး ရယ် ... ကျွန်တော် ဒီ စကား ကို ဘယ်လို လုပ် ပြောရမှာလဲ ။ သူ ဟာ နောင် ကို လည်း ပိတောက်ပန်း သူ့ မေမေ ဆီ ပို့ဖို့ အခွင့်အရေး မရနိုင်တော့ဘူး ဆိုရင် ထွေး နားလည် မှာပါ ”


“ ဟုတ်ပါတယ် ၊ ထွေး နားလည်ပါတယ် ”


နားလည်ရသည် နှင့် အမျှ အစ်ကိုမောင် အတွက် ကြေကွဲခြင်း ကို ထွေး တလှိုက်လှိုက်ခံစားရသည် ။


“ သူ ဘယ် တိုက်ပွဲ မှာ ကျတာလဲ ဟင် ”


ထွေး သည် တုန်ယင်အက်ကွဲ သော အသံဖြင့် မေးမိသည် ။


“ တိုက်ပွဲ မှာ ကျတာမျိုး မဟုတ်ပါဘူး ။ ချောင်း ပြီး အပစ် ခံရတာဆိုပါတော့ ၊ မြစ်ဝ ကျွန်းပေါ် တစ်နေရာ မှာ ပါ ထွေး ”


သူ ရော ထွေး ပါ စကား မပြောနိုင် လောက် အောင် ဆို့နင့် နေ မိကြပြန်သည် ။ ထွေး  သည် ကြီးကြီးမြ ၏ မျှော်ပုံတော် နှင့် အစ်ကိုမောင် ၏ အဖြစ် ကို ချိန်ထိုး နှိုင်းယှဉ်မိ ကာ အသံ ထွက်အောင် ရှိုက်ပင့် ငိုယို မိသည် ။


“ ကျွန်တော် လာ တုန်း က အဖြစ်မှန် ကို ပြောဖို့ မရည်ရွယ်ပါဘူး ထွေး ၊ သူ က စစ်တပ်ထဲ  ကို ဝင်တုန်း က လည်း တစ်ကောင်ကြွက် အနေ နဲ့ မိဘမဲ့ အနေ နဲ့ ဝင်လာတာ ဆို တော့ စစ်တပ် က သူ ကျဆုံးတဲ့ အကြောင်း ဘယ်ကို မှ အကြောင်းကြားစာ မပို့နိုင်ပါဘူး ။ ကျွန်တော် ရထားတဲ့ လိပ်စာ နဲ့ ပတ်သက် လို့ လည်း ကျွန်တော် က ဘာမှ ရေရေရာရာ မသိ ခဲ့ဘူးလေ ။ ဒေါ်မြမြ ဆိုတာ သူ နဲ့ ဘယ်လို တော်စပ်တယ် ဆိုတာ ကို တောင် မသိခဲ့ပါဘူး ။ ဒါထက် ထွေး ရယ် ၊ ကိုကိုမောင် ဟာ ဘာဖြစ်လို့ အတိတ် ကို ဒီလောက် လျှို့ဝှက် ရတာလဲ ။ ဘာဖြစ်လို့ ဒီလောက် နာနာကြည်းကြည်း ဖြစ်ပြီး အိမ် က ထွက်သွား ရတာလဲ ” 


ထွေး က မျက်ရည် သုတ် ရသည် ။ သည် လူ နှင့် ပတ်သက် လာ လျှင် အဖြစ်မှန် ကို ပြောပြဖို့ တာဝန် ရှိသည်ဟု ထွေး ထင်သည် ။ ပြော လည်း ပြောပြ သင့်သည် ။


“ အစ်ကိုမောင် အိမ် က ထွက်သွားရတာ ဟာ ထွေး သိရသလောက် တော့ ကြီးကြီးမြ  မှာ တာဝန် အများဆုံး ရှိပါတယ် ။ ဒီလိုပါ ... အစ်ကိုမောင် ဟာ ကြီးကြီးမြ ရဲ့ တစ်ဦးတည်း သော သား ပါ ။ အချစ်ဆုံး ပါ ။ အစ်ကိုမောင် မက်ထရစ် အောင် တဲ့ နှစ် မှာ ကြီးကြီးမြ တို့ က တက္ကသိုလ် ပို့ ဖို့ စီစဉ်ပါတယ် ။ ပို့ နိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတာ လည်း အမြင် ပါပဲ ။ ဒါပေမဲ့ အစ်ကိုမောင် တက္ကသိုလ် မသွားနိုင်တဲ့ အဖြစ် တစ်ခု ရှိ လာပါတယ် ။ အဲဒါကတော့ နား နဲ့ မနာ ဖဝါး နဲ့ နာ ပေါ့ ရှင် ။ အစ်ကိုမောင့် မှာ ချစ်သူ ရှိပြီး အဲဒီ ချစ်သူ နဲ့ ကျူးကျူးလွန်လွန် ဖြစ်လို့ မိန်းကလေး မှာ ကလေး ရှိနေတာပါပဲ ။ အမြန်ဆုံး ယူ မှ ဖြစ်တော့မယ့် အခြေအနေ မျိုး ဆိုတော့ အစ်ကိုမောင် က တက္ကသိုလ် ဆက် မသွားတော့ဘဲ ယူ ချင်တယ် ။ ကြီးကြီးမြ က အယူ မခံဘူး ။ တက္ကသိုလ် ကို သွားရမယ် လို့ တစ်ချက်လွှတ် ဆိုပါတယ် ”


“ ကြီးကြီးမြ က အဲဒီ မိန်းကလေး နဲ့ အစ်ကိုမောင့် ကို သဘော မတူတဲ့ နေရာမှာ မိန်း ကလေး ရဲ့ ဆင်းရဲနွမ်းပါးမှု ၊ ဂုဏ်ချင်းကွာခြားမှု တွေ လည်း ပါသပေါ့ ရှင့် ။ မိန်းကလေး က ပထွေး နဲ့ နေရပြီး သူ့ အမေ က ခြံ က ထွက်တဲ့ ပန်းတွေ ၊ ဟင်းသီးဟင်းရွက်တွေ ရောင်း စား ရတယ် ။ ပထွေး က လည်း ယစ်ထုပ်ကြီး ။ ဒီလို ဆိုတော့ ကြီးကြီးမြ အနေနဲ့ သဘောမ တူ တာ ကို အံ့သြစရာ မရှိပါဘူး ။ ကြီးကြီးမြ က အစ်ကိုမောင့် ကို တက္ကသိုလ် သာ ဆက် သွား ပါ ။ မိန်းကလေး ရဲ့ ကိုယ်ဝန် ကို တာဝန်ယူပါ့မယ် လို့ ကတိ ပေးတယ် ။ ဒါနဲ့ အစ်ကိုမောင် တက္ကသိုလ် ကို ဆက် သွားတယ် ၊ ဘွဲ့  ရရင် အဲဒီ မိန်းကလေး ကို ပဲ ပြန် ယူမယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ် ”


“ ဒါပေမဲ့ အစ်ကိုမောင့် ရည်ရွယ်ချက် က အထ မမြောက်တော့ပါဘူး ။ အစ်ကိုမောင် မရှိတော့တဲ့ နောက်ပိုင်း မှာ ကြီးကြီးမြ က လက်သည် နဲ့ မိန်းကလေး ကိုယ်ဝန် ကို အဖျက် ခိုင်းတယ် ။ အဲဒီလို ဖျက် ပစ်ရင်း ကလေး ရော ၊ မအေ ပါ သေဆုံး သွားကြရရှာပါဘယ် ။ ဒါကို အစ်ကိုမောင် သိတဲ့ နောက်ပိုင်း မှာ ကြီးကြီးမြ ကို စိတ် အနာကြီးနာ ပြီး အဆက်ဖြတ် ထွက်သွား တာပါပဲ ”


သူ သည် ပိုမို ကြေကွဲ ဝမ်းနည်း မိသော ဟန် ဖြင့် စုတ်သပ် သည် ။


“ ဖြစ်မှ ဖြစ်ရလေဗျာ ”


သူ ၏ နှုတ် မှ လည်း အသံ က လှိုက်လှဲစွာ ပေါ်ထွက်လာသည် ။


“ ဒီလို ဆိုတော့လည်း သူ့ ဘဝ အစိတ်အပိုင်း တချို့ ကို အတိတ်သင်္ချိုင်း မှာ မြှုပ်နှံ ထားတယ် ဆိုတဲ့ သူ့ စကား ဟာ သိပ် အဓိပ္ပာယ် ရှိလာရ တာပေါ့ ”


“ ကြီးကြီးမြ ဘက် က ပြန် ကြည့် ရင် လည်း သနားစရာ ပါ ။ သူ့ မိုက်မှားမှု က တစ်သက် လုံး သူ့ ကို ခြောက်လှန့်ပြီး နာကြည်းစရာ ကောင်းတဲ့ အတိတ် ကို ထာဝရ ရင် မှာ ပိုက်ထား ရ ရှာပါတယ် ။ လင် ဖြစ်သူ က အရင် သေတယ် ၊ နောက် သား က ခွဲထွက် သွားပြန်တယ် ဆို တော့ ပို ဆိုးတာပေါ့ ။ နှလုံးရောဂါ ရလာတဲ့ အစ က လည်း အဲဒီ စိတ်တွေကြောင့် ပဲ ပေါ့ ။ တစ်ခု တော့ တောင်းပန်ပါရစေ ရှင် ။ ကြီးကြီး ဟာ ရှင့် ကို သူ့ သား လို့ မှတ်ထင် ခဲ့ပါတယ် ။ နောက်လည်း ဒီလိုပဲ ထင် နေမှာပါ ၊ သူ က သား ကို ဘယ်အထိ မျှော်လင့် နေတယ် ဆိုတာ ကျွန်မ ပြောခဲ့ပါပြီ ။ သား ပြန်လာမယ့် အချိန် ကို နာရီ ၊ စက္ကန့်မလပ် မျှော် နေတယ် ။ အထူး သဖြင့် ပိတောက်ပွင့် တဲ့ ရက် မှာ သား ဆီ က လာမယ့် ပိတောက်ပန်းခြောက် ကို စောင့် နေ တတ်တယ် ။ အမှန် တော့ ပိတောက်ပန်းခြောက် ကို အစ်ကိုမောင် သူ့ အမေ ဆီ ပို့နေတာ အဓိပ္ပာယ်ရှိပါတယ် ။ ကလဲ့စား ချေနေတာ လို့ လည်း ပြောလို့ ရပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ အစ်ကိုမောင့် ချစ်သူ မိန်းကလေး နာမည် က ‘ ပိတောက် ’ တဲ့  ” 


“ ပိတောက် ဟုတ်လား ”


သူ က တအံ့တသြ မေးသည် ။


“ ဟုတ်တယ် ၊ ရှားရှားပါးပါး နာမည် နော် ။ မပိတောက် လို့ ခေါ်ရလိမ့်မယ် ထင်ပါ


သူ က “ ပိတောက် ၊ မပိတောက် ” ဟု ပဲ့တင်ထပ် ကြည့် နေသည် ။


“ နေပါဦး ၊ ပိတောက်ပန်း ကို ဒေါ်မြမြ ဆီ ပို့ နေတာ က ဒီ ပန်း ကို မြင်တိုင်း သူ ကျူး လွန်ခဲ့တဲ့ ပြစ်မှု ကို သတိရ အောင် နာနာကြည်းကြည်း ဖြစ် ပြီး ပို့ပေးနေတာပေါ့ ဟုတ်လား ။ ဒါဖြင့် ကျွန်တော် သူ့ ကိုယ်စား ပို့ပေး နေတာတွေ က လည်း ဒီ သဘောမျိုး ပဲ သက်ရောက် နေတော့မှာပေါ့ ။ ကျွန်တော် ဒါတွေ မသိလို့ပါ ဗျာ ။ သိရင် မပို့ပါဘူး ။ တကယ် မပို့ဘူး ” 


သူ က နောင်တ ရ စွာ ရေရွတ် နေသည် ။


“ အင်း .. တကယ်တော့ ကျွန်တော် ဟာ ကိုမောင်မောင့် နေရာ က နေပြီး ကြီးကြီးမြ ကို တစ္ဆေခြောက် ပေးနေရတာပါပဲကလား ဗျာ ”


သူ က သက်ပြင်း ရှိုက်သည် ။ ထွေး က စကား ဆက်သည် ။


“ ပို့ပေးတဲ့ အတွက် ထွေး တော့ ရှင့် ကို ကျေးဇူး တင်မိ သေးတယ် ။ အဘွားကြီး က တစ်ဖက်လှည့် နဲ့ တွေးပြီး ဒါကို ဝမ်းသာ နေတာကလား ။ သူ့ သား လူ့ပြည် မှာ ရှိသေးတယ် ၊ သူ့ ကို သတိရ နေသေးတယ် ဆိုတဲ့ အထိမ်းအမှတ် တဲ့ လေ ”


“ ကိုမောင်မောင့် ကိုယ်စား ကြီးကြီးမြ ကို လက်စား ချေနေခဲ့ရတာပါကလား ။ ပိတောက်ပန်း တွေ နှစ်စဉ် ပို့ပေး နေမိရင်း နဲ့ ကျွန်တော် လည်း စဉ်းစား လာမိတယ်လေ ။ သေဆုံးသူ ရဲ့ ကိုယ်စား ပိတောက်ပန်း ကို ပို့ နေရတာ အပို့ ခံရသူ အတွက် တစ္ဆေခြောက် သလိုများ ဖြစ်နေမလား လို့ စဉ်းစားခဲ့ မိပါတယ် ။ ဒါကြောင့်လည်း ကျွန်တော် ဒီ မြို့ကို လာခဲ့တာပါ ။ ထွေး တို့ အိမ် ကို ဝင်ခဲ့တာပါ ”


“ ခုနက စကား ပြတ် သွားတယ် ။ ကြီးကြီးမြ နဲ့ ပတ်သက်လို့ ပေါ့ ။ ကြီးကြီးမြ ဟာ အသက် လည်း ကြီးပါပြီ ၊ နောင်တတရား ရ နေသူ ဆိုတော့ သနားစရာ လည်း ကောင်းပါ တယ် ။ သူ့ ရဲ့ စိတ်ဆန္ဒ ပြည့်ဝစေချင်တယ် ။ မသေခင် အတောအတွင်းကလေး မှာ စိတ် ချမ်းသာ စေချင်တယ် ။ ဒီတော့ ရှင့် အနေနဲ့ အစ်ကိုမောင် ဆုံး တာ ကို မပြောစေချင်ဘူး ။ ကိုယ်တိုင် အစ်ကိုမောင် မဟုတ်တာ ကို လည်း အဘွားကြီး မသိစေချင်ဘူး ။ ရှင် ဒီ မြို့မှာ ဘယ်လောက်ထိ ကြာကြာ နေနိုင်မှာလဲဟင် ”


“ သင်္ကြန်ရက် ပါ ၊ သုံးရက် တည်း ပါ ”


“ အဲဒီ သုံးရက် အတွင်း ဒီ အိမ် မှာ နေပြီး ကြီးကြီးမြ ကို အစ်ကိုမောင့် နေရာ က ပြုစုပေး စေချင်တယ် ။ အရှင်းဆုံး ပြောရရင် အစ်ကိုမောင် အဖြစ် နဲ့ ဟန်ဆောင် နေစေချင်တယ် ။ ဒါမှလည်း ကြီးကြီးမြ ဟာ တစ်သက်လုံး ယူကျုံးမ ရ ဖြစ်ခဲ့သမျှ ပြေပျောက်တော့ မှာ ပဲ ။ နို့မဟုတ် ရင် သေတာ တောင်မှ  အသေ ဖြောင့် မှာ မဟုတ်ပါဘူး ”


ထွေး ၏ တောင်းပန် စကား ကြောင့် သူ့ တွင် တွေးစရာတွေ အများကြီး ပေါ်လာသည် ။ စဉ်းစားစရာတွေ တစ်ပုံတစ်ပင်ကြီး ရှိ လာသည် ။ သူ သည် ဟန်ဆောင်ရမည့် အတွက် မဝံ့မရဲ ဖြစ်နေမိသည် ။


“ ထွေး တောင်းပန်ပါတယ် ရှင် ၊ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ် ။ ဒါကလေး တစ်ခု ကို တော့ လိုက်လျောခဲ့စမ်းပါ ၊ ဖြည့်စွက်ခဲ့စမ်းပါ ။ ကြီးတောင့်ကြီးမကြီး ကျ မှ နောင်တ ရ မဆုံး ဖြစ်နေတဲ့ မိန်းမကြီး အတွက် အဲဒီလောက် တော့ စွန့်စားစမ်းပါ  ”


သူ သည် စိတ်အား ထက်သန်စွာ ပြောဆို တောင်းပန် နေသော ထွေး ၏ မျက်နှာ ကို စူးစူးစိုက်စိုက် သေသေချာချာ ကြည့် နေမိသည် ။ သူ့ ရင် တွင် ဝေဒနာ တစ်ရပ် ကို ခံစားရသည် ထင် မိသည် ။ သူ က နှုတ် မှ မတိုးမကျယ် ကတိ ပေးမိသည် ။


“ ကျွန်တော် ကြိုးစားပါ့မယ် ထွေး ၊ ကျွန်တော် ကြိုးစားပါ့မယ် ”


သည်လို ဖြင့် အသာယာဆုံး ၊ အချမ်းမြေ့ဆုံး ၊ အပျော်ရွှင်ဆုံး အချိန်ကာလများ ကို ထွေး တွေ့ကြုံ ခံစား လာရသည် ။


၁၀ နှစ်တာ ကာလ ပတ်လုံး မမြင်မတွေ့ ခဲ့ရသည့် ကြီးကြီး ၏ အပြုံး ကို တွေ့မြင် ရသည် ။ နေရာလပ် တစ်ခု ရှိနေသော သင်္ကြန်ထမင်းပွဲ တွင် လူစုံတက်စုံ ရှိ နေသည် ။ မေမေ နှင့် သား ဟူသော ဆွတ်ပျံ့ကြည်နူးဖွယ် အခေါ်အဝေါ် နှင့် တကယ့် သားအမိအရင်း သဖွယ် အကြင်အနာ ၊ အပြုအစု ၊ အယုအယကလေးများ ကို မြင်လာ ရသည် ။ ထွေး က တိုးတိုးကလေး ဆုတောင်း မိသည် ။ 


“ အစ်ကိုမောင် ကိုယ်တိုင် ပဲ ဖြစ်လိုက်ပါတော့ ရှင်ရယ် ”


 •••••   •••••   •••••


သင်္ကြန်အတက်နေ့ ည


လဆုတ်ည မို့ လ မသာပေ ။ သို့ရာတွင် ကြယ်ရောင် လင်းလက် နေသော ကောင်းကင်ပြာ က လှ နေသည် ။


ခြံထောင့် ရှိ ပိတောက်ပင် မှာ အရွက်များ ဝေဆာ ပြိုင်းရိုင်း လျက်ရှိသည် ။ လေဝှေ့ လေ လျှင် တရှီးရှီး တရှဲရှဲ အော်မြည် သွားတတ်သည် ။


သည်လို ညမျိုး တွင် ဆန့်ကျင်ဘက်လိင် နှင့် မျက်နှာချင်း ဆိုင် ကာ စကား ပြောရ သည် မှာ ထွေး အဖို့ ပထမဆုံး အကြိမ် ဖြစ်သည် ။ ပြီး ရင် အခုန်ရဆုံး ည ။


“ ကျွန်တော် တော့ အားလုံး အဆင်ပြေတာ ကို သိပ် ဝမ်းသာတာပဲ ထွေး ။ မိဘမဲ့ ဘဝ နဲ့ ကြီးပြင်း လာရတဲ့ ကျွန်တော့် အဖို့ ခုလို ကိုယ့် မိခင် နဲ့ မခြား ပြုစု ရတာ ၊ ပြောဆိုရတာတွေ ဟာ သိပ် သာယာစရာ ကောင်းတာပဲ ။ ဖြစ်နိုင်ရင်တော့ လေ ဒီမှာ သာ အမြဲ နေလိုက်ချင်ပါတယ် ” 


“ ကိုမင်းဆွေ နေမယ် ဆိုရင် ကြီးကြီးမြ က လက်ခံ ထားမှာပါ ”


“ မဖြစ်သေးဘူး ထွေး ရယ် ၊ ကျွန်တော့် ဘဝ အကျိုးပေး က တစ်မျိုး ပါ ။ ဒီလို နေထိုင် နိုင်ခွင့်ရှိ တဲ့ အကျိုးပေး မပါဘူး လို့ ပဲ ဆိုရမယ် ထင်ပါရဲ့ ။ ကျွန်တော် မနက်ဖြန် မနက် အစောကြီး ပြန်ရတော့မယ် ။ ဘယ် ရောက်လို့ ဘယ် ပေါက်မယ် ဆိုတာ မပြောတတ်သေးဘူး ”


ကိုမင်းဆွေ ၏ အသံသည် ကရုဏာ သက်ဖွယ် ကောင်းသည် ဟု ထွေး ထင်သည် ။ ထွေး သည် အမှောင် အတွင်း မှ မမြင်ရသော ကိုမင်းဆွေ ၏ မျက်နှာ ကို မမြင်နိုင်မှန်း သိ လျက် စူးစိုက် ကြည့် နေမိသည် ။


လေ တိုးဝှေ့ လိုက်သည် ။


ပိတောက်ပန်းကြွင်းရနံ့ ကို ခံစား ကြရသည် ။


“ ပိတောက်တွေ ပွင့် ရင် ကျွန်တော် တော့ ကြီးကြီးမြ နဲ့ ထွေး ကို ပိုပြီး အမှတ်ရ မိတော့ မှာပဲ ။ အစဉ်အမြဲ သတိရ နေ မှာ ဖြစ်ပေမဲ့ ဒီအခါ မှာ ပိုပြီး သတိရမိမယ် ထင်တယ် ထွေး ”


“ ထွေး တို့ က လည်း ဒီအတိုင်း ပဲ ရှိမှာပေါ့ ကိုမင်းဆွေ ”


“ အေးဗျာ .. ဖြစ်နိုင်မယ် ဆိုရင်တော့ သင်္ကြန်အကြိုနေ့ တိုင်း ထွေး ဆီ ကို အရောက် လာချင်ပါတယ် ။ ကြိုးစားမယ် ၊ မလာဖြစ်ရင် တော့ ပိတောက်ပန်း ကို ပဲ ပို့ လိုက်မယ် ။ ပိတောက်ပန်း ကို ကျွန်တော် လည်း မြတ်နိုးပါတယ် ထွေး ၊ နှစ်ခြိုက်ပါတယ် ။ ပန်း ထဲ မှာ ကျွန်တော် အစွဲလမ်း ဆုံး ဟာ ပိတောက်ပန်း ပါ ”


“ မနေ့က ထမင်းပွဲ မှာ ကြီးကြီးမြ စိတ်မချမ်းမသာ ဖြစ်စေမယ့် ပိတောက်ပန်း ကို ပို့မပေးပါရစေနဲ့ တော့ လို့ ပြောခဲ့တယ် မဟုတ်လား ကိုမင်းဆွေ ”


“ ကျွန်တော် ကြီးကြီးမြ ဆီ ကို ပို့မှာ မဟုတ်ပါဘူး ထွေး ။ ကျွန်တော် မြတ်နိုးတဲ့ ပိတောက်ပန်း ကို ကျွန်တော် မြတ်နိုးမိတဲ့ လူ တစ်ယောက် ဆီ ကို သာ ပို့ မှာပါ ၊ ထွေး ဆီ ကို သာ ပို့ မှာပါ ထွေး ရယ် ”


ကိုမင်းဆွေ ၏ အသံ က စိတ်ပါလက်ပါ ရှိရာ ရွှင်ရွှင်ပျပျ ဖြစ်စေသည် ။


အကယ်၍ လရောင်လင်း သော ည သာ ဖြစ်ခဲ့ပါ လျှင် ရှက်သွေးဖျန်း လျက် ကာ နှစ် သိမ့်ကျေနပ်စွာ ပြုံး နေသော ထွေး ၏ မျက်နှာ ကို ကိုမင်းဆွေ မြင်တွေ့ ရလိမ့်မည်ဖြစ်ပါသည် ။


 •••••   •••••   •••••


ယခင် က ထွေး သည် ပိတောက်ပန်း ပွင့်ချိန် တန်လေတိုင်း အစ်ကိုမောင့် ထံ မှ ပိတောက်ပန်းခြောက် ကို မျှော်မိသည် ။ ပိတောက်ပန်း ရောက်လာချိန် တွင် မှ ကြည်နူးရွှင်ပျ ရသည် မဟုတ် ၊ နာကြည်းကြေကွဲဖွယ် အတိတ် ကို တွေး ကာ တစ္ဆေများ အခြောက်လှန့် ခံရ သလို ကြောက်ရွံ့ ရင်ဖိုခြင်း ကို ခံစား ခဲ့ရသည် ။


ယခု လည်း ထွေး သည် ကိုမင်းဆွေ ထံ မှ ပိဘောက်ပန်း ကို နှစ်စဉ် မျှော်ရ ပြန် ပေပြီ ။ သည် တစ်ခါတွင် မူ ပိတောက်ပန်း သည် တစ္ဆေ လို တုန်လှုပ် ကြောက်ရွံ့ ရသော ဝေဒနာ ကို ပေးစွမ်းမည် မဟုတ်တော့ကြောင်း ကို ထွေး နားလည်ရ ပါသည် ။


ထွေး ဆုတောင်းသည် ။ အခါခါ ဆုတောင်းပါသည် ။ 


“ နှစ်စဉ် ပိတောက်တွေ လှိုင်လှို င်ပွင့်ပါစေ ... ” ဟု ။


◾မောင်သိန်းဆိုင်


📖 ပိတောက်တစ္ဆေ နှင့် အခြားဝတ္ထုတိုများ ၊ ၁၉၆၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment