မိုး သည် အဆက်မပြတ် ရွာသွန်း နေခဲ့ပြီး ထိုနေ့ က မှ နေ က လှလှပပ သာ နေသည် ။ ထို နေ သာ သော နေ့ သည် ကျွန်တော် နှင့် မြင့်စန်းရီ စေ့စပ်ပွဲ ကျင်းပသော နေ့ ပင် ဖြစ်တော့၏ ။
တောင်ရှည် ဟု ခေါ်သော အိပ်ရာခင်း သဏ္ဌာန် ရွှေရောင် ဟာ ကြီး ဖုံးလိုက်သည် နှင့် ကျွန်တော့် ပုံ မှာ အလှူခံ တွင် ပါလေ့ ရှိသော ရုပ်ကြီးရုပ် ကို ဒုတ် စွပ် လိုက် သလို ဖြစ်သွားရ တော့၏ ။
လူ က အစ ကတည်း က ပိန်ချောင်ချောင် မို့ ထို အရာကြီး မှာ ပတ် ၍ မဆုံးနိုင် ပင် ဖြစ်နေတော့၏ ။
“ တော် ... တော်ကြပါတော့ ကွာ ၊ ဒီလောက် ပတ်ရ တော်ရောပေါ့ ”
ကျွန်တော့် စကား ကို မျိုးထွန်းဝင်း က မျက်မှောင် ကျုံ့ ပြီး ...
“ အေး ... သူများ ဆိုရင်တော့ တစ်ပတ် သာသာ ပတ် ရတာ ၊ မင်း ကျ မှ ဘုရားရှင် တော မထွက်ခင် တွေ့ခဲ့တဲ့ သူနာ ကျနေတာပဲ ၊ တကတည်း ပိန်ချောင် နေလိုက်တာ ၊ ဒါနဲ့ မှန်းစမ်းပါဦး ခြေသလုံး က ”
အရေးထဲ ငတိ က တောင်ရှည် အောက် ခြေသလုံး ဝင် စမ်း နေသေး၏ ။
“ ဟ ... ဘာကြီးလဲ ဟ ၊ ဒါကြီးကျ ထည်ထည်ကြီး ”
မျိုးထွန်းဝင်း က သူ့ ဘာသာ သူ ဝင် စမ်းပြီး အံ့အားသ နေသည် ။
“ ဟာ ... လှုပ် ... လှုပ် နေတယ် ၊ အဲ ဒါက အစေ့ကြီး ၊ နည်းတာကြီး မဟုတ်ဘူး ၊ ဟေ့ကောင် ငါ စမ်းမိတာ ဘာကြီးလဲ ”
“ အာ ... ဒူးခေါင်းကြီး ပါ ကွာ ၊ မင်း က လည်း ”
“ အဲ ... ဒါဆို ဒီ အစေ့ကြီး က ရော ဘာကြီးလဲ ၊ မရိုးဘူးလား ပဲ ၊ ဟယ် သူ့ ဟာ သူ လည်း လှုပ်တယ် ”
“ ဂုံညင်းစေ့ ပါ ကွာ ”
“ ဪ ... ဟုတ်လား ၊ ထင် တော့ ထင်သား ၊ ဒါနဲ့ ခြေသလုံး နဲ့ ပေါင် က သေးပြီး ဒီ ဒူးခေါင်းကြီး က ဘာလို့ အယ်ထွက် နေတာလဲ ၊ နောက် အချွန်ကြီး ”
“ ကံတရားပါ ကွာ ၊ မင်း က လည်း စကားရှည်လိုက်တာ ၊ တောင်ရှည် ပတ်မဲ့ ဟာ ဆက် ပတ်ပေးပါ ”
“ အေးပါကွာ ... မင်း ဟာကြီး က စမ်း ကောင်းလွန်းလို့ ၊ မှန်း ညှစ် ကြည့်ဦးမယ် ”
ဆိုကာ စိတ်လိုလက်ရ ညှစ် နေသေး၏ ။
“ ဟေ့ ... မင်းတို့ ဘာလုပ် ... ဟယ် ”
ထိုစဉ်မှာ ပင် အခန်း ထဲ ကမန်းကတန်း ဝင် လာသော အိုင်လက်ဖြူ ခေါ် ထွန်းအိုင် က ကျွန်တော်တို့ နှစ်ယောက် အဖြစ် ကို မြင်တော့ အံ့အားသင့် သွားသည် ။ ဖြစ်လည်း ဖြစ်ချင်စရာ ဟိုကောင် မျိုးထွန်းဝင်း က ကျွန်တော့် ရှေ့ ဆောင့်ကြောင့် ထိုင်ပြီး လက် က ကျွန်တော့် တောင်ရှည် ထဲ မှာ ကိုး ။ ဒါကိုတောင် မျက်နှာရူး မျိုးထွန်းဝင်း က ...
“ ဟာ ... အိုင်လက်ဖြူ ၊ ငါ အလုံး စမ်းနေတာကွ ၊ ဟိုဘက်မှာ တစ်လုံး ကျန်သေးတယ် ၊ မင်း ဝင် စမ်းပါလား ”
သူ က ဒူးခေါင်း က ဂုံညင်းစေ့ ကို ရည်ညွှန်း သော်လည်း ဟိုကောင် က ဘာကို သဘောပေါက်သည် မသိ မျက်နှာ ကို ရှုံ့မဲ့ပြီး ..
“ ထွီ ... ရွံစရာ ကောင်းလိုက်တာ ၊ မိန်းမ က အခုပဲ ယူတော့ မယ် ၊ ဒါကိုတောင် ဆတ်ဆော့ နေသေး ။ မြန်မြန်လုပ် မင်္ဂလာအချိန် က ကျနေပြီ ”
အိုင်လက်ဖြူ ၏ လောဆော်မှု ကြောင့် နာရီ ကြည့်လိုက်တော့
“ ဟာ ... ကိုးနာရီ တောင် ထိုးတော့မှာ ပဲ ၊ ဒုက္ခပါ ပဲ ”
မင်္ဂလာ အချိန် က ကိုးနာရီ မှ ဆယ့်တစ်နာရီ ။ ယခု က မင်္ဂလာ အချိန် ကျရောက်ရန် မိနစ်ပိုင်း အလို ...
“ ဟ ... မြန်မြန် လုပ်ပါဟ ၊ မြန်မြန် ၊ ဟေ့ကောင် ကား ရော အဆင်သင့် ပဲ လား ”
ကျွန်တော့် အမေး ကို အိုင်လက်ဖြူ က ..
“ အဆင်သင့်ပါကွာ ... အခုပဲ ဝပ်ရှော့ က ရော အပေါင်ဆိုင် က ပါ ရွေး ခဲ့တာ ”
“ ဒါဆို ဟေ့ကောင် မျိုးထွန်းဝင်း တောင်ရှည် က ရပြီလား ”
ကျွန်တော် ၏ လောဆော်မှု ကြားတော့ မှ မျိုးထွန်းဝင်း မှာ ဖီး ( လ် ) တက် အောင် ညှစ် နေသည့် ဂုံညင်း ကို လွှတ်ပြီး ...
“ မရဘူးကွ ... မင်း တောင်ရှည် က ဘယ်လိုမှ ပတ်လို့မရဘူး ၊ မံမီရုပ် လို ကျပ်ထုပ်စည်း ထား ရင်တော့ မပြောတက်ဘူး ”
“ ဘယ်လို ဖြစ်ဖြစ်ကွာ ... ကပ်ပါ နေရင် ပြီးရော ၊ ကြုံသလို သာ လုပ် ၊ ဟိုမှာ နောက်ကျ နေပြီ ”
“ ဒါဖြင့် ဒီလိုလုပ် ”
ကျွန်တော့် ရဲ့ စကား ကြားသည် နှင့် မျိုးထွန်းဝင်း က ဝတ်ထား ပေး သော တောင်ရှည် ကို ဖျတ်ခနဲ ဆွဲဖြုတ် လိုက်သည် ။ ယောင်ယောင်ကမ်းကမ်း နှင့် အုပ်မိအုပ်ရာ အုပ် ကာ ...
“ ဟာ ... ဘာ... ဟေ့ကောင် ဘာ ... ဘာလုပ်တာလဲ ”
မျိုးထွန်းဝင်း က အဖြေ မပေးဘဲ တောင်ရှည် ကို ကြမ်းပြင် ပေါ် ဖြန့် ခင်း လိုက်သည် ။
နောက် တောင်ရှည် ကိုပုတ် ပြပြီး ...
“ ဒီမှာ လှဲ အိပ်လိုက် ”
“ လှဲ အိပ် ပြီးရင် ”
“ တော ထဲ က မသာများ ဖျာလိပ် နဲ့ ပတ်သလို မင်း ကို ပတ်သွား မယ်လေ ”
“ ဟာကွာ ... မင်း က လည်း အရေး ထဲ ”
ကျွန်တော် လည်း စိတ်ပျက်လက်ပျက် နှင့် တောင်ရှည် ပြန် ကောက်ယူ ပြီး ကြုံသလို ဆွဲ ပတ် လိုက်သည် ။
မှန်ပေ၏ ။ တောင်ရှည် ကား ဘယ်လို ပတ်ပတ် သေးလှီ သော ခန္ဓာကိုယ် ထက် ကို ပို နေတုန်းပင် ။ မတတ်သာ သည့် အဆုံး ပို နေ သော အစ ကို ယူပြီး ခေါင်းပေါင်း အောက် ဆွဲ ထည့် လိုက်ရတော့၏ ။
“ ဟီဟိ ”
မျိုးထွန်းဝင်း က ခိုး ရယ်သည် ။
“ ဘာလဲ ဟေ့ကောင် ၊ ရယ်စရာ ကောင်းနေလို့လား ”
ဟိုကောင် က အပိုး မသေ သော မျက်ခွက် ဖြင့် ...
“ စူ ... ဟီဟိ ... စူ ... စူပါဂဲ ( လ် ) နဲ့ တူနေလို့ ”
သူ့ စကား ကြောင့် ကျွန်တော် ရှိုးတိုးရှန်းတန်း ဖြစ် သွားရ သည် ။ တောင်ရှည် က ခေါင်း ပေါ် တင် ထားရ၍ ဝတ်ရုံကြီး လို ဖြစ်နေ ၍ ပြောတာ ဖြစ်မည် ။ ဒါကို ကျွန်တော် က ခပ်တည်တည် နှင့် ..
“ စူပါမန်း တော့ ထားပါကွာ ၊ ကဲ နောက်ကျ နေပြီ သွားရအောင် ”
ဟု ဆိုကာ ကျွန်တော် မှ ပင် ဦးဆောင် ၍ အိမ်ရှေ့ ထွက်လာရတော့၏ ။
“ ဟင် ”
အိမ်ရှေ့ တွင် ငှား ထားသော ရှေးဖြစ် ဘောက် ( စ် ) ဝက်ဂွန်ကား ရှေ့တွင် ကုန်းကုန်းကွကွ နှင့် ထွန်းအိုင် ခေါ် အိုင်လက်ဖြူ ကို တွေ့ရ၏ ။
“ ဟေ့ကောင် ... ကုန်းကုန်းကွကွ နဲ့ ဘာလုပ် နေတာလဲ ”
ကျွန်တော် ၏ အမေး ကို ဟိုကောင် မှ လှည့် မကြည့်ဘဲ ...
“ ဒီမှာကွ ... ကားဘီး က မူလီ တစ်လုံး ဘယ်ရောက် သွားလဲ မသိဘူး ”
ကျွန်တော်လ ည်း စိတ်ပျက် သွားပြီး ...
“ ဟာကွာ ... ထားလိုက်စမ်းပါ ၊ အခုဟာ က အချိန် မမီတော့ဘူး ”
“ ထားလို့ ရမလားကွ .. ကျန်တဲ့ မူလီတွေ က အရမ်း ပြုန်းနေပြီ ၊ ဒီမှာ ကြည့်ပါလား ”
မူလီများ က လက် ဖြင့် လှည့် လျှင် ပင် လည် နေပြီ ။ ကား ရေဆေး ၍ သစ် လာ သော်လည်း ဘယ်ဟာ မှ မသစ်တော့ တာ သေချာ၏ ။ ဘိုးတော်ဘုရား ကိုယ်ဝန် ဆောင် စဉ် ထဲ က ဖွား လာသည့် ကား မို့ ဘယ် အရာမှ ကောင်းဖွယ် မမြင် ။
“ မှန်း ... ဒါကြီးက ဩော် အိပ်ဇောကြီး ပြုတ်ကျ နေတာပဲ ၊ ဟာ လက်တွေ ပေကျံပြီ ၊ ဟေ့ကောင် ခဏ လာဦး ”
ဟု ဆိုကာ ကျွန်တော့် တောင်ရှည်ကြီး ကို ဆွဲသုတ် လိုက်သည် ။
“ ဟာ ... ဟေ့ကောင် ဘာလုပ်တာလဲ ၊ ဒါ သတို့သား ဝတ်စုံ ကွ ”
ကျွန်တော့် စကား ကို အိုင်လက်ဖြူ က ပြန် မော့ ကြည့်ပြီး ...
“ ဪ ... ဒါ တောင်ရှည်လား ၊ သိပါဘူး ကွာ ငါ့ မှာ အလှူ အိမ် က လက်သုတ်ပဝါကြီး မှတ်လို့ ကြည့်ပါဦး စုတ်ပြတ်သတ် နေတာ ၊ ဒီမှာလည်း အမဲကျားကြီး ”
“ ဒါနဲ့ ဟေ့ကောင် ... ခေါင်းပေါင်း ခဏ ငှားစမ်း ”
“ ဘာ ... ဘာလုပ်ဖို့လဲ ”
“ ကာပရိုက်တာ အုပ်တဲ့ သံပြား ပျောက်နေလို့ကွ ၊ အဲဒါ မင်း ခေါင်းပေါင်း နဲ့ အုပ်ရမှာ ၊ ကွက်တိပဲ ၊ ဟီဟိ ”
အရေးထဲ ငတိ က အူမြူး နေသေး၏ ။
“ ဖြစ်မလား ကွ ၊ ဒါက မင်္ဂလာခန်းမ ထဲ ဝင်ရင် ”
“ ဖြစ်ပါတယ်ကွာ ... မင်္ဂလာခန်းမ ထဲ ဝင်ရင် ပြန် ပေးမှာ ပေါ့ ၊ အခုဟာ က ဒါ မပါရင် လမ်း တစ်ဝက် မှာ တင် အမှိုက်တွေ ဝင်ပြီး ကား က ထိုး ရပ်သွားမှာ ၊ မြန်မြန် ပေးစမ်းပါကွာ ”
ဟု ဆိုကာ ကျွန်တော့် ခေါင်းပေါင်း ကို လု ၍ သူ့ ကားစုတ်ကြီး က ကာပရိုက်တာ ပေါ် အုပ်ချ လိုက်သည် ။
“ ဟ ... ဟေ့ကောင် ”
“ တွေ့လား ... ကွက်တိပါ ဆို ၊ ကဲ ကား ပေါ် တက်ကြ ၊ သွားရအောင် ”
ကားဘောနက်ဖုံး ကို ဂျိမ်းခနဲ ပိတ်ချ လိုက်သည် ။ ကျွန်တော် လည်း ဘာမှမပြောတော့ ။ မင်္ဂလာချိန် က တအား ကပ် နေပြီမို့ တောင်ရှည်စလေး ခေါင်းပေါ် တင် ၍ သာ ကား ပေါ် ပြေး တက်လိုက်သည် ။
“ ဂီး ... ဂီး ... ဂီး ”
ကား က ငှက်ဆိုးထိုးသံ လို သာ အော်မြည် နေသည် ။ စက်နိုး သံ ကား မကြား ။
“ ဂီး ... ဂီး ... ဂီး ”
စက် က မလည် ။
“ ဘက်ထရီ ဒေါင်း သွားပြီ ထင်တယ် ၊ တွန်း နှိုးမှ ရမယ် ”
“ ဟာကွာ ... မင်း ဟာ က လည်း ”
စိတ် ပျက်ရသည် မှာ ပြောဖွယ် မရှိတော့ ။
“ လုပ်ပါကွာ ၊ အရင် လိုတယ် မဟုတ်လား ၊ တစ်ဘီး နှစ်ဘီး လှိမ့် ရင် ဖြစ်ပါတယ် ”
“ ဂျိမ်း ”
ဘာမှ ကို ပြန် မပြောတော့ ကား ပေါ် မှ ဆင်းရင်း ကားတံခါး ကို ဆောင့် ပိတ် လိုက်သည် ။ မျိုးထွန်းဝင်း လည်း မျက်နှာ က မကြည်မသာ နှင့် ...
“ ကား ငှားပါ ဆို ၊ သေပြီးသား ဟာကြီး အသက် သွင်းပြီး ပြန်ယူလာ လား မသိဘူး ”
ဆိုကာ ပွစိပွစိ လုပ် နေ၍ အိုင်လက်ဖြူ က သာ ကား ပေါ် မှ ပြီတိတီ မျက်နှာလေး နှင့် ...
“ ကဲ ... တစ်နှစ်သုံး ဆို တွန်း နော် ”
ခေါင်း ပေါ် က တောင်ရှည် ကို လည်ပင်း ပတ် လိုက်သည် ။
“ တစ် နှစ် သုံး ၊ တွန်း ”
“ ယစ် ”
နှစ်ယောက် တည်း မို့ ကား ကို အားစိုက် တွန်း လိုက်သည် ။ ငပိန် နှစ်ကောင် မို့ ကား က ရွေ့ ရုံ သာ ။
“ ဟာ ... ဟေ့ကောင်တွေ အားထည့်ပါ ကွ ”
“ ထည့် နေတာပဲကွာ ၊ မင်း ကား ကို က လေး နေလိုက်တာ ”
“ ဪ ... ဆောရီး ... ဆောရီး ၊ ငါ ဘရိတ် နဲ့ ကလပ် မှား နင်းထားမိလို့ ”
“ တောက် ”
အလွန်တရာ စိတ်တိုဖွယ်သာ ကောင်း တော့၏ ။ ဒီထက် ပိုပြီး သည်းခံ နိုင် လျှင် တော ထွက်စရာ မလိုဘဲ သောတာပန် ဖြစ်နိုင်သည့် အနေအထား ။
“ ဒုတ် ... ဂီး ဂီး ဂီး ”
စက် က မနိုး ။ နှစ်ဘီး သုံးဘီး လှိမ့်ရုံ မက ဓာတ်တိုင် နှစ်တိုင် ကျော်ပြီ ။ ကားစက် က မနိုး ။ ခေါင်း ပေါ် က တောင်ရှည်စ မှာ လည်း မြေ ခ ၍ ကိုယ့် တောင်ရှည် ကိုယ် ပြန် နင်းရင်း ကတ္တီပါ စ ပေါ် လမ်း လျှောက် နေရလေပြီ ၊ နဖူး မှ ချွေးများ ပင် ခါးပုံခ လေပြီ ။ ( ခါးပုံစ ခြေမ ဖုံး နေ၍ ဖြစ်သည် ။ )
“ ဂီး ... ဖုတ် ... ဖုတ် ... ဝူး ”
ကား စက်နိုးသံ ကြား တော့ မည်မျှ ပျော်သည် ကို မပြောပြ တတ်တော့ ။ သို့သော် ...
“ ခလွမ် ... ချလွင် ”
ကား အနောက် ဘန်ဘာကြီး လွင့်စင် လာ၍ ခုန် ရှောင်ရ သေး၏ ။
“ ဟ ... ဟ ..ဘန်ဘာကြီး ပြုတ် ထွက်လာပဟ ”
“ အေး ... ပြုတ်ထွက် သွား ရင်လည်း စောကြည်ဖြူ မင်း ပဲ ပြန် ကောက်လာတော့ ”
“ ပြန် ကောက်တာတော့ ဟုတ်ပြီ ၊ မင်း ကား က ရပ်နေ လေကွာ ”
“ ရပ်လို့ မရတော့ဘူး ကွ ၊ ကလပ် က ပေါက် သွားပြီ ၊ ရပ် လိုက်ရင် ကားစက် သေ သွားလိမ့်မယ် ”
“ ဟင် ”
ဘယ်က ဘယ်လို ပြောရမှန်း ပင် မသိတော့ ။ ဘန်ဘာကြီး ပြန် ကောက် လိုက်တော့ ...
“ ဟာ ... သွားပြီ ”
ဘယ်နှခုနှစ် ထဲ က လိပ်ကျန် နေမှန်း မသိသော ဆီချေးများ ဝတ်ထားသော တိုက်ပုံ နှင့် အင်္ကျီအဖြူ ပေါ် ပေကျံ ကုန်၏ ။
“ ဟေ့ကောင် တွေ မြန်မြန် လာလေ ကွာ ၊ ကား က ရပ်လို့ မရတဲ့ ကြား ထဲ ”
အိုင်လက်ဖြူ က ကား ထဲ က လှမ်း အော်သည် ။ စိတ် က လည်း လော နေပြီမို့ အားယူ ညှစ် ပြေးလိုက်ရာ ကိုယ့် တောင်ရှည်စ ကို ကိုယ် ပြန် နင်း မိပြီး ဖလွတ် ခနဲ ကျွတ်ကျ လာသည် ။
“ ဟ ... ဟ ... လုပ်ကြပါဦး ဟ ”
တောင်ရှည် တစ်ဘက် ၊ ဘန်ကာ တစ်ဘက် နှင့် လူ က လမ်းမ အလယ် ကိုးရိုးကားရား ဖြစ်နေ၏ ။
“ ဟေ့ကောင် ... ပြေးလာပါ ၊ အမြန် ”
မတတ်သာသည့် အဆုံး တောင်ရှည် ကို ဒီ အတိုင်း လက် တစ်ဘက် က မ ဆွဲပြီး ကား ဆီ အားကုန် ပြေး လိုက်သည် ။
“ ဟေ့ကောင် ... ကား ပေါ် ဘယ်လို တက်ရမှာလဲ ”
“ တံခါးဖွင့် ပြီး ခုန် ဝင် လိုက်လေကွာ ”
“ ဟင် ... အဲလိုလား ”
သူ ပြောတော့ အလွယ်သား ။
“ နောက် ... ဒီ ဘန်ဘာကြီး က ရော ”
“ အား ... မင်း က လည်း အတော် တုံးတာပဲ ၊ ဘန်ဘာ ကို အနောက်ခန်း ထဲ အရင် ပစ် သွင်းလိုက် ”
သူ ပြောသည့် အတိုင်း ဘန်ဘာ ကို အနောက်ခန်း ထဲ အရင် ပစ်သွင်း လိုက်သည် ။
“ ခလွမ်း ”
ပြီးနောက် ...
“ ယာ့စ် ”
လူ တစ်ကိုယ်လုံး ကား ထဲ ဘယ်လို ရောက်သွားမှန်း ပင်မသိ ။ ကား ပေါ် ရောက် တော့ စကား ပင် မပြောနိုင် တော့ ။ အသက် ကို ပင် အသည်းအသန် ရှူ ယူ နေရသည် ။ မထူးတော့ သည့် အဆုံး ထွက်လာသည့် ချွေးများ ကို တောင်ရှည် နှင့် သာ ပင့် သုတ် လိုက်သည် ။ မျိုးထွန်းဝင်း ကြည့် တော့ လည်း ကား နောက်ဖုံး မှာ ကားယားကြီး ခွ လို့ ... ။
“ ဟီ ဟိ ”
ဘာတွေ သဘောကျ နေသည် မသိ အိုင်လက်ဖြူ မှ ခိုးရယ်သည် ။ ကျွန်တော် လည်း စိတ် မလုံစွာ ဖြင့် ...
“ ဘာ ခိုးရယ်တာလဲ ဟေ့ကောင် ”
ကျွန်တော့် အမေး ကို အိုင်လက်ဖြူ မှ အသံ မထွက်အောင် ကြိတ် ရယ်ရင်း ...
“ ဟီး ... ဟီး မင်းမျက်နှာကြီး .. ဟား ... ဟား ... အင်္ကျီ ... အင်္ကျီ ... တောင် ... တောင်ရှည် .. ဟား.. ဟား ..ဟား ”
မြင်မြင်သမျှ ရယ်စရာကြီး ဖြစ်နေရော့ ထင် ။ ငတိ က တစ်ခု စီ ကို လက်ညှိုး ထိုးရင်း ရယ် နေသည် ။ ဟုတ်ပေလိမ့်မည် ။ မျက်နှာ အပါအဝင် တစ်ကိုယ်လုံး ပေပွ နေပြီပဲ ။ ဒါကို ဂရု မစိုက်နိုင် ။ မင်္ဂလာပွဲ မီဖို့ ပို အရေးကြီးပြီ မဟုတ်လား ။
ကား က လည်း ဘန်ဘာ ပိုက် ၍ ပြေးလိုက် လျှင် တောင် မှီ သည့် အရှိန်နှုန်း ။ ထို့ထက် ကို မပို ။
“ ဟေ့ကောင် ... မင်း ကား က ဒီထက် အရှိန် မြင့် လို့ မရတော့ဘူးလား ”
“ အာ .. ကလပ် ပေါက်နေလို့ နံပါက်ဝမ်း နဲ့ တင် ထိန်း မောင်း နေရတာ ၊ ဒီထက် ဘယ်လို မြန်လို့ ရမှာလဲ ”
“ ခလွမ် ”
စကား မဆုံးခင် ကား ထဲ က ဘာ ပြုတ်ကျသည် မသိ ။ ဒါကို အိုင်လက်ဖြူ က ...
“ ဟေ့ကောင် ... ကားဘီး ချိုင့် ထဲ ကျ လား မသိဘူး ၊ နိမ့်သွား သလိုပဲ ၊ ငုံ့ ကြည့်စမ်း ”
သူ့ စကား ကြား၍ ငုံ့ ကြည့် လိုက်ရာ ...
“ ဟေ့ကောင် ... ချိုင့် ထဲ ကျတာ မဟုတ်ဘူးကွ ၊ ကားဘီး ကျွတ်ထွက် သွားတာ ”
“ ဟာ ... ဒါ ... ဒါဆို .. လိုက် ဖမ်းလေ ဟေ့ကောင် ၊ လိုက်ဖမ်းလေ ”
သူ့ ရဲ့ လော့ဆော်မှု ကြောင့် ကျွန်တော် လည်း ကြောင် ပြီး ကားတံခါး ကို ဝုန်းခနဲ ဖွင့် ကာ ကားဘီး လိုက် ဖမ်းမိသည် ။ ဖြစ်ချင်တော့ ကားဘီး က တစ်လုံး ထဲ မီးနီကြီး ဖြတ်ချ သွားတော့၏ ။
“ ဟိုက် ... မီး က နီပဟ ”
သိသိချင်း အရှိန် က လျှော့ လိုက်သေးသည် ။
“ ကျွီ ”
သို့သော် ...
“ ရွှီး ”
ခရာသံ ကြား ၍ လှည့် ကြည့် လိုက်တော့ ယာဉ်ထိန်းရဲ တစ်ယောက် ဖြည်းဖြည်းချင်း လျှောက် လာ၏ ။ အနား ရောက် တော့
“ ကိုယ့် လူ ကား မီးနီ ဖြတ် လာတယ် ”
ကျွန်တော် လည်း လုပ်မိ လုပ်ရာ ဘီးလေး ဖက် ပြီး ...
“ ဟာဗျာ ... ကားဘီးလေး ဖြတ် လာတာပဲ ”
ယာဉ်ထိန်းရဲကြီး က စာရွက် တစ်ရွက် ပေါ် ခပ်တည်တည် ရေးမှတ် ပြီး ...
“ ကားဘီး ဖြတ်တာ နဲ့ ကား ပါပြီလေ ၊ လိုင်စင်ပြ ”
“ ဟင် ... လိုင်စင် ၊ လိုင်စင် က အဲ ကား က ဟိုမှာ ဗျ ”
ရှေးဟောင်းနှောင်းဖြစ်ကြီး က ဘီးသုံးဘီး နှင့် တဖြည်းဖြည်း လိမ့် လာသည် မှာ မီးပွိုင့် ပင် မကျော်သေး ။ ကျွတ် လာသည့် ဘီး က သူ နှင့် မျက်ကွယ်ဖက် ဖို့ မမြင်သေး ။ ထို့ကြောင့် ယာဉ်ထိန်းရဲကြီး က မျက်မှောင် ကျုံ့ ကြည့်ပြီး ...
“ ဒါဆို ဒီ ဘီးကြီး က ”
“ အဟဲ ... ကျွန်တော် ပျင်းလို့ ခွေလှိမ့် တမ်း ဆော့နေတာ ”
ကျွန်တော့် အဖြေ စကား ကြားတော့ ယာဉ်ထိန်းရဲကြီး ကြောင် သွားသည် ။ အတန်ကြာ မှ သက်ပြင်း ချပြီး ...
“ ခင်ဗျား ဗျာ ... မကြီးမငယ် နဲ့ လမ်းပေါ် တက်ပြီး ခွေလှိမ့်တန်း ဆော့ရတယ် လို့ ၊ သွား သွား အိမ်ပြန် ဆော့ ”
“ ဟုတ်ကဲ့ ခင်ဗျာ ... ဟုတ်ကဲ့ ၊ သားသား ပြန်ပြီ ၊ ဟဲ့ နွား တစ်ကလုပ် ... တစ်ကလုပ် ”
ဟု ဆိုကာ ရူးချင်ယောင် ဆောင်ရင်း တဟေးဟေး တဟားဟား နှင့် ကလေးများ ကစားသည် နှင့် တူအောင် ခုန်ဆွန် ခုန်ဆွ လုပ်ရင်း ကားဘီး ကို ပြန် လှိမ့် လာရ လေသည် ။ ပျော်နေတယ် ထင် အောင် က လည်း ကပြရ သေး၏ ။
“ တောက် ... ဘောင်ရှည် နဲ့ ကားဘီး ဘယ်လိုမှ သဟဇာတ မဖြစ်ပါဘူး ”
ရေရွတ်သံ ။
ကားနား ရောက်တော့ ဟောဟဲ လိုက် နေပြီ ။ ထို့ကြောင့် ကားဘီး ကို ပစ်ချပြီး ...
“ ဟေ့ကောင် ... မင်း ကားဘီး က ပြန် တပ်ရဦးမှာ လား ”
“ ပြန် တပ်ပြီး ပြန် တွန်းနှိုး ”
အိုင်လက်ဖြူ စကား ကြား တော့ ကျွန်တော် လည်း စိတ် တိုပြီး
“ တော်ပြီကွာ ... ပြန်တပ် ၊ ပြန်တွန်း ၊ ပြန်သွား နဲ့ ကား က ငါ မင်္ဂလာဆောင် တဲ့ ဆီ ရောက်တော့ မှာ မဟုတ်ဘူး ၊ တော်ပြီ ငါ့ ဘာသာ ငါ ကားငှား သွားတော့မယ် ”
ဆိုကာ ဆောင့်ကြီးအောင့်ကြီး နှင့် ထွက် လာတော့သည် ။ ဒါကို အနောက်က ကောင်က ...
“ ဟေ့ ... ဟေ့ ”
ကျွန်တော် လှည့် မကြည့်တော့ ။
“ ဟေ့ကောင် ... စောကြည်ဖြူ ငါ အကောင်း ပြောမလို့ကွ ”
ခြေလှမ်း သာ ကျဲ လိုက်သည် ။
“ ခေါင်းပေါင်း ... ခေါင်းပေါင်း ”
ထို အသံ ကြား မှ ခြေလှမ်း က တုန့် သွား၏ ၊ နောက် ခေါင်း ပေါ် စမ်း ကြည့်တယ် ။ ခေါင်း ပေါ် ဆံပင် သာ ရှိ၏ ။
ဟုတ်သား ။ မင်္ဂလာခန်းမ ထဲ ဝင်လျှင် သတို့သား မှန်း သိ အောင် ခေါင်းပေါင်း တော့ ထောင် ရမည် ။ ထို့ကြောင့် ကား ဆီ ကမန်း ကတန်း ပြန် ပြေးဆင်း သွားပြီး ဘောနက်ဖုံး ဖွင့်ကာ ခေါင်းပေါင်း ယူ ၍ ခေါင်းပေါ် ဆောင်း ချလိုက်သည် ။
“ ဟာ ”
ခေါင်းပေါင်း က ခေါင်း ပေါ် ရောက်သည် နှင့် ပျစ်ချွဲသော အရည်များ စီးကျ လာ၏ ။
“ ဟင် ... ဟင် ဒါ ဒါက ဟာ အင်ဂျင်ဝိုင် တွေ ”
ယောင်ယောင်ကမ်းကမ်း နှင့် သုတ် ကြည့်လိုက်ရာ ...
“ ဟာ ”
ခုန ကာပရိုက်တာ အုပ်ထား သဖြင့် အင်ဂျင်အစုတ်ကြီး မှ တက်လာသော အင်ဂျင်ဝိုင် အခိုးအဝေ့ များ က ခေါင်းပေါင်း တွင် သန္ဓေသဖွယ် စု နေပြီး ခေါင်း ပေါ် ဆောင်းချ လိုက်မှ ရေကာတာ တံခါး ဖွင့် ချ လိုက် သလို ပွင့်ကျ လာခြင်းဖြစ်၏ ။
“ ဟာ ... သွား ... သွားပါပြီ ၊ သွားပြီ ”
ခေါင်း ပေါ် မှ တရစပ် ကျလာသော အင်ဂျင်ဝိုင်ရည်များ မြင် တော့ ဘာ လုပ်ရမှန်းမသိတော့ ။ နောက်မှ လုပ်မိလုပ်ရာ မျက်နှာ နှင့် အင်္ကျီများ ဆီ ပွတ် သုတ် လိုက်မိသည် ။
“ ဟာ ... သွားပြီ ၊ သေပြီ ”
တစ်ကိုယ်လုံး ဖုန်များ အင်ဂျင်ဝိုင်များ ပေပွ ကုန် လေပြီ ။ လူ က လူ စင်စစ် က လူရုပ် မထွက်တော့ ။ အိမ် ပြန် ပြီး အဝတ်အစား လဲ ရမှာလား ၊ မင်္ဂလာပွဲ ပဲ အမီ သွားရမည်လား မသိ ။
“ မဖြစ်ဘူး ... မင်္ဂလာပွဲ တော့ မမီ လို့ မဖြစ်ဘူး ၊ မလှရင် နေပါစေ မင်္ဂလာ တော့ ရအောင် ဆောင်မှပဲ ”
စိတ် က ရာဂ ဖက် သာ ဦးဆောင် နေသည် ။ ထို့ကြောင့် တမန်းကတန်း ဖြတ်သွားဖြတ်လာ ကားများ အမြန် တား လိုက်သည် ။
“ ကျွီ ”
ကားများ က သူ့ ကို ကွေ့ရှောင် ပြီး မောင်း ပြေးကြ သည် ။
“ ကျွီ ”
“ အရူး က ကားငှား နေရတယ်လို့ ၊ တောက် ”
ကား တစ်စီး က ရပ် မလိုနှင့် မကျေမနပ် ဆဲရေး သွား သေး၏ ။
“ မထူးဘူး ၊ မီးပွိုင့်နား ပြန် သွားပြီး ရပ်တဲ့ ကား တက် စီးမယ် ”
စိတ် ပိုင်းဖြတ် ကာ မီးပွိုင့် နား ပြန် သွားပြီး ဓာတ်တိုင် ကွယ် ထား လိုက်သည် ။
မီးပွိုင့် မှ မော်တော်ပီကယ် မှ လည်း ကျွန်တော့် အား ခွေလှိမ့်တမ်း ဆော့ ၊ အခု တိုင်ကွယ် နေတာ မြင်တော့ တူတူပုန်းတမ်းများ လာ ပြန် ဆော့သလား ဟု ထင်၍ ကြောင်ငေး နေသည် ။ ကျွန်တော် နှုတ်ခမ်း ပေါ် လက် တင်၍ ရှူးခနဲ မှုတ်ပြ လိုက်သည် ။ ဘာမှ မပြောနှင့် ဆိုသည့် သဘော ။ သူ လည်း သဘောပေါက် သွားသည် လား ၊ ကြောင် သွားတာ လား မသိ ခေါင်း ပြန် ညိတ်ပြသည် ။
အခြေအနေ ငြိမ်သက်တော့ မှ ကျွန်တော့် မှာ ဝါရင့် သူခိုးကြီး လို ကား ပြန် ချောင်း ရသေး၏ ။
အခန့်သင့် ပင် မီးနီ မိ ၍ အငှားကား တစ်စီး လာ ထိုးရပ် သည် ။ ရရှိသော အခွင့်အရေး ကို လက်လွှက် မခံဘဲ ကား ပေါ် ပြေး တက် လိုက်သည် ။
“ ဂျိမ်း ”
“ ဟဲ့ ... ပလုတ်တုတ် ၊ ဘာ ဘာကြီးလဲ ”
ကားဆရာ က မဲညစ်ပေပွ နေသော ကျွန်တော့် ကို မြင် တော့ လန့် အော်သည် ။
“ ဘာမှ မဟုတ်ဘူး ၊ ဒီ တည့်တည့် သာ မောင်း ”
“ ဟင် ... တည့်တည့်မောင်း ၊ မင်း မင်း က ဘာကောင် ”
“ မီးပွိုင့် စိမ်းပြီ ၊ မြန်မြန် မောင်း ”
“ ဟင် ... ဟင် ... ဪ ”
ကားဆရာ က ယောင်ယောင်ကမ်းကမ်း နှင့် ကားဘီး ကို လှိမ့်သည် ။
ထိုသို့ဖြင့် ...
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment