Thursday, April 4, 2024

အတာဦး မှာ ကြွေတဲ့ မိုး


 ❝ အတာဦး မှာ ကြွေတဲ့ မိုး ❞


( ၁ )


ည က မိုး အနည်းငယ် ရွာ ထား၏ ။ မြေမှုန်များ စေ့သိပ် ကာ ခပ်အေးအေး ဖြစ်နေသည် ။ ပတ်ဝန်းကျင် သည် နံနက်ခင်း နေခြည်နွေးနွေး ကြောင့် အေးမြ သော် လည်း စွတ်စို မနေပဲ ခြေခင်းလက်ခင်း သာ မျှ ရှိလေသည် ။ မင်းရဲနောင် မှာ ခြံ ထဲ ဆင်း၍ ပိတောက်ပင် အောက် တွင် အေးအေးလူလူ စာ ဖတ် နေမိ၏ ။ သူ သည် မကြာမီ ရောက်ရှိတော့မည့် အတာ နှစ်ကူး ကို လည်း အာရုံ မရောက်မိ ။ မိုးရေ ပက်ဖျန်း ထားသည့် ပိတောက်ပင်ကြီး နှင့် ပိတောက်ပွင့် ဝါဝါများ ကိုလည်း သတိ မထားမိပေ ။


မြေသင်းရနံ့များ ဆွတ်ပျံ့ နေသည့် တန်ခူးလေ တွင် ပိတောက်နံ့ သင်းသင်းလေး ဝေ့ ပါ လာသည် ။ အေးမြ လတ်ဆတ်သော လေနုအေးများ ဖြတ်တိုက် သွားသည် ။ အပင် အောက် တွင် စားပွဲဝိုင်းလေး ချ ထား၏ ။ ကော်ဖီ သောက်ရင်း စာဖတ် ရသည့် အရသာ ကို သူ သဘော ကျသည် ။ စာအုပ် ထဲ အာရုံ ရောက် နေ ၍ သောက်လက်စ ကော်ဖီခွက် ပင် အေးစက်စ ပြုနေသည် ။


ရုတ်တရက် စာအုပ် ပေါ် သို့ ပိတောက်ပန်း တစ်ခက် ကြွေ ကျ လာသည် ။ အသာ ဖယ်လိုက်၏ ။ ခဏ အကြာ တွင် ပိတောက်ပွင့် အကြွေ များ နှင့် ရွက်စိမ်း အချို့ စားပွဲ ပေါ်သို့ လွင့်ကျ လာသည် ။ “ ည က မိုး ရွာ ထားတော့ ပိတောက်တွေ ပွင့်ပြီ ထင်ပါရဲ့ .. ” ဟု စိတ် ထဲ တွေး မိပြီး လက် ထဲ မှ စာအုပ် ကို ဖတ်မြဲ ဖတ် နေမိသည် ။


ပိတောက်ကိုင်း တစ်ကိုင်း ကျ လာပြန်သည် ။ “ ဟင် ..  ” သည်တော့ မှ သတိထား မိပြီး ပိတောက်ပင်ကြီး ကို တစ်ချက် မော့ ကြည့်လိုက် ၏ ။ သူ ငယ်စဉ် ကတည်း က ခြံ ထဲ ရှိ ပိတောက်ပင်ကြီး မှာ အခက်အလက် များ ဖြင့် စိမ်းစို အုပ်ဆိုင်း နေသည် ။ ပိတောက်ဖူးများ နှင့် ရွက်စိမ်းဖျား ပေါ် တွင် မိုးရေစက်များ စီရရီ ခိုနေ၏ ။ ပိတောက်ပွင့်များ မှာ အဆုပ် လိုက် အခိုင် လိုက် ရွှေရည် လောင်း ထား သကဲ့သို့ ထိန်ထိန် ဝါ အောင် ပွင့် နေကြသည် ။ ယခုမှ ပင် အသေအချာ သတိထား မိလေ၏ ။


ပိတောက်ကိုင်း ကျိုးသံ လိုလို အသံ သဲ့သဲ့ ကြား လိုက်ရ၏ ။ “ ပိတောက်ရွက်တွေ နဲ့ အပွင့်တွေ က ဘာလို့ ကျလာပါလိမ့် ” ဟု သူ့ စိတ်ထဲ ရေရွတ် မိသည် ။ စာအုပ် ကို စားပွဲပေါ် တင် ထားလိုက်သည် ။ 


သည် အကိုင်း နှင့် စိမ်းဖန့်ဖန့် အရွက်များ မှာ မိုးဖွဲလေး ရွာ ထား ရုံ မျှ နှင့် ကျိုးကြွေ ကျ လောက်သည် မဟုတ် ။ အပင် ပေါ် မော့ ကြည့်တော့ မည်သည့် ထူးခြားမှု မှ မတွေ့ရချေ ။ အပင် မှာ လူ တစ်ရပ် ကျော်သာသာ လောက် သာ ရှိ၍ အခက်အလက်များ ဘေးသို့ ဖြာကျကာ အရိပ် ကောင်း လှသည် ။ ထိုစဉ် “ အမေ့ ... အာ့ ” ဂျွတ်ခနဲ ပိတောက်ကိုင်း ကျိုးသံ နှင့် အတူ အလန့်တကြား အော်သံ ကို ပါ ကြား လိုက်ရသည် ။


“ ဟင် ... လူသံ ... ၊ အပင် ပေါ်  က အသံပဲ ”


မည်သူ မည်ဝါ ကို မူ မတွေ့ရ သေးပေ ။ ကြားရသည် မှာ မိန်းကလေး အသံ ဖြစ် လေသည် ။


“ ဟေ့ ... အပင် ပေါ် မှာ ဘယ်သူလဲ ၊ ဆင်းခဲ့စမ်း အောက် ကို ကျတော့မှာပဲ ”


သူ လှမ်း အော်လိုက်၏ ။ ဘယ်လို မိန်းကလေးကများ ခြံ ထဲ ဝင် ပြီး အပင် ပေါ် ရောက်နေပါလိမ့် ဟု စဉ်းစားမိ လေသည် ။ အပင် မှာ သိပ်တော့ မမြင့်ပေ ။ တစ်ဖက်ခြံ အုတ်တံတိုင်း ပေါ် သို့ တင်သည် တချို့ နှင့် မီလု မီခင် အကိုင်းများ မှာ မနည်းလှ ။


“ အောက် ကို မဆင်းရဲတော့လို့ ..”


အသံ နှင့် အတူ ပိတောက် ရွက်များ ကြား  မှငုံ့ကိုင်း ရင်း ပြော နေသော အသံရှင် ကိုတွေ့လိုက်ရသည် ။ သည်တော့မှ သူ က “ ဪ .. ရာရာစစ အပင် ပေါ် တက်ချင် သလို တက် ပြီး မှ ခုမှ မဆင်းရဲတော့ဘူး လုပ်မနေနဲ့ ...  ၊ မင်း ဘယ်သူလဲ ဘယ်ကလဲ ၊ ဘာလို့သူများ ခြံ ထဲ ဝင်လာတာလဲ ” ဟု အော်မေးတော့ “ ဟိုဖက် ခြံ က ပါ ၊ ပိတောက်ပန်းတွေ လှ လို့ ခဏ တက် ခူးတာ ” ဟု ပြန် ဖြေသည် ။


( ၂ )


ချာတိတ် အရွယ် လောက် ပဲ ရှိဦးမည် ။ “ ဟိုဖက် ခြံ က တဲ့ ” ။ ဘေး ခြံ တွင် အန်တီဝေ တို့ လင်မယား နှစ်ယောက် သာ ရှိသည် ကို သူ အသိ ဖြစ်၏ ။ “ ဘယ်က ဟာလေးပါလိမ့် ” ဟု စိတ် ထဲ ရေရွတ်ပြီး အပင် အောက် ရောက် တော့ မှ အသေချာ မေးရ မြန်းရ မည် ။ လောလောဆယ် မယ်မင်းကြီးမလေး အောက် ဆင်း နိုင်ဖို့ ကြံစည် ရမည် ။ ဖျတ်ခနဲ ကြည့် လိုက် တော့ သူ့ ကို အားကိုးဟန် နှင့် ငုံ့ ကြည့် နေသည်ကို တွေ့ရ၏ ။ စိတ်ကူး ရ ပြီး စားပွဲ ပေါ် သို့ ထိုင်ခုံ ကို ဆင့်လိုက်သည် ။ မင်းရဲနောင် က ထိုင်ခုံ လက်ရန်း တစ်ဖက် ကို ကိုင် ထားပြီး “ ကဲ ... ဟိုနား က ကိုင်း ကို သေချာ နင်းပြီး ရဲရဲ သာ ဆင်းခဲ့ပေတော့ ” ဟု ပြောလိုက်တော့ ဝမ်းသာဟန် နှင့် ဆင်းတော့မည် ပြင်သည် ။


“ ဟေ့ .. ဟေ့ ... လက် ထဲ က ပန်းတွေ ကို ပစ်ချ လိုက်လေ ၊ အကိုင်း ကို မိမိရရ ကိုင်ပြီး သေချာ နင်းဦး ” သူ စိုးရိမ်စိတ် နှင့် လှမ်း ပြောရ သေးသည် ။ သည်တော့မှ လက် ထဲ တွင် ပွေ့ ထားသည့် ပိတောက်ပန်း ခိုင်များ ကို နှမြော သလိုလို တစ်ချက် ကြည့်ပြီး ခုံပေါ် ခပ်ဆဆ လှမ်း ပစ်သည် ။ သုံးလေးခက် သာ ခုံပေါ် ရောက် ပြီး မြေပြ င်ပေါ် ပြန့်ကျဲ သွား သည် ။


ပိတောက်ကိုင်းများ ကို ခဲရာခဲဆစ် နင်း ပြီး ခုံ ပေါ် သို့ ဖျတ်ခနဲ ခုန်ချသည် ။ မြေကြီး ပေါ် ရောက်တော့ လက်မောင်း နှင့် ပုခုံး ပေါ် မှ ခါချဉ်များကို ခါထုတ် နေသည် ။ သူ့ ကို ကျေးဇူးတင်ကြောင်း ပြောဖို့ နေနေသာသာ ပြောမည့် အရိပ်အယောင်လေး ပင် မတွေ့ရ ။


“ မင်း သူများ ခြံ ထဲ ခွင့် တောင်းပြီး မှ ဝင်ရမယ် ဆိုတာ နား မလည်ဘူးလား ... ” ဟု ခပ်တည်တည် နှင့် ငေါက် လိုက်၏ ။ သည်တော့မှ မျက်နှာငယ်လေး နှင့် ပြန် ကြည့်သည် ။


“ တော်သေးတာပေါ့ .. တွေ့မိလို့ ၊ မဟုတ်ရင် ဘယ်လိုများ မျောက်ကျ ကျမယ် မသိဘူး”


သူ စိတ် အချဉ်ပေါက် နှင့် ပြောတော့ “ ပြောမလို့ပါပဲ ဘယ်သူမှ မတွေ့လို့ ” ဟု ပြန်ဖြေသည် ။ သူ ခြံ ထဲ မဆင်းခင် ကတည်း က အပင် ပေါ် ရောက်နေသည် ဖြစ်ရမည် ။


“ မင်း ဘေးအိမ် ကတော့ မဟုတ်နိုင်ဘူး ၊ ဘယ်ကလဲ ” 


“ အန်တီဝေ သမီး ” ဟု မှုန်တေတေ မျက်နှာထားလေး နှင့် စိတ် မရှည် သလို ဖြေသည် ။ ဒူးခေါင်း အောက် ဘောင်းဘီအပွ နှင့် စိမ်းညိုရောင် ရှပ်အင်္ကျီ ဝတ် ထားသည့် ချာတိတ်လေး ကို သည် အနီးအနား မှာ တစ်ခါ ခါ မှ မတွေ့ဖူးပါ ။ အန်တီဝေ တူမများ လား ...  ။ ကျောင်းသူ အရွယ် လောက် ပင် ရှိဦးမည် ။ ဂုတ်ပေါ် ဝဲကျ နေသည့် ဆံပင်များ မှာ နေရောင် ဟပ်နေ၍ အရောင် တစ်မျိုး လက်နေသည် ။ နဖူး မှ ဆံစများ ကို ဆံညှပ်ကလစ်လေး နှင့် ဖြစ်ကတက်ဆန်း နိုင်လှစွာ ဆွဲစု ညှပ်တင် ထား၏ ။ သနပ်ခါး ရေကျဲ လိမ်း ထားသည့်မျက်နှာလေး သည် ငယ်ရွယ် နုနယ် သေးကြောင်း အသိအမှတ် ပြုနေသည် ။ မင်းရဲနောင် ဖျတ်ခနဲ အကြည့် လွှဲပီး “ ပိတောက်ပန်းတွေ ကောက်ပြီး ပြန်တော့ ..” ဟု ပြော လိုက်သည် ။


( ၃ )


သူ့ ကို တစ်ချက် ပြန် ကြည့်ပြီး ပြန့်ကျဲ နေသည့် ပိတောက်ခက် များ ကို သွက်လက်စွာ ကောက်ယူ ပြေးထွက် သွား၏ ။ ခြံ အနောက် ဘက် တွင် ရေစင်နံဘေး မှ အုတ်တိုင် တစ်ခု ပြိုကျ နေသည် ။ ထို နေရာ မှ သူ့ အိမ် ဘက် ကူး လာပြီး တစ်ပင်လုံး ဝေ နေသည့် ပိတောက်ပန်းများ ကို လာ ခူးသည် ဖြစ်ရမည် ။ “ အိမ်ရှင် ကို ခွင့် တောင်းရ ကောင်းမှန်းလည်း သိမယ့်ပုံ မပေါ်ပါဘူးလေ ...” ဟု တစ်ယောက် တည်း တွေး နေမိ၏ ။ ထိုင်ခုံ နှင့် စားပွဲ ကို နေရာ ပြန် ချပြီး စာ ပြန် ဖတ် ရသည် ။


ခုံ ပေါ် ကျန်ခဲ့သည့် ပိတောက်ခက်လေး ကို ကောက် ယူပြီး စာအုပ်ဖုံး နောက် တွင် ညှပ်ယူ လိုက်သည် ။ မိုးရေဆမ်း ထားသည့် ပိတောက်ဝါများ နှင့် သနပ်ခါးရေကျဲ လိမ်း ထားသည့် မျက်နှာလေး ကို သာ စာမျက်နှာ ပေါ် တွင် တရေးရေး မြင်ယောင် နေမိ၏ ။ သည်အိမ် နှင့် ခြံကြီး ထဲ တွင် ဖခင် ဖြစ်သူ ဆုံးပါးပြီး ကတည်း က အမေ နှင့် သူ နှစ်ဦးတည်း သာ ရှိသည် ။ ကျောင်း ပြီးတော့ အလုပ်ဝင် ၊ ခုလို ရုံးပိတ်ရက် တွင် သာ ခြံ ထဲ ဆင်းပြီး နားနားနေနေ အနားယူ ဖြစ်သည် ။ အမေ က သင်္ကြန်တွင်း ရိပ်သာ ဝင် နေကျမို့ တစ်အိမ် လုံး တွင် မင်းရဲနောင် တစ်ယောက် တည်း အိမ်စောင့် ကျန်ခဲ့၏ ။


နောက် တစ်နေ့ နံနက် ခြံ ထဲ လမ်းလျှောက် ပြီး ထုံးစံ အတိုင်း စာ ဖတ်နေသည် ။ 


“ မောင်မင်းနောင် ရေ ...”


တစ်ဖက် ခြံ မှ အန်တီဝေ လှမ်း ခေါ်သံ ကြားလိုက်သည် ။ 


“ ကျွန်တော် ဒီမှာ အန်တီဝေ ” ဟု အသံ ပြု လိုက် မှ “ သား ရေ .. အလုပ် မရှိရင် အန်တီဝေ တို့ ခြံဖက် ခဏ လှည့် လာပါဦးကွယ် ”


“ ဟုတ်ကဲ့ အန်တီဝေ ”


လက် ထဲ မှ စာအုပ် ကို ခဏ ချထား လိုက်သည် ။ အန်တီဝေ တို့ အိမ် သို့ ထွက် လာခဲ့သည် ။ ရောက် တော့ အန်တီဝေ က ဆီချက်ခေါက်ဆွဲ ပန်းကန်များ ပြင်ထားသည့် စားပွဲ တွင် ထိုင် စေသည် ။


“ ဆီချက် စားပါဦး မောင်မင်းနောင် ရေ ၊ ချိုင့် နဲ့ လာ ပို့ မလို့ပဲ မင်း ဦးလေး က အိမ် ခေါ်လိုက်ပါ ဆိုလို့လေ .. သား လည်း တစ်ယောက် တည်း ပျင်းနေမှာ စိုးလို့ကွဲ့ ”


ထိုစဉ် ဦးလေးထွန်း က “ ဟုတ်တယ်ဟေ့ .. ဦးလေး ပဲ အခေါ် ခိုင်း လိုက်တာ စားပါဦး ငါ့တူ ရေ ..” ဟု ဆိုလေသည် ။ 


သူ က အပြုံး ဖြင့် “ ရပါတယ် အန်တီဝေ ၊ ဦးလေးထွန်း ပါ အတူ စားကြတာပေါ့ ” ဟု ပြောလိုက်၏ ။ 


မနေ့ က ချာတိတ်လေး ကို မူ အရိပ်အယောင် မျှ မတွေ့ ရပေ ။ ဦးလေးထွန်း တို့ နှင့် သူတို့ နှစ်အိမ် သည် ဆွေမျိုးရင်းချာ သဖွယ် ရင်းနှီးကြသော အိမ်နီးချင်းများ ဖြစ်လေသည် ။ အန်တီဝေ က “ သမီး အတာ ရေ .. ခေါက်ဆွဲ စားမယ်လေ လာခဲ့တော့ ” ဟု လှမ်း ခေါ်လိုက် သည် ။


ခန်းဆီးစ ကို လက် တစ်ဖက် ဖြင့် ဆုပ်ကိုင်ပြီး သုံးလေးလှမ်း ရောက် မှ လွင့် သွားအောင်ဖြန့် ချ လိုက်သည် ။ ကလေး ဆန်သည့် အမူအယာ သည် တစ်မျိုးလေး ချစ်စရာ ကောင်း၏ ။ ညီအစ်ကို မောင်နှမ မရှိသည့် သူ့ အဖို့ မှာ သည်လို ညီမငယ်လေး တစ်ဦး ရှိလျှင်ဟူ၍ တောင့်တ မိ လေသည် ။ ချာတိတ်လေး သည် ယခုမှ သူ့ ကို သတိထား မိပြီး အန်တီဝေ နံဘေး ခုံ တွင် ဝင် ထိုင် လိုက်သည် ။


( ၄ )


အိမ် နေရင်း နက်ပြာရောင် ဂါဝန်လေး ကို ခါးကြိုးသို င်းချည် ထားသည် ။ လိမ်း ထားသော သနပ်ခါး တို့ သည် ပါးပြင် ပေါ် တွင် လင်းလင်းထင်းထင်း ရှိလှ၏ ။ သူ့ ကို မူ တစ်ခါမှ မတွေ့ဖူးသည့် နှယ် ခပ်စိမ်းစိမ်း ပြန် ကြည့် တတ်သည် ။ မနေ့ က ပိတောက်ပန်း ခိုးခူးသည် မှာ သူ မဟုတ်သည့် အတိုင်းပင် ။ အန်တီဝေ ကို ပြ န်တိုင်မှာ စိုး၍ မသိချင် ယောင် ဆောင် နေသည် လား ရူးဟန် ဆောင်သည် လား မပြောတတ် ။


“ ဘယ်လို ချာတိတ်လေး ပါလိမ့် ...” ဟု ဆီချက် စားရ င်းတွေး နေမိသည် ။ ထို့နောက် “ အတာ က အန်တီဝေ့ တူမလေး လေ ..” ဟု အန်တီဝေ မိတ်ဆက် အပြီး တွင် သူ့ ကို ပြုံး သလိုလို တစ်ချက် ကြည့်သည် ။ ပြီးတော့ ခပ်တည်တည် နှင့် ဆီချက်ပန်းကန် ကို ဆက် စားနေသည် ။ ရှက်ရွံ့ကြောက်ဟန် ကင်းသည့် မျက်နှာလေး သည် ဣန္ဒြေရ အပျိုမလေး သဖွယ် တည်ငြိမ် နေပြန်သည် ။ မနေ့ က ပိတောက်ပန်း ခူးစဉ် ငေါက်ခဲ့ တုန်း က လို မှုန်တေတေ မျက်နှာထားမျိုး လည်း မတွေ့ရတော့ပြန်ပါ ။ ဆီချက်ပန်းကန် ကုန်ကာနီး လောက် တွင် “ တီ ဝေ ... အတာ ဒန်း သွားစီး တော့မယ် ” ဟု ဆိုကာ ခြံ ထဲ ဆင်း သွားသည် ။


ထိုအချိန် မှ အန်တီဝေ ပြောပြသည့် အတာ ၏ ဘဝ အခြေအနေ ဖြစ်ကြောင်း ကုန်စင် ကို သူ သိခွင့် ရခဲ့၏ ။ အတာ သည် အန်တီဝေ ၏ ညီမ အရင်း မှ မွေးသည့် တူမလေး ဖြစ်ကြောင်း ၊ အတာ့ တွင် အစ်မ တစ်ယောက် ရှိကြောင်း ၊ လွန်ခဲ့သည့် ( ၂ ) နှစ် ခန့် က အတာ တို့ မိသားစု မန္တလေး သို့ ခရီး ထွက်ကြရာ အမြန်လမ်း တွင် ကားအက်ဆီးဒင့် ဖြစ်ပြီး မိဘနှစ်ပါး နှင့် အစ် မပါ ကွယ်လွန် သွားကြကြောင်း ၊ အတာ မှာ ကံ ကောင်းထောက်မစွာ အသက် မသေ သော်လည်း ဦးခေါင်း ဒဏ်ရာ ရ ကာ ဦးနှောက် အာရုံကြော ထိခိုက် မိကြောင်း ၊ မည်သည့် အရာ ကို မှ  ကြာရှည် မမှတ်မိ နိုင်အောင် မှတ်ဉာဏ် ချို့ယွင်းခဲ့ကြောင်း ၊ တစ်ခါတစ်ရံ သူ့ မိခင် သေဆုံးသွားသည် ကို မေ့လျော့ နေပြီး အန်တီဝေ ကို အမေ ဟု ထင် မှတ်ကြောင်း ၊ ကျန်းမာရေး အခြေအနေ ကြောင့် နဝမတန်း သို့ ဆက် မတက်ဖြစ်ကြောင်း ။ ယခင် က ဖခင် ဘက် မှ အဘိုးအဘွားများ က ခေါ် ယူထားကြကြောင်း ၊ ယခု မှ ကျန်းမာရေး မကောင်းကြတော့ သဖြင့် အန်တီဝေ ကို ခေါ်ခွင့် ပြုကြောင်း ၊ တူမလေး ကို စောင့်ရှောက်ရန် မော်လမြိုင် သို့ ခေါ်လာသည် မှာ တစ်လ ပြည့်တော့မည် ဖြစ်ကြောင်း စိတ် မကောင်းစွာ မင်းရဲနောင် ကို ရင်ဖွင့် ပြောပြလေသည် ။


သူ့ မှာ အန်တီဝေ ပြောပြသမျှ ကို နားထောင် ပြီး ပင့်သက်မော ကို အကြိမ်ကြိမ် ချရသည် ။ “ ဖြစ်မှ ဖြစ်ရလေ ” ဟု လည်း ထို ကလေးမလေး အပေါ် ကရုဏာ သက်မိလေ၏ ။ သူ့ ကို တွေ့ဖူးသော် လည်း မမှတ် မိ လေဟန် မျက်ဆံနက်ဝန်းများ ကို ယခုမှ နားလည်မိ တော့၏ ။ ထိုနေ့ အန်တီဝေ နှင့် ဦးလေးထွန်း ကို နှုတ်ဆက်ပြီး အိမ် ပြန်ခဲ့သည် ။ ခြံ ထဲ ၌ နှင်းဆီပန်းအိုးများ အနီး တွင် အတာ ကို တွေ့ လိုက်သည် ။ ခြေကလေး လွှဲကာ လွှဲကာ နှင့် ဒန်းစီး နေ၏ ။ ကလေးငယ် တစ်ဦး ကဲ့သို့ပင် ။ မနေ့ က ခပ်တင်းတင်း အော်မိ ငေါက်မိသည် တို့ ကို ပြန် တွေးမိပြီး ကိုယ့် ကို ကိုယ် အပြစ်တင် မိ စိတ်မကောင်း ဖြစ် မိ လေသည် ။


( ၅ )


မည်သို့ပင် ဆိုစေ ...  ၊ ထို ရက်များ မှ စပြီး မင်းရဲနောင် သည် ခြံဝင်း ထဲရှိ ပိတောက်ပင်ကြီး မှ ပိတောက်ခက်ဝါဝါများ ကို တစေ့ တစောင်း သတိထား မိလေသည် ။ တစ်ခါတစ်ရံ အတာ လိုချင်သော ပိတောက်ပန်းများ ကို တပွေ့တပိုက် ခူး ပေးတတ်၏ ။ အတာ က လည်း မင်းရဲနောင် ကို တစ်ခါခါ ခပ်စိမ်းစိမ်းလေး ကြည့်တတ်သည် မှ လွဲ၍ ဖြူစင်သောနှလုံးသား နေရာတွင် သံယောဇဉ် တို့ ဖြစ်တည် နေရာ ယူ လေပြီ ဖြစ်သည် ။ ပိတောက်ရနံ့ သင်းသော နွေဦး သည် တရွေ့ရွေ့ ကုန် လွန် ခဲ့လေ၏ ။ အချိန်ကာလ တို့ သည် ရက် ၊ လ မှ နှစ် ဆီ သို့ ပြောင်း၍ နွေမိုးဆောင်း တို့ အကြိမ်ကြိမ် ကူးလူး ဖြတ်သန်း ခဲ့လေပြီ ။ ကရုဏာ အရင်း တည် ၍ ညီမငယ်လေး သဖွယ် အရိပ် တကြည့်ကြည့် နှင့် စောင့် ရှောက်ကြင်နာ ရသော မေတ္တာတရား တို့သည် သံယောဇဉ်ကြိုး တို့ ဖြင့် နှောင်တွယ် မိလေ၏ ။ ထို ကြိုး တို့သည် မမြင်ရ သော်လ ည်း ခိုင်မြဲလွန်း လှသည် ။ ထိုအခါ မေတ္တာမိုး တို့ တဖွဲဖွဲ စွေရွာ တတ်၏ ။


၂၀၁၈ ဧပြီ ( ၁၃ ) ရက် ။ ခြံ ထဲ ၌ ပိတောက်ပန်းများ ဝေ နေအောင် ပွင့် ကြသည် ။ ထိုနေ့ တွင် အတာ့ ကို ဆေးရုံ တင်လိုက် ရသည် ။ မော်လမြိုင်ဆေးရုံကြီး သို့ မင်းရဲနောင် အမြန်ဆုံး လိုက် သွား ၏ ။ ဦးနှောက်အမြှေးပါး ယောင်ပြီး စိုးရိမ် အဆင့် ဖြင့်အရေးပေါ်တင်ရ ခြင်း ဖြစ်သည် ။ အောက်ဆီဂျင်ဘူး ၊ ဂလူးကို့စ် ၊ ဆေးပိုက်များ ကြား တွင် ဖျော့တော့ နွမ်းလျ နေသည့် မျက်နှာလေး မှာ မကြည့်ရက် မမြင်ရက် စွာ ။ ဖြစ်နိုင် လျှင် သူ့ ခန္ဓာကိုယ် မှ ခွန်အားများ ကို အတာ့ ဆီ သို့ ပေးခွင့် ရ ချင်သည် ။ ဖြည်းညှင်းစွာ ရှူရှိုက် နေသည့် ဝင်သက် ထွက်သက်များ ကို သူ စိုးရိမ်ခြင်း ကြီးစွာ စောင့်ကြည့် နေမိသည် ။


ဧပြီ ( ၂၁ ) ရက် နေ့ တွင် အတာ သတိ တစ်ချက် မျှ လည်ပြီး မျက်ရည်ကြည် တို့ ဝေ့လည် နေသော မျက်ဝန်း အစုံသည် ဖြည်းညင်းစွာ ငြိမ်သက် သွားလေ၏ ။ “ ကိုရဲ ..” ဟူသည့် ချိုကြည်အေးမြ သော ခေါ်သံ တို့သည် ဤ ကမ္ဘာမြေပြင် ၌ မည်သည့် အခါမှ မကြားနိုင်တော့ပေ ။ ကြီးမား ပြင်းထန်သည့် ငလျင်လှိုင်း တို့ သည် ပင်လယ်ပြင် တစ်ခုလုံး ရိုက်ခတ် တုန်ခါပြီး ကမ်းပါးနံရံများ ကို ကြမ်းတမ်းစွာ တိုက်စား ဝါးမြို ပစ်သည့် ပမာ ။ ပြင်းစွာသော ဝေဒနာ တို့ သည် လှိုက်လှဲ တုန်ယင်စွာ ။ 


“ အတာ ... အတာ ဆုံးပြီတဲ့ ”


“ လူနာ အသက်မရှိတော့ပါဘူး ” စသည့် အန်တီဝေ ၏ ငိုသံ စွက်သည့် စကားသံ တို့ ကို လည်းကောင်း ၊ ဆရာဝန်ကြီး နှင့် သူနာပြု ဆရာမ တို့ ပြောသည့် စကားသံ တို့ ကို လည်းကောင်း သူ့ အသိ စိတ် ထဲ တွင် ကြား တစ်ချက် မကြား တစ်ချက် ။ သွေးဆုတ်ဖြူရော် နေသည့် လက်ချောင်းကလေးများ ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားမိသည် ။


“ အတာ ... အတာ ရေ ...”


ရင်ခေါင်း ထဲ မှ လှိုက်တက် လာသော ပေါက်ကွဲသံ တို့ သည် မည်သည့် အသံ မှ ထွက် မလာဘဲ နှလုံးအိမ် ထဲ တွင် ပဲ့တင်ထပ် နေလေ သည် ။ ခေါင်းတိုင်ဝ မှ  မီးခိုးငွေ့ တလူလူ တို့ သည် တိမ်စိုင်တိမ်လိမ်များ ကြား တွင် တရွေ့ရွေ့ ပျောက်ကွယ် သွား၏ ။


“ အတာ လေ ... ကိုရဲ ကို ချစ်တယ် ... ၊ ပိတောက်ပန်းတွေ ကို လည်း ချစ်တာပဲ ...” ဟူသည့် အသံ တို့ သည် အကြား အာရုံ ထဲ တွင် ဝေးလိုက် နီးလိုက် ၊ တိုး သွားလိုက် ကျယ် လာလိုက် နှင့် တဖြည်းဖြည်း ဝေး သွားသည် ။ ပူနွေးသော မိုးရေစက်များ သူ့ ပါးပြင် ပေါ်သို့ စီးကျ လာသည် ။


မိုးဖွဲလေးများ မှာ ရွာမြဲ ရွာ နေဆဲ ... . .  ။


◾နဒီလှိုင်း ( ရာမည )


📖 နှလုံးသား ဖြင့် စီရင်သည်

      ( ဝတ္ထုတိုများ စုစည်းမှု )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment