Friday, April 26, 2024

မေတ္တာ ပရဝဏ်

❝ မေတ္တာ ပရဝဏ် ❞

သည် တစ်နှစ် နွေ က တော်တော့် ကို ပူသည် ။ လှုပ် လိုက် တိုင်း ချွေး ထွက်ချင်သည် ။ ချွေးထွက် များလွန်း သော ကြောင့် ရေဓာတ် ခန်းခြောက်ကာ ခန္ဓာကိုယ် တစ်ခု လုံး မလှုပ်ချင် ၊ မသယ်ချင် ဖြစ်နေသည် ။ တစ်ခါတစ်ခါ ခေါင်း ဆီ က ရိပ်ခနဲ မူးသည် ။ ခပ်ဝေးဝေး သို့ လှမ်း ကြည့် လိုက် လျှင် တံလျှပ် တို့ တရိပ်ရိပ် ထ နေပြီး အမြင်အာရုံ တွေ မှုန်မှုန်မှိုင်းမှိုင်း ဖြစ် နေသည် ။ ထုံးစံ အတိုင်း မကြာ ခဏ ရေငတ် နေ သဖြင့် ခဏခဏ သောက် နေရသည် ။ ထို့ကြောင့် ဗိုက် က ကယ် လာပြီး ထမင်း စားချိန် တန် လျှင် မစားနိုင်တော့ ။ စား ပြန် လျှင် လည်း ရေ ကို သာ သောက် နေရ ပြန် သဖြင့် အစာအိမ် ထဲ တွင် ရေတွေ ဘောင်ဘင် ခတ် နေသံ ကို ပင် တစ်ခါ တစ်ခါ ကြား နေရသေးသည် ။

လမ်းမ သို့ မျှော် ကြည့်လိုက်လျှင် ဟိုဟိုဒီဒီ သွား လာ သူတွေ နည်းလွန်းလှ ပြီး မဖြစ်မနေ သွားလာ နေရသူ တွေက နေပူဒဏ် ကို ကာကွယ်နိုင်ရန် ထီး ၊ ဦးထုပ် တွေ ကိုယ်စီ ဆောင်းကာ စိတ်မပါ လက်မပါ ရွေ့လျား နေကြသည် ။ ကျွန်တော် သည် လည်း ထို လူတွေ နည်းတူ လမ်း ပေါ် ထွက်ရမှာ အလွန် ဝန်လေး နေမိသည် ။ သားငယ် နှင့် သမီးငယ် က တော့ အိမ်ရှေ့ သစ်ပင်ရိပ် အောက် တွင် ငြိမ်ငြိမ်သက်သက် ကစား နေကြသည် ။ ဇနီးသည် က တော့ နေပူ ထဲ မထွက်စေရန် ကလေးတွေ ကို သတိ ပေး နေရင်း ကျွန်တော့် အနား တွင် လာ ထိုင်သည် ။ သူ့ လက် ထဲ မှ ယပ်တောင် တဖျပ်ဖျပ် ကြောင့် အေးမြမြ ဖြစ်သွား သော်လည်း ယပ်တောင် ရပ် သွားလျှင် သိသိသာသာ ပြန် အိုက်လာ တာပဲ ဖြစ်သည် ။ ကျွန်တော့် အနေ နှင့် ပန်ကာလေ ကြာ ကြာ ခံ မိလျှင် တစ်ကိုယ်လုံး ကိုက်ခဲ လာ တတ်ပြီး ဖျားချင် သလိုလို ၊ နာချင် သလိုလို ဖြစ်တတ် သဖြင့် ပန်ကာ ကို လည်း မဖွင့်ရဲ ။

“ မိုး က လည်း မရွာနိုင်သေးဘူး နော် ”

ဇနီးသည် က ကျွန်တော့် ကို ပြော သလိုလို ၊ သူ တစ်ယောက် တည်း ရေရွတ် သလို ဆိုလိုက် သဖြင့် ကျွန်တော် ငယ်စဉ် က အဘိုး ပြောခဲ့ဖူးသော စကား တချို့ ကို သတိ ရမိလိုက်သည် ။ ထို့ကြောင့် ...

“ တို့ ငယ်ငယ် က တော့ အဘိုး ပြောဖူးတယ် ၊ သင်္ကြန် ကျ ပြီး လေးဆယ့်ငါးရက်ကြာ မှ မိုး ရွာတာတဲ့ ”

ကျွန်တော့် စကား ကြောင့် ဇနီးသည် က ..

“ အခုမှ မေလဆန်း ပဲ ရှိသေးတော့ လိုသေးတာပေါ့ နော် ”

ဆိုသော စကား ကို ခေါင်းညိတ် ထောက်ခံ လိုက်မိ သည် ။ ဇနီးသည် က ကျွန်တော့် ကို တစ်ခု ခု ပြောချင်နေ ပုံ ရ သဖြင့် သူ့ မျက်နှာ ကို လှမ်း ကြည့်လိုက်တော့ သူ က သက်ပြ င်းကို ခပ်သာသာ ချ ရင်း ...

“ နေပူလွန်းလို့လား မသိဘူး ၊ ကလေးတွေ ထမင်း သိပ် မစားနိုင်ကြဘူး ”

သူ့ စကား အဆုံး တွင် ကျွန်တော် က လှစ်ခနဲ ပြုံး လိုက် မိ၍ သူ က အိုးတိုးအမ်းတမ်းဖြ စ်သွားပြီး ကျွန်တော့် ကို ..

“ ဘာ ပြုံးတာလဲ ” ဟု မေး လာသည် ။

“ ဘာမှ မဟုတ်ပါဘူးကွာ ။ မင်း ချက်တဲ့ ဟင်းတွေ ကို ခံတွင်း မတွေ့ကြလို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့ ”

ကျွန်တော့် စကား အဆုံးတွင် ဇနီးသည်က နှုတ်ခမ်း ကို မဲ့ကာ ရေးတေးတေး ပြုံးရင်း တစ်ဖက် လှည့် သွားသည် ။ အားမနာတမ်း ဆိုရလျှင် ကျွန်တော့် ဇနီးသည် က ဟင်းချက် သိပ် မကောင်း ။ ဟင်း အတွဲအစပ် က ပို၍ ညံ့သည် ။ ကျွန်တော် ကြားဖူးသည် က “ ဟင်း ချက်တာ က အတတ်ပညာ ၊ ဟင်း စပ် တာက အနုပညာ ” ဟူ၍ ဖြစ်သည် ။ ထိုသို့ ဆို လျှင် သူ က နှစ်မျိုးစလုံး ပြိုင်ဘက် ရှားသူ ဟု ဆိုရပါ လိမ့်မည် ။ ငါးကြော် နှင့် ကြက်သားကြော် ၊ ခရမ်းချဉ်သီးသုပ် နှင့် ချဉ်ပေါင်ဟင်း ၊ ပဲဟင်း နှင့် အချဉ်ရည်ဟင်း လို ဟင်းမျိုး တွေ ကို မကြာခဏ တွဲစပ် ၍ ကျွေး ဖူးသည် ။ ကျွန်တော် သည် လည်း မြိန်ရာ ဟင်းကောင်း ဟု သဘောထား ကာ ကျေနပ်အောင် စား ပြခဲ့ရသည် ။

တစ်ခါတစ်ရံ မီး မလာ၍ ဖြစ်စေ ၊ ချက်ပြုတ်ချိန် နောက်ကျ သွား၍ ဖြစ်စေ လမ်းထိပ် ဟင်းဆိုင် က ပြေး ၍ ဝယ်ကျွေး တတ်တာမျိုး လည်း ကြုံဖူးသည် ။ ထိုအခါ ကျွန်တော် က “ အမောပြေ ” ဟူသော သီချင်း ကို ဖျက် ၍ ဆိုပြဖြစ်သည် ။

“ မောင် ပြန်လာရင် ... အဆင်သင့် စားဖို့ရယ် .. ပြေး ဝယ်ရတာ ကပျာကယာ ... မောလှပါတယ် ”

သည်လို အခါမျိုး တွင် သူ က နှုတ်ခမ်း ကို စူကာ စိတ် ကောက် သွားတတ်သည် ။

သည်လို အခါမျိုးတွင် ကျွန်တော် က တော့ အမေ ချက် ကျွေးသော ငါး နိုင်းချင်း နှင့်ချက် ထားသည့် ချဉ်ပေါင် ဟင်းပျစ်ပျစ် ကို ငရုတ်သီးမှုန့် ဖြူးကာ အားရပါးရ လွေးလိုက် ချင်သည် ။ ယခုလို ပူပြင်း လွန်း သည့် နွေလများ တွင် အမေ ချက် ကျွေးသည့် ထို ဟင်းတွေ က ခံတွင်း မြိန်ခဲ့ ဖူးသည် မှာ အမှန် ဖြစ်သည် ။ အခုတော့ အမေ့အိမ် ကို နေ့တိုင်း မရောက်ဖြစ်တော့ ။ သို့သော် နှစ်ရက်ခြား တစ်ခေါက် ၊ သုံးရက်ခြား တစ်ခေါက်တော့ မရောက် ရောက် အောင် သွားဖြစ်သည် ။ အမေ က လည်း ကျွန်တော် မလာ လျှင် မျှော် နေတတ်သည် ။

“ အဲဒါ တိုက်ရရင် ကောင်းမလား ဟင် ” 

ကျွန်တော့် လက်မောင်း ကို ကိုင်ကာ ရုတ်တရက် ပြော လာသော ဇနီးသည် ကို လည်ပြန် ကြည့်ရင်း “ ဘာ ပြောတာလဲ ” ဟူသော သဘော နှင့် မေး ဆတ်၍ မေး လိုက်ရသည် ။ ထိုအခါ ဇနီးသည် က ..

“ ကလေးတွေ ထမင်း မစားတာ အားဆေး တိုက်ရင် ကောင်း မလားလို့ မေး နေတာလေ ”

သည်တော့ မှ အတွေး လွန်သွားသော ကျွန်တော် အတွေးစ ကို ပြန်လည် စုစည်းကာ သူ့ ကို ခေါင်းညိတ်ပြ  လိုက်ရသည် ။

•••••   •••••   •••••

“ ကဲ ... မထူးတော့ဘူးကွာ ၊ မနက်ဖြန် ညနေစာ ကို ဆိုင် မှာ သွားစားကြမယ် ”

ကျွန်တော့် စကားကြောင့် ဇနီးသည် ၏ မျက်နှာ တစ်ချက် လင်းလက် သွားပြီး ကလေးတွေ ကို ချက်ချင်း အကြောင်းကြား လိုက်သည် ။ ကလေးတွေ က လည်း ပျော် မဆုံး ၊ မော်မဆုံး ။ ဝင်ငွေ နှင့် ထွက်ငွေ မျှအောင် သုံးနေ ရချိန် တွင် အပို ထွက်ငွေ ကို ဂရုစိုက် သုံးနေရ သော် လည်း ကလေးတွေ ထမင်း မစားနိုင် သဖြင့် အပြောင်းအလဲတစ်ခု ဖြစ်လို ဖြစ်ငြား စွန့်စား လိုက်ရခြင်း ဖြစ်သည် ။ သို့သော် ကျွန်တော့် အသုံးစရိတ် ကို ချွေတာ လိုက်လျှင် မိသားစု စရိတ် အတွက် ပြဿနာ သိပ် မရှိလှ ။

ဆိုင် မှာ ထမင်း သွားစားဖို့ အရေး ပျော်ပျော်ရွှင်ရွှင် ဖြစ် နေသော ကလေးတွေ ကို ကြည့်ပြီး ကျွန်တော် ရော ဇနီးသည် ပါ ပြုံးမိသည် ။ ထို့နောက် ဇနီးသည် က အိမ်ရှင်မ ပီပီ ထိုနေ့ ညနေစာ ကို လုံးဝ မချက်တော့ ။ အဓိပ္ပာယ် က ကျွန်တော့် ကို ကတိ မဖျက် နဲ့ ဟူသော သဘော ။ ကျွန်တော် ကတိ ဖျက် လျှင် ကလေးတွေ ငတ်ကုန်မည်ဟု ပညာသား ပါပါ သတိပေး လိုက်ခြင်းဖြစ်သည် ။ ထို့နောက် သား နှင့် သမီး ကို ခေါ်ကာ ကျွန်တော်တို့ လင်မယား မညားခင် က မကြာခဏ စားလေ့ ရှိသော ထမင်းဆိုင် သို့ မိသားစု အလိုက် ချီတက် လာကြသည် ။

ဆိုင် နေရာ က ကျွန်တော်တို့ ရပ်ကွက် နှင့် အနည်းငယ် အလှမ်း ဝေး သဖြင့် ကား ငှားမှ သင့်တော် နိုင်သဖြင့် ကားငှားခ က အပို ထပ် ထွက်ရပြန်သည် ။ သို့သော် တစ်ခါ တလေ မှ သာ ရသော သားသမီး တို့ ၏ အခွင့်အရေး အတွက် ကျွန်တော့် အတွေး ကို ခပ်မြန်မြန် ဖျောက် ပစ်ရသည် ။ ကလေးတွေ က တော့ မျှော်လင့် မထားဘဲ အပြင်ထွက်ရ ပြန် သဖြင့် ပျော်ရွှင် နေကြသည် ။ သမီးငယ် က စကားတွေ ဖောင် ဖွဲ့အောင် ပြော လာသည် ။ သားကြီး က တော့ သီချင်း တအေးအေး ဖြင့် လိုက်ပါ လာသည် ။

ဆိုင် ကို ရောက်တော့ ထမင်း လေးပွဲ ၊ ကုန်းဘောင်ကြီးကြော် ၊ ကြက်ချိုချဉ် နှင့် တုန့်ယမ်းဟင်းချို တို့ ကို အရင် မှာ လိုက်သည် ။ ထို့နောက် အမျိုးသမီး ၏ တောင်း ဆိုမှုကြောင့် မှိုကန်စွန်း တစ်ပွဲ ပါ ထပ် မှာလိုက်သည် ။ ဟင်းပွဲတွေ ရောက် မလာခင် ကတည်း က ပါးစပ် တပြင်ပြင် ဖြစ်နေသော သား နှင့် သမီး က စိတ်မရှည် သလိုနှင့် ကျွန်တော့် ကို လှမ်း လှမ်း ကြည့်နေကြသည် ။ မကြာမီ မှာ ပင် ဟင်းပွဲတွေ ရောက် လာသဖြင့် မိသားတစ်စုလုံး ခေါင်း မဖော်တမ်း အားရပါးရ လွေးကြတော့သည် ။
အပြောင်းအလဲ ဖြစ်သွားသောကြောင့်လား မသိ ၊ စား ရသည် မှာ အတော် အရသာ ရှိပြီး ထမင်းစား အတော် ဝင် ကြသည် ။ ကျွန်တော် သည် ပင် လျှင် ဝမ်းဗိုက် တစ်ခု လုံး ပြည့်ကျပ် နေပြီး တနင့်တပိုး ဖြစ် နေခဲ့သည် ။ စားသောက် ၍ ပြီးစီးသွား သောအခါ ကျသင့်ငွေ ကို ရှင်းပြီး ပြန်မည် ပြင် တော့ ဇနီးသည် က “ အိမ်မှာ ဆိုရင် နှစ်ရက် စာ ဈေးဖိုး လောက် ရှိတယ်နော် ” ဟု နှမြောတသ စွာ ဆိုသည် ။ ကျွန်တော် က သူ့ ကို ဆက် မပြောစေချင် ၍ ခေါင်းခါ ပြ လိုက်ပြီး အပြန်အတွက် ကား ငှားရန် ပြင်ဆင် ရပြန်သည် ။

အပြန် တွင် တော့ ကျွန်တော့် ကလေးတွေ အလာတုန်း ကလို မသွက်လက်တော့ ၊ ငြိမ် ၍ လိုက်ပါ လာကြသည် ။ တဖြည်းဖြည်း နှင့် အမေ့ အိမ်နား နီး လာတော့ ဇနီးသည် နှင့် မိသားစု အား ဆက် သွားစေပြီး ကျွန်တော် က ဆင်း နေခဲ့လိုက်သည် ။ သမီးငယ် က ပါ လိုက်မည် ဆို သဖြင့် အပြန်တွင် လမ်း အဝေးကြီး လျှောက်ရမည် စိုး သဖြင့် သူ့ အမေ နှင့် ဆက် လိုက်သွားစေရသည် ။

လမ်းထိပ် ဆီ မှ အမေ့ အိမ် ကို မျှော် ကြည့်တော့ အရင် လိုပဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။ အေးချမ်းနေသည် ။ ထိုအိမ်ကလေးသည် ကျွန်တော်၏ ချက်မြှုပ်ရာဒေသ ဖြစ်သောကြောင့် အချိန်တိုင်း လွမ်းနေ ၊ သတိရနေသော အိမ်ကလေးလည်း ဖြစ်နေပါသေးသည် ။

ကျွန်တော် ခြံဝ ရောက်တော့ ‘ ထင်သားပဲ ’ ဟူသော အမေ့ အသံ ကို ဦးစွာ ကြားလိုက်ရသည် ။ အိမ် ထဲ ရောက် တော့ ခေါင်းရင်း တွင် ကုလားထိုင် တစ်လုံး နှင့် ထိုင်နေ သော အမေ က နောက်ဖေး သို့ လှမ်း မျှော်ကာ ...

“ သမီး ရေ ၊ ဒီမှာ နင့် အစ်ကိုကြီး ရောက်လာပြီဟေ့ ”

ဟု လှမ်း အော်လိုက်သည် ။ သိပ်မကြာခင် မှာ ပင် ကျွန်တော့် ညီမ အလတ်မ က ...

“ မနက် ကတည်း က ကိုကြီး လာမှာပဲ ဆိုပြီး ဟင်း တွေ ကို အမေ က ကိုယ်တိုင် ဝင်ချက် နေတာ ”

ဆိုရင်း အိမ် နောက်ဖေး မှ ထွက် လာခဲ့သည် ။ လက် ထဲ တွင် လည်း ထမင်းပန်းကန်နှင့် ဟင်းပန်းကန် တို့ ကို ယူ လာသည် ။

ကျွန်တော့် ရင် ထဲ တွင် လှပ်ခနဲ ဖြစ် သွားသည် ။ အမေ့ ကို လှမ်း ကြည့် လိုက်တော့ အမေ က ပုတီး တစ်ကုံး နှင့် တရားမှတ် နေသည် ။ ကျွန်တော် သည် ညီမလေး ကို ကြည့်လိုက် ၊ သူ ပြင်ပေး ထားသော ထမင်းပွဲ ကို ကြည့် လိုက် နှင့် ရုတ်တရက် ဘာ ပြောရမှန်း မသိ ဖြစ်နေသည် ။ ထို့နောက် အ မေက ပုတီးတန်းလန်း နှင့် ...

“ သွား သား ၊ ထမင်း သွား စားလိုက် ။ နင် လာမယ် ထင်လို့ နင့် အကြိုက် ချဉ်ပေါင်ဟင်း ချက်ထားတယ် ။ ရာသီဥတု က သိပ် ပူတော့ နင်တို့ အိမ် မှာ ထမင်း စား ကောင်း မှာ မဟုတ်ဘူး ၊ သွား စားချေ ”

အမေ့ ကို ကျွန်တော် ကြောင်ငေး ကြည့် နေမိသည် ။ ပြောရမည့် စကားတွေ က လည်ချောင်းဝတွ င် တစ်ဆို့ နေသည် ။ “ ကျွန်တော် ထမင်း စားပြီးပြီ အမေ ” ဟု  မည် သို့ ဆိုရမည် မသိ ။ သားသမီး အတွက် အစစအရာရာ သိ နေသော အမေ ။ အသက်အရွယ် ကြီးရင့် နေ သော် လည်း ကျွန်တော် လာမည် အထင်နှင့် ကျွန်တော့် အကြိုက်
ကို ချွေးတလုံးလုံး နှင့် ချက် ခဲ့သည့် အမေ ။ အလွယ်ကလေး လက်ဆေး စားရမည့် ကျွန်တော် က မစားနိုင် လောက် အောင် ဗိုက်ပြည့် နေသည် ။

အမေ့ စေတနာ အတွက် ကျွန်တော် ဝမ်းနည်း နေမိ သည် ။ ရင် ထဲ တွင် တင်းကျပ်လာသည် ။ ရုတ်တရက် အပြောရ ခက် နေသော ကျွန်တော့် ကို အမေ က တစ်ချက် အကဲခတ် ၍ ...

“ အင်း ... မျိုမကျဘူး ထင်ပါရဲ့ ။ သမီး ရေ ၊ နင့် ကိုကြီး အတွက် ဟင်း ကို ချိုင့်လေးတစ်ခု နဲ့ ထည့် ပေး လိုက် ။ အိမ်မှာ ကလေးတွေ ပါ စားရတာပေါ့ ”

ညီမလေး က တော့ အမေ့ အမိန့် အတိုင်း ကျွန်တော့် မိသားစု စားရန် အတွက် ချိုင့် တစ်လုံး ထဲ သို့ ပြောင်း ထည့် နေသည် ။ ပြီးနောက် ကျွန်တော့် ရှေ့ စားပွဲ ပေါ် တွင် လာ တင်ပေး ထားသည် ။ အမေ က တော့ ကျွန်တော့် အလုပ်အကိုင် ၊ စားဝတ်နေရေး ၊ ကလေး တွေ ၏ ကျန်းမာရေး ၊ ပညာရေး တစ်ခု မကျန်အောင် မေးသည် ။ အမေ နှင့် ကျွန်တော် မတွေ့ရသည် မှာ သုံးရက် မျှ သာ ရှိသေး သည် ။ သို့သော် အမေ မေးမြန်း နေပုံက နှစ်ရှည်လများ ဝေးကွာ နေသော သားသမီး ကို မေးပုံမျိုး ဖြစ်နေသည် ။ ကျွန်တော် လည်း အမေ မေးသမျှ ကို သတိထား ဖြေ နေရင်း အိမ် ပြန်ဖို့ ကို ပဲ စဉ်းစား နေမိသည် ။

ဤသည် ကို ရိပ်မိပုံ ရသော အမေ က .. “ ကဲ .. ကဲ .. ပြန် ။ ချိုင့်ယူသွား ” ဟု ဆိုနေပြန်သည် ။

ကျွန်တော် လည်း အိပ်မက် နေသူ တစ်ယောက် လို အမေ ပေးသော ချိုင့်ကလေး ကို ဆွဲ ကာ အပြန်လမ်း ကို စတင် မိသည် ။ အပြန်လမ်း တွင် လက် ထဲ တွင် ဆွဲ ထား သော ချိုင့်ကလေး မှာ ကျွန်တော် နှင့် မိသားစု အတွက် အဓိပ္ပာယ်လုံးလုံး မရှိမှန်း ကျွန်တော် သိပါသည် ။ သို့ သော် ကျွန်တော် မယူလာ မိလျှ င် အမေ စိတ်ကောင်းမည် မဟုတ် ။ ယူ လာမိသည့် ကျွန်တော် လည်း လုံးလုံး စိတ် မချမ်းသာနိုင် ။

•••••   •••••   •••••

လက် ထဲ က ချိုင့်ကလေး ကို ကျွန်တော် ငုံ့ ကြည့်မိ သည် ။ ကျွန်တော့် မျက်နှာ တစ်ပြင်လုံး ရှက်စိတ် ကြောင့် နီမြန်း နေလိမ့်မည် ထင်သည် ။ သို့သော် ထို ချိုင့်ကလေး ထဲ တွင် အမေ ၏ မေတ္တာ ၊ ကရုဏာတွေ တော့  ပြည့်ပြည့်သိပ်သိပ် ပါဝင် နေမည် ဟု ယုံမှားစရာ မရှိပါ ။

အာရုံ တစ်ခုလုံး က ကျွန်တော် တို့ မိသားစု တစ်စုလုံး အားပါးတရ စားသောက် ခဲ့သော စားသောက်ဆိုင် မှ ထမင်းဝိုင်း ကို ပြက်ပြက်ထင်ထင် ပြန်လည်မြင်ယောင် နေခဲ့သည် ။ ကျွန်တော် သည် အလွန် ညံ့ဖျင်းခဲ့သူ ဖြစ် သည် ။ အတ္တကြီးခဲ့သူ ဖြစ်သည် ။ ကိုယ်ချင်းစာ တရား ခေါင်းပါးခဲ့သူ ဖြစ်သည် ။ ထိုသို့ မိသားတစ်စုလုံး အားပါး တရ စားသောက် ခဲ့ကြစဉ် က အမေ့ ကို ရိုးတိုးရိပ်တိပ်မျှ သတိ မရခဲ့ပါ ဟု ဝန်ခံရပါလိမ့်မည် ။ ထိုသို့ စားသောက် နေ ကြချိန် တွင် အမေ က ကျွန်တော့် ကို မျှော် နေပေလိမ့်မည် ။
သည် တစ်နှစ် နွေ က တော်တော့် ကို ပူသည် ။

ရင် ထဲ တွင်တော့ ရှက်စိတ် ကြောင့် ပို၍ ပူနေခဲ့သည် ထင်သည် ။

◾မောင်နှင်းပန်း

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၇ 

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment