Tuesday, April 9, 2024

ဘိုးရွှေအိတ် ၏ ခါသင်္ကြန်


 ❝ ဘိုးရွှေအိတ် ၏ ခါသင်္ကြန် ❞  

              ( ဇေယျ )


ဗြောင်နောင် ... ဗြောင်နောင် ... ဗြောင်ပိန် ... ဗြောင်ပိန် စသည် ဖြင့် အိုးစည်ထိပ်ဝ ကို တအားကုန် ခေါက် နေသော အသံများ သည် ရွာလယ် ၌ ဆူညံလျက် ရှိ၏ ။ တယ့်နယ် ... တူနယ် ... တယ်နယ်... တူနယ် နှင့် ပလွေငါးပေါက် ကို လက်မကြီး နှင့် အတင်း ပိတ် ကာ တအားကုန် ကုန်း ၍ မှုတ် လိုက်သော အသံများ က လည်း အိုးစည်သံ ကို ကူပင့် ထောက်ပံ့ လျက်ရှိ၏  ။ “ သိကြားမင်း က မှာ လိုက်တယ် ၊ ဗိုက်ပူကြီး ဗိုက်ပူကြီး ” ဟု ကလေးတွေ သံချပ် ထိုး ကြသော အသံများ က လည်း တစ်ခါတစ်ခါ ရောထွေး ပေါ်ထွက် လာ၏ ။


သင်္ကြန် အကြိုနေ့ သာ ရှိ သေး၏ ။ သို့သော် တစ်ရွာလုံး ဆူညံလျက် ရှိလေပြီ ။


ဘိုးရွှေအိတ် သည် တဲကလေး ရှေ့ ကွပ်ပျစ်ကလေး ပေါ် တွင် ထိုင်လျက် ငေးမော နေ၏ ။ ရွာလယ် က လူပျို ကာလသားများ ပျော်ကြ ပါးကြ အော်ကြ ဟစ်ကြသော အသံ များ ကို နား ထဲ ၌ တစ်ခါတစ်ခါ ကြားမိ သယောင်ယောင် ရှိ၏ ။ ဟဲ့ လူကလေး ဘယ်သွား ပါလိမ့်မလဲ ၊ ရွာလယ် က ကာလသားကြီးတွေ ထဲ ရောက်နေပြီ ထင်တယ် ဟု မြေးကလေး ကို သတိရ မိ၏ ။ သို့သော် ရှိစေတော့ ဟု တွေးကာ ငေးမောမြဲ တိုင်း ငေး နေ၏ ။


ဘိုးရွှေအိတ် သည် ယခု မျက်မြင် တည် ရှိ၏ ။ သို့သော် ဘိုးရွှေအိတ် ၏ စိတ် မူ ကား နှစ်ပေါင်း ၇ဝ လောက် သို့ နောက်ပြန် သွား နေ၏ ။ ဆယ့်လေးငါးနှစ်သား လူပျိုကလေး ဘဝ က ယခု ကဲ့သို့ သင်္ကြန် ကျသည့် အချိန် တွင် ပျော်ပါးခဲ့ဖူးပုံများ ကို သွား၍ သတိရ၏ ။ ညဦးယံ လသာသာ အချိန် တွင် သျှောင်ကလေး တစောင်း ထုံး လျက် အပျိုကလေး မယ်ကျော့ ၏ အိမ်ရှေ့ သို့ လျှောက် ကာ ဝါးပလွေကြီး တစ်ချောင်း နှင့် လူရည် ပြ ခဲ့၏ ။ တစ်ခါတစ်ခါ ခန်းပြင်ကလေး ပေါ် မှ ရေအိုး တွင် ရေလဲ နေသော မယ်ကျော့ က မိမိ အား စောင်းကာ ငဲ့ကာ နှင့် “ ဟဲ့ခွေး ” ဟု အော် လိုက်သံကလေး ကား တပေါင်း လေပြည်ကလေး လို ချိုအေး လှ၏ ။ ဪ ... မယ်ကျော့ ... မယ်ကျော့ ... အဲဒီတုန်း က ရွာ ထဲ မှာ အချောကလေး ပေါ့ ... ။ ခေါင်းကလေး လျှော် ၊ သနပ်ခါးကလေး ဘဲကျားရိုက် ၊ သုံးထောင့်ထွာ ကျော် ဆံပင် ကို ဖားလျားချ လျက် ရွာလယ် သို့ လျှောက် သွား လျှင် ကာလသားတိုင်း စုတ်တသပ်သပ် နှင့် နေရ အောင် ချော လှ၏ ။ မယ်ကျော့ သည် ရုပ်ရည်ကလေး ချော သလောက် စိတ်ဆတ် လှ၏ ။ မိမိ က မရမနေ အတင်း ပိုးပန်း၍ နှစ်ဦးနှစ်ဝ သဘောကျ သဖြင့် ရက်ကန်းခတ် ရာ မောင်းထောင်း ရာ သက်ငယ်ပျစ် ရာ တွင် လက်ခံခြေထား စကား ပြောသည် အထိ မှာ ပင် တစ်ခါတစ်ရံ စိတ် မထင်လျှင် “ ဟဲ့ ... ခွေး ” ဟု စောင်းတတ် မြောင်းတတ် သေး၏ ။


ဪ ... မယ်ကျော့ ... မယ်ကျော့ ... အလောင်းကလေး မြေ သို့ မြှုပ် လိုက်ရသည် မှာ နှစ်ပေါင်း သုံးဆယ် ကျော် လောက် ရှိပြီ ။ သားသမီး သုံးယောက် ကျန်ရစ်ခဲ့၏ ။ အကြီး မောင်ရန်ကင်း ကား ထောင်ထောင်မောင်းမောင်းကြီး ဖြစ်၏ ။ အလတ် မောင်ရန်ရှင်း ကား လူချောကလေး တစ်ယောက် ဖြစ်၏ ။ အငယ်ဆုံး မယ်ငြိမ်း ကား သူ့ အမိ မယ်ကျော့ နှင့် တူလှ၏ ။ ကျော့ကျော့ကလေး ဖြစ်၏ ။ မကျော့ မရှိသည့် နောက် သားသမီးများ စုံစုံညီညီ ရှိသေး ၍ တော် သေး၏ ။ အားလုံးပင် အလုပ် နှင့် အကိုင် နှင့်ချည်း ဖြစ်သောကြောင့် အဘ ဘိုးရွှေအိတ် မှာ ချမ်းချမ်းသာသာ နှင့် သားသမီးများ အထောက်အပံ့ နှင့် နေခဲ့ရ၏ ။ ယခု မူကား မရှိတော့ပြီ ၊ တစ်ယောက် မှ မရှိတော့ပြီ ။ သူတို့ အမေ့ နောက် လိုက် ကုန်ကြပြီ ။ သားအကြီး မောင်ရန်ကင်း ရိုးမ က ဝါးခုတ် ၍ အပြန် ငှက်ဖျား မိပြီး သေစဉ် က “ မယ်ကျော့ ရေ .... မင်း သားကြီး ငရန်ကင်း လိုက်လာလေရဲ့ကွယ့် ” ဟု ငိုကြွေး ခဲ့မိ၏ ။ နောက် ငါးနှစ် လောက် ကြာသော အခါ သားလတ် မောင်ရန်ရှင်း သည် တောအုပ် နောက် လိုက်သွား ရာ မှ ဆင် နှင့် သစ်ချရင်း မတော်တဆ ရေနစ် ၍ သေခဲ့၏ ။ အလောင်း မှ မမြင်လိုက်ရ ။ သို့သော် သမီးကလေး မယ်ငြိမ်း ရှိသေး၍ တော်သေး၏ ။ မယ်ငြိမ်း ၏ ယောက်ျား သမက်ကလေး လွန်းမောင် ကား လူဆင်းရဲကလေး ဖြစ်၏ ။ သို့သော် လူရိုးလူကောင်းကလေး ဖြစ် သောကြောင့် ငါ့ သမီး လင်ကောင်း သားကောင်း ရပေသည် ဟု ဝမ်းသာခဲ့ရ၏ ။ နောက် သားကလေး တစ်ယောက် ရပြီး ဂျပန်ခေတ် တွင် ချွေးတပ်ဆွဲသွား ရာမှ သံဖြူဇရပ် တွင် သေသည် ဟု ကြားရ၏ ။ ရွာသူကြီး က “ ဟဲ့ ... မယ်ငြိမ်း ... ဝမ်းတော့ မနည်းနဲ့ တော့ ကွာ ... နင့် ယောက်ျား သံဖြူဇရပ် မှာ ငှက်ဖျား မိပြီး သေ သတဲ့ ။ အရေးပိုင်မင်း က ကျန်ရစ် ခဲ့တဲ့ သားမယား စားဖို့ ဆိုပြီး ဆုငွေ တစ်ရာ့ငါးဆယ် ပေး လိုက်တယ် ။ ချည်လုံချည် က တစ်ထည် ကွ ၊ ချည်လုံချည် တစ်ထည်ပဲ ခု ခေတ် ဆိုရင် လေးငါးရာ တန်တာပေါ့ကွာ ... အေး ... နင် က တော်သေးတော့ ... ငါ့ သမက် ငကျော် မနှစ် က လိုက် သွားတာ သေသည် ရှင်သည် တောင် မသိရသေးဘူးဟဲ့ ” ဆိုကာ ငွေ နှင့် လုံချည် ကို ပေးခဲ့၏ ။ ထိုနေ့ မှ စ၍ မယ်ငြိ မ်း သည် တငေးငေး တမှိုင်မှိုင် တပိန်ပိန် တလိမ်လိမ် ဖြစ်ခဲ့၏ ။ သမီး အတွက် စိုးရိမ်မိ၏ ။ ကြည့်ရင်း ကြည့်ရင်း သူ့ အမေ သေခါနီး နှင့် တူသည် ဟု စိတ် ထဲ က မစော စကောင်း စော ခဲ့မိ၏ ။ မယ်ငြိမ်း သည် လင် သေသည် ဟု ကြားပြီး နောက် ခြောက်လ လောက် သာ ခံ၏ ။ ဘာ ရောဂါမှန်း မသိ ။ မစား မသောက် တပိန်ပိန် နဲ့ နေရင်း က လဲ ခဲ့၏ ။ “ အဘ ရယ် ... ကျွန်မ သားကလေး ပစ် မထားပါနဲ့နော် .. ” ဟု လေသံသဲ့သဲ့ကလေး နှင့် မှာ ၏ ။ “ ဟယ် .. နင် ဘာတွေ ပြောနေသလဲ ... ဘယ်သူက ပစ်ထားရမှာလဲ ။ ဘုန်းတော်ကြီး ဦးကော ပေးတဲ့ ဆေးကလေး ရှိသားပဲ ။ ဆေးကလေး ကို သာ ကြိုးစားပြီး စားပါ ။ နင့် စိတ် ကောင်းအောင် ထား ” ဟု အားပေး စကား ပြောရ၏ ။ သို့သော် မယ်ငြိမ်း ၏ အသက် သည် တန်ခူးလ ကန်ရေ ကျ သွား သလို ကြည့်ရင်း ကြည့်ရင်း ပင် ကျသွားပြီး နောက် လွန်ခဲ့သည့် နှစ် သင်္ကြန် မတိုင်မီကလေး က သေခဲ့၏ ။


ဪ ... ဖြစ်မှ ဖြစ်ရလေ ... သင်းတို့ အမေ မယ်ကျော့ ကို လည်း မြှုပ်ခဲ့ရပြီ ။ ယခုလည်း သင်းတို့ မောင်နှမတွေ ကို ငါ က ပဲ အကုန် မြှုပ်ခဲ့ရပြီ ။ ငါ နှင့် ငါ့မြေး လူမမည် ကလေး သာ ကျန်ရစ်ခဲ့ပါတော့ တကား ။ 


“ ဦးရွှေအိတ် .. ဦးရွှေအိတ် .. ကံ ပဲ နော် .. ရှင် တော်မြတ်ဘုရား ဟောကြားတော် မူတဲ့ တရားတော်များ ဟာ တယ် မှန်တယ် ။ သင်္ခါရ တရား လက်အောက် က မလွတ်နိုင် ကြတဲ့ အနိစ္စကောင်တွေ ကလား ။ ဒီ ကနေ့ မသေ နက်ဖြန် သေရစမြဲပဲ ။ သေ တဲ့ လူ က သေ ၊ ရှင် တဲ့ လူ က ရှင် ။ ရှေ့ နဲ့ နောက် ပဲ ခြား ကြတယ် ။ ခင်ဗျားတို့ ၊ ကျုပ်တို့ လည်း သေမျိုးတွေ ကပဲ ။ သေကြရဦး မှာပဲ  ။ တရား နဲ့ ဖြေ တရား နဲ့ ဖြေ ” ဟု ဘုန်းတော်ကြီး ဦးကော က တရားပြ ခဲ့၏ ။


အေး ... ဟုတ်တယ် ။ သေမျိုးတွေ ဆိုရင် လည်း မှန်ရဲ့ ။ ရှေ့ နဲ့ နောက် သေရမယ် ဆိုတာ လည်း မှန်ရဲ့  ။ သို့သော်လည်း သင်းတို့ကလေးတွေ က ရှေ့ သေပြီး ငါ အဘိုးကြီး က နောက် ကျန်ရစ်ခဲ့တာ က ခက်လှတယ် ။ ငါ ရှေ့ က သွား ရရင် မကောင်းပေဘူးလား ဟု တွေးခဲ့မိ၏ ။


သို့သော် မြေးကလေး အတွက် ခက် နေပေ၏ ။ မိမိတို့ မှာ မယ်ကျော့ မရှိသည့် နောက် မှ ရှိစုမဲ့စုကလေးများ မတိုးပွား ဘဲ ကုန်ခဲ့၏ ။ စားစားသောက်သောက် နှင့် သာ နေခဲ့ရ၏ ။ မယ်ငြိမ်းတို့ လင်မယား က လည်း ထားခဲ့ဖို့ နေနေသာသာ သင်းတို့ ရှိစဉ်ကပင် အလျဉ်မမီခဲ့ ။ တခြား ဆွေထောက် မျိုးခံကလေးများ ရှိလျှင် တော် သေး၏ ။ ယခု မှာ တစ်ကောင်တစ်မြီး မှ မရှိ ။ အဝတ်အစား ထားဘိဦး ။ ထမင်းကလေး မှ ဟိုအိမ် က ဆန်ကလေး တစ်ပြည် ၊ ဒီ အိမ်က တစ်ခွဲ စသည်ဖြင့် သနား သဖြင့် ဝိုင်းဝန်း ထောက်ပံ့ ထားသောကြောင့် မသေရုံ စားခဲ့ရ၏ ။ မြေးကလေး ငခွေး ငါးနှစ်သား ရှိပြီ ၊ အင်္ကျီ မရှိ ၊ ပုဆိုးစုတ်ကလေး တစ်ထည် သာ ပခုံး တင်၍ နေ ရ၏ ။ တစ်ခါတစ်ရံ ရွာ တွင်း မှ မိစုံဖစုံ သားသမီးကလေးများ အဝတ်သစ် အစားသစ်ကလေးများ ဝတ် လာတာ မြင် လျှင် ပခုံး ပေါ် က ပုဆိုးစုတ်ကလေး ကိုင်ကာ ကိုင်ကာ နှင့် ငေး ၍ ကြည့် နေရှာ၏ ။ “ အဘ ကျွန်တော့် လည်း တစ်ထည် ဝယ်ပေးနော် ” ဟူသော အသံကလေး ကို ကြား လိုက် လျှင် ဘိုးရွှေအိတ် ၏ အသည်း တွင်း သို့ လှံ နှင့် ဆွ လိုက် သကဲ့သို့ ရှိ၏ ။ မည်သို့ပင် ဆည် သော်လည်း မရ ။ မျက်ရည်တွေ ဝဲ လာသောကြောင့် ငခွေးကလေး မမြင်အောင် တခြား ဘက်သို့ လှည့် ထား လိုက်ရလေ၏ ။


“ မယ်ငြိမ်း ရေ ... နင်တို့ သားကလေး ကြည့်လှည့်ကြဦး ဟဲ့ ” ဟု တွေးကာ ဝမ်း ထဲ က လှိုက်လှိုက်လှဲလှဲ ဖြစ်နေမိ၏ ။


တစ်ခါတစ်ရံ မြေးကလေး အတွက် လုံချည်ဖိုးကလေး မှ ရစေတော့ ဟု ကြံ ကာ နှီး ကလေး စိပ် ၍ ရောင်းမည် ဟု အားခဲ၏ ။ သို့သော် လက် က လည်း မသန် ၊ မျက်စိ က လည်း ကောင်းကောင်း မမြင် နှင့် အကြံ ကို လျှော့ ခဲ့ရ၏ ။


ယခုနှစ် လည်း သင်္ကြန် နီး၍ လာခဲ့ပြီ ။ မနေ့ က ပင် ငခွေးကလေး သည် ရွာလယ် မှ ပြန် လာပြီးလျှင် “ ဘနက်ကျော် တို့ အဖေ က သံပြွတ်ကလေးတွေ ဝယ် လာတယ် ။ သိပ် ကောင်းတာပဲ ဘ , ရာ လှ က လှသနဲ့ ... ကျွန်တော် လည်း ပက်ချင်တယ် ။ တစ်ချောင်း ဝယ်ပေးနော် ” ဟု ပြော လာ ပြန်၏ ။


မနှစ် က သူ့ အမေ သေပြီးခါ စ က လည်း ဤသို့ပင် ပူဆာ သဖြင့် လက် ထဲ တွင် ရှိသည့် ပိုက်ဆံကလေး တစ်မတ် နှင့် သံပြွတ်ကလေး တစ်ချောင်း ဝယ် ပေးခဲ့ရ၏ ။ ယခုနှစ် မူ ကား သံပြွတ်ကလေး ဝေး ၍ ဝါးပြွတ်ကလေး လုပ် ပေးရန် ပင် ခဲယဉ်းလှ၏ ။ 


“ ဝယ်ပေးမယ် မဟုတ်လား ”


“ အေးကွာ ... သံပြွတ် ဝယ်စရာ ပိုက်ဆံ မရှိဘူးကွ ၊ မနှစ်က ပြွတ်ကလေး ကော .. ” 


“ မရှိဘူး ဘ , ရ ၊ ပျက်သွားပြီ ။ သံပြွတ် မဝယ်ရင် ဝါးပြွတ်ကလေး လုပ်ပေးပါလား ဘ , ရ  ” 


“ အေး အေး လုပ်ပေးတာပေါ့ကွာ ”


“ ဘယ်တော့လဲ ဘ , ရ ၊ သူများတွေ ရေပက် ကုန်ပြီ ”


“ ဒီနေ့ မှ အကြိုနေ့ ရှိပါသေးတယ် ကွာ ။ နက်ဖြန် မနက်ဘော့ ရ ရော့ပေါ့ ” ဟု ပြောရာ ဘာမျှ မသိရှာသော ငခွေးကလေး မှာ တော်တော်ပင် စိတ်ပျက်လျက် မျက်နှာ အောင့်သိုးသိုး ကလေး ဖြစ်၍ နေ၏ ။ အတန်ကြာ မှ “ ဘ ဆက်ဆက် လုပ်ပေးနော် ... ”  ဆိုကာ ချာခနဲ လှည့်၍ အခြား ကလေးများ ရေပက်ရာ သို့ ပုဆိုးစုတ်ကလေး ကို ပခုံး တင်၍ ပြေး၏ ။


နေ ကလေး ရှိခဲ့ပြီ ။ ဘိုးရွှေအိတ် သည် ရှေ့ ကို သာ ငေးစိုက် ကြည့်နေ၏ ။ အေး ... တစ်နှစ် ကုန်ပြန်တော့မည် ။ အသက် ဘယ်လောက် ရှိပြီလဲ ။ ခေါင်မိုး တွင် ထိုး ထားသော ဇာတာကလေး ကို လှမ်းယူ၍ ကြည့်၏ ။ ဇာတာကလေး မှာ အတော်ပင် ဟောင်းနွမ်း နေ၏ ။ ရေနံ မသုတ်ခဲ့ သည် မှာ ကြာလှပြီ ဖြစ်၍ စာလုံးများ လည်း ကောင်းကောင်း မထင် ။ မျက်စိ က လည်း မွဲ သဖြင့် ရေးရေး သာ မြင်ရ၏ ၊ ၂၉ ခု သား လား ၊ ၃၉ ခု သား လား မေ့ နေပြီ ။ သားသမီးများ ရှိစဉ် တုန်း ကတော့ သူတို့ ဖတ်ပြ၍ သိရသည် ။ ၇၀ ကျော် ပြီလား ၊ ၈၀ ကျော် ပြီလား ခွဲခြား၍ မရ ဖြစ်နေ၏ ။ ၇၀ ကျော်ကျော် ၊ ၈၀ ကျော်ကျော် မထူး တော့ပြီ ။ မယ်ကျော့ ရှိရင် လည်း အမယ်အိုကြီး ဖြစ်ကရော့မည် ။ “ အေး ... ကံတရားပေါ့ လကွယ် ” ဟု တွေးကာ ထိုင် နေရာ မှ ထ ပြီး လျှင် တဘက် အဟောင်းကလေး ပခုံး ပေါ် တင်ပြီး လျှင် ထွက်ခဲ့လေ၏ ။


နှစ်အိမ်ကျော် လောက် သို့ ရောက်သော အခါ လှမ်း ကြည့်၍ 


“ ဟဲ့ ... ဒါ ဘိုးခ တို့ အိမ် မဟုတ်လား ” 


“ ဟုတ်တယ် ဘ , ရေ ” 


"အေး .. ဘိုးခ တစ်ယောက် ကော ဟဲ့ ”


“ ရှိတယ် ဘ , ရဲ့ ... ဝင်ခဲ့ပါဦးလား ” 


“ မဝင်ဘူးကွယ် .. ခဏကလေး လာခဲ့စမ်းပါ ” 


“ ဘာလဲ ဘရွှေအိတ် ရဲ့ ”


“ မှာစရာကလေး ရှိလို့ကွာ ... ငါ့ မြေးကလေး ငခွေး ကို မင်းတို့ လင်မယား ကို အပ် ထားခဲ့စမ်းပါရစေ ... ကြည့် ထားလိုက်ကြစမ်းပါ ”


“ ဘ, ဘယ်သွားမလို့လဲ ” ဟု မေးရာ ဘိုးရွှေအိတ် သည် တောင် လိုလို မြောက် လိုလို နှင့် မပြောတတ်ဘဲ ရှိနေ လေ၏ ။ အတန်ကလေး ကြာ မှ


“ ဒီလိုကွယ် ... အေး ... ဒါကလေး တစ်ခု စိတ် မချတာပါဘဲ ။ ငါ ဦးကော ကျောင်း သွားမလို့ကွယ် ”


“ ဪ ... ဥပုသ်စောင့် လား ၊ ဘယ်နှရက်လဲ ”


“ ပြောတတ်ပါဘူးကွာ .... ဒါကလေး တစ်ခု တော့ ဂရုစိုက် လိုက်ကြစမ်းပါနော် ။ ဒါထက် မင်း တို့ နွားကြိုးကလေး တစ်ချောင်း လောက် ခဏ ပေးစမ်းကွယ် ”


“ ဘာလုပ်ဖို့လဲ ဘ ရဲ့ ”


“ လိုလိုမယ်မယ်ပေါ့ကွာ ။ နောက်တော့ ပြန်ရမှာပေါ့ ” ဆို၍ ဘိုးခ လည်း တင်းကုပ် ထဲ တွင် အသင့် ရှိသော နွားကြိုး တစ်ချောင်းကို ယူ၍ ပေးပြီး လျှင်


“ ဘ နှယ် ကျောင်း သွား မှာ ဖြင့် စောစော က ပြောရောပေါ့ ။ ဖယောင်းတိုင်ကလေး ဝယ် မပေးလိုက်ရလား ။ နက်ဖြန် တော့ ကျွန်တော်တို့ ကျောင်း လာရင် ယူခဲ့ပါ့မယ် ။ မလာ နိုင်ရင် လည်း ရွှေညွန့် ကို အပို့ လွှတ်လိုက်ပါ့မယ် ။ ငခွေး အတွက် စိတ်ချ သွား ။ ကျွန်တော် တို့ အိမ် မှာ ခေါ်ပြီး အိပ်စေမယ် ” 


“ အေး ... အေး ... သာဓု ကွာ သာဓု ... ” ဟု ဆို ကာ ထွက်သွား လေ၏ ။ 


အဘိုးကြီး သွား လျှင် အိမ်ရှေ့ ကြမ်းပြင် တွင် ဆန်ဆေး နေသော ရွှေညွန့် က ... 


“ အဘိုးကြီး က ကျောင်း ဥပုသ်စောင့် သွား မှာ ကို နွားကြိုး က ဘာ လုပ်ဖို့ကိုလဲ ”  ဟု မေးရာ ဘိုးခ က


“ ဟယ် .. ပြောတတ်ပါဘူး ကွာ .. အဘိုးကြီး က လည်း ငယ်မူ ပြန်ပြန်ကွ ” ဟု ပြန် ပြော လိုက်လေ၏ ။


ဦးရွှေအိတ် လည်း ရွာပြင် သို့ ထွက် ကာ ဘုန်းကြီးကျောင်း တောအုပ်ကလေး ဆီ သို့ မျှော်ကြည့် ပြီး လျှင် ဖြည်းဖြည်း ဖြည်းဖြည်း နှင့် လာခဲ့၏ ။ သို့သော် ... ဘုန်းကြီးကျောင်း ကို ကား မဝင် ၊ ကျောင်းဘေး ဝါးရုံတန်းကလေး မှ ကွေ့၍ ကျွန်းတောစပ် ရှိ ဘုရားစေတီကလေး ဘက် သို့ သွား လေ၏ ။


စေတီကလေး အနီး သို့ ရောက် လျှင် မျှော် ကြည့်ပြန်၏ ။ တစ်နေ့ခင်း လုံး နေ တရှိန်ရှိန် တောက်ပ နေပြီး နောက် နေမင်း အနောက် သို့ စောင်းသွား သဖြင့် တောင် က လိုလို မြောက် က ယောင်ယောင် တိုက်သွင်း နေသော လေကြည်အေးကလေး ကြောင့် စေတီဖြူဖြူကလေး ၏ ထီးတော် မှ ဆည်းလည်းသံများ သည် တသွင်သွင် မြည် လျက်ရှိ၏ ။ တစ်ချက်တစ်ချက် စိန်ဖူး ကို နေရောင် ဟပ် သဖြင့် တလက်လက် နေ၏ ။ ဘုရား ပရိဝုဏ် ဘေး ရှိ ခရေပင် မှ အော်မြည် လိုက်သော ကျေးသံငှက်သံကလေးများ လည်း တစ်ခါတစ်ခါ ပေါ်လာ၏ ။


ဘိုးရွှေအိတ် သည် မဝင်တော့ဘူး လိုလို နှင့် ခေတ္တ ရပ်တဲ့ ကြည့် နေပြီး မှ စေတီရင်ပြင် တော် သို့ ဝင် သွား၏ ။ မျက်စိများ ကား မှုန် လျက် ရှိ၏ ။ သို့သော် ထုံးဖြူဖြူ အပေါ်နား ငှက်ပျောဖူး တွင် ကျိုးတိုးကျဲတဲ ချ ထားသော ရွှေစကလေးများ ကို မြင် ရ၏ ။ “ ဘုရား ... ဘုရား ” ဟု နှုတ် မှ မြည်တမ်း ကာ ဦးချ ၏ ။


“ ဪ ... ဦးရွှေအိတ် ပါကလား ” ဟု အံ့အားသင့် ကာ ဆရာတော်ဦးကော ၏ အသံ သည် ဘေး နား က ထွက်လာ၏ ။ ဦးရွှေအိတ် လည်း ဘုရား ကို ဦးတိုက် နေရာမှ မော့ ၍ ကြည့်၏ ။


“ တစ်ယောက်တည်း လား ... ကျောင်း တော့ မဝင်ခဲ့ဘဲကိုး ဗျ ။ အသက် ကြီး ပြီ ။ တစ်ယောက် တည်း သွားလား လာလား လုပ်တာ မကောင်းဘူး ။ မတော်တဆ အဖော် မပါ ဘဲ မူးမိုက် လဲ နေရင် ခက်တတ်တယ် ”


“ ခက်တာပေါ့ ဘုရား ၊ ခက်လို့ လည်း လာခဲ့တာပဲ ”


“ ဪ ... ဒီလိုပေါ့ ဒကာကြီး ရာ ... လောကကြီး ဆိုတာ ဒုက္ခ အမျိုးမျိုး ပဲ ။ ဇရာ အရွယ် ထောင်း လာပြီ ဆိုမှ ဖြင့် မကောင်းတော့ဘူး ။ နေ ချင် သော်လည်း မနေရဘူး ။ သေ ချင် သော်လည်း မသေရဘူး ။ အစိုး မရတဲ့ ဘဝကြီး ကိုး ဗျ ၊ ဘုရား ကို သာ မြဲမြဲ ဆည်းကပ် ပေတော့ ။ အခု ဘယ်လဲ ... ဘုရား တင် လား ”


“ တင်ပါ့ ... ” ဟု ဆိုလိုက်လေ၏ ။ ဦးကော လည်း ရင်ပြင်တော်ကလေး မှ ဆင်း၍ ကျောင်း ဘက် သို့ ပြန် သွားလေ၏ ။


ဘိုးရွှေအိတ် သည် အတန်ကြာ ငြိမ် ၍ နေ၏  ။ နေလုံး ပျောက်ခဲ့ပြီ ၊ ကျေးသံ ငှက်သံ ကလေးများ ပင် မရှိ ။ လောကကြီး သည် ငြိမ်သက် တိတ်ဆိတ် သွား၏ ။ တော်တော်ကလေး ကြာ ပြန် မှ ထ၍ ခရေပင် ဆီ သို့ သွားပြီး လျှင် လူသူလေးပါး ကို ကြည့်၏ ။ ငါ သွားရာ လမ်း ကား ရှင်းပြီ ဟု တွေးကာ ခရေပင်အောက် ကိုင်း ပေါ်သို့ နွားကြိုး ကို မနိုင့်တနိုင် နှင့် ပစ်တင် လိုက်ပြီး လျှင် တစ်ဖက်စ ဖြင့် ခိုင်မြဲစွာ ချည် လေ၏ ။ ထို့နောက် ကျန် တစ်ဖက် ကို ကွင်းပြု ပြီး လျှင် တစ်ဖက်စ ဖြင့် ခိုင်မြဲစွာ ချည်လေ၏ ။ ထို့နောက် ကျန် တစ်ဖက် ကို ကွင်း ပြု ပြီးလျှင် အရပ်လေးမျက်နှာ ကြည့် ပြန်၏ ။ ငါ့ အကြံ အောင်ပြီ ဟု တွေးကာ ကြိုးကွင်း ကို မြံစွာ ကိုင်၍ ခေါင်း ကို စွပ်တော့မည် ပြု လိုက်ရာ “ ဘ , ဝါးပြွတ်ကလေး လုပ်ပေးမယ် ဆို ” ဟု ခေါ် လိုက် သော အသံ ကို ကြားလိုက် ရ သဖြင့် အထိတ်တလန့် ဖြစ်ကာ ပြန် ၍ ကြည့် လိုက်ရာ မိမိ ကဲ့သို့ ပင် ထိတ်လန့် လျက် မျက်စိပြူးပြူးကလေး နှင့် နွားကြိုးကြီး ကို ကြည့် နေသော ငခွေး ကို မြင် ရလေ၏ ။


ဦးရွှေအိတ် ၏ စိတ် တွင် ဘယ့်နှယ် ရှိရှိ ဟု တင်း လိုက်မိ၏ ။ သို့သော် တစ်ခဏမျှ တွင် ပင် သတိရ လျက် ...


“ အေး ... အေး ... ဝါးပြွတ်ကလေး လုပ် မလို့ ဘ , ဝါး ခုတ်ရအောင် လာတယ် ကွယ့် ” 


“ ကြိုးကြီး က ဘာလဲ ဘ , ရဲ့ ”


“ ထင်းကလေး ရအောင် ခရေကိုင်းကလေး ဆွဲချ မလား အောက်မေ့တယ် မရပါဘူးကွယ် ”


“ ကျွန်တော် ကူဆွဲ ပေးမယ်လေ ဘ , ရ ” 


“ နေပါစေတော့ကွာ ”


“ ဘ , ဝါးပြွတ်ကလေး မလုပ်နဲ့ တော့ ရပြီ ” 


“ မင်း ဘယ်သူ လုပ်ပေးသလဲ ”


“ ဘယ်သူမှ လုပ်ပေးဘူး ဘ , ရ ။ ကျွန်တော် ဘ , ပျောက် နေလို့ လိုက် ရှာတော့ ဦးလေးဘိုးခ က ဘုန်းကြီးကျောင်း သွားတယ် ပြောလို့ ဘုန်းကြီးကျောင်း လိုက် ရှာတယ် ။ ဘုန်းတော်ကြီး ဦးကော နဲ့ တွေ့ တော့ မြို့ ထဲ က လာတဲ့ သူ့ဒကာကြီး တစ်ယောက် ကို ပြတယ် ။ ဒကာကြီး က သနားတယ် ဆို ပြီးတော့ မင်း ဘာ လိုချင်သလဲ မေးတယ် ။ ကျွန်တော် က ဝါးပြွတ်ကလေး လိုချင်တယ် ပြော တော့ ရယ်ပြီး သူ့ သားကလေး ကိုင် နေတဲ့ သံပြွတ်ကလေး ကို မင်း ယူတော့ လို့ ပြောတယ် ။ ပြီးတော့ ငွေ လည်း ငါးကျပ် ပေးတယ် ။ အင်္ကျီကလေး ဝယ် ဝတ်တဲ့ ၊ လာ ဘ , မှောင် တော့မယ် ။ နက်ဖြန် တော့ ကျွန်တော့် ကို အင်္ကျီကလေး ဝယ် ပေးနော် ” ဆိုကာ ဆွဲခေါ် သွား၏ ။ ဦးရွှေအိတ် မှာ နွားကြိုး ကို ဖြုတ် ကာ “ အေး ... အေး ... သာဓု ... သေချင် လို့ လည်း မသေရသေးဘဲကိုး ကွ ။ ဘုန်းတော်ကြီး ဦးကော ကျေးဇူးပဲ ဟဲ့ ... လာ လာ ... ကျောင်း ဝင်ပြီး ကန်တော့ကြဦးစို့ ရဲ့ ... ” ဆိုကာ ကျောင်း ဘက် သို့ ထွက်သွားကြ လေ၏ ။


◾ဇေယျ


📖 ရှုမဝ မဂ္ဂဇင်း


📖 ပိတောက်ဖူးတဲ့ လတန်ခူး 

     နှစ်ဦးသင်္ကြန်ခါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment