❝ သူခိုးလိမ္မာ ❞
( ရန်အောင်မောင်မောင် )
ကလေးတို့ ရေ .. လာကြကွယ် ။ လေးလေး ပုံ ပြောပြမယ် ။ ပုံ ဆိုပေမယ့် လေးလေး ပြော မှာ တကယ့် အဖြစ်အပျက် တစ်ခု ပဲ ကွဲ့ ။ ဒါပေမယ့် ခရစ်တော် မပေါ်မီ နှစ်ပေါင်း တစ်ထောင် ကျော်က ဆိုတော့ ပုံကလေး လို့ ပဲ ပြောစမှတ် ပြုကြတာ ပေါ့ကွယ် ။ ကဲ ... ငြိမ်ငြိမ် နားထောင်ကြ ။ ညွန့်ဝေကြီး က မဆော့ နဲ့ ပုံ စပြီ ။
အဲဒီ ရှေးရှေးတုန်း က ဆိုကြပါစို့ ကွယ် ။ အီဂျစ်ပြည် မှာ အလွန်တရာ ချမ်းသာ ကြွယ်ဝ တဲ့ ရှင်ဘုရင်ကြီး တစ်ပါး ရှိတယ် တဲ့ ။ ရွှေတွေငွေတွေ ကျောက်သံပတ္တမြားတွေ ဆိုတာ တောင်ပုံရာပုံ ပေါ့ကွယ် ။ ရှင်ဘုရင်ကြီး က လက်ရှိ ဘဏ္ဍာတိုက် ထဲ မှာ ထားရတာ စိတ်မချဘူး တဲ့ ။
ဒါနဲ့ ရှင်ဘုရင်ကြီး က ကျောက်တုံး အကြီးကြီး တွေ နဲ့ ဘဏ္ဍာတော် တိုက်သစ်ကြီး တစ်လုံး ဆောက်ဖို့ စီစဉ် သတဲ့ ။ အဲဒီ တိုက်သစ်ကြီး ဆောက်ဖို့ သူ့ စိတ်တိုင်းကျ ၊ ပန်းရံဆရာကြီး ကောင်းကောင်း တစ်ယောက် ကို ငှား တာပေါ့ ။ အဲဒီ ပန်းရံဆရာကြီး နဲ့ ရှင်ဘုရင်ကြီး ကိုယ်တိုင် ကြပ်မတ်ပြီး အခိုင်အခန့် ဆောက်လုပ်စေ သတဲ့ ။ ဘဏ္ဍာတော်တိုက်ကြီး ဆောက် ပြီးတဲ့ အခါ တိုက် ဟောင်း ထဲ က ဘဏ္ဍာငွေတွေ ကို ပြောင်း ထား တာပေါ့ ။ ဘဏ္ဍာတော်တွေ ကို တော့ ဇလားအကြီး ကြီးတွေ နဲ့ ထည့်ထားစေ သတဲ့ ။
အဲဒီလိုနဲ့ နေလာတာ ကြာတော့ ပန်းရံဆရာကြီး ဟာ ရောဂါ ဖိစီးပြီး သေလုမြောပါး ဖြစ်နေ သတဲ့ ။ ဒါနဲ့ ပန်းရံဆရာကြီး က အရွယ် ရောက်ပြီး သူ့ သား နှစ်ယောက် ကိုခေါ်ပြီး “ ငါ တော့ ဖြင့် သေရတော့မယ် ။ ငါ မရှိတဲ့ နောက် မင်းတို့ ညီအစ်ကို နှစ်ယောက် နဲ့ မင်းတို့ အမေ အတွက် နေရေးထိုင်ရေး ကို ငါ စိတ်မချဘူး ။ အဲဒီတော့ ငါ တစ်ခါတုန်း က လိုရမယ်ရ ကြိုတင် ကြံစည် ထား တဲ့ အကြံအစည်ကလေး ကို မင်းတို့ ညီအစ်ကို နှစ်ယောက် ကို ပြောခဲ့မယ် ။ မင်း တို့ လည်း နှုတ် လုံလုံ နဲ့ လောဘမကြီးဘဲ တော်ရုံ တန်ရုံ နေထိုင် စားသောက် ဖြစ်ရုံ သာ ယူကြ ”
“ တခြားတော့ မဟုတ်ဘူး ။ ရှင်ဘုရင်ကြီး ရဲ့ ဘဏ္ဍာတော်တိုက်ကြီး ကို အဖေ ဆောက် လုပ်စဉ် က ဘဏ္ဍာတိုက်ကြီး ရဲ့ နောက်ဖေး ဘက် အလယ် တည့်တည့် မြေကြီး က သုံးတောင် အကွာ မှာ ကျောက်တုံးကြီး တစ်တုံး ရှိတယ် ။ အဲဒီ ကျောက်တုံးကြီး ပေါ် မှာ သူ့ သဘာဝ အတိုင်း ဖြစ်ပေါ် နေတဲ့ မြွေရုပ်ကလေး တစ်ရုပ် ရှိတယ် ။ ည အမှောင် ထဲ မှာ စမ်း ကြည့် ရင် တောင် တွေ့နိုင် တယ် ။ အဲဒီ မြွေရုပ် ရဲ့ ခေါင်းပိုင်း က လူရွယ် နှစ်ယောက် အား နဲ့ တွန်း ခဲ့ရင် အတွင်း ဝင် သွားပြီး ဒလက် နဲ့ တံခါး လိုပဲ ပွင့် သွား နိုင်တယ် ။ ပြန် ထွက်တဲ့ အခါကျတော့ လည်း မြွေရုပ် ရဲ့ အမြီးပိုင်း က လူရွယ် နှစ်ယောက် အား နဲ့ ပြန် တွန်းခဲ့ရင် အကောင်း ပကတိ ဖြစ်သွား လိမ့်မယ် ။ အဲဒါ ငါ့ သား တို့ လိမ္မာ သလို သာ ကြည့် သုံးကြ ပေတော့ ။ ဒါပေမယ့် လောဘ တော့ သိပ် မကြီးကြနဲ့ ကွဲ့ ”
အဲဒီလို ပြောပြီးတဲ့ နောက် ပန်းရံဆရာကြီး လည်း သေဆုံး သွားရှာတယ် ။ ညီအစ်ကို နှစ်ယောက် က လည်း မနှေးကြဘူး ပေါ့ကွယ် ။ ည အခါ မှာ သူတို့ အဖေ ပြောခဲ့တဲ့ နည်း နဲ့ ဘုရင်ကြီး ရဲ့ ဘဏ္ဍာတော်တိုက် ထဲ ဝင် ဝင်ပြီး ရွှေတွေငွေတွေ လိုသလောက် ယူ ကြတာပေါ့ ။ ဒီလိုနဲ့ တတိ တတိ ယူ လာလိုက်ကြတာ ခိုးပုံခိုးနည်း က ပိရိ သေသပ် လေ တော့ ဘယ်သူမှ မရိပ်မိကြဘူး ပေါ့ကွယ် ။
ဒါနဲ့ တစ်နေ့ ကျ တော့ ရှင်ဘုရင်ကြီး သူ့ ဘဏ္ဍာတိုက်ကြီး ထဲ ကို ဝင်ပြီး စစ်ဆေးတာ ကိုး ... ။ ဘဏ္ဍာတွေ ဟာ ယူဖန် များတော့ သိသိသာသာကြီး လျော့ နေတာကို တွေ့ရတာ ပေါ့ ။ ဘဏ္ဍာတိုက်ကြီး ကို လှည့်ပတ် စစ်ဆေး ပြန်တော့ လည်း ခြေရာလက်ရာ က မပျက် ၊ ခတ် ထားတဲ့ သော့ကြီး ကလည်း ပကတိ အကောင်း ရှိနေတော့ ရှင်ဘုရင်ကြီး သိပ် အစဉ်းစား ရ ကြပ် သွား တာပေါ့ ။ ဒါနဲ့ ရှင်ဘုရင်ကြီး က သော့တူ နဲ့ များ ဖွင့်သလား လေ ဆိုပြီး နောက်ထပ် သော့ခလောက်ကြီး တစ်လုံး ကို အကောင်းဆုံး လုပ်စေပြီး ခတ်ထား ခဲ့ သတဲ့ ။
ဒါပေမယ့် ... နောက် တစ်ပတ် လောက် ကြာ လို့ ရှင်ဘုရင်ကြီး က ထပ် စစ်ဆေးတဲ့ အခါ ရွှေတွေ ၊ ငွေတွေ ဟာ လျော့မြဲ လျော့ နေ တာ ကို သာ တွေ့ရ သတဲ့ ။ ဒါနဲ့ ရှင်ဘုရင်ကြီး ဟာ နောက်ဆုံးကျ တော့ ထောင်ခြောက် တစ်ခု လုပ်ပြီး ဒီ သူခိုးလိမ္မာ ကို ဖမ်းဖို့ ဆုံးဖြတ်ရတော့တာ ပေါ့ ။ ရွှေတွေ ၊ ငွေတွေ ထားတဲ့ ဇလားကြီးတွေ အနီး မှာ တက် နင်းမိရင် မလှုပ်နိုင် အောင် ထောင် ခြောက်ကြီးတွေ ဆင်ထား လိုက်ပါရော တဲ့ ။
ကိုရွေသူခိုး ညီနောင် က တော့ လာမြဲ လာတာပဲ လေ ။ ရလေ လိုလေ အိုတစ္ဆေ ဆိုတာ လို လောဘ ကို မသတ်နိုင်ကြဘူးပေါ့ကွယ် ။ အဲဒီလို ဝင်နေကျ အပေါက် က နေ ပြီး အစ်ကို လုပ်သူ က အထဲ ဝင် လာခဲ့ပြီး ရွှေတွေ ၊ ငွေတွေ ထားတဲ့ ဇလားတွေ ရှိရာ ကို လည်း လာရော ၊ ထောင်ခြောက် ပေါ် တက် နင်းမိပြီး မလှုပ်နိုင် မရှားနိုင် ဖြစ် သွားတာပေါ့ ။ အဲဒီ အခါမှာ အစ်ကို လုပ်သူ က စဉ်းစားတယ် တဲ့ ။
“ ငါ့ ကို သာ ရှင်ဘုရင်ကြီး က မိသွား ရင် တော့ ရှင်ဘုရင်ကြီးက သ,တ်တော့ မှာ အမှန်ပဲ ။ သ,တ်ရုံသာ မကဘူး ။ ဒို့ အဖေ ရဲ့ဂုဏ် ကို လည်း ထိခိုက်မယ် ။ အမေ နဲ့ ညီငယ်တို့ လည်း ရွှေတွေ ငွေတွေ ရတော့မှာ မဟုတ်ဘူး ။ အဲဒီတော့ ငါ့ အဖို့ သေမယ့် အတူတူ မထူးတော့ဘူး ။ ငါ ဘယ်သူ မှန်း မသိအောင် လုပ်မယ် ” ဆိုပြီး ညီငယ် ကို သူ့ခေါင်း ဖြတ်ပြီး ယူသွား ခိုင်း သတဲ့ ။ ညီငယ် က လည်း သူ ပြောတဲ့ အတိုင်း အစ်ကို ရဲ့ ခေါင်း ကို ဖြတ် ရွှေတွေ ငွေတွေ ထည့်ဖို့ ယူ လာတဲ့ အိတ်ကြီး ထဲ မှာ ခေါင်းပြတ်ကြီး ကို ထည့်ပြီး အိမ်ပြန် သွားတာပေါ့ ။
နောက် တစ်နေ့ နံနက် ကျ တော့ ရှင်ဘုရင် ဘဏ္ဍာတိုက် ထဲ လာတဲ့ အခါ သူခိုး ကို တော့ မိပါရဲ့ ခေါင်း မပါတဲ့ ကိုယ် အလောင်းကြီး ကို တွေ့ရ တော့ သူခိုး ဟာ ဘယ်သူ ဘယ်ဝါ မှန်း မသိတော့ဘူးပေါ့ ။ အဲဒီ အခါမှာ ရှင်ဘုရင်ကြီး က ဒီ ခေါင်း မပါတဲ့ အလောင်းကောင်ကြီး ကို လူသူလေးပါး စုံရာ အရပ် မှာ တန်းလန်း ဆွဲ ထားဖို့ အမိန့် ပေး သတဲ့ ။ ပြီးတော့လည်း အဲဒီ အလောင်းကြီး နား အစောင့်အရှောက်တွေ ချ ထားပြီး လာ ကြည့်တဲ့ လူတွေ ထဲ က ဒီ အလောင်း ကို ကြည့်ပြီး ငိုယိုတဲ့ သူများ တွေ့ခဲ့ ရင် တစ်ခါတည်း ဖမ်း လိုက်ရမယ် လို့ လည်း အမိန့် ပေးထား သတဲ့ ။
ပန်းရံဆရာကြီး ရဲ့ မိန်းမ ဟာ သူ့ သားကြီး သေတဲ့ အကြောင်း သိတော့ တငိုငို တရီရီ ဖြစ်နေရှာ တာပေါ့ ။ သူ့ သားငယ် ကို လည်း သားကြီး ရဲ့ အလောင်း ကို မရ ရအောင် ယူပေးဖို့ တစာစာ ပူစာ နေ သတဲ့ ။ သားငယ် က လည်း သွား ယူလို့ မဖြစ်နိုင်တဲ့ အကြောင်း အစောင့်အရှောက် တွေ ချထားတဲ့ အကြောင်း အတန်တန် ဖျောင်းဖျ ပေမယ့် ဘယ်လို ပြောလို့မှ မရဘူး တဲ့ ။ ဒါနဲ့ နောက်ဆုံး ကျ တော့ သားငယ် ဟာ သွားဖို့ အစီအစဉ် တစ်ခု လုပ်ရတော့တာပေါ့ ။
သားငယ် ဟာ သားရေ နဲ့ ချုပ် ထားတဲ့ အိတ်ကြီး နှစ်လုံး ထဲ မှာ ဝိုင်အရက်တွေ အပြည့် ထည့် ။ အိတ် နှစ်လုံး ကို မြင်း တစ်ကောင် ရဲ့ ကျောကုန်း ပေါ် မှာ တစ်ဖက် တစ်ချက် တင်ပြီး သူ့ အစ်ကို ရဲ့ အလောင်း ရှိရာ နေဝင်ရီတရော အချိန် မှာ ဆွဲသွား သတဲ့ ။ အလောင်းကောင်ကြီး နား ရောက်ခါ လည်း နီးရော အရက် ထည့် တဲ့ အိတ် နှစ်လုံး ကို ပါ လာတဲ့ ဓားကလေး နဲ့ အသာ ထိုးဖောက် လိုက် သတဲ့ ။ ဒီတော့ အရက်တွေ ဟာ အိတ်ပေါက် ထဲ က တဝေါဝေါ စီးကျ နေတာပေါ့ ။
အစောင့်အရှောက်တွေ က လည်း အရက် မှန်း သိတော့ ခွက်ကလေးတွေ ကိုယ်စီ ကိုင်ပြီး အိတ်ပေါက် ထဲ က ကျ နေတဲ့ ဝိုင်အရက်တွေ ကို လုယက်ပြီး ခံကြသတဲ့ ။ ဒီအခါ လူရွယ် က “ ခင်ဗျားတို့ သောက်ချင် ရင် ကျွန်တော် နဲ့ အေးအေးဆေးဆေး သောက်ကြတာပေါ့ ” ဆိုပြီး အစောင့်အရှောက်တွေ နဲ့ သူ ပါ ရော သောက်ချင် ယောင် ဆောင် ရတာပေါ့ ။ ဒါပေမယ့် သူ က တော့ သိပ် မသောက်ဘဲ အစောင့်တွေ ကို သာ နင်းဖိ တိုက် သတဲ့ ။ ဒါနဲ့ အစောင့်တွေ လည်း အရက် မူးပြီး မလှုပ်နိုင်တော့ တဲ့ အချိန် မှာ သူ့ အစ်ကို ရဲ့ အလောင်းကြီး ကို စိန်ပြေနပြေ ဖြုတ် ၊ မြင်း ပေါ် တင် ပြီး သူ့ အမေ ထံ ပြန်ခဲ့ သတဲ့ ။
ဒီ အကြောင်း ကို လည်း ဘုရင်ကြီး ရွှေနားတော် ပေါက်ကြား ရော ရှင်ဘုရင်ကြီး ဟာ သိပ် ဒေါပွ သွားတာပေါ့ ။ ဒါနဲ့ နောက်ထပ် အကြံသစ် တစ်ခု ကို ထွင်ပြန် သတဲ့ ။ အကြံသစ် က တော့ သူ့ ရဲ့ သမီးတော် ကို မြို့လည်ခေါင် မှာ လိုက်ကာကလေး နဲ့ အခန်းကလေး ဖွဲ့ ပြီး နေစေ သတဲ့ ။ အဲဒီ အခန်းကလေး ထဲ ကို ဘယ်သူ မဆို တစ်ယောက် ပြီး တစ်ယောက် ဝင် နိုင်တယ် ။ ဒါပေမယ့် အဲဒီလို ဝင်တဲ့ လူတိုင်း ဟာ ဘုရင့် သမီးတော် ကို မိမိ တို့ ဘဝ တစ်လျှောက် အရဲရင့်ဆုံး နဲ့ အလိမ္မာ ဆုံး လုပ်ခဲ့ဖူးတဲ့ စွန့်စားမှု တစ်ခု ခုအကြောင်း ကို ပြောပြနိုင်ရမယ် လို့ လည်း အမိန့် ထုတ် ထား သတဲ့ ။
ဒါပေမယ့် သူ့ သမီးတော် ကို တော့ ဘဏ္ဍာတိုက်ကြီး က ရွှေငွေတွေ ခိုးတဲ့ အကြောင်း နဲ့ အလောင်းကောင် ကို ရအောင် ယူတဲ့ အကြောင်း သာ ပြောတဲ့ လူ ရှိ ခဲ့ရင် တစ်ခါ ထဲ မလွတ် တမ်း ဖမ်းထား လိုက်ရမယ် လို့ တိတ်တဆိတ် မှာထား တာ ပေါ့လေ ။ ဒါနဲ့ ကြားကြား သမျှ လူတွေ ဟာ ဘုရင့်သမီးတော် ရှိတဲ့ အခန်းကလေး ထဲ ကို ဝင်ပြီး သူတို့ ဘဝ မှာ အရဲရင့်ဆုံး စွန့်စားမှုတွေ ကို ကိုယ်စီ ပြောကြတာပေါ့ ”
ဒီ သတင်း ကို ပန်းရံဆရာကြီး ရဲ့ သားငယ် က ကြား တော့ ဒါ ဧကန္တ ဘုရင်ကြီး ရဲ့ အကြံ ပဲ ဆိုတာ ရိပ်မိပြီး အကြံသစ် တစ်ခု ထုတ်ပြန်သတဲ့ ။ သူ ကြံ ပုံ က လောလောလတ်လတ် သေဆုံး ပြီးကာစ လူသေ အလောင်း တစ်လောင်း ကို လက်မောင်းရင်း က ဖြတ်ပြီး လူသေ ရဲ့ လက်မောင်း နှစ်ဖက် ကို သူ ဝတ်တဲ့ အင်္ကျီလက် အတွင်း က တစ်ဖက် တစ်ချက် စီ ခံလာ ခဲ့ သတဲ့ ။ နောက်ပြီး ရှင်ဘုရင့် သမီးတော် ရှိတဲ့ အခန်း ထဲ ကို ဝင် သွား တာပေါ့ ။ အထဲ ရောက်တော့ ရှင်ဘုရင့် သမီးတော် က “ ကဲ ... ရှင့် ဘဝ မှာ အလိမ္မာဆုံး နဲ့ အရဲရင့်ဆုံး စွန့်စားမှု တစ်ခု အကြောင်း ကို ပြောပြစမ်းပါ ရှင် ” လို့ ပြောသတဲ့ ။
ဒီအခါ လူရွယ် က ကျွန်တော့် ဘဝ မှာ အလိမ္မာဆုံး နဲ့ အရဲရင့်ဆုံး စွန့်စားမှု က တော့ တခြား မဟုတ်ဘူး ။ ဘုရင့် ဘဏ္ဍာတော်တိုက် ထဲ က ရွှေငွေတွေ ကို ရအောင် ခိုးနိုင်တယ် ။ နောက်ပြီး အဲဒီလို ခိုး နေစဉ် ထောင်ခြောက် ထဲ မိ နေတဲ့ ကျွန်တော့် အစ်ကိုရင်း ခေါင်း ကို ဖြတ်ခဲ့ တယ် ။ တစ်ခါ အစ်ကို ရဲ့ အလောင်း ကို အစောင့်တွေ ကြား ထဲ က အရက် မူးအောင် တိုက် ပြီး အလောင်း ကို ရအောင် ခိုးခဲ့နိုင်တယ် လို့ ပြော သတဲ့ ။
ဘုရင့် သမီးတော် က လည်း ခမည်းတော် မှာထားတဲ့ အတိုင်း လူရွယ် လက် ကို ဖမ်း ဆုပ်ပြီး မပြေးနဲ့ လို့ အော် လိုက်တာပေါ့ ။ ဒါပေမယ့် ဘုရင့် သမီးတော် ဖမ်းဆုပ်တဲ့ လက် နှစ်ဖက် ဟာ လူသေ အလောင်း က လက် နှစ်ဖက် ဆိုတော့ လူရွယ် ဟာ ရုန်းပြီး ထွက်ပြေး လွတ်မြောက် သွားနိုင်ပြန်တာပေါ့ ။ သမီးတော် လည်း လူသေ လက်ပြတ်ကြီးတွေ မှန်း လည်း သိရော နေရာမှာ တင် မေ့မြော သွားရှာ သတဲ့ ။
အဲဒီအခါ ကျ မှ ရှင်ဘုရင်ကြီး က လည်း ဒီ သူခိုး ဟာ အလွန်ပဲ ပိရိလိမ္မာ တဲ့ အပြင် လူစွမ်းကောင်း တစ်ယောက် လည်း ဖြစ်တယ် ဆိုပြီး ဒီ လူရွယ် ကို ရှင်ဘုရင်ကြီး ထံ လာ တွေ့ဖို့ အကြောင်း ၊ အသက်ဘေး ချမ်းသာပေးမယ့် အပြင် ဆုတော် ၊ လာဘ်တော်များ ပါ ပေးဦးမယ့် အကြောင်း အရပ် လေးမျက်နှာ မှာ ကြေညာစေ သတဲ့ ။ ပန်းရံဆရာကြီး ရဲ့ သားငယ် ဟာ လည်း ရဲရဲရင့်ရင့် ပဲ ဘုရင့် ရှေ့တော် မှောက် သွားရောက် ဖူးမျှော်တဲ့ အခါ ဘုရင်ကြီး က ချောမွေ့ လှပတဲ့ သူ့ သမီးတော်ကလေး နဲ့ လက်ထပ် ထိမ်းမြား လိုက်ပါရော တဲ့ ကွယ့် ။
“ ကဲ ... ပြီးပါပြီ ကွယ် ... ဟင် ... မိသိန်းရွှေ က အိပ်တောင် ပျော်နေပြီလား ”
◾ရန်အောင်မောင်မောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဧပြီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment