Tuesday, April 30, 2024

အရင်းအနှီး


 ❝ အရင်းအနှီး ❞ 


ဒီနေ့ ဈေး ထဲ မှာ ကျွန် မနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ မိန်းမကြီး ကို ပြောရမှာ ဖြစ်ပေမယ့် ပြောချင်စိတ် ကို မရှိ လို့ မပြောလိုက်တဲ့ စကား ကို ပြော ပြပါမယ် ။ နည်းနည်း လေး သည်းညည်းခံပြီး နားထောင် ပေးပါနော် ။


အရင်ဆုံး မနက် က ဈေး ထဲ မှာ ဖြစ်တဲ့ ကိစ္စ ကို ပြော ပါမယ် ။ ကျွန်မ ခင်း ထားတဲ့ မန်ကျည်းရွက်ဗန်းကလေး ရှေ့ ကို ခွာမြင့်ယိုးဒယားဖိနပ် စီး ထားတဲ့ ခြေထောက် တစ်စုံ လာပြီး ရပ်ပါတယ် ။ သနပ်ခါးရေကြဲ လိမ်းပွတ် ထားတဲ့ ခြေဖမိုး က ခြေချောင်းဖြူဖြူကလေးတွေ မှာ မရမ်းရောင်စိုစို တောက် နေပါတယ် ။ “ ဝယ်မယ့် သူပဲ ” ဆိုတဲ့ အသိ နဲ့ မော့ ကြည့်ပြီး “ ဘယ်ပုံ ယူမလဲ အစ်မ ” လို့ ကျွန်မ မေး လိုက်ပါတယ် ။ တကယ်တော့ ကျွန်မ ဒွေးလေး အရွယ် အမေ အရွယ် ပါ ။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီပါးပါး ဆိုးပြီး ငယ်ရုပ် ဆင် ထားတဲ့ အသွင်အပြင် ကို အားနာ လို့ “ အစ်မ ” ခေါ်လိုက်တာပါ ။ 


“ ငါးဆယ်ဖိုး ပေး ” တဲ့ ။


“ တစ်ပုံ ကို တစ်ရာ ပါ အစ်မ ၊ ငါးဆယ်ဖိုး ရောင်းလို့ မဖြစ်ပါဘူး ”


ကျွန်မ ဗန်း ထဲ မှာ မန်ကျည်းရွက် ငါးပုံ ပုံ ထားပါ တယ် ။ လယ်ကန်စွန်းရိုးနီကလေး တွေရယ် ၊ ဥသျှစ်ညွန့်ကလေး သုံးလေးခက် ရယ် အပေါ် မှာ တင် ထားပါ တယ် ။ အပုံ တစ်ပုံ ဟာ အိမ်သား ငါးယောက် လောက် ရှိတဲ့ အိမ် အတွက် ဟင်းရည်သောက် တစ်ခွက်စာ အလောတော် ပါ ။ သူများ တွေ လည်း ဒီလို ရောင်းကြတာပါပဲ ။ 


“ လမ်းဘေး မှာ သူ့ ဟာ သူ ပေါက် နေတဲ့ အပင်တွေ က ရတဲ့ မန်ကျည်းရွက် ကို ငါးဆယ်ဖိုး ရောင်း မဖြစ်ဘူး ဆို တော့ ရယ်စရာ ကောင်းလိုက်တာ ။ အရင်းအနှီး ကလည်း ကြီးတာကိုး ”


ဘယ်လိုမှ ထင် မထားဘဲ ကြား လိုက်ရတဲ့ စကား ကြောင့် မန်ကျည်းရွက် ထုတ် ပေးဖို့ ကတော့ ထိုး နေတဲ့ အင်ဖက် ဟာ ကျွန်မ လက် ထဲ က လွတ်ကျ သွားပါတယ် ။ ပါတိတ်ဝမ်းဆက် ရွှေလက်ကောက် တဝင်းဝင်း နဲ့ ရော ၊ အသက်အရွယ် ရုပ်ရည် နဲ့ ရော ဘယ်လိုမှ မလိုက်ဖက် တဲ့ ထေ့လုံး ငေါ့လုံး စကား ဖြစ်လို့ ကျွန်မ တကယ်ပဲ အံ့ဩ ရတယ် ။ နောက်ပြီး စိတ် ထဲ မှာ ခံပြင်းဒေါသ လည်း “ ဟုန်း ” ခနဲ ထ လာပါတယ် ။ ဒီတော့ ကျွန်မ က လည်း တင်ရီမ ပဲလေ ။ စနေသမီး နေတက်ရေတက် မှာ မွေးလာ တဲ့ ကောင်မ ။


“ အဒေါ်ကြီး တစ်ရာ မတတ်နိုင်ရင် လည်း အလကား ပဲ ယူသွား ၊ ငါးဆယ် လည်း ပေး မနေနဲ့ တော့ ” ပြောပြောဆိုဆို နဲ့ ကျွန်မက လွတ်ကျ သွားတဲ့ အင်ဖက် ကို ကောက် ကိုင်ပြီး မန်ကျည်းရွက်ပုံ ပေါ် ကို လက် လည်း ဝဲ လိုက်ရော မချောကြီး လေ ပါးစပ် အဟောင်း သား နဲ့ မျက်လုံးကြီး ပြူး ကြည့်ပြီး ချာခနဲ လှည့် ထွက်သွား ပါလေရော ။


ကျွန်မ အနေနဲ့ “ အရင်းအနှီး က လည်း ကြီးပေ သကိုး ” လို့ ငေါ့ထေ့ထေ့ ပြောတဲ့ အဲသည် မိန်းမကြီး ကို သူ ထင် သလို အလကား ရတာ မဟုတ်ဘူး ဆိုတာ သိ စေချင်တာ ။ ဒါပေမဲ့ စိတ်ပေါက် လွန်းလို့ မပြောနိုင်ခဲ့ဘူး ။ အခု ပြောပြပါမယ် ။


•••••   •••••   •••••


ကျွန်မတို့ ရွာ မှာ နေစဉ်တုန်း က တော့ ဟုတ်ပါတယ် ။


ရွာနီးဝန်းကျင် က မန်ကျည်းပင် တွေ ရွက်နု ထိုးပြီ ဆိုရင် လွယ်အိတ်ကလေး လည်ပင်း စွပ်ပြီး လွှားလွှား လွှားလွှား နဲ့ တက် ခူး ။


သူ တကာ အိမ်ဝိုင်း ထဲ က မန်ကျည်းပင်တွေ ရွက်သစ် ဝေ လို့ ငထွေရီ ဖြစ်နေတာ မြင် ရင်လည်း “ ကြီးတော် ရေ အရီး ရေ တစ်ခါချက် ခူးမလို့နော် ” လို့ ပြော ပြီး စကား ဆုံး တာ နဲ့ ခွဆုံ ရောက် ။


အိမ်ရှင် က မတားပါဘူး ။ “ ခူး သာ ခူးဟဲ့ ၊ ဒါပေမဲ့ သတိ နဲ့ တက် ၊ ကိုင်းဖျား ကိုင်းနား သိပ် မသွားနဲ့ ၊ မန်ကျည်း တစ်ညို လူ တစ်ကိုယ် ဆိုပေမယ့် မသကာ လိမ့်ပြုကျ နေ ဦးမယ်နော် ” လို့ တောင် မှ သတိ ပေး ဖော် ရပါသေးတယ် ။ အပင် ပေါ် ကဆင်း လို့ တစ်ခါချက် ယူ ထားလိုက်ပါဦး ပေး တာ တောင် “ တို့ မလည်း ခြေ နဲ့ လက်နဲ့ပါအေ ။ ညည်း ဟာ ညည်း ယူသွား ” လို့ ငြင်း သေးတယ် ။


ကျွန်မတို့ က လယ်ခြေ ယာခြေ မရှိ လယ်ကူလီ ဘောက်သမား တွေ ဆိုတော့ ကြုံရာကျပန်း လုပ် စားမယ် ဆိုပြီး ဒီ မြို့ ကို ပြောင်း လာကြတာ ။ ရွာ မှာ လို ဘယ်ဟုတ် လို့လဲနော် ။ ကျွန်မတို့ မိသားစု ဒီကို ရောက်စ မှာ တော်တော် ကသီလင်တ နိုင်ပါတယ် ။ လိမ်ဖယ် လိမ်ဖယ် နဲ့ ပေါ့ ။ တစ်နှစ် လောက် နေလို့ ရှိကာ မှ အဖေ က သူ ကုန်ထမ်းတဲ့ ပွဲရုံ မှာ ညစောင့် အလု ပ်ပါ ရတာကြောင့် ရယ် ၊ ပွဲကတော် ထုတ် ပေးတဲ့ အရင်းအနှီးကလေး နဲ့ အမေ က ကုန်စိမ်းဒိုင် မှာ သင့်နိုးရာရာ အသီးအရွက်ကလေး တွေယူပြီး ရပ်ကွက် ထဲ လှည့်လို့ ဈေးတောင်း ခေါင်းတင် ရောင်း တာကြောင့် ရယ် နပ်မှန်လာခဲ့တာပါ ။


ကျွန်မ က လည်း ပန်းရံ ထဲ လိုက်ပြီး မဆလာ ရွက် ပါ သေးတယ် ။ ဒါပေမဲ့ အမေတို့ က “ ညည်းရုပ်ညည်းရေ နဲ့ စိတ် မချဘူး အေ ” ဆိုပြီး အလုပ် မဆင်းခိုင်းတော့တာ နဲ့ အမေ့ ကို ဈေးတောင်း ကူ ရွက်ရင်း အလုပ်သင် ဈေးသည် ဖြစ်ခဲ့ပါတော့တယ် ။


တစ်နေ့သား ဈေးရောင်း လည် ရင်း နဲ့ ကန်ပတ်လမ်း အရောက် မှာ ကန်ပေါင် ပေါ်ပေါက် နေတဲ့ မန်ကျည်းပင် တွေ က ရွှဲနေအောင် နု နေတာ မြင်တော့ ကျွန်မ လည်း စိတ်ကူး ပေါက်ပြီး “ အမေ ကျွန်မ ခူးချင်တယ် ။ ရောင်းရ မှာ သေချာတယ် ” လို့ အမေ့ ကို ပြောလိုက်ပါတယ် ။ ငယ်ငယ် ကတည်းက သရက်ပင် တက် မန်ကျည်းပင်  တက် လုပ်ခဲ့တဲ့ ကျွန်မ အစွမ်း ကို အမေ သိပြီးသားမို့ “ ကောင်းသားပဲ ” ပေါ့ ။


ထင်တဲ့ အတိုင်းပါပဲ ။ ညသိပ် ရေစီ ထားတာ မဟုတ်တဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ ခူး ရသမျှ ပြိုက်ခနဲ ကုန်ပါပဲ ။ တချို့အိမ်တွေ က ကြိုတောင် မှာကြသေးရဲ့ ။ ဒီလိုနဲ့ တစ်ရက် က နှစ်ရက် ၊ နှစ်ရက် က သုံးရက် လည်း ရှိရော ကန်ကြီး ဘေး မှာ ရှိတဲ့ ပန်းခြံ ထဲ က လူကြီး တစ်ယောက် ရောက် လာပြီး တက် မခူးဖို့ တား ပါတော့တယ် ။ ကျွန်မ က “ ဘာလို့လဲ ” မေးတော့ “ ဒီ အပင်တွေ ကို စည်ပင်သာယာ  က ပိုင်တာတဲ့ ။ ခွင့် မပြုရင် ခူးခွင့် မရှိဘူး အပြစ် ရှိတယ် ” တဲ့ ။ ပြာခြောက်ခြောက် ယူနီဖောင်းကြီး နဲ့ ။ ဒါပေမဲ့ နောက်ရက်တွေ ကျတော့လည်း အဆင် ပြေ သွား ပါတယ် ။ ခူး ဖို့ လာတိုင်း ကျွန်မ က သူ့ ကို ကွမ်းယာ တစ်ထုပ် နဲ့ စီးကရက် နှစ်လိပ် ပေးရတာ ပေါ့ ။ နှစ်ရာဖိုး ။ ကဲ အဲဒါ အရင်းအနှီး မဟုတ်ဖူးလား ။


နောက်ပြီး အရင် က ကျွန်မ နဲ့ ဘေးချင်း ယှဉ်ပြီး ရောင်းတဲ့ မမစန်းဌေး အကြောင်း ပြောချင် သေးတယ် ။ သူ လည်း ကျွန်မ လို ပဲ ကိုယ်တိုင် ခူးပြီး ရောင်းတာ ။ သူ ခူး တဲ့ အပင်တွေ က အိမ်ဝိုင်း ထဲ က အပင်တွေ ။ ဖောက်သည် လုပ် ထားတာ သုံးလေးအိမ်ရှိတယ် ။ အဲသည် အပင်တွေ ကို တက်ခူးခွင့် က အလကား ရတာ မဟုတ်ဘူး ။ နာရီ ကြေး နဲ့ ။


ကျွန်မ ပြောတာက ဒီလို လေ ။ အပင်ရှင် တွေ က နာရီဝက် ခူးရင် သုံးရာ လို့ သတ်မှတ် ထားတယ် ။ ကျွန်မ လို အလေ့အကျင့် ရနေသူတွေ က နာရီဝက် လောက် ခူးရင် တစ်ထောင်ဖိုး လောက် ရတယ် ။ ဒီတော့ ကိုယ် ဖို့ ခုနစ်ရာ လောက် ကျန်တယ် ။ ကဲ .. အဲဒါ အရင်း မရှိဘူးလား ။ 


အဲသည့် မမစန်းဌေး ရယ် လေ ၊ မနှစ် က ဆုံးသွားရှာတယ် ရှင့် ။ မန်ကျည်းပင် ပေါ်က ကျတဲ့ ဒဏ် နဲ့ ပေါ့ ။ သူ့ ခမျာ ခူးခွင့် ရတဲ့ နာရီဝက် အတွင်းမှာ များများစားစား ရ ချင်တော့ ကိုင်းဖျား ၊ ကိုင်းနား အထိ တက် ခူးရင်း နဲ့ ခြေချော် ကျတာလေ ။ ခမျာ ဆေးရုံ မှာ သုံးရက်လောက် ဝေဒနာ ခံစား လိုက်ရ ရှာတယ် ။ ကဲ .. အဲဒါ အရင်းအနှီး မဟုတ်ဘူးလား ။ အသက် လေ ... အသက် ။


အံမယ် မမစန်းဌေး သေသွားပြီ လည်း ကြား ရော မန်ကျည်းပင် ပိုင်ရှင် အိမ် က ဘုန်းကြီး တွေ ပင့် ပရိတ်ရွတ် အန္တရာယ်ကင်း တရားနာ ကြ သတဲ့ ။ မမစန်းဌေး ကို အမျှ ဝေဖို့ မဟုတ်ပါဘူး ။ သူတို့ အပင် မှာ မမစန်းဌေး နေမှာ စိုးလို့ပါ ။ အဲသည်တုန်း က ကျွန်မ လေ သွား ပြီး ပြောလိုက်ချင်တာ ။


“ မမစန်းဌေး က ရှင်တို့ အပင် မှာ မနေနိုင်ပါဘူး ။ နာရီဝက် ကို သုံးရာ ပေးရတဲ့ အပင် မှာ နေဖို့ လ ခကို သူ ဘယ် တတ်နိုင်ပါ့မလဲ ” လို့ ။


အဲဒါပါပဲ ရှင် ။ ဈေးကောက် ဈေးခေါင်းတွေ အဆို မခံရ အောင် ကျီးကန်းတောင်းမှောက် ကြည့်ရင်း ဗန်းကလေး ချ ဖိနပ်မြီးပြတ် ဖင်ခု ထိုင်ပြီး ရောင်းတဲ့ ပစ္စည်း ကို ဘာ တစ်ခု မှ အရင်းအနှီး မလုပ်ဘဲ ရ တာ လို့ ထင် နေတဲ့ ဟို မိန်းမကြီး ကို ဒါတွေ ပြောပြ နေလို့လည်း စာနာနားလည် မှာ မဟုတ်ဘူး ။ အလကား ပဲ ဖြစ်မှာ ။ ဒါပေမဲ့ ကျွန်မ ရင် ထဲ မှာ ဖြစ် နေရတဲ့ ခံပြင်းစိတ် က တစ်ယောက် ယောက် ကို ရင်ဖွင့် လိုက် ရ မှ ပျောက်မှာ မို့ လို့ အခုလို ပြောပြတာပါ ။ နားထောင် ပေးတဲ့ အတွက် ကျေးဇူး ။  ။

 

◾ မင်းမြင့်ဇင်


📖 ပေဖူးလွှာ မဂ္ဂဇင်း

      နိုဝင်ဘာလ ၊ ၂၀၁၃


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment