Saturday, April 20, 2024

ငြိမ်သက် တစ်မိနစ်


 

❝ ငြိမ်သက် တစ်မိနစ် ❞

မောင်မိုး ဆိုတဲ့ အကောင် ဟာ ဟိုး ဟူးကောင်းဒေသ ရှင်ဗွေယန်နယ် တော ခေါင်ခေါင် သစ်တော ဝါးတော ကြိမ်တော ထဲ မွေးတဲ့ တောသားလေးပါ ။ သူ့ ကို အဲဒီ ဒေသ လာပြီး ကြိမ် လာ ခုတ် ကြတဲ့ နမ့်ခုတ် ရွာသားတွေ က သူ့ အမေ မရှိခိုက် ဝက်ဝံ အသိုက် ထဲ က ခိုး ယူ လာကြတာ ။ သူတို့ ရဲ့ ကြိမ်ခုတ်စခန်း မှာ နို့ဆီဖိုး မတတ် နိုင် တော့ တောထမင်း တောဟင်း စားခဲ့ရတဲ့ အကောင်လေ ။ ကြိမ် ခုတ်လုပ်သားတွေ ကို ကြီးကြပ်ရတဲ့ ဓားခေါင်း ဖြစ်သူ က ဝံသည်းခြေ လိုချင်လို့ နည်း အမျိုးမျိုး ရအောင် ဝယ်ဖို့ လုပ် နေလို့ နမ့်ခုတ် ရွာသားတွေ မောင်မိုး ကို ကြင်ကြင်နာနာ နဲ့ စောင့်ရှောက် မိကြပြီး ပိုပြီး သံယောဇဉ် တွယ် ချစ်ခင် ခဲ့ကြတယ် ။ သူတို့ ညီလေး တစ်ယောက် လို ချစ်ခဲ့ကြတာလေ ။

ရက်သား ပဲ ရှိ သေးတဲ့ ဝက်ဝံကလေး ဟာ တကယ်လည်း ချစ်စရာ ကောင်းတာမို့ သူတို့ သဘောကျတဲ့ နာမည် ကို မှည့်ခဲ့ကြ တာပေါ့ ။

ကြိမ်ခုတ်ရာသီ ကုန်ပြီး မက္ကလောင် အဖျားတွေ ဖျား ခဲ့တဲ့ နမ့်ခုတ်ရွာသားတွေ ဟာ သူတို့ချစ်တဲ့ ညီလေး ကို ဇာတိရွာ ကို ခေါ် သွားဖို့ အခက်အခဲတွေ ရှိတယ် ။ သစ်တောဌာန နဲ့ စကား ပြော ရမယ် ။ ပင်ပင်ပန်းပန်း ရှာဖွေလို့ ရခဲ့တဲ့ ပိုက်ဆံ နည်းနည်း ပဲ သူတို့ မှာ ပါတယ် ။ ဒါနဲ့ မောင်မိုး ကျွန်တော် တို့ ဆီ ရောက် လာခဲ့တာ ။

မြို့မကျောင်း ကို သူ ရောက်လာခါစ မှာ ကျွန်တော်တို့ သူ့ ကို နာမည် ပြောင်းပြီး ခေါ်ကြသေးတယ် ။ ဒီ အကောင်လေး က သူ့ ကို ခေါ်နေတယ် လို့ မထင်ဘူး ။ ပြီးတော့ ကျွန်တော် တို့ ကျော င်း ရဲ့ တစ်ဦးတည်း သော ဆရာမ ဒေါ်ဒီခေါန်တောင် က လည်း သူ့ ကို မောင်မိုး လို့ပဲ  ခေါ်စေချင်တာလေ ။ ဒါနဲ့ပဲ သူ့ နာမည် မောင်မိုး မောင်မိုးနဲ့ တောက်လျှောက် တွင် သွား တော့တာပဲ ။

ဒီ ဝက်ဝံကလေး မြို့မ ဘုန်းကြီးကျောင်း ကို ရောက် လာ တဲ့ ညနေ ကို မှတ်မိ နေတယ် ။ မိုးဦးလေဦး မို့ တိမ်တွေ က မှိုင်းညို့ တက် လာတယ် ။ မိုးဦး က သူ့ ချည်း မလာဘဲ လေရူး နဲ့ လေဦး ပါ အဖော် ခေါ်လာတော့ ကျွန်တော် တို့ ဘုန်းကြီးကျောင်းဝိုင်း ထဲ က သရက်ပင် တွေ ၊ အုန်းပင် တွေ ဆို ယိမ်းထိုး နေကြတော့တာပေါ့ ။ တိမ်မည်းတွေ က လည်း လေဦး ရဲ့ ဦးတည်ရာ ကို ကဆုန်ဆိုင်း ကြ တယ် ။ သရက်ကင်း တွေ ကြွေ ၊ စက္ကူပန်းပွင့် တွေ မြေ မှာ ဖွေး လို့ ။ ကျောင်း က တော့ ဆင်းသွားတာ ကြာပြီ ။ ကျွန်တော် နဲ့ အောင်မိုး နှစ်ယောက် ကို စာ မရမချင်း ကျောင်း မဆင်းရဘူး ဆိုပြီး စာ အအံ ခိုင်း ထားတယ် ။ ဘုန်းကြီး က ဒီလိုပဲ ဒဏ်ပေး နေကျပေါ့ ။

အဲဒီ အချိန်မှာ မက္ကလောင်ဖျား ထား လို့ ဖြူဖပ်ဖြူရော် ဖြစ် နေတဲ့ နမ့်ခုတ်ရွာသား သုံးယောက် မောင်မိုး ကို ခေါ် လာပြီး ဆရာ့တော်  ဆီမှာ အကျိုးအကြောင်း လျှောက်ကြတော့ တာ ပါ ပဲ ။ အမွှေးကြမ်းတွေ တစ်ကိုယ်လုံး ဖုံးအုပ် နေတဲ့ ဝက်ဝံ မှာ ချစ်မွှေး ပါတယ် ထင်ပါရဲ့ ။ ဆရာတော် က လက်ခံ ထားလိုက်တယ် ။ ဒီ အရင် က လည်း ကျောင်း မှာ ဒေါင်း တစ်စုံ ၊ ကော့ခို နှစ်စုံ ၊ တိန်ညင် တစ်အုပ် ရှိနှင့်ပြီး သား ။ ဟို ဒကာ လာ လှူ ၊ ဒီ ဒကာ  လာ လှူ နဲ့ ဆရာတော် က လည်း တိရစ္ဆာန်လေးတွေ ချစ်တတ်လေတော့ ကျောင်း မှာ ဝက်ဝံလေး တစ်ကောင် တိုး လာတာပေါ့ ။

နမ့်ခုတ် ရွာသား ဒကာ သုံးယောက် မိုး စဲ မှ ပြန် သွား ကြ တယ် ။ သူတို့ လည်း မခွဲချင် ဘဲ ခွဲခဲ့ရတဲ့ သူတို့ ညီလေး ကို သံယောဇဉ် တွယ်ကြမှာပဲ ။ ကျောင်းသားတွေ နဲ့ ချစ်ချစ်ခင်ခင် နေဖို့ ၊ ကျောင်း မှာ လိမ်လိမ်မာမာ နေဖို့ ၊ ဆရာတော့် စကား နားထောင် ဖို့ တကယ့် ညီငယ် တစ်ယောက် ကို အစ်ကိုကြီး ဖြစ်သူ က မှာကြား နေသလိုပဲ ။ သူတို့ မှာ ကျောင်းပေါက်ဝ ရောက်တဲ့ အထိ ယောက်ျားတွေ တန် မယ့် မျက်ရည်တွေ ဝဲပြီး လှည့်ကြည့် ၊ လှည့်ကြည့် နဲ့ ပြန် သွားကြ တယ် ။ မောင်မိုး ခမျာ မှာ လည်း လူစကား မပြောတတ်လို့ သာ ပေါ့ ။ လူစကား သာ တတ်ရင် သူ့ မှာ လည်း သူ ခံစား နေရတာတွေ ပြောနေ ရှာ မှာပဲ ။

တောသား မြို့ ရောက်လာတာ ဟုတ်လား ။ ရောက်ခါစ မှာ ပတ်ဝန်းကျင် အသစ် နဲ့ အသားမကျသေး တော့ ကြောက် နေရှာတယ် ။ စိတ် မလုံမခြုံ ဖြစ် နေရှာတယ် ။ ဒီ ဘုန်းကြီးကျောင်း မှာ မိဘမဲ့ ကလေးတွေ ကို ပါ စာသင် ပေးတဲ့ ကျောင်း လည်း ရှိ လေတော့ ကျောင်းသူ ကျောင်းသားတွေ က အများကြီး ။ သူ့ ခမျာ ဒီလောက် လူများများ ကို မြင်ဖူးတာ မှ မဟုတ်ဘဲ ။ ကျောင်းသူ ကျောင်းသား ဖြူနီကြောင်ကျားတွေ ကို လည်း ကြောက် ၊ ဝါဝါထိန်ထိန် နဲ့ ကိုရင် ၊ ဦးပဉ္စင်း တွေ ကို လည်း လန့် ၊ ကျောင်း ပေါ် တက် တဲ့ လှေကားထစ် တွေ ကို လည်း သူ မမြင်ဖူးဘူး ။ ကြေးစည်သံ ခေါင်းလောင်းသံ ကြား ရင် တုန်လှုပ် ၊ သူ့ မှာ ဝံလန့် စာစား ဖြစ်နေရှာတာပေါ့ ။ ကြွပ်ကြွပ်အိတ် ပလတ်စတစ်အိတ် တွေ့ရင် နမ်း ကြည့် ၊ ဘုန်းကြီး စီး ဖိနပ် ကို စူးစမ်း ၊ စားပွဲဝိုင်း ၊ တံမြက်စည်း ၊ ဖျာကြမ်း ၊ ကြက်မွေး ၊ သပိတ် ၊ ဝတ်ခွက် ၊ ယပ်တောင် ၊ နှီးအုပ်ဆောင်း ၊ ခြေသုတ်ခုံ ၊ မြင်မြင် သမျှ မောင်မိုး အတွက် အထူးအဆန်း ချည်း ဖြစ်နေတယ် ။

မောင်မိုး မှာ ချစ်မွေး ပါတယ် ။ ချစ်မွေး က ဒီ့ပြင် အိမ်မွေး တိရစ္ဆာန်တွေ လို တစ်မွေး ၊ နှစ်မွေး ဟုတ်ပုံ မရဘူး ။ သူ့ တစ်ကိုယ် လုံး ဖုံးအုပ် ထားတဲ့ ခပ်ကြမ်းကြမ်း ခပ်ထူထူ မည်းမှောင်မှောင် အမွေးတွေ အားလုံးက ချစ်မွေးတွေ ထင်ပါ ရဲ့ ။ မကြာခင်မှာ ပဲ ဟိုး ဆရာတော် က အစ ကပ္ပိယ တို့ ဆရာမဒေါ်ဒီခေါန်တောင် တို့ အလယ် ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားတွေ အဆုံး အားလုံး ရဲ့ ချစ်ခင်မှု ၊ ကြင်နာမှု ကို သူ ရ သွားတယ် ။ မြို့မ ပရဟိတ မိဘမဲ့ ကျောင်း မှာ မောင်မိုး ဆိုတဲ့ ကျောင်းအိပ် ကျောင်းစား တစ်ယောက် တိုး လာတာပေါ့ ။

ကျွန်တော် တို့ နဲ့ အတူ ကစားတယ် ။ ကျွန်တော် တို့ နဲ့ အတူ စားတယ် ။ ကျွန်တော် တို့ လို လည်း လိုက်ပြီး စာ အံသေးတယ် ။ ဝက်ဝံလေး တစ်ကောင် စာ အံတယ် ဆိုတာ မူလတန်းကလေးတွေ နောက် နား မှာ ဝင် ထိုင်ပြီး ကျောင်းသူ ကျောင်းသားတွေ အော်ဟစ် နေ တာကို သူ ငေးမော နေရှာတာပါ ။ ကျောက်သင်ပုန်း ကို ကြည့် လိုက် ၊ လမ်း လျှောက်နေတဲ့ ဆရာမ ကို ငေးလိုက် ၊ စာအံ နေကြတဲ့ ကျောင်းသူ ကျောင်းသား တွေ ကို ကြည့်လိုက် လုပ် နေရှာတယ် ။ သူ က ဆရာမ ဒေါ်ဒီခေါန်တောင် ရဲ့ စကား ကို တော့ နားထောင်တယ် ။ ဆရာမ က “ မောင်မိုး ငြိမ်ငြိမ် ထိုင်နေ ” လို့ အတန်းထိပ် ကနေ လှမ်း အော် ရင် သူ ဘယ်မှ မသွားတော့ဘူး ။ ကြမ်း ပေါ် ဖင်ချ ထိုင်နေတော့ တာပါပဲ ။ ဝက်ဝံ ငြိမ်တယ် ဆိုတာ မျောက်လောက် သာ မဆော့ တာ ။ နှာခေါင်း ကုပ် ၊ ခေါင်း ကုပ် ၊ စားဖိုချောင် က လွင့်ပါ လာတဲ့ ဟင်းနံ့ကျွေးနံ့ ကို နှာခေါင်း ပွချည် ရှုံ့ချည် နဲ့ ထိုင်ရာ မထ လုပ်ရင်း အနံ့ခံ လိုက် ၊ နှုတ်ခမ်း ကို လျှာ နဲ့ သပ်လိုက် လုပ် နေ တတ်တယ် ။ အဲဒီ အချိန်မှာ ဆရာမ က ကျောင်းသားတွေ အာရုံ စိုက် အောင် ကျောက်သင်ပုန်း ကို ကြိမ်လုံး နဲ့ ဖြန်း .. ဖြန်း .. ဖြန်း .. နဲ့ မြည်အောင် ရိုက် လိုက်ရင် ကျောင်းသားတွေ နည်းတူ လျှောက် ငေး နေတဲ့ မောင်မိုး လည်း ကြိမ်လုံးသံ ကို လန့် သွား တတ်တယ် ။

တောကြီးမျက်မည်း ထဲ မှာ တောငှက်ပျောသီး ၊ သစ်ဥ သစ်ဖု ၊ ပျားလပို့ ၊ ပျားရည်ပဲ စားရမယ့် မောင်မိုး ဟာ သူ့ အစ်ကိုကြီးတွေ နဲ့ အတူ နေတုန်း က မစားရတဲ့ အစားအစာတွေ ဒီမှာ အစုံ စားရတယ် ။ ဂျုံခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲ လည်း သူ စားတယ် ။ ပေါက်ဆီ ၊ နံပြား ၊ ထပ်တစ်ရာ ၊ ပလာတာ လည်း မငြင်းဘူး ။ သူ အကြိုက်ဆုံး က တော့ ငှက်ပျောသီး နဲ့ ငါးဟင်း ။ ငါး ဆိုရင်တော့ မောင်မိုး က ကင်ကင် ၊ ဖုတ်ဖုတ် ၊ သုပ်သုပ် ၊ ချက်ချက် ၊ ပြုတ်ပြုတ် စားမယ် ဆိုတဲ့ အထဲ  ကပဲ ။ စပ် လိုက် သမှ တော်ရုံ လူ မစားနိုင် အောင် ငရုတ်သီး ခပ်စပ်စပ် ချက်ထားတဲ့ ငါးဟင်း လည်း မောင်မိုး ကတော့ တဝ စားတယ် ။ ပြီးမှ လျှာ ထုတ်ပြီး ယပ်ခတ် နေရပေ့စေ စား မှာပဲ ။

မောင်မိုး ဟာ ဝက်ဝံ မဖြစ်ခင် က လူ့ ဘဝ မှာ ကျင်လည်ခဲ့ တယ် ထင်ပါရဲ့ ။ သူ့ ကို ချစ်ကြရတာတွေ ထဲ မှာ သူ မစင်စွန့် ရာ အခင်းလေး စွန့်ရာ မှာ သိပ် စည်းကမ်း ရှိတာ လည်း ပါတယ် ။ သူ က အသန့်အပြန့် သိပ် ကြိုက်တယ် ။ သူ့ ဘာသာ နေရာ သတ်မှတ်ပြီး ဘုန်းကြီး ကုဋီ ရဲ့ အနောက် မှာ သူ့ ကိစ္စတွေ ကို သွား စွန့်တယ် ။ ကျောင်းမွေး တောရိုင်း တိရစ္ဆာန် ပေမယ့် အိမ်မွေး တိရစ္ဆာန်တွေ ထက် စည်းကမ်း ရှိတဲ့ မောင်မိုး ။

နောက်ပိုင်းကျ တော့ ဆရာတော် ကို လှူဖို့ ၊ ပရဟိတ မိဘမဲ့ ကျောင်း ကို လှူဖို့ လာကြတဲ့ ဒကာ ဒကာမတွေ အလှူရှင်တွေ ကို သူ ထွက် ကြို တတ်တယ် ။ ဒီ ပုဂ္ဂိုလ်တွေ မှာ စားစရာ တစ်ခု ခု ပါတတ် တယ် ဟုတ်လား ။ တချို့က သူ့ အကြိုက် ငှက်ပျောသီး ၊ တချို့က ငါးဟင်း ၊ ငါးကြော် ၊ ငါးခြောက်ဖုတ် ဆီဆမ်း လာခဲ့ကြတာလေ ။ အကြောင်း မသိတဲ့ ဧည့်သည် က ဒကာ ဒကာမတွေ က တော့ ဝက်ဝံ တစ်ကောင် အားရဝမ်းသာ ပြေး ထွက်လာတာ နဲ့ ပက်ပင်း ကြုံတဲ့ အခါ လန့်သွား ကြတာပေါ့ ။ ဒါပေမယ့် သူ့ မှာ ရန် လိုတဲ့ မျက်နှာ ထားမှ မရှိဘဲ ။ ပြီးတော့ အရွယ် က ချစ်စရာလေး ။ မောင်မိုး က လည်း အကင်းပါးတယ် ။ အသိဉာဏ် ရှိတယ် လို့ ပြောရလိမ့် မယ် ။ ဧည့်သည် က လန့် ပြီး ထီး နဲ့ ထိုး မှာ ၊ လမ်းလျှောက် တုတ်ကောက် နဲ့ လှမ်း ရိုက်လိုက် မှာ မျိုး ကို သူ မနှစ်မြို့ဘူး ။ ဒါကြောင့် ထီးရိုး တစ်ကမ်း ၊ တုတ် တရမ်း ၊ ခပ်လှမ်းလှမ်း က ပဲ ကြို တာပါ ။

တစ်နေ့တော့ အရင် က ဒီ ကျောင်း ကို တစ်ခါမှ မလာဖူးတဲ့ ဧည့်စိမ်းတွေ ကို သူ ကြိုမိရက်သား ဖြစ် သွားတယ် ။ ဧည့်သည် တွေ က ထွက်ပြီး ကြိုတဲ့ မောင်မိုး ကို ခြေဆုံး ခေါင်းဆုံး ကြည့်ပြီး ပြုံးကြတဲ့ အပြုံး ကို ဘယ်သူမှ နား မလည်ကြဘူး ။ ကျောင်း ပေါ် ရောက်တော့ ဧည့်သည်တွေ က ဆရာတော် ရှေ့ မှာ ဝပ်တွား ဦးချ တော့ မောင်မိုး က လည်း သူ့ ထုံးစံ အတိုင်း ဧည့်သည်တွေ နဲ့ အတူ လိုက်ပြီး ဦးချ ရှိခိုးတယ် ။ မောင်မိုး ရှစ်ခိုး တာ ကြည့်ပြီး ဧည့်သည် တွေ က သဘောကျ လို့ မဆုံးဘူး ။

ဘယ် ဂျာနယ် ၊ ဘယ် သတင်းစာ ၊ ဘယ် ရုပ်မြင်သံကြား ထဲ မှာ မှ မောင်မိုး အကြောင်းမပါဘဲနဲ့ ဟောဒီ မြို့လေး ရဲ့ မြို့မ ဘုန်းကြီးကျောင်း မှာ သင်ကြား ပေးရင် တတ် လွယ်တဲ့ အရွယ် ဝက်ဝံ လိမ္မာလေး ရှိတယ်လို့ ကြား သတင်း နဲ့ လိုက်လာ ကြတဲ့ ဆပ်ကပ် ထောင် တဲ့ လူတွေ လေ ။ မောင်မိုး ကို ပိုက်ဆံပေး ဝယ်မယ်လို့ တဲ့ ။ ပညာရှိ အမျက် အပြင် မထွက် ပေမယ့် သူတို့ စကားကြောင့် ဆရာတော် ရဲ့ မျက်နှာတော် နီမြန်း သွားတယ် ။

“ မရောင်းနိုင်ဘူး ” လို့ ဆရာတော် က တစ်ခွန်းတည်း ပြောလိုက်ချင်ပေမယ့် “ ဒကာတို့ က ဒီ အကောင် ကို တန်ဖိုး ဘယ်လောက် သင့်မှာတုံး ” လို့ မိန့်တယ် ။ ဆရာတော့် အရိပ်အကဲ မသိ နား မလည်ကြတဲ့ ဒကာတွေ က “ ငွေ သုံးသောင်း ပေးပါမယ် ဘုရား ” တဲ့ ။ တပည့်တော် တို့ မွန်ပြည်နယ် အထိ ပြန်ရမယ့် စရိတ် ၊ ဒီ ကောင်လေး ဟို အထိ ရောက် အောင် ခေါ်သွားရမယ့် ကုန်ကျ ငွေ တွေ အကြောင်း ပြောရင်း အပူတိုက် ၊ အလွမ်းသယ် ၊ မိကျောင်း မျက်ရည် ကျ ပြ နေကြတယ် ။

ဆရာတော် က သူတို့ ပေးမယ် ဆိုတဲ့ သုံးသောင်း ထက် အဖိုးတန် တဲ့ တရား ကို ဟောပြီး မောင်မိုး ကို မရောင်းနိုင် တဲ့ အကြောင်း အလိမ္မာ နဲ့ ဆုံးမ လွှတ်တယ် ။ ဒီအကြောင်း သိတဲ့ ဦးပဉ္ဇင်းတွေ က မောင်မိုး ကို ည လူသူ အလစ် မှာ လာ ခိုးမှာ စိုးလို့ ကျောင်းသားတွေ ရဲ့ အစွန် မှာ ထားပြီး ည သိပ်ရာ က နေ ကျောင်းသားတွေ ရဲ့ အလယ် ကို ရွှေ့ သိပ်ကြရ သေးတယ် ။ ဝံသည်း ခြေက ဈေး မြင့်လာပြီ ဆိုတဲ့ သတင်း က လည်း ကြီး နေတယ်လေ ။

ကြီးကောင် ဝင်ပြီး ဝံပျိုဖားဖား သာ မဖြစ်သေး တာ ဝံပျို ပေါက် ဖြစ်လာတော့ မောင်မိုး က ကျောင်း ထဲ က ကျောင်းပြင် ကို လှစ်ခနဲ ခဏ တစ်ဖြုတ် ထွက် လည် တတ်တယ် ။ ဆရာတော်တို့  ဦးပဉ္စင်း တို့ စိတ် ပူရ ရင်မောရတဲ့ ရက်တွေ ပေါ့ ။ တော်တော်ကြာ ဘယ် ဆပ်ကပ်အဖွဲ့ ဘယ်မြို့ လို့ တဲ့ ၊ ဘယ် မျက်လှည့် က အထက် ဘက် ဆန် လာပြီ ဆိုတာမျိုး ကြားရရင် ဘုန်းကြီး တို့ ရတက် မအေး ဖြစ် ကြရရော ။

မောင်မိုး က လည်း ကျောင်း အနီးအနား လေးငါးဆယ် အိမ် လောက် လျှောက်လည် ပြီးတော့ ကျောင်း ကို ပြန်လာ ရှာတာပါ ။ ပတ်ဝန်းကျင် ကို လေ့လာ စူးစမ်းတာ ထင်ပါရဲ့ ။ စာအံ နေကြတဲ့ ကျွန်တော်တို့ အနား ကို သူ ပြန် လာပြီး ထိုင်တယ် ။ ဆရာမ ဒေါ်ဒီခေါန်တောင် ကို မျက်တောင် မခတ်ဘဲ ငေး နေတတ်တယ် ။ တစ်ခါ တလေ တော့ လည်း အဲဒီလို ထိုင်ရင်း သူ့ မျက်တောင်မွှေး တွေ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ငေးမျှော် နေ ပြန်ရော ။ အဲဒီ လုပ်တဲ့ နေ့ ဟာ ဆရာမ က သူ့ ဖို့ ငှက်ပျောသီး ယူ မလာတဲ့ နေ့ပေါ့ ။ ဆရာမ ခမျာ ငှက်ပျောသီး ကို နေ့တိုင်း တော့ ဘယ် ယူလာ နိုင်ပါ့မလဲ ။ ငှက်ပျောခြံပိုင်ရှင် ရဲ့ သမီး ငှက်ပျောသီးသည် ရဲ့ဇနီး မှ မဟုတ် ဘဲ ။ အိမ် မှာ ရှိတဲ့ ငှက်ပျောသီး ၊ ဆွမ်းတော် ကျ တဲ့ ငှက်ပျောသီး လောက် ပဲ ယူလာနိုင်ရှာတာပေါ့ ။ သူ့ ခမျာ တစ်လ ကို ဆန် ဆယ်ပြည် နဲ့ မီးဖိုချောင် စရိတ်လေး ရလို့ စာ လာ သင် နေရတဲ့ လုပ်အား ပေး ဆရာမ သာသာ မဟုတ်လား ။

သူ့ ရဲ့ ရှုံ့ချည်ပွချည် လုပ် နေတဲ့ နှာခေါင်း က သူ့ ခြေထောက် တွေ ကို ဒေါ်ဂျီဘူး ရဲ့ အိမ် က မီးဖိုချောင် ကို ခေါ် သွားတယ် ။ ဘုန်းကြီးကျောင်း နဲ့ နီးနီး ၊ ရုံး နဲ့ နီးနီး နေတဲ့ ဒေါ်ဂျီဘူး ရုံး မှာ သူ့ ဘောလ်ပင် လွတ် အကျ မောင်မိုး သူ့ မီးဖိုချောင် ထဲ ခြေ တစ်လှမ်း စ အဝင် ဖြစ်မှာပေါ့ ။ နံဘေးအိမ် တွေ ကလည်း ကိုယ့် အလုပ် နဲ့ ကိုယ် အလုပ် များ စိတ်များ နေကြချိန် မှာ မောင်မိုး ဝင်သွားတာ ကို မမြင်လိုက် ကြဘူး ။ ဒယ်အိုး လှပ်သံ လည်း မကြားဘူး ။ ညနေ ရုံးဆင်း လို့ မိသား စုစုံစုံညီညီ ညစာ စားတော့မယ် အလုပ် မှ ညစာ ချန်ထားတဲ့ ငါး ပတ်ချက် က မောင်မိုး ဘတ်သွားပြီ ။ အိမ်နီးနားချင်းတွေ က ဒီ အကောင် ထွက်သွား မှ နောက် ကျောပြင် ပဲ လှမ်း မြင် လိုက်ရတာ ။ ဒေါ်ဂျီဘူး က စိတ် မဆိုးတဲ့ အပြင် ရယ်ချင်စိတ် တောင် ပေါ် မိ သေးတယ် ။ အနားဝန်းကျင် အိမ်တွေ က လည်း မောင်မိုး လာတယ် လို့ ပြောကြတာ ဟုတ်လား ။ ဒေါ်ဂျီဘူး တို့ မိသားစု က နောက်ထပ် ဟင်း တစ်ခွက် ထပ် ချက်ဖို့လည်း မခက်ခဲဘူး ။ မချက် ချင် ရင် လည်း ဆိုင် မှာ ဟင်း တစ်ခွက် ဝယ်စား နိုင်တယ်လေ ။

ကိုကျော်မြင့် ဆက်သွယ်ရေးရုံး အသွား မခင်ပု ဈေး မှာ ဆိုင် ခင်း နေတုန်း ကြက်သားကြော် နဲ့ ငါးရံ့ကြော် နှစ်ပန်းကန် မှာ ငါးရံ့ကြော် တွေ ချည်း စား သွား ပြန်ရော ။ ဒေါ်ဂျီဘူး ရဲ့ ငါးပတ်ချက် ကို မောင်မိုး ဝင် တွယ်ပြီး ငါးရက် အကြာ မှာပေါ့ ။ ကိုကျော်မြင့် ရော မခင်ပု ပါ အပင် ပေါ် မှာ မှည့် နေတဲ့ သင်္ဘောသီးကြီး တွေ ၊ အနား မှာ ချထားတဲ့ ငှက်ပျောဖီး တွေ ဘက် ရန် မမူတာ ကို ကျေးဇူး တင်ကြသေးတယ် ။ ဒေါ်ဂျီဘူး လို ပဲ ဆရာတော် ဆီ ကို သူတို့ လာ မလျှောက်ထားကြဘူး ။ သူတို့ ဇနီးမောင်နှံ က ဘာ ဟင်း နဲ့ မဆို ထမင်း စား နိုင်တယ်လေ ။ ကုသိုလ် ရတယ်လို့ တောင် မှ ထင်ကြတဲ့ လင်မယား ။ သူတို့ လည်း မောင်မိုး ကို ချစ်ကြ ခင်ကြတယ် ။ ငှက်ပျောခိုင် ခုတ်ပြီး ရင် ဘုန်းကြီး တွေ ဘုဉ်းပေး ရအောင် ၊ မောင်မိုး လည်း စား ရအောင် မြို့မကျောင်း ကို လာ လှူကြမယ် လို့ တိုင်ပင် ထား ကြတဲ့ လင်မယား ။

နောက် နှစ်ရက် အကြာ မှာ တော့ ဒေါ်ကော့မိုင် အိမ် က ငါးခူတွေ မောင်မိုး လက်ချက် မိသွားတယ် ။ သူ့ ခမျာ သားသမီး သုံးယောက် နဲ့ ။ ဒီနေ့ မှ ကျောင်းပိတ်ရက် မို့ သားကြီး ကွန်ပ စ်ရာ က နေ ရတဲ့ ငါးခူ ငါးကျည်းတွေ ကို တစ်ခါတလေ စားရတာပါလေ ဆိုပြီး ဆီလေးပျားလေး နဲ့ စိုစိုဖတ်ဖတ်လေး ချက်ထား ရှာတာ ။ လူကြီး တစ်ယောက် နဲ့ ကလေး သုံးယောက်စာ ကုန်ပါလေရော လား ။ ကလေးတွေ အိမ်ရှေ့ မှာ ကစား နေတုန်း မောင်မိုး  နောက် ဖေး က လှည့် ဝင် သွားတာ ။ ဝက်ဝံ ဆိုတော့ မုဆိုးမ အိမ် ရယ် လို့လည်း ဘယ် သိလိမ့်မတုံး ။ သူ သိတာ ငါးညှီနံ့ ၊ ငါးဟင်းနံ့ ၊ ငါးအရသာ ကို ပဲ သိတာ ။ ဒေါ်ကော့မိုင် က တော့ ဆရာတော် သိရအောင် လာ လျှောက် ထားတယ် ။ ဒကာမ ကော့မိုင် ကျေနပ်အောင် ဆရာတော် က နှစ်သိမ့်ရင်း ဆန် နှစ်ပြည် နဲ့ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး တွေ စွန့် လိုက်တယ် ။

မြို့မကျောင်း ဆရာတော် ဦးဥတ္တမ က ကမ္ဘာကြီး နေ့တိုင်း ဘာတွေ ဖြစ်ပျက် နေသလဲ ။ ဆားရ် ( စ် ) ရောဂါ အကြောင်း ၊ ပါလက်စတိုင်း - အစ္စရေးပြဿနာ ၊ အီရတ် အပစ်အခတ် ၊ မုန်တိုင်း သတင်း ၊ ငလျင်သတင်း ၊ ရွေးကောက်ပွဲ အနိုင်အရှုံး အားလုံးကို ရေဒီယို က တစ်ဆင့် သူ သိ နေတယ် ။ သူ သီတင်းသုံး တဲ့ မြို့ကလေး မှာ ဘာဖြစ်သလဲ ဆိုတာလည်း ဆရာတော် က သိနေတာပဲ ။ ဒေါ် ဂျီဘူး အိမ် နဲ့ ကိုကျော်မြင့် တို့ အိမ် မောင်မိုး ဝင် တာ လည်း ရေဒီယို က မလာပေမယ့် ဝံ သတင်း လူချင်း ဆောင် တတ်တာပဲ ဟုတ်လား ။

ဒီပုံ အတိုင်း လွှတ် ထား လို့တော့ မဖြစ်တော့ဘူး ။ တော်တော်ကြာ ဒီ ထက် ပို အတင့်ရဲ လာရင် မောင်မိုး ရဲ့ အသက် အန္တရာယ် စိုးရိမ်ရတယ် လို့ ဆရာတော် က စဉ်းစား မိတယ် ။ မဖြစ်သင့်တာ တွေ မဖြစ်စေချင်ဘူး ။ မောင်မိုး ကို ဆုံးမတဲ့ အနေနဲ့ သူ ငယ်ငယ် ရောက်ခါစ က အိပ် ခဲ့တဲ့ လှောင်အိမ် ထဲ မှာ ထည့် ထားဖို့ ဆရာတော် က မိန့်တယ် ။

မောင်မိုး ကို ကျွန်တော် တို့ ပဲ လှောင်အိမ် ထဲ ချော့မော့ ပြီး ထည့် ရတာလေ ။ လူ လောက် နီးနီး တတ် နေမှတော့ သူ့ ကို လှောင် အိမ် ထဲ ထည့်ထားမယ် ဆိုတာ လည်း သူ က သိ နေပြီလေ ။ သူ မဝင် ချင်ဘူး ။ ဝေ့လည်ကြောင်ပတ် နဲ့ ပေစောင်းစောင်း ရှုသိုးသိုး လုပ် နေတယ် ။

“ လာ ညီလေး လာ ”

သူ က မလာဘူး ။

“ မောင်မိုး က လိမ္မာတယ် ။ လာ အစ်ကို့ နား လာ ”

ဘယ်လို ချော့ ခေါ်လို့မှ မရဘူး ။ သူ ကြောက်ချစ်တဲ့ ဦးပဉ္စင်းဖြူ ရှိတယ် ။ ဦးပဉ္စင်းဖြူ ကို သွား လျှောက် ကြတော့ မှ ဦးပဉ္ဇင်းဖြူ က -

“ ဟေ့ကောင် မောင်မိုး မဝင်ဘူးလား ဝင်မှာလား ”

အာလုတ်သံ နဲ့ တစ်ချက် တည်း ငေါက် လိုက်ရတယ် ။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ဦးပဉ္ဇင်း ကို လှည့်ကြည့် လှည့်ကြည့် နဲ့ ကျွန်တော်တို့ ကို အားကိုး မျှော်လင့်တဲ့ အကြည့် နဲ့ ကြည့်ရင်း လှောင်အိမ်လေး ထဲ ဝင် သွားရတယ် ။ သူ့ အကြည့်တွေ က ရင် ထဲ မချိစရာပါ ။ ကျွန်တော့် ကို ပိတ်လှောင်ကြတော့မှာ လား ၊ ရက်စက် လိုက်ကြတာဗျာ ဆိုတဲ့ အဓိပ္ပာယ်တွေ ပါတဲ့ အကြည့်တွေ လေ ။ ခန္ဓာကိုယ် ဖွံ့ထွားစ ပြုနေတဲ့ မောင်မိုး အတွက် ငယ်ငယ် က နေခဲ့တဲ့ လှောင်အိမ်လေး ဆိုတော့ နည်းနည်း ကျပ် နေတာပေါ့ ။

ဘုန်းကြီး က ရေသောက်စရာ အင်တုံ တစ်လုံး မှာ ရေ အပြည့် ဖြည့်ထားတယ် ။ စားဖို့ ထမင်းဟင်း တွေ ကို တော့ ကြွပ်ကြွပ်အိတ် ထဲ ထည့်ပြီး ပေး လိုက်တယ် ။ တစ်ခါတလေ သူ ကြိုက်တဲ့ ငှက်ပျောသီး တွေ လည်း ပါ တာပေါ့ ။

ကျွန်တော်တို့ နဲ့ တစ်ကြမ်း တည်း အိပ် တဲ့ မောင်မိုး ၊ ကျွန်တော်တို့ ကျော အောက် မှာ ဖျင်ကြမ်း ၊ သူ့ ကျော အောက် မှာ ဂုန်နီအိတ် ၊ ဒါပဲကွာ တဲ့ မောင်မိုး ။ ခုတော့ သူ့ ခမျာ ငယ်ဘဝ က နေ ခဲ့တဲ့ လှောင်အိမ်လေး ထဲ ပြန် ရောက် နေရှာတယ် ။ မောင်မိုး ခံစားချက်အပြည့် နဲ့ စူးစူးဝါးဝါး အော်သံ တစ်ချက် တစ်ချက် ပေါ် လာ တတ်တယ် ။ ကျွန်တော်တို့ တော်တော် နဲ့ အိပ် မပျော်ကြဘူး ။ စိတ်လက် မချမ်းမသာ နဲ့ ဖြတ်ကျော် ခဲ့ကြရတဲ့ ညတွေ ပေါ့ ။

မနက် ကျွန်တော် တို့ ထမင်းကြမ်း စားမယ် လုပ်ကြတော့ မောင်မိုး ကို အရင်ဆုံး သတိရမိတယ် ။ သူ့ အတွက် ကြွပ်ကြွပ်အိတ် ထဲ ထမင်းကြမ်း နဲ့ ပဲဟင်း နယ်ဖတ် ပြီး အရင် သွားပို့ လိုက် တယ် ။ ကျွန်တော် က စေတနာ ပိုပြီး နည်းနည်း ပို ထည့် သွားတယ် ။ ထမင်းထုပ် ကိုင် ပြီး လာ နေတဲ့ ကျွန်တော့် ကို သူ ရွှင်လန်းတဲ့ မျက်နှာ နဲ့ ကြိုလိမ့်မယ် ထင်တာ ။ မဟုတ်ဘူး ။ သူ ဝမ်းနည်း နေတယ် ။

ကျောင်း တတ်ချိန် ဆရာမ ဒေါ်ဒီခေါန်တောင် ကျောင်း ကို လာတော့ မောင်မိုး အတွက် ဖီးကြမ်းငှက်ပျောသီး က နှစ်လုံး ။ ဆရာတော် ကို ဒီ ကိစ္စ တင်လျှောက် ချင်ပေမယ့် ဆရာတော့် အကြောင်း သိနေလို့ မလျှောက်ရဲဘူး ။ မောင်မိုး ဆီ တောက်လျှောက် သွားပြီး ဆရာမ ကိုယ်တိုင် ငှက်ပျောသီးတွေ သွား ကျွေးတယ် ။ ဆရာမ ကို မြင်မြင်ချင်း မောင်မိုး အော်တဲ့ အသံ ဟာ ကျွန်တော် တို့ အားလုံး တစ်ခါမှ မကြားဖူးတဲ့ အသံပဲ ။ ည တုန်းက အော် တဲ့ အော်သံ ထက် စူးတယ် ။ လှိုက်လှဲဝမ်းနည်းသံ စွက်ထား သလိုပဲ ။ ဆရာမ နဲ့ လှောင်အိမ် ထဲ က ဝက်ဝံ တို့ ဘယ်သူ က အရင် မျက်ရည် တွေ ဝဲကြတယ် မသိနိုင်ဘူး ။

အဲဒီနေ့ က ကျောင်းတက်ချိန် မှာ မင်္ဂလာပါ လို့ သံပြိုင် အော်ခဲ့ကြပေမယ့် စာသင်ခန်းတွေ ဟာ အသက် မဝင်ဘဲ တစ်စုံ တစ်ခု လစ်ဟာ နေသလိုပဲ ။ ဆရာတွေ ရော ကျောင်းသားတွေ ပါ စာ သင်ရတာ စိတ် မပါကြဘူး ။ တကယ်တော့ ကျွန်တော် တို့ ရဲ့ သူငယ်ချင်း တစ်ယောက် လျော့ နေတာ မဟုတ်လား ။ နေ မကောင်း လို့ ခွင့် တိုင် ထားတဲ့ ကျောင်းသား မဟုတ် သလို သူ က ကျွန်တော် တို့ နဲ့ အဝေးကြီး မှာ မှ မဟုတ်ဘဲ ။ ကျွန်တော် တို့ စာ အံသံ ကြား ရင် သူ ဘယ်လို ခံစား နေရ ရှာမှာပါလိမ့် ။ ကျွန်တော် က တော့ ခပ်တိုးတိုးပဲ စာ အံ လိုက်တယ် ။ မောင်မိုး ကလည်း သူ့ သူငယ်ချင်းတွေ စာသင် ပျက် မှာ စိုးတယ် ထင်ပါရဲ့ ။ ဘာ အသံ မှ ထပ် မပြုဘူး ။

မောင်မိုး အတွက် စားစရာတွေ ပို့မြဲ ပို့တယ် ။ သူ ကြိုက်တဲ့ ငါးဟင်း ကို ဦးပဉ္ဇင်းဖြူ က ဘုဉ်း မပေးဘဲ မောင်မိုး က ပို ကြိုက် တယ် ဆိုပြီး ကိုယ်တိုင် နယ်ဖတ် ကျွေးသေးတယ် ။ မောင်မိုး ကို ချော့တာ တစ်မျိုး ပေါ့ ။ ဒါပေမယ့် အဲဒီ အချိန် မှာ မောင်မိုး က ဦးပဉ္စင်းဖြူ ကို ကြည့် တဲ့ အကြည့် က သိပ် ထူးဆန်းတယ် ။ ဒီ အကြည့် ကို ဘယ်သူမှ အဓိပ္ပာယ် မဖွင့် တတ်ကြဘူး ။

စူးစူးဝါးဝါး အော်သံကြီး တစ်ချက် ပေါ်လာတယ် ။ မောင်မိုး အော်လိုက်တာ မဟုတ်ဘူး ။ ဆရာမ ဒေါ်ဒီခေါန်တောင် ရဲ့ စူးစူးဝါးဝါး အော်သံ ဟာ တစ်ကျောင်းလုံး ထိတ်လန့် သွားတဲ့ အပြင် ကျောင်း နား နီးတဲ့ အိမ်တွေ က ပါ ကြား ကြရတယ် ။ လှောင်အိမ်ကျဉ်းလေး ထဲ မှာ မောင်မိုး လဲကျ နေတာကို ဆရာမ အရင် ဆုံး တွေ့ တာ ။ ကျောင်း ဆင်းချိန် အိမ် ပြန်ခါနီး သွား နှုတ်ဆက် တာ တဲ့ ။ အခုတော့ မောင်မိုး က အရင် ဦးအောင် နှုတ်ဆက် သွား ပြီ ။ အဲဒီလို လဲကျ နေတော့ မှ လှောင်အိမ် ထောင့် မှာ သူ့ ကို ကျွေး ထား တဲ့ စားစရာ အထုပ်တွေ ဟာ အထုပ် မပျက် အရာ မယွင်းဘူး ဆိုတာ တွေ့ လိုက်ရတယ် ။ ဆရာမ ရဲ့ ငှက်ပျောသီးတွေ လည်း နဂို အတိုင်း ၊ ဦးပဉ္စင်းဖြူ ရဲ့ ငါးဟင်း နဲ့ နယ်ဖတ် ထားတဲ့ ထမင်း ထုပ် က အပေါ်ဆုံး က ။

ကျောင်းသူကျောင်းသားတွေ နဲ့ ဦးပဉ္ဇင်း တွေ အပြေး အလွှား ရောက်လာကြတယ် ။ လှောင်အိမ်တံခါး သော့ ကို အမြန် ပြေး ယူ ကြပြီး အတင်း လှုပ် နှိုးကြတယ် ။ သူ့ ခန္ဓာ ကိုယ်လေး က ပူပူ နွေးနွေးလေး ပဲ ရှိသေးတယ် ။ ထမင်းသိုး ဟင်းသိုး နံ့ ပဲ နည်းနည်း ရတယ် ။

ကျွန်တော် တို့ ရဲ့ သူငယ်ချင်း တစ်ယောက် တော့ ကွယ်လွန် သွားခဲ့ပြီ ။

ကျောင်း အောက်ထပ် စုပေါင်း အိပ်ကြတဲ့ နေရာ ၊ စာသင် ကြတဲ့ ဖျာကြမ်း ပေါ် မှာ ၊ ပထမ ဆရာတော်ကြီး အထိမ်းအမှတ် ကျောက်စာတိုင် နား မှာ ၊ ကျောင်း အပေါက်ဝ မှာ ၊ ကျွန်တော် တို့ ရဲ့ အသည်း တစ်နေရာ မှာ ၊ ပြီးတော့ မြို့ကလေး ရဲ့ နှလုံးသား တစ်နေရာ မှာ သူ ရှင်သန် နေတုန်းပဲ ။ ဝက်ဝံကလေး မောင်မိုး ၊ မောင်မိုး ဆိုတဲ့ ဝက်ဝံကလေး မသေဘူး ။ အမြဲ ရှင်သန် နေတယ် ။

🐼 ဝက်ဝံကလေးတွေ ကို ချစ်ခင်တဲ့

◾ ညီပုလေး

📖 ငါ မသေဘူး ဆိုတဲ့ လူ နှင့်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment