❝ အန္တိမ ❞
နေ့ တစ်နေ့ ရဲ့ “ နောက်ဆုံး ” အချိန် မှာ လူ တစ်ယောက် “ နိဂုံးချုပ် ” တဲ့ ကိစ္စ ကို “ နိဒါန်းပျိုး ” ပေးဖို့ ကျွန်တော် က စောင့်စား နေရတာပါ ။
နေဝင် သွားခဲ့ပြီ ..... ။
တဖြည်းဖြည်း နဲ့ အမှောင်ထု က ကြီးစိုး လာလေရဲ့ ။ ကျွန်တော့် ရင် ထဲ က သောက ထုထည် က လည်း အဆမတန် ကြီးမား လာတော့တာပေါ့ ။ ဘယ့်နှယ် လုပ်မလဲ ..... ။ တကယ်လို့ များ ကျွန်တော့် ကို လာ ကြိုတဲ့ ကား တစ်စီး လောက် မရှိခဲ့ရင် ဟောဒီ “ အရိုးအိုး ” ကြီး နဲ့ ကျွန်တော် ဘယ်လို ခရီး ဆက် ရမှလဲ ။ အဲဒီ အရိုးအိုး ( အဲလေ ...အရိုးအိုး ဆိုပေမယ့် လူရိုးတွေ ထည့် ထားတဲ့ သံပုံးကြီးပါ ) ။ အဲဒီ အရိုးပုံးကြီး ကို ဆွဲပြီး ပြန်ဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ ။
ကြားဖူးတယ် မဟုတ်လား ။ လူတွေ အရွယ် ရောက် လာရင် ခန္ဓာကိုယ် တစ်ခုလုံး မှာ အရိုးပေါင်း “ နှစ်ရာ့ခြောက် ချောင်း ရှိ သတဲ့ ။ အသက် ငါးဆယ်ကျော် ယောက်ျား တစ်ယောက် ရဲ့ အရိုးစု ဆိုတော့ နှစ်ရာ့ခြောက် ချောင်း ပဲ ရှိမှာပေါ့ ။ မဟုတ်ဘူးလား ။ လူ တစ်ယောက် သက်ရှိ ထင်ရှား ရှိနေတဲ့ အချိန် မှာ အဲဒီအ ရိုးတွေ ဟာ ခိုင်ခိုင်မာမာ ရပ်တည် နေနိုင်အောင် ထောက်မ ကူညီခဲ့တယ်လေ ။ နောက်ပြီး အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတွေ ကို လည်း အရိုးတွေ က ပဲ ထိမိ ခိုက်မိတဲ့ အခါ ပျက်စီးယိုယွင်းမှု အလွယ်တကူ မဖြစ်ရ လေအောင် အကာအကွယ် ပေးသေးတယ် ။ အဲဒီလောက် အရေးပါတဲ့ “ အရိုး ” ဗျာ ..... ။ မလေးဘဲ ရှိမလား ။ ဒါလောက် လေးတဲ့ အရိုးပုံးကြီး ကို ကျွန်တော် က ဆွဲပြီး ပြန်ရမလား ။ မဖြစ်နိုင်တာ ။
ကျွန်တော် စိတ်ရှုပ်ရှုပ် နဲ့ မီးသင်္ဂြိုဟ်စက် ရှေ့ မှာ ရှိတဲ့ ဇရပ်ကြီး ပေါ် မှာ ထိုင် နေလိုက်တယ် ။ မှိန်တိန်တိန်ကလေး လင်းတဲ့ မီးရောင် အောက် မှာ လူ သုံးလေးယောက် ကတော့ အလုပ် လုပ် နေကြတုန်းပါပဲ ။ တစ်ချက် တစ်ချက် သူတို့ ဆီ က ခေါက်ဆွဲကြော်နံ့ လည်း ရတယ် ။ အရက်နံ့ လည်း ရတယ် ။ ဗိုက် ထဲ မှာ ဆာ သလိုလို တော့ ဖြစ်မိသား ။ သူတို့ကလည်း ကျွန်တော့် ကို လှမ်း ခေါ် ပါတယ် ။
“ ညီလေး ... လာလေ ၊ ကြောက် နေသလား ။ ဒီမှာ “ သတ္တိ ” တဲ့ ”
ပုလင်း တစ်လုံး ကို လှမ်း ပြီး ထောင် ပြတော့ စိတ် ထဲ မှာ တစ်ခု ခု ကို တောင့်တ မိသလို တောင် ဖြစ်လာမိတယ် ။ ဒါပေမယ့် တစ်မျိုးကြီး ပဲ ။ ကျွန်တော် က ပြုံးပြီး ခေါင်းယမ်း ပြ လိုက်တယ် ။ သူတို့ တစ်တွေ က တော့ ဘာမှ မထူးခြား သလိုဘဲ စားကြ ၊ သောက်ကြ ၊ ငြင်းကြ ၊ ခုန်ကြ ၊ သီချင်းတွေ များ တောင် ဆိုကြ လို့ ။ နောက်ပြီး ခေါင်းဆောင် နဲ့ တူတဲ့ လူ က သူ့ ငယ်သားတွေ ကို ပိုက်ဆံတွေ ခွဲဝေ ပေး နေတာလည်း တွေ့ ရ ရဲ့ ။ အို .... သူတို့ ဘာပဲ လုပ်ကြ လုပ်ကြ ၊ အဲဒါ ကျွန်တော့် ကိစ္စ မဟုတ်ပါဘူး ။ ကျွန်တော့် ကိစ္စ က ဟောဒီ အရိုးပုံးကြီး နဲ့ လိုရာ ခရီး ကို အမြန်ဆုံး ရောက် ဖို့ .... ။
တွေးပြီး ကြောက်တတ်မယ် ဆိုရင်တော့ ကျောချမ်းချင်စရာကြီး ။ နေရာ ကို က သုဿန် မဟုတ်လား ။ မှောင်ရီဝိုးဝါး အလင်းရောင် ထဲ မှာ မြင်နိုင် သမျှ ဝေးဝေးကို လှမ်း ကြည့်တယ် ဆိုရင် ဖြူတူတူ စိမ်းတိမ်းတိမ်း အုတ်ဂူ တွေ ရယ် ၊ မြေပုံမို့မို့ အနည်းငယ် နဲ့ သစ်ပင်ငုတ်တိုကလေး တွေ ၊ စိမ်းအုပ် ဝေမှိုင်း နေတဲ့ သစ်ပင်ကြီးရယ် ..... ။ စိတ်ခံ အင်အား နည်းပါးတဲ့ သူ တစ်ယောက် သာ ဖြစ်မယ် ဆိုရင် အနီးဆုံး မှာ ရှိ နေတဲ့ အရိုးပုံးကြီး ကို က တုန်လှုပ် ချင်စရာကြီး ။ ဒါပေမယ့် ကျွန်တော် က အဲဒီလို မခံစားရဘူး ။ မခံစားရခြင်း ရဲ့ အကြောင်း က လည်း ရှိတယ်လေ ။ ကျွန်တော် ရဲ့ အာရုံများ ဟာ ကြောက်စရာ ကောင်းတယ် ဆိုတဲ့ ပစ်မှတ် မှာ စိုက် မနေလို့ဘဲ ။ ဘယ် ပစ်မှတ် မှာ စိုက်နေ သလဲ ဆိုတော့ .... ။
“ အရိုးကမ္မဝါ ” လုပ်မယ့် အရိုးပိုင်ရှင် နဲ့ ပတ်သက်ပြီး .... ။ အင်း ..... ဒီလို ပြောလို့ လည်း မှန်မယ် မထင်ပါဘူးဗျာ .... ။ တွေး ကြည့်လေ တွေးကြည့် ..... ။ ခု ... ကျွန်တော့် ဘေး က သံပုံး တစ်လုံး ထဲ မှာ စု ထည့် ထားတဲ့ “ အရိုးစု ” တွေ ရဲ့ ပိုင်ရှင် ဟာ ..... ဘယ်သူလဲ .... ။
တကယ်တော့ အဲဒီ အရိုးတွေ မှာ သူ့ ပိုင်ရှင် လို့ လက်ညှိုး ညွှန်ပြစရာ “ လူ ” မရှိဘူး ။ဒါ ဘယ်သူ့ “ အရိုး ” လဲ ... ။အဲဒီလို မေးရင် သေသွားတဲ့ လူကြီး ရဲ့ နာမည် ကို ပြောရမှာပေါ့နော် ..... ။ ဒါဆိုရင် အဲဒီ လူ ဘယ်မလဲ ..... ။ သေပြီ လေ ... ။ ပြီးပြီပေါ့ ဒါဆိုရင် ....ဒီ အရိုးတွေ ကို ပိုင်ဆိုင်တဲ့ သူ မရှိတော့ ဘူးပေါ့ ..... ။ အင်း .... အဲဒီလိုလည်း မဟုတ်သေးဘူး ထင်ပါရဲ့ဗျာ .... ။
နေ့လယ် နှစ်နာရီ လောက် က တော့ သူ့ ကို အဆောင်အယောင်တွေ နဲ့ မွမ်းမံ ချယ်သ ဖုံးအုပ် ပြီး ပန်းခွေတွေ ၊ ပန်းခြင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ သူ့ အသိုင်းအဝိုင်း က လာ ပို့သွားကြတယ် ။ နောက်ပြီး “ သူ ” ဆိုတဲ့ အထိမ်းအမှတ် နဲ့ သစ်ခက်ကလေး ကို ပြန်ခေါ် သွားကြလေရဲ့ ။ သူ့ အသိုင်းအဝိုင်း က လူတွေ ဟာ မီးသင်္ဂြိုဟ်စက် ရဲ့ ခေါင်းတိုင် က ထွက် လာတဲ့ မီးခိုးမည်းမည်း တွေ ကို ကြည့် ပြီး ငို လိုက်ကြတာ ။ သူတို့ လူ တော့ မီးခိုးဖြစ်သွားပြီပေါ့ လေ .... ။
ဟင်း ... ။ဘယ် ဟုတ်လိမ့်မလဲ ။ အဲဒီ မီးခိုး ဟာ အဲဒီ လူ မဟုတ်ဘူး ... ။ ဒဿန တွေး တွေးနေတာ မဟုတ်ရပါဘူး ဗျာ ။ အဲဒီ လူ ကို ရှို့ တဲ့ မီးခိုး မဟုတ်ဘူးလို့ ပြောတာပါ ။ဒီလိုလေ .... ။
ပြောကြစို့ ဆို ရင် ကျွန်တော့် ကို ဒုက္ခ ပေးနေတဲ့ “ အရိုးစု ” ကြီး ဟာ လူ့ ဘဝ မှာ တော့ “ ရှယ် ” ထဲ က ဆိုပါစို့ ။ သိတယ် မဟုတ်လား ။ လက်ဖက်ရည် ဆိုင်မှာ “ ရှယ် ” လို့ မှာလိုက်ရင် ဘယ်လို အရသာမျိုး ဖျော်ပေးမလဲ ... ။ အေး ... အဲဒီလိုမျိုး ... ။ ကံကောင်း အကြောင်း လှ ခဲ့တဲ့ အဲဒီ ပုဂ္ဂိုလ်ကြီး ဟာ .... သေသွားပြီး တဲ့ နောက် သူ့ အသိုင်းဝိုင်း က သူ နောက် ဘဝ အထိ ကံ ဆက် ကောင်းနေစေဖို့ ရည်ရွယ်ပြီး သူ့ အရိုး ကို ကမ္မဝါ လုပ် လှူကြမယ် လို့ စီစဉ်ကြတယ် ။သူ့ အရိုး ကို ပြန် ယူမယ်ပေါ့ ။ အေး ... အဲဒါဆိုရင် သာမန် လူတွေ နဲ့ အတူ ရောပြီး မီး ရှို့လို့ မရတော့ဘူး ( သာမန်လူတွေ ကို တော့ ဆီ ရှားပါး တဲ့အတွက် သုံးလေးလောင်း ပေါင်း ပြီးမှ တစ်ခါ တည်း မီးရှို့တယ် လို့ သိရပါတယ် ) ။ သူ့ကိုတော့ “ ရှယ် ” ပေါ့ဗျာ ။ တင်တင်ကြိုကြို ပြောပြီး “ ရှယ် ” ကြေးတွေ ဘာတွေ လည်း ကြို ပေး ထားရတာ ။
အမယ် ... ။ ဒီ အကြောင်း ကို လူ တစ်ရာ မှာ တစ်ယောက် သိဖို့ မလွယ် ဘူးနော ။ ဒါမျိုးဆိုတာက အတွေ့ အကြုံ ရှိမှ လုပ်တတ် ကိုင်တတ် တာ ။ မဆိုး ပါဘူး ။ ဒီအတိုင်း ဆို ကျွန်တော် အရိုးကောက် ပွဲစား လုပ် စားရင် ရနိုင် ကောင်းတယ် ။
တကယ်တော့ ကျွန်တော် က အဲဒီ အရိုးစုကြီး နဲ့ ဘယ် သွေး မှ မတော် စပ်ဘူး တဲ့ သူပါ ( သူ့ကို “ အရိုးစုကြီး ” လို့ ခေါ်တော့မယ် နော် ) ။ အဲဒီလို ခေါ်ချင် ခဲ့တာ အဓိပ္ပာယ် ရှိပါတယ် ။ သူ ဟာ သူ နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း အတွက် လူ ရဲ့ အရိုးအဖွဲ့ လို ထူမတ် ရပ်တည် ခဲ့တဲ့ လူ မို့ပါပဲ ။ ကျွန်တော် တောင် မှ သူ့ ရဲ့ တိုက်စောင့် ၊ ခြံစောင့် ဖြစ် ခဲ့ရသေး သမို့လေ ..... ။
သူတို့ က အရမ်း ချမ်းသာ ကြတယ် ။ ဒီတော့ ထုံးစံအတိုင်း အိမ်တွေ ၊ မြေတွေ ၊ ခြံတွေ ဝယ်တာပေါ့ ။ နောက်ပြီး ပိုတဲ့ လျှံတဲ့ ငွေတွေ နဲ့ တိုက်တွေ ဆောက်ကြတာပေါ့ ။ လူ က မနေနိုင်သေးဘူး ။ အိမ်ငှား က လည်း မယုံ ရ ရင် မထားရဲသေးဘူး ။ ဒီတော့ သူတို့ တိုက် ကို စောင့်ဖို့ လူ လိုလာတယ် ။ အဲဒီ အချိန် မှာ သူတို့ ကျွန်တော့် ကို တွေ့ သွားတာပဲ ။
ကျွန်တော် က တော့ အရိုးစုကြီး ကို ကိုးကွယ်တဲ့ ဘုန်းတော်ကြီး ရဲ့ တူ အရင်း ခေါက်ခေါက်ပါ ။ ဟို့ ..... တောကျ လှ တဲ့ ရွာကလေး က ။ ဆယ်တန်း အောင် မှ ပဲ မြို့ ကို ကောင်းကောင်း ရောက်ဖူးခဲ့ပါတယ် ။ ရွာကျောင်း က တွဲဘက် အထက်တန်းကျောင်း လေ ..... ။ ကျွန်တော် ဆယ်တန်း အောင်တော့ ဂုဏ်ထူး လေးခု ပါတယ် ။ သူ့ ဟာ သူ ဉာဏ် ကောင်းပြီး စာ ကျက်နိုင် လို့ အောင် လာခဲ့ပြီး တဲ့ နောက် ကျွန်တော် တကယ် လုပ်ချင်တာ က ရွာ မှာ ယာ လုပ်ချင် ခဲ့တာ ။ ဒါပေမယ့် ကျွန်တော့် မိဘတွေ နဲ့ လူကြီးတွေ က တစ်မိ ပေါက် တစ်ယောက် ထွန်း ဆိုပြီး ဇွတ် ပို့ လို့ မြို့ ကို ရောက် လာတာ ။ မြို့ အနေအထိုင် နဲ့ ကျွန်တော် အံ့ဝင်ခွင်ကျ မရှိဘူး ။ ကျွန်တော် မြို့ မှာ မပျော်ပါဘူး ။ နောက်ပြီး တခြား ကျောင်းသားတွေ လို ပိုက်ဆံ ပေါပေါ နဲ့ ကျောင်း တက်ရတာ မဟုတ် တော့ အဆောင် လည်း မနေနိုင်ဘူး ။ ဘကြီး ဘုန်းကြီး ရဲ့ ကျောင်း မှာ ကပ် နေ ရင်း ကျောင်း တက်ရတာ ။ ဒါပေမယ့် စာ သင်ရင်း ကျွန်တော် ပျော် လာတယ် ။ မြို့ လူနေမှု ကို နားမလည်နိုင် တဲ့ အတွက် ကိုယ့် ဟာ ကိုယ် ပဲ အေးအေးဆေးဆေး နေပြီး စာ ကြိုးစားတယ် ။ ဒီ အချိန်မှာ ရိုးရိုးသားသား နဲ့ သစ္စာ ရှိရှိ လူငယ် တစ်ယောက် ကို လိုတယ် ဆိုတော့ ဘုန်းဘုန်း က သူတို့ လက် ထဲ ကို ကျွန်တော့် ထိုး အပ် လိုက်တာပဲ ။ ကျွန်တော့် ဒုက္ခ အဲဒီက စတာ ... ။
ဒါပေမယ့် ကျွန်တော် သူတို့ ကို မလွန်ဆန်နိုင်ခဲ့ဘူး ။ စဉ်းစားကြည့် ဗျာ ..... ။ အဖေ့ ချွေးနည်းစာ ၊ ရပ်ရွာ က ကူညီစာ ၊ ဘုန်းကြီး ရဲ့ ကျွေးမွေးစာ ကို ကပ် စားပြီး ကျောင်း တက် နေရတဲ့ လူ တစ်ယောက် ဟာ ။ ချက်ချင်းကြီး တစ်လ နှစ်ထောင် ၊ ထမင်း နှစ်နှပ် အလကား စား ရပြီး သိန်းပေါင်း များစွာ တန်တဲ့ တိုက်ကြီး ပေါ် မှာ တက် နေရတဲ့ အလုပ် ..... ။ဘယ်သူ လွန်ဆန် မလဲ ... ။ နောက်ပြီး တံမြက်စည်း လှည်း တာ လောက်ပဲ လုပ် ရတာ ။ ဘာ တာဝန် မှ လည်း ရှိတာ မဟုတ်ဘူး ။ အဲဒီ အိမ်ကြီး ကို လည်း ဘယ်သူ မှ လာ ကြည့်နေ တာ မဟုတ်ပါဘူး ။ တစ်လ တစ်ခါ သာ အရိုးစုကြီး ရဲ့ မိသားစုတွေ နေ တဲ့ အိမ် ကို သွားပြီး လခ ထုတ်ရတာ ။ဒီတော့ ကျွန်တော် အဲဒီ အိမ် မှာ မြဲ နေ တာပေါ့ ။ ကိုယ့် စားရိတ် နဲ့ ကိုယ် ကျောင်း တက်နိုင်တယ် ဆိုတာ နည်းတဲ့ ဂုဏ်လား ။
“ အရိုးစုကြီး ရဲ့ အလုပ် က တော့ ရန်ကုန် မှာ ရှိတယ် လို့ ပြောတာပဲ ။ ကျွန်တော် က လည်း သူများ အကြောင်း ကို စပ်စပ်စုစု သိပ်ပြီး သိချင်တာ မဟုတ်တော့ သူ့ ဟာ သူ ဘယ် နေနေ ဘာ လုပ်လုပ် စိတ် မဝင်စားမိဘူး ။ တစ်ခုတော့ ရှိတယ် အဲဒီ လူ ဟာ တန်ခိုး တစ်ခု ခု တော့ ရှိနေ သလားပဲ ။ သူ ပြောတယ်လေ ။ ကျွန်တော့် ကို -
“ မင်း ကြိုးစား ” တဲ့ ။ “ ဘီအီးဘွဲ့ ရ ပြီးရင် မင်း နိုင်ငံခြားသင်္ဘော လိုက် မလား ။ ဟို နိုင်ငံ မှာ အလုပ် လုပ် မလား ။ ငါ အကုန် စီစဉ်ပေးမယ် ” တဲ့ ... ။ အဲဒီလို လူ ... ။ အဲဒီ ကိစ္စလည်း ကျွန်တော် က သိပ် စိတ်ဝင်စားလှတာ မဟုတ်သေးဘူး ။ မြို့ တက် နေရ တာ တောင် ကျဉ်းကျပ် လှပြီ ။ သူများ နိုင်ငံ သွား နေဖို့ ဆိုတာ စဉ်းစားရဦးမယ့် ကိစ္စ .... ။ ကျွန်တော် က မထုံ တထုံ လုပ် နေတော့ သူ က ကျွန်တော့် ကို အံ့သြ နေသေးတယ် ။ ဒါပေမယ့် အရိုးစုကြီး က ကျွန်တော် လို ကောင် ပေါ် မှာ တောင် အတော် ဂရုစိုက်ခဲ့တာပဲ ။ ကျွန်တော် လိုအပ်တယ် ထင်တာ ကို ဖြည့်ဆည်း ပေးခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် နဲ့ သူ ခဏ ခဏ လည်း မတွေ့ရပါဘူး ။ အဲဒီ အိမ်ကြီး မှာ အစောင့် လုပ်ခဲ့ ရ တဲ့ နှစ်နှစ် နဲ့ ခုနစ်လ လောက် အတွင်း သူ နဲ့ ဆုံ ဖြစ်တာ ဆယ်ခါ ထက် မပိုပါဘူး ။ ဒါပေမယ့် ဆုံရပုံ က ခပ်ဆန်းဆန်း ..... ။
ည မှ သူ က ရောက် လာတာ ။ သူ ရောက်ပြီး ခဏ နေရင် အမျိုးသမီး တစ်ယောက် ရောက် လာ ရော ။ ဒီလိုပဲ သုံးလေးရက် ဘယ်မှ မထွက်ကြဘဲ နေ တယ် ။ ပြန် သွားကြတယ် ။အဲဒီ အခါမျိုး မှာ ကျွန်တော် က စားစရာ ဘာညာ လိုအပ်တာတွေ ဝယ် ပေးရတယ် ။ သူတို့ ရောက်နေတဲ့ အကြောင်း သူ့ မိသားစု မသိစေ နဲ့ တဲ့ ။ ဘာ သိစရာ ရှိလဲလေ ။ ကျွန်တော် က ဘယ်သူ နဲ့ မှ အဆက်အဆံ ရှိတာမှ မဟုတ်တာ ။ အဲဒီ အခါမျိုး မှာ ကျွန်တော့် ကို မုန့်ဖိုးတွေ အများ ကြီး ပေး သွားလေ့ ရှိတယ် ။ ကျွန်တော် ဆိုတဲ့ ကောင် ကလည်း မကောင်းပုံများ ၊ မုန့်ဖိုး ပြတ်ရင် အဲဒီ ပုဂ္ဂိုလ် ကို မျှော်တတ် နေသေးရဲ့ .... ။ ခုတော့ ပြီး ရှာပြီ ပေါ့ဗျာ ..... ။ ဇာတ်သိမ်း သွားပြီ ..... ။
သူ သေသွား မှ သူ့ အကြောင်း ကို ကျွန်တော် သိတာ ။ ဘုန်းဘုန်း ကို ပင့်တော့ ကျွန်တော် ပါ သွားခဲ့တယ် ။ အဲဒီ အိမ် မှာ ရက်လည် တဲ့ အထိ ကျွန်တော် နေ ပေးရမယ် တဲ့ ။ လူရင်း အဖြစ် ကူညီဖို့ပေါ့ ဗျာ ။ ကျွန်တော် ကျောင်းသား ဆိုတာ မေ့နေကြပုံ ပေါ်ပါရဲ့ ။ ကျွန်တော့် မှာ တော့ ကျောင်းပျက် ၊ ပရက်တီကယ် ( လ် ) ပျက် ၊ ထားပါလေ ..... ။ နာရေး ဆိုတာ ကူညီ ကောင်းပါတယ် ။
သူတို့ မိသားစု အသိုင်းအဝိုင်းကြီး ဟာ အတော့် ကို လူ များပြီး ကြီးကျယ် ခမ်းနားတာပဲကိုး ။ ဘယ်သူ့ သား ၊ ဘယ်သူ့ မြေး ၊ ဘယ်သူ့ တူမ ၊ ဘယ်သူ့ တူ စုံ နေတဲ့ ဆွေဆက် မျိုးဆက် ကို ကျွန်တော် ဘယ် မှတ်မိနိုင်မလဲ ။ “ ရွှေတောင်ကြီး ပြိုပြီ .... ။ ရွှေတောင်ကြီး ပြိုပြီ ” ဆိုတဲ့ အသံ ပဲ ညံ နေအောင် ကြား ရတယ် ။ ပြီး အဲဒီ အုပ်စု ဟာ လူမှုရေး ရပ်ရေး ရွာရေး ဘာမှ မသိကြဘူး ။ ဘာမှ နားမလည်ကြဘူး ။ အရပ် ထဲ က လူတွေ နဲ့ လည်း သိပ်ပြီး အခေါ်အပြော အဆက်အဆံ မရှိလှဘူး ထင်ပါရဲ့ ။ တကယ့် လူ ကြောက်လို့ ကိုယ့်ကို ကိုယ် ထင် မိခဲ့တဲ့ ကျွန်တော် က သူတို့ ထဲ မှာ အရေးပါ အရာရောက် နေသေး တော့တယ် ။ တပည့်တပန်း တွေ လည်း အများကြီး ရှိတယ် လို့ တော့ ပြောပါရဲ့ ။ ခဏ ပဲ .... ။ ဖင် ပူအောင် ထိုင်ဖော် မရဘူး ။ ပြန်ပြန် သွား ကြတာ ။
ကျွန်တော် နဲ့ အတူ တွဲပြီး အလုပ် လု ပ်ရတဲ့ သူ က တော့ သူ့ ရဲ့ လူယုံ ဒရိုင်ဘာ ပဲ ။ အဲဒီ လူ ကတော့ စကား လည်း အလွန် များတယ် ။ လည် လည်း အလွန် လည်တယ် ။အသောက်အစား လည်း ရှိတယ် ။ ဘာမဆို မလုပ်သေး တာပဲ ရှိတယ် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိစေရ ဆိုတဲ့ အမျိုးအစား ထဲ က လူ ။ အဲဒါ သူ့ ဆရာ ရဲ့ ခံယူချက် တဲ့ လေ ... ။ အဲဒီ လူ မူးမူး နဲ့ လျှောက် ပြောတာ ။ တစ်ညလုံး တစ်ညလုံး အိပ်ပျက်ခဲ့တဲ့ ည သုံးညတိတိ ရှိခဲ့ပြီ ။ အလောင်း ပြင်ပြီး ကတည်း က ကျွန်တော်တို့ နှစ်ယောက် ကို စောင့်ခိုင်း တာ ။ ပြီး “ ဝိုင်း ” လည်း ရှိတာ မဟုတ်ဘူး ။ ဘယ်လောက် ပျင်းစရာ ကောင်းသလဲ ။ ကျွန်တော် က ကစား တတ် လို့ တော့ မဟုတ်ဘူး လေ ။ ဘေး က ငါးကျပ် တစ်ဆယ် ဝင် ထိုးရင် အလုပ်များ ဖြစ်လေမလား လို့ ။ အသုဘ အိမ် ဆိုတာ “ ဝိုင်း ” ကလေး ဘာလေး နဲ့ မှ စည်တာ မဟုတ်လား ။
“ ငါ့ လူ က လည်း တက္ကသိုလ် ကျောင်းသား ဖြစ်ပြီး ညံ့ လိုက်တာ ။ ဂုဏ် သရေရှိ လူကြီးလူကောင်း ရဲ့ အသုဘ ဆိုတာ ဝိုင်း မလုပ်ရဘူး ” တဲ့ ။ ဒရိုင်ဘာ က ကျွန်တော့် ကို အဲဒီလို လှည့် ဟောက် သေးတယ် ။ အဲဒီ ဒရိုင်ဘာ ဆိုး တော့ မဆိုးဘူး ။ နှစ်ယောက် ထဲ ရှိတဲ့ စကားဝိုင်း ကို အမြဲ ‘ စို ’ နေအောင် သူ ထိန်းနိုင်တယ် ။ များသောအားဖြင့် သူ့ ဆရာအကြောင်းတွေ ပြောတာပါ ပဲ ။ စိတ်ဝင်စရာ ကောင်းသားပဲ .... ။
“ အရိုးစုကြီး ” သေပုံ ဆန်းတာ က အစ ပေါ့ ။ မသေခင် လေးလ လောက် ခရီး ထွက်မယ် ဆိုပြီး ပျောက်သွားပါ ရောလား ။ အဲဒါ တိတ်တိတ်ပုန်း ပြီး ဆေး ကုတာ တဲ့ ။ သူ့ကို တော့ ‘ စကင်းအလာ့ဂျစ်’ ( အရေပြား အနာ ပေါက်တာ ၊ ဆေး နဲ့ မတည့်လို့ ) ပြောတာပါပဲ တဲ့ ။ နောက်တော့ ရောဂါတွေ တစ်မျိုး ပြီး တစ်မျိုး တိုး လာတာတဲ့ ။ အဲဒါ ကို သူ့ မိသားစု တောင် မသိစေရဘူး တဲ့ ။ မိန်းမ လည်း မသိစေရဘူး တဲ့ ။ တခြား အမျိုသမီး နှစ်ယောက် လောက် တော့ သိတယ် တဲ့ ။ သူ့ မှာ မိန်းမတွေ က အများကြီး ပဲ ဆိုတော့ ဆေးကုသမှု နဲ့ ကူညီ နိုင်တဲ့ အမျိုးသမီး နဲ့ ပဲ အတူ နေတော့တာ တဲ့ ။ နောက်ဆုံး တော့ သူ့ အရေပြား ပေါ် က အနာတွေ ပျောက် သလောက် သက်သာတော့ ရန်ကု န်ကို ပြန်လာခဲ့တယ် တဲ့ ။ တစ်နေ့ မှာ တော့ ချက်ချင်း မန္တလေး ပြန်မယ်လို့ ပြောတယ် တဲ့ ။ မန္တလေး အိမ် ကို ရောက်တော့ သူ့ မှာ သိပ် စိုးရိမ်ရတဲ့ နှလုံးရောဂါ ရှိနေပြီ လို့ အားလုံး ကို အသိပေးတယ် တဲ့ ။ နောက် တစ်နေ့ မှာ မူးတယ် မူးတယ် ဆိုပြီး အိပ်ရာ ထဲ ကို ပို့ ခိုင်းတယ် ။ ခဏ နေ တော့ ဆုံးသွား တာ တဲ့ ။
“ ဟင် .... ဒါဆို ခင်ဗျား လူကြီး က နှလုံးရောဂါ အတုကြီး နေမှာပါ ဗျာ ။ ဒီလောက် မိန်းမတွေ များတာ မဟုတ်မှ လွဲရော .... ”
“ ဟိတ်ကောင် ... ဆက် မပြောနဲ့ ”
ဒရိုင်ဘာ က ကျွန်တော့် ပါးစ ပ်ကို အတင်း ပိတ်တယ် ။
“ ခင်ဗျား က ဘာလဲဗျ ၊ နှစ်ယောက် ထဲ ရှိ နေတဲ့ အချိန် ပြောတာပဲ ။ လွတ်လွတ်လပ်လပ် ပေါ့ ။ ဘယ်သူမှ မကြားပါဘူး ”
“ မပြောနဲ့ ကွာ ၊ ကြားကြား မကြားကြား ။ ဆရာ မကြိုက်ဘူး ” တဲ့ ။
“ လဲသေပါ့လား ၊ ခင်ဗျား က တော့ အကုန် လျှောက် ပြောပြပြီး ”
“ ဟ .... ငါ ပြောတာ ဆရာ့ လွမ်း လို့ ပြောတာ ၊ အဖြစ် ကို ပြောတာ ၊ မင်း လို ဝေဖန်တာ မဟုတ်ဘူး ။ ဆရာ က သိပ် တော်တဲ့ လူ ကွ ။ ဘယ် အလုပ် ကို လုပ်လုပ် ဘေးလူ ပြောစရာ ဝေဖန်စရာ မရှိအောင် လုပ်တတ်တဲ့ ပုဂ္ဂိုလ်မျိုး ။ မင်း ဘာမှ မပြောနဲ့ ။ ခု သူ သေတဲ့ ကိစ္စ တောင် ဘယ်နှစ်ရက် ထားရမယ် ၊ ဘုန်းတော်ကြီး ဘယ်နှစ်ပါး ပင့်ရမယ် ၊ ဘာတွေ လှူရမယ် ၊ သူ့ ကို ဘယ်လို သင်္ဂြိုဟ် ရမယ် ၊ သူ့ အရိုး က အစ ဘာ ကမ္မဝါ လုပ်ရမယ် ၊ ဘယ်လို လှူရမယ် ဆိုတဲ့ အထိ စီစဉ်ခဲ့တဲ့လူ ” တဲ့ ။ ( Plan ) ပလင် ( န် ) သမား တဲ့ ။
ဟင် ကောင်းကြ ရော ။ ဒရိုင်ဘာ အဲဒီလို လေကြီး မိုးကြီး ဝုန်းဒိုင်း လုပ် နေတုန်း က သာ တစ်ချိန် ချိန် မှာ ဒီလို အရိုးသံပုံးကြီး တစ်ပုံး နဲ့ တစ်ယောက် တည်း ဖြစ် နေရမှန်း သိခဲ့ရင် မေးလိုက်ဦး မှာ.....
“ ခင်ဗျား ဆရာ ရဲ့ ( Plan ) ထဲ မှာ အရိုးကောက် တဲ့ လူ ကို အကြိုအပို့ လုပ်ဖို့ မပါဘူးလား ။ အဲဒီလို အသေးမစိတ် ရင် တော့ ညံ့သေးတာပဲ ” အဲဒီလို မေးလိုက်ရမှာ ။ ခုတော့ ကျွန်တော့် တစ်ယောက်တည်း ပေါ့ ။ သုသာန် နဲ့ မြို့ က လည်း အလှမ်း ဝေးတယ် ။ ဘတ် ( စ် ) ကားချိန် ဆိုလည်း မဆိုးပါဘူး ။ အရိုးတွေ ကို ပုဆိုးလေး ဘာလေး နဲ့ အုပ်ဆိုင်းပြီး ကိုယ့် ဟာ ကိုယ် ပြန်ပါတယ် ။ ခုတော့ စောင့် ရုံပေါ့ ... ။
ခပ်လှမ်းလှမ်း မှာ မီးရောင် လက်လက် ကို မြင် ရတော့ ကျွန်တော် ဝမ်းသာ သွားတယ် ။ ကားမီး တော့ ဟုတ်မယ် မထင်ဘူး ။ ဆိုင်ကယ် တစ်စီး .... ။ ရင် ထဲ မှာ ဟာ သွားတယ် ။ ဒါ ကျွန်တော့် အတွက် မဟုတ်နိုင်ဘူး ဆို ပြီးတော့ .... ။ တဖြည်းဖြည်း နဲ့ နီး လာတယ် ။ အနား ကို ရောက် တော့ ချိုးကွေ့ပြီး ဝင် လာတယ် ။ ဇရပ် ရှေ့ မှာ ရပ်ပြီး ဆိုင်ကယ်ဦးထုပ် ကို ချွတ်လိုက်တော့ မှ .... ။ ဟာ .... ဝမ်းသာလိုက်တာ မပြောပါနဲ့တော့ ... ။ဒရိုင်ဘာ ကိုလူလည် ... ။ ဘွာ .... ဘွာ ခုချိန် မှာ တော့ ဒရိုင်ဘာ ကယ်တင်ရှင် .... ။
“ ဝှီး .... မောလိုက်တာကွာ .... ။ လူ ကို သေချင်စော် နံရော ” သူ က အလျင် စပြီး ညည်းတယ် ။
“ ကျွန်တော့် ဖြင့် လာ မခေါ်ကြတော့ဘူးလား လို့ စိတ်ဓာတ်တွေ ကို ကျ နေရောဗျာ ”
“ ဘွားတော် ပေါ့ ကွာ .... ။ အိမ် က ကား နဲ့ အရိုးတွေ မတင်ရဘူး တဲ့ ၊ ငါ့ မှာ ဟို သွားပြီး ကား ဆွဲ ၊ ဒီ သွားပြီး ကား ငှား ၊ ဘယ်မှ မရဘူး ။အရိုး တင်မယ် ဆိုတာ သိတာ နဲ့ ရှောင်ကြ ၊ ငြင်းကြ ၊ တရား ကျသဟေ့ ”
“ ဒုက္ခပါပဲ ဗျာ .... ။ဒါ ဘယ်သူ့ ဆိုင်ကယ်ကြီးလဲ ”
“ မေး မနေနဲ့ ဟေ့ ၊ အဖြစ်က ဘယ်လောက်အထိ ဆိုးသလဲ ဆို ဟိုတယ် မှာ ထိုး တဲ့ ကား တောင် ငှား မရဘူး ။ လေးဘီး လည်း မရဘူး ။ သုံးဘီး လည်း မရဘူး ။ မင်း ကံကောင်းတာ ၊ ဘုန်းဘုန်း က အချိန် လွန် လို့ မင်း ရောက် မလာ တော့ ဖုန်း တဂွမ်ဂွမ် လှမ်း ဆက်နေလို့ ငါ့ မှာ မနေသာတော့ ဘဲ သူငယ်ချင်း တစ်ယောက် ဆီ က ဆိုင်ကယ် ဇွတ်ဆွဲ လာ ရတယ် ။ ဒါတောင် ဘယ် သွားမယ် မပြောရဲဘူး ။ ကဲ လာ သွားစို့ ”
အရိုးသံပုံးကြီး ကို အလယ် က ထားပြီး ဆိုင်ကယ် စီးလာရင်း ကျွန်တော် လုပ် ကြည့်ချင်တဲ့ အတွေးတွေ တသီကြီး ပေါ် လာတယ် ။ အရိုး ပေါင်း နှစ်ရာ့ခြောက်ချောင်း ကို အရိုးစုကြီး ရဲ့ ဝေနေယျ ပရိသတ် တစ်ဦး စီ ကို လိုက် ဝေ ပေးချင်တဲ့ ဆန္ဒ ပေါ့ ။ ကျေးဇူး ရှိလိုက်တာ လို့ ငို ခဲ့တဲ့ သူတွေ ၊ ချစ်လွန်း လို့ မခွဲနိုင် မခွာရက်ပါဘူး လို့ ငို ခဲ့တဲ့ သူတွေ ... ။ တ .... တ .... ပြီး ငိုခဲ့ကြတဲ့ သူတွေ ဆီ ကို တစ်အိမ် တက် ဆင်း လိုက်ပြီး အရိုးတွေ ဝေငှ ပစ် လိုက်ချင်တယ် .... ။
“ ဟေ့ကောင် ... သိလား ။ တကယ်တန်း ကျ လူတွေ ဟာ သာပေါင်း ညာစား တွေ ကွ ။ ငါတို့ လောက် စိတ်ရင်း နဲ့ မေတ္တာ ထားခဲ့တာ မဟုတ်ဘူး ။ မင်းကွာ .... ။ နေ့လည် က အသုဘ မှာ ပြော နေ လိုက်ကြတာ ဆရာ့ အတင်း ကို ပိုးစိုးပက်စက် သိလား ။ တစ်ဖက်ပိတ်ဂူ လို လူ တဲ့ ။ သူ့ မှာ “ ပါးစပ် ” ရှိပြီး သူများ မှာ “ နား ” ရှိ ဖို့ သာ လိုတဲ့ လူ တဲ့ ။သူ့ ကို ဘယ်သူ မှ မလွန်ဆန် နိုင်အောင် အကုန် ပိတ်ဆို့ ထားတာ ။ ခုတော့ ရင် ထဲ က ဆန္ဒ နဲ့ လိုက် ပို့တဲ့ လူ ဘယ်မှာ ရှိသလဲ တဲ့ ။ ငါ ကွာ စိတ်ရှိ လက်ရှိ ထိုး ပစ်ချင်တာ ”
ဒရိုင်ဘာ က နည်းနည်း လည်း ထွေ လာဟန် တူပါ ရဲ့ ။ သူ့ စိတ် ထဲ မှာ မကျေနပ်တာတွေ ရင်ဖွင့် လာတယ် ။
“ ဆရာ့ အကြောင်း ကို ငါ့ လောက် သိတဲ့ လူ ငါ ပဲ ရှိတာ ။ မင်း ... ယုံချင် မှ ယုံမယ် ။ ဆရာ က တကယ် ကောင်းတာပါကွ ။ ငွေတွေ အများကြီး ရအောင် ရှာ နိုင်တယ်ကွာ ။ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် အနေ တတ်တယ်ကွာ ။ အလှူ အတန်း အပေးအကမ်း ရက်ရောတယ် ကွာ ။ ကဲ တော်ပြီပေါ့ ကွ ။ လူ တစ်ယောက် ဒီလောက် တော် နေရင် ပြီးရောပေါ့ ။ ဟေ့ကောင် ..... မင်း မို့ ငါ ပြောတာ ။ ငါ တို့ က လုပ်ဖော်ကိုင်ဖက်ချင်း မို့ ။ ဆရာ က သေ သာ သွားတာ ၊ သူ့ မိသားစု တစ်သက် စား မကုန်အောင် ရှာပေး ထားနိုင်ခဲ့တယ် ။အဲဒါ မပြောနဲ့ကွာ ... ။ ငါ့ လို လူမျိုး တောင် ချမ်းတောင့် ချမ်းသာ ဖြစ်အောင် စီမံ ပေးသွားတဲ့ ( Plan ) သမား ကွ ”
တစ်လမ်းလုံး ဆရာ့ ချီးမွမ်းခန်း ဖွင့် လာတဲ့ သူ့ တပည့် ကို သံပုံး ထဲ က အရိုးစု က ဘယ်လောက် တောင် အားရကျေနပ်မှု တွေ နဲ့ သာဓု ခေါ်လာ လိုက်မလဲ နော် .... ။
ကျွန်တော် တို့ ဘုန်းဘုန်း ကျောင်း ကို ရောက်တော့ အလင်းရောင် ပျောက်လု နီးပါး မှောင် နေပါပြီ ။ ဘုန်းဘုန်း က ကျောင်း ပေါ် က စောင့်ရတာ စိတ်မချလို့လား မသိဘူး ။ ကျောင်းဝင်း တံခါး အထိ ထွက် ပြီး စောင့် နေလေရဲ့ ။
“ အဲဒီ အရိုးတွေ ကို ကျောင်း ပေါ် မတင်ခဲ့ နဲ့ ။ဟို အနောက်မြောက် ထောင့် က ခြံစပ် မှာ သွား ထား ။ မနက် မိုး လင်းတာ နဲ့ ကမ္မဝါတန်း ပို့ ဖို့ ခု ကတည်း က မင်းတို့ ချင်း ချိန်း ထား လိုက်ကြပေါ့ ။ မနက် လင်းတာ နဲ့ လာယူ ။ ကြား လား ”
ဘုန်းဘုန်း က အဲဒီလို မိန့် ပြီး ကျောင်း ပေါ် ကို ပြန် ကြွ သွားတယ် ။ ဝတ် တောင် မဖြည့် လိုက်ရဘူး ။ ဘုန်းဘုန်း ညွှန် လိုက်တဲ့ နေရာ ကို သွား ထားပြီး ကျောင်း ပေါ် မတက် ဘဲ လှည့် ပြန်ခဲ့ကြတယ် ။ အရိုးစုကြီး ဟာ သူ ကိုယ်တိုင် ကဗျည်း ထိုး ပြီး လှူ ထားတဲ့ ကျောင်း ပေါ် မှာ တောင် တစ်ညတလေ နား ခွင့် မရရှာဘူး ။ ဘာ အကြောင်း ကြောင့် ဆိုတာတော့ ကျွန်တော် မတွေးတတ်ဘူး ။ လောလောဆယ် ဗိုက်ဆာ တာ ပဲ သိတယ် ။ အိုး လူ တစ်ယောက် ရဲ့ နိဂုံး ကိစ္စ ဟာ အန္တိမ ကို မရောက်နိုင်သေးပါလား ။သူ့ တပည့်ကျော် က တော့ ကျေးဇူးရှင် ဆရာသမား ရဲ့ ‘ အန္တိမ ’ ကိစ္စ အတွက် တတွတ်တွတ် စီမံလို့ ဆုံး .... မဆုံးနိုင်တော့ဘူး ။
◾ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ဇွန် ၊ ၁၉၉၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment