Monday, April 1, 2024

မနေတတ် မထိုင်တတ် ခွေးတစ်ကောင်


 

❝ မနေတတ် မထိုင်တတ် ခွေးတစ်ကောင် ❞

ခွေး တစ်ကောင် ။ ပေစုတ်စုတ် နဲ့ ရွံ့စရာ ပဲ ။ ဝဲစား ထားတဲ့ နေရာ မှာ အမွေး မရှိတော့ဘူး ။ တွေ့ကရာ ချောင် ထိုး အိပ် ရတာ မို့ မြေနီရွှံ့ဗွက်တွေ ပေတဲ့ နေရာ က ပေလို့ ။

အဲဒီ ခွေး က အချိန်တန် ရင် အချိန်မှန် ဈေးဆိုင်တန်း ဘက် ကို လျှောက် လာတယ် ။ မမော် တို့ ငါးပိ ငါးခြောက် ဆိုင် ရှေ့ မှာ ပေစောင်းစောင်း နဲ့ ရပ် နေတာ ။ ငါးခြောက်ရိုး ကလေး တစ်တို တစ်စ ပစ် ကျွေးမှာလား လို့ ခွေး က မျှော် ကြည့်တယ် ။ မမော် က ဖြင့် ခွေး ကို ကျွေးဖို့ ထားလို့ သတိ တောင် မထားမိဘူး ။ ဟိုတုန်း ကတော့ မမော် ဆိုင်ရှေ့ ဒီ ခွေး လာ ရပ်တာနဲ့ ငါးရံ့ခြောက်အသား တစ်တစ် ပစ် ကျွေးနေကြ ။

မမော် ရဲ့ ငါးပိငါးခြောက်ဆိုင် က စားရပုံ မပေါ် တော့ ခွေး က ယောင်ပေပေ နဲ့ ဈေးတန်း အတိုင်း ဆက် လျှောက် သွားတယ် ။ ဈေးတန်း ထိပ် က ရူဘီလန်းကဖေးဆိုင် နား ကို ရစ်သီ ရစ်သီ သွား လုပ်ပြန်တယ် ။ ဒီ နေ့ ခွေး ကံခေ တဲ့ နေ့ ပဲ ။ ဆိုင် ထဲ က စားပွဲထိုးကောင်လေး က ခွေး ကို မြင်တော့ ရေနွေးပူ နဲ့ လှမ်း ပက်တယ် ။ ခွေး လည်း တကိန်ကိန် အော် ပြီး ပြေး ရတာပေါ့ ။

ခွေး ရဲ့ ဘဝ က မိုး နဲ့ မြေ လို စောက်ထိုး မိုးမျှော် ပြောင်း လဲ သွားတာပဲ ။ အရင် က ဆိုရင် ဒီ ခွေး ဈေးတန်း ကို လျှောက် လာရင် ကျွေးချင် မွေးချင် သူတွေ တန်းစီ နေတာ ။ ခွေး အကြောင်း မပြော ခင် ခွေး သခင် အကြောင်း အရင် ပြော ရ ဦးမယ် ။

ခွေးပိုင်ရှင် က ဦးစိုးကြီး ၊ ဒေါ်မမတင် တဲ့ ။ စိုးကြီး ဆိုတာ တစ်ချိန် က တော့ ရွှေတော မှာ လူတကာ ခိုင်း ဖတ် ။ ကျပန်း အလုပ်သမား ပေါ့ ။ အလုပ်အကိုင် ရယ် လို့ အတည်တကျ  မရှိဘူး ။ လောပန်း အပိုင် မရှိဘူး ။ ခိုင်း မယ့် လူ ရှိ မှ ထမင်း ဝ တဲ့ အခြေအနေ ။

သပိတ်ကျင်းနယ် ၊ စဉ့်ကူးနယ် မှာ ရွှေတွေ ထွက်တာ လူတိုင်း အသိပါ ။ ချောင်းကြီး ၊ လိပ်ကျ ၊ နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ ကွင်း ( ၃ဝ ) ရွှေ ကျင်ရာ စခန်းတွေ အများကြီး ပဲ ။ ရွှေတွေ ရတဲ့ သူ က ရ ၊ စီးပွား ဖြစ်ကြ ၊ မြန်မာနိုင်ငံ တစ်ဝန်းလုံး က လူတွေ ရွှေ ခေါ်သံ ကြားပြီး လာလိုက် ကြ တာ ဘုရားပွဲ ကျ နေတာပဲ ။ ဒီလို ရောက် လာကြတဲ့ သူတွေ ထဲ မှာ စိုးကြီး လည်း ပါ တာပေါ့ ။

စိုးကြီး က မိတ္ထီလာ မလှိုင်နယ် က ပါ ။ မိဘမျိုးရိုး က သူရင်းငှား တွေ ၊ မြေယာပိုင် မရှိဘူး ။ သူများ မြေယာ စိုက်ရာ ပျိုးရာ အခစား ဝင် လုပ်စားတာ ။ သူရင်းငှား လင်မယား က မွေး လာတဲ့ စိုးကြီး လည်း သူရင်းငှား ပဲ ဖြစ်လာတာ ပေါ့ ။ မခိုင်း လောက် မစေ လောက် တဲ့ ပေါက်စနိုး ပေါက်စန တုန်း က တော့ သူ့ မိဘတွေ က စိုးကြီး ကို ရွာရှေ့ ကျောင်း မှာ ကျောင်းနေ ကျောင်းစား ထား သေးတယ် ။

တကယ့် တကယ် က တော့ စာပေ တတ်စေချင် လို့ မဟုတ်ဘူး ။ ကလေးသူငယ် အထိန်းအကျောင်း ရ သက်သာ အောင် ဘုန်းကြီးကျောင်း မှာ အပ် ထားတာ ။ ဘုန်းကြီးကျောင်း မှာ ဝေယျာဝစ္စ လည်း လုပ် ၊ ဆွမ်းကျန် ကွမ်းကျန် လည်း စား ၊ မင်္ဂလသုတ် ၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်း ၊ ရတနာ ရွှေချိုင့် ၊ လောကနီတိ ၊ ဆယ်စောင်တွဲ ကို ဉာဏ် သွား သလောက် ကျက် ပေါ့ ။

စိုးကြီး က တော့ ဉာဏ် မသွားဘူး ။ ယံ မင်္ဂလံ ဒွါဒသဟိ က နေ စိန္တယေသု သဒေဝကာ ကို တက်ဖို့ သုံးလ လောက် ကြာတဲ့ သူ ။ စာဉာဏ် မကောင်း ပေမယ့် စိုးကြီး က သဒ္ဓါ ဉာဏ် ကောင်းတယ် ပြောရမယ် ။ ဆရာတော့် ဝေယျာဝစ္စ ကို အသားကုန် လုပ်တာမို့ ဆရာတော် ရဲ့ လက်စွဲပုံး ဖြစ်တယ် ။ စာ မတတ်ပေမယ့် စိုးကြီး က ဘုန်းကြီးကျောင်း မှာ လူရာ ဝင် တယ် ။ ဆရာတော် သွားလေ ရာ နောက် က ပါရတယ် ။

ဒီလိုနဲ့ မာတာပီတု အမိအဘ ကို ဥပဋ္ဌာနဉ္စ လုပ် ကျွေးမွေးမြူရခြင်း သည် လည်းကောင်းလည်း ရောက် ရော စိုးကြီး မိဘတွေ က ဘုန်းကြီးကျောင်း က ထုတ်ပြီး လယ် ထဲ ယာ ထဲ ခေါ် ခိုင်း ပါလေရော ။ စိုးကြီး က လည်း ကြီးကောင်လေး ဝင် လာပြီ မို့ ပေါင်းနှုတ် မြက်ရိတ် တောက်တိုမည်ရ တော့ ခိုင်းလို့ ရပြီ ။ လယ်ကူလီ ထည့် ရင် ကလေးဈေး တော့ ရပြီ ။

စိုးကြီး က လည်း ဘုန်းကြီးကျောင်း မှာ ကုပ် နေ ရတာ ထက် လယ်တော ယာပြင်ကျယ် မှာ တေးသီချင်း တဟိုဟို နဲ့ နေ ရတာ ပို ပျော်တယ် ။ အပျိုမ ကောက်စိုက် ပေါင်းနှုတ် တဲ့ လုံမလေးတွေ ကို မထိတထိ စရ နောက်ရ တာ ကို ပျော်တယ် ။ ရွာ က ကောင်လေးတွေ မလေးရှား ကို အောက်လမ်း က သွားတာ ရယ် ၊ ရွှေတော တက်တာရယ် ခေတ်စား လာတယ် ။ စိုးကြီး လည်း စွန့်စား ချင်တယ် ။ မလေးရှား သွားဖို့ တော့ သူ့ မိဘ က ခြူးတစ်ပြား တောင် မတတ်နိုင်ဘူး ။ ကိုယ်တိုင် က မြေမဲ့ ယာမဲ့ မို့ ပေါင်နှံ ပြီး ထည့် ပေးလိုက်စရာ ဘာမျှ မရှိဘူး ။

အဖော် ကောင်း တဲ့ ရွှေတော ကို စိုးကြီး ပါ သွားတယ် ။

ရွှေတော မှာ အလုပ်ကြမ်းသမား က တော့ အမြဲ လို နေတာပါပဲ ။ ရွှေ တူးကြ ကျင်ကြတာ က လည်း ပုံစံ အမျိုး မျိုး ပဲ ။ ငွေကြေး လည်း တတ်နိုင် အာဏာပိုင် တွေ နဲ့ ပီ ရင် တော့ ယန္တရားကြီး တွေ နဲ့ ဆော် နိုင်တယ် ။ မြစ်ချောင်းတွေ ပြောင်းပြန် စီး တောင်ကြီးတွေ စောက်ထိုး မိုးမျှော် လုပ် ပစ် နိုင်တယ် ။ အရင်း မရှိ အကပ် မရှိ ရင် တော့ ပေါက်ပြား ခပ်နန ၊ ရေစုပ်စက် ဖွက်ချက် ဖွတ်ချက် နဲ့ မရ တစ်ချက် ရ တစ်ချက် အသက် ဆက် ရတယ် ။

စိုးကြီး က တော့ အရင်းအနှီး ဆို လို့ ခွန်အားဗလ သာ ပါ တာ မို့ ဖွတ်ချက် ကို တောင် မျက်နှာချို သွေးပြီး ထမင်း နပ်မှန် အောင် ခဲ နေရတာ ။

ဒါပေမဲ့ စိုးကြီး ပျော်တယ် ။ ရွှေတော လောက် နယ်စုံ လူစုံ တာ မရှိဘူး ။ အပျော်အပါး လည်း စုံသလား မမေးနဲ့ ။ လောက မှာ ရွှေ သာ အဆင်ပြေ ၊ ရဲအစောင့် နဲ့ လေးကောင် ဂျင် တောင် လှည့် နေနိုင်တယ် လေ ဆိုတဲ့ နေရာ မျိုး ။

ကံ အလှည့် သင့် ရင် ရွှေကြော ကို ပေါက်ပြား နဲ့ တူး မိ ပြီး နေ့ချင်း ညချင်း သူဌေး ဖြစ်နိုင်တယ် ။ မနေ့ က ရာဘာ ဖိနပ် အမြီးပြတ် နဲ့  ၊ ဒီနေ့ကျ ဖိုးဝှီးကားကြီး နဲ့ ဆိုတဲ့ ပုံပြင် တွေ က လည်း အများသား မို့ စိုးကြီး လည်း ဖိနပ် ပါး ပေ မယ့် ဆာ့ဖ်ကား စီး ဖို့ တော့ စိတ်ကူး ယဉ် နေတာ အမှန် ပါပဲ ။

ရွှေတော မှာ ငှက်ဖျား ထိ ပြီး ဖျာလိပ် နဲ့ ချ သွား ရတဲ့ မသာတွေ လည်း ကိုယ့် မျက်စိအောက် မှာ ဟော တစ်ယောက် ဟော တစ်ယောက် ။ ဒါပေမဲ့ ခွေး ဖြစ်တာ သူများ ၊ သူဌေး ဖြစ် မှာ က ကိုယ် လို့ စိုးကြီး ထင် နေတာ ။ စိုးကြီး ကို ရွှေတော က မခွာ နိုင် အောင် ကပ် ထားတဲ့ ဆင်ကော် က လည်း ရှိသေးတယ် ။ မတင် ပေါ့ ။ မတင် က အပျိုဖော် ဝင်စ လှသွေးလေး က ကြွယ်ကြွယ် ။ ဧရာဝတီ မြစ်ကမ်းနဖူး မင်းကွန်း ရဲ့ အရှေ့ဘက် နန်းတော်ကျွန်းသူ ။ နန်းတော်ကျွန်း ၊ စွန်းလွန်း ၊ ရွာသာအေး ၊ သုံးဆယ်ပေး မြစ်ရိုးသူ တွေက  လှ ကို လှတယ် ။ အသားအရည် က ဝင်း ပပ ။ အရပ်တွေ က မြင့်မြင့် ၊ မျှစ်စို့ပေါက်ကြီး တွေ လို ပဲ ။ စိုးကြီး မျက်စိ ထဲ တော့ မတင် က မိုးကျနတ်မယ် ပါ ။

မတင် က လည်း ကျပန်း အလုပ်သမ ။ တူ နှစ်ကိုယ် နေ့စဉ် တွေ့မြင် နေကြ ရ ။ ဘေး က လည်း တွန်းပို့ တွေ က များ တော့ လိုရင်း တိုရှင်း ခေတ်ကြီး မှာ စိုးကြီး နဲ့ မတင် ညားကြလေ သတည်း ဖြစ်သွားတော့ တာပဲ ။

လင် ရယ် မယား ရယ် လို့ ဖြစ် လာရတော့ တစ်အိုး တစ်အိမ် ထူထောင် ရတယ် ။ အိုးအိမ် လို့ သာ ဆိုရတာ မြေကွက်လပ် လွတ်ရာ တောကြို ချုံကြား မှာ တဲ တစ်လုံး ထိုး ပြီး နေရတာပါ ။ စိုးကြီး တို့ လင်မယား ရခါစ က ဆင်းရဲလိုက်ပုံ တော့ စာ ဖွဲ့လောက်တယ် ။ ဝတ်စရာ အဝတ်အစား က လည်း များများစားစား မရှိဘူး ။ ကုန်ကုန် ပြော ရရင် တူမောင်မယ် နွှဲစက် ပျော်စရာ အိပ်ရာ တောင် လူလို သူလို ရှိတာ မဟုတ်ဘူး ။ လင်မယား နှစ်ယောက် အုတ်နီခဲ နှစ်လုံး ကို ခေါင်း အုံးပြီး အိပ် ခဲ့ရတာ ။

တစ်ခါတစ်ခါ စားစရာ မရှိလို့ ရေ သောက် ဗိုက် မှောက် ပြီး နေခဲ့ရတယ် ။ ထမင်း တကယ် ငတ် လို့ ရေ သောက်ပြီး နေရပြီ ဆိုရင် တကယ် ကို ဗိုက် ကို မှောက် နေ ရတာ လို့ စိုးကြီး က သူ့ ကိုယ်တွေ့ ပြော ပြတယ် ။

ငိုအား ထက် ရယ်အား သန် စရာ အဖြစ် လည်း ရှိပါ သေးတယ် ။ စိုးကြီး က ဝင်းပပလေး ကို ရ ထားတော့ စိတ် မချနိုင်ဘူး ။ ဆင်းရဲ လွန်း မက ဆင်းရဲ တာ ကြောင့် သူ့ ကို မတင် က ပစ် သွားမှာ စိုးရိမ် သတဲ့ ။ မယား အလှလေး ဆုံးရှုံးရမှာ စိုးလို့ စိုးကြီး တစ်ယောက် ညည အိပ်လို့ တောင် မှ မပျော်ဘူး ။ မယားအလှ ကို စိတ် မချလို့ ည အိပ်တဲ့ အခါ ပုဆိုး နဲ့ ထဘီ ကို တွယ်ချိတ်တွေ နဲ့ ချိတ်တွယ် ပြီး မှ အိပ် သတဲ့ ။

စိုးကြီး တို့ အဲဒါလောက် ဆင်းရဲတွင်း နက်ခဲ့ကြတာ ။ ဒါပေမဲ့ ဇွဲ တော့ မလျှော့ဘူး ။ အလုပ် ကို ကြိုးစား လုပ် တယ် ။ ရတဲ့ လုပ်အားခ ကို ချွေချွေတာတာ စား ပြီး အရင်း အနှီးစုတယ် ။ တစ်နေ့ နေ့ တော့ အင်းဖောက် မယ်ပေါ့ ။ အုတ်နီခဲ ခေါင်းအုံး အိပ် ရင်း ပဲ မတင် တစ်ယောက် ပတ္တမြား ရွှေကြုတ် နှုတ်ငုံတော် ရှိပါလေ ရော ။ စိုးကြီး က တော့ ဒီ ကိုယ်ဝန် ဟာ သူတို့ လင်မယား သံယောဇဉ် ခိုင်အောင် နှောင်ဖွဲ့တာ ဆိုပြီး ဝမ်းသာ နေတယ် ။ စိုးကြီး အတွက် သံယောဇဉ် က နှစ်ကြိုး တောင် မှ တစ်ပြိုင်တည်း ချည် နှောင် ခံရတာ ။ တစ်နေ့ မှာ လမ်းဘေး ဝပ် နေတဲ့ ခွေး တစ်ကောင် ကို တွေ့ လို့ စိုးကြီး က သူ့ တဲ ကို ခေါ်လာတယ် ။ ခွေး က လည်း စားရမဲ့ နေစရာမဲ့ မို့ စိုးကြီး တို့ တဲ မှာ ပဲ နေ တော့တယ် ။ အဲဒီ ခွေးကြီး ဟာ နောက်ပိုင်း မှာ ဇာတ်လိုက် ဖြစ်လာမယ့် ခွေး ပါ ။

မယား က လည်း ကိုယ်ဝန် ရှိ လာပြီ ဆိုတော့ စိုးကြီး တစ်ယောက် နေ့ မအား ည မနား စီးပွား ရှာ တော့တာ ပါ ပဲ ။

တဲဝ မှာ ခွေးကြီး က လည်း စောင့် ပေး နေတာမို့ ဟို နေရာ တူး ဒီ နေရာ ဆွဲ လုပ်တော့ တာ ပေါ့ ။

ဒီလိုနဲ့ ပဲ စိုးကြီး ဟာ ရွှေတော မှာ အစဉ်အဆက် ပြောစရာ ပုံပြင် တစ်ပုဒ် ဖြစ်ရတဲ့ ည တစ်ည ကို ရောက်ရပါ လေ ရော ။ အဲဒီ ည က လပြည့်ည ။ ထုံးစံ အတိုင်းပဲ ပေါက်ပြား တစ်လက် ထမ်းပြီး စိုးကြီး တော ထဲ ဝင်ပြီး ခိုးကျင်း တူးတယ် ။ ကျင်း က သူများ ရှာပြီး ဖွေပြီး သား နေရာ ဟောင်း ။ ရွှေ မရ လို့ ပစ်သွား တဲ့ နေရာ ပါ ။ စိုးကြီး က လည်း ဘာရယ် မဟုတ်ပါဘူး ။ တစ်မှုန် ရရ တစ်စ ရရ တူးဆွ တာပါ ။ ကံ ကော်ချင် တော့ ရွှေကြော ကို တည့်တည့် ပေါက်ပြား နဲ့ ပေါက်ထည့် လိုက် မိပါလေ ရော ။

ရွှေတော မှာ ဒါမျိုး က လည်း ဖြစ်တတ်ပါတယ် ။ ရှေ့ လူ က မရလို့ ပစ် ခဲ့တာ ၊ နောက်လူ လက် ထဲ ရောက် မှ ရွှေသိုက်ကြီး ဖြစ်နေတာ မျိုး ပေါ့ ။

တိုတိုပဲ ပြောပါစို့ ၊ စိုးကြီး ခိုးကျင်း မှာ ဒိုင်လျှို ဆော် ရတာ တစ်နှစ် လောက် ကြာတယ် ။ စိုးကြီး ရဲ့ တစ်နေ့ တစ်နေ့ ဝင်ငွေ ဟာ ကျပ် သိန်း ရာချီ တယ် ။ အဲဒါ ခုခေတ် ပိုက်ဆံ မဟုတ်ဘူး ။ ရွှေဈေး ငါးသိန်းကျော် လောက် က ပိုက်ဆံ ၊ ပိုပြီး တန်ဖိုး ရှိတဲ့ ပိုက်ဆံတွေ ပေါ့ ။ စိုးကြီး လည်း နေ့ချင်း ညချင်း ဦးစိုးကြီး ဖြစ် သွားတယ် ။ မတင် က လည်း ဒေါ်မမတင် ပေါ့ ။

ဦးစိုးကြီး က ပါဂျဲရိုး ပေါ် က မဆင်းတော့ဘူး ။ လက်ဖက်ရည်ဆိုင် သွား တာ တောင် မှ ပါဂျဲရိုး နဲ့ ။ ဒေါ်မမတင် ဘေး မှာ လည်း မိန်းမတွေ ဝိုင်းဝိုင်း လည် လို့ ။ ဘယ်နှယ့် ဦးစိုးကြီး ဘေး မှာ မိန်းမတွေ ဝိုင်းဝိုင်း လည် ရမှာ မဟုတ်ဘူးလား မမေးနဲ့ ။ ဒါက မေးစရာ မလိုတဲ့ မေးခွန်း ။ ရွှေတွေ ရ ငွေတွေ ရွှင် တော့ ဦးစိုးကြီး က နောက်လိုက် နောက်ပါ အစုံအလင် နဲ့ မန္တလေး ရွှေမြို့တော် ကို ပါဂျဲရိုး ကားကြီး နဲ့ ဘီယာ သွား သွားသောက်တယ် ။ အနှိပ်ခံ တတ်တယ် ။ ကားယားအိုကေ တွေ ဘာတွေ မှာ လည်း စိုပြည်တယ် ။ ဒေါ်မမတင် က လည်း သူ့ ဘေး ဝိုင်း လာတဲ့ မိန်းမတွေ နဲ့ အတူ မန္တလေး ကို လင်ခရူဇာ ကားကြီး နဲ့ သွား သွားပြီး မျက်နှာ ပေါင်းတင်တာ တို့ ၊ ဆံပင် ဖြောင့်တာ တို့ လုပ်တယ် ။ ဆံပင်တွေဆိုတာ ကောက်လိုက် ဖြောင့်လိုက် ၊ ညိုလိုက် ဝါလိုက် ။ ရှော့ပင် လည်း ခဏခဏ သွားတယ် ။ လက်ကိုင်အိတ် တောင် မှ ပြင်သစ်အိတ် မှ ဒေါ်မမတင် က ကိုင်တတ် သတဲ့ ။

အခြွေအရံ ဆိုတာမျိုး က လည်း ခြွေတော့ ရံ ပြီပေါ့ ။ ဦးစိုးကြီး ရော ဒေါ်မမတင် ရော က ဒီ သဘာဝ ကို သိပါ တယ် ။ လက်ဖျား ရွှေသီး နေတဲ့ သူတွေ မို့ အပေးအကမ်း လက် မရွံ့ဘူး ။ ခြွေ သလား မမေးနဲ့  ၊ လက်ဖျား က ခါချ နေ သလိုပဲ ။

ရွှေ ရှိပြီ ဆိုတော့ လူတွေ သာ မျက်နှာ ပွင့်တာ မဟုတ်ဘူး ။ အချစ်တော် ခွေးကြီးလည်း မျက်နှာ ပွင့်တာပေါ့ ။ ခွေးကြီး ကို တွေ့ တဲ့ သူတိုင်း က ဦးစိုးကြီး ခွေး ၊ ဦးစိုးကြီး ခွေး ဆိုပြီး ခေါ်ချင် မျက်နှာ လုပ်ချင် ကြတာ ။ ဦးစိုးကြီး က လည်း သူ့ ခွေးကြီး ကို သွား တောင် ရွှေသွား ကွပ် ပေးထား တာ ။ ဒါလောက် ထိ ။

ခွေးကြီး က မနက် ၆းဝဝ နာရီ လောက် ဆိုရင် ဈေး ဆိုင်တန်း ဘက် လမ်းလျှောက် ထွက်တယ် ။ ရွှေတောရဲ့  သဘာဝ က မနက် စောစော မှာ ဈေးတန်း နဲ့ လက်ဖက်ရည်ဆိုင်တန်း ဘက် စည်တယ် ။ ဈေးတန်း မှာ ဦးစိုးကြီး ခွေး အိပဲ့အိပဲ့ နဲ့ လျှောက် လာပြီ ဆိုရင် မမော် တို့ ငါးပိ ငါးခြောက်ဆိုင် က ငါးရံ့ခြောက်အသား နီနီရဲရဲ တစ်တို ကို ခေါ် ကျွေးတာ ။ မမော် က ဦးစိုးကြီး နဲ့ စီးပွားရေး မကင်း ဘူးလေ ။ ဦးစိုးကြီး က ငါပိငါးခြောက် ကို ပိဿာ ဆယ်ချီ ပြီး ဝယ် တတ်တာ ။

ဈေးဆိုင်တန်း မှာ ခွေးကြီး ကို ဟို က ကျွေး ချင် ဒီ က ကျွေး ချင် နဲ့ အင်မတန် မျက်နှာ ပွင့်တာ ။ ခွေးကြီး က ကြက် ဥပလာတာ ကြိုက်တယ် ။ ဦးစိုးကြီး ခွေး ရူဘီလန်းကဖေး ဆိုင် ရှေ့ ရောက်တာ မြင်ရင် ဆိုင်စားပွဲထိုး တွေ က ကြက်ဥပလာတာ ကို ပန်းကန်ပြား နဲ့ ထည့် ကျွေး ရတယ် ။ ဦးစိုးကြီး ခွေး က ကြက်ဥပလာတာ စား ပြီး ရင် နှုတ်ခမ်း က ဆီ ကို လျှာ နဲ့ သုတ်ပြီး ထွက် သွားတယ် ။

ကြက်ဥပလာတာ ဖိုး အတွက် ပူစရာ မလိုပါဘူး ။ ဦးစိုးကြီး က မှာထား ပြီးသား ။ သူ့ ခွေးကြီး စား မျှ နောက် က လိုက် ရှင်းတာ ။ လက်ဖက်ရည်ဆို င်တိုင်း က ဦးစိုးကြီးခွေး ကို လိုလိုလားလား ရှိကြတယ် ။ တစ်လ တစ်လ ခွေးစား တဲ့ ကြက်ဥပလာတာ ဖိုး ရှင်းရတာ က ခြောက်သိန်း ကျော် တယ် ။ အဲဒါက ခု ခေတ် ပိုက်ဆံ မဟုတ်ဘူး နော် ။ ရွှေဈေး ငါးသိန်း ကျော် တုန်း က ။ ခွေး က ဘယ်လောက် စားနိုင်မှာ မို့လဲ လို့ သံသယ မဝင်နဲ့ ။ ဦးစိုးကြီး က တော့ ဘယ်တော့မှ ဆိုင် ကို သံသယ မဝင်ဘူး ။ သူ နဲ့ ပတ်သက်ရင် စာရင်း တက် သလောက် သူ့ မန်နေဂျာ က ငွေထုပ် ပိုက်ပြီး ရှင်း လိုက်တာ ။ ဦးစိုးကြီး တို့ က ထောပြီ ဆို အဲဒီ လို ။

ဒေါ်မမတင် မှာ ပတ္တမြားရွှေကြုတ် နှုတ်ငုံတော် ရှိ တာ သိကြမှာ ပေါ့ ။ အဲဒါက သားဦးရတနာလေး ဖွားမြင်တယ် ။ ကောင်လေး မွေးဖွားချိန် မှာ ဒေါ်မမတင် က ဟန်ကျပန်ကျ ဖြစ်နေပြီ ။ မွေးတာ တောင် မှ မန္တလေး က ဒေါက်တာဂူးဟား ရဲ့ အထူးကု ဆေးခန်းကြီး မှာ မွေးတာ ။ ကလေး က မြေမနင်းသားလေး ။ မွေး ကတည်း က အချီ တော် အချော့ တော် တွေ နဲ့ နေရတာ ။ မျက်နှာလို အားရ ဟို သူ က ချီ ၊ ဒီ သူ က ပိုး နဲ့ မြေကြီး ပေါ် တောင် မဆင်းရ တဲ့ ကလေး ။ ဒေါ်မမတင် က နောင်ထပ် မြေမနင်း သမီးလေး တစ်ယောက် လည်း မွေးလိုက်ပါ သေးတယ် ။ ဦးစိုးကြီး ရော ဒေါ်မမတင် ပါ အခြွေအရံတွေ တရုန်းရုန်း ပေါ့ ။ အခြေ နဲ့ အနေ နဲ့ တက်လာခဲ့ ရတာ မဟုတ်တော့ ဆိုက်ကားသမား က ဝန်ကြီး တက် ဖြစ်တဲ့ လူ လို ထင်ရာ စိုင်း ကြတယ် ။ မြှောက်ထိုး ပင့်ကော် တွေ ပြော သမျှ သာယာ ပြီး ရွှေတော က လူတွေ ကို ဘုရားဖူး ဆိုပြီး ခရီးရှည် ပို့ ပေးတာ တို့ ၊ ငွေဆောင်ကမ်းခြေ အပန်းဖြေ သွားကြတာ တို့ ထင်ရာစိုင်း တာပေါ့  ။ သဘာဝ ကျကျ ပါပဲ ။ လူလိမ် လူညာ တွေ က လည်း သူတို့ လင်မယား ကို ဝိုင်းရံ လာကြ ။ အသိပညာ နဲ့ အတွေ့အကြုံ က လည်း နည်း တော့ သူများ ယုံ ၊ ပုံ ပြီး ပေးမိတာတွေ က ဆုံးရှုံး ရ ။

ကုဋေရှစ်ဆယ် သူဌေးသား တောင် ခွက် ဆွဲရတဲ့ ဘဝ ရောက်သေး တာ ။ ဦးစိုးကြီး က ဘာကောင် မို့ လဲ ။ လင် နဲ့ မယား အပြိုင် အောက်ခြေ လွတ် လိုက်ကြတာ ဦးစိုးကြီး လည်း စိုးကြီး ဘဝ ၊ ဒေါ်မမတင် လည်း မတင် ဘဝ ပြန် ကျ သွားတယ် ။ လက် လှုပ် မှ ပါးစပ်လှုပ် ရတဲ့ ဘဝ ပြန် ရောက် သွားတယ် ။ မြေမနင်း သားလေး နဲ့ မြေမနင်း သမီးလေး လည်း ယခု တော့ ဖုန် ထဲ သဲ ထဲ မှာ မြေမှုန် အလိမ်းလိမ်း နဲ့ ပေကျံ ညစ်ပတ် နေပါလေ ရော ။ အခြေအနေ က တော့ ခွေး ကို ကွပ် ပေး ထားတဲ့ ရွှေသွား တောင် ပြန် ချွတ်ပြီး ရောင်းစား ရတာ ။ လူ ဆိုတာ က လည်း ဖြစ် လာတော့ ဖြစ် တဲ့ ဘဝ နေ တတ်အောင် ပြန် နေကြရ တော့တာ ပါပဲ ။

တက် ပြီး ပြန် ကျတဲ့ ဒဏ် မခံနိုင် တာက တော့ ခွေး ကြီး ။ တစ်ချိန် က ဦးစိုးကြီး ခွေး ၊ ဦးစိုးကြီး ခွေး ဆိုပြီး လူ တကာ မျက်နှာသာ ပေး ခံရတဲ့ ခွေး က စောက်ထိုး မိုးမျှော် ပြောင်း လဲသွားတဲ့ ဘဝသစ် မှာ မနေတတ် မထိုင်တတ် ဖြစ် နေတယ် ။ မနက် စောစော ဆို ဈေးတန်း ဘက် လျှောက် လာပြီး ငါးခြောက်ဆိုင် ရှေ့ မှာ ရစ်သီ ရစ်သီ ။ လက်ဖက်ရည်ဆိုင်တန်း မှာ ဘယ်သူ က ကြက်ဥပလာ တာ ကျွေး မှာလဲ မျှော်တယ် ။

ခွေးကြီး က သာ ကျွေးနိုး ၊ ပေးနိုး မျှော်လင့်ချက် နဲ့ လာ လာနေတာ ၊ သူ့ ကို လူတွေ က  မေ့ သွားပြီ ။ လက်ဖက်ရည်ဆိုင် စားပွဲကြို စားပွဲကြား ဝင် လာရင် ဘယ်က ခွေးစုတ် လဲ ဆိုပြီး ကန် ထုတ်တာ ခံရတယ် ။ ခွေး ရဲ့ အတွေး ထဲ မှာ တော့ လူတွေ ဟာ အပြောင်းအလဲ မြန် ကြတယ် လို့ပဲ တွေး နေ မှာလား ။ မနေတတ် မထိုင်တတ် ဖြစ် နေတဲ့ ခွေးကြီး တစ်ကောင် က တော့ စားပွဲကြို စားပွဲကြား မှာ သွား နေတုန်း ။

◾ကျော်ရင်မြင့်

📖 Treasure Land မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၁၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment