Thursday, April 11, 2024

သင်္ကြန် နီးတော့ လွမ်းစရာ


 

❝ သင်္ကြန် နီးတော့ လွမ်းစရာ ❞

( ၁ )

သင်္ကြန် နီးလာပြန်ပြီ ။

သင်္ကြန် နီးတော့ လွမ်းစရာလေးတွေ အမှတ်တရ အဖြစ်ကလေးတွေ သူသူ ငါငါ တမ်းတမိကြပါသည် ။

ကျွန်တော် လား ။ ဟုတ်ကဲ့ … ကျွန်တော် လည်း လေ လောကီသား ပေ မို့ သင်္ကြန် ပြီး ရင် လွမ်းစရာလေးတွေ ၊ သတိရစရာလေးတွေ ကျန်ခဲ့တာပေါ့ ဗျာ ။

ကလေး ဘဝ က လည်း ကလေး သဘာဝ အလျောက် ပေါ့ ။ ရေပြွတ်လေး ကို လက် က ကိုင်ပြီး တွေ့ တဲ့ သူ “ သင်္ကြန်ကျလို့ ရေပက်တယ် စိတ်မဆိုးနဲ့ကွယ် ” ဆိုကာ ပြွတ် နဲ့ ပက်ရတာ အမော ။ ရပ်ကွက် ထဲ က စွာတာတာ မျက်ပေတုံး ၊ အသားနက်မ ခင်လှ ကို များ ပက်မိရင် “ ဟဲ့ … ငါ့ ကို ဘာလို့ ပက်တာလဲ … ဥပုသ်ကျောင်း သွားမလို့ ဟဲ့ ” ဆိုပြီး ရန်တွေ့ ခံ ရ ၊ မျက်စောင်းခဲ ခံ ရ တာပေါ့ ။ ဒါမျိုးဆို အီဖေကို က ပို ကဲချင်သေး ။ သူငယ်ချင်း တွေ စု ပြီး “ ဥပုသ်သည် နာနာပက် … သိကြားမင်း က မှာလိုက်တယ် ” လို့ ဝိုင်းပြီး ပက်ခဲ့ကြတာပေါ့ ။ အခု တွေး ၊ အခု ရယ်ချင်တုန်း ပဲ ဗျာ ။

   •••••   •••••   •••••

( ၂ )

လူပျိုပေါက် ဘဝ ကျတော့ သင်္ကြန်တွင်း မှာ ရင်ခုန်စရာလေးတွေ စ တွေ့ပြီ ။

အဲ့ဒီ ချိန် မှာ မှတ်မှတ်ရရ ၉ တန်း ဖြေ ပြီးတဲ့ နှစ် က ပေါ့ ။ ကျွန်တော် နဲ့ ဒေါင်းကြည် မြို့ပတ်ပြီး ခြေကျင် လျှောက် ရေပက်ခံ ထွက်ကြတယ် ။ ရေပက်အဖွဲ့ က ရပ်ကွက်တိုင်း ၊ လမ်းတိုင်း မှာ ရှိတယ် ။ ကြီးကြီးကျယ်ကျယ် တော့ မဟုတ်ဘူး ။ လမ်းဘေး မှာ ဝါးလုံးတိုင် လေးတိုင် စိုက်ပြီး အုန်းလက်တွေ ကာ ၊ အုန်းလက်တွေ မိုး ထားတဲ့ ရေပက် မဏ္ဍပ်ကလေးတွေ ၊ စဉ့်အိုးတွေ ၊ စည်ပိုင်းတွေ ထဲ ရေ ထည့်ပြီး ဖလား နဲ့ ပက် ကြတာ ။ မြို့ တစ်ပတ် ဆိုတော့ လူ နှစ်ယောက် မှာ ကြွက်စုတ်ကလေးတွေ ရေမွန်း နေ သလို ဖြစ်နေပြီပေါ့ ။ လက်လေး ပိုက်ပြီး တုန်တုန်ခိုက်ခိုက် နဲ့ အိမ် ဆီ ကို အသော့ နှင် နေတုန်း ဗြုန်းဆို မဏ္ဍပ်တစ်ခု မှာ ရေဆေးငါး ၂ ကောင် ကို ဘွားခနဲ တွေ့ လိုက်တယ် ။ ဒီတော့ ခြေလှမ်းတွေ က တုံ့ခနဲ ရပ် ၊ ခါးကလေး က ဆတ်ခနဲ မတ် ။ ဗို့အား ပြင်းတဲ့ သံလိုက် နဲ့ အဆွဲ ခံရ သလို ၂ ယောက် သား လျှောခနဲ မဏ္ဍပ် ရှေ့ ရောက် သွားတယ် ။ အား …  အနား ရောက် မှ ကျွန်တော့် စိတ် ထဲ နာမည် ပေးထားတဲ့ ရေဆေးငါး ၂ ကောင် က တော်တော် တူတယ်ဗျာ ။ အငယ် က ကျွန်တော်တို့ နဲ့ ရွယ်တူ လောက် ။ အငယ်မ က ဒေါင်းကြည် ကို ရေ လောင်းတယ် ။ အကြီးမ က ကျွန်တော့် ကို ရေ လောင်းတယ် ။ အားပါး ၊ လှချက် က တော့ စက်စက်ယို ပါ ပဲ ။ အသားလေးတွေ က ဖွေးနု လို့ ။ လည်ပင်း က အကြောစိမ်းလေးတွေ က အရေပြား ပေါ် မှာ ယှက်ဖြာ ပြေး လို့ ။ စံပယ်တင်မှဲ့ကလေး နဲ့ တင်းတင်းစေ့ ထားတဲ့ နှုတ်ခမ်းလွှာ က ပြုံးချိုယောင် သမ်း လို့ ။ ပေါင်တံရှည်ရှည် ရွှေဘိုမင်းကြိုက် အရပ် မို့ အကြီးမ ရဲ့ အလှ ကို မျက်စိ တစ်ပြေး ခံစား လိုက်ရတယ် ။ ရင် ထဲ မှာ ဒိုင်းခနဲ ၊ ဒိုင်းခနဲ သင်္ကြန် အမြောက်ကြီး အထု ခံ နေရ သလိုပါပဲ ။

နောက်နေ့ တွေ မှာ ဒိန်းတလိန်းနတ် အဖမ်းစား ခံနေရ သလို ရေဆေးငါး ၂ ကောင် ရှိတဲ့ မဏ္ဍပ် မှာ ကျွန်တော် နဲ့ ဒေါင်းကြည် တဝဲလည်လည် ပါ ပဲ ။ ကျွန်တော် က အကြီး ၊ ဒေါင်းကြည် က အငယ် ပေါ့ ။ သင်္ကြန် ပြီး တော့ လည်း အဲဒီ နား ကို ရွှေစွန်ညိုတွေ ဝဲ နေ သလို ဝဲ နေ မိတယ် ။

တစ်နေ့ မှာ အဲဒီ နား နေတဲ့ သူငယ်ချင်း ထွန်းအုံ နဲ့ တွေ့တယ် ။ ရေဆေးငါး ၂ ကောင် အကြောင်း အမောတကော စုံစမ်းတော့ ထွန်းအုံ အဖြေ ကြောင့် ‘ ဟိုက် ’ ဆိုပြီး တစ်ခါတည်း မတ်တတ်ရပ် မေ့ သွားရတယ် ။

ကျွန်တော် ရေဆေးငါး လို့ စိတ် ထဲ က ကင်ပွန်းတပ် ခဲ့တဲ့ အငယ်မ က ဝင်းဥမ္မာ ၊ အကြီးမ က ဒေါ်သင်းစန္ဒာ ။ ကျွန်တော်တို့ ထင်ထား သလို ညီအစ်မ မဟုတ်ဘူး ။ သူငယ်ချင်း မဟုတ်ဘူး ။ တူဝရီး လည်း မဟုတ်ဘူး ။ သား အမိ တဲ့ ဗျာ ။

အဲ့ဒီက စပြီး နောက် နှစ် တိုင်း ကျွန်တော် ရေပက်ခံ မထွက်တော့ဘူး ။ သင်္ကြန်တွင်း သွားရင်း လာရင်း ရေပက်ခံ ရရ င်လည်း မျက်လုံး စုံ မှိတ် ပစ် လိုက်တာပဲ ။

  •••••   •••••   •••••

( ၃ )

အိမ်ထောင် ကျ တော့ မန္တလေး ရောက်ပြီ ။ လင်မယား နှစ်ယောက် ညတိုင်း မဏ္ဍပ်တွေ လျှောက် ကြည့် ရတာ ခုချိန်ထိ မမေ့သေးဘူး ။ မန္တလေး က အကျယ်ကြီး ဆိုတော့ မဏ္ဍပ် စုံ တော့ မရောက်ဘူး ပေါ့ ။ ကျွန်တော် တို့ က ပတ်ကုန်းပျော်ဘွယ်ရပ် မှာ ယောက္ခမ မိသားစု နဲ့ အတူ အိမ်ငှား နေတာ ။ ဒီတော့ အရှေ့ပိုင်း က ငုရွှေဝါ ၊ ဆောက်လုပ်ရေး ၊ ဆေးတက္ကသိုလ် ၊ လှယဉ်ကျေး ဗဟိုမဏ္ဍပ်တွေ ကို တော့ အကျနေ့ က အတက်နေ့ ထိ ညစဉ် ရောက်တယ် ။

မှတ်မှတ်ရရ ၁၉၈၁ ခုနှစ် မှာ မဟေသီ က သားဦး ကိုယ်ဝန်ကြီး နဲ့ ။ နေ့စေ့လစေ့ ဆိုတော့ ဗိုက် က ဗမာ ဖရဲသီး အလုံးကြီးကြီး လောက် ရှိပြီ ။ လင်မယား နှစ်ယောက် ဇွဲကောင်းကောင်း နဲ့ မဏ္ဍပ်တွေ ကို လိုက် ကြည့်ကြတယ် ။ အထူးသဖြင့် ဘူတာကြီး ရှေ့ က လှယဉ်ကျေး မဏ္ဍပ် မှာ ခြေတောက် သွေးခဲမတတ် ရပ် ကြည့်ကြတယ် ။ ဆုပေးမဏ္ဍပ် ဆိုတော့ အလှပြကား ၊ သံချပ်ကားတွေ လာ ပြိုင် တာကိုး ။ ဖိုးလမင်း ၊ လျှာကုဋေ ၊ ရွှေစွန်ညို ၊ ပျိုးခင်းလူငယ် … အများကြီးပဲ ။ ၈ဝ ကျော် လောက် ရှိတယ် ။ ညဉ့်နက် မှ အိမ်ပြန် ရောက်တယ် ။ ယောက္ခမကြီး ရဲ့ ဆူဆူပူပူ ကြား မှာ လင်မယား နှစ်ယောက် ပင်ပန်းလို့ ခဏလေး နဲ့ အိပ်ပျော် သွားတယ် ။

သင်္ကြန် အတက်နေ့ ကျ ဆုပေးပွဲ ။ လင်မယား နှစ်ယောက် အားခဲပြီး အစောကြီး ထွက်ခဲ့တယ် ။ လမ်း ရောက် တော့ မဟေသီ က ဗိုက်နာတယ် ဆိုလို့ အိမ်ပြန် ပို့ ရတယ် ။ အိမ် ထိတော့ မဟုတ်ဘူး ။ လမ်းထောင့် ထိ ပဲ ပို့ပြီး ဘူတာကြီး လှယဉ်ကျေးမဏ္ဍပ် ကို သုတ်ခြေ တင် ခဲ့တယ် ။ ရှေ့ဆုံး က နေရာ ရအောင် လို့လေ ။

ပြိုင်ပွဲကားတွေ က ကျန်သေး တော့ ၁ နာရီထိုး မှ ပြိုင်ပွဲ က ပြီးတယ် ။ ၂ နာရီ လောက် မှ ဆု ကြေညာ နိုင်တယ် ။ ဆု ပေးနိုင်တယ် ။ ဆု ပေး ပြီးတော့ လည်း ဆုရကားတွေ တစ်ကား ပြီး တစ်ကား အစွမ်းပြကြပြီ ပေါ့ ။ မနက် ထိန်ထိန်လင်း မှ ပြီးတော့တယ် ။

အောင်ဖျာလိပ် မှ ကျွန်တော် လည်း ကုပ်ကုပ်ကလေး အိမ် ပြန် ရောက်တယ် ။ အိမ်ပေါက်ဝမှာ ယောက္ခမ က ခါး ထောက်ပြီး မျက်ထောက်နီကြီး နဲ့ “ အံ့ပါ့တော် … မိန်းမ ဗိုက်နာ နေတာ ကို ပစ်ပြီး … သင်္ကြန် သွား ပျော်ရတယ်လို့ … ဟင်း … ဟင်း … ငါ မပြောလိုက်ချင်ဘူး ” လို့ ဆူပြီး အိမ် ထဲ ပြန် ဝင် သွားတယ် ။

ကျွန်တော့် မှာ ရာသီဥတု မသာယာလေ တော့ ဝင်းပေါက် မှာ တုံ့ဆိုင်းဆိုင်း ဖြစ် နေတယ် ။ ဒီ အချိန် မှာ ခယ်မလေး အိမ် ထဲ က ပြေးထွက် လာပြီး “ အစ်ကို … အစ်ကို … အစ်မ ည က ဆေးရုံကြီး တက်ပြီး ကလေး မွေး ပြီးပြီ … ယောက်ျားလေး တော့ ” လို့ အားရ ဝမ်းသာ ပြောတော့ “ ဟေ … ဟုတ်လား ” ဆိုပြီး ကျွန်တော့် မှာ ဝမ်းသာအားရ နဲ့ အိမ် ထဲ က စက်ဘီး ပြေး ထုတ်ပြီး ဆေးရုံကြီးဆီ ဂျက်လေယာဉ်နှုန်း နဲ့ အပြေး နင်း ခဲ့တယ် ။ ဘယ်လို က ဘယ်လို ဆေးရုံကြီး ရောက် သွားမှန်း မသိဘူး ။ သားဖွားရုံ မှာ တစ်ခန်း ဝင် ၊ တစ်ခန်း ထွက် လိုက် ရှာတော့ ခုတင် ပေါ် မှာ ကျောပေး လှဲ နေတဲ့ မဟေသီ ကို လှမ်းမြင်ရတယ် ။ ဒီတော့လည်း ခြေလှမ်း က ဘရိတ် ပါ သလို တုံ့ခနဲ ဖြစ် သွားတယ် ။ သူ့ ကို ဂရုမစိုက်ဘူး ဆိုပြီး စိတ်ကောက် လေ မလား ။ မယား ထက် သင်္ကြန် ကို ချစ်တဲ့သူကြီး ဆိုပြီး အငေါ့တူး လေ မလား ။ “ သွားပါ … အခုမှ တော့ လာမနေပါနဲ့ ” လို့ ငိုလိုက်လေ မလား ။ အတွေး တဖွားဖွား နဲ့ ခုတင် နား ကိုဖြ ည်းဖြည်း ကပ် သွားမိတယ် ။

မဟေသီ ဘေး မှာ သားလေး နီတာရဲလေး အိပ်မောကျ နေတာ ကို လည်း လှမ်း မြင် နေရတယ် ။ ခုတင် နား ရောက် တော့ မဟေသီ က နောက်ပြန် လှည့် ကြည့်တယ် ။ ကျွန်တော့် ကို မြင်တော့ “ ဟင် … အစ်ကို ” ဆိုပြီး အိပ်ရာ က ကမန်းကတန်း ထ ထိုင်တယ် ။ ကျွန်တော့် မှာ ရင် တထိတ်ထိတ် နဲ့ မဟေသီ ကို တစ်ခု ခု ပြောဖို့ နှုတ် က အားယူ နေတုန်း …

“ အစ်ကို … အစ်ကို … ညီမ ကြိုက်တဲ့ ‘ ဖိုးလမင်း ’ အသင်း ပထမ ရလားဟင် ” လို့ အမောတကော မေးတယ် ။

ကျွန်တော် ခဏ အံ့ဩ သွား မိတယ် ။ နောက် “ ဟာ … ရတယ် … ရတယ် … ညီမ နဲ့ အစ်ကို ကြိုက်တဲ့ ဖိုးလမင်းအသင်း ပထမ ရတယ်ကွ ” လို့ ကျွန်တော် က အားရဝမ်းသာ လက်သီးလက်မောင်း တန်းပြီး အော် ပြော လိုက်တယ် ။

နောက် မှ သတိရ ပြီး ပတ်ဝန်းကျင် ကို ဘယ်ညာ ခေါင်းခါ ကြည့် လိုက်မိတယ် ။ သူတို့ လူနာ သူတို့ ဂရုစိုက် နေတာနဲ့ ၊ သူတို့ ကလေး သူတို့ ဂရုစိုက် နေတာ နဲ့ ဘယ်သူမှ ကျွန်တော့် ကိုကြည့် မနေပါဘူး ။

ဒီတော့ မဟေသီ နဲ့ ကျွန်တော် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး “ အဟိ ” လို့ ပြိုင်တူ ရယ် လိုက်မိကြတယ်လေ ။

◾မင်းတင်ထွဏ်း

📖 မန္တလေးတိုင်း ( မ် ) ဂျာနယ်
      ဧပြီလ ၊ ၂၀၀၉

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment