Sunday, April 14, 2024

ဥဩ ကို မုန်းတယ်


 

❝ ဥဩ ကို မုန်းတယ် ❞

“ ဥဩ ×××  ဥဩ ××× ဥဩ ”

တောက် ဒီ သောက်ငှက်တွေ ရောက်လာကြ ပြန်ပြီ ။ အင်းဝဆောင်ရှေ့ ကံ့ကော်ပင် ထိပ်ဖျား က ရုတ်တရက် ဥသြငှက် တွန်သံ ကြား လိုက်ရတော့ ခုနစ်ဆယ်ကျော် ကိုယ့် အသက်အရွယ် ကို မှ အားမနာ ကျွန်တော့် နှုတ် က ပက်ပက်စက်စက် ရေရွတ် လိုက်မိတယ် ။

အေးလေ ၊ ရွက်ဟောင်းတွေလှစ် ၊ ရွက်သစ်ဝေလု ၊ ပုရစ်ဖူးစ ခုလို လရာသီ တွေ မှာ တက္ကသိုလ်ပရိဝုဏ် ထဲ ကို သူတို့ ရောက်လာကြ စမြဲ မဟုတ်လား ။ အဲ တောတောင် လျှိုမြောင် ဂနိုင်ချိုင့်ဝှမ်း ရှိသမျှ နေရာတွေ မှာ သူတို့ ရောက်လာကြပေမပေါ့ ။

ဟိုတုန်းက တော့ သာယာ နာပျော်ဖွယ် ကောင်း လှတဲ့ သူတို့ အသံလေးတွေ ကို ကြားလိုက်ရတဲ့ အခါ -

“ ချိုတေးရင့်ကျူးတတ်သော ဥသြငှက်ကလေးတွေရယ် ××× ဟိုဆီ က လိုလိုကွယ် သည်ဆီ က လိုလိုကွယ် ဆိုတဲ့  မောင်မောင်ကြီး ရဲ့ “ ပန်းကောက်လှည့်ပါ ” သီချင်း ကို  ရင် ထဲ မှာ ညည်း နေမိခဲ့တယ် ။ ပြီးတော့ စိုင်းထီးဆိုင် ရဲ့ - “ တွန်သံချိုတယ် နွေဥသြပျိုရယ် ××× ဒီရာသီမှာ အချိန်မှန် ရောက် လာတယ် ××× တမင်တကာ မေ့ထားတဲ့ အတိတ်အကြောင်းတွေ ဆွပေးလိုက်သလိုပဲ ” ဆိုတဲ့ နွေဥသြ သီချင်း ကို ကြားယောင် မိ ရင်း ယနေ့ ထက် တိုင် အထီးကျန် တစ်ကိုယ်ရေ ဘဝ နဲ့ ရေစက် မဆုံစည်း ခဲ့ လေတဲ့ ငယ်ချစ်ဦး ကို တိတ်တခိုး မှန်းဆ လွမ်းတ မိပြန်တာပေါ့ ။ Sweet mermories ပေါ့လေ ။ တစ်ဆက်တည်း မှာ ပဲ - “ ခင်တန်းသျို သပြေပင်က ရွှေသဇင် သုတ်လေ နှောပြန်တော့ ဥရွှေသြရယ် က တွန်သံချိုချို ” ဆိုတဲ့ ရှေးစာဆိုကြီး ဦးကျော့ ရဲ့ တော်ကဆုန် တေးထပ် ၊ တစ်ခါ “ တောင်ထိပ် ပေါ် မှာ နွယ်ချိုနှော လို့ ဥသြတွန်တဲ့ လရာသီ ” ၊ “ ဧရိပ်သာတဲ့ ပင်ညောင်ညို ဥသြတွန် သံချို... ”

စတဲ့ ... စတဲ့ ဥသြငှက် နဲ့ ပတ်သက်တဲ့ သီချင်းတွေ ၊ ကဗျာတွေ ကို တစိမ့်စိမ့် ပြန်လည် ခံစားရင်း သူ့ အသံ မှာ မိန်းမော နေခဲ့ဖူးတာပါ ။

တစ်ခါတစ်ခါများ သစ်ပုပ်ပင် ထိပ်ဖျား မှာ ဥဩ - ဥသြ လို့ လွမ်းဖွယ်မူးမူး တွန်ကျူး နေတဲ့ အခိုက် မနီးမဝေး မှာ ရှိတဲ့ သိပ္ပံအဆောက်အဦ ရဲ့ ခေါင်မိုးစွန်း နား မှာ ချိုးလည်ပြောက်လေး တစ်ကောင် က လည်း တကူကူး - တကူကူး လို့ ဆွေးဆွေးမြည့်မြည့် သီကျူးနေသံ ကို ကြားလိုက်ရတဲ့ အခါ မာမာအေး ရဲ့ “ မေ့ကွက်ကိုရှာ ” နဲ့ “ နှင်းပျောက်တဲ့နွေ ” သီချင်း နှစ်ပုဒ် ကို တစ်ပြိုင်တည်း နားဆင် နေရသလား လို့ တောင် ခံစားမိခဲ့တာပေါ့ ။

ဒါတင် မကသေးဘူး ။ လွန်ခဲ့တဲ့ အနှစ် ခြောက်ဆယ် ၊ ကျွန်တော် ဆယ်တန်း ကျောင်းသား ဘဝ က သင်ခဲ့ရတဲ့ Golden Gate ကဗျာပေါင်းချုပ် စာအုပ် ထဲ က To the Cuckoo ဆိုတဲ့ ကဗျာလေး တစ်ပုဒ် ကို လည်း မကြာခဏ သတိရ မိတတ်သေးတယ် ။ ထုံးစံ အတိုင်း နိုင်ငံခြားသား ကဗျာ ဆရာ က လည်း ဥသြငှက် ကို လွမ်းတေးသီတဲ့ ငှက် လို့ ပဲ သတ်မှတ် ထားကြတာ မဟုတ်လား ။

အတန်း ထဲ မှာ ကဗျာ ကို ရှင်းပြတဲ့ ဆရာ က “ Cuckoo ဆိုတာ ဥဩ - ဥဩ လို့ အော်တဲ့ ငှက်ကလေးကို ခေါ်တာ ၊ ဦးထွန်းငြိမ်း အဘိဓာန် မှာ တော့ ' Cuckoo is a bird named after its call , which lay eggs in the nest of other birds ' လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတယ် ” လို့ ရှင်းပြ ခဲ့ဖူးပါတယ် ။

ဒီ အခါ မှာ ဥသြငှက်ကလေးတွေ အပေါ် ကြင်နာသနား တဲ့ စိတ် ကို အရင်းခံ ပြီး ဒီ ငှက်ကလေးတွေ ဟာ ဘာကြောင့် များ သူ တစ်ပါး အသိုက် ထဲ မှာ သွားပြီး ဥ ချ ကြရတာပါလိမ့် ။ ခမျာတွေ မှာ စာဘူးတောင်း ငှက်ကလေးတွေ လို အသိုက် ဆောက် တတ်တဲ့ အသိဉာဏ် မရှိလို့လား ၊ ဒါမှမဟုတ် သူတို့ ဆောက်ထား တဲ့ အသိုက် ကို တခြား အင်အားကြီး တဲ့ ငှက်တွေ က ဖျက်ဆီး ပစ်ကြလို့များလား ဆိုတဲ့ ကရုဏာ တွေး လေး ဝင်ခဲ့မိ သေးတယ် ။

အဲဒီလို ဥသြငှက်ကလေး တွေ အပေါ် မှာ ထားခဲ့မိ တဲ့ ကြင်နာ သနားတဲ့ စိတ်တွေ ဟာ ၂ - ၂ - ၂၀၁၀ နေ့ ညနေ က စလို့ တစ်မျိုးတစ်ဖုံ ပြောင်းလဲချင် လာ တယ် ။ တစ်နည်းအားဖြင့် သူတို့လေးတွေ ရဲ့ အကျင့်စရိုက်တွေ အပေါ် မှာ သံသယစိတ် နဲ့ ရွံမုန်း ချင် သလိုလို ဖြစ်လာမိတော့တယ် ။

အဲဒီ ညနေ က မြဝတီရုပ်သံ က လွှင့်ထုတ် နေကျ သဘာဝ ပတ်ဝန်းကျင် နှင့် တောရိုင်း တိရစ္ဆာန်များ ဆိုတဲ့ အခန်းဆက် အစီအစဉ် တစ်ခု ကို အမှတ်မထင် ကြည့်လိုက် မိတယ် ။

ဒီ အစီအစဉ် ကို နောက်ခံစကား ( အင်္ဂလိပ် လို ) ပြောတဲ့ သူရဲ့ အဆို အရ တော့ သူတို့ ဟာ ဥသြငှက်တွေ ရဲ့ ဓလေ့စရိုက် ကို စူးစမ်း လေ့လာဖို့ တောတောင်တွေ ထဲ မှာ သုံးလေးလ အချိန် ယူ စောင့်ကြည့် ပြီး ရိုက်ခဲ့ရတယ် တဲ့ ။

ကျွန်တော် ကြည့် ရတဲ့ အပိုင်း က တော့ ဘယ်နှပတ်မြောက် လဲ မသိ ဘူး ။ ဟို .. သစ်ပင် မြင့်မြင့်ကြီး ရဲ့ ထိပ်ဖျား ငှက်သိုက် တစ်ခု ထဲ မှာ ဂေါ်လီလုံး အရွယ် အက်ကွဲစ ဥကလေး တစ်လုံး ရယ် ၊ ဥ က ပေါက်စ နီနီထွေးထွေး ငှက်ကလေး တစ်ကောင် ၊ ပြီးတော့ အကောင်ထွားထွား နီနီထွေးထွေး ငှက်ကလေး တစ်ကောင် တို့ ကို မြင် နေရတယ်လေ ။ အဲဒီ အကောင် ထွားထွား က ဥသြငှက်ပေါက် တဲ့ ။ အမွေးအမှင် မပေါက်သေး ၊ မျက်လုံး လည်း မပွင့်သေး ပါဘူး ။

အဲဒီ ကောင် က သူ့ ထက် သေး တဲ့ ငှက်ပေါက်ကလေး ကို အတောင် နှစ်ဖက် နဲ့ ညှပ်ပြီး အသိုက် နှုတ်ခမ်းပေါ် တရွေ့ရွေ့ တွန်းတင် နေပါတယ် ။ ငှက်ပေါက်ကလေး လည်း အသိုက် နှုတ်ခမ်းပေါ် ရောက် သွားရော ခေါင်းပြောင်ပြောင် လေး နဲ့ တွန်းချ လိုက် တော့တယ် ။ ဟော နောက် တစ်ခါ အက်ကွဲစ ဥကလေး ကို လည်း ခုပုံ အတိုင်းပဲ အသိုက် ထဲ က တွန်းချ လိုက်ပြန်တယ် ။

မကြာခင်မှာ ဘဲ အသိုက်ရှင် ငှက်မောင်နှံ အစာရှာ ရာ က ပြန် ရောက်လာ ကြပြီး အသိုက် နှုတ်ခမ်း ပေါ် မှာ နား လိုက်ကြတယ် ။ ဒီ အသံ လည်း ကြား ရော ဥသြငှက်ပေါက်လေး က နှုတ်သီး ကို အစွမ်းကုန် ဟဖြဲ လို့ တကျိကျိ အစာ တောင်း နေပါတော့တယ် ။

ငှက်ဖိုမောင်နှံ ခမျာ မှာ တော့ ဘာမှ မသိရှာဘူး ထင်ပါရဲ့ ။ အသိုက် ထဲ မှာ တစ်ကောင် တည်း ရှိတော့တဲ့ ငှက်ပေါက်စလေး ကို သူတို့ ရင်သွေး လို့ ပဲ ထင်ပြီး နှုတ်သီးနှင့် ချီ လာတဲ့ အစာတွေ ကို ငှက်ပေါက်စလေး ရဲ့ အာခေါင် ထဲ ထိုးသွင်း ကျွေး နေ ရှာ ကြတယ် ။ သူတို့ ကိုက်ချီ လာတဲ့ အစာ ကို ကျွေး လို့ လည်း ကုန် ရော နောက် တစ်ခါ အစာ ရှာ ဖို့ ပျံထွက် သွား ကြပြန်တယ်လေ ။

ဒီလိုနဲ့ လေး ၊ ငါး ၊ ဆယ်ရက် ငှက်မောင်နှံ ရှာကျွေးတဲ့ အစာ ကို တဝတပြဲ စား နေရတဲ့ ဥသြငှက်ကလေး ဟာ အတောင်အလက် လည်း စုံ လာရော ကောင်းကင်ယံ မှာ ပျံဝဲ ပြီး ဥဩသံ ပေး နေတဲ့ သူ့ ဆွေမျိုးငှက်တွေ ရှိရာ ကို ထပျံပြေး သွား ပါတော့တယ် ။ အဲဒီလို မြဝတီရုပ်သံ က ကြည့်လိုက်ရတဲ့ တစ်ပိုင်းတစ်စ ပုံရိပ်တွေ ကို ပိုပြီး စုံစုံစေ့စေ့ သိချင်လို့ သဲလွန်စ လိုက် ရှာ နေခဲ့တာတော့ ကြာပါပြီ ။

မကြာသေးခင် အချိန် က ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် မှာ The new
Encyclopedia Britannica in 30 ( thirty ) volumes ဆိုတဲ့ နောက်ဆုံးပေါ် စွယ်စုံကျမ်းကြီး တစ်ခု ကို ဘွားခနဲ တွေ့ လိုက်ရပါတယ် ။

ဒါနဲ့ C ( စီ ) အက္ခရာ နဲ့ စတဲ့ အတွဲ ၅ ကို ခေတ္တ ငှားရမ်း ကြည့်လိုက်မိတယ် ။ ဟော တွေ့ပါပြီ ၊ Cuckoo ( ဥသြ ) ငှက် အကြောင်း လေ့လာ တွေ့ရှိချက်တွေ ပေါ့ ။

ကမ္ဘာ ပေါ် မှာ ဥသြငှက် မျိုးစိတ် ပေါင်း ၁၂၇ နီးပါး ရှိတယ် ။ အန္တာတိက တိုက် မှ အပ အပူပိုင်းဇုန် နဲ့ သမပိုင်းဇုန် တွေ မှာ သူတို့ ကို အများဆုံး တွေ့ရတယ်တဲ့ ။

ဒီ နေရာ မှာ ထူးခြားတာလေး တစ်ခု သွားတွေ့တယ် ။ ကျွန်တော်တို့ က ဥဩ - ဥသြ လို့ သူ့ အော်သံ ကို အစွဲ ပြုပြီး “ ဥသြငှက် ” လို့ အမည် တပ် သလို သူ တို့ အနောက် နိုင်ငံသားတွေ က လည်း most of which are called ' go away birds ' ( because the calls of some are ' g - way g - way ' ) လို ဆိုထားတော့ ကျွန်တော်တို့ နား ထဲ မှာ ဥဩ - ဥဩ လို့ ကြားတာ ကို သူတို့ နား ထဲ မှာ “ ဂဝေး - ဂဝေး ” လို့ ကြားတယ် ထင်ပါရဲ့ ။ ဥပမာ ပြ ရ ရင် ကျွန်တော် တို့ က ကြက်ဖ တွန်သံ ကို “ အောက်အီအီးအွတ် ” လို့ ကြားတာ ကို သူတို့ က ‘ Cock - a - doodle - doo ’ လို့ ကြား သလို နေမှာပေါ့ ။

ကဲ မျိုးဆက် ပြန့်ပွားပုံလေး ကြည့်လိုက်ကြရအောင် ။

သူတို့ သားပေါက်တဲ့ ရာသီ နီးလာပြီ ဆိုရင် ဥသြငှက် မောင်နှံ ဟာ ကောင်းကင်ယံ မှာ ပျံဝဲ ရင်း အခြားသော ငှက် တွေ ရဲ့ အသိုက်တွေ ကို လေ့လာ သတဲ့ ။ ကျွန်တော် တို့ ယျေဘုယျ သိထားတာ က ဥသြငှက် ဟာ ကျီးကန်းသိုက် ထဲ မှာ ဥတယ် လို့ပဲ သိထားတာပါ ။ အဲဒီလို မဟုတ်ပါဘူး ။ ဘယ် ငှက်သိုက် မဆို အလစ် မှာ ဝင် ဥကြတာပါ ။ ယုတ်စွ အဆုံး စာဘူးတောင်းသိုက် လို ဝင်ပေါက် တစ်ပေါက် တည်း သာ ရှိတဲ့ အသိုက် မှာ တောင် မှ ဝင် ဥကြတာတဲ့လေ ။ သူတို့ ရဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာတဲ့ အကျင့်စရိုက် က လည်း အတော် အံ့သြဖို့ ကောင်းတယ် ။ အခြားသော ငှက်များ ရဲ့ အသိုက်တွေ ကို ကောင်းကင် က ပျံဝဲ လေ့လာရင်း ဥ တစ်လုံး လောက် ဥ ထားတာ တွေ့ မှ မူလ အသိုက်ရှင် ငှက်မ မရှိတဲ့ အခိုက် အလစ် မှာ ဝင် ဥ တာတဲ့ ။ ပြီးတော့ အခြား ငှက် တွေ လို ဥ သုံးလေးလုံး လောက် ဥပြီး သားပေါက် အောင် ကိုယ်တိုင် ဝပ်တာ လည်း မဟုတ်ဘဲ ၊ တစ်ရာသီ မှာ အသိုက် တစ်ခု တစ်လုံးကျ နဲ့ အနည်းဆုံး ဆယ့်ငါးလုံး ၊ အလုံး နှစ်ဆယ် ဥ တာပါ ။ ( The Cuckoo places only one egg in each host nest and so much find a new nest for each of her 15 to 20 eggs . ) အဲဒီလို ဥ ချရင်း တစ်ခါတလေ အသိုက် ပိုင်ရှင် ငှက်မ ရဲ့ ဥတွေ ကို ဖျက်ဆီး ပစ် တတ်ကြသေးတယ်တဲ့ ။

ကဲ သူတို့ မျိုးဆက် ရှင်သန်ပေါက်ဖွားလာပုံကလေး ဆက် ပြီး ကြည့် လိုက်ကြရအောင် ။ ဥသြငှက် ရဲ့ ဥတွေ ဟာ မူလ အသိုက်ရှင် ငှက်မ ရဲ့ ဥတွေ ထက် အကောင်ပေါက် စော ကြ သတဲ့ ။ ဒါမှလည်း မပေါက်သေး တဲ့ ဥ နဲ့ ပေါက်ပြီးစ ငှက်ကလေးတွေ ကို ဖျက်ဆီး နိုင်ကြမှာပေါ့ ။

ဥ မှ ပေါက်စ ဥသြငှက် ဟာ အသိုက် ထဲ မှာ ရှိသမျှ ဥတွေ ရော ၊ အကောင်ပေါက်လေး တွေ ကို ပါ မြဝတီ မှာ ကြည့်ခဲ့ရ သလို အသိုက် ထဲ ကနေ တွန်းထိုး ဖယ်ရှား ဖျက်ဆီး လိုက်ကြတော့တယ် ။ နောက်ဆုံး တော့ သူ တစ်ယောက် တည်း ပဲ အသိုက် ထဲ မှာ ကျန်တော့တာပေါ့ ။ ဒီ အခါမှာ မွေးစား မိဘ ငှက်မောင်နှံ ရှာဖွေ ကျွေးမွေး သမျှ တဝတပြဲ စား ၊ အားအင်တွေ ပြည့်ဖြိုး လို့ အတောင် လည်း စုံရော သူ့ ဆွေမျိုးတွေ ရှိရာ ကို ထ ပြန် သွားတော့တယ်လေ ။ ( Within a few hours of hatching , the blind naked , young cuckoo has the nest and the attentions of the foster parents itself . )

စာဖတ်သူများ ခင်ဗျား ခုလောက် ဆိုရင် အင်မတန် လွမ်းဆွတ် ကြေကွဲဖွယ်ရာ ကောင်း တဲ့ အသံရှင် ဥသြငှက် တို့ ရဲ့ ရွံမုန်းစရာ ကောင်းလှတဲ့ စရိုက် ဉာဉ်ဆိုး ကို လေ့လာမိ လောက်ကြပြီ ထင်ပါရဲ့ ။

ဒါကြောင့် မျိုးဆက် လည်း များ ချင်သေး ၊ ကိုယ်တိုင် ကျ တော့ အသိုက် လည်း မဆောက် ၊ ဝပ် လည်း မဝပ်ဘဲ သူများ ပိုင်နက် ထဲ ဝင်ရောက် ကျူးကျော် အပိုင်စီး တတ်တဲ့ ဒီ ဥဩငှက်တွေ ကို ကျွန်တော် ခုလို ပြောတာပေါ့ ။

“ ဥသြကို မုန်းတယ် ” လို့ ။

◾မောင်ထွေးဦး ၊ ရန်ကုန်တက္ကသိုလ် ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၄ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment