Sunday, April 28, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၇ )


 ဂျုံးဂျုံးဂျက်ဂျက် လယ်တောစပ် က မီးရထား မရပ်မနား ပြေးလွှား နေသည် ။ ပြင်ပ လယ်ကွင်းပြင် ကို ကြည့် ရင်း နွား နှစ်ကောင် မြင် လျှင် ပင် စိတ်ကူး ယဉ်ချင်စရာ ဖြစ်နေ၏ ။ စိတ် ထဲ ၌ လည်း လှိုက်ခနဲ လှိုက်ခနဲ ။


“ ဪ ... မြင့်စန်းရီ နှင့် သားဦး ရပါ က နွား ပဲ ဖြစ်ရ ဖြစ်ရပါကွယ် ” 


တကယ်ပါ ။ နွားမ နေရာ မှာ မြင့်စန်းရီ မျက်လုံး သာ ပြောင်း တပ် လိုက် ကျွန်တော် ဟာ လူ စင်စစ် က နွား ဖြစ်ဖို့ ဝန်မလေး တဲ့ သူပါ ။ 


ဤမျှလောက် စွဲလမ်းရသူ လေ ။


အတွေး ကောင်း နေစဉ် မှာ ပင် ရထား က တံတား တစ်ခု ကို ဖြတ် ၍ တဝုန်းဝုန်း နှင့် ဆူညံ သွားသည် ။ ထို တော့ မှ အသိစိတ် က ခုန နွား ဆီ က နေ လူ ဆီ ပြန် ကပ်၏ ။


“ ရောက်တော့မယ် ” ဆိုသော အသိစိတ် က ရင် ထဲ မှာ လှိုက်ခနဲ ။


အရှေ့ တစ်ရွာ လွန် လျှင် မြင့်စန်းရီ တို့ ရွာ ရောက်ပြီ ပဲ ။ မြင့်စန်းရီ မှာ စေ့စပ်ပွဲ ပျက်ပြီး ကတည်း က ရှက်လွန်း ၍ ရွာ ပြန် ခဲ့လေပြီ ။ သူ က ပြေးသူ ။ ကျွန်တော် က လိုက်သူ ။


ရထား က လည်း ပြေး နေ ဆဲ ။ အရှိန် က လုံးဝ မလျှော့ ၊ မသင်္ကာ ၍ ဘေးနား ငိုက်မြည်း နေသူ တစ်ဦး ကို လက်တို့ နှိုးလိုက်သည် ။ 


“ အဘ ... အဘ အရှေ့ရွာ မှာ ရထား က မရပ်ဘူးလား ”  


လူကြီး မှာ အိပ်ချင်မူးတူး နှင့် ထ၍ ဘေးဘီ ဝေ့ ကြည့်သည် ။


ပြီးမှ ..


“ မရပ်ဘူး ” 


“ ဟယ် ” 


တစ်လုံး ထဲ သော စကား ကို မှာကြားပြီး ပြန်လည် ငိုက်မြည်း နေ ပြန်သည် ။ ကျွန်တော် က သာ မနေနိုင် မထိုင်နိုင် ဖြင့် ... 


“ ဒါဖြင့် ဘယ်မှာ ရပ်မှာလဲ ” 


“ အဲဒီ ရွာ ကျော်ပြီး သုံးလေးငါးရွာ ကျော်ပြီး ဟိုဘက် မြို့ ရောက် မှ ရပ်မှာ ၊ အဲဒီက မှ ဂွန်ဒေါင်း ဖြစ်ဖြစ် ၊ ဆိုင်ကယ် ဖြစ်ဖြစ် စီး ပြီး ပြန်လာ ရ မှာ ” 


“ ဟင် ” 


တင်း ထားသော အားများ ပျော့ကျ သွား မိ၏ ။ ရွာ ကို မြင် နေရ ပြီး မှ ကျော်သွား ရမဲ့ အဖြစ်မျိုး တော့ ကျွန်တော် အဖြစ် မခံနိုင် ။ ဖြစ်နိုင် လျှင် မြင့်စန်းရီ နှင့် အမြန်ဆုံး တွေ့ ချင်ပြီ ။ ရှင်းပြချင် ၊ တောင်းပန်ချင် ပြီ လေ ။ ထို့ကြောင့် ...


“ ဒါ ... ဒါဆို အနီးဆုံး လမ်း က ” 


“ ခုန်ချ ပေါ့ ” 


“ ဟင် ” 


တိုသည် ။ ထိသည် ။ အနီးဆုံး လမ်း ကား တိုတိုလေး နှင့် ထိသည် ။ ခုန် ချ လိုက်ရုံသာ ။


အချစ် ၏ စွမ်းအား သည် လွန်စွာ ထူးဆန်းလွန်း ပါသည် ။ ဘယ်က ဘယ်လို ပေါ်ထွက်လာမှန်း မသိသော တွန်းအား တစ် ခုက လူ ကို ရထားတံခါး နား ရောက်စေခဲ့ ပါသည် ။ 


ပြင်ပ လေ တဟူးဟူး က မျက်နှာ ကို ရိုက်ခတ် သော်လည်း ကျော ကို စိမ့် စေသည် ။ အောက် ကို ငုံ့ ကြည့်လိုက် တော့ နိမ့်လိုက် မြင့်လိုက် နှင့် ခေါင်းမူး ချင်စရာ ၊ မျက်လုံး ကို ပြန် မှိတ်လိုက်သည် ။


“ ဟူး ... ဟူး ”  


အသက် ကို ရှူလိုက် သလား ၊ လေ ကို ပဲ မှုတ်ထုတ်မိ သလား မသိ ။ မျက်လုံး ပြန် ဖွင့် ကြည့်သည် ။ ဘုန်းကြီး လူထွက် ဆံပင် က လေ ထဲ ရှုပ်ယှက်ခတ် နေသည် ။ စိတ် ထဲ တွင် လည်း ... 


“ ခုန် ချ လို့ ဖြစ်ပါ့မလား ၊ ခုန် ချ လို့ ဖြစ်ပါ့မလား ”  


ဟု စိတ် က ကြောက်ရွံ့မှု ကို ကြီးစိုး စေသည် ။ 


မျက်လုံး ကို ပြန် ဖွင့်မိ၏ ။


သစ်ပင်များ က ရိပ်ခနဲ ရိပ်ခနဲ ။ အောက် ငုံ့ ကြည့်တော့ ရထားလမ်း ခင်းထားသော ဂဝံကျောက်များ က အသည်းယား စဖွယ် ။ 


“ အော့ ” 


ကျောက်များ ကို ကြည့်ပြီး ခေါင်းပ င်မူး တက် လာသည် ။ 


ခြေလှမ်း ကို အနောက်သို့ အလိုလို ရွေ့မိသည် ။ 


သို့သော် .. 


“ မြင့်စန်းရီ ”  


ထို နာမည် လေး ခေါင်း ထဲ ပြန် ရောက်သည် နှင့် မျက်လုံး က ဒိန်းခနဲ လင်းတက် သွား၏ ။ ကြောက်စိတ် က အလိုလို ပျောက်ကွယ် သွားသည် ။ ခပ်ပြင်းပြင်း တိုက်ခတ် နေသော လေပြင်း က လေပြည်ညှင်း သဖွယ် အေးမြ သွား၏ ။ အရှိန်ပြင်း နေသော ရထား က  လိုအပ် သည် ထက် ပိုမို နှေးကွေး သွား သယောင် ၊ အလိုလို နေရင်း ခြေလှမ်း ကို အရှေ့ ပြန် ရွှေ့မိသည် ။


“ ဟော ... ကြည့်စမ်း မြင့်စန်းရီများ လက်ပြ ခေါ်နေ သလား ”  


ခပ်ဝေးဝေး လယ်ကွင်း ထဲ မှ မြင့်စန်းရီ ၏ ပုံရိပ် ကို မြင် လိုက် ရသည် ။ လူ လည်း ချက်ချင်း ဝမ်းသာလုံး ဆို့ သွားသည် ။ 


ထို့ကြောင့် ... 


“ မြင့်စန်းရီ ... ကျွန်တော် လာပြီ ”  


အော်သံ နှင့် အတူ ခြေထောက် က လေ ထဲ ။ လူ က လှိုက်ခနဲ ပြုံးပြုံးကြီး ကားယားကြီး ။ 


ပြီးနောက် ...


“ ကိန် ” 


ခွေးကျ ရှင်းပြရ ခက်မည် စိုး၍ ဟောင် ပြ လိုက်သည် ။ ခြေ နှစ်ဖက် လက် နှစ်ဖက် အပီအပြင် ကျသည့် ခွေးကျ ။ ကျတာ က မှ ဂဝံ ကျောက် ပေါ် ။


“ အာဝု .. ဝု ... ဝု ... အု ” 


ပါးစပ် က လူသံ မထွက်ဘဲ ခွေးသံတွေ သာ ထွက် နေ၏ ။ ဖုန်းခနဲ လိမ့်ထွက် ကာ လွယ် ထားသော အိတ် ပင် ပေ ငါးဆယ် ခန့် လွင့်ပျံ သွားသည် ။


“ ဟင် ... ရထား ပေါ် က လူ ပြုတ်ကျပြီ တော့ ”  


“ ဟင် ... ဘယ်ကလဲ ၊ ဒီ အော်သံ နဲ့ ဆို ခွေးသားလေး ရေနစ်တာ ဖြစ်မှာပါ ” 


“ ဟဲ့ ... ရထား ပေါ် က ခုန်ချ သွားတာလား ” 


“ အိုအေ ... တော်ရုံ အသိဉာဏ် ရှိရင် ခုန်ချပါ့ မလား ၊ ခွေး ပဲ ဖြစ်မှာပါ ” 


“ အလို... လူ တစ်ပိုင်း ခွေး တစ်ပိုင်း ၊ သမန်းခွေး သမန်းခွေး ” 


အော်သံများစီ ညံနေသော ရထား ။ သူ့ အလုပ် သူ ဆက် လုပ်သည် ။


ကျွန်တော် က သာ ဂဝံကျောက်ပုံ ဘေး ခွေခွေလေး ။ မထ နိုင်သေး ။


ဘေးဘီ ဝေ့ ကြည့်တော့ မြင့်စန်းရီ တို့ ရွာ လည်း မဟုတ် ။ တဏှာ ဦးဆောင်ပြီး ရူးကြောင်မူးကြောင် နှင့် တစ်ရွာ အလို မှာ ခုန်ချမိ ခြင်းသာ ။


လူ တစ်ကိုယ်လုံး ဘာမှ မဖြစ်ပေမယ့် လက် နှစ်ဘက် ၊ ခြေ နှစ်ဘက် မှာ ဒဏ်ရာများ နှင့် စုတ်ပြတ် နေသည် ။


“ ဝု ... ဝု ... အူး ... အူး ... အိုင် ... အိုင် ... အိုင် ”  


နာကျင် လွန်း ၍ ပါးစပ်မှ မူလဘူတ အစ အရင် ဘဝ က အသံ သာ ထွက် နေ၏ ။ ကိုယ့် လက် ကို ကိုယ် ပြန် ကြည့် လိုက် ။ လက် ကို ကုပ်ကုပ်လေး ကွေး ကြည့် လိုက် နှင့် ကုပ်ကွး နေရ ရှာသည် ။ 


“ အိုင် ... အိုင် ... အူး ... ဝု ” 


ကိုယ့် ဒဏ်ရာ ကိုယ် ကြည့်တာ တောင် မျက်လုံးများ က မှေး နေ ၏ ။ လက် နှစ်ဘက်လုံး မှာ ဂဝံများ ဒဏ်ကြောင့် အရေပြားများ လန် နေသည် ။ လေးဘက် ထောက် ကြည့်သည် ။ ယခင် ဘဝ ၏ ကုသိုလ်ကံ ပါရမီကြောင့် ရ၏ ။ ခေါင်း ကို ဘေး ဘယ်ညာ လှည့် ကြည့်သည် ။ အဆင် ပြေတုန်း ။ မတ်တပ်ရပ် ကြည့်သည် ။


“ ယာစ် ” 


ယခု ဘဝ အတွက် သီလ ၊ သမာဓိ မကောင်း၍လား မသိ မတ်တပ် စမ်းရတာ ကို က မလွယ် ။


“ ယားစ် ” 


လူ မကောင်း သော် ငြား ဘုန်းကြီး လေးကြိမ် ဝတ်ခဲ့သော ပါရမီ အခံကြောင့် မတ်တပ်ရပ် ၍ ရသွားသည် ။ 


“ အမေ ရေ ” 


ပထမဆုံး လူ လို ပြောတတ်သည် နှင့် ခလုတ် ထိ ထားသည် မို့ အမိ ကို တ၏ ။ လမ်း အနည်းငယ် လျှောက် ကြည့်သည် ။ 


“ အား ... ကျွတ် ... ကျွတ် ... ကျွတ် ” 


ခြေဖမိုး နှင့် အရေပြားများ လန် နေသည်မို့ အနည်းငယ် နာသယောင် သာ ပြုသည် ။ ထို အတိုင်း ထော့နင်းထော့နင်း နှင့် လွင့်စင် သွားသော အိတ် ကို သွား ကောက်ရသေး၏ ။ 


ပြီးမှ တစ်လှမ်း ချင်း ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment