❝ ဘိုးကျန်ရစ် ❞
သာအေး သည် ရွာနံဘေး ၌ နွားပြာကလေး ကို အစာ ကျွေး ၍ နေလေရာ ၊ သာလှ သည် ရွာဝ မှ ဖျာစ ကို ကိုင်ကာ ရွာ ထဲ သို့ ဝင်လာလေ၏ ။ သို့ဖြင့် ရုတ်ခြည်း သာအေး ၏ မျက်နှာ သည် သာလှ ကို မြင်သည်နှင့် တစ်ပြိုင်နက် တာနော ဘီလူးကြီး သွားဖြီး လိုက် သလို ရုတ်ခြည်း ၎င်း ၏ မျက်နှာ မှာ လည်း ပြောင်းလဲ သွားလေတော့၏ ။ သာလှ မှာ ငှက်ပျောသီး နှစ်လုံးစာ လောက် ကျွေးရင် ဝင်နိုင် လောက် သည့် ပါးစပ်ကြီး ကို ဖြဲ လိုက်ပြီး ၊ ဇီးကွက် မျက်စိလောက် မျက်လုံးကြီး ပြူး သွားလေ၏ ။ သာအေး ကား နွားပြာကလေး ကို အစာ ကျွေး ၍ နေရာ မှ သာလှ ရွာ မှ ဝင်လာသည် နှင့် တစ်ပြိုင်နက် မိမိ လုပ်ရမည့် အလုပ် မှာ ခေတ္တမျှ ပျက်စီး သွားရသည် ဟု ထင်မှတ် မိလိုက်လေ၏ ။
သာလှ သည် သာအေး ၏ ရှေ့ သို့ ရောက်လာလေ၏ ။ သာအေး ၏ မျက်စိ သည် မခံချင်သည့် ဒေါသတွေ မောဟတွေ စုပေါင်း ကာ ဌာပနာ ထားသော အသွင်ဖြင့် သာလှ ကို စူးစိုက်ကြည့် လိုက်လေ၏ ။ သာလှ က လည်း သာအေး ကို မျက်လုံးကြီး ကျွတ်ကျ မလောက် ပြန်၍ ကြည့် လိုက် ပြန်လေ၏ ။ သာအေး က မျက်နှာ တစ်ခုလုံး မဲ့ရွဲ့ လိုက်ပြီး မှ “ ထွီ ” ဟု မသတီစရာ ကောင်း သော တံတွေး ကို ထွေးလိုက် သဖြင့် ၊ သာလှ က လည်း အသာ မပေး လိုသော မျက်နှာ ဖြင့် “ ထွမ် ” ဟု ပြန် ထွေး လိုက် ပြန်လေ၏ ။ သာအေး မျက်နှာ မှာ သာ၍ မအေးဘဲ “ လာဟေ့ ... ချမဟေ့ ” ဟုသော အသွင် ပေါ်လာလေ၏ ။ သို့ဖြင့် ရှေ့ သို့ တစ်လှမ်း တိုး သွားပြီး “ ဟေ့ကောင် ” ဟု လွန် သွားသော သာလှ ကို အာဏာသံ ခပ်ပါပါ နှင့် ခေါ် လိုက်လေ၏ ။ “ ဘာလဲ ” ဟု သာလှ က လည်း အရေး မစိုက်သော မျက်နှာ ဖြင့် ခါးထောက် ရင်း ပြန် ပြော လိုက်လေ၏ ။ သာအေး က သာလှ နား တိုးလာ၏ ။ မျက်နှာချင်း ရင်ဆိုင် မိကြလေ၏ ။ သာအေး က သာလှ ကို ခြေဆုံး ၊ ခေါင်းဆုံး ကြည့် လိုက်ပြီး မှ “ မင်း .. ဘာဖြစ် လို့ ငါ့ ကို အူကြောင်ကြောင် လုပ်ရတာလဲ ” ဟု ခပ်တည်တည် မေး လိုက်လေ၏ ။
“ ငါ ... ဘာကြောင်ခဲ့သလဲ ၊ မင်း ကြောင်တာ ၊ မင်း ... ငါ့ ကို ဘာကြောင့် အပေါက်ဆိုး မှုတ်ရတာလဲ ” ဟု မထီ သလို ပြန် မေးလိုက်ရလေ၏ ။
“ ငါ ဘာလုပ်သလဲ မင်း သိရဲ့လား ”
“ ဘာကြောင့် မသိရမှာလဲ ၊ မင်း .. ငါ့ ကို “ ထွီ ” ဆိုပြီး တံတွေး နှင့် ထွေးလိုက်တာပဲ ”
“ တံတွေး ထွေး တာ နဲ့ မင်း ကို အပေါက်ဆိုး မှုတ်တယ် ဆိုတာပေါ့ ၊ ဒါဖြင့် မင်း “ ထွမ် ” ဆိုပြီး လုပ်တာကော ”
“ ဒါတော့ မင်း “ ထွီ ” လုပ်လို့ ၊ ငါ က “ ထွမ် ” ရတာပဲ ၊ ငါ့ အပြစ် မှ မဟုတ်ပဲ ”
“ စကား ပြောတာ ကြည့် ပြော ၊ ငါ ဘုန်းကြီး လူထွက် ဆိုပြီး အရမ်း မကြဲနဲ့ ”
“ မင်း လည်း စကား ပြောတာ ဆင်ခြင် ပြောပါ ။ ငါ သူတောင်းစား ထမင်းဝတယ် ဆိုပြီး ထင်ရာ မရမ်းနဲ့ ”
“ အမယ်.... မင်း က ငါ့ ကို သူတောင်းစား လို့ ခေါ်တာ .. ”
“ နို့ ... မဟုတ်ဖူးလား ၊ မင်းတို့ စားစရာ မရှိရင် လိုက်ပြီး ချေးငှား တောင်းစားရတယ် မဟုတ်လား ”
“ တော် ... တော် မင်း နဲ့ စကား ကြာကြာ ပြောနေရင် မကြာခင်ပဲ “ ဆော် ” ပွဲကြီး ကျင်းပရလိမ့်မယ် ။ မင်း နဲ့ ငါဟာ မတည့်ကြတဲ့ ကမ္ဘာရန် ဆို တာ မင်း အသိပဲ မဟုတ်လား ”
“ သိသားပဲ ၊ သိလို့ မတည့်ကြတဲ့ စကားတွေ ပြော နေရတာပဲ ကို ၊ အကြံ တူ တော့ မိတ်ဆွေ မဟုတ်ဘူးပေါ့ ။ နို့ပေမဲ့ စွံ တဲ့ လူ ယူတမ်းပေါ့ ”
“ ကုသ ထက် မသာ တဲ့ ရုပ်လား ခင်ကြီး ကို ရမှာ ”
“ အမယ် မာတင်္ဂ နဲ့ ညီအစ်ကို တော်တဲ့ မင်း က ကော ၊ ခင်ကြီး ကို ရမှာလား ”
“ ဟေ့ .. မာတင်္ဂ ဟာ အမျိုးညံ့ ပေမယ့် ဘုရားလောင်း ကွယ့် ”
“ ကုသ က တော့ ဘုရားလောင်း မဟုတ်လို့ ဘာလောင်းပဲ ၊ ကြိုက်တယ် ဆိုတဲ့ ဓာတ် ကို ခွဲကြည့်စမ်း ၊ ရူပ ဆိုတဲ့ အဆင်း ကို တွေ့ ရ မလားလို့ ”
“ တော်ကွာ ... မင်း ငါ့ ကို ဘု မတော နဲ့ သွားမယ်သာ သွား ”
“ မင်း သွားခိုင်းတိုင်း ငါ သွားမှာလား ။ မင်း က ဘာမို့လို့လဲ သူကြီးသား လား ”
“ နောက်တော့ ဖြစ်ရမှာပဲ ၊ ကြည့်နေလေ မကြာခင်တော့ မင်း တို့ သိရလိမ့်မပေါ့ ”
"ဟား .. ဟား သူကြီးသား ဖြစ်မယ့် အုတ်ခဲ ၊ ဟီ .. ဟီ ခင်ကြီး က မင်း ကို ထဘီ တောင် မလျှော် ခိုင်းဘူးတဲ့ ”
“ ဒါဖြင့် မင်း ကို တော့ လျှော်ခိုင်းမှာ ပေါ့ ”
“ ဘာ ... ဘာပြောတယ် ”
“ ဘာ ပြောရမလဲ ၊ မင်း က ချ ချင်သလား ၊ ငါ့ အကြောင်း လည်း မင်း သိမှာပေါ့ ၊ မနှစ်က လက်ဝှေ့ပွဲ မှာ ကိုလားပြန် ကို အသေနှံ လွှတ်လိုက်တယ် ဆိုတာ မင်း ကြားရဲ့ ၊ သိရဲ့ မဟုတ်လား ”
“ မင်း လက်သီး လောက်တော့ ရီ တာပေါ့ ၊ ငါ့ ရည်းစားဟောင်း အခု လင် ယူ သွားပြီ ၊ သူ နဲ့ ရည်းစား စကား သွား ပြောတန်း က သူ့ အဖေ ကလည်း သဘော မတူ ၊ ငါ လာတာ လည်း သိရလို့ တံခါး ကို အစောကြီး ပိတ်ထားတာ ကိုး ၊ အိမ်ဘေး က ဘုတ်ဆုံ အိပ်တဲ့ ပြတင်းတံခါး ကို လက်သီး နှင့် အတင်း ပစ်ထိုး လိုက်တာ ပြတင်းတံခါး ကျိုးသွားရအောင် ပြင်းတဲ့ လက်သီး ဆိုကာ မင်း သိရဲ့ မဟုတ်လား ။ ရိုးရိုး လက်သီး မဟုတ်ဘူးကွဲ့ သံလက်သီး ကွ ... သံလက်သီး ”
ထိုအတွင်း မိန်းမကြီး တစ်ယောက် ဈေးတောင်း ရွက် ကာ ၎င်းတို့ အနား ရောက် လာလေ၏ ။ သာလှ က လှည့် ကြည့်လိုက်ရာ ၊ ဘုတ်ဆုံ အမေ မတော်မတည့် ယောက္ခမကြီး ဖြစ် နေမှန်း သိရ၍ ဆီးတဲ့ ကာ “ ဒွေးလေးရုံ ဘယ်က လာသလဲ ” ဟု မေး လိုက်လေ၏ ။ မိန်းမကြီး က သာလှ ကို မော် ကြည့်ပြီး “ ဪ မောင်သာလှ ကိုး ၊ မင်း အဖေ က ရွာဝ မှာ တွေ့ ရင် ခေါ်နေတယ် လို့ ပြောလိုက်ပါ တဲ့ ။ အဲဒါ သွားပေတော့ ၊ ဒွေး သွားဦးမယ် ” ဟု ပြောပြောဆိုဆို ထွက်သွား မှ သာလှ က “ ကဲ ... မတည့်ကြတဲ့ မိတ်ဆွေ ။ စွံတဲ့ လူ တော့ ခင်ကြီး ကို ရမှာပဲ ။ ဒါပဲလေ ” ဟုပြောပြောဆိုဆို နှုတ်ဆက် ကာ ချာကနဲ လှည့်ထွက် သွားသည် ကို သာအေး မှာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေ၏ ။
သာအေး နှင့် သာလှ မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်လျက် ၊ တစ်ရွာတည်း နေ ၊ သူကြီးသမီး ခင်ကြီး ကို ပိုးပန်း နေကြသော အကြံတူ ၊ ရန်သူများ ဖြစ်ကြလေ၏ ။ သို့ဖြင့် မိမိ အား သာအေး နှင့် သာလှ တို့ ဝိုင်းကာ ပိုးပန်း နေသည် ကို ခင်ကြီး မှာ ချစ်ဖို့ ကြိုက်ဖို့ နေနေသာသာ ၊ ထူးဆန်းစွာ ရှိသည့် စိတ် ကို တစ်ခါဖူး မှ ယောင်၍ မကူးမိခဲ့ပေ ။ သို့မှလည်း မလျှော့သော လုံ့လ နှင့် ဇွဲသန် နေသူ နှစ်ဦး မှာ ကား ခင်ကြီး ကို မရမက ပိုးပန်းမြဲ ရှိနေ တော့၏ ။
တစ်နေ့သော နံနက်ခင်း ဖြစ်လေ၏ ။ အချိန် မှာ ၉ နာရီခန့် ရှိ၍ နေ မှာ ထန်း တစ်ဖျား စာလောက် မြင့်တက် ၍ နေလေ၏ ။ သာအေး သည် ချောင်းဘေး ရှိ ကောက်ရိုးပုံကြီး ပေါ် ဝမ်းရားထိုး မှောက်ကာ ၊ ညစ်ထေးသော ကော်ပီ စာရွက် အညံ့စား တစ်ရွက် ပေါ်တွင် တစ်ပြားတန် ခဲတံ ဖြင့် တံတွေး ဆွတ်ကာ ဆွတ်ကာ ခင်ကြီး အား ပေးဖို့ရန် ၊ ရည်းစားစာ ရေးနေလေ၏ ။ ထိုခဏ၌ တစ်ဖက် ဆီ မှ ဆူညံလှသည့် အသံတွေ ကို ကြားရ လေ၏ ။ ထိုအသံများ သည် နီးသည် ထက် နီး၍ လာလေရာ နောက်ဆုံး တွင် ချောင်းစပ် နား မှ ဖြစ်ပေါ်လာ သော အသံ ဖြစ်ကြောင်း သာအေး သိရလေ၏ ။ သို့သော် အရေး မစိုက်ပေ ။ ရေးလက်စ ရှိသော ရည်းစားစာ ကို ဆက်ကာ ရေး နေပြန်၏ ။ အသံများ ကား သာယာစွာ ရှိလှ၏ ။ ယောက်ျား အသံ မဟုတ်သည့် ထို အသံများ သည် လေထဲ တွင် ဝှေ့ လာကာ သာအေး ၏ နားနှစ် ဖက် ထဲ သို့ ( လောင်းဒိုင်ပင် ) ထိုးဝင် သွား လေ၏ ။ ထို အသံတွေ ထဲ မှာ ထူးခြားသော အသံ တစ်သံ ကို ပါ သာအေး ကြားရ ပြန်၏ ။ သာအေး စာ ရေး၍ မရနိုင်တော့ ခေါင်းထောင် ၍ ချောင်းဖက် သို့ ကြည့်လိုက် ရာ အပါ့ ၊ သာအေး မျက်လုံး ပြူး သွားတော့၏ ။ ကပျာကသီ ခွေး လိုက်ခြင်း ခံရသည့် ကလေး လို ၊ အတင်းကာရော ကောက်ရိုးပုံ ပေါ် မှ ခုန်ဆင်း လိုက်ပြီး မှ ခါးထောက် ကာ စိုက်ကြည့် နေပြန်၏ ။ မြင်သည့် အရာကား သာလှ နှင့် တစ်ကွ ခင်ကြီး တို့ အဖော် တစ်စု ရေခပ် လာသည် ကို တွေ့ ရလေ၏ ။ သာလှ က နွား ကို ရေတိုက် ရာ မှ မုန့်ရသော မျောက်မျက်နှာ ၏ ပြုံးခြင်း ဖြင့် ပြုံးကာ ခဏခဏ ခင်ကြီး ဘက် လှည့်၍ စကား ပြော နေလေ၏ ။ ထိုအဖြစ် ကို သာအေး မြင် မိ၏ ။ မချိတော့ တကား ၊ ရည်းစား လူ လုပြီ ။ ရွှေဥ ကြမ်းညှပ် ပြီး ခံချင်စိတ် ရှိဦးမည်လော ။ “ ဟာ ... ကြည့် ကောင်းသားပဲ ” ဆိုပြီး အသာတကြည် သဘောနဲ့ ပဲ ထိုင် ကြည့်လိုက်ပါဘိ ။ သို့သော် မရမက တွေး ကြည့်စမ်း ။ တွေးလေ တွေးတော့ တွေးမိလို့ ထွက်လား ။ ဉာဏ်နီ တို့ ထုတ် ... ထုတ် .. ထွက်ပြီ မဟုတ်လား ဟင် ။ မထွက်သေးဘူး ဟုတ်စ ၊ ကဲ .. ကြည့် နော် ... ဗြုန်းဆို သာအေး မှာ ဘာပြော ကောင်းမလဲ ၊ အနီးအနား က ကြုံရာ ခဲ တစ်ခဲ ကို ကောက်ယူပြီး သာလှ တို့ ဆီ ပစ်လိုက်လေ၏ ။ မုန်းစရာ ကို ဖန်တီး စေသော ခဲ သည် စွေ့ကနဲ ဝှေ့ကာ သာလှ နှင့် ခင်ကြီး ရှေ့ဝယ် “ ဗြုံး ” ခနဲ မြည်ဟီးပြီး ၊ ဒိုင်ဗင် ထိုး သွားလေ၏ ၊ ခင်ကြီး မှာ “ အလို ဘုရားရေ ” ဟု ဆိုကာ နောက် ရွံ့ကာ လန့် သွားလေ၏ ။ ဘာ မှ မပြောနဲ့တော့ သာလှ မှာ ကမ်းတစ် ဖက် ကုန်းမြင့် ပေါ် မှ ဆူးလေနတ်ကြီး လို လက်ညှိုး ထိုး ကာ ၊ မိမိ တို့ အား ပြုံးပြီးကြီး စိုက်ကြည့် သော “ သာအေး ” ကို တွေ့ရလေ၏ ၊ သာလှ မှာ ဒေါသအိုး ဟုန်းခနဲ ပေါက်ကွဲ သွား လေ၏ ။ ထို့အတွက် ...
“ ဟေ့ .. လူ မမြင်ဖူးလားကွ ” ဟု ခန့်ခန့်ကြီး မေး လိုက်လေ၏ ။
“ လူ တော့ မြင်သားပဲ ၊ သို့ပေမဲ့ ငါ့ ဖိနပ် ချီသွားတဲ့ ခွေး တစ်ကောင် ငါ့ ရှေ့ က ဖြတ် သွားလို့ ခဲနဲ့ ပစ် လိုက်တာပဲ ”
“ မင်း ပဲ တတ် နိုင်တယ် ။ ခွေး က ရေ ထဲ ဆင်းပြေးမလား ”
“ ဒါတော့ ငါ ဘာသိမလဲ ။ ရေ ထဲ ကူး သွားပြီး မင်းတို့ ရပ် နေတဲ့ နေရာမှာ ပျောက် သွားတာပဲ ။ နောက် ငါ့ မျက်စိ အကြည့် မှားပြီး မင်း ကို ခွေး မှတ်လို့ ပစ် လိုက်တာပဲ ၊ မနာလို လို့ ပစ်တာမှ မဟုတ်ပဲ ။ မတော်လို့ တမင်တကာ ဖြစ်ရတာပဲ ။ မင်း က လည်း ကွာ .. အရေး လုပ်လို့ ”
ခင်ကြီး နှင့် တကွ အပျို တစ်သိုက် မှာ မိုးပြို ၊ မြေပြိုတော့မည့် အလား ကြောက်စိတ်များ မိုးမွန်၍ နေကာ ၊ စုပြီး ကုတ်တို ၍ နေကြ လေ၏ ။
“ မင်း မှ စကား ပြောတာ ကြည့်ပြော ၊ မင်းလို အကောင်မျိုး တော့ ငါ က ... တယ်ကွာ ပြောလိုက်ရ ရင် ရိုင်းတော့မယ် ” ဟု ပြော လိုက်ရာ ၊ သာအေး က “ အောင်မယ် မင်း က လား ၊ ငါ့ ကို အကောင် လို့ ခေါ်တာ ”
“ အကောင် မခေါ်လို့ ၊ ဘာ ခေါ်ရဦးမှာလဲ ၊ သိကြား လို့ များ ခေါ်ရဦး မှာလား ”
“ ငါ သိကြား မဟုတ်ပေမယ့် မင်း လို ကြက်မကြီး ၊ ကြက်မ နား က မခွာရက်နိုင် သေးလို့ ”
“ မင်း ... စကားရှည် မနေနဲ့ကွာ ၊ ရဲရင် လာခဲ့ ” ဟု သာလှ က တစ်ဖက်ကမ်း မှ ခေါ်လိုက် သဖြင့် ၊ “ မင်း သတ္တိ ရှိရင် ဒီဘက် ကို လာ ကြည့်ပါလား ၊ အဖေ ထွက်သွားမယ် ” ဟု သာအေး က တစ်ဖက်ကမ်း မှ ခေါ်ပြန် လေ၏ ၊
“ ကိုသာလှ ရဲ့ တော်ကြပါတော့ ။ တော်တော်ကြာ ဒုက္ခ များနေပါမယ် ” ဟု ခင်ကြီး က သာလှ ကို ဆွဲခေါ် လေ၏ ။
“ မဆွဲနဲ့ မခင်ကြီး မဆွဲနဲ့ လေ ၊ သာလှ အကြောင်း သာအေး သိရ အောင် ၊ ဒီကနေ့ အကြောင်း ပြ လိုက်မယ် ” ဟု ငမိုး ကြိမ်း ကြိမ်းကာ “ ဟေ့ကောင် လာခဲ့လေ ။ ဒီဘက် ကို ကြောက်လို့ ရပ်နေ သလား ။ အလောင်းဘုရား နဲ့ ရင်ဆိုင် တွေ့ လို့ ငေးပြီး ရပ်နေတဲ့ ငချစ်ညို လို လုပ် မနေပါ နဲ့ ။ လာခဲ့လေ အောင်မယ် ... ”
ထိုအတွင်း သာအေး အဖေ ကောက်ရိုးပုံ ပေါ် ရောက် လာလေ၏ ။ သား ကို လာ ရှာသော်လည်း သား ကို ကား မတွေ့ရ ၊ သား လက်ရာ ရည်းစား စာ တစ်ပိုင်းတစ်စ ကို တွေ့ရ သဖြင့် ကောက်ယူ ဖတ်ရှု ကြည့်ရာတွင် ...
နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ဟုသော ပဏာမ ကို အစ နိဒါန်း ချီ ပြီးလျှင် အောက် တွင် ဆက်လက် ရေးခဲ့သည် မှာ စာ အားဖြင့် ရိုသေစွာ စာရေး အစီရင် ခံလိုက်ပါသည် ။ မခင်ကြီး ခင်ဗျား ။
အကြောင်း အထူး မှာ တော့ ၊ ကျွန်တော် ငသာအေး မှာ မခင်ကြီး တို့ ပို့သသော မေတ္တာ ဟုန်ကြောင့် ဗျာပါဟုန် မကြွပဲ ။ ကျန်းမာ ပကတိ ချမ်းသာ စွာ ရှိပါ၏ ။ ထိုနည်းတူစွာ ကျွန်တော် က လည်း မခင်ကြီး နှင့် တကွ ယောက္ခမကြီး သူကြီး သူကြီးကတော် အားလုံး တို့ ကို ပါ ကျန်းမာ ချမ်းသာ စေရန် နေ့စဉ် နှင့် အမျှ ပန်းသပြေ ညောင်ရေ သွန်းပြီး ဆုတောင်းခြင်း ပြုလျက် ရှိပါသည် ။
အထူးမှာ ကျွန်တော် သည် မခင်ကြီး ကို တွေ့မြင်ရသည့် စက္ကန့် အချိန် မိနစ် ၊ နာရီ ၊ နေ့ မှ စ၍ ကျွန်တော် မှာ ပရံ ပရ ရှေးဘဝ ကံဟောင်း ကြောင့်လား မသိ ၊ မခင်ကြီး မဒီပျိုကညာ အား ဤဤလီလီ အပိုအညာတွေ မရောပဲ မေးရပါ လျှင် ၊ မြင်ရင် မြင်မိမိ ချင်း ချစ်ခင်နှစ်သက်ခြင်း ဖြစ်မိပါသည် ။ ကျွန်တော် မှာ မခင်ကြီး ကို ချစ်မိသည့် နေ့ က စ၍ အိပ် လို့ လည်း မပျော် စားလို့လည်း မဝင် ၊ ဆင်အော် လို့ လည်း မနိုး နိုင်အောင် အမျိုးမျိုး အချစ် ဝေဒနာများ ခံစား နေခဲ့ရပါသည် ။ မသနားဘူးလား ၊ မခင်ကြီး ရဲ့ များများကြီး ချစ်စမ်းပါ ဗျာ ၊ ကျွန်တော့် မှာ မခင်ကြီး ကို မှ မရရင် ဖြင့် မရဏသေပွဲ ကို ဝင်ရ ပါတော့မည် ။ ဇီဝိတ ဒါန ကို မကယ်ဆယ် ချင်ဖူးလား မခင်ကြီး ရဲ့ ၊ သို့ပါ၍ တစ်ဦး မေတ္တာ တစ်ဦး မှာ ဆို သကဲ့ သို့ မခင်ကြီး က ကျွန်တော် အား မေတ္တာ ရှိခဲ့ ပါသော် နှစ်ဦးနှစ်ဝ မိဘများ ကို ပြောဆို၍ တောင်းရမ်း ယူပါမည် ။ အကယ်၍ သဘော မတူကြပါ က ယခုပဲ သီတင်းကျွတ် ပြီ မို့ ကျွန်တော် ခေါ်ရာ လိုက်လို ကြောင်း နေ့ရက် ကို သေချာအောင် ပြန်ကြားစေရန် နှင့် ....
ယင်းသို့ဖြင့် သား လက်ရာ ရည်းစားစာ တစ်ပိုင်း ကို တွေ့ ပြီး သား ကို ရှာရန် ကောက်ရိုးပုံ ပေါ် မှ အောက် သို့ ငုံ့ ကြည့် လိုက်ရာဝယ် ၊ လားလား မိန်းမ အတွက် မာန်ဆောင် ကာ နေသော သား ကို တွေ့ ရ မှ “ သာအေး ဟဲ့ကောင် .... လာခဲ့ ” ဟု ခေါ်လိုက် သဖြင့် “ ဘာလဲ ... ဘ ရဲ့ အရေးထဲ ဘ , ကလဲဗျာ ” ဟု စိတ်ပျက် သလို ပြန်ပြော သည့် အတွက် “ စကားများ မနေနဲ့ လာခဲ့ ဆိုရင် လာခဲ့ ” ဟု ဖခင် က ထပ်မံ ၍ ခေါ်တော့ မှ မနေသာသည့် အတွက် ခွပ် ရာတွင် အရှုံးပေး ခဲ့ရသော ကြက်ဖကြီး ကဲ့သို့ ခေါင်းကြီး ငိုက်စိုက် ကျ ကာ လာ ရာတွင် အဘ ရှေ့ သို့ ရောက် သကာလ အဘ က သား ကို သေသေချာချာ ကြည့်လိုက်ပြီး မှ “ ဟေ့ ... ဒီ စာ ကို မင်း ရေးသလား ” ဟု မေးလိုက်သည် နှင့် တစ်ပြိုင်နက် မျက်လုံးကြီး ပြူးသွားကာ ဟန်မပျက် စေဘဲ “ ဟုတ်တယ် ... ကျွန်တော် ရေးတဲ့ ရည်းစားစာ ပဲ ” ဟု မကွယ်ပဲ မှန်ရာ အစစ် ခံလိုက်သဖြင့် ၊ ဖခင် က “ လမင်း ခွေးဟောင် ဆိုသလို မတူတဲ့ ပန်း တုံး ခု ပြီးလှမ်း ပေမယ့် မောရရုံပဲ ရှိတော့ မပေါ့ ။ သူကြီးသမီး ခင်ကြီး နဲ့ မင်း နဲ့ ရရရောက်ရောက် မတူမတန်လှလေကွာ ”
“ ဘ ရာ ... သား ၊ သမီး ဇာတိမာန် ကို မချိုးပါနဲ့ ၊ မိန်းမ ဟာ ၊ ယောက်ျား အဖို့ မဟုတ်လား ”
“ ယောက်ျား အဖို့ ဆိုပေမယ့် မင်း လို ယောက်ျားမျိုး အဖို့ တော့ မဟုတ်ဖူး ၊ သွား သွား အဖ ထက် သား တစ်လ မကြီးနဲ့ ။ မင်း လုပ်ရမယ့် ကိစ္စ ကို သာ ပြီးအောင် သွား လုပ်ပါ ” ဟု ပြော သဖြင့် မချိမဆန့် မပြီးမပြတ် နှင့် စကား ဖြတ် လိုက်ရသည် ကို မကျေမချမ်း ဖြစ်ကာ အသာ ထွက် ခဲ့ရလေ၏ ။
နောက်များ မကြာမီ ည တစ်ည သို့ ရောက်လာ ခဲ့လေ၏ ။ လ သည် အစွမ်း ရှိ သလောက် သာ ၍ နေလေ၏ ။ ထိုအချိန် တွင် သာအေး နှင့် သာလှ မှာ တစ်ဖက် ဆီ အိမ်ဘေး က နေလျက် အတွင်း သို့ စူးစိုက်ကာ ချောင်းမြောင်း ပြီး ကြည့်နေ ကြ လေ၏ ။ ခင်ကြီး မှာ ကား ရန်ကုန်သား တစ်ယောက် နှင့် အတွင်း မိဖများ ခွင့်ပေး တူညီချက် အရ ( အချစ်ဒိုင်ဗင်ပွဲ ) ကြီး ကျင်းပလျက် ရှိလေတော့ ၏ ။ ထို အဖြစ်အပျက်များ ကို အပြင် က တစ်ဦး ကို တစ်ဦး မသိဘဲ ချောင်းကြည့် နေကြသူ တို့ မှာ အကွင်းသား ၊ အကွက်သား မြင် ကြရ တော့၏ ။ သွားပြီ ... သွားပြီ ဟု ရေရွတ်ကြရင်း ရှေ့ ကို ဆက်လက် သွားကာ ကြည့်နေ ပါ က သာ၍ ဆိုးရွားစွာ တွေ့ရမည် ကို စိုးရကား နှစ်ဦး စလုံး အိမ်ဘေး မှ အသာ ခွာပြီး နောက် ဆုတ်ကာ ခွာခဲ့ ရာ တွင် သာအေး က လည်း အလာ ၊ သာလှ က လည်း အလာ နှင့် နောက်ဖေး တွင် ရင်ဆိုင် တိုးမိကြ လျှင် လူမှား ကြ ပြီး ၊ အမယ်လေး သရဲကြီးဗျ ဟု မအော်ရုံ တမည် ဖြစ်ကြကာ ၊ အကြံတူ လူခြင်းမှန်း သိရတော့ မှ လန့်ဖြန့် တုန်လှုပ်ချောက်ချား သွားသော စိတ်များ ပျောက်ကာ “ ကဲ ... မင်း လည်း အကုန် မြင် အကုန်တွေ့ ငါ လည်း ထိုနည်း၄င်း အဲဒီတော့ ဒီနေ့ က စပြီး မင်း နဲ့ ငါ ရန်သူ ဟု သဘော မထားကြဘဲ နောက်ထပ် အသစ် နယူးဝမ်း ကို ရှာကြစို့ ” ဟု သာအေး က ပြောဆိုကာ ၊ ယခင် က ရင်းနှီးခဲ့ကြသည့် အလျောက် တစ်ယောက် ပခုံး ကို တစ်ယောက် ဖက် ကာ ၊ ခင်ကြီး အိမ် နောက်ဖေး မှ ပျောက်ကွယ်၍ သွားကြ လေ၏ ။ သို့ဖြင့် ဤ ဝတ္ထု သည် ဆုံးခန်းတိုင် ရောက်ပြီ ဖြစ်ရ ကား ၊ ကျွန်ုပ် သည် ဝတ္ထု ဇာတ်လိုက် နှစ်ဦး ဖြစ်သော သာအေး နှင့် သာလှ တို့ အား တိုးတိုးကလေး ကပ်ပြီး ( ဘိုးကျန်ရစ် ) တွေ ဟု ယောင်ရမ်းကာ ခေါ် လိုက်မိပါတော့ သတည်း ။
◾ရေးသူ ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment