Thursday, April 18, 2024

အလင်းသစ်နေ့


 

❝ အလင်းသစ်နေ့ ❞ 
    ဝေမိုးနိုင် ၊ မုံရွာ ၊
   
လမ်းမီးတိုင် မရှိသည့် အပြင် သက်တမ်းရင့် သစ်ပင်ကြီးများ က လည်း အုပ်ဆိုင်းနေသဖြင့် ဝန်းကျင် တစ်ခို မှောင်ရီညို နေသည် မှာ နေ့ အချိန် ဆိုလျှင် ယာဉ် အသွား အလာ စည်ကားလှသည့် အရေးပါသော လမ်း တစ်လမ်း ဖြစ်မှု ကို ပင် ပြက်ရယ်ပြု သယောင် ရှိသည် ။ စာသင်ကျောင်း ဆိုင်းဘုတ်ကလေး တွင် တပ်ဆင် ထားသော ခပ် ဖျော့ဖျော့ မီးရောင်လေး မှ အပ ခပ်လှမ်းလှမ်း ရှိ ဆိုင်ခန်းတွဲများ သည် လည်းကောင်း ၊ ကျောင်း နှင့် မျက်နှာချင်းဆိုင် ရှိ အစိုးရယန္တရား ၏ လက်တံ ဌာန တစ်ခု ရုံး စိုက်ထား သော ခြံဝန်းကျယ်ကြီး သည် လည်းကောင်း အလင်းမဲ့ခြင်း ဖြင့် အမှောင်ထု ကို ကူပံ့ပေး နေကြသည် ။

အရုဏ် သည် လန်းစွင့်ရတော့အံ့ ဟု အားခဲ နေပြီ ဖြစ် သဖြင့် ခြင်းတောင်းကြီးငယ် အသွယ်သွယ် တို့ ကို တင်ဆောင်လျက် သယ်ပိုးထမ်းရွက်လျက် ရှိ ကြကုန် သော လူ နှင့် ယာဉ် အချို့ မှာ တော့ လမ်းမ ထက် မစိပ်မကျဲ ဖြတ်သန်း သွားလာလျက် ရှိသည် ။

ထိုအချိန် ၌ ဆိုင်ကယ် နှင့် လူ တစ်ဦး သည် စာသင်ကျောင်းလေး ၏ မျက်နှာစာ မလှမ်းမကမ်း သို့ ရောက်ရှိ လာပြီး အနက်ရောင် ပလတ်စတစ် အထုပ် တစ်ထုပ် ကို ကျောင်းအုတ်နံရံ ရှေ့ တွင် ပစ်ချ လိုက်ကာ လာလမ်း အတိုင်း ဆိုင်ကယ် လှည့် ၍ မောင်းထွက် သွားလေသည် ။ ထို လူ သွားပြီး မကြာမီ အခြား လူ တစ်ယောက် သည် အထုပ် တစ်ထုပ် ဆွဲ ကာ လမ်းလျှောက် လာပြီး ရှေ့ က လူ ပစ်ထားခဲ့သည့် အထုပ်ဘေး တွင် သူ့ အထုပ် ကို ဘုတ်ခနဲ ပစ်ချ လိုက်သည် ။ ထို့နောက် လက်ဖဝါး နှစ်ဖက် ကို အပြန်အလှန် ခပ်ဖွဖွ ရိုက် ကာ ရှေ့ တူရူ သို့ လမ်း ဆက် လျှောက် သွားသည် ။

ထိုမှ များ မကြာမီ မှာ ပင် အနောက်ဘက် မှ လာသော ဆိုင်ကယ် တစ်စီး နှင့် အရှေ့ဘက် မှ လာသော ဆိုင်ကယ် တစ်စီး သည် မကြာမတင် က လူ နှစ်ဦး ပစ် ထားခဲ့သည့် အထု ပ်နှစ်ထုပ် အနီးတွင် မျက်နှာချင်းဆိုင် ဆုံမိကြလေသည် ။ အပြန်အလှန် အကဲခတ် လိုက်ကြပြီး အထုပ် ကိုယ်စီ မြင် လိုက်ကြသော အခါ တစ်ဦး နှင့် တစ်ဦး ပြုံးပြ နှုတ်ဆက် လိုက်ကြသည် ။ ထို့နောက် တစ်ဦး က ဆိုင်ကယ် ပေါ် မှ မဆင်းဘဲ အထုပ် ကို လှမ်း ပစ်ကာ ထွက်ခွာ သွား ပြီး ကျန် တစ်ဦး မှာ မူ ဆိုင်ကယ် နောက် တွင် တင် ဆောင် လာသော ခြင်းတောင်း တစ်တောင်း ကို ကြိုး ဖြေသည် ။ ပြီး ထို လူ လည်း သူ့ အထုပ် ကို ရှေ့ က လူများ ၏ အထုပ်များ ပေါ် ပစ်တင် ခဲ့ကာ ခြင်းတောင်း ထဲ မှ အရာဝတ္ထုများ ကို သွန်ချသည် ။ တောင်း ကို ဆိုင်ကယ် နောက် ထိုင်ခုံ ပေါ် တွင် ကြိုး ပြန် ချည်ပြီး နောက် သူ လည်း လာ လမ်း အတိုင်း ပြန် ထွက်ခွာ သွားလေ၏ ။
ထိုနောက် ...

တစ်ယောက်  ၊ နှစ်ယောက် ၊ သုံးယောက် ၊ လေးယောက် ၊ ငါးယောက် ။

သိပ် မကြာမီ မှာ ပင် နေရောင်ခြည် သည် လောက ကို ဖြန့်ကြက် နေရာယူရန် ပြင်ဆင် လာတော့သည် ။

•••••   •••••   •••••

ဦးမြတ်ထင်ကျော် ကျောင်း  ရှေ့၌ ရပ် နေသည် မှာ အတန်ငယ် ကြာ သွားခဲ့ပြီ ဖြစ်၏ ။ နံနက်စောစော အညောင်းပြေ အညာပြေ လမ်း လျှောက်ရန် ရည်ရွယ်ချက် ဖြင့် ကျောင်းဝင်း အပြင် ထွက် လိုက်သည် တွင် ကျောင်း ရှေ့ မှ နေရာ မရွှေ့နိုင်တော့ခြင်း ဖြစ်သည် ။ မျက်စိ ရှေ့ မှ အရာ ကို စူးစိုက်ကြည့် နေရင်း ဦးမြတ်ထင်ကျော် အံ့အားသင့် နေခဲ့ရသည် ။ ရည်ရွယ်ရင်းစွဲ လမ်းလျှောက်ခြင်း အမှု ကို လည်း မပြုနိုင်တော့ ။

“ ဆရာကြီး ပြန် ရောက်ပြီလား ဗျ ။ မြန်လိုက်တာ ”

သူ ကျောင်းဝင်း အတွင်း မှ စ ထွက်စဉ် ရေကန် ၌ မျက်နှာ သစ်ရန် ပြင် နေခဲ့သည့် ကျောင်းစောင့်ကြီး က ရေပုံး တစ်ပုံး ဆွဲကာ ကျောင်းဝင်း ရှေ့ ထွက် လာရင်း သူ့ ကို နှုတ်ဆက်သည် ။

“ သွား ကို မသွားရသေးတာ ကိုထွန်းစိန် ”

အကြည့်များ ကို မလွှဲဘဲ ဖြေ လိုက်တော့ ကိုထွန်းစိန် က သူ့ ဘေး လာ ရပ်သည် ။ သူ ကြည့် နေသည့် ဘက် ကို လှမ်း ကြည့်ပြီး သူ့ အား ဖျတ်ခနဲ ပြန် လှမ်း ကြည့်သည် ။

“ ဟာ ... လုပ်သွားကြ ပြန်ပြီဟေ့ ။ ဘယ့်နှယ်ဟာတွေ ပါလိမ့်ကွာ ။ ကျောင်း မှန်း ကန် မှန်း နား မလည်ကြဘူး လား မသိဘူး ”

ကိုထွန်းစိန် က ရေပုံး ကို ဘေး ချကာ ခပ်လှမ်းလှမ်း ရှိ သစ်ကိုင်းခြောက် ခပ်တုတ်တုတ် တစ်ချောင်း ဆွဲ ယူပြီး ကျဲပြန့် နေသည့် အမှိုက်များ ကို တစ်နေရာ တည်း မှာ စုရန် ပြင်သည် ။

“ ကျွန်တော် ဒီရှေ့ ရောက် တော့ ကလေးမလေး တစ်ယောက် က အိတ်တွေ ကို ဖြဲရဲပြီး ဖွ နေတာဗျ ။ ကျွန်တော် က လှမ်း ကြည့်တော့ မှ မသွားချင် သွားချင် နဲ့ ထွက်သွား တယ် ”

“ အဲဒါ ပလတ်စတစ် ကောက် တဲ့ ကလေးမလေးတွေ ဆရာကြီး ရဲ့ ။ သူတို့ ယူစရာ ဘာ ရှိမလဲ လာ ရှာတာ လေ ။ ဒီ ရှေ့ မှာ လူတွေ အမှိုက် လာ ပစ်ကြမှန်း သိတော့ သူတို့ က လည်း အမြဲ လိုလို ရောက်လာ နေကျ ”

“ လူတွေ က ဒီလိုပဲ မနက် တိုင်း လာ လာပစ်ကြသလားဗျ ”

“ ဆိုပါတော့ ဆရာကြီး ရယ် ။ အမှိုက်သိမ်း ကားတွေ က ရပ်ကွက်တွေ ထဲ အမြဲ လိုလို မလှည့်တဲ့ အခါ ကျတော့ သူတို့ အိမ်တွေ မှာ အမှိုက် ရှင်းရင် ပြီးရော တွေ့တဲ့ နေရာ ပုံ တတ်ကြတာဗျ ။ အကျင့် တစ်ခု လို တောင် ဖြစ်နေပါရောလားဗျာ ။ တချို့များ ဆို မြို့လယ်ရပ်ကွက် တွေ က တောင် လာ လာ ပစ်ကြသဗျ ”

“ ခင်ဗျားတို့ က မတားကြဘူးလား ”

“ ကျွန်တော် က တော့ ကျွန်တော် နဲ့ တိုး ရင် မပစ်ခိုင်း ဘူးရယ် ဆရာကြီး ၊ ပြန်ပြန်ယူ ခိုင်းတယ် ။ အရင် ကျောင်းအုပ်ကြီး လက်ထက် တုန်း က တော့ ကျွန်တော့် ကို မနက် စောစော ထ ပြီး စောင့် ခိုင်းတာ နဲ့ တစ်ပတ် လောက် တော့ ကျွန်တော် လည်း ရှေ့ ထွက် ထွက် စောင့် သေးတယ် ။ နောက်ပိုင်း ကျ တော့ ညဦးပိုင်း လာ ပစ်တဲ့ သူက ပစ် ၊ သန်းခေါင် တစ်ချက်တီး မှ လာ ပစ်တဲ့ လူ က ပစ်နဲ့  ၊ ကြာတော့ ကျွန်တော် လည်း မနက်ခင်း ကျ မှ ပြန်ပြန် စု လိုက်ပါတော့ မယ်လေ ဆိုပြီး ထထ မတားဖြစ်တော့ တာ ဆရာကြီး ။ ဒါပေမဲ့ ကျွန်တော် မနက်ဖြန် မနက် က စ ပြီး ပြန် စောင့်လိုက်ပါ့မယ် ဆရာကြီး ”

ကိုထွန်းစိန် က သိမ်းလက်စ အမှိုက်များ ကို လည်း စုစည်းရင်း အဖြေ ပေးသည် ။

“ ခင်ဗျား အဲဒီ အမှိုက်တွေ စု ပြီးတော့ ဘယ်မှာ ပစ်မှာလဲ ”

“ ကျောင်းဝန်း ထဲ က အမှိုက်ကန် ထဲ ထည့် မှာလေ ဆရာကြီး ”

သူ သက်ပြင်း တစ်ချက် ချသည် ။ ထို့နောက် ကျောင်းဝန်း ထဲ ပြန် ဝင် ကာ သူ့ အခန်း ဆီ ပြန်သည် ။ ကိုထွန်းစိန် က အမှိုက်များ ကို အိတ်ကြီး တစ်လုံး ထဲ စုပြုံ ထိုးသိပ် ထည့်ရင်း သူ့ နောက်ကျော ကို ကြည့် ကာ ခေါင်းကုတ် ကျန်ခဲ့သည် ။

•••••   •••••   •••••

“ ဗိုလ်ချုပ်လမ်း ပေါ် တောင် မနက် မိုးလင်း ဆို အမှိုက် တွေ ပုံ နေတာ ဆရာကြီး ရဲ့ ။ လမ်းမကြီး ပေါ် ဆိုတော့ စည်ပင် က မနက်စောစော လာ လာ သိမ်းလို့ သာရယ် ။ နို့မို့ ဗိုလ်ချုပ်လမ်း ပေါ်လ ည်း ပွစာကျဲ နေမှာပဲ ။ စည်ပင် က လည်း တစ်လမ်း ဝင် တစ်လမ်း ထွက် အမှိုက် လိုက် သိမ်း နေမယ့် အစား မနက်ခင်း အစော လမ်းမကြီး တစ်ကြော လောက် လှည့် လိုက်ရင် အမှိုက်တွေ သိမ်း ပြီးသား လို ဖြစ် သွားတော့ အရပ် ထဲ ပုံမှန် လာပြီး အမှိုက် မသိမ်း တော့ တာ လည်း ကြာပေါ့ ဆရာကြီး ရဲ့ ”

“ နေစမ်းပါဦးဗျ ဒေါ်ခင်သူဇာ ၊ စည်ပင် က အမှိုက် လာ မသိမ်းတာ ခဏ ထားပါ ဦး ။ တခြား ရော ခင်ဗျား တို့ မြို့ မှာ လူအများ အမှိုက် ပစ် လို့ ရမယ့် နေရာ လုံးဝ မရှိ ဘူးလား ။ စည်ပင် က အမှိုက်တွေ ကို ဘယ် နား မှာ ပစ် သလဲ ”

“ အဲဒီလို လူအများ အမှိုက် ပစ် ဖို့ ဆိုပြီးတော့ နေရာ သတ်မှတ် ထားတာမျိုး မရှိဘူးဆရာကြီး ။ စည်ပင် အမှိုက်ကားတွေ က တော့ ကန်သာယာ ဘက် က မြေကွက် အလွတ်ကြီး မှာ သွား ပစ်နေကျပဲ ”

“ ဒီ လူ တွေ က ဘာလို့ အဲဒီ နေရာ သွား မပစ်ကြတာလဲ ”

သူ က လက် ထဲ မှ ဘောပင် ကို စားပွဲ ပေါ် ခပ်ဆတ်ဆတ် ပစ် ချကာ မေး လိုက်တော့ ဒေါ်ခင်သူဇာ က ခပ်ဟဟ ရယ်သည် ။

“ ဪ ... ဆရာကြီး ရယ် မြို့ပြင်ဘက် နား ဆိုတော့ ဘယ် သွား နေကြမှာလဲ ။ ပြီးတော့ ဒီလို လမ်းပေါ် အမှိုက် ပုံ ကြတာက သူများ တွေ လည်း ပုံ နေကြတာပဲလေ ဆိုပြီး အဲဒီ နေရာတွေ မှာ ပဲ ဆက် ပုံကြတာပဲ ဆရာကြီး ရေ .... ”

သူ သက်ပြင်း တစ်ချက် ချသည် ။ စားပွဲ ပေါ် လွှတ် ချ လိုက်သော ဘောပင် ကို စူးစိုက် ကြည့်ရင်း မေးစေ့ ကို လက် ဖြင့် သာသာ ဖွဖွ ပွတ် သည် ။ ဒေါ်ခင်သူဇာ က သူ့ ကို ကြည့် ကာ တစ်ချက် ပြုံးပြီး လက်မှတ်ထိုး စာအုပ် ကို လှန်လှောသည် ။ ထိုအချိန်  မှာပင် ဆရာမ တစ်ဦး ရုံးခန်း အတွင်း ဝင် လာသည် ။ လက်မှတ် ထိုး ပြီး၍ စာအုပ် ကို ပိတ်ကာ နောက် လှည့် ကြည့် လိုက်သော ဒေါ်ခင်သူဇာ ကို တစ်ချက် ပြုံး ပြပြီး မေးစေ့ ကို ပွတ်ရင်း စားပွဲ ပေါ် မှ ဘောပင် ကို စူးစူးစိုက်စိုက် ကြည့် နေသော ဦးမြတ်ထင်ကျော် ဘက် ကို မေးဆတ် ပြသည် ။ ဒေါ်ခင်သူဇာ က ရယ်သံ စွက်စွက် ဖြင့် -

“ ဆရာကြီး က ရှေ့ က အမှိုက်ပုံ ကိစ္စ ခေါင်းစား နေတာအေ့ ”

“ အမယ်လေး ဆရာကြီး ရယ် ။ အဲဒါတော့ စဉ်းစား မနေနဲ့ ။ လူ လို သိ တတ်ကြတဲ့ဟာတွေ မဟုတ်ဘူး ။ ဆရာကြီး ဘယ်လို တားတား မရ ရအောင် လာ ပစ်ကြမှာပဲ ။ အရင် ကျောင်းအုပ်ကြီး တုန်း က လည်း အမျိုးမျိုး ကြံဆ ... ”

“ ကျွန်တော် သိပြီးပြီ ဒေါ်ခင်စန်း ... ”

“ ခင်စန်းမူ ပါ ဆရာကြီး ”

“ ဟုတ်ကဲ့ ဒေါ်ခင်စန်းမူ ။ ကျွန်တော့် ကို ကိုထွန်းစိန် ပြော ပြလို့ အတော်များများ သိထားပါပြီ ။ ဒါပေမဲ့ ဗျာ တားလို့ မရလို့ ဆိုတာ နဲ့ ပဲ ဒီအတိုင်း ပေယျာလကန် ထား ဖို့ ဆိုတော့ လည်း စာသင်ကျောင်း မျက်နှာစာ မှာ ဘယ်လို မှ မြင် မကောင်းဘူး ဗျာ ။ ဆရာမ တို့ ပဲ စဉ်းစား ကြည့် လေ ၊ သူတို့ အမှိုက် ပစ်တဲ့ နေရာ က ကျွန်တော်တို့ ကျောင်းဝင်ပေါက် နဲ့ နီးနီးလေး ။ ကျွန်တော့် သဘော က တော့ ဒီကိစ္စ ကို ဖြေရှင်းဖို့ ကြိုးစား ကြည့်ချင်သေးတယ် ”

“ ဆရာကြီး မှာ စဉ်းစား ထားတာများ ရှိသလား ”

“ အဲဒါ ပြောချင်တာဗျ ။ ကျွန်တော် လည်း စဉ်းတော့ စဉ်းစားကြည့်တာပဲ ။ ဒါပေမဲ့ ဆရာမ တို့ က ကျတော့ မြို့ခံ တွေ ဆိုတော့ အကြံဉာဏ် ကောင်းများ ပို ထွက် မလားလို့ ဆရာမ တို့ နဲ့ တိုင်ပင် ကြည့်တာ ”

“ ဟုတ်ကဲ့ ၊ ကျွန်မ တို့ လည်း ဝိုင်း စဉ်းစားပါဦးမယ် ဆရာကြီး ”

•••••   •••••   •••••

“ ဆိုတော့ဗျာ ၊ ကျွန်တော့် အနေ နဲ့ ရောက်တာ မှ နှစ်ရက် နဲ့ တစ်ပိုင်း ရှိသေးတယ်  ၊ ကျောင်းတွင်း ကိစ္စတွေ ထက် ဒီ အမှိုက်ပုံ ကိစ္စ ကို ခေါင်းစား နေတယ်လို့ ဆရာမ တို့ တွေးကောင်း တွေး ကြပါလိမ့်မယ် ။ ကျွန်တော့် အနေ နဲ့ တော့ စာသင်ကျောင်း တစ်ကျောင်း ရဲ့ မျက်နှာစာ မှာ ရုပ်ပျက်ဆင်းပျက် လာ လုပ် နေကြတာကြီး ကို တော့ လျစ်လျူ ရှု မထားချင်ဘူး ။ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာလေး တစ်ချက် ဝိုင်း အကြံပေးကြပါဦး ”

သူ့ စကား ဆုံးတော့ ဆရာမ အချို့ ၏ မျက်နှာများ က ခပ်ပြုံးပြုံး ဖြစ် သွားကြသည် ။

“ အရင်က လို ပဲ ကိုထွန်းစိန် မနက် မိုး လင်းတိုင်း စောင့်ခို င်းလိုက်ပေါ့ ဆရာကြီး ”

ဆရာမ တစ်ယောက် က ထ , အကြံ ပေးတော့ အချို့ ခေါင်း တညိတ်ညိတ် လုပ် ထောက်ခံကြသည် ။

“ ကိုထွန်းစိန် ပြောတဲ့ ပုံစံ အရကျတော့ လည်း မနက်ခင်း ထ စောင့်တော့ ညသန်းခေါင် လာ ပစ်ကြတယ်တဲ့ ။ ညသန်းခေါင် လာ ပစ် လို့ ဆိုပြီး ကိုထွန်းစိန် ကို လည်း ည သန်းခေါင် ထ စောင့် ခိုင်းဖို့ရာ ဆိုတော့လည်း ကျွန်တော် တို့ ကျောင်း တစ်ကျောင်းလုံး ရဲ့ အရေးကိစ္စ က ကိုထွန်းစိန် ခေါင်း ပေါ် မှာ ပဲ ပုံကျ နေသလို ဖြစ်နေ သလားလို့ ”

ဆရာမ အချို့ ခေါင်းချင်းဆိုင် သွားကြသည် ကို ဦးမြတ်ထင်ကျော် သတိထား မိ လိုက်သည် ။

ထိုနေ့ က အစည်းအဝေး သာ ပြီးဆုံး သွားသည် အမှိုက် လာပုံကြသည့် ပြဿနာ ကို မည်သို့မည်ပုံ ဖြေရှင်းမည့် နည်းလမ်း ကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ ။

“ ဆရာကြီး က လစာ ထုတ်ရက် မဟုတ်ဘဲ အစည်းအဝေး ကို ကျောင်း ဆင်းချိန် ခေါ်လိုက်တာကိုးဗျ ”

“ ဟင် ဘာဖြစ်လို့တုံး ကိုထွန်းစိန် ရ ”

“ ဒီအချိန် ကျ တော့ ကျူရှင်ကျောင်းသားတွေ က ဆရာမတွေ ကို မျှော် နေကြပြီလေ ဆရာ ရဲ့ ”

“ ဪ ... ဟုတ်ပါရဲ့ ဗျာ ၊ ကျွန်တော် လည်း အဲဒါ သတိလွတ် သွားတယ် ”

ကိုထွန်းစိန် တဲ ရှေ့ ကွပ်ပျစ်လေး တွင် ခြေနှစ်ချောင်း တွဲလောင်းချ ကာ ထိုင်ရင်း အောက်ခြေ မြေသား ကို ဦးမြတ်ထင်ကျော် အတွေး ပျံ့ပျံ့ နှင့် ငေး နေတော့ ကိုထွန်းစိန် က သူ့ ကို ဖျောင်းဖျသည် ။

“ ကဲပါ ဆရာကြီး ရယ် ၊ ကျွန်တော် မနက် အရုဏ် မတက်ခင် ထ ထ စောင့် ပေးပါ့မယ် ။ ည ကတည်း က ပစ်သွားကြတယ် ဆိုလည်း ကျောင်းအမှိုက်ကန် ထဲ ပဲ စုပုံ လိုက်ပါ့မယ် ။ သိပ် ခေါင်း မစားပါနဲ့ ဆရာကြီး ”

ဦးမြတ်ထင်ကျော် ခေတ္တ ငြိမ်နေသည် ။ အတန်ကြာ မှ သက်ပြင်းရှည် တစ်ချက် မှုတ်ထုတ်ပြီး ကိုထွန်းစိန် ကို နှုတ်ဆက် ကာ သူ့ အခန်း သို့ ပြန်ခဲ့တော့သည် ။

•••••   •••••   •••••

နှိုးစက်နာရီ ၏ အဆက်မပြတ် အော်မြည်သံ ကြောင့် ကိုထွန်းစိန် မျက်လုံး နှစ်လုံး ပွင့်ကာ အိပ်ရာ နိုးလာသည် ။ ထို့နောက် အိပ်ရာ မှ ထပြီး မျက်နှာသစ် ၊ သွားတိုက်ခြင်း အမှု တို့ ကို ခပ်သွက်သွက် ပြုလုပ် ပြီး နောက် စာသင်ကျောင် လေး ရှေ့ အမှိုက် လာပုံကြမည့် သူများ ကို စောင့်ဆိုင်း ဟန့်တား ရဦးမည် ဖြစ် သဖြင့် ကျောင်းဝင်း အပြင် သို့ ထွက်ရန် လာ လိုက်သည် ။ ဝင်းတံခါး နား အရောက် ကိုထွန်းစိန် ရုတ်တရက် ပြူးပြူးပျာပျာ ဖြစ် သွားရသည် ။ ကျောင်း ဝန်းတံခါး မှာ ခပ်ဟဟ ပွင့် နေသည်ကို တွေ့ လိုက်ရသည် ။

“ ဟာ .. ငါ ည က တံခါး မပိတ်ခဲ့မိဘူးလား ”

ဝန်းကျင် တစ်ခု ကို စူးစမ်း ကြည့်ရန် ကျောင်းဝင်း အပြ င်သို့ အပြေးကလေး ထွက်ခိုက် တံခါး ၏ ညာဘက် လှမ်းလှမ်း တွင် နံရံ ကို ကပ် နေသော လှုပ်လှုပ်လှုပ်လှုပ် နှင့် လူ အရိပ် တစ်ရိပ် ကို မြ င်လိုက်ရတော့ နှုတ် က အလို လို အော်မိ လျက်သား ဖြစ်သွားသည် ။

“ ဟေ့ ... ဘယ်သူလဲ ဟေ့ ၊ ကျောင်းနံရံ ကို  ဘာလုပ် နေတာလဲ ”

“ ဪ .... ကိုထွန်းစိန် နိုးပြီလား ဗျ ။ ကျွန်တော် မြတ်ထင်ကျော် ပါ ”

“ ဟာ .. ဆရာကြီး ။ လန့်သွားတာပဲ ဗျာ ။ ကျောင်း ဝင်းတံခါးကြီး က လည်း ပွင့် လို့ ။ အပြင် ထွက် လိုက်တော့ လည်း လူ တစ်ယောက် နံရံ နား ကပ်ပြီး လှုပ်လှုပ် လှုပ်လှုပ် နဲ့ ဘာ လုပ်နေပါလိမ့် ဆိုပြီး ဗျာ ။ နို့ ဆရာကြီး ဘာတွေ လုပ်နေတာလဲ ဗျ ”

“ ဒီမယ်လေဗျာ ... ”

ဦးမြတ်ထင်ကျော် က ကိုယ် ကို နောက် ဆုတ် လိုက် တော့ နံရံ ပေါ် မှ မြေဖြူ ဖြင့် ရေးသား ထားသော စာသား အချို့ ကို ကျောင်း ဆိုင်းဘုတ် မှ ခပ်မှိန်မှိန် မီးတိုင် ၏ အစွမ်း ဖြင့် ကိုထွန်းစိန် မြင် လိုက် ရသည် ။

“ ဤနေရာ သည် တိုင်းပြည် ၏ အနာဂတ်သားကောင်းများ ကို ပြုစုပျိုးထောင်ရာ မူလတန်း စာသင်ကျောင်း တစ်ကျောင်း ဖြစ်ပါ သဖြင့် ကျောင်း မျက်နှာစာ သန့်ရှင်း လှပစေရန် အမှိုက် မပစ်ခြင်းဖြင့် ကူညီပါ ”

ရုတ်တရက် ကိုထွန်းစိန် မှာ ပြောစရာ စကား မရှိ ။

“ ဘယ်လိုလဲဗျ ကိုထွန်းစိန် ။ စာ ဖတ်မိတဲ့ လူ ၊ အသိဉာဏ် ရှိတဲ့ လူ ကတော့ အမှိုက် မပစ်တန်ကောင်းပါရဲ့ဗျာ ၊ ခင်ဗျား လည်း အိပ်ရေးပျက် ခံပြီး ထ ထ စောင့် မနေနဲ့တော့ ”

သေသပ် ဝိုင်းစက်သော လက်ရေးလက်သား နှင့် မို့ စာသားများ သည် တစ်မျိုး ပင် ကြည့်ကောင်း နေသည် ဟု ကိုထွန်းစိန် က ထင် လိုက်မိသည် ။

“ ဘယ်လိုလဲလို့ ကိုထွန်းစိန် ရဲ့ ။ ပြောပါဦး ခင်ဗျား အမြင် ”

“ ကောင်းတာပေါ့ ဆရာကြီး ။ ဒါပေမဲ့ လူတွေ က သိတဲ့ အ တိုင်းရယ် ။ တစ်ရက် နှစ်ရက် စောင့် ကြည့်ကြတာ ပေါ့ ဆရာကြီး ရာ ”

“ ဒါပေါ့ ။ စောင့် ကြည့် ရဦးမှာပေါ့ ။ ဘာပဲ ပြောပြော ဒီ စာသားလေး က သူတို့ ကို နည်းနည်းတော့ ပြောင်းလဲ ပေး နိုင်မယ်လို့ မျှော်လင့် ကြည့်ရတာပေါ့ဗျာ ”

ကိုထွန်းစိန် က တော့ သူ့ လက်မောင်း ကို တစ်ချက် ပုတ် ကာ ကျောင်းဝင်း အတွင်း သွက်လက်သော ခြေလှမ်း များ နှင့် ပြန် ဝင်သွားသော ဦးမြတ်ထင်ကျော် ကို ကြည့် လိုက် ၊ နံရံ ပေါ် မှ စာတန်း ကို ကြည့်လိုက် နှင့် ကျန်ရစ် ခဲ့ လေသည် ။

•••••   •••••   •••••

“ ဒါမျိုးလေး လုပ်ရုံနဲ့ တော့ သူတို့ အမှိုက် မပစ်ဘဲ နေမှာတော့ မဟုတ်ဘူး နော် ဆရာကြီး ခု ဟာ က လူတွေ က အရိုးစွဲ နေကြတာ ။ အမှိုက် ကို စည်းမရှိ ကမ်းမရှိ ပစ်တာ က ယဉ်ကျေးမှု တစ်ရပ် လို ကို ဖြစ်နေတာ ”

“ ဟုတ်တယ် ကိုလှမောင် ၊ ကျွန်တော် လည်း သဘောပေါက် ပါတယ် ။ သူတို့ စိတ် ထဲ အရိုးစွဲ နေတဲ့ အမူအကျင့်ကြီး တစ်ခုလုံး ကို ပြင်နိုင်ဖို့ အထိ မဖြစ်နိုင်ဘူး ဆို တာ ကျွန်တော် သဘောပေါက် ပါတယ် ။ ကျွန်တော့် မှာ အဲဒီလို လုပ်နိုင်တဲ့ အင်အား မှ မရှိတာပဲလေ ။ စည်ပင် ရဲ့ အမှိုက်သိမ်းစနစ် ပုံမှန် ဖြစ်အောင်လည်း ကျွန်တော် စွမ်း ဆောင်နိုင်တဲ့ အင်အား မရှိဘူး ။ အမှိုက် ကို စည်းမဲ့ကမ်းမဲ့ ပစ် တာဟာ နိုင်ငံကြီးသားကောင်းစိတ် မဟုတ်ဘူး ဆိုတာ ကို လူတွေ အားလုံး နားလည် သွားအောင် လည်း ကျွန်တော် မစည်းရုံး မသိမ်းသွင်းနိုင်ဘူးလေ ။ ဒီတော့ ကိုယ် တတ်နိုင် သလောက်ကလေး လုပ် လိုက်တာပါ ။ အနည်းဆုံး စာသင်ကျောင်း တစ်ကျောင်း ရှေ့ မှာ အမှိုက် ပစ်တာ သင့်တော်၏ ၊ မတော်၏ ဆိုတာ သူတို့ ထဲ က တစ်ယောက်တလေ စဉ်းစားဖြစ် သွားရင် ကျေနပ်ပါပြီ ဗျာ ”

ကျောင်းအကျိုးတော်ဆောင်ကြီး ဦးလှမောင် က ခေါင်း တညိတ်ညိတ် လုပ်သည် ။ ဦးမြတ်ထင်ကျော် က တော့ သူ့ အတွေး နှင့် သူ ကျေနပ်ပီတိ ဖြာ နေမိသည် ။ ဒီစာသား ရေးထိုး အပြီး နှစ်ရက် ကြာ လာသည် အထိ မနက် မိုးလင်းတိုင်း ကျောင်းရှေ့ တွင် အမှိုက်ထုပ်များ ၊ ပွစာလန် နေသော ဗရုတ်သုတ်ခ အမှိုက်များ မတွေ့ရတော့ ။ မနက် လင်း လျှင် ကျောင်းရှေ့ ထွက် ကြည့်ကာ ပြုံးပြုံးကြီး လုပ် နေတတ်မြဲ ။

“ ဆရာကြီး အကြံ က အောင်မြင်သားပဲ ရှ င့် ။ ကျွန်မ တို့ ဖြင့် ထင် တောင် မထင်ထားဘူး ”

ဦးမြတ်ထင်ကျော် က ခပ်မိန့်မိန့်ကြီး ပြုံးကာ ဒေါ်ခင်စန်းမူ စကား ကို တုံ့ပြန်သည် ။

“ ဒီကိစ္စ က အရေးကြီးတယ် ဗျ ၊ ပေါ့သေးသေး မဟုတ်ဘူး ။ ဒီလို အသေးအဖွဲ လို့ ထင်ရတဲ့ ကိစ္စမျိုးတွေ က နေ စ ပြီးတော့ နိုင်ငံကြီးသား စိတ်ဓာတ် ကျွန်တော်တို့ လူမျိုးတွေ ဆီ မှာ ကိန်းအောင်း သွားအောင် တဖြည်းဖြည်း ချင်း လုပ် ယူရမှာ ။ ဒီမိုကရေစီ ဆိုတာ တာဝန် သိမှု ၊ တာဝန် ယူမှု က နေ စ , ရမှာ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ချက်ချင်းကြီး အောင်မြင်လိမ့်မယ် လို့ မထင်ခဲ့ဘူးဗျ သိလား ဆရာမ ။ ကျွန်တော့် အတွေး က ကိုယ့် နိုင်ငံသားတွေ ကို အထင် သေးခဲ့ မိသွားတယ် ”

“ ခုတော့ အထင်ကြီး သွားပြီပေါ့လေ ဆရာကြီး ”

“ အပြည့်အဝပဲ ဗျာ ။ တိုင်းပြည် တစ်ခုလုံး ဒီမိုကရေစီ နဲ့ ဘယ်လောက် မှ မဝေးတော့ဘူး လို့ တောင် ယုံကြည် မိလိုက်ပြီ ”

ဒေါ်ခင်စန်းမူ နှင့် အဖွဲ့ က “ ဟော တော် ” ဟု ဆို လျက် ဝါးခနဲ ရယ်မောလိုက်ကြသည် ။

ဒီ ဆရာမ တစ်သိုက် က တော့ ဦးမြတ်ထင်ကျော် ပါးစပ် မှ ဒီမိုကရေစီ ဆိုသည့် စကား ကို ကြိမ်ဖန်များစွာ နားထောင်ဖူးကြပြီး ဖြစ်သဖြင့် နားရည်ဝ နေကြပြီ ဖြစ်သည် ။

•••••   •••••   •••••

ကောင်းကင်သည် မှောင်ရီညို့မှိုင်း နေသည့် အပြင် တိမ်ညိုတိမ်မည်း တို့ မှာ လည်း အအုပ်လိုက် အလိပ်လိုက် ဖွဲ့တည် နေပြန်သည် ။ လ သည် တိမ်အုပ် တိမ်ဆုပ် တို့ ၏ နောက်ကွယ် သို့ ဝင်ချည် တစ်လှည့် ပြူ၍ တစ်ဖုံ လူးလွန့် နေသည် ။ စာသင်ကျောင်းလေး ၏ ဝန်းကျင်သည် ကား အမှောင်ထု ၏ စိုးမိုး လွှမ်းခြုံခြင်း ကို သာ ခံရလျက် ရှိသည် ။ လ သည် တိမ်စု တို့ ၏ ဖုံးလွှမ်းခြင်း ကို ခံရခိုက် ဝန်းကျင် တစ်ခွင် သည် စာသင်ကျောင်း ဆိုင်းဘုတ် တွင် တပ်ဆင် ထားသော မှိန်ဖျော့ဖျော့ အလင်းရောင်လေးမှ အပ အခြား အားကိုးရာ ဟူ၍ မရှိချေတော့ဘဲ ပိုးစုန်းကြူး တစ်ကောင် သာ ရှိသော မဟာမြိုင်တောအုပ်ကြီး ကို ရှုစားရသည့် နှယ် ပင် ရှိတော့၏ ။

တိတ်ဆိတ်လျက် ရှိသော အနေအထား ကို ဖြိုခွင်း သူ က စက်သံငြိမ်ငြိမ် နှင့် ခပ်ဖြည်းဖြည်း စီးနင်း လာသော ဆိုင်ကယ် တစ်စီး ဖြစ်၏ ။ ဆိုင်ကယ် နောက် တွင် တင်ဆောင် လာသော အထုပ် တစ်ထုပ် ကို တစ်ဖက် က လက် ပြန် ထိန်းရင်း မောင်းနှင် လာသော အဆိုပါ ဆိုင်ကယ် သည် ဝန်းကျင် ၏ တစ်ခုတည်း သော အလင်းရောင် လေး နှင့် ခပ်လှမ်းလှမ်း တွင် ထိုး ရပ် လိုက်သည် ။ ထို့နောက် ကြိုး ဖြင့် ချည်နှောင်လာဟန် ရှိသည့် အထုပ် ကို ဆိုင်ကယ် ပေါ် မှ ချကာ ကျောင်းနံရံ အနား သို့ ပွတ်ဆွဲ ယူ သွားသည် ။

နံရံ နား သို့ ကပ်မိသော အခါ အထုပ် ကို မ ကာ သွန်မည် ပြုပြီး မှ ပြန် ချကာ နံရံ နား သို့  ပိုမို တိုးကပ် ကြည့် ရှု လိုက်လေသည် ။ ပြီးနောက် သူ ၏ ဘယ်ညာ နှစ်ဖက် ကို အတန်ကြာ ကြည့်ပြီး အထုပ် ကို ကျောင်းနံရံ သို့ ကပ် ကာ ထောင် ထား လိုက်သည် ။ ထို့နောက် လာလမ်း အတိုင်း ဆိုင်ကယ် ကို ပြန် လှည့်ကာ မောင်းထွက် သွား လေတော့သည် ။

မကြာမီ စက်ဘီး တစ်စီး သည် အထုပ် တစ်ထုပ် ကို ဆွဲလျက် စာသင်ကျောင်းလေး ရှေ့ သို့ ရောက်လာ ပြန် သည် ။ စက်ဘီး ပေါ် က မဆင်းသေး ဘဲ ကျောင်းနံရံ ကို တစ်ချက် ကြည့်ပြီး အတန်ကြာ ရပ် နေသည် ။ နံရံ တွင် ကပ် ကာ ထောင်ထားသော ပီနံအိတ်ထုပ် ကို လှမ်း ကြည့်သည် ။ စက်ဘီးလက်ကိုင် တွင် ချိတ် ထားသော အထုပ် ကို လက် တွင် ကိုင်မြှောက် ကြည့်သည် ။ ထို့နောက် အထုပ် ကို လက်ကိုင် တွင် ပြန်ချိတ် ပြီး တူရူ အရပ် သို့ စက်ဘီး ကို ဆက် နင်း သွားသည် ။

ထို့နောက် စီး လာသော ဆိုင်ကယ် နှင့် ယှဉ်လျှင် မညီမျှသော ခန္ဓာကိုယ် ရှိသည့် မိန်းမငယ်လေး တစ်ဦး သည် ဆိုင်ကယ် နောက် မှ တောင်း တစ်တောင်း ကို မနိုင် မနင်း မ , ယူပြီး ကျောင်းနံရံနား သို့ ကပ် သွားလေသည် ။ ရှေ့ လူများ နည်းတူ နံရံ ကို တစ်ချက် ကြည့် ပြီးနောက် တောင်း ကို မှောက်သွန်ကာ ဆိုင်ကယ် နောက် တွင် တောင်း ကို ပြန် ချည်တုပ်ပြီး လာလမ်း အတိုင်း ပြန် မောင်း ထွက်သွားသည် ။

ထို့နောက် ...
တစ်ယောက်
နှစ်ယောက်
သုံးယောက်
လေးယောက် ။

လ သည် ခပ်ဖြည်းဖြည်းချင်း မှိန်ဖျော့ လာပြီး အလင်း သည် ဝေဟင် မှ မြေပြင် ဆီ သို့ တစ်စတစ်စ ယူ လာသည် ။ သို့တိုင် စာသင်ကျောင်း ဆိုင်းဘုတ် မှ မီး အလင်းရောင် သည် ဝန်းကျင် ကို အထောက်အကူ ပြုနေ ဆဲ ပင် ဖြစ်သည် ။ စာသင်ကျောင်း ထဲ မှ လူ တစ်ဦး သည် ဓာတ်မီး တစ်လက် ကိုင် ကာ ထွက် လာပြီး ကျောင်းနံရံ ဘေး တွင် စုပုံ နေလျက် ရှိသော အမှိုက်များ ၊ အထုပ်များ ကို ကြည့်သည် ။ ထို့နောက် ဓာတ်မီး ကို ခါးကြား ထိုးလျက် ပြန့် နေသော အမှိုက်များ ကို အထုပ်များ အတွင်း ထိုးသိပ် ထည့် ကာ ယင်း အထုပ်များ ကို ကိုင်ဆွဲ ပြီး စာသင်ကျောင်းလေး ထဲ ရှိ အမှိုက်ကန် ထဲ သို့ ထည့် လေသည် ။ ထို့နောက် အုတ်ကန် မှ ရေပိုက် ကို ဖွင့် ကာ လက် ဆေးရန် ပြုမည် ပြင် ပြီး မှ ရေပိုက် ကို ပြန် ပိတ်ပြီး ကျောင်းဝင်း ရှေ့ သို့ ပြန် ထွက် ကာ အမှိုက်ထုပ်များ သယ်ယူခဲ့သည့် နေရာ ကို ထပ် ကြည့်သည် ။ ထိုနေရာ တွင် စောစောက ရှင်းလင်းခဲ့သည့် အနေအထားအ တိုင်း ရှိသည် ကို မြင်သော အခါ အုတ် ကန် သို့ ပြန်ပြီး လက်ဆေးခြင်း အမှု ကို ပြုလေသည် ။ ထိုအခိုက် မှာ ပင် စာသင်ကျောင်းဆောင်လေး ၏ နောက်ဘက် မှ လူ တစ်ဦး ထွက် လာ သဖြင့် လက်ဆေး နေသော လူ က လှမ်းအော် နှုတ်ဆက် လိုက်သည် ။

“ ဆရာကြီး နိုးပြီလားဗျ ”

•••••   •••••   •••••

လူသွားလူလာများ ခပ်စိပ်စိပ် ဖြတ်သန်း လာသည့် တိုင် ကောင်းကင်သည် အချိန် နှင့် အမျှ ပို၍ လင်းကျင်း လာ သော်လည်း နေမင်း သည် ထွက်ပြုနိုင်ခြင်း မရှိသေး ချေ ။ တိမ်ညိုတိမ်မည်း တို့ သည် အရှေ့ဘက် မိုးကုပ်စက်ဝိုင်း တွင် ထူထဲစွာ အုပ်ဆိုင်း ရစ်သိုင်း လျက် ရှိပြီး ကောင်းကင် တစ်ပြင်လုံး တွင် ပျံ့နှံ့ နေရာ ယူ ထားလေသည် ။ လ သည် ပင် ခပ်ရေးရေး ထင်ဆဲ ရှိကာ အလျှင်း ပျောက်ကွယ် ခြင်း မရှိသေးပေ ။ နေမင်း က တော့ သူ့ ဗီဇ အတိုင်း ကောင်းကင် အထက် နေရာ ယူ ကာ လောက ကို အလင်း ပေးလျက် ရှိနေပေချိမ့်မည် ။ သို့တိုင် တိမ်ပုပ်တိမ်မည်း အအုပ်အဆုပ်လိုက်ကြီး သည် နေမင်း ကို ကွယ်ကာခြင်း ဖြင့် မြို့ကလေး အား အလင်းရောင် နှင့် ထိတွေ့ခွင့် မရရန် အားထုတ် နေပေသည် ။

လေ သည် တစ်ချက်တလေ ခပ်ဖြူးဖြူး သုတ် လိုက် သော်လည်း တိမ်စိုင်တိမ်ခဲ တို့ ကို အတန်ငယ် ရွေ့လျား သွားစေခြင်း မှ အပ ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ သက်ရောက် သွားစေခြင်း ငှာ မစွမ်းသာပေ ။ တိမ် တို့ သည် နေမင်း ကို ဖုံးလွှမ်း ထားဆဲ ။ သူတို့ ကို အလင်း နှင့် ထိတွေ့ရန် ကန့်သတ် ထားဆဲ ။

လေသည် အင်အား ကို စုစည်းခြင်း ငှာ ပြင်ဆင်ပြီး မှ သာ တိမ်ပုပ်မည်းအုပ် ကို တိုက်ထုတ် နိုင်ပေလိမ့်မည် ။ လေ သည် အချိန် တစ်ခု ယူရပေ လိမ့်မည် ။ ကျစ်လျစ်သန်မာသော လန်းဆတ်သည့် အင်အား တစ်ရပ် ကို စုစည်းရ ပေလိမ့်မည် ။

တိမ်ပုပ် တိမ်မည်း တို့ ကို တိုက်ထုတ် ကာ နေ အလင်း ကို ဆောင်ကြဉ်း ပေးရန် ဖြစ်ပါသည် ။

◾ဝေမိုးနိုင် ၊ မုံရွာ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ  ၊ ၂၀၁၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment