❝ တော က သင်္ကြန် ❞
သင်္ကြန် ကျတော့မည် ။ နှစ်သစ် ကူးတော့မည် ။ ပိတောက်တွေ ရွှေရည် လူးတော့မည် ။ တစ်ရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်လာသည် ။ ရပ်ကွက်တိုင်း လိုလို လှုပ်ရှား လာသည် ။ ရပ်ကွက်သူ ရပ်ကွက်သား အားလုံး သင်္ကြန် ကို ကြိုဆို နေကြပြီ ။ ကလေးတွေ က ထိပ်ဆုံး က ၊ အဘိုးကြီး အဘွားကြီး တွေ လည်း မကျန် ၊ လူရွယ် လူလတ် တွေ က မူ တက်တက်ကြွကြွ ။
ငွေကြေး ရှာဖွေကြ၏ ၊ ကောက်ခံကြ၏ ၊ တက်ညီကြ၏ လက်ညီကြ၏ ၊ စိတ်ဖြူစင် ကြ၏ ။ ထို့ကြောင့် ရွာလယ် ရပ်ကွက် က တဲကျောင်း ( မဏ္ဍပ် ) တစ်ခု ပေါ် လာသည် ။ သင်္ကြန် အတွင်း ဆန်ပြုတ် ကျွေးမည် ၊ ကော်ဖီ တိုက်မည် ၊ ဆန်ချို ကျွေးမည် ။
အခြား ရပ်ကွက်တွေ က လည်း အားကျ မခံ ၊ ရွာလယ် ရပ်ကွက် နှယ် တည့် ။ တောင်ဖျား မှ မြောက်ဖျား အထိ ရပ်ကွက် အလိုက် တက်တက်ကြွားကြွား ၊ အားမာန် အပြည့် ငွေ လိုက် ကောက်သည် ၊ ဆန် လိုက် ကောက်သည် ။ ရရှိသည့် ငွေ နှင့် ဆန် ပေါ် မူတည်ပြီး သင်္ကြန် သုံးရက် လုံး ဆန်ပြုတ် ၊ ( သို့မဟုတ် ) ဆန်ချို ၊ သို့မဟုတ် ကော်ဖီ တိုက်ရန် စီစဉ်သည် ။ တဲကျောင်း မဏ္ဍပ်တွေ ဆောက် ကြသည် ။ တစ်ယောက် တစ်လက် ဖြင့် လူကြီး လူရွယ် လူငယ် ကလေး ပါ မကျန် ဝါး နှီး ကမ်းသူ ကမ်း၏ ။ ဝါးတိုင် ထမ်းသူ ထမ်း၏ ။ ကန့်လန့်ကာ ယူသူ ယူ၏ ။ ကော်ဇော သယ်သူ သယ်၏ ။ တိုင် ထူသူ ထူ၏ ။ ပန်းကန် ဆေးသူ ဆေး၏ ။ ဆေးကွမ်း လက်ဖက် ကျွေးသူ ကျွေး၏ ။ ထို့ကြောင့် တစ်ရပ်ကွက် တွင် တစ် မဏ္ဍပ် ၊ တဲကျောင်း တစ်ကျောင်း ပေါ် လာ၏ ။ တဲကျောင်းတိုင်း လိုလိုပင် ဓာတ်မီးအိုး ထိန်ထိန် လင်းပြီ ။ မီးဖိုတွေ တရှိန်ရှိန် ဝင်းပြီ ။
ထူးခြားချက် ကို မူ လမ်းမတော်ရပ်ကွက် တွင် တွေ့ ရ၏ ။ ၎င်း ရပ်ကွက် တွင် ဘုံမဏ္ဍပ် တစ်ခု ရှိ၏ ၊ တစ်ရွာလုံးဆိုင် ဘုံမဏ္ဍပ် ဖြစ်၏ ။ ထို မဏ္ဍပ် သည် အခြား မဏ္ဍပ်တွေ ထက် ဟိန်း၏ ကြီး၏ ၊ အသံချဲ့စက်သံ က လည်း မစဲ ၊ ဒိုးပတ်သံ က လည်း တဆူဆူ ၊ အကြောင်း မူ ထို မဏ္ဍပ် ကို အစ ခရီး အဖြစ် သတ်မှတ် ထားသောကြောင့် ဖြစ်၏ ။ ထို့ကြောင့် ရွာဦး မြတ်စွာဘုရား ၏ ရုပ်ပွားတော် ရှိသည် ။ ဝါးလေးဘက် ကျားကန် ထားသော ထမ်းစင် ရှိသည် ။ တီးဝိုင်းသမားတွေ ရှိသည် ။ ထို မဏ္ဍပ် မှ စတင် ၍ “ သင်္ကြန် ဘုရားပွဲ ” လှည့် သတည်း ။
◾ သင်္ကြန် အကြိုနေ့ သို့ ရောက် လာပြီ
အကြိုနေ့ သည် သင်္ကြန် ၏ အစ ခရီး ဖြစ်၏ ။ သင်္ကြန်ဘုရားပွဲ မလှည့်သေး ။ သို့သော် တစ်ရွာလုံး နံနက် ၄ နာရီ လောက် က နိုး နေကြ၏ ။ ဆွမ်း ထ ချက်ကြသည် ။ ၅ နာရီခွဲ ခန့် တွင် ဆွမ်းလောင်းပွဲ ကို ရပ်ကွက် အလိုက် ကျင်းပ ကြ၏ ။ သည် ရွာ မှ သံဃာတော်တွေ သာ မက အခြား ရွာများ မှ သံဃာတော်တွေ ပါ မကျန် ဆွမ်းလိုက် ခံကြ၏ ။ ဘုံမဏ္ဍပ် မှ ခရီး စ၏ ။ နာရီခွဲခန့် တွင် မှ ဆွမ်းလောင်းပွဲ နိဂုံးချုပ် သတည်း ။
ဆွမ်းလောင်းပွဲ ပြီး လျှင် တစ်ခဏ မျှ နား ကြသည် ။ ပြီးလျှင် လက်ဖက်အုပ် ပြင်သည် ။ ဆွမ်းအုပ် ပြင်သည် ၊ ကိုယ်လက် သန့်စင်သည် ၊ အဝတ်အစား လဲသည် ၊ အိမ်ရှိ ကလေးတစ်အုပ် နှင့် လူကြီး အကုန် ရွာဦး သို့မဟုတ် ရွာလယ် သို့မဟုတ် ရွာမြောက် သို့မဟုတ် ရွာတောင် ဘုန်းကြီးကျောင်း သို့ ထွက်သည် ။ ဥပုသ် အခမ်းအနား ကား ဗုံ မပါ ပတ် မပါ ။ သို့သော် စည်ကားသည် ၊ သိုက်မြိုက်လှသည် ။ တစ်ရွာလုံး လိုလို သည် ပုံစံနှယ် ကိုး ။
အိမ်စောင့် ကို မူ တစ်ယောက် နှစ်ယောက် ထားခဲ့လေ့ ရှိ၏ ။ သိ တတ်သည့် ကလေး
တစ်ယောက် သို့မဟုတ် အဘွားကြီး တစ်ယောက် ယောက် က အိမ်စောင့် ဖြစ်၏ ။ အဘွား ကြီး ဆိုလျှင် အလကား မနေ ၊ အိမ်တွင်း သန့်ရှင်းမှု လုပ်၏ ။ အိမ်ရှေ့ တံမြက်စည်း လှဲ၏ ။ ကလေး က လည်း ထိုင် မနေ ၊ အိမ်ရှေ့ ရေတွင်းမှ ရေ ငင်၏ ။ စည်ပိုင်း သို့မဟုတ် ရေခံ စဉ့်အိုးကြီး ထဲ လောင်း ထည့်၏ ။ တစ်ပုံး ပြီး တစ်ပုံး ၊ တစ်အိုးလုံး တစ်စည်လုံး ပြည့်သည် အထိ ထည့်၏ ။ ဘိုးဘွား တွေ ၊ မိဘ တွေ ပြန် လာ လျှင် အဆင်သင့် ရေချိုး နိုင်ရန် အတွက် ဖြစ်၏ ။ ရေ ကို သက်သက် ဆော့ နေခြင်း မဟုတ် ။ သင်္ကြန် နှင့် အညီ ရေကန်တော့ရန် တည်း ။
◾ သင်္ကြန် အကျနေ့ သို့ ရောက်လာပြီ
သည် နေ့ နံနက်ခင်း ကား ထူးခြား၏ ။ အကြိုနေ့ ထက် ဆန်းသစ်သည် ။ တစ်ရွာလုံး ၄ နာရီလောက် ကတည်း က ဆူညံ နေသည် ။ ဘုံမဏ္ဍပ် မှ အသံချဲ့စက်သံ သည် ခါတိုင်း ထက် ညံလေသလား ဟု ထင်မှား ရသည် ။ နှဲသံ ၊ မောင်းသံ ၊ ဒိုးသံများ က လည်း တတီတီ တဒူဒူ တဆူဆူ နှင့် သင်္ကြန်ဘုရားပွဲ လှည့် တော့မည် ။
ရွာ ထဲ မှ ကလေး လူငယ် လူရွယ် လူကြီး တွေ မဏ္ဍပ် သို့ တဖွဲဖွဲ ရောက် လာကြသည် ။ ဘုန်းတော်ကြီး တွေ လည်း ကြွ လာကြသည် ။ သိုက်မြိုက်လှစွာ ၊ တစ်ရွာလုံး တစ်အိမ် မကျန် နိုး ကြပြီ ။ ဆွမ်း ထ ချက်ပြီး ကြပြီ ။ ဆွမ်းအုပ် ပြင်ပြီး ကြပြီ ။
မဏ္ဍပ် ဆီ တွင် လည်း ဆူညံ နေ၏ ။ ဓာတ်မီးအိုး ထိန်ထိန် အောက် တွင် ရပ်ကွက်သူ ရပ်ကွက်သား တွေ လှုပ်ရှား နေကြသည် ။ ကလေးသူငယ်တွေ က မဏ္ဍပ် ထဲ ဖျာတွေ လိုက် ခင်း ကြသည် ။ လူရွယ် လူလတ်တွေ က မူ ရေဆွဲ ပေးကြသည် ။ ပန်းကန်ဆေး ပေးကြသည် ။ လူကြီးတွေ မှာ မဏ္ဍပ်ထောင့် တစ်နေရာ တွင် ချွေးပြန် နေကြသည် ။ လက်ထဲ တွင် သစ်သား ယောက်မကြီး တွေ နှင့် ၊ သံဇွန်းကြီး တွေ နှင့် မီးဖို ပေါ်ရှိ ဆန်ပြုတ်ဒယ် တွေ နား မှ မခွာနိုင်အား ။ ထင်း ထည့် ပေးလိုက် ၊ မွှေ ပေး လိုက် နှင့် အလုပ် များ နေကြ၏ ။
တီးဝိုင်းသံ သည် နှဲသံ ၊ ဒိုးသံ ၊ မောင်းသံ နှင့် ကြည်နူးဖွယ်ရာ ထွက်ပေါ် လာသည် ။ တဖြည်းဖြည်း နှင့် ပီပီသသ ကြား လာရသည် ။ တဖြည်းဖြည်း နှင့် နီး လာပြီ ။ ဘုရားရုပ်ပွား တော် ကို လူ ၈ ယောက် က ဝါးထမ်းစင် နှင့် မ , လာကြသည် ။ သင်္ကန်းဝါဝါတွေ က လည်း မနည်း ။ အပါး ၂၀၀ ကျော် မည် ထင်၏ ။ ၎င်းနောက် လူပရိသတ် ဖွေးဖွေးကြီး ကို မြင် ရ၏ ။ လူကြီး တွေ ၊ လူရွယ် တွေ ၊ ကလေး တွေ တစ်လှေကြီး စီတန်း လှည့်လာသလား ဟု ထင်မှား ရသည် ။ နောက်ဆုံးမှ ပါ လာသော တီးဝိုင်း အဖွဲ့သားတွေ ပင် လျှင် လူ အစိတ် ထက် အောက်လိမ့်မည် မထင် ။
မဏ္ဍပ်တွေ အသင့် ပြင်ထား ပြီးပြီ ။ ဆန်ပြုတ်ချိုင့် ထဲ တွင် ဆန်ပြုတ် အသင့် ထည့်ထား ကြသည် ။ မုန့်ကြွပ်ချိုင့် ကို လည်း စားပွဲဝိုင်း ပေါ် တွင် အသင့် စီစဉ်ထား၏ ။ ဆန်ပြုတ်ဒယ် တွေ ကို လည်း သံဃာတော် တွေ နှင့် လူပရိသတ် အတွက် အသင့် ခွဲခြား ထားပြီးပြီ ။
၆ နာရီ လောက် တွင် တီးဝိုင်း အဖွဲ့ သည် အနောက်ကုန်း ရပ်ကွက် ထဲ သို့ ဝင် လာပြီ ။ တဘက် ကိုယ်စီ နှင့် လုံမပျိုတွေ မှာ လည်း အိမ်ရှေ့ ထွက်ကြပြီ ။ ဆွမ်းအုပ် ကိုယ်စီ ပိုက် ထား ကြပြီ ။ ဆွမ်းလောင်းခန်း စပြီ ။
ဖိနပ်ကလေးတွေ ချွတ် ၍ ၊ တဘက်လေးတွေ လွှမ်း ၍ ဆွမ်းလောင်း နေကြသော လုံမပျိုလေးတွေ ကို ကြည့် ရသည် မှာ ကြည်နူးစရာ ။ တီးဝိုင်းသံ က လည်း စိတ်အား တက်ကြွ စရာ ။ ဆွမ်းလောင်းပွဲ ပြီးသော အခါ တွင် ဒိုးပတ်သံ တိတ် သွား၏ ။ လုံးဝ တိတ်သွား၏ ။ အားလုံး မဏ္ဍပ် ထဲ ရောက် ကြပြီ ။
မဏ္ဍပ် ထဲ တွင် ဆူညံ နေ၏ ။ မဏ္ဍပ် တစ်ခုလုံး လူတွေ ဖြင့် ဖွေး နေ၏ ၊ မဏ္ဍပ် ၏ ရှေ့မျက်နှာစာ သံဃာစင် တွင် ဝါဝါထိန် နေ၏ ။ သံဃာတော်တွေ အား ဆန်ပြုတ် ကပ်နေပြီ ၊ ရေ ကမ်း နေပြီ ။ ၁၅ မိနစ် ခန့် ကြာ သွားသည် ။
လူပရိသတ် အလှည့် ရောက် လာသည် ။ ဆန်ပြုတ်က မ်းသူတွေ လက် မလည်နိုင် အောင် အလုပ် များကြပြီ ။ ဆန်ပြုတ် ထည့်သူတွေ မှာ လည်း ခေါင်း မဖော်နိုင်ကြ ၊ ဦးဆုံး ထိပ်ဆုံးလူ မှ စ ကမ်း၏ ။ နောက်ဆုံး လူ အထိပင် ။ ကြား ထဲ မှ ကလေးတွေ ပါ မကျန် တစ် ယောက် မချန် ဆက်တိုက် ကမ်း၏ ၊ ပြီးလျှင် နောက် တစ်တန်း ပြီး တစ်တန်း ပိုက်စိပ်တိုက် လိုက် ကမ်း၏ ။ သည် ကြားထဲ တွင် “ ဒီဘက် မှာ တစ်ပန်းကန် ကျန်သေးတယ် ဗျို့” ဟု အော်သူ အော်၏ ။ “ မဝသေးဘူး ဗျ ၊ နောက် တစ်ပန်းကန် ပေးဦး” ဟု ဟစ်သူ ဟစ်၏ ။ နောက် ဆုံး ၆ နာရီခွဲ ကျော် မှ ကျွေးမွေးပွဲ ပြီးသည် ။ ဆန်ပြုတ်ဒယ်တွေ တွင်လည်း ဖင်ကပ် သာ ကျန် သတည်း ။
အားလုံးပင် စားသောက် ပြီးပြီ ။ နောက် တစ်မဏ္ဍပ် ဆက်ကြရ ဦးမည် ။ နှဲသံ က စ “ တီ ” ၏ ။ ဒိုးသံ က လိုက် “ ပြောင် ” ၏ ။ မောင်းသံ က “ ဒူ ” လေပြီ ။ အားလုံးပင် နောက် တစ် မဏ္ဍပ် သို့ ဆက် ကြသည် ။ လူပရိသတ် က မူ လုံးဝ လျော့မသွား ။ နောက်ထပ် လူအုပ် တစ်အုပ် ထပ် တိုးလာ၏ ။ ကျွေးမွေးပြီး သည့် မဏ္ဍပ် မှ လူများ ပင် ဖြစ်၏ ။ နောက် မဏ္ဍပ် မဏ္ဍပ် တွေ တွင် သူတို့ လည်း ဝင် နွှဲရဦးမည် မဟုတ်လား ။
သည်လိုနှင့် တစ် မဏ္ဍပ် ပြီး တစ် မဏ္ဍပ် ခရီး ဆက် ကြသည် ။ ဗိုက်တွေ ထဲ တွင် ဆန်ပြုတ်တွေ ပြည့် နေပြီ ၊ ဆန်ချို တွေ ရော နေပြီ ၊ ကော်ဖီ တွေ နှော နေပြီ ။ နောက်ဆုံး ရပ် ကွက်သို့ ရောက်သော အခါ ၉ နာရီခွဲ သတည်း ။ လူစု လည်း ကွဲ သတည်း ။
အိမ် ပြန်ကြသည် ။ လူကြီးတွေ က ဘုန်းကြီးကျောင်း ဘက် ဆက် သွားကြသည် ။ လူကြီးတွေ နှင့် အတူ လိုက်သည့် ကလေး လိုက်၏ ။ အိမ် ကျန်သည့် ကလေး ကျန်၏ ။ လိုက်ရသည့် ကလေး က ခပ်ကြွားကြွား ပြုံး၏ ။ ခပ်မြူးမြူး ပြေး၏ ။ ကျန် ကလေး မှာ သနား စရာ ၊ ငိုမဲ့ ငိုမဲ့ နှင့် ညိုနွဲ့ ဖြစ်နေ၏ ။ သို့သော် ဝတ္တရား ကို မူ မချိုးဖောက် ။ ဒိုးဒိုးဒေါက်ဒေါက် ပင် သူ့ လုပ်ငန်း ကို ဆက် လုပ်၏ ။ ရေ ကန်တော့ ရမည့် ဝတ္တရား ကို သူ မမေ့ ။
အကြတ်နေ့ သို့ ရောက် လာပြန်ပြီ ။ အကျနေ့ နှယ်နှယ် ပင် ၊ ဘာမျှ မထူးခြား ။ ကွာခြား သွားသည် မှာ မဏ္ဍပ်တွေ ၏ အကျွေးအမွေး ပင် ဖြစ်၏ ။ ဆန်ပြုတ် ကျွေးသည့် မဏ္ဍပ် က ကော်ဖီ လှည့် တိုက်၏ ။ ကော်ဖီ တိုက် သည့် မဏ္ဍပ် က ဆန်ပြုတ် လှည့် ကျွေး၏ ။ သို့မဟုတ် ဆန်ချို လှည့် တိုက်၏ ။ အတက် နေ့ လည်း ထိုနည်း လည်းကောင်း ။
သုံးရက် လုံးလုံး ပျော် မဆုံး မော်တ ပြုံးပြုံး ၊ သို့သော် တရုန်းရုန်း တဟေးဟေး နှင့် သရုပ် မပျက် ။ ဤကား ကျွန်တော်တို့ ရွာ ၏ သင်္ကြန် ရှုခင်း တည်း ၊ ရိုးရာ ဓလေ့ တည်း ။
ယခု မူ ရိုးရာဓလေ့ နှင့် မထိတွေ့ ရသည် မှာ ကြာ ပြီ ။ ချစ်စဖွယ် သင်္ကြန် ရှုခင်းနှင့် မရင်းနှီးရသည် မှာ ရွာ မှ ထွက်လာ ကတည်း ကဖြစ်၏ ။ ဘယ်တော့များ မှ ရိုးရာဓလေ့ နှင့် ပြန်လည် ထိတွေ့ရ အံ့နည်း ။ မြို့ ရန်ကုန် နှင့် မြန်မာပြည် အနှံ့အပြား ၌ သည်လို ရိုးရာဓလေ့ မျိုး ကို တွေ့မြင်ရ လျှင် အဘယ်မျှ ကောင်းလိုက်လေမည်နည်း ။
◾နွယ်တမယ်
📖 ငွေတာရီ မဂ္ဂဇင်း
📖 ပိတောက်ဖူးတဲ့ လတန်ခူး
နှစ်ဦးသင်္ကြန်ခါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment