Saturday, April 13, 2024

သည် အတာဦး


 

❝ သည် အတာဦး ❞ 

“ တောင်ပေါ် မှာ ပွင့်တဲ့ပန်း ဘာပန်းရယ်လို့ ခေါ်ပါတယ် ၊ အပျိုနမ်း တဲ့ ပန်းသဇင် ရယ် ၊ လူပျိုနမ်း တဲ့ ပန်းသဇင် ရယ် ၊ အပျို ကို လူပျို နမ်းတယ် ၊ လူပျို ကို အပျို နမ်းတယ် ၊ ပန်းပါ လူပါ မွေးတယ် ၊ မွှေးတယ် ၊ လူပါ ပန်းပါ မွှေးတယ် - မွှေးတယ် ၊ မောင်မွှေးတယ်-မယ်မွှေး တယ် ၊ အလိုဗျာ .. မောင်မယ် မွှေးတယ်လေး ...”

ကျော်မောင် က ရခိုင်သင်္ကြန် တို့ တွင် ဆိုလေ့ ဆိုထ ရှိသော သီချင်း တစ်ပုဒ် ကို ဟစ်ဆို လိုက်သည် ။ ဤညယံ မှ ကျော်မောင် ဆို လိုက်သော သီချင်းသံ နှင့် ရေအေး တို့ ဝိုင်း မှ ဗုံသံ ၊ ဆိုင်းသံ တို့ သည် ရေကျော်ရွာ တစ်ရွာလုံး ကို ဖုံးလွှမ်း သွားသည် ။

ရေကျော်ရွာ သည် ရခိုင်တိုင်း တောင်ပိုင်း သံတွဲခရိုင် မှ တောရွာ တစ်ရွာ မျှ သာ ဖြစ်သော်လည်း သင်္ကြန် နား နီးလာသော အခါ သိုက်သိုက်ဝန်းဝန်း နှင့် စည်ကားလှသည် ။ ယခု လည်း နောက် တစ်ရက် ဆိုလျှင် သင်္ကြန် အကြိုနေ့ ဖြစ် သောကြောင့် ရွာ ကာလသား တို့ ၏ တီးသံ မှုတ်သံ သီချင်းဆိုသံ တို့ မှာ ညံ နေပေပြီ ၊ တစ်နှစ် မှာ တစ်ခါသာ ကြုံရသော ပွဲတော် မို့ လရောင် အောက် မှ သူတို့ ၏ မျက်နှာများ မှာ ကြည်ရွှင် ဝင်းပ နေသည် ။

အထူးသဖြင့် ယခု သင်္ကြန် တွင် ကျော်မောင် ပို၍ ပျော်နေသည် ။ နှစ်တိုင်း အဖော်များ သီချင်း ဆိုနေချိန် တွင် လက်ခုပ်စည်း သာ လိုက်ပေး တတ်သော ကျော်မောင် သည် ခုတော့ သူ ကိုယ်တိုင် သီချင်း ဆိုနေသည် ။

“ ဒီနှစ်တော့ ကျော်မောင့် အလှည့် ထင်တယ်ဟေ့ ”

ကျော်မောင် ၏ သီချင်းသံ နှင့် ဗုံသံ ဆိုင်းသံ ရပ် သွားသောအခါ ဘေး မှ ရပ် ကြည့်နေသော ကိုစံထွား က ပြောလို က်သည် ။

“ ဒါပေါ့ ကိုစံထွား ရဲ့ ၊ သူများ အလှည့် ချည်း ဘယ် ပေးနိုင်မလဲ ၊ ကိုယ့် အလှည့် လည်း ရှိရဦးမှာပေါ့ ”

ကျော်မောင် က ကိုစံထွား ကို ပြန် ပြောရင်း ပရိသတ် ဘက် သို့ လှည့် ကြည့်လိုက် သည် ။ ဤ ရွာလယ်လမ်း မှ သူတို့ ၏ တီးဝိုင်း တွင် ကလေး ၊ လူကြီး ၊ မိန်းမ ၊ ယောက်ျား တို့ဖြင့် စုံ နေသည် ။ ကျော်မောင် က ပရိသတ် ထဲ မှ တစ်စုံတစ်ယောက် ကို ရှာဖွေ နေသည် ။ ပြီးတော့ သူ ၏ မျက်နှာ မှာ ပြုံးယောင် သမ်း လာသည် ။ သူ ရှာဖွေ နေသော အေးမှုံ ကို ပရိသတ် အလယ် တွင် တွေ့ နေပြီ မဟုတ်ပါလား ။

သူ သည် အေးမှုံ အား စတင် ပိုးပန်းခဲ့သည် မှာ ခုမှ မဟုတ် ၊ မနှစ် က သင်္ကြန်ချိန် က ပင် ဖြစ်သည် ။ ထိုအကြောင်း ကို လည်း ကိုစံထွား အား ဖွင့်ဟ ပြောဆို ခဲ့ဖူးသည် ။ ထို့ကြောင့် ကိုစံထွား နောက် လိုက် ပြီးသည့် နောက် အေးမှုံ ကို ပရိသတ် ကြား တွင် ရှာဖွေ လိုက်ခြင်း ဖြစ်သည် ။ သို့သော် ကျော်မောင် သည် အေးမှုံ အား သူ ၏ ချစ်ခြင်း မေတ္တာ ကို ယခုတိုင်အောင် ဖွင့်ဟ ပြောဆိုခြင်း မရှိသေးပေ ၊ ကြား မှ အောင်သွယ် ထား၍ လည်း ချစ်ရေးမဆိုချင်ပေ ၊ သူ ကိုယ်တိုင် တွေ့ဆုံ ပြီး မှ အေးမှုံ ထံ မှ မေတ္တာ ကို တောင်းခံ လိုသည် ။ ထို အခွင့်အရေးမျိုး သည် လည်း သူ့ လို ပိုက်သမား တစ်ဦး အတွက် မလွယ်ကူ လှပါ ။

ပိုက်လုပ်ငန်း ဆိုသည် က လင်းရောင် လာသည် မှ စ၍ နေဝင်မိုးချုပ် သည့် တိုင်အောင် ပင်လယ် ထဲ တွင် အချိန် ကုန် ရသည် ။ ရွာ နှင့် ပင်လယ် မှာ လည်း တစ်မိုင် လောက် ဝေး နေ သည် ။ ပြီးတော့ ယခု နှစ် သူ ပါဝင် ငါးဖမ်း နေ သော ၊ ကိုထွန်းခင် ၏ ပိုက် မှာ နှစ်တိုင်းမျှင် ( စိမ်းစားငပိ လုပ်သော ပင်လယ် ပုစွန့်ငယ် တစ်မျိုး )  ၊ ဖမ်းပိုက် တစ်ခု တည်း မဟုတ် ၊ ပိုက်ကြီး ဟု ခေါ်သော ငါးဖမ်းပိုက် တစ်ခု ပါ တိုး လာသည် ။ မျှင်ဖမ်းပိုက် တစ်ခုတည်း သာ ဆိုလျှင် နေဝင်မိုးချုပ် သည် ထိ ပင်လယ် ထဲ တွင် နေရန် မလို ၊ မျှင် ဆိုသည် က လည်း လင်းရောင်ခြည် လာချိန် မှ စ၍ မွန်းလွဲပိုင်း လောက် ထိသာ ပိုက် တစ်ကမ်း ရှိ ရေနက်ပိုင်း တွင် ကျက်စား တတ် သည် ။

ပိုက်ကြီး ဖြင့် ဖမ်း ရသော ငါးများ မှာ တော့ အချိန်မရွေး ပိုက် တစ်ကမ်း ရေတိမ်ပိုင်း တွင် တွေ့ ရတတ်သည် ။ ထို့ကြောင့်လ ည်း ပင်လယ် ထဲ ရှိ ငါးရိပ် ကို မျက်စိ ဖြင့် မြင် နိုင်သည် ထိ စောင့် ကြရသည် ။ သည်တော့ လည်း ပိုက်သမား ဖြစ်သော ကျော်မောင် သည် နေဝင်မိုးချုပ် မှ အိမ်သို့ ပြန်နိုင်သည် ။ သူ တစ်ဖက်သတ် ပိုးပန်း နေရသော အေးမှုံ ကို ချစ်ရေး ဆိုနိုင် လောက်အောင် အခွင့်အရေး သည် သူ့ တွင် မရနိုင်ခဲ့ ။

ယခုနှစ် သင်္ကြန် တွင် တော့ ကျော်မောင် တို့ လို ပိုက်သမားများ အတွက် ကံကောင်း သည် ဟု ဆိုရပေမည် ။ ပိုက်သမားများ မှီခို အားထား နေရသော ပင်လယ်ပြင် တွင် ကုန်ခဲ့သော နှစ်ရက် လောက် က ပင် အနောက်တောင် လေထန်၍ လှိုင်းကြီး နေသည် ။ ဤကဲ့သို့ လှိုင်းကြီး ၊ လှိုင်းကြွ နေချိန်တွင် ပင်လယ်ငါးများ မှာ မမှန်းဆ နိုင်လောက်အောင် နက်သော ရေနက်ပိုင်း တွင် သာ ရှိ နေတတ်သည် ။ အကယ်၍ ပိုက် တကမ်း ရေ အနက်တွင် ငါး ရှိနေ သည့် တိုင်အောင် လေထန်လှိုင်းကြွ နေ ချိန် တွင် ပိုက် ဖြင့် ငါး ကို ဖမ်းရန် မည်သည့် နည်း နှင့် မျှ မဖြစ်နိုင်ပေ ။ ကျော်မောင် အတွက် တော့ ငါး မရလျှင် နေပါစေ ၊ လေထ န်၍ လှိုင်းကြီး နေ သည် ကို ပင် ကျိတ်၍ ဝမ်းသာ နေရသည် ။ သို့မှသာ ယခုနှစ် သင်္ကြန် တွင် စိတ်လွတ် ကိုယ်လွတ် ပျော်ရပေမည် ။

သင်္ကြန် အကျနေ့ ရေ စတင် လောင်း သော နေ့တွင် အေးမှုံ ရှိနေသော ရေလောင်းမဏ္ဍပ် သို့ သွားကာ အပြန်အလှန် ရေ လောင်းရင်း ချစ်ရေး ဆိုရပေမည် ။ ချစ်ရသူ ၏ မျက်နှာ ကို တစိမ့်စိမ့် ကြည့်ရင်း အေးမြသော သီတာရေစင် ကို တစ်ကိုယ်လုံး ရွှဲရွှဲ စို အောင် လောင်းရ ပေတော့မည် ။ ကျော်မောင် က စိတ်ကူး ဖြင့် ပျော်နေသည် ။ လဆန်း ၉ ရက် လ ၏ အလင်းရောင် ဖြင့် သူ ၏ အပြုံး ကို အထင်းသား မြင်နေရသည် ။

“ ဟေး ...  ကျော်မောင် ၊ ဘာတွေ စိတ်ကူးပြီး ပြုံးနေတာလဲကွ ”

“ ငါ ... ငါ ဘာများ ပြုံးလို့လဲ သာအို ရဲ့ ” 

ကျော်မောင် ၏ ထစ်ထစ်ငေါ့ငေါ့ ဖြင့် ဖြေ လိုက်သော အဖြေ ကြောင့် ကာလသား တစ်စု က ဟားတိုက် ရယ်လိုက်ကြသည် ။

•••••   •••••   •••••

ဗုဒ္ဓဘာသာဝင် တို့ အယူအဆ အရ ဤ နေ့ သည် သိကြားမင်း လူ့ပြည် သို့ ဆင်းသော သင်္ကြန်အကြိုနေ့ ဖြစ်သည် ။ ဤနေ့ ဤရက် ကို မွန်မြတ်သော နေ့ အဖြစ် ရခိုင်အမျိုးသား တို့ သတ်မှတ် ကြသည် ။ ရေပက်ခြင်း ၊ ရေလောင်းခြင်း တို့ ကို မပြုလုပ်ကြ ဘဲ ကုသိုလ်ကောင်းမှု တို့ ကို ပြုလုပ်ကြသည် ။

ထို့ကြောင့် လူလတ်ပိုင်း နှင့် လူကြီးပိုင်း မှာ နံနက် က ပင် ရွာဦး ရှိ ဘုန်းတော်ကြီး ကျောင်း သို့ သွား ကာ ဥပုသ်သီတင်း ဆောက်တည် နေကြသည် ။

သို့သော် ရေကျော်ရွာ မှာ တိတ်ဆိတ် ၍ မနေပါ ၊ ညနေ ၃ နာရီ လောက် သာ ရှိသေးသော်လည်း ရွာလယ်လမ်းမကြီး ပေါ် မှာတော့ ကလေးများ အသံ ၊ တီးသံမှုတ်သံ တို့ ဖြင့် ညံ နေသည် ။ ရွာ ၏ လုံမပျိုများ မှာ လည်း သပြေခက် စိုက်ထိုး ထားသော ရေအိုးငယ်တို့ ကို ခေါင်းပေါ် တွင် ရွက် ၍ ရွာလယ် ဆီ သို့ တစ်ဖွဲဖွဲ ရောက်ရှိ လာကြသည် ။ ဝတ်ကောင်းစားလှများ ဝတ်ဆင် ထားသော သူတို့ တစ်တွေ မှာ ခေါင်း ပေါ် ရှိ ရေအိုး ထဲ တွင် ထိုးစိုက်ထားသော သပြေခက်များ နှင့် အတူ လန်းဆန်း နေကြသည် ။

“ ဟေ့ ကျော်မောင် ၊ အပျိုတွေ တို့ ဖက် ကို လှည့် ကြည့်အောင် သီချင်း တစ်ပုဒ် လောက် ဟဲလိုက်စမ်းပါဦး ”

ဝါးလက်ခုပ် ရိုက်ရင်း လုံမပျိုများ အား ကြည့် နေသော ညီဟန် က ကျော်မောင် ကို မကြည့် ဘဲ ပြော လိုက်သည် ။

“ ဟုတ်တယ်ဟေ့ ကျော်မောင် ၊ ဟို သီချင်းလေကွာ ... ၊ လဲ့လဲ့ဝင်းမေ ကညာဖြူ ပါတဲ့ သီချင်းလေ ”

ငိုမောင် က ပါ တိုက်တွန်းလိုက်သည် ။ ကျော်မောင် က ငိုမောင် ကို ခေါင်းညိတ် ပြ လိုက်ပြီး စောစောက တီးလုံး ဆုံးသော အခါ သူ ရဖူး ထားသော သီချင်း တစ်ပုဒ် မှ နောက်ဆုံး အပိုဒ် ကို ဆို လိုက်သည် ။

ကျော်မောင် ဆွဲဆွဲငင်ငင် ဆို လိုက်သော သီချင်းသံ ကြောင့် စောစောက ဣန္ဒြေရရ နှင့် ဘာသိဘာသာ ရှိ နေကြသော လုံမပျိုတို့ ၏ မျက်လုံးများ မှာ တီးဝိုင်း ဆီ သို့ ရောက်ရှိလာကြသည် ။

“ ကျော်မောင့် အသံ က ဒီနေ့ ခါတိုင်း ထက် ပို ကောင်းတယ်ဟေ့ ၊ ဒါပေမဲ့ တီးဝိုင်း မှာ ချည်း အချိန်ကုန် မနေနဲ့ ကျော်မောင် ရေ ဘုရား ရေသပ္ပာယ် ရမယ့် အဖွဲ့ မှာ ငါ နင့် ကို ထည့် ထားတယ် ။ မိန်းကလေးတွေ ကမ်း ပေးတဲ့ ရေအိုး ကို နင် က ဘုရား မှာ သပ္ပာယ် ပေးရ မယ် ။ ငါ လည်း ချစ်နု တို့ ငဖား တို့ ကို လိုက် ရှာ လိုက်ဦးမယ် ”

ကိုစံထွား က ဘုရားရေသပ္ပာယ်ရေးအဖွဲ့ တွင် ခေါင်းဆောင် တစ်ယောက် ဖြစ်သည် နှင့် အညီ ပြောစရာ ရှိသည် တို့ ကို ပြော၍ ထွက်သွားသည် ။ ကျော်မောင် က တော့ ကိုစံထွား ထွက် သွားရာ သို့ ကြည့် သလိုလို နှင့် လုံမပျိုများ ဘက် သို့ မျက်စိ ရောက် သွားသည် ။ သည်တော့ လည်း သူ့ အား ပြုံး၍ ကြည့် နေသော အေးမှုံ ကို လုံမပျိုတို့ အကြား တွင် တွေ့ နေရ သည် ။ အေးမှုံ ၏ သည် အပြုံး က ကျော်မောင် ၏ ရင် ကို အေးမြ သွား စေသည် ။ သူ တစ်ဖက်သတ် ပိုးပန်း ခဲ့ရသော အေးမှုံ ၏ အပြုံး ကို လက်ခံ ရရှိပြီ မဟုတ်ပါလား ။

“ ကဲ .. ရေသပ္ပာယ် ရမယ့် အဖွဲ့ မှာ ပါတဲ့ လူတွေ ဒီကို လာကြဟေ့ ”

မကြာမီ ကိုစံထွား ၏ အသံ က ပေါ် လာသည် ။ ကျော်မောင် က အေးမှုံ ထံ မှ သူ ၏ မျက်လုံး အစုံ ကို ခွာ ၍ ကိုစံထွား ဘက် သို့ လှည့် လိုက်ရသည် ။

“ မင်း ငါ့ ကို မကျေနပ်ဘူး မဟုတ်လား ကျော်မောင် ၊ ဒါပေမဲ့ ငါ မအ , ပါဘူး ကွ ၊ မင်းတို့ အရိပ်အကဲ ကို ငါ အကဲခတ် နေတာပါ ။ ရေသပ္ပာယ် တဲ့ အခါ သူ့ အနား မှာ ကပ် နေပေ တော့ ငါ့ လူ ၊ ဒါမှ မစားသာ ရင် လည်း မင်း လူညံ့ ဖြစ်မှာပဲ ”

ကိုစံထွား က သူ့ အနီး သို့ ရောက် လာသော ကျော်မောင် ကို ခပ်တိုးတိုး ပြော လိုက် သည် ။ ကျော်မောင် က ကိုစံထွား ၏ အစီအစဉ် ကို ဝမ်း ထဲ မှ ကျိတ်၍ ကျေနပ်မိသည် ။ တကယ်တော့ ကိုစံထွား ဆိုသည် က သား နှင့် မယား နှင့် လူလတ်ပိုင်း ပင် ဖြစ် သော်လည်း လူပျိုကာလသား တို့ ၏ မှီခိုရာ ပုဂ္ဂိုလ်ကြီး မဟုတ်လား ။

“ ကဲ .. ကိုစံထွား ရေ ၊ သွားကြရအောင် ၊ ဘုရား ရေ လှူပြီးတဲ့ အခါ ဥပုသ်သည် တွေ ကိုလည်း ရေ လှူရဦးမယ် ”

ကျော်မောင် မည်သို့မျှ ပြန် မပြောရသေးမီ မှာ ပင် သန်းဖေ က ဆော်သြ လိုက်သည် ။

“ အင်း ... သွားဖို့ပေါ့ကွာ ၊ ငဖား တို့ ချစ်နု တို့ နောက် မှ လိုက် လာကြလိမ့်မယ် ။ ကဲ .. မိန်းကလေး တွေ ကို အစီအစဉ် ကျအောင် တန်းစီ ပေးချေ တော့ ။ ငါတို့ က ဒီဘက် မှာ လုပ်ကြရဦး မှာ ”

ကိုစံထွား ၏ စကား ဆုံး သော် ကျော်မောင် က သွက်လက်စွာ ပင် အေးမှုံ ရှိရာသို့ လာခဲ့သည် ။

“ ကိုကျော်မောင် ရောက်လာတာ နဲ့ အဆင်သင့် ပဲ ၊ ကျွန်မ ပဝါ ပြင် ပတ်ချင်လို့ ခေါင်း ပေါ် က အိုးလေး ကို ခဏ ထိန်း ကိုင်ပေးပါ ”

အေးမှုံ က အနီး သို့ ရောက် လာသော ကျော်မောင် ကို ပြော လိုက်သည် ။

ကျော်မောင် က အေးမှုံ ၏ ခေါင်း ပေါ် မှ ရေအိုးကလေး ကို လှမ်း ယူ လိုက်ပြီး အေးမှုံ အား မသိမသာ ကြည့် လိုက်သည် ၊ ယောဂီရောင် ထဘီ ၊ ဆွတ်ဆွတ်ဖြူ နေသော အင်္ကျီ လက်ရှည် နှင့် ရင် ကို သိုင်း၍ ပတ်ထားသော ယောဂီရောင်ပဝါပါးကလေး က အေးမှုံ အား တည်ငြိမ်မှု နှင့် လှပမှု ကို ရောစွက် ပေးထားသည် ။

“ ကဲ ... အားလုံး ပြီးရင် သွားကြရအောင် ဟေ့ ”

ကိုစံထွား ၏ အသံ ကြောင့် ရေအိုး ကိုယ်စီ ရွက် ထားကြသော လုံမပျိုတို့ မှာ ရွာဦး ဘုန်းတော်ကြီးကျောင်း သို့ ရှေးရှု သွားနေကြသည် ။ ထို ကျောင်းဝင်း အတွင်း မှာ က ဆုတောင်းပြည့် စေတီ တစ်ဆူ နှင့် သိမ် အတွင်း ရှိ ဗုဒ္ဓရုပ်ပွားတော်များ ရှိ နေသည် ။ ပြီးတော့ ဥပုသ်သည် များ ကို ရေ လှူရပေမည် ။

လုံမပျိုများ အနေ နှင့် ခြေလှမ်း တို့ ကို ခပ်မှန်မှန် လှမ်း နေကြ သော်လည်း နောက်ဘက် မှ ဆိုင်းသံဗုံသံ ပရိသတ် တို့ ၏ အသံများ မှာ ဆူညံ နေသည် ။ တစ်ခါတစ်ခါ ရွာကျော် မင်းသားကိုကျော်မောင် ၏ ဟဲသံ မှာ ဆိုင်းသံ ကို ကျော် ၍ ပေါ်ထွက် လာသည် ။

ကျော်မောင် အနေ နှင့် တော့ ဗုံသံဆိုင်းသံ တီးသံမှုတ်သံ တို့ ကို စိတ် မဝင်စားနိုင်အား ပါ ။ သူ့ စိတ်ဝင်စားသည် မှာ အေးမှုံ ၏ ရေအိုး ကို ပထမ ဦးစွာ ယူမည် ။ ပြီးတော့ သပြေခက် များ ကို ဘုရား သို့ ကပ်လှူ ကာ တူမောင်မယ် ပေါင်းရပါစေကြောင်း ရှင်တော်မြတ်ဘုရား ထံ တွင် ဆုတောင်းမည် ။ တကယ်တော့ ဤနှစ် သင်္ကြန် သည် ကား ကျော်မောင် အတွက် မင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံ နေသည် မဟုတ်ပါလား ။

•••••   •••••   •••••

ရွာလယ် ရှိ ရေပက်မဏ္ဍပ်များ တွင် ကံ့ကော်ပန်း ၊ သပြေပန်း တို့ ဖြင့် ဝေဝေဆာ နေ သည် ။ ရေအပြည့် ဖြည့် ထားသော အလျား အတောင် ၂ဝ ခန့် ရှိသော လှေကြီးများ မှာ လည်း မဏ္ဍပ် ထဲ တွင် ရှိနေသည် ။ လှေ ရှေ့ရှိ ထိုင်ခုံများ တွင် ရွာ ၏ လုံမပျိုများ က မဏ္ဍပ် ၏ မျက်နှာစာ ကို ကျောပေး ၍ ထိုင် နေကြ သည် ။ သူတို့ ၏ မျက်နှာ တွင် တော့ အပြုံးပန်း ကို ပန်းဆင် ထားသည် ။ တကယ်တော့ သူတို့ တစ်တွေ ဟာ ရေပက်လောင်းရန် လာကြမည့် လုလင်ပျို တို့ ကို ဤ မဏ္ဍပ်မှ ငံ့လင့် နေကြခြင်း ဖြစ်သည် ။

မကြာပါ ။ လုံမပျို တို့ ၏ မဏ္ဍပ် ဆီ သို့ အိုးစည်သံ ၊ ဒိုးပတ်သံ တညံညံ ဖြင့် လုလင် တို့ လာ နေကြပါပြီ ၊ လုလင်ပျို တို့ ၏ ပခုံး တွင် တော့ ရေခွက်ကြီး တစ်ခု ကို ကြိုး ဖြင့် သိုင်း ၍ လွယ်ထားသည် ။

ထို အထဲ တွင် ကျော်မောင် တစ်ယောက် လည်း အပါအဝင် ဖြစ်သည် ။ လုံမပျို တို့ ၏ ရေပက်မဏ္ဍပ် ဆီ သို့ လာ နေသော ကျော်မောင် ၏ ခြေလှမ်းများ မှာ သွက်လက် လှသည် ။ ပြီးတော့ မနေ့ က အတွေ့အကြုံ ကြောင့် ကျော်မောင် တစ်ယောက် အထူး ပျော်ရွှင်နေသည် ။

“ ဟေ့ - ကျော်မောင် ဖြည်းဖြည်း သွားပါကွ ၊ အဲဒီ မဏ္ဍပ် က မိန်းကလေးတွေ ဘယ်ကို မှ ထွက် မပြေးပါဘူး ”

သွက်လက်စွာ သွား နေသော ကျော်မောင် အား ကိုစံထွား က လှမ်း ပြောလိုက်သည် ။ သည်တော့မှ ကျော်မောင် က ကိုစံထွား ကို လှည့် ကြည့်ရင်း မလုံမလဲ ပြုံး လိုက်သည် ။

“ ဘာလဲကွ ၊ မင်း - အေးမှုံ ၊ ထွက်ပြေးသွားမှာ စိုးလို့လား ” 

“ ဒါကြောင့် မဟုတ်ပါဘူး ကိုစံထွား ရာ ”

ကျော်မောင် က ကိုစံထွား နှင့် ဘေးချင်း ယှဉ်၍ လျှောက်ရင်း မှ ပြော လိုက်သည် ။

“ နင် ... ငါ့ ကို မဖြီးပါနဲ့ ကျော်မောင် ရာ ၊ ငါ လည်း ကြီးဖူး ၊ ငယ်ဖူး ပါ ၊ ဒီ အကြောင်းတွေ
ကို နောကျေ နေပါတယ် ၊ ဒါထက် ငါ နင့် ကို စကား ပြောချင် လို့ လိုက်လာတာ ၊ မနေ့တုန်း က ဘုရား ရေသပ္ပာယ်တာ မှာ ငါ အေးမှုံ ကို အကဲခတ် နေတယ် ၊ သူ့ မျက်လုံး ဟာ နင့် ဆီ က ကို မခွာဘူး ကွ ၊ နင့် တခြား မိန်းမ တစ်ယောက်နဲ့ စကား ပြောနေရင် လည်း သူ့ မျက်နှာ ဟာ သဘော မကျ သလို ဖြစ် နေတယ် ၊ ဒီတော့ ခု ရေလောင်း တာ မှာ စကား ပြောဖို့ ရှက်ကြောက် မနေနဲ့ ”

ကိုစံထွား ၏ စကား ကြောင့် မိန်းမပျိုများ နှင့် အတွေ့အကြုံ မရှိခဲ့သော ကျော်မောင် ၏ မျက်နှာ မှာ နီရဲ သွားသည် ။ သို့သော် သူ သည် ဤနေ့ တွင် ကိုစံထွား ပြော သကဲ့သို့ အေးမှုံ အား ချစ်ရေး ဆိုရပေမည် ။ ဤလို နေ့ရက် တွင်မှ ချစ်ရေး မဆိုရ လျှင် သူ သည် အေးမှုံ နှင့် ဝေး ပေ တော့မည် ။

ပြီးတော့ ရေပက်ပွဲ တွင် လုလင်ပျို - လုံမပျို တို့သ ည် အဆင့်အတန်း မရွေး ချစ်ရေး ဆိုနိုင်ခွင့် ရှိသည် ။ ဤနေ့ တွင် ချစ်ရေး ဆိုခြင်း အတွက် မည်သူ က မျှ ငြူစုခြင်း မရှိကြ ။ ဒေါသတရား သည် ဤနေ့ တွင် ကွယ်ပျောက် နေသည် ။

“ ကဲ - ရေပက်မဏ္ဍပ် နဲ့ လည်း နီး လာပြီ ၊ တီးဝိုင်း ကို စောင့်ကြရအောင် ”

ကိုစံထွား သတိ ပေး လိုက် မှ ကျော်မောင် က နောက်တွင် ရှိ နေသော တီးဝိုင်း ကို ပြန်ကြည့် လိုက်သည် ။ တီးဝိုင်း မှာ သူတို့ နှင့် တစ်ခေါ် လောက် ကွာ ၍ ကျန်ခဲ့သည် ။ ပြီးတော့ ရေလောင်းမဏ္ဍပ် ဆီ သို့ ကြည့် လိုက်ပြန်သည် ။ မဏ္ဍပ် ၏ မျက်နှာစာ ကို ကျော ပေး ကာ ခုံရှည် ပေါ် တွင် ထိုင် နေကြသော လုံမပျိုများ ကို လှမ်း မြင် နေရသည် ။

“ အေးမှုံ ရှိတဲ့ မဏ္ဍပ် ကို ကော သိရဲ့လား ၊ ကျော်မောင် .. ”

ကျော်မောင် က ကိုစံထွား ၏ အမေး ကို ခေါင်းညိတ် ပြ လိုက်သည် ။

“ ဒီလို ဆိုရင်တော့ မလွဲနိုင်ပါဘူး ကွာ ၊ အေးမှုံ အနား ကို အခြား လူတွေ ထက် ဦးအောင် သွား လိုက်ပေါ့ ၊ ပြီးတော့ မင်း ပြောချင်တာတွေ လည်း ပြော သာ ပြော ၊ ဘာမှ ရှက်နေစရာ ၊ ကြောက်နေစရာ မလိုဘူး ၊ ဒီနေ့ ဒီရက် ဟာ မင်းတို့ လို လူပျိုတွေ အတွက် ဘုရင့်သမီး ရှိ နေ ရင် သူ့ ကို လည်း ချစ်ရေး ဆိုခွင့် ရှိတာပဲ ”

ကိုစံထွား စကား ကြောင့် ကျော်မောင် ပို အားတက် လာသည် ။ သူ ၏ ဆုံးဖြတ်ချက် မှာ လည်း ပိုမို ခိုင်မာလာသည် ။ တကယ်တော့ ဆူညံစွာ တီးမှုတ် လာသော အိုးစည်သံ ၊ ဒိုးပတ်သံ တို့ သည် သူ ၏ ဆုံးဖြတ်ချက် ကို ဂုဏ်ပြု နေ သယောင်ယောင် ။

•••••   •••••   •••••

“ တောင်ပေါ် မှာ ပွင့်တဲ့ပန်း ၊ ဘာပန်းရယ်လို့ ခေါ်ပါတယ် ၊ အပျိုနမ်း တဲ့ ပန်းသဇင် ရယ် ၊ လူပျို နမ်းတဲ့ ပန်းသဇင် ရယ် ၊ အပျို ကို လူပျို နမ်းတယ် ၊ လူပျို ကို အပျို နမ်း တယ် ၊ ပန်းပါ လူပါ မွှေးတယ် - မွှေးတယ် ၊ လူပါ - ပန်းပါ မွှေးတယ် - မွှေးတယ် ”

သီချင်းသံ နှင့် အိုးစည်ဒိုးပတ်သံ တို့ မှာ တစ်ရွာလုံး ကို ဖုံးလွှမ်း နေသည် ။ ရွာကျော် မင်းသား ကိုကျော်မောင် ၏ အက မှာ လည်း မြူးကြွ နေသည် ။ ကိုစံထွား နှင့် ကျော်မောင် မှာ တော့ သူတို့ နှင့် နီးကပ် လာပြီ ဖြစ်သော တီးဝိုင်း ဆီ သို့ လျှောက် ခဲ့ကြသည် ။ ကိုစံထွား အနေ နှင့် မည်သို့ နေမည် မသိသော်လည်း စိတ်ကူး ဖြင့် ပျော် နေသော ကျော်မောင် အဖို့တော့ ကချင် ခုန်ချင် စိတ်များ က ဝင်ရောက် နေသည် ။ သို့သော် ကျော်မောင် သည် ကခုန် နေ၍ မဖြစ်သေးပါ ၊ သူ ချစ်သော အေးမှုံ နှင့် အပြန်အလှန် ရေပက်ရင်း စကား ပြော နိုင်အောင် အေးမှုံ ၏ အနီး တွင် နေရာ ယူရပေဦးမည် ။

တီးဝိုင်း အမှူးပြုသော ကလေးများ ၊ လုလင်ပျိုကာလသားများ မှာ မကြာမီ ရေလောင်း မဏ္ဍပ် ဆီ သို့ ရောက် လာကြသည် ။ မဏ္ဍပ် တွင်း ရှိ လုံမပျိုများ က တော့ လုလင်ပျို တို့ ၏ အဆိုအက အတီးအမှုတ် တို့ ကို အသိအမှတ် မပြု သလို ကျောခိုင်း နေကြသည် ။

“ ကဲ - ငါတို့ လူစု ခွဲကြရအောင် ဟေ့ ၊ ဒီ မဏ္ဍပ် ၃ ခု ကို လူ မျှ ပြီး ရေပက် ကြရအောင် ” 

ကိုစံထွား က စီမံ ခန့်ခွဲပြီး ကျော်မောင် ကို မျက်စိ တစ်ဖက် မှိတ် ပြ လိုက်သည် ။ ကျော်မောင် က မဏ္ဍပ် တွင်း ရှိ လုံမပျိုများ ကို မျက်စိ ကစား လိုက်သည် ။ ယခု သူ ရပ်နေသော မဏ္ဍပ် သည် အေးမှုံ ရှိသော မဏ္ဍပ် ပေတည်း ။

လုံမပျိုများ က မည်သို့ပင် နောက်ခိုင်း ထားစေကာမူ အေးမှုံ တစ်ယောက် ကို တော့ ကျော်မောင် က တွေ့ နေရသည် ။ သေး သော ခါး ၊ ကြည့်ကောင်းရုံ မျှ ကားစွင့် နေသော တင် တို့ ၏ ပိုင်ရှင် အေးမှုံ ကို လောင်းလှေ ၏ တစ်ဖက်နား တွင် တွေ့ မြင်နေရသည် ။ ကျော်မောင် က အေးမှုံ ၏ အနီး တွင် နေရာ ယူ လိုက်သည် ။

“ အမေ့ ... ”

မကြာမီ လုလင်ပျို တစ်ဦး က ရေ လောင်းလိုက်သော ကြောင့် လုံမပျို တစ်ဦး ၏ အသံ ပေါ်ထွက် လာသည် ။

သည်တော့ မှ ကျော်မောင် က သူ ၏ ရေခွက် ကို အေးမှုံ ၏ ကျောနား သို့ ကပ်ကာ တစိမ့်စိမ့် လောင်းချ လိုက်သည် ။ ပြီးတော့မှ အေးမှုံ ၏ ကျောပြင် အား လက် ဖြင့် ပုတ်လိုက်သည် ။

“ ဟင်း - ရေ လောင်းရုံ မလောင်းဘဲ နဲ့ ဘာလို့ လက် က ပါ လာရသလဲ ”

အေးမှုံ က သမင်လည်ပြန် ကြည့်ရင်း ကျော်မောင် ကို ရန် တွေ့လိုက်သည် ။ အေးမှုံ ၏ စကား ကြောင့် ကျော်မောင့် ရင် မှာ ဒိတ်ခနဲ ဖြစ်သွားကာ အေးမှုံ ကို အလန့်တကြား ကြည့် လိုက်သည် ။ နှုတ်ခမ်း စူ ထားသော်လည်း ပြုံးရောင် သမ်း နေသော မျက်နှာ ကြောင့် ကျော်မောင် ၏ စိုးရိမ်စိတ် မှာ ပျောက်ကွယ် သွားရသည် ။

“ ဒီ ရေ ဟာ ... နှစ်သစ်ကူး ရဲ့ မေတ္တာ ရေစင်ပါ အေးမှုံ ရယ် ”

ကျော်မောင် ၏ အသံ က တုန် နေသော်လည်း မျက်စိ အစုံ က တော့ အေးမှုံ ကို စူးစူးစိုက်စိုက် ကြည့်နေသည် ။

“ ဟင်း - လူ ကို ကြည့် နေလိုက်တာ မမြင်ဖူးတာ ကျနေတာပဲ .. ၊ ဘေး မှာ လည်း လူတွေ နဲ့ ... မရှက်ဘူးလား ... ”

အေးမှုံ ပြောလိုက် မှ ကျော်မောင် က ပတ်ဝန်းကျင် ကို ကြည့် လိုက်သည် ။ ဤ ဝန်းကျင် မှ အားပေးသံ ၊ နောက်ပြောင်သံ ၊ ဗုံသံ ၊ ဆိုင်းသံတို့ နှင့် လုလင်ပျိုတို့ ထံ မှ “ မရီးငယ် ရေပေးလင့် ”  ဟူသော အသံ တို့ မှာ ပျံ့လွင့် နေသည် ။

“ အေးမှုံ - ငါ့ လည်း ရေ ပေးပါဦး ဟယ် ၊ ပြီးတော့ နင် က လည်း ပြန် လောင်းပါဦး ”

ကျော်မောင် က ခုမှ သတိရ လာကာ အေးမှုံ ကို ပြောလိုက်သည် ။

“ ဟုတ်ပါရဲ့ ... ကျွန်မ လည်း ခုမှ သတိရတယ် ”

အေးမှုံ က ကျော်မောင် ကို ရေ လောင်းလိုက်သည် ။ ပြီးတော့ လှေ ထဲ မှ ရေ ကို နောက် တစ်ကြိမ် ခပ် လိုက်ပြန်သည် ။

“ ခုန က ကိုကျော်မောင် ဘယ်လို ရေ တောင်းလိုက်သလဲ ”

အေးမှုံ က ကျော်မောင် ၏ ခွက် ထဲ သို့ ရေ ထည့် မပေးသေးဘဲ မေး လိုက်သည် ။

“ နင် - ငါ့ ကို ရေ ပေးလို့ တောင်းတယ်လေ ”

“ ဒီလို တောင်းလို့ တော့ မပေးနိုင်ပါဘူး ၊ မရီးငယ် ရေပေး လို့ တောင်း မှ ပေးမယ် ”

အေးမှုံ ၏ စကား အဆုံး တွင် သူတို့ နှစ်ဦး ၏ အပြုံး မှာ ဆုံ သွားရသည် ။ အေးမှုံ အတွက် မည်သို့ နေမည် မသိသော်လည်း ကျော်မော် ၏ ရင် မှာတော့ အေးမြ သွားရသည် ။

“ တူ .. တူ .. တူ ... တူ ... ”

ကျော်မောင် ကို ရေဖြည့် ပေးရန် လှမ်း လာသော အေးမှုံ ၏ လက် မှာ လမ်းခုလတ် တွင် တန့်ရပ် သွားသည် ။ ကျော်မောင် မှာ လည်း ငိုင်ကျ သွားသည် ။ ယခု သူတို့ နှစ်ယောက် ကြား နေရသော တူတူ သံ မှာ ရွာ နှင့် တစ်မိုင်ခန့် လောက် ဝေးသော ပင်လယ်ကမ်းစပ် မှ မှုတ် လိုက်သည့် “ ပုတိုး ” သံ ပင် မဟုတ်ပါလား ။ ဤ ပုတိုး မှုတ်သံ ပေါ် လာလျှင် ပိုက် တစ်ကမ်း ပင်လယ်ရေ အနက် တွင် ငါး ရှိနေ စမြဲ ။ ဝီရိယ ရှိ လှသော ပိုက်ခေါင်းဆောင် ကိုထွန်းခင် သည် လေရိပ်မိုးရိပ် ကို ပင်လယ် နား သို့ သွား ကြည့်ရင်း မှ ငါး မြင် ၍ မှုတ် လိုက်သော ပုတိုးသံ ဖြစ်ပေလိမ့်မယ် ။

ကျော်မောင် က ငိုင်တွေ နေရင်း မှ နားစွင့် လိုက်သည် ။ နေ့တိုင်း လို တအုံးအုံးသော လှိုင်းရိုက်သံ တို့ ကို မကြားရတော့ ၊ ပင်လယ်ပြင် တွင် လှိုင်းသာ နေပေလိမ့်မည် ။ လှိုင်းသာ လျှင် ငါးတို့ သည် ကမ်းခြေ သို့ ကပ်စမြဲ ။

“ ဟေး ...  ကျော်မောင် ၊ ပင်လယ် ရဲ့ ပိုက်တစ်ကမ်း မှာ တော့ ငါး တွေ့ နေပြီ ထင်တယ် ဟေ့ ”

မဏ္ဍပ် အပြင် မှ အသံ တစ်သံ ပေါ်ထွက် လာသည် ။

ကျော်မောင် က ထို လူ ကို ခေါင်းညိတ် ပြ လိုက်ပြီး အေးမှုံ ကို ကြည့် လိုက်သည် ။ အေးမှုံ က သူ့ အား ငေးစိုက်စိုက်ကလေး ပြန် ကြည့်နေသည် ။

“ ငါ ... ပင်လယ် ဘက် ကို သွားရဦးမယ် အေးမှုံ ရယ် ” 

အေးမှုံ က ခေါင်းညိတ် ပြ လိုက်သည် ။ သည်တော့မှ ကျော်မောင် က အေးမှုံ ကို ကျောခိုင်းပြီး သွက်သွက်ကလေး လှမ်း လိုက်သည် ။

တကယ်တော့ ကျော်မောင် တို့လို ပင်လယ်ပြင် ကို အားထား နေရသော ရေလုပ်သား တို့အတွက် နေ့ရက် ရွေးချယ် နေ၍ မဖြစ်ပါ ၊ ပင်လယ် တွင် ငါး မြင်သော အချိန်တွင် ပိုက်ချ ရပေမည် ။

ကျော်မောင် က မဏ္ဍပ် အပြင် ရောက် သော် အေးမှုံ ကို ပြန် ကြည့် လိုက်သည် ။ သူ့ အား ငေးကြည့် နေသော အေးမှုံ ကို ပြုံးပြ လိုက်သည် ။ ဤ အပြုံး သည် အနာဂတ် အတွက် အားမာန် အပြည့် ဆောင် သော အပြုံး ၊ နှစ်သစ်ကူး တွင် အားသစ် မွေးသော အပြုံး ။

တကယ်တော့ ဤ သင်္ကြန် မှ ကျော်မောင် ၏ အပြုံး နှင့် အေးမှုံ ၏ အကြည့် သည် ဘဝ အာမခံချက် အပြည့် နှင့် ... ။   ။

◾နေမိုးကျော်

📖 ပိတောက်ဖူးတဲ့ လတန်ခူး
      နှစ်ဦးသင်္ကြန်ခါ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment