❝ ဖားမင်းသမီးကလေး ❞
ဟို ရှေးရှေးတုန်း က
တိုင်းပြည် တစ်ပြည် က ဘုရင်ကြီး တစ်ပါး မှာ သားတော် သုံးယောက် ရှိ သတဲ့ ။ တစ်နေ့ တော့ ဘုရင်ကြီး က သား သုံးယောက် ကို ခေါ်ပြီး ...
“ သားတော်များ ခမည်းတော် လည်း တစ်နေ့ တစ်နေ့ နဲ့ တဖြည်းဖြည်း အသက်ကြီး လာခဲ့ပြီ ။ အဲဒီတော့ ခမည်းတော် နတ်ရွာ မလားမီ သားတော်များ ကို စုလျားရစ်ပတ် လက်ထပ် ပေး ခဲ့ ချင်တယ် ”
“ သားတော်တို့ ... သားတော်တို့ ရဲ့ သတို့သမီး ကို သားတော်တို့ ဘာသာ ရှာရမယ် ။ ရှာရမယ့် နည်းလမ်း ကို လည်း ဖခမည်းတော် ညွှန်ကြား လိုက်မယ် ”
လို့ ပြော ပြီး မြား တစ်ချောင်းစီ နဲ့ လေး တစ်လက် စီ ကို ပေးလိုက် သတဲ့ ။ အဲဒီတော့ သားတော် သုံးယောက် က လည်း မြားတွေ ကို ကိုယ်စီ ယူပြီး သစ်တော ထဲ ကို ထွက်ခဲ့ကြတာပေါ့ ။ တော ထဲ ရောက်တော့ ညီအစ်ကို သုံးယောက် ဟာ လေး ကို တအား ဆွဲပြီး မြားတွေ ကို ပစ် လိုက် သတဲ့ ။ အဲဒီလို ပစ် လိုက် တော့ မြား တွေ ဟာ သစ်ပင်တွေ ပေါ် က ကျော်ပြီး အစ်ကို အကြီးဆုံး ရဲ့ မြား က မင်းတိုင်ပင် အမတ်တစ်ဦး ရဲ့ အပိုင်း ထဲ ကို သွား ကျ သတဲ့ ။ အဲဒီတော့ မင်းတိုင်ပင်အမတ် ရဲ့ သမီး က မြား ကို ကောက်ယူ လိုက် တာပေါ့ကွယ် ။ အဲဒီလိုနဲ့ ပဲ သားတော်ကြီး က တော့ မင်းတိုင်ပင်အမတ် ရဲ့ သမီး နဲ့ ရတော့တာပေါ့ ။
သားတော်လတ် ရဲ့ မြား က တော့ ကုန်သည်ကြီး တစ်ဦး ရဲ့ အိမ်ဝိုင်း ထဲ ကို ကျ သွား သတဲ့ ။ ကုန်သည်ကြီး ရဲ့ သမီး က လည်း မြား ကို ကောက်ယူ လိုက်တာ ပေါ့ကွယ် ။ အဲဒီတော့ သားတော်လတ် လည်း ကုန်သည်ကြီး သမီး နဲ့ ရ သွားတာပေါ့ ။
ဒါပေမယ့် သားတော်ထွေး ရဲ့မြား က တော့ ကန် ထဲ က ကြာရွက် တစ်ခု ပေါ် မှာ ဖားကလေး တစ်ကောင် က သူ့ ရဲ့မြားကလေး ကို ပါးစပ် ကိုက် ထိုင် နေတာ တွေ့ရ သတဲ့ ။ အဲဒီတော့ မင်းသားကလေး က အားရဝမ်းသာ နဲ့ ...
“ ဖားကလေး ရယ် ကျွန်တော့် မြား ကို ပြန်ပေးပါ ”
လို့ ပြော သတဲ့ ။
အဲဒီတော့ ဖားကလေး က ...
“ ကျွန်မ နဲ့ လက်ထပ်မယ် ဆိုရင် ဒီ မြား ကို ပြန် ပေးမယ် ”
လို့ ပြော တော့ ...
“ ဖားမလေး ကို ကျွန်တော် က ဘယ်လို လုပ်ပြီး လက်ထပ် လို့ ရမလဲဗျာ ”
လို့ မင်းသားကလေး က ပြောတော့ ...
“ ရှင် ဒီ မြား ကို အဓိဌာန် နဲ့ ပစ်လိုက်တာ မို့ ရှင့် အဓိဌာန် ကို မဖျက်ဘဲ ကျွန်မ ကို လက်ထပ်ရမယ် ”
လို့ ပြော တော့ မင်းသားကလေး လည်း သိပ် စိတ်ပျက်သွားတာပေါ့ ။ ဒါပေမယ့် နောက်ဆုံးမှာ မတတ်နိုင် တော့ မင်းသားကလေး လည်း ဖားမကလေး ကို ယူပြီး ပြန် သွားရတာပေါ့ ။
တစ်နေ့ ကျ တော့ ဘုရင်ကြီး က သားတော်တွေ ကို “ သားတော်တို့ ရဲ့ မိဖုရားတွေ ဟာ အပ်ချုပ် တတ်ရဲ့လား ဆိုတာ ခမည်းတော် သိချင်တယ် ။အဲဒီတော့ မနက်ဖြန်ခါ ကျ ရင် သားတော် တို့ ရဲ့မိဖုရားများ ချုပ်တဲ့ အင်္ကျီ တစ်ထည် ယူ ခဲ့ရမယ် ” လို့ မိန့်တော်မူ သတဲ့ ။ အဲဒီတော့ သားတော် အငယ်ဆုံး က သိပ် စိတ်ညစ် သွား သတဲ့ ။ ဖားမကလေး က လည်း မင်းသားကလေး ခေါင်း ငိုက်စိုက် ကျပြီး စိတ်ပျက် နေတဲ့ ပုံ ကို မြင်တော့ ခုန်ဆွ ခုန်ဆွ နဲ့ မင်းသားကလေး အနား ကို လာပြီး အကျိုးအကြောင်း မေး သတဲ့ ။ မင်းသားကလေး က အဖြစ်အပျက် ကို ပြန် ပြောတော့
“ အမယ်လေး ... ဒီ ကိစ္စအတွက်များ စိတ်ပျက်တော် မမူပါနဲ့ မောင်တော် ရယ် ။ အိပ်ရေး အပျက် ခံမနေပါနဲ့ ။ အိပ်ရေး ဝဝ အိပ်ပြီး ဦးနှောက် ရှင်းပစ် လိုက်စမ်းပါ ”
လို့ ပြော တော့ မင်းသားကလေး က လည်း အိပ် နေ လိုက် သတဲ့ ။ မင်းသားကလေး လည်း အိပ် သွား ရော ဖားမကလေး က ဖားအရေခွံကြီး ကို ချွတ် ပစ် လိုက်တော့ မင်းသမီး တစ်ပါး ဖြစ် လာပြီး ...
“ ရံရွေတော်များ ... ကျွန်ုပ် ၏ ဖခင် ဝတ်သော ဝတ်လဲတော် ကဲ့သို့ အင်္ကျီ ဝတ်လဲတော် တစ်ထည် ကို မနက်ဖြန် မနက် တွင် ကျွန်ုပ် အလိုရှိတယ် ။ အဆင်သင့် ဖြစ်စေရမယ် ”
လို့ အမိန့်တော် ကို ပြန်လိုက် သတဲ့ ။
နောက် တစ်နေ့ မနက် မင်းသား နိုး တော့ သူ့ ဘေး မှာ အလွန် လှပတဲ့ အင်္ကျီကလေး တစ်ထည် ကို တွေ့ သတဲ့ ။ မင်းသမီးကလေး က တော့ ဖားမကလေး ပဲ ပြန် ဖြစ် သွားပြီး အခန်း ထောင့်ကလေး မှာ ဝပ် နေသတဲ့ ကွယ် ။ မင်းသားကလေး က လည်း အားရဝမ်းသာ အင်္ကျီကလေး ကို ယူပြီး ဘုရင်ကြီး ကို သွား ဆက်တော့ ဘုရင်ကြီး က လည်း သိပ် ကို ကြိုက် သွားတာပေါ့ ။
နောက် တစ်ခါ ဘုရင်ကြီး က
“ သားတော်တို့ ရဲ့ မိဖုရားများ ကို မုန့် အကောင်းဆုံး အလုပ်ခိုင်း ရမယ် ”
လို့ မှာ ပြန် တော့ မင်းသားလေး က တော့ တစ်ခါ စိတ်ညစ် သွားပြန် သတဲ့ ။ နောင်တော်ကြီး နှစ်ပါး က တော့ အိမ် ပြန် ရောက်တယ် ဆိုရင်ပဲ သူတို့ ရဲ့ မိန်းမတွေ ကို ဖားမကလေး အကြောင်းကို ပြန် ပြော တာပေါ့ ။ အဲဒီတော့ သူတို့ ရဲ့ မိန်းမတွေ က လည်း ဖားမလေး မုန့်လုပ်ပုံ ကို အစေခံတွေ ချောင်း အကြည့် ခိုင်း သတဲ့ ။ ဖားမကလေး က တော့ မင်းသားကလေး ကို အေးအေးသာ အိပ်နေ ဖို့ ပြောပြီး မင်းသားကလေး အိပ် သွား ပေမယ့် သူ့ ကို နောင်တော်ကြီး နှစ်ပါး ရဲ့ အိမ် က အစေခံတွေ ချောင်းကြည့် နေ မှန်း သိလို့ မုန့် ကို တကယ် မလုပ်သေးဘဲ မုန့်လုံးတွေ ကို လုံး ၊ ပြီးတော့ အိုး တစ်လုံး ကို မီးဖို ပေါ် မှောက် တင်ပြီး အိုး ရဲ့ ဖင် ကို အပေါက် ဖောက်လိုက် သတဲ့ ။
သူ့ ကို ချောင်း ကြည့် နေတဲ့ အစေခံတွေ ပြန်သွား မှ
“ အို ... ရံရွေတော်များ ကျွန်ုပ် ၊ ကျွန်ုပ် ၏ အိမ် တွင် ရှိစဉ် က ကျွန်ုပ် စားသော မုန့်အမျိုးအစားမျိုး ထဲ မှ မုန့်လုံးမျိုး တစ်လုံး ကို မနက်ဖြန် မနက် ကျွန်ုပ် အလိုရှိတယ် အဆင်သင့် ဖြစ်စေရမယ် ”
လို့ အမိန့်တော် ပြန်လိုက် သတဲ့ ။
မင်းသားကလေး နောက် တစ်နေ့ နိုးလာချိန် မှာ အလွန် လှပတဲ့ မုန့်လုံး ကို မြင်တော့ သိပ် ဝမ်းသာ သွားပြီး ဘုရင်ကြီး ဆီ ကို သွား ဆက် သတဲ့ ။ ဘုရင်ကြီး က လည်း မင်းသားကလေး ရဲ့ မုန့်လုံး ကိုသာ သိပ် သဘောကျ သွားတာပေါ့ ။ အဲ ... နောက် တစ်ခါ တော့ ဘုရင်ကြီး က သားတော် သုံးယောက် စလုံး ကို သူတို့ ရဲ့ မိဖုရားတွေ ခေါ်လာ ဖို့ မှာတယ် ။ ဘုရင်ကြီး က နောက် တစ်နေ့ မှာ သူ့ သားတော်တွေ ရယ် သူတို့ ရဲ့ မိဖုရားတွေ ရယ် အတူတူ ပွဲတော် တည်မယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ့ကွယ် ။ အဲဒီလို မိန်းမတွေ ကို ခေါ်ခဲ့ဖို့ ပြောတော့ မင်းသားကလေး က လည်း သူ့ မိန်းမ ဟာ ဖားမကလေး ဖြစ် နေတော့ ခေါ်ခဲ့ဖို့ ရာ သိပ် စိတ်ပျက် နေတာပေါ့ ။ အိမ် ပြန် ရောက်တော့ လည်း တမှိုင်မှိုင် နဲ့ ပေါ့ကွယ် ။ အဲဒီတော့ ဖားမကလေး က မင်းသားကလေး အနား ကပ်ပြီး ...
“ မောင်တော် ... ဘာလို့ မှိုင်နေတာလဲ မောင်တော် ရယ် ။ မောင်တော် ရဲ့ ဖခမည်းတော် က တစ်ခု ခု လုပ်ဖို့များ ခိုင်းလိုက် ပြန်လို့လား ”
လို့ မေးတော့ အကျိုးအကြောင်း အကုန် ပြန် ပြောတာပေါ့ ။ အဲဒီတော့ ဖားမကလေး က ... “ ဒါအတွက်များ ပူပင် မနေပါနဲ့ မောင်တော် ရယ် ။ မနက်ဖြန် မနက် မောင်တော် တစ်ယောက် ထဲ အရင် သွားနှင့် ပါ ။ နောက်တော့ နှမတော် လိုက်ခဲ့ပါ့မယ် ။ နှမတော် မလာမီ မိုးခြိမ်းသံတွေ ၊ မြေတုန်လှုပ်တာတွေ ကြားရရင် ဘာမှ မကြောက်ပါ နဲ့ ။ တကယ်လို့ တခြား လူတွေ က မေး ရင် လည်း နှမတော် လာတဲ့ အသံ လို့ သာ ပြောထားပါလို့ ”
မှာထား သတဲ့ ။
အဲဒီတော့ မင်းသားကလေး ဟာ နောက် တစ်နေ့ မနက် မှာ တစ်ယောက် ထဲ ပဲ နန်းတော် ကို အရင် သွား နှင့်ရ သတဲ့ ကွယ် ။ သူ့ ရဲ့နောင်တော်ကြီးနှစ်ပါး က တော့ မိန်းမတွေ နဲ့အတူ မြင်းလှည်းတွေ စီးပြီး လာကြ သတဲ့ ။ ပြီးတော့ သူတို့ရဲ့ ညီလေး မင်းသားလေး မှာ ဖားမကလေး မပါလာတာ မြင်တော့ နောက်ပြောင် ကြတာပေါ့ ကွယ် ။ အဲဒီတော့ မင်းသားကလေး က လည်း ဘယ် စိတ်ကောင်းတော့ မလဲ ။ ဘုရင်ကြီး က လည်း သူ့ သားတွေ လာ တော့ ပွဲတော်တည် ဖို့ ရာ အသင့် ပြင်စေတာပေါ့ ။ အားလုံး ဝိုင်း စားမယ့် အလုပ်မှာ နန်းတော် တစ်ခုလုံး က လည်း တုန်လှုပ် လာ ပြီး မိုးခြိမ်းသံတွေ တဂျုံးဂျုံး တဂျိုင်းဂျိုင်း နဲ့ အသံတွေ ကြားရတော့ နောင်တော်ကြီး နဲ့ နောင်တော်လတ် ဟာ လန့်ပြီး ထ ခုန် သတဲ့ ။ အဲဒီတော့ မင်းသားကလေး က ...
“ မထိတ်မလန့်ကြပါနဲ့ နောင်တော်များ ... အခု အသံတွေ ဟာ ညီတော်မောင် ရဲ့ မိဖုရား ကြွလာတဲ့ အသံ သာဖြစ်ပါတယ် ”
လို့ ပြောလိုက် သတဲ့ ။ အဲဒီလို မင်းသားကလေး က ပြော လို့ မှ မပြီးသေးဘူး မြင်းဖြူကြီး ၇ - ကောင် တပ်ထားတဲ့ အလွန် လှပတဲ့ ရထားကြီး တစ်စင်း ဟာ နန်းတော် ရှေ့ ကို ထိုးဆိုက် လာ သတဲ့ ။ အဲဒီ ရထား ပေါ် မှာ တော့ ဖားမင်းသမီးကလေး ဟာ ဖားအရေခွံ ကို ချွတ် ပြီး ထားတော့ မိုးကျ နတ်သမီးကလေး လို လှ နေတာပေါ့ ။ ဘုရင်ကြီး နဲ့ နောင်တော်ကြီး တို့ တစ်တွေ က လည်း တအံ့တဩကြီး ငေးမော ကြည့် နေကြတာ ပေါ့ကွယ် ။ ဖားမင်းသမီးကလေး ရောက် လာ တော့ သူတို့ ရဲ့ ပွဲတော်တည်ပွဲကြီး ကို ဆက်ပြီး ကျင်းပကြတာပေါ့ ။ စားသောက် နေကြတဲ့ အချိန် မှာ လည်း နောင်တော် နှစ်ပါး ရဲ့ မိဖုရား နှစ်ပါး က ဖားမင်းသမီးကလေး ၊ လုပ်ကိုင် နေတာကိုပဲ အတုခိုး နေကြ သတဲ့ ။ ဖားမင်းသမီးကလေးက ရေ သောက်ပြီး ခွက် ထဲ က ကျန်နေတဲ့ ရေတွေ ကို သူ့ ပခုံး ပေါ် မှာ တင်လာတဲ့ ပုဝါကလေး ရဲ့ ညာဘက် အထဲ ကို လောင်းထည့် ထုပ်ထားလိုက် သတဲ့ ။ သူ့ ပုဝါစ က လည်း ကောင်း လိုက်တာ ရေ တောင် ထုပ် ယူလို့ ရ သတဲ့ ကွယ် ။ နောက် ဘဲသား ကို စားပြီး အရိုးတွေ ကို တော့ ဘယ်ဘက် ပုဝါစ မှာ ထုပ်ထား လိုက်ပြန်ရော တဲ့ ။ အဲဒီတော့ ဖားမင်းသမီးကလေး ရဲ့ လုပ်ပုံကိုင်ပုံတွေ ကို အတုခိုး နေတဲ့ နောင်တော်တွေ ရဲ့ မိဖုရား နှစ်ပါး ကလည်း ဖားမင်းသမီးကလေး လုပ် သလို လိုက် လုပ် ကြတာပေါ့ ။ သူတို့ စားလို့ သောက်လို့ ပြီး သွားတော့ ဖားမင်းသမီးကလေး က အားလုံးကို က ပြီးတော့ ဖြေဖျော်ပါမယ် ဆိုပြီး ကပြ သတဲ့ ။ က ရင်း နဲ့ ပဲ ဖားမင်းသမီးကလေး က ညာဘက် ပုဝါစ ကို ဆွဲခါ လိုက်တော့ ရေ တွေ ထွက်ကျ လာပြီး ရေကန်ကြီး တစ်ကန် ဖြစ်သွား သတဲ့ ။ ပြီးတော့ ဘယ်ဘက် ပုဝါစ ကို ဆွဲခါ လိုက်တဲ့ အခါမှာ ဘဲရိုးတွေ က ဆွတ်ဆွတ်ဖြူ နေတဲ့ ငန်းကြီးတွေ ဖြစ် သွားပြီး ရေကန် ထဲမှာ ကူးခတ် ကစား နေကြသတဲ့ ကွယ် ။ အဲဒီလို ထူးဆန်း အံ့ဩဖွယ်ရာ တွေ ကို လုပ်ပြတော့ ဘုရင်ကြီး က လည်း သိပ်ပြီး သဘောကျ တာပေါ့ ။ နောင်တော်ကြီး နှစ်ပါး က လည်း ငေးကြည့် နေရ သတဲ့ ကွယ် ။ အဲဒီလိုနဲ့ ဖားမင်းသမီးကလေး က ပြီး သွားတော့ နောင်တော်တွေ ရဲ့ မိဖုရား နှစ်ပါး က လည်း သူ တို့ လည်း က ပြ ပါ့မယ် ဆိုပြီး ဖားမင်းသမီးကလေး က သလိုပဲ က သတဲ့ ။ ဒါပေမယ့် ရေ ထည့်ထားတဲ့ ပုဝါ ကို ဆွဲခါ လိုက်တဲ့ အခါမှာ ရေကန်ကြီး ဖြစ် မသွားဘဲ ရေတွေ သာ ဘုရင်ကြီး ကို စင် ကုန်တာပေါ့ ။ အရိုး ထည့် ထား တဲ့ ပုဝါစ ကို ဆွဲ ခါတဲ့ အခါ မှာ လည်း အရိုးတွေ က ဘဲတွေ မဖြစ်ဘဲ ဘုရင်ကြီး ရဲ့ မျက်လုံး ကို သွား မှန် တာပေါ့ ။ ဘုရင်ကြီး က လည်း အဲဒီတော့ စိတ်ဆိုးဆိုး နဲ့ အဲဒီ မိဖုရား နှစ်ပါး ကို နှင်ထုတ် လိုက်တော့တာပေါ့ ။
“ အဲဒီလို မင်းသမီးကလေး က နေ တဲ့ အချိန် နဲ့ တစ်ချိန် ထဲ မှာ ပဲ ဖားမင်းသမီးကလေး ရဲ့ မောင်တော် မင်းသားကလေး က တစ်ခါထဲ အိမ် ကို ပြန်ပြေးပြီး ဖားအရေခွံကြီး ကို မီးဖို ထဲ ထည့် မီးရှို့ ပစ်လိုက် သတဲ့ ။ ဖားမင်းသမီးကလေး က ဒီ အကြောင်း ကို သိတော့ ...
“ အို ... မောင်တော်ဘုရား မောင်တော် ဘယ်လို ပြုမူလိုက်တာလဲ ဘုရား ။ တကယ် ဆိုတော့ နှမတော် ဟာ နောက် သုံးရက်မြောက် တဲ့ နေ့ မှာ ဖားဘဝ က လွတ်တော့ မှာ ပါ ။ ဒါပေမယ့် အခုတော့ မောင်တော် ရဲ့ အလောတကြီး ပြုမူမှု ကြောင့် နှမတော် နဲ့ ခွဲရတော့မယ် ။ အခု ဆို ရင် နှမတော် ဟာ အခု ဒီ တိုင်းပြည် က နေပြီး တိုင်းပြည် ၁၀ - တိုင်းပြည် နဲ့ တောအုပ် ၁၀ - အုပ် ၊ တောင် ၁၀ - လုံး ခြားတဲ့ “ အမရ ရာဇဂြိုဟ် ” ပြည် ကို သွားရတော့မယ် မောင်တော် ဘုရား ” လို့ ပြောပြီး ဖားမင်းသမီးကလေး ဟာ တစ်ခါထဲ ဥသြငှက်ကလေး ဖြစ်ပြီးပြတင်းပေါက် က ပျံ ထွက်ပြေး ရော တဲ့ ။ အဲဒီတော့ မင်းသားကလေး လည်း ဥဩငှက်ကလေး ပျံ သွားတဲ့လမ်း ကို မှန်းပြီး လျှောက်သွား လိုက်တာ နောက်ဆုံးတော့ အဝတ်အစား တွေ ဖိနပ် တွေ စုတ်ပြတ် ကုန် တဲ့ အထိ ပဲ တဲ့ ။
တစ်နေ့ မှာ မင်းသားကလေး ဟာ မှော်ဆရာကြီး တစ်ယောက် နဲ့ တွေ့ တော့ သူ့ ရဲ့ အဖြစ်အပျက် အကုန်အစင် ကို မှော်ဆရာကြီး ကို ပြန် ပြောပြ သတဲ့ ။
“ အို ... သနားစရာ ကောင်းလိုက်ပါဘိတော့ အရှင်မင်းသားရယ် ... အဲဒီ ရေခွံ ကို မီးရှို့ ပစ်ဖို့ ကို မဆိုထား နဲ့ ဖွက်တောင် ပဲ ထားရမယ့် အရာ မဟုတ်ဘူး ။ ဖားမင်းသမီးကလေး ဆိုတာ အမရရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဧကရာဇ်မင်းမြတ် ရဲ့ သမီးတော် သာ ဖြစ်တယ် ။ သူ့ ဖခမည်းတော် ထက် ပညာ ပိုပြီး တတ် လွန်း လို့ ဖခမည်းတော် ရဲ့ ဒေါသ သင့်ပြီး ဒဏ် ခတ်တဲ့ သဘော နဲ့ ဖားဘဝ ကို ၃ - နှစ် ပြောင်းထားတဲ့ မင်းသမီး သာ ဖြစ်ပါတယ် ။ အဲဒီတော့ အကျွန်ုပ် တို့ လည်း မင်းသမီး ကို ပြန် ရအောင် တော့ မကူညီနိုင်ပါ ။ သင် မင်းသား သွားရမယ့် လမ်း ကို လမ်းပြ ဖြစ်စေမယ့် ဒီ မှော်အတတ် နဲ့ စီရင်ထားတဲ့ ဆေးလုံးကလေး ကို သာ ယူသွားပါတော့ ။ ဒီ ဆေးလုံးကလေး ကို မြေ ပေါ် ချလိုက်တဲ့ အခါ မှာ ဆေးလုံးကလေး က လိမ့်ပြီး သွားပါလိမ့်မယ် ။ အဲဒီတော့ သာ မင်းသား က မကြောက်မရွံ့ လိုက်သွား ပါလေတော့ ”
မင်းသားကလေး က လည်း ဆေးလုံးကလေး လိမ့် တဲ့ နောက် ကို တဖြည်းဖြည်း လိုက် သွားရင်း ဝက်ဝံ တစ်ကောင် နဲ့ တွေ့ သတဲ့ ။ အဲဒီတော့ မင်းသားကလေး က ဝက်ဝံကြီး ကို သ,တ်မယ် လုပ်တော့ ဝက်ဝံကြီး က ...
“ အရှင်မင်းသား အကျွန်ုပ် ကို မသ,တ်ပါနဲ့ ။ တစ်နေ့ နေ့ မှာ အရှင်မင်းသား အကျိုး အတွက် အကျွန်ုပ် စွမ်းဆောင် နိုင်ပါလိမ့်မယ် ”
လို့ ပြောတော့ မင်းသားကလေး က ဝက်ဝံ ကို မသ,တ်ဘဲ လွှတ်လိုက် သတဲ့ ။ အဲဒီလို နဲ့ တဖြည်းဖြည်း လျှောက် ရင်း နောက် တစ်ခါ သူ့ ခေါင်း ပေါ် က ပျံသွားတဲ့ ငန်းငှက် တစ်ကောင် ကို လေး နဲ့ ပစ်မယ် လုပ်တော့ ငန်းငှက် က အရှင်မင်းသား အကျွန်ုပ် ရဲ့အသက် ကို ချမ်းသာပေးပါ ၊ တစ်နေ့ နေ့ မှာ အရှင်မင်းသား အတွက် အကျိုးရှိစွာ စွမ်းဆောင် နိုင်ပါလိမ့်မယ် ”
လို့ ပြောတော့ မင်းသားကလေး က မပစ်ဘဲ နေလိုက်သတဲ့ ။
နောက်တစ်ခါ သစ်တော ထဲ ကို လျှောက်သွား ပြန် တော့ ယုန်ကလေး တစ်ကောင် နဲ့ တွေ့ ပြန်လို့ သ,တ်မယ် လုပ်ပြန်တော့ ယုန်ကလေး က “ အရှင်မင်းသား အကျွန်ုပ် အသက် ကို မသ,တ်ပါနဲ့ ။ တစ်နေ့ နေ့ မှာ အရှင့် ကျေးဇူးဆပ်ပါမယ် ” လို့ ပြောတော့ မင်းသားကလေး က လွှတ်လိုက် ပြန် သတဲ့ ။ အဲဒီလို နဲ့ လျှောက်ရင်း လျှောက်ရင်း မြစ်ကမ်းပါး တစ်ခု ကို ရောက်သွား တော့ လိပ် တစ်ကောင် နဲ့ တွေ့ ပြန်တော့ မင်းသားကလေး က လည်း သ,တ်မယ်ပဲ လုပ် တာကိုး ။ လိပ် က လည်း တစ်နေ့ နေ့ ကျေးဇူး ဆပ်ပါမယ် လို့ ပြောတော့ မင်းသားကလေး မသ,တ်ဘဲ မြစ် ထဲ ကို ချပေး ခဲ့ သတဲ့ ။ မင်းသားကလေး ဟာ ဆေးလုံးကလေး နောက် ကို တဖြည်းဖြည်း နဲ့ လိုက် လာ ရင်း တောင်ခါးပန်း တစ်ခု မှာ သီတင်းသုံး နေတဲ့ ရသေ့ကြီးတစ်ပါး နဲ့ သွား တွေ့ သတဲ့ ။ အဲဒီတော့ ရသေ့ကြီး က ပဲ အရင် စ ပြီး “ အရှင်မင်းသား ဘယ်ကို သွားမလို့လဲ ” လို့ ပညာရှိကြီး ပီပီ မေးလိုက် သတဲ့ ။ မင်းသားကလေး က လည်း သူ့ ရဲ့ ဖြစ်ကြောင်း ကုန်စင် ကို ပြန် ပြော ပြတော့ ...
“ အို ... အကျွန်ုပ် သိပြီ အရှင်မင်းသား ။ အရှင်မင်းသား ရဲ့ ဖားမင်းသမီးကလေး ဟာ အခု အမရရာဇဂြိုဟ် ပြည့်ရှင် ဘုရင်ဧကရာဇ် ရဲ့ လက် ထဲ ကို ပြန် ရောက် သွားပြီ ။ အဲဒီတော့ ပြန် ယူဖို့ ရာ တော်တော် ခဲယဉ်းတယ် ။ အဲဒီ ဧကရာဇ်ဘုရင်ကြီး ကို သ,တ်ပစ်နိုင် မှ သာ သင် ပြန်ယူ လို့ ရနိုင်တော့မယ် ။ ဒါပေမယ့် တစ်ခု ပိုပြီး ခက်တာ က အဲဒီ ဘုရင်ကြီး ဟာ သူ့ ရဲ့ အသက် ကို အပ်ချောင်းကလေး တစ်ခု သဏ္ဌာန် ဖန်ဆင်း ထားတယ် ။ အဲဒီ အပ် ကို လည်း ဘဲဥ တစ်လုံး ထဲ မှာ ထည့် ထားတယ် ။အဲဒီ ဘဲဥ က တော့ ဘဲမ တစ်ကောင် ရဲ့ဝမ်း ထဲ မှာ ဘဲမ ကို လည်း ယုန် တစ်ကောင် ရဲ့ ဗိုက် ထဲ မှာ ထည့်ထားသေးတယ် ။ ယုန် ကို တော့ ကျောက်တုံး တစ်ခု ထဲ မှာ သွင်း ထားတယ် ပေါ့ ။ အဲဒီ ကျောက်တုံး ကို တော့ ပိတောက်ပင် ပေါ် တင်ထားလေရဲ့ ။ အဲဒီ ပိတောက်ပင် ဆီ ကို တော့ ဟောဒီ လမ်း အတိုင်း သွားရတယ် ” ဆိုပြီး လမ်းပြ လိုက် သတဲ့ ။
မင်းသားကလေး က လည်း အဲဒီ ပိတောက်ပင် ဆီ ကို သွားတာပေါ့ ။ သွားရတဲ့ လမ်း က လည်း ကြမ်း လိုက်တာ တောင်ကုန်း အထပ် ထပ် ကို ကျော် သွားရ သတဲ့ကွယ် ... ။ ဒါနဲ့ပဲ နောက်ဆုံးတော့ မင်းသားကလေး ဟာ ပိတောက်ပင် ခြေရင်း ကို ရောက်သွား သတဲ့ ။ ဒါပေမယ့် ပိတောက်ပင် က မြင့်လွန်း တော့ သူ ဘယ်လိုမှ မတက်နိုင်ဘူး တဲ့ ။ ကျောက်ခဲလုံး က လည်း ပိတောက်ပင် ထိပ်ဖျား မှာ တင်ထား သတဲ့ ကွယ် ။ အဲဒီတော့ မင်းသားကလေး ဟာ သိပ်ပြီး စိတ်ပျက် သွားတာပေါ့ ။ ဒါပေမယ့် အဲဒီ အချိန် မှာ သူ က အသက် ကို ချမ်းသာ ပေးခဲ့တဲ့ ဝက်ဝံကြီး ရောက် လာပြီး သစ်ပင် ကို အရင်း က နေ နှုတ် ပစ် လိုက်တယ် ။ သစ်ပင်ကြီး လည်း လဲ လာ ရော ကျောက်ခဲကြီး က ကျပြီး ကွဲ သွား ပြန်တာပေါ့ ။ ကျောက်ခဲလုံးကြီး ထဲ က ယုန်ကလေး က ထွက် လာပြီး ပြေး သွား သတဲ့ ။ အဲဒီတော့ သူ မသ,တ်ဘဲ ထားခဲ့တဲ့ ယုန်ကလေး ပေါ် လာပြီး ကျောက်ခဲလုံး ထဲ က ထွက်သွား တဲ့ ယုန် နောက် လိုက်ပြီးတော့ ကိုက်သတ် လိုက် သတဲ့ ။ တစ်ခါ ဘဲမ က ယုန် ဗိုက် ထဲ နေပြီး ထွက် ပျံပြေး သွားပြန်တာပေါ့ ။ ဘဲမ က လည်း ပျံပြေး ရော သူ လွတ်ခဲ့တဲ့
ငန်းငှက် ရောက် လာပြီး ဘဲမ ကို လိုက် ကိုက်သ,တ် ပစ်လိုက်တယ် ။ အဲဒီ ဘဲဥ ဟာ မြစ် ထဲ ကျ သွားတာပေါ့ ။ ဒီ တစ်ခါ တော့ မြစ် ထဲ ကို ကျသွားတဲ့ ဘဲဥ ကို ဘယ်လို ရှာရပါ့မလဲ ဆိုတာ မတွေးတတ် အောင် ဖြစ်သွားတော့ တစ်ခါထဲ ထိုင် ငိုတာပေါ့ကွယ် ။ အဲဒီလို ထိုင် ငိုနေတုန်း ...
“ အရှင်မင်းသား ... အရှင် အလိုရှိတဲ့ ဘဲဥ ဤ မှာ ဖြစ်ပါသည် ” လို့ ပြောသံ ကြားတော့ မင်းသားကလေး က လှည့်ကြည့် လိုက် သတဲ့ ... အဲဒီတော့ သူ မြစ် ထဲ ကို ချပစ်ခဲ့တဲ့ လိပ်ကလေး က ဘဲဥ ကို ပါးစပ် ထဲ ငုံ လာတာ ကို တွေ့ရတော့ သိပ် ဝမ်းသာ သွားတာပေါ့ ။ မင်းသားကလေး ဟာ ဘဲဥ ကို ရ လိုက်တယ် ဆိုရင်ပဲ ဘဲဥ ကို ခွဲပြီး အထဲ က အပ် ကို နှုတ်ယူ လိုက် သတဲ့ ။ ပြီးတော့ အပ် ကို ချိုး ပစ် လိုက်တာပေါ့ ။ အဲဒီလို အပ် ကို ချိုးပစ် လိုက်တော့ ဖားမင်းသမီးကလေး ကို ချုပ်နှောင် ထားတဲ့ အနှောင်အဖွဲ့ က လွတ်ပြီး မင်းသားကလေး ဆီ ကို ထွက်ပြေး လာ တာပေါ့ ။ အဲ ... နောက်တော့ မင်းသားကလေး နဲ့ မင်းသမီးကလေး ဟာ မင်းသားကလေး ရဲ့ တိုင်းပြည် ကို ပြန် သွားကြပြီး အသက်ထက် ဆုံး ချစ်ချစ်ခင်ခင် နဲ့ ပေါင်းသင်း နေထိုင်ကြ ရော တဲ့ ။
အဲ ... အဲဒါနဲ့ ... ပြီးရောပေါ့ ... ။
◾ဉာဏ်ဝင်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment