Friday, April 12, 2024

ပိတောက် ကို မှ ကြောက်မိသူ

❝ ပိတောက် ကို မှ ကြောက်မိသူ ❞  

           ( အောင်စိုး )

             

* ပုရစ်နုနု

ရတုသစ်သစ် 

ဖွင့်လှစ်ခါနွေ 

လှပေါင်းဝေသည်

ရှုလေသမျှ - သာမောစွတည်း ။  ။


ရှေ့ ၊ နောက် ၊ တောင် ၊ မြောက် ၊ ဝဲ ၊ ယာ ဘယ်မှာပဲ ကြည့်ကြည့် ပီတိ ဖြစ်စရာချည်း သာတည်း ။


- လောက သည် လှ၏ ၊ သာယာ၏ ၊ ကြည်လင်၏ ၊ နုပျိုလန်းဆန်း၏ ။ 


- လှသော လောက ထဲ မှ လူ တွေ လည်း လှ နေကြသည် ။


- မြင်တွေ့ သမျှ သက်ရှိသက်မဲ့ အားလုံးပင် လှ နေကြ၏ ။


စိုးမောင် တစ်ယောက် လည်း အလို လို မြူး နေသည် ။


တပေါင်း ၊ တန်ခူး မိုးသားကျူး .. ဟူသော စာဆို နှင့် အညီပင် မိုးသား ကျူး ရုံ မက မိုးကလေး တစ်ဖြိုက် နှစ်ဖြိုက် ပင် ရွာချ ထားခဲ့သော ကြောင့် တစ်လောက လုံး သန့်စင် ကြည်လင် ပြီး လန်းဆန်း လှပ နေပေသည် ။


အထူးသဖြင့် ကား မိုးရေ သောက် လိုက်ရ သဖြင့် ကြိုင်လှောက် ဖူးပွင့် လာကြသော ရွှေပိတောက် တို့ ကြောင့် ပို ၍အလှတိုး နေခြင်း ဖြစ်ပေသည် ။


လောက သည် ချစ် ၊ ကြင် ၊ မြတ်နိုး ဖွယ်ရာသာတကား ။


စိုးမောင် သည် တက္ကသိုလ်ရိပ်သာ ဘက် မှ နေ ၍ အင်းလျားကန် ဆီ သို့ ဦးတည် ပြီး လျှောက် လာ ခဲ့သည် ။ ပြာလဲ့လဲ့ အင်းလျားရေပြင် နှင့် ကမ်း ထက် ရှိ စိမ်းမြမြ မြက်ခင်းများ ၊ ရွက်နု ဝေ နေကြသော အပင်ကြီးငယ်များ သည် ခါတိုင်း ထက် ပို၍ လှ နေကြသည် ။


ကဗျာ ဆန်ချင်သော စိုးမောင် ၏ ရင် ထဲ မှာ ပီတိတွေ ဝေ နေလေပြီ ။ သန့်စင်လန်း ဆန်းလှသော လေကလေး ကို ပင် တစ်ဝကြီး ရှူရှိုက် လိုက် မိသည် ။ တာသင်္ကြန် ၏ အငွေ့အသက် ဟု ဆိုနိုင်သော ပိတောက်နံ့ သင်းတပျံ့ပျံ့ကလေးများ လေ ထဲ မှာ မျောပါလာသည် ကို စိုးမောင် သတိပြုလိုက်မိသည် ။


စိုးမောင် မှာ အလိုလို မြူး နေ မိတော့သည် ။ လမ်းလျှောက် ထွက် လာခဲ့သည့် အလျောက် ဆက်လက်၍ ခြေဦး တည့်ရာ လျှောက်သွား မိလေသည် ။ သူ ၏ ခြေထောက် များ မှာ အလွန် မှ ပေါ့ပါး သွက်လက် နေကြသည် ။ လေဟုန် စီး ၍ လာသော ငှက်ငယ် ပမာ တည်း ။


ညနေစောင်း ၏ နေခြည် သည် ရွှေရောင် လည်း မကျ ၊ ပိတောက်ဝါ လည်း မက ဝင်းဝင်းစိုစိုကလေး မျှ ဖြင့် အလှမ်း မီ သမျှ ကို လှဆေးခြယ် လျက် ရှိလေသည် ။


ထိုအခိုက် မှာ ပင် ခြံစည်းရိုး တစ်လျှောက် ပိတောက်ပင်ကြီးများ စီတန်း ပေါက် နေသော ခြံကြီး တစ်ခြံ အနီး သို့ စိုးမောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက် သွားလေသည် ။ မြင့်မြင့်မားမား ပိတောက်ပင်ကြီးများ တွင် အဆုပ် လိုက် ၊ အခဲ လိုက် ၊ အခိုင် လိုက် ပွင့် နေကြ သော ပိတောက်ပန်းများ ဖြင့် ရင်သပ်မော မျှ လှ လျက် ရှိကြသည် ။ စိုးမောင် ခမျာ အသက်ရှူ မှား လောက် အောင်ပင် ငေးကြည့် နေမိတော့သည် ။


“ ဟေ့ ... ဟေ့ ...”


မိမိ အား လှမ်း ၍ ခေါ်သံ ကြားရာ ဆီ သို့ လှည့် ကြည့် လိုက်ရာ တွင် စိုးမောင် ခမျာ ပို၍ အသက်ရှူ မှား သွား မိရတော့သည် ။


ပန်းပိတောက် နှင့် အလှချင်း ပြိုင် နေသော မိန်းကလေး တစ်ယောက် ကို တွေ့လိုက် ရသောကြောင့် တည်း ။


ပိတောက်ပန်း ဝါပုံမျိုး ဖြင့် ယဉ်ယဉ်ကလေး ဝါသော အဝါရောင် အင်္ကျီ လုံချည်လှကလေးများ ကို ဝတ်ဆင် ထားသည့် မိန်းမလှကလေး တစ်ယောက် ။


“ ခင် .. ဗျာ ..”


“ ပိတောက်ပန်းတွေ ခူး ပေးပါလားကွာ ”


မိန်းမလှကလေး ၏ အသံ မှာ တောင်းပန် တိုးလျှိုး သည့် လေသံ ၊ ဆွဲဆောင်၍ ညှို့ဓာတ် တစ်မျိုး ပါသော လေသံ ၊ နားဝင် ချိုအေးပြီး သာယာကြည်လင်လှသော လေသံ စသည် တို့ ရောနှော ပါဝင် နေသည့် အသံကလေး ဖြစ် လေသည် ။


“ ဟုတ်ကဲ့ ... ရပါတယ် ”


နောက် တစ်ကြိမ် ထပ်မံ ပြောမည် ကို ပင် စိုးမောင် မစောင့်ဆိုင်းနိုင်တော့ ၊ မိမိ ၏ ပုဆိုး ကို ခါးတောင်း မြှောင် နေအောင် ကျိုက် လိုက်သည် ။ ပြီးလျှင် အနီးဆုံး ပိတောက်ပင်ကြီး ပေါ် သို့ ကျင်လည် ဖျတ်လတ်စွာ တက် သွား လိုက်မိတော့သည် ။


ပိတောက်ပန်းများ မှာ လှရာရာ ကို ရွေး နေရန်ပင် မလိုပါ ။ တစ်မျိုးစီ ၊ တစ်မျိုးစီ လှ သထက် လှ နေကြသည် သာ ဖြစ်ပါသည် ။ ထို့ကြောင့် စိုးမောင် သည် အခိုင် လိုက် တစ်မျိုး ၊ အဆုပ် လိုက် အခဲ လိုက် တစ်သွယ် နှင့် များ နိုင်သမျှ များများ ရအောင် ခူးဆွတ် လိုက်လေ သည် ။ မြူး နေသော စိုးမောင် ၏ လှုပ်ရှားဟန်များ မှာ သွက်လက် လှပနေကြသည် ။ လက် တစ်ဖက် က ပန်းတွေ ကို ပွေ့ လိုက်ပြီး ကျန် တစ်ဖက် ဖြင့် သစ်ပင်သစ်ကိုင်း ကို ကိုင် ကာ ကျင်လည်စွာ ပင် စိုးမောင် ဆင်း လာခဲ့သည် ။ မြေပြင် သို့ ရောက်ခါ နီး အောက် သို့ လှမ်း ကြည့် လိုက်ရာတွင် ရွှန်းမြချိုအေးသော အပြုံးကလေး ဖြင့် ကြိုလင့် နေသည့် မိန်းမလှကလေး ကို မြင်တွေ့ ရ လေရာ စိုးမောင် အဖို့ ပြော မပြနိုင် လောက်အောင် ပင် ဝမ်းသာလုံး ဆို့ သွား လေသတည်း ။


ထို့ကြောင့် ဖြုန်းခနဲ ခုန် ဆင်းကာ လှမ်းလင့် နေသော မိန်းမဝါကလေး ၏ လက် ထဲ သို့ ပိတောက်ပန်းများ ကို စိုးမောင် လှမ်း ထည့် လိုက်မိသည် ။ မိန်းမလှကလေး က လည်း “ လှ လိုက်တာနော် ” ဟု မြည်တမ်း ရင်း ပိတောက်ပန်းများ ကို အားရ ကျေနပ် လွန်းသော အချိုပြုံးကလေး ဖြင့် ပွေ့ပိုက်ပြီး သူ ၏ ပါးကလေး ဖြင့် အပ်ထား လိုက်တော့သည် ။


‘ ပန်းရသူတို့၏ အလှ ’ ကို စိုးမောင် မြင်ရတွေ့ ရ ပါပြီ ။ အသက် ရှူ ဖို့ ၊ မျက်တောင် ခတ် ဖို့ပ င် သူ သတိ မရနိုင် ။ ဘာ စကား မှ လည်း မဆိုနိုင်သေး ။


အတော်ကလေး ကြာ မှ ပိတောက်ပန်းများ ကို အားရ ကျေနပ်စွာ ပွေ့ပိုက် ထားသော မိန်းကလေး က “ လာလေ ” ဟု ပြောရင်း တစ်လှမ်းချင်း လှမ်း သွား လေသည် ။ စိုးမောင် လည်း မိန်းကလေး ၏ ခြေလှမ်းနှုန်း အတိုင်း လှမ်းကာ သူ့ နောက် က လိုက်သွား မိသည် ။


ကြီးမားကျယ်ဝန်း လှ သော ခြံကြီး ၏ အလယ် လောက် တွင် မြေညီတိုက်ပုကလေး တစ်လုံး ရှိ၏ ။ လူသူ ၊ အသက်အသံ အရိပ်အယောင် ဟူ၍ ဘာမျှ မမြင်ရ ၊ မကြားရ ။ စိုးမောင် ခမျာ တိုက်ဘက် ဆီ သို့ အာရုံ ကြာကြာ မရောက်နိုင် ။


မိန်းမလှကလေး သည် သစ်သားခုံတန်းကလေး တစ်ခု သို့ အရောက် တွင် ပန်းတွေ ပွေ့လျက် ပင် လှလှပပကလေး ထိုင်ချ လိုက်သည် ။ “ ထိုင်ပါဦးလား ” ဟူသော အကြည့် မျိုး ဖြင့် ရွှန်းမြမြ ၊ ချိုချိုအိအိ မျက်လုံး အစုံ ကို စိုးမောင် ဘက် သို့ ဝေ့ဝဲ ကြည့် လိုက်သည် ။ ပီတိပင်လယ် ဝေ နေသော စိုးမောင် ခမျာ မိန်းကလေး ဘေး ဘက် မှ ထိုင်မိလျက်သား ဖြစ် သွားတော့သည် ။ 


“ မွှေးလိုက်တာနော် ” 


ပိတောက်ပန်းများ ကို မေးကလေး မသိမသာ ထိုးပြီး မိန်းမလှကလေး က ပြော လိုက်ခြင်း ဖြစ်သည် ။


“ ပိတောက်ပန်း မွှေးတာ က မင့် ကို မမီသေးပါဘူး ”


စိုးမောင် ပါးစပ် က မရည်ရွယ်ဘဲ နှင့် အလိုအလျောက် ထွက် သွားသော စကားလုံး များ ဖြစ်ကြသည် ။ သို့သော် မိန်းမလှကလေး က မတုန်လှုပ် ။ မတုန်လှုပ်ရုံ သာ မဟုတ် သေး ။ ပန်း နှင့် သူ့ မျက်နှာလေး ကို ယှဉ် ကာ ...


“ အလှချင်း ပြိုင်ရင်ကော ” ဟု မျက်စကလေး ချီရင်း ထပ်တွန့် မေး လိုက် ပြန်လေသည် ။ 


“ မင်း က ပန်းပိတောက် ထက် အဆပေါင်း တစ်သိန်း တစ်သောင်း ပိုပြီး လှပါတယ် ကွာ ”


စိုးမောင် ၏ အဖြေ ကို မိန်းမလှကလေး က မဲ့ချိုချို အပြုံးကလေး ဖြင့် တုံ့ပြန် လိုက် သည် ။ သူ့ အပြုံး သည် သရော်ပြုံး လား ၊ ကျေနပ်ပြုံး လား ၊ ရှက်ပြုံး လား စသည် ဖြင့် ဝေခွဲရ ခက်ခဲသော အပြုံးမျိုး ဖြစ်သည် ။ သို့သော် ထို အဓိပ္ပာယ် အားလုံး ပါဝင်သည့် အပြုံးမျိုး ဖြစ်ဖို့တော့ သေချာသည် ။


ပန်း က မွှေးသလား ၊ လူ က မွေးသလား ။ ပန်း ရော လူ ရော ရောယှက် မွှေး နေဟန် တူသော မွှေးရနံ့ တစ်မျိုး ကို စိုးမောင် ရှူရှိုက် နေရလေသည် ။ သူ့ ရင် ထဲ မှာ ပီတိတွေ လှိုင်း ဘောင်ဘင်ခတ် နေကြသည် ။ အတန်ကြာ ဘာ စကား မှ မဆိုမိကြ ။ 


“ ကိုယ့် နာမည် က ...”


“ ပြောဖို့ မလိုပါဘူး .. တဲ့ ရှင် ”


ချစ်သူတို့ အကြားတွင် အမည် နာမ သည် အရေး မကြီး ၊ အမည် ဆိုသည် မှာ သတ်မှတ် ချက် သာ ဖြစ်သည် ။ ငွေ ၊ ဂုဏ် ၊ ပစ္စည်း စသည် ကဲ့သို့သော အရာဝတ္ထု တစ်မျိုး သာ ဖြစ်သည် ။ ချစ်သူ နှစ်ဦး အကြား တွင် ချစ်မေတ္တာ သာ လျှင် အဓိက ၊ ချစ်ခြင်းမေတ္တာ သာ လျှင် ပင်မ မဏ္ဍိုင် ၊ အချစ် ရေသောက်မြစ် ခိုင်မာ လျှင် အချစ်ပင်ကြီး သည် ကမ္ဘာ တည်သရွေ့တည်တံ့မည် ။


ဤသို့ ယုံကြည်ထားသော စိုးမောင် မှာ မိန်းကလေး ၏ အဖြေ အတွက် ပို၍ အားတက် ဝမ်းသာ သွားမိရသည် ။


မိန်းမလှကလေး သည် ပိတောက်ပန်းခိုင်လေး တစ်ခိုင်ကို ချိုး လိုက်၏  ။ ပြီးလျှင် စိုးမောင် ဘက် သို့ လက်ကမ်း လိုက်သည် ။ စိုးမောင် က ထို ပန်းခိုင်ကလေး ကို မြတ်နိုးယုယ စွာ မွှေး ၍ ယူ လိုက်သည် ။ အချစ် ၏ သင်္ကေတ ဟူသည် မြတ်နိုးဖွယ်ရာ သာ မဟုတ်ပါလား ။


ထို့နောက် “ ပြန်တော့ .. နော် ” ဟု မိန်းမလှကလေး က စကား ဆို ၏ ။ စကား မဆုံး သေးမီ ပင် စိုးမောင် မတ်တတ် ရပ်လျက် သား ဖြစ် သွားသည် ။ စိုးမောင် မတ်တတ်ရပ် ပြီး ချိန်လောက် မှာ ပင် မိန်းမလှကလေး က သူ ၏ ညာဘက်လက်ကလေး ကို ဆန့်တန်း ၍ ပေး လိုက် လေသည် ။


စိုးမောင် မှာ အတိုင်း မသိ အံ့သြခြင်းကြီး မ က အံ့သြ သွားမိရတော့သည် ။ အံ့သြ ၍ မကုန်ဆုံး မီ မှာ ပင် လျင်မြန်သော စိုးမောင် ၏ လက်များ က မိန်းမလှကလေး ၏ လက်ဖျား သွယ်သွယ်ကလေးတွေ ကို ညင်သာစွာ ကိုင်တွယ် ပြီး တမြတ်တနိုး ၊ တယုတယ ၊ တစ်ဝကြီး မွှေးလိုက် ရှိုက်လိုက် တော့သည် ။


မဟာ ပထဝီမြေကြီး သည် အိုးထိန်းစက် ကဲ့သို့ သွက်သွက်ခါ အောင် လည် မသွား ပါ ၊ ချားရဟတ် လို လည်ပတ် သွားသူ မှာ စိုးမောင် သာ ဖြစ်ပါလိမ့်မည် ။


နတ်ပန်း ကို မွှေးဖူးသူ ရှိသည် ဟု ဆိုလျှင် ထို သူ သည် စိုးမောင် သာ ဖြစ်ပါလိမ့်မည် ။


နတ်သုဓာ ကို စားသုံးဖူးသူ ရှိလေသည် ဟု ဆိုလျှင် ထို လူသား ကား စိုးမောင် မှ တစ်ပါး အခြား မဖြစ်နိုင် ။


မိန်းမလှကလေး သည် ရှက်စနိုး အပြုံးကလေး ဖြင့် သူ့ လက်ကလေး ကို အသာအယာ ရုပ်သိမ်း ပြီး


“ နက်ဖြန် လည်း လာပြီး ခူးပေးဦးနော် ” ဟု ပြောကာ ပြောစကား အဆုံးမသတ် မီ မှာ ပင် တိုက်ပုကလေး ဆီ သို့ ပြေးထွက် သွားလေ သတည်း ။


အပြန် ခရီး တွင် စိုးမောင် တစ်ယောက် ဘယ်လမ်း ဘယ်စခန်း က ပြန်လာခဲ့သည် ဟု မမှတ်မိ ။ သူ့ ခြေထောက်များ သည် မြေ ကို မနင်း လေ ကို သာ နင်းလျက် ရှိခဲ့သည် ။ လူ့ လောက သည် အလွန် မှ ချမ်းမြေ့ ပျော်ရွှင်ဖွယ်ရာသာ တကား ၊ စိုးမောင် ထက် ပျော်ရွှင် မြူးကြွသသူ ဤအချိန် ၌ ၊ ဤလောက ၌ ဘယ်မှာ မျှ မရှိနိုင် ။


သူ့ အခန်း သို့ ပြန် ရောက်သော အခါ ဘာ အစားအစာ မျှ စား ရန် စိုးမောင် သတိ မရ တော့ပါ ။ ဝမ်းပြည့် နေခြင်း မဟုတ်သော် လည်း မွတ်သိပ်သည့် အရသာ ခန်းခြောက် နေလေ ပြီတည်း ။ သူ့ ရင် ထဲ က ပီတိတွေ ကို အခြား ခင်မင်သူ တို့ အား ဖဲ့ဝေ၍ ပေးလို့ ရလျှင် ဝေငှ ပေးချင်ပါ သေးသည် ။


သူ သည် အိပ်ရာ ထက် တွင် ပက်လက်ကလေး လှဲ လိုက်ပြီး မိန်းမလှကလေး ပေး လိုက် သော ပိတောက်ခက်ကလေး ကို ရင်ဘတ် ပေါ် တင်ရင်း ရင်တွင်း မှ ပီတိတွေ ကို ဖိ နေရသေ သည် ။


ထို ည တစ်ည လုံး စိုးမောင် အိပ်၍ မပျော်တော့ ။ အိပ် ဖို့ လည်း သတိ မရနိုင်တော့ ။ တွေ့ခဲ့ ကြုံခဲ့ ဆုံစည်းခဲ့ပုံကလေးများ ကို သာ အသေးစိတ် က , မှ နေ၍ အ , အထိ အပြန်ပြန် အလှန်လှန် ၊ ထို့နောက် အကြိမ်ကြိမ် အဖန်ဖန် စမြုံ့ ပြန် ၍ သုံးသပ် ခံစား နေမိလေသည် ။ အမှတ်တရ အဖြစ် နှင့် သူ ၏ ဒိုင်ယာရီစာအုပ်ကလေး ထဲ တွင် အောက်ပါ စာလုံးကလေးများ ကို ရေးခြစ် ထားလိုက်လေသည် ။


* ရင်မှာပီတိ 

ပြည့်လျှံဘိသည်

ရွှန်းအိရွှေစင် - မြင်စေချင် ။


( ၂ )


နောက် တစ်နေ့ ညနေစောင်း ။


မနေ့ က သွားခဲ့သော လမ်း အတိုင်း စိုးမောင် ထွက် လာခဲ့သည် ။ ဝမ်းသာခြင်း ၊ ကြည် နူးခြင်း ၊ မျှော်လင့်ခြင်း ၊ အားတက်ခြင်း အစ ရှိသည့် စိတ်ဓာတ်များ ၊ အင်အားများ သည် သူ ၏ တစ်ကိုယ်လုံး ကို ဖုံးလွှမ်း နေခဲ့သည် ။ ဤနေ့ အဖို့ ကား သူ သည် ရေမိုးချိုး ၍ သန့်ရှင်းသမှု ပြုပြီး သပ်ရပ်စွာပင် ဝတ်စား လာခဲ့သည် ။ ပိတောက်ပန်း ခူး ၍ ထည့်ရန် အတွက် ပလတ်စတစ်ကြိုးများ ဖြင့် ရက်လုပ် ထားသည့် လက်ဆွဲခြင်းကလေး တစ်လုံး ကို ပင် ယူ လာ ခဲ့မိသည် ။


မြေကြီး ကို ခြေ မထိအောင် လမ်းလျှောက် ရသည့် အရသာမှာ စိုးမောင် ခံစား ရသော လက်တွေ့ ကျင့်သုံး နေသော အရသာ ဖြစ်သည် ။ လေဟုန် စီးသည် ဟု ဆိုရင် ရပါ၏ ။ ထို့ကြောင့် လေ ကဲ့သို့ လျင်မြန်စွာ ပင် မိန်းမလှကလေး ၏ ခြံပေါက်ဝ သို့ ဆိုက်ရောက် လာခဲ့လေ သတည်း ။


ရင် ထဲ ဝယ် ဝမ်းသာစိတ် ၊ အားတက်စိတ် တို့ ဖြင့် စိုးမောင် သည် ခြံတွင်း သို့ လှမ်း ၍ကြည့် လိုက်၏ ။ မနေ့ က ခုံတန်းကလေး အနီး မှာ ပင် မိန်းမလှလေး ကို မြင်တွေ့ ရသည် ။ မနေ့ က ပိတောက်ဝါအင်္ကျီလုံချည်ကလေး ဖြင့် ပင် မနေ့ က လို ဝါ၀ါကလေး လှပ နေပါ သည် ။ သို့သော် သူ တစ်ဦးတည်း မဟုတ်ပါ ။ သူ နှင့် အတူတူ သူ့ အရပ် လောက် မြင့်မား သော အယ်လ်ဇေးရှင်းခွေးကြီး တစ်ကောင် လည်း ရှိနေသည် ။ ခွေးကြီး ချည် ထားသည့် ကြိုး ကို မူ မိန်းမလှကလေး က ကိုင် ထား၏ ။


ခွေးကြီး ကို မြင်လိုက် ရ ၍ စိုးမောင် ခြေလှမ်းများ အနည်းငယ် တန့်သွားသည် ။ သို့သော် နှုတ်ဆက်ပြုံး ဖြင့် လှမ်း ၍ ပြုံးလိုက်သည် ကို မိန်းမလှကလေး က လည်း ပြန်လည် ခွန်းတုံ့ ပြုံးပန်း ပွင့် လာသောကြောင့် မိန်းမလှကလေး ဆီ သို့ သွက်လက်စွာ ပင် ဆက်လက် လျှောက် သွား မိလေသည် ။ မိန်းမလှကလေး က တိုက်ပုလေး ဆီ သို့ စောင်းငဲ့ လိုက်ပြီး “ ဒက်ဒီ ... ရယ် ” ဟု ခေါ်သယောင် ပြုလိုက်၏ ။ တိုက်ပုလေး ဆီ မှ မူ ဘာသံမျှ မကြား ၊ ဘာ အရိပ်အယောင် မှ မတွေ့ ။ ထိုအခိုက် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် မှာ ပင် မိန်းမလှကလေး က သူ ကိုင်ထားသော ကြိုး ကို လွှတ် လိုက်ပြီး “ ရှူး .... ရှူး .. ရန်ရှင်း .. ရှူး ” ဟု မြည်တမ်း ရေရွတ် လိုက်ရာ အယ်လ်ဇေးရှင်း ခွေးကြီး သည် သားသမင် ကို ကျားဘုရင် ခုန်အုပ် သည့် နှယ် စိုးမောင် အား ဗြုန်းစားကြီး ခုန်အု ပ်ပြီး ကိုက်ပါ ခဲပါလေတော့ သတည်း ။


ရုတ်တရက် သော် စိုးမောင် ဘာမျှ မတတ်နိုင် ။ နားလည်း မလည်နိုင် ။ ကြီးစွာ အံ့သြ တုန်လှုပ် သွားမိရ၏ ။ သို့သော် ကိုက် လာ သော ခွေးကြီး ကို တွန်းလှန်ရ ပါတော့သည် ။ စိုးမောင် ၏ ခြေထောက်များ ၊ လက်များ ၊ တင်ပါးများ စသည့် နေရာတို့ ကား ကိုက်ခဲပြီး ၍ သွေး အလိမ်းလိမ်း လူးနေလေပြီ ။ မာန်မဲကိုက်ခဲ နေသော ခွေးကြီး မှာ အင်အား မသေးလှ ။ စိုးမောင် အတတ်နိုင်ဆုံး ကြိုးစား ခုခံပြီး ခွေးကြီး ၏ လည်ပင်း ကို ပါလာသော ပလတ်စတစ်ခြင်း ဖြင့် ရစ်သိုင်း ချည်နှောင် ရသည် ။ တအားကုန် ညှစ် ရသည် ။ သည်တော့ မှ အကိုက်အခဲ သက်သာ လာသည် ။


မိန်းမဝါကလေး ကား လက်ခုပ်လက်ဝါး တီး ၍ အားပါးတရ ရယ်မောလျက် ရှိ

သတည်း ။


ခဏအကြာ တွင် “ ဟဲ့ဟဲ့ ရန်ရှင်း လာလာ ” ဟူသော တိုက်ပုလေး ဆီ မှ ခေါ်သံ ကြားရ၏ ။ သည်တော့ မှ ခွေးကြီး လည်း အသံ လာရာ ဆီ သို့ ပြန်ထွက် သွား လေသည် ။ 


မိန်းမလှကလေး ကား ခွက်ထိုးခွက်လန် ရယ်၍ မဆုံး ၊ ရယ်မော ၍ ကောင်းတုန်း ။ 

စိုးမောင် ၏ တစ်ကိုယ်လုံး မှာ သွေးများ ဖုံး နေလေပြီ ။ ရှက်စိတ် ၊ အံ့သြစိတ် ၊ မဝေခွဲ

နိုင်သော စိတ်တို့ ဖြင့် တစ်ကိုယ်လုံး လည်း တုန်လှုပ် နေလေသည် ။ မိန်းမလှကလေး ၏ ရယ်သံ သည် စိုးမောင် ၏ နားဝ တွင် သေမင်းရယ်သံ နှင့် ထပ်တူထပ်မျှ တည်း ။


စိုးမောင် ဘာမျှ မပြောတော့ပါ  ။ ရှိသမျှ ခွန်အားဖြင့် လာလမ်း အတိုင်း ပြန် ပြေး လာခဲ့ လေသည် ။ သူ့ ခြေထောက်များ သည် မြေကြီး ကို မနင်းမိကြပါ ။ အလာ တုန်းက မနင်းမိသည့် နည်း တော့ မဟုတ် ။ နာကြည်းစိတ် ၊ ရှက်စိတ် ၊ နှလုံးနာစိတ် တို့ ပြည့်လျှမ်း နေသောကြောင့် မြေ ကို မနင်း ၊ လေ ကို နင်း နေခြင်း သာ ဖြစ်ပါသည် ။


သူ့ အခန်း သို့ ပြန် အရောက် တွင် စိုးမောင် တစ်ယောက် သူ့ ဘာသာ အံကြိတ် ၍ ရှိုက်၍ ရှိုက်၍ ၊ သို့သော် ကျိတ်၍ ငိုမိရလေတော့သည် ။ 


အတိုင်း မသိသော ရှက်စိတ် ။ 


အတိုင်းအဆ မရှိသော နာကြည်းစိတ် ။


အတိုင်းအတာ မရှိနိုင်သော ယူကျုံးမရ စိတ် တို့ ကို စိုးမောင် တစ်လှည့် ပြီး တစ်လှည့် တစ်ဝကြီး ခံစား နေရလေသည် ။


သူ့ အဖြစ် ကား ထက်ကောင်းကင် အာကာ ထဲ ဝယ် ငြိမ့်ငြိမ့်အေးအေး လေဟုန် စီး လာခဲ့သော ငှက်ငယ်ခမျာ တောင် လောက် ကြီးမားသည့် မီးပုံကြီး ထဲ သို့ စောက်ထိုး ကျဆင်း သွားရသည့် ပမာသာ တည်း ။


ဒဏ်ရာဒဏ်ချက် တို့ ကို ဆေးကြော သုတ်သင်ပြီး ရှိသည့် ဆေးဝါးများ ထည့် ပြီး သော် မှ စိုးမောင် တစ်ကိုယ်လုံး တုန်လှုပ် ချောက်ချား လျက် ရှိပေသေးသည် ။


ဤ ဒဏ်ရာ တို့ သည် သေရွာ သို့ ပင် ပါလေမည် ကို စိုးမောင် ကောင်းစွာ သိပါသည် ။ 

ဤ ခွေးဒဏ်ရာ တို့ ထက် အဆ များစွာ ကြီးမားလှသော သူ့ အသည်း မှ သူ့ ဒဏ်ရာ မှာ မူ သေရွာ သို့ ပါရုံ မက ဘဝ အဆက်ဆက် ပင် ပျောက်ပျက်နိုင်တော့မည် မဟုတ်သည် ကို လည်း စိုးမောင် ကောင်းစွာ သိနေပါသည် ။


ပန်းပိတောက် ကို ဖြင့် စိုးမောင် အပြီး တိုင် ကြောက် သွားမိပါပြီ ။ ဘယ်သော အခါမျှ ၊ ဘယ်လိုမျှ ကြည့်လို စိတ် မရှိတော့ပါ ။


အတတ်စွမ်းနိုင်ဆုံး အနေ နှင့်  သူ၏ ဒိုင်ယာရီစာအုပ်ကလေး ထဲ တွင် အောက်ပါ စာလုံးကလေးများ ကို စိုးမောင် ရေးသား ထား လိုက်မိတော့သည် ။ ထို စာလုံးကလေးများ ကား သူ ၏ အသည်း မှ စိမ့်ယို လာသည် ဟု မပြောမီ က ပင် သိနိုင်ကြပါမည်တည်း ။


* မထင် မတွေး

ရင်ဝယ်အေးအောင်

ဘယ်ရှေးရေစက်ဖန်ခဲ့သနည်း 

တစ်ရက်မျှသာ 

ပြုံးရပါသည်

ဘယ်မှာမေတ္တာ ဆုံးသနည်း 

ယခင်တစ်ခေါက်

ပန်းနှင့်ပေါက်၍

ယခုတစ်ခေါက်

ခြေနှင့်ကျောက်သည် 

မြွေဟောက်မျိုးနွယ်သာတကား ။


◾အောင်စိုး


📖 စန္ဒာ ရုပ်စုံ မဂ္ဂဇင်း 


📖 ပိတောက်ဖူးတဲ့ လတန်ခူး

      နှစ်ဦးသင်္ကြန်ခါ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment