Sunday, April 28, 2024

မောင့်သဘော


 

❝ မောင့်သဘော ❞
  
ကိုရင်မောင် အဖို့ ကြုံတောင့်ကြုံခဲ ပေါင်းဟောင်း သင်းဟောင်း မိတ်ဆွေဟောင်း တို့ နှင့် တစ်နေ့ တည်း တွေ့ရ ဆုံရ လေသည် ။ တနင်္ဂနွေနေ့ ဖြစ် သဖြင့် ရုပ်ရှင် နေ့လည်ပွဲ ကို တူမောင်မယ် ရွှေလည် တွဲ ပြီး ရုပ်ရှင် ကြည့်ရန် ကိုရင်မောင် တို့ ဇနီးမောင်နှံ ပြင်ဆင် ထားပြီး ဖြစ်၏ ။

ကလေး နှစ်ယောက် ကို သူတို့ အဘွား အိမ် ပို့ ထားပြီး ဖြစ် သဖြင့် ကိုရင်မောင် တို့ တော်တော် လွတ်လပ် နေသည် ။ အခုလို အခါမျိုး မှာ မှ စိတ်လွတ် ကိုယ်လွတ် နှစ်ယောက်သား ထွက် ရမည် ဖြစ်သည် ။

ဤသို့ဖြင့် နေ့လည် ၁၂ - နာရီခွဲပွဲ အမီ သွားရန် ဟန်ရေး ပြင် နေစဉ်မှာ ပင် သူကောင့်သား ကျော်စိန် ပေါက် လာသည် ။

ကျော်စိန် သည် မော်လမြိုင်သား ဖြစ်၏ ။ မှောင်ခို လုပ်ငန်း ဖြင့် တွင်ကျယ် နေသူ တည်း ။

“ ဟ ကျော်စိန် ၊ ဘယ်က ဘယ်လို ပေါက်လာတာလဲ ၊ ထိုင်ဟေ့ ”

ကိုရင်မောင် က အားရဝမ်းသာ စွာဖြင့် နှုတ်ဆက် ဆီးကြို လိုက်၏ ။

“ မနေ့ က ပဲ ရန်ကုန် ရောက် လာတယ်လေ ၊ ထုံးစံ အတိုင်းပေါ့ ကိုရင်မောင် ရဲ့ ၊ ဟဲ့ ဟဲ ”

ကျော်စိန် သည် ပြောပြောဆိုဆို ဧည်ခန်း စားပွဲ တွင် ထိုင် လိုက်ပြီး လက် ထဲ တွင် ပါ လာသော အထုပ် ကို လှမ်း ပေးလိုက်၏ ။

“ ဘာတွေတုန်းကွ ဟင် ”

ကိုရင်မောင် သည် အထုပ် ကို လှမ်း ယူရင်း မေး လိုက်၏ ။

“ ဖြေကြည့်ပေါ့ ဗျ ၊ ဒါ မော်လမြိုင် လက်ဆောင် ပဲ ”

အထုပ် ကို ဖြေ ကြည့် လိုက်သည် နှင့် ယိုးဒယားဖိနပ် တစ်ရံ ထွက်ကျ လာ ရာ ကိုရင်မောင် အတော်ပင် ဝမ်းသာ သွား၏ ။ ကိုရင်မောင် လိုချင် နေသည်မှာ ကြာပြီ ဖြစ်သော ပစ္စည်း ဖြစ်သည် ။

“ ကောင်းတယ်ကွာ ၊ ကျေးဇူးပဲ ဟေ့ ။ ကိုယ် လိုချင်နေတာ နဲ့ အတော်ပဲ ”

ကိုရင်မောင် သည် ဖိနပ် ကို ချ စီး လိုက်၏ ။ ပြီးတော့ အခန်း ထဲ ၌ အလှ ပြင် နေသော မရွှေမ ကို လှမ်း ခေါ်လိုက်ပြီး ပြလိုက် ပြန်သည် ။ မရွှေမ က ဧည့်သည် ဖို့ ကော်ဖီ ဖျော်ရန် နောက်ဖေးဘက် ဝင် သွားတော့ မှ ကျော်စိန် နှင့် စကား လက်ဆုံ ကျ နေရစ် ခဲ့ ပေသည် ။

ကျော်စိန် ပြန် သွားသော အခါ တစ်နာရီခွဲ သွားပြီ ဖြစ်၏ ။ နေ့လည်ပွဲ မမီနိုင်တော့ပေ ။

“ မှောင်ခိုသူဌေး ကောင်းမှုကြောင့် တို့ တော့ သုံးနာရီခွဲ ပွဲ ပဲ ကြည့်ရတော့မယ် ဟေ့ ”

ကိုရင်မောင် က ဤသို့ ညည်းညူလိုက်သည် တွင် မရွှေမ က ကိုရင်မောင် စီး ထားသော ယိုးဒယားဖိနပ် ကို လှမ်း ကြည့်ပြီး ....

“ ဒါပေမယ့် မောင် အမြတ် ရလိုက်တယ် မဟုတ်လား ” ဟု လှမ်းပြော လိုက်၏ ။ ကိုရင်မောင် သည် ပခုံး တွန့် ပြ လိုက်ပြီး ....

“ ဒါတော့ ဒါပေါ့ကွာ ၊ ဒါပေမယ့် ဒီကောင့် ကို မောင် မေတ္တာ မရှိပါဘူး ။ ဒီကောင် အချောင်သမား ပဲ ၊ မတတ်သာ လို့ သာ လက်ခံ စကား ပြောနေရတာ ”

မရွှေမ သည် ကိုရင်မောင့် စကားကြောင့် မဲ့ ပြ လိုက်၏ ။

“ ဟင် ... မောင့်ဟာကလည်း ”

••••• ••••• •••••

ဘတ်စ်ကားဂိတ် တွင် ကိုရင်မောင် တို့ ဒုက္ခလှလှ တွေ့ နေကြ ပြန်သည် ။ ဘတ်စ်ကား က လည်း တက် မရ ၊ သုံးဘီးကား က လည်း ခေါ် မရ သဖြင့် တော်တော် ကြာအောင် စောင့် နေကြရ၏ ။

ဤတွင် စစ်ဂျစ်ကား တစ်စီး ကိုရင်မောင် တို့ ရှေ့သို့ ရုတ်တရက် ဆိုက် လိုက်သည် ။ လှမ်း ကြည့် လိုက်ရာ ဗိုလ်မှူးစိုးလွင် က ပြုံး ပြီး ကား ပေါ်  မှ နှုတ်ဆက် နေသည် ကို တွေ့လိုက်ရ၏ ။

“ အတော်ပဲ ၊ ရေငတ် တုန်း ရေတွင်း ထဲ ကျတာပဲ ၊ ဘယ်သွား မလို့လဲ စိုးလွင် ”

ကိုရင်မောင် သည် ဝမ်းသာအားရ ဖြင့် နှုတ်ဆက် လိုက်ပြီး ဂျစ်ကား ဘေး သွား ရပ်လိုက်၏ ။

“ ဘယ် သွားသွား ရဲဘော် ကို လိုက် ပို့ပါ့မယ် ၊ ကား ပေါ် သာ ကြွတော်မူကြပါ ”

ကိုရင်မောင် တို့ သည် ဘတ်စ်ကား ဒုက္ခ မှ ကင်းဝေးစွာ ပင် စစ်ဂျစ်ကား ဖြင့် အခန့်သား ပါ သွား တော့သည် ။

ကား ပေါ် မှ ဆင်းပြီး ကျေးဇူးတင် စကား ပြောပြီးသည် နှင့် ဂျစ်ကား ထွက် သွားတော့သည် ။ ကိုရင်မောင် တို့ သည် ယုဇနရုံ ဘက် ကူးရန် တစ်ဖက် ပလက်ဖောင်း ပေါ် တွင် ခေတ္တမျှ စောင့် နေကြရ၏ ။

“ အဲဒီ စိုးလွင် ပေါ့ ကွ ၊ ကိုယ် တို့ ဥပစာတန်း တုန်း က မအောင်နိုင်ဘဲ တဘုန်းဘုန်း ကျနေလို့ စစ် ထဲ ဝင် သွားတာ ၊ အခုတော့ ဟန်ကျ နေပြီလေ ။ တို့ ထက် တောင် ကြီးပွား နေ သေးတယ် ။ ဒီကောင် ကျောင်း တုန်း ကတော့ လေပေါ ကွ ၊ တို့ က သူ့ ကို ဆေးဖော်ကြောဖက် တောင် လုပ်တာ မဟုတ်ဘူး ”

ကိုရင်မောင် သည် ကား ရှင်းအောင် စောင့်ရင်း သူတို့ ကို လိုက် ပို့သည့် ဗိုလ်မှူးစိုးလွင် အကြောင်း ကို ဖောက်သည် ချ လိုက်၏ ။

“ အခုတော့ မောင် နဲ့ ဖြူး လို့ပါလား ၊ သဘော လည်း ကောင်းသားပဲ ”

“ အေးပေါ့ကွ ၊ ဟော ... အခု ကြည့်လေ ၊ စကား စပ်ရင်း သူတို့ အရာရှိ ဆိုင် က တက်ထရွန် တစ်ဝတ်စာ နဲ့ စစ်ခြင်ထောင် တစ်လုံး ဝယ်ပေးမယ် တဲ့ ၊ ဘယ်လောက် ဟန်ကျလဲ ။ ဒါ ရဖို့ မလွယ်ဘူးကွ ။ အရ အင်မတန် ချောင်တာ ”

မရွှေမ က ကိုရင်မောင် ကို တစ်ချက် မျှ လှမ်း ကြည့် လိုက်ပြီး ကိုရင်မောင် လမ်း ဖြတ်ကူး သည့် နောက်သို့ ခပ်သွက်သွက်ကလေး လိုက် သွားလေသည် ။

နှစ်ကျပ်ခွဲတန်း လက်မှတ် ပေါက် ရှေ့ ၌ တန်းစီ နေသော လူတန်းကြီး ကို ကြည့်ပြီး ကိုရင်မောင် တို့ သက်ပြင်း ချမိသည် ။

ထို့နောက် လူတန်းကြီး အတွင်း ၌ အသိ တွေ့လို တွေ့ငြား ကိုရင်မောင် လိုက် ကြည့် လိုက်သေး၏ ။ မတွေ့သဖြင့် ရင်မော ရ ပြန်သည် ။

“ မ ဒီနား ခဏ စောင့်‌နေ ဦးနော် ၊ မောင် မှောင်ခိုလက်မှတ် လိုက်ဝယ် လိုက်ဦးမယ် ”

ကိုရင်မောင် သည် ပြောပြောဆိုဆို ဆေးလိပ်ဆိုင် ထောင့် ဘက် ကပ် သွား လိုက်၏ ။

ခေတ္တမျှ သာ ကြာ လိုက်သည် ။ ကိုရင်မောင့် လက် ထဲ ၌ လက်မှတ် နှစ်စောင် ပါလာသည် ။

“ တစ်စောင် လေးကျပ် နဲ့ ရခဲ့တယ်ကွ ”

“ ဟင် ... မောင့် ဟာ က များလိုက်တာ ၊ ဒီလိုမှန်း သိရင် တန်းစီပါတယ် မောင် ရယ် ”

“ အို ... မ , ကလဲ ၊ တန်းစီရတာ ဘယ်လောက် ရုပ်ပျက်သလဲ ”

ကိုရင်မောင် တို့ သည် ရုပ်ရှင် ပြချိန် လိုသေး သဖြင့် အအေးသောက် ရန် အိုးရီယင့်ဟိုတယ် ဘက် သို့ ထွက် သွား ကြ၏ ။

ဆိုင်တွင်း ဝယ် အခန့်သင့် ပင် တပည့်ဟောင်း တစ်ယောက် ကို တွေ့ ရသည် ။

“ အေး ... မင်း ဟန်တင် မဟုတ်လား ”

“ ဟုတ်ပါတယ် ဆရာ ၊ ကျွန်တော် ဆရာ့ တပည့် ပါ ”

“ အေး ငါ မှတ်မိပါတယ် ကွ ၊ မင်း ခု ဘာလုပ်နေလဲ ”

“ ကျွန်တော် ဥက္ကလာပ အခြေခံ စားကုန်ဆိုင် မှာ လုပ် နေတယ် ဆရာ ”

“ ကောင်းတယ် ၊ ကောင်းတယ် ၊ လခ ဘယ်လောက် ရသလဲ ”

ကိုရင်မောင် သည် တက်ထရွန် အကွက် အင်္ကျီ ၊ အင်းလေး လုံချည် ၊ အိုမီဂါ နာရီ တို့ဖြင့် ပြောင်လက် နေသော ဟန်တင် ကို အကဲခတ် ရင်း လှမ်း မေး လိုက်၏ ။

“ ရှစ်ဆယ့်နှစ်ကျပ် ပါ ဆရာ ”

“ အင်းအင်း ၊ ကြိုးစားပေါ့ကွာ ။ နောက်တော့ တက်ဦးမှာပေါ့ ဟုတ်လား ”

ဟန်တင် သည် ပြုံးပြုံးရွှင်ရွှင် နှင့် ကိုရင်မောင် တို့ ကို နှုတ်ဆက် လိုက်ပြီး ကိုရင်မောင် တို့ သောက်သော နို့အေးဖိုး ကို ပါ သူ က ဇွတ် အတင်း ငွေ ရှင်း၍ ပေး လိုက် ၏ ။ ထို့နောက် ရိုရိုသေသေ နှုတ်ဆက် ပြီး ထွက်သွား လေသည် ။

“ အဲဒီ ကောင် ပေါ့ကွ ၊ ကျောင်း တုန်း က ဘယ်တော့မှ ကြီးပွားမယ့် ကောင် မဟုတ်ဘူး လို့ ငါ နိမိတ် ဖတ်ခဲ့တာ ”

“ အခုတော့ ပြောင်ပြောင်ရောင်ရောင် ပါ လား မောင် ရဲ့ ၊ သားသားနားနား ပဲ ”

“ အေးလေ ဒါက သူ့ ကုသိုလ် ပေါ့ ၊ ရတော့ ရှစ်ဆယ့်နှစ်ကျပ် ပဲ ။ ဝတ်စား ထားတာ က ကြော့ လို ၊ တို့ အတွက် တောင် သူ က ဒကာခံ သွားသေးတယ် ၊ ဟန်တော့ ကျပြီ ၊ နောက် အချိန် နို့မှုန်လေး ဘာလေး လိုရင် ဒီကောင့် ကပ် ရမှာပဲ ”

မရွှေမ က ပြုံး ၍ ကိုရင်မောင့် အား ကြည့် လိုက်၏ ။

“ မောင် က တယ် လာဘ်မြင် တာပဲ ”

ရုပ်ရှင်ရုံ ထဲ သို့ ဝင်ဝင်ချင်း ကိုခင်မောင်ဦး က လှမ်း နှုတ်ဆက် သဖြင့် ကိုရင်မောင် ပြုံး ၍ လက်ပြ လိုက်ရသေး၏ ။ တော်ပါသေးသည် ။ ခုံတန်း က ဝေး နေ သဖြင့် စကား ပြော မနေရတော့ချေ ။

“ ခုန က ပြုံး ပြလိုက်တဲ့ လူ မ , မှတ်မိလား ”

ကိုရင်မောင် က ထိုင်ခုံ နေသားကျပြီး မရွှေမ အား လှမ်း မေး လိုက်၏ ။

“ ဟင့်အင်း ”

“ မောင် အမြဲတမ်း အမြင်ကပ် တဲ့ အကြောင်း ပြောတဲ့ လူ လေ ၊ ခင်မောင်ဦး ပေါ့ ”

“ ဪ ... ဪ မှတ်မိပြီ ။ ကျောင်း တုန်း က ဟို အဖွဲ့ဝင် လိုက် ၊ ဒီ အဖွဲ့ ပြောင်း လိုက် လုပ်နေတဲ့ လူ ဆိုတာလား ”

“ အေးအေး သူ ပေါ့ကွ ၊ အခုတော့ ဟန်ကျ နေပြီလေ ။ ဌာနကြီးမှူး ဆိုလား ၊ လူထုရေးရာမှူး ဆိုလား မသိပါဘူး ကွာ ။ တော်တော်ကြီးကြီး ပဲ ။ ဣန္ဒြေ ရလို့ မဆိုးဘူးကွ ”

“ မောင် က လည်း အမြင်ကပ်တယ် ဆိုပြီး ဘာဖြစ်လို့ ပြုံး ပြနေရသေးလဲ ”

“ အို ... မ , ကလဲ ၊ အခု လူကြီး ဖြစ် လာကြမှ တော့ အထိုက်အလျောက် ပေါ့ ၊ သူ လည်း လူကြီးလူကောင်း ဖြစ်နေပြီ ပဲ ။ ဟန်ဆောင်ပြုံးကလေး ဖြစ်ဖြစ် ပေါ့ကွာ ”

ရုံ မှောင်ချပြီ ဖြစ်သဖြင့် စကားစပ် ပြတ်သွားကြ လေသည် ။

••••• ••••• •••••

ရုပ်ရှင် အပြန် လေဟာပြင်ဈေး ဝင် ၍ တရုတ်ထမင်း စား ရသည် မှာ ကိုရင်မောင် အဖို့ ဧရာမ အရသာ ဖြစ်၏ ။ တစ်ခါတစ်ရံ ဤသို့ ဆိုင် ထမင်းဟင်း စား လိုက်ရ လျှင် စည်းစိမ် တစ်မျိုးပါပေ ။

တစ်ခု ဆိုးသည် မှာ လေဟာပြင်ဈေး သည် လူ က ရှုပ်ရှုပ် ၊ အကြော်နံ့ တညှော်ညှော် ၊ ခေါ်သံအော်သံ က ဆူဆူညံညံ ဖြင့် မျက်စိ နား ရှုပ်စရာ တော့ ကောင်းသည် ။

အရေးထဲ သူတောင်းစား တစ်ယောက် က လက်ဖြန့် တောင်း လာသည် ။

မရွှေမ က သူတောင်းစား ကို ပေးရန် လက်ကိုင်အိတ် ကို လှမ်းဖွင့်၏ ။ ကိုရင်မောင် က မရွှေမလက် ကို လှမ်း ဆွဲ ထားပြီး သူတောင်းစား ကို လှမ်း ငေါက် လွှတ် လိုက်သည် ။

နောက် စားပြီး သောက်ပြီး ပြန်ကာနီး ကျ မှ ကလေး တစ်ဖက် နှင့် သူတောင်းစားမ တစ်ယောက် ခွက် ခံပြီး ဟင်းကျန် ထမင်းကျန် လာ တောင်း ပြန် သည် ။

မရွှေမ က ပန်းကန် ထဲ ၌ ကျန် နေသေးသော အစိမ်းကြော်များ ကို ထည့် ပေးရန် ဟန်ပြင် ပြန်သည် ။ ကိုရင်မောင် က လက် ကို ဖမ်းဆွဲ ပြီး တား လိုက်ပြန်၏ ။

မရွေမ သည် ကိုရင်မောင် အား အံ့ဩတကြီး ဖြင့် ကြည့် ကာ ငြိမ်နေ လိုက်ရသည် ။

အိမ် အပြန် သုံးဘီးကား ပေါ် ရောက်မှ ...

“ မောင် သူတောင်းစား ပေးဖို့ ဟာ ဘာ့ကြောင့် လှမ်း တား ရတာလဲဟင် ” ဟု နားမလည် သဖြင့် မေး လိုက်မိသည် ။

“ အို ... မ , က ဘာ နားလည်လဲ ၊ ဒါ အချောင်စိတ် ကို အားပေးတာ ကွ ၊ ဘယ်တော့မှ မလုပ်နဲ့ ၊ ဒီ သူတောင်းစား တွေ ဟာ ကိုယ့် လက် နဲ့ ကိုယ် လုပ်စား ချင်တဲ့ လူတွေ မဟုတ်ဘူး ။ အမြဲတမ်း အချောင် လိုက်ပြီး သူများ ပေါ် မှီခို စား ချင် နေတဲ့ လူတွေ ၊ ပြီးတော့ဒါ အမျိုးသားရေး ဂုဏ်သိက္ခာ ထိခိုက်တယ် ကွ ၊ တို့ မြန်မာပြည် သူတောင်းစား တွေ ဘယ်လောက် များ လာပြီလဲ ။ မြန်မာ ဆိုတော့ ပေးချင် ၊ ကမ်းချင် ၊ လှူချင် ၊ တန်းချင် ကြတယ် ။ ဒါကို အခွင့်ကောင်း ယူပြီး အလုပ် လုပ် မစားဘဲ တောင်းစား ချင်ကြတယ် ။ ဒါကို အား မပေးရဘူး ၊ လိမ်စားတဲ့ အချောင်စား ချင်တဲ့ လူမျိုးတွေ ကို အား မပေးရဘူး ၊ ဒါက မောင့် သဘောတရား ပဲ ၊ မောင့် မူ ပဲ ”

မရွှေမ သည် ရှည်လျား လှသော ကိုရင်မောင် ၏ သဘောတရား ဟောစာတမ်း ကို တအံ့တဩ ပါးစပ် အဟောင်းသား နှင့် နားထောင် နေ မိလိုက် ရာ အိမ် ရှေ့ သို့ သုံးဘီးကား ဆိုက်မှန်း ပင် မသိလိုက်ပေ ။

ကိုရင်မောင် က သုံးဘီးကားခ ပေး နေစဉ် အိမ်တံခါး သော့ ကို ဖွင့် လိုက် ၏ ။ ထို့နောက် မီး ကို ဖွင့် လိုက်ပြီး ဝမ်း ထဲ တွင် ကလိကလိ ဖြစ်လာသော ဟဒယ မနော တို့ က မရွှေမ အား ဟန်မဆောင်စေနိုင်တော့ ဘဲ တဟားဟား ရယ်ချလိုက် လေတော့သည် ။

မရွှေမ မှာ ဆက်၍ လည်း မပြောနိုင်တော့ ။ အရယ် ကို လည်း မရပ်နိုင် တော့ ။ အခန်း ထဲ ပြေးဝင်ပြီး အဝတ်အစား ကို လည်း မလဲနိုင်ဘဲ အိပ်ရာ ပေါ်  ပစ်လှဲ ကာ လှိမ့် ၍ ရယ် နေပြန်သည် ။

ကိုရင်မောင် လည်း အခန်း ထဲ လိုက် သွားပြီး အူကြောင်ကြောင် ဖြစ်ကာ မရွှေမ အား ရပ် ကြည့် နေ လိုက်မိ၏ ။ ပြီးလျှင် ဘာ မသိ ညာ မသိ ဖြင့် သူ ပါ ရော၍ ရယ်လာ မိကာ ရယ်ပြီး ရင်း ရယ်ချင် ရင်း ဖြစ်လာလေ တော့သည် ။

◾မောင်ကိုယု

📖 ရှုမဝ မဂ္ဂဇင်း
      အမှတ် ( ၂၀၀ )
      ၁၉၇ဝ ခုနှစ် ၊  စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment