Friday, April 19, 2024

ဪ ‌ဟော် စိန်‌ခေါ်တယ်လား


 

❝ ဪ ‌ဟော် စိန်‌ခေါ်တယ်လား ၊ အို သည်‌လောက်များ‌တော့ ဟယ် ❞‌

၂၀၀၂  ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ၊ တန်‌ဆောင်မုန်း လပြည့်‌နေ့ ၊ ကျွန်‌တော်တို့ အဖွဲသားများ အားခဲ ထား‌သော‌ နေ့ ၊ အသားကုန်‌ ရောင်းချလိုက်မည် ဟု မောင်းတင် ထား‌သော‌ နေ့ ။ ကျွန်‌တော် နံနက် ၅ နာရီ အိပ်ယာမှ ထ ၊ ‌အောက်ရှင်း ၊ ဘုရားရှိခိုး ၊ ဆိုင်‌ရှေ့ တံမြက်လှည်း ၊ ဆိုင် အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ရန် စာရင်း လုပ် ။ နံနက် ၈ နာရီ ထိုးပြီ ။

“ ‌ဇော်မြင့် မ‌ရောက်‌သေးဘူးလား‌ဟေ့ ”

“ မ‌ရောက်‌သေးဘူး ဘဘ ”

“ မိသဲ‌ ရော ”

“ သူ့ အ‌မေ က ဆေးရုံ တင် ထားရလို့ ဒီ‌နေ့ အလုပ် မဆင်းနိုင်ဘူး လို့ လာ‌ပြောတယ် ဘဘ ”

“ ‌ရွှေပြား ရော ဟ ”

“ ပွဲ‌တော်ရက် ဧည့်သည်‌တွေ‌ ရောက်‌ နေ လို့ အလုပ် မလာနိုင်ဘူးလို့ ည က ပြော သွားတယ် ”

‌ဟောဗျာ ... အတက် လှည်း  စည်းကုံး ပြတ်ပြီ ။ ( လှည်းသန် နဲ့  ထမ်းပိုးတုံး ဆုံရာ မှာ စည်းချည်ထား‌သော ကြိုး ကို လှည်းစည်းကုံး ဟု ခေါ်သည် ။ ဝန်တင် လှည်း ၊ ‌တောင် အတက် မှာ စည်းကုံးကြိုး ပြတ်သည် ကို အတက်လှည်း စည်းကုံး ပြတ် ဟု‌ ခေါ်သည် ။ လှည်းသမား စကား ။ ) ဘယ်နှယ့်ဗျာ ... လွန်ခဲ့တဲ့ ‌လေးငါးရက် ကတည်း က ပတ်ကြို ညှိ ထားတာ ။ လဆန်း ၁၃ ၊ ၁၄ လပြည့်‌နေ့ ‌ဈေး‌ရောင်း‌ ကောင်း လိမ့်မည် ၊ ဝယ်သူ တအား ကျလိမ့်မည် ၊ တအား‌ ရောင်းရလိမ့်မည် ၊ မည်သူမျှ မပျက်ကွက်ကြနဲ့ ၊ အား‌မွေးထား ။ သေချာ မှာပြီးသား ။ ဖြစ်ချင်‌ တော့ မန်‌နေဂျာ က လဆန်း ၁၃ ရက်‌နေ့ က ရန်ကုန် ဆင်း သွားရသည် ။ သူ့ မင်္ဂလာ ဆောင်ရန်အတွက်  သော့ချိတ် လုပ်ရန် ။ အဲသည်‌တော့ ကျွန်‌တော် က မန်‌နေဂျာ‌ နေရာ မှာ တာဝန် ယူ ၊ မန်‌နေဂျာ လက်သစ် ။

ပြည်‌ရွှေဆံ‌တော် ဘရားပွဲ‌တော် ၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် မှ လပြည့်‌ကျော် ၂ ရက်‌ နေ့ အထိ ။ ၁၂ ၊ ၁၃ ၊ ၁၄ လူ စည်မည် ။ လပြည့် ၁၅ ရက် လူအစည်ဆုံး ၊ ရောင်း အ‌ကောင်းဆုံး ၊ အ‌စော ကတည်း က သတင်း က ရပြီးသား ။ ‌ဟော ... အခု မန်‌နေဂျာ က ခရီးလွန် ၊ အလွန် အားထားရ‌သော လူ နှစ်‌ယောက် စာ‌ လောက်  လုပ် နိုင်‌သော အ‌ဖျော်ဆရာ မောင်‌ဇော်မြင့် က ‌ပေါ် မလာ ။ အမှန်က နံနက် ၈ နာရီ အလုပ် ဆင်းရ မှာ ။ ဖန်ခွက်‌ဆေး တာဝန်ခံ မိသဲ က မဆင်းနိုင် ၊ ထမင်းချက် ၊ နို့အိုးကျို မ‌ရွှေပြား က လည်း မလာ‌ရောက်နိုင် ။

၁၂ ရက်‌ နေ့ ပုံမှန် ၊ ၁၃  ရက်‌နေ့ ငြိမ့်ငြိမ့်‌လေး ၊ ၁၄ ရက်‌နေ့‌ ရောင်းအား‌ ကောင်း ။ ဟော ... အခု လပြည့်‌နေ့ ၊ ‌မောင်းတင် ထား‌သော‌ နေ့ ၊ ရွက် မစုံ ၊ တက် မစုံ ။
ရုတ်တရက် လေမုန်တိုင်း ကျ ၊ သီချင်းက‌လေး တ‌အေး‌အေး နဲ့ ငြိမ့်ငြိမ့်က‌လေး‌ ပြေး‌ နေ‌သော လှေ သည် ဝုန်းခနဲ တုန်ခါ သွား‌လေ၏ ။ လူ ကိုး‌ယောက် တက်ညီ လက်ညီလုပ် မှ လည်ပတ်‌ သော အလုပ် ၊ ယခု ငါး‌ယောက် နဲ့ နိုင်‌အောင်‌ လှော်ခတ်ရ‌ ပေ‌တော့မည် ။

“ ကဲ ... တို့ လူ‌တွေ စိတ် မ‌လျှော့နဲ့ ၊ မင်းတို့ ငါတို့ ဘယ်‌လောက် လုပ်ပြ နိုင်သလဲ ဆိုတာ လူစွမ်း ပြရ‌တော့ မှာ ”

“ ညီ‌လေးကြီး မင်း အိုက်စကရင် စပ် တတ်လား ၊ ကူးလ်ဖီလ် စပ် တတ်လား ၊ လုပ်ကွာ ၊ ငါ မြည်း ကြည့်မယ် ”

ညီ‌လေးကြီး ၊ ရဲလင်း‌အောင် ၊  ဝဏ္ဏ အားကုန် ရုန်းကြ‌လေ၏ ။ ညှစ်ထုတ်ကြ‌လေ၏ ။ ငါ ဟဲ့ ။ အိုက်စကရင် ရပြီ ၊ ကူးလ်ဖီးလ် ဖြစ်ပြီ ။ ဘာ‌ကြောင့် မဖြစ်ရမှာလဲ ၊ မဖြစ်ရင် ဖြတ် ပစ်မယ် ။ ‌ယောကျာ်း သတ္တိ အစွမ်းကုန် ထုတ်ကြစမ်း ။ ဘဝ အားစမ်းပွဲ ။

“ ကဲ ... အ‌သေး‌လေး ၊ ‌ကျော်‌ကျော် ကို ‌ပြေး‌ ခေါ်‌ချေ ၊ မချို ကို ဆွဲခဲ့ ”

အ‌ရေး‌ပေါ်  အကူအညီ နှစ်‌ယောက်‌ ခေါ် ။ သူကြီး ဟင်းလိုက် ၊ ကျွန်‌တော် မ‌နေအား ၊ ကောင်တာ မှာ ကျွန်‌တော် ၊ ကြီးကြပ်‌ရေး မှာ  ကျွန်‌တော် ၊ ဧည့်ကြို ကျွန်‌တော် ၊ စားပွဲထိုး ရာ ဝင်ပါ ၊ ဖန်ခွက် သိမ်း ရာ မှာ ဝင်ဆွဲ ၊ ဆရာကြီး လုပ်ပြီး ငြိမ့်‌ နေလို့ မရ ။ ( သူကြီး ဟင်းလိုက် ဆိုသည် ကား ‌တော စကား ၊ ‌တောရွာ အလှု မှာ လူ‌ ထောင့်မ‌စေ့ သဖြင့် ရွာဂုဏ် မပျက်‌စေရန် သူကြီး ကိုယ်တိုင် ဟင်းပန်းကန် ထဲ ဟင်း လိုက်ဖြည့်‌ နေသည် ကို သူကြီး ဟင်းလိုက်သည် ဟု ‌ခေါ်သည် ။ သူကြီး‌ နေရာ မှာ မ‌နေရ ။ ‌နေရာတကာ ဝင် ပါ‌နေရသည် ဟူလို ။ )

လူ အင်အား က နည်း ၊ ထောင့်မ‌စေ့သည့်‌ နေ့ မှ ပဲ ၊ နံနက် ၁ဝ  နာရီ ကတည်း က ဝယ်သူ ကျ ၊ ကပ်စတန်မာများ‌ ရောက်လာ ။ အ‌ဖျော်ဆရာ လက်သစ်‌ ချွေး ပြန်‌နေ၏ ။ ‌တော်‌သေး၏ ။ အစပ်အဟပ် တည့်‌ နေ‌ပေလို့ ။ ပန်းကန်‌ဆေး လက်သစ် ကလည်း မတတ်တတတ် နဲ့ လက်စွမ်းပြ‌ နေရ‌လေ၏ ။ အ‌ရေး‌ပေါ်‌ ခေါ်ထား‌သော စားပွဲထိုး ‌ကျော်‌ကျော် က လည်း မ‌ခေပါ ။ အိုးနင်းခွက်နင်း တစ်ကြိမ် နှစ်ကြိမ် ဖြစ်ပြီး‌နောက်  စားပွဲထိုး အ‌သေး‌လေး ( ကျွမ်းပြီးသား ) ကို အမှီ လိုက်‌ လေ၏ ။ ထုံးစံအတိုင်း ပွဲကြီးပွဲ‌ကောင်း နေ့များ တွင် ဝိုင်းကြီးဝိုင်း‌ကောင်းများ ကျ‌ လေ၏ ။ ၁ဝ ‌ယောက် ဝိုင်း ၊ ၁၅ ‌ယောက် ဝိုင်း ခါတိုင်းထက် သုံးဆ မျှ‌ ရောင်းရ‌လေ၏ ။

“ ထမင်း အသာထား ၊ အလုပ် ကို နိုင်‌အောင် သာ ကြည့် လုပ်ကြ‌ဟေ့ ”

( လူအင်အား‌ လျော့‌ နေ‌ သော‌ကြောင့် အလုပ် မပီပြင်တာမျိုး မဖြစ်‌စေရ ။ ) တကယ့်တကယ် အခက်အခဲ အကျပ်အတည်း ကို‌ ရောက် မှ လူစွမ်းလူစ‌တွေ ပေါ်  လာသည် ။ အိုက်စကရင် ဘရိတ် ၊ ကူးလ်ဖီးလ်  ဘရိတ် ၊ ငှက်‌ပျောသီး ဘရိတ် ( ဘရိတ် ဆိုတာ ကုန်ပြီလို့‌ ပြော တာ ၊ ဆိုင်စကား ။ ) ၁၁ နာရီ လူ စဲ သွားပြီ ။ ဆိုင် သိမ်းလိုက်ပြီ ။ ကျွန်‌တော်တို့ တစ်‌တွေ ‌ချွေး တစ်လုံးလုံး ၊ ‌ဆောင်းဦး‌ပေါက် ကြီး ။

“ ကဲ ... တို့ လူ‌တွေ မင်းတို့ စာ‌မေးပွဲ‌ အောင်သွားပြီ ၊ ဒီ‌ အောင်မြင်မှု ဟာ ဘဝ တစ်ခုလုံး အတွက် အ‌ရေးအကြီးဆုံး ပဲ ၊ မလုပ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး လို့ ထင်ထားတာ ကို လုပ်ပြ နိုင်ပြီ ၊ မနိုင်ဝန် ကို နိုင်နိုင်နင်းနင်း ရဲရဲတင်းတင်း ထမ်း ပြလိုက်ပြီ ”

“ လုပ်နိုင်တယ်လို့ ထင် ထားတာ ထက် ပို လုပ်ပြ နိုင်တယ် ၊ မရှိဘူးလို့ ထင်မှတ် ထားရတဲ့ စွမ်းအား‌တွေ ဟာ အလိုအ‌လျောက် ‌ပေါ်ထွက် လာတယ် ”

“ ဒါဟာ မင်းတို့ ဘဝ တစ်‌လျှောက်လုံး အတွက် အလွန် တန်ဖိုးရတဲ့ အ‌တွေအကြုံ ပဲ ။ ဘဝ ကို ငါတို့ ရဲရဲကြီး ရင်ဆိုင်ဝံ့ပြီ ၊ ခရီး ဆက်ကြ‌ပေ‌တော့ ”

( တကယ် ကြုံဖူးသူများ သိပါ၏ ။ )

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၃ - ဇန်နဝါရီ ၊ ၂၀၀၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment