Tuesday, April 16, 2024

ထိုသင်္ကြန်


 

❝ ထိုသင်္ကြန် ❞

“ ဟေ့ ... ဟေ့ ကလေးတွေ မပက်ကြနဲ့ လေ ၊ ပုံးလိုက် လောင်းရတယ်ကွ ၊ ခွက်စောင်း မခုတ်ကြနဲ့ နော် ၊ နာနာကလေး .. နာနာလေး ”

လမ်းဘေး လက်ဖက်ရည်ဆိုင် တွင် နှစ်နှစ်သားလေး ကို ရင်ခွင် ပိုက် ၍ သူ့ သား အကြီးကောင် ခြောက်နှစ်သား အပါအဝင် ကလေး တစ်သိုက် ရေပက် ကစားနေကြသည် ကို မြှောက်ထိုး ပင့်ကော် လုပ်ပေးသူ မှာ ကိုသောင်းစိန် ဖြစ်၏ ။ ကိုသောင်းစိန် သည် အစိုးရရုံး ဌာန တွင် အလုပ် လုပ်သော အမှုထမ်း တစ်ဦး မဟုတ် ။ ထို့ကြောင့် သင်္ကြန်အကြိုနေ့ တွင် အလုပ် မဆင်းဘဲ နေလို့ ရ၏ ။ အစိုးရရုံး အမှုထမ်းများ အတွက် အကြိုနေ့ သည် ရုံးပိတ်ရက် မဟုတ် ၍ အလုပ် ဆင်းကြရ၏ ။ ဝတ်ကောင်းစားလှ ဖြင့် အလုပ် ဆင်းရန် လမ်း ထွက် လာကြ သော အမျိုးသား ၊ အမျိုးသမီးများ ကို ကလေး တစ်သိုက် က ရေပက် ကြရာ ကိုသောင်းစိန် က လက်ဖက်ရည်ဆိုင် မှ ထိုင် ကြည့် နေပြီး အားပေးအားမြှောက် လုပ် နေခြင်း ဖြစ်လေသည် ။

အလုပ်ခွင် ဆင်းကြသော သူများ က အကြိုနေ့ တွင် ရေပက် ကစားသည် ကို မကြိုက်ကြ ၊ အင်္ကျီ စို ၊ လုံချည် စို ဖြင့် အလုပ်ခွင် ထဲ ရောက် သွားရလျှင် နေရာ ထိုင်ရာ အလုပ် လုပ်ရာ တွင် ကသိကအောက် ဖြစ်သောကြောင့် ပင် ။ ယခင် က သင်္ကြန် အကြိုနေ့ တွင် ကလေးများ သာ လျှင် ရေကစား တတ်ကြ၏ ။ သို့သော် ယခု အခါတွင် လူလတ် ၊ လူကြီးများ က ပါ သင်္ကြန်အကြို နေ့ တွင် ရေကစားကြ လေပြီ ။ အကြောင်း မှာ အလုပ် ဆင်းကြရသော အမျိုးသမီးလေးများ ကို ဦးဦးဖျားဖျား ရေလောင်း ကစား ရသောကြောင့် ဖြစ်လေသည် ။

ထိုနေ့ က ကိုသောင်းစိန် ကိုယ်တိုင် က လည်း ရေကစား ချင်လှသည် မှာ တစ်ပိုင်း သေ နေ၏ ။ သို့သော် သူ့ ရင်ခွင် ထဲ ရှိ သူ့ သား အငယ်ကို ထိန်းထားရသောကြောင့် သာ လျှင် ငြိမ် နေရခြင်း ဖြစ်လေသည် ။ သူ့ ရင်ခွင် ထဲ ရှိ သားငယ် မှာ နေမကောင်း ချင် သလိုလို ဖြစ်နေ ၍ ညှော် ရှောင် နေရ၏  ။ ထို့ကြောင့် အိမ် တွင် အိမ်ရှင်မ က ချက်ပြုတ်ကြော်လှော် နေချိန် တွင် ကိုသောင်းစိန် က ကလေးထိန်း ၊ ညှော်ရှောင် ရင်း လမ်းဘေး လက်ဖက်ရည်ဆိုင် သို့ ရောက် လာပြီး ရေကစား နေကြသော သူ့ သား အကြီးကောင် အပါအဝင် ကလေးများ ကို အားရပါးရ မြှောက်ပေး နေခြင်း ဖြစ်လေသည် ။

ဘုန်းတော်ကြီးကျောင်း သို့ သွား၍ ဥပုသ် စောင့်ကြမည့် အမျိုးသမီးကြီး တစ်ဦး နှင့် အမျိုးသမီး ငယ်ငယ် သုံးဦး တို့ သည် ဆွမ်းချိုင့်များ ကိုယ်စီ ဆွဲ ၍ လာနေကြ၏ ။ သူတို့ ကိုယ် တွင် ရေ မစိုသေး ၊ သူတို့ ဖြတ် လာကြသော လမ်းတွင် ကလေးများ ရေကစား နေကြသော် လည်း ဥပုသ်သည် ဖြစ်ကြောင်း နားချ ပြောပြ ခဲ့ကြ၍ ရေပက်မခံကြရခြင်း ဖြစ်ပေလိမ့်မည် ။ သူတို့ သည် ကိုသောင်းစိန် ထိုင် နေသော လက်ဖက်ရည်ဆိုင် နား ရောက်လာကြ၏ ။ ကိုသောင်းစိန် က ထို ဥပုသ်သည် များ ကို မြင်မြင်ချင်း ...

“ ဟဲ့ ကောင်လေး တွေ ၊ ဟဲ့ ကောင်လေး တွေ ၊ ဥပုသ်သည် ကို ရေ မပက်ကြနဲ့နော် ၊ မပက်ကြနဲ့နော် ” ဟု အော်ပြော၏  ။ သို့သော် သူ့ လက် က မူ ပက် သာ ပက် ဟု အမူအရာ လုပ်ပြ၏ ။ မေးငေါ့ ပြ၏ ။ ကိုသောင်းစိ န်က ဘာ ပြောလျှင် သူတို့ က ဘယ်လို လုပ်ရမည် ကို အချက် သိပြီး ဖြစ်နေကြသော ကလေးတွေ က ဥပုသ်သည်များ ကို ရေပက် ကြတော့၏ ။ အမျိုးသမီးကြီး က ရပ်တန့် လိုက်ပြီး ..

“ ဥပုသ်သည်တွေ ကို ရေ မပက်ရဘူးကွယ့် ” ဟု ပြောရာ ကလေးတွေ က ...

“ သင်္ကြန် ကျလို့ ရေပက်တယ် ၊ စိတ်မဆိုးပါနဲ့ ဒေါ်ကြီး ရယ် ” ဟု ဝိုင်း အော်ကြ၏ ။ ထို အထဲ တွင် ကိုသောင်းစိန် ၏ သား က အကဲဆုံး ဖြစ်လေသည် ။ အမျိုးသမီးကြီးသည် ကလေး တွေ သူတို့ ကို ရေ ဝိုင်း ပက်ကြခြင်းသည် ကိုသောင်းစိန် ၏ မြှောက်ပင့်ပေးမှု ကြောင့် မှန်း သိ သော်လည်း ဥပုသ်ဇရပ် အသွားတွင် စိတ် မကောင်းစရာ မဖြစ်လို သောကြောင့် ဘာမျှ ဆက် မပြောတော့ဘဲ ကိုသောင်းစိန် ဘက် သို့ မျက်စောင်း တစ်ချက် ထိုးကာ ဆက် လျှောက် သွားလေသည် ။ သူ့ ကို မျက်စောင်း ထိုး သွားမှန်း သိ လိုက်သော ကိုသောင်းစိန် က  ...

“ ဥပုသ်သည် ကို နာနာပက်လို့ သိကြားမင်း က မှာလိုက်တယ် ” ဟု အော် ပြောလိုက် ၏ ။ ဥပုသ်သည်များ က တော့ သူ့ ကို လှည့် မကြည့်တော့ပေ ။ ကိုသောင်းစိန် သာ လျှင် တဟားဟား ရယ်မော ကျန်ခဲ့လေသည် ။

“ ကိုသောင်းစိန် ...  ရှင့် မိန်းမက မှာ လိုက်တယ် ။ ထမင်း စားကြမယ်တဲ့ ”

ရေဘုံဘိုင် သို့ ရေ ခပ်ရန် လာသော အမျိုးသမီး တစ်ဦး က ပြောလိုက်သည့် အတွက် ကိုသောင်းစိန် သည် ထိုင် ရာ မှ ထလိုက်၏ ။

“ ဟေ့ကောင် သားကြီး .. ထမင်း စားကြမယ်ဟေ့ ”

ကိုသောင်းစိန် က ရေပက် ကစား နေသော သူ့ သားကြီး ကို လှမ်း ခေါ်လိုက်၏ ။ သူ့
သားကြီး က ...

“ သား မစားသေးဘူး ဖေဖေ ၊ ရေ ကစားဦးမယ် ” ဟု ပြန် ဖြေ၏ ။ ကိုသောင်းစိန် က ...
 
“ အေးအေး ၊ စားချင်တော့ ပြန် လာပေါ့ကွာ ” ဟု ပြော ကာ ထမင်းစား ပြန်သွားလေသည် ။

•••••   •••••   •••••

သင်္ကြန် အကျနေ သို့ ရောက်ပြီ ။

ကိုသောင်းစိန် နှင့် သူ့ သား အကြီးကောင် သည် မိုး လင်းသည် နှင့်တစ်ပြိုင်နက် လမ်း ထိပ် သို့ ရေ ကစားရန် ရောက် လာကြတော့၏ ။ သူ့ သား က ရေပြွတ် ကိုင်ထားပြီ ။ ကိုသောင်းစိန် က မူ လက်ဆွဲပုံးငယ် တစ်လုံး နှင့် ရေခွက်ငယ် တစ်လုံး ကိုင်ဆောင် ထားလေသည် ။ သူတို့ သည် အခြားသော ရေကစားသူများ နှင့် ပူးပေါင်းပြီး လမ်းထိပ် တွင် ရေတိုင်ကီများ ထောင်ကြ ၊ ရေပိုက် နှင့် ဆက်သွယ်ကြပြီး လာ လာ သမျှ ရေပက်ခံကားများ နှင့် လမ်းလျှောက် လာသူများ ကို အားရပါးရ ရေ လောင်းကြလေသည် ။

ညနေ ခြောက်နာရီ ထိုး၍ မှောင်စ ပျိုး လာသော်လည်း ကိုသောင်းစိန် တို့ ရေကစား အဖွဲ့ က မရပ်ကြသေး ။ ပို၍ ထိရောက်အောင် ဆိုကာ ရေခဲတုံးများငယ် ၍ ရေခဲရေ ဖြင့် ပက် ကြသေး၏ ။ ရေခဲရေ ဖြင့် အပက်ခံရသူ တို့ က “ အမလေး ၊ အေးလိုက်တာတော် ” ဟု အော် လေ ကိုသောင်းစိန် တို့ က ကြိုက်လေ ဖြစ်နေ၏ ။

ကိုသောင်းစိန် သည် အမောပြေ ဆေးလိပ် သောက်ရန် အတွက် လက်ဖက်ရည်ဆိုင် သို့ သွား ကာ ဆေးပေါ့လိပ် ဝယ်ပြီး မီးညှိ သောက်နေ၏ ။ ထိုအချိန် တွင် သူ့ ရှေ့ ဖြတ်သွားသော အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး ကို တွေ့ လိုက်ရ၏ ။ အမျိုးသမီး က အနွေးထည်ကလေး ခြုံ ထား လေသည် ။ အမျိုးသား နှင့် အမျိုးသမီး သည် လင်မယား ဖြစ်ဟန်ရှိ ၏ ။ သူတို့ သည် ရေပက် မခံလို ကြ၍ ရေပက်သူ တို့ ၏ နောက်ပိုင်း မှ တိတ်တဆိတ် ဖြတ်သွား ကြကြောင်း ကိုသောင်းစိန် က ရိပ်မိ လိုက်လေသည် ။ ထို့ကြောင့် သူ သည် အားရ ဝမ်းသာ ဖြင့် အမျိုးသမီး ကို ရေ လိုက်လောင်းတော့၏  ။

“ အမလေးရှင့် လန့်လိုက်တာ ” ဟု အမျိုးသမီး က အော်လိုက်၏ ။ အမျိုးသား က မျက်နှာထား တည်တည် ဖြင့် ...

“ ကျုပ် မိန်းမ နေ မကောင်းလို့ ဆေးခန်း သွားမလို့ဗျ ။ နေမကောင်း တဲ့ လူ ကို ရေ နဲ့ လောင်းဖို့ မကောင်းပါဘူး ” ဟု ပြော၏ ။ ကိုသောင်းစိန် က ...

“ ရေပက် မခံချင်ရင် အိမ် ထဲ က မထွက်နဲ့ပေါ့ဗျ ” ဟု ဘု ပြော လိုက်လေသည် ။ အမျိုးသား က ...

“ လမ်း ထွက်လာတဲ့ လူတိုင်း ဟာ ရေစိုချင်တဲ့ လူတွေ ချည်း မဟုတ်ဘူး ဆိုတာ ခင်ဗျား တို့ သိထားဖို့ ကောင်းပါတယ် ။ နေ မကောင်းလို့ ဆေးခန်း ဆေးတိုက် သွားတဲ့ သူ တွေ ၊ ဥပုသ်သည် တွေ နဲ့ တခြား လူမှုရေးအရ မသွား မဖြစ်တဲ့ ကိစ္စကြောင့် သွားလာရတဲ့ လူတွေ အများကြီး ရှိပါသေးတယ် ။ ပြီးတော့ ည မိုးချုပ် ရင်လည်း ရေပက်တာ ရှောင်ဖို့ ကောင်းပါ တယ် ။ ခုတော့ ခင်ဗျား ဟာ က ည မိုးချုပ် နေပြီ ၊ လူနာ ကို လည်း ရေ နဲ့ ပက်သေးတယ် ၊ ဘု လည်း ပြောသေးတယ် ”

“ ဘု ပြောတော့ မင်း က ဘာ လုပ်ချင်လို့လဲ ”

ကိုသောင်းစိန် က ပြောပြောဆိုဆို ဖြင့် ရှေ့ တိုး သွား၏ ။ အမျိုးသား က သူ့ ကို စိုက် ကြည့် နေ၏ ။ ရေပက် ခံထားရသော အမျိုးသမီး က သူ့ ခင်ပွန်း အနား တွင် မတုန်မလှုပ် ရပ် နေလေသည် ။

“ ဟေ့ သောင်းစိန် နောက်ဆုတ် ၊ တော်တော့ ”

တစ်စုံတစ်ယောက် သော သူ က ပြောပြောဆိုဆို ဖြင့် သူ့ အင်္ကျီ ကို လှမ်း ဆွဲ လိုက်သော ကြောင့် ကိုသောင်းစိန် သည် ရပ်တန့် သွားရလေသည် ။ သူ့ ကို ဆွဲသူ အား လှမ်း ကြည့် လိုက် ရာ အရပ်လူကြီး ဦးဘမောင် ဖြစ်နေသည် ကို တွေ့ ရ၏ ။ ဦးဘမောင် က ...

“ ကဲ ... ကဲ ...  မောင်ရင် တို့ လည်း ဆေးခန်း ကို သွားကြတော့ ။ သောင်းစိန် ကလ ည်း အရမ်း လုပ်တာပဲ ။ ရေပက်ခံ ထွက်တဲ့ လူလား ၊ နေမကောင်းတဲ့ လူလား ဆိုတာ ကြည့်ဦးမှ ပေါ့ ။ ဟို သူငယ် ပြော တာ အမှန်တွေ ချည်းပဲ ကွ ”

ဆေးခန်း သွားကြမည့် လင်မယား နှစ်ယောက် သည် သူတို့ သွားလိုရာ သို့ ဆက်သွား ကြ၏ ။ ကိုသောင်းစိန် သည် ဦးဘမောင် ခေါ်ရာ သို့ ဆုတ်ကန် ဆုတ်ကန် ဖြင့် ပါလာခဲ့လေ သည် ။ သူ နှင့် ရေကစားဖော်များ က ပြုံးစိစိ မျက်နှာများ ဖြင့် သူ့ ကို ဝိုင်းကြည့် နေကြ၍ ကိုသောင်းစိန် က ပို၍ ဒေါသ ထွက်လာလေသည် ။ ထို့ကြောင့် ကြိမ်းဝါး လိုက်၏  ။

“ တောက် ... သောင်းစိန် အကြောင်း ပြလိုက်ချင်သကွာ ”

•••••   •••••   •••••

သင်္ကြန်အကြတ်နေ့ ရောက် လေပြီ ။

ကိုသောင်းစိန် သည် မိုးလင်း ကတည်း က ရေကစား သော နေရာ သို့ ရောက်နေ၏ ။ အချမ်းပြေ ဟု ဆိုကာ အရက် တစ်ပိုင်း သောက် ထားသေး၏ ။ သူ့ သားကြီး တော့ ရေကစား သည့် နေရာသို့ ပါ မလာ ၊ အကျနေ့ က တစ်နေ့လုံး ရေကစား သော ကြောင့်လား မသိ ၊ ကိုယ် ပူ ချင် သလိုလို ရှိသောကြောင့် အပြင် မထွက်ရန် မှာထား ခဲ့လေသည် ။

ကိုသောင်းစိန် တို့ ရေကစားအဖွဲ့ သည် တစ်မနက်ခင်း လုံး အားရပါးရ ရေကစား ကြ၏ ။

ကိုသောင်းစိန် တို့ အဖော် တစ်စု က အရက်ကလေး သောက်လိုက် ၊ ရေ ကစားလိုက် ၊ ပြောချင်ရာ တွေ ပြောလိုက် ၊ လှောင်လိုက် ပြောင်လိုက် ဖြင့် အပျော်ကြီး ပျော်နေကြလေ သည် ။

နေ့လယ် ၁၂ နာရီခန့် တွင် ကိုသောင်းစိန် ၏ ဇနီး မကြည်သန်းသ ည် ကိုသောင်းစိန် တို့ ရေကစားရာ သို့ အူယားဖားယား ပြေး လာ၏ ။

“ ဟဲ့ အကြည် ဘာဖြစ်လာတာလဲ ” ဟု ကိုသောင်းစိန် က လှမ်း မေးလိုက်၏ ။ မကြည်သန်း က အမောတကြီး ဖြင့် ..

“ သား - သားကြီး ကိုယ်တွေ ချစ်ချစ်တောက် အောင် ပူ နေတယ် ။ တစ်ချက် တစ်ချက်လည်း မျက်လုံး လည်လည် သွားပြီး တက် နေတယ် ”

မကြည်သန်း စကား မဆုံးခင် ကိုသောင်းစိန် သည် အိမ် သို့ ကဆုန်ချ ပြေး လေသည် ။ သူ နှင့် သိကျွမ်းသူ သုံးလေးဦးသည် လည်း မကြည်သန်း နှင့် အတူ အိမ် သို့ လိုက် လာကြလေသည် ။

ကိုသောင်းစိန် အိမ်ပြန် ရောက်လာ သော်လည်း သူ့ သား ကို သူ ဘာမျှ မပြုစုတတ် ။ ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေလေသည် ။ သူ့ သားကြီး သည် သူ့ဖ အေ ပြန်လာသည် ကို ပင် သိပုံ မပေါ် ။ တစ်ချက် တစ်ချက် တက် တက် သွား၏ ။

“ ခေါင်းပေါ် ရေခဲ တင်ပေးရတယ် ”

“ ငယ်ထိပ်ကနေ မှုတ်ချကြလေဟဲ့ ”

“ စောင်တွေ ခွာ ပစ်လေ ၊ ပို ပူ နေတော့မယ် ”

တစ်ယောက် တစ်ခွန်း ဝိုင်း ပြောကြသော်လည်း ဘာမျှ မလုပ်ဖြစ်ကြ ။ ကိုသောင်းစိန်  သည် သူ့ သား ကို ပွေ့ချီ ကာ နှစ်လမ်းကျော် တွင် ရှိသော ဆေးခန်း သို့ ပြေး တော့၏ ။ သူ သောက် ထားသော အရက် တို့ သည် ခေါင်း ထဲ တွင် မရှိတော့ ၊ လွင့်စဉ် ကုန်လေပြီ ။ ကိုသောင်းစိန် သည် ဘာ စကားမျှ မပြောနိုင် ၊ သူ့ ရင် ထဲ တွင် ပြောချင်သော စကား က “ သားကြီး ရယ် ...  ဖြစ်ရလေကွယ် ” ဟူ၍ သာ ရှိ၏ ။

ဆေးခန်း ပိတ်ထားသည် ကို မြင်လိုက် ရ ၍ ကိုသောင်းစိန် သည် မိုက်ခနဲ ဖြစ်သွားပြီး မတ်တတ် က လဲတော့မလို ဖြစ်သွား၏ ။ ဆေးခန်း ဖွင့် သူ က ...

“ ဒီနေ့ ဆရာဝန် မလာဘူး ခင်ဗျ ။ ကျွန်တော် က တော့ ဘာမှ မလုပ်တတ်ဘူး ။ ခင်ဗျား ကလေး စိုးရိမ်ရတယ် ။ ဒီတော့ ကလေးဆေးရုံကြီး ကို သွားတာ အကောင်းဆုံးပဲ ” ဟု ပြောပြလေသည် ။

ကိုသောင်းစိန် သည် ကလေး ကို ချီထား ကာ တွေတွေကြီး ရပ်နေလေသည် ။ သူ ဘာ ဆက် လုပ်ရမှန်း မသိတော့ ၊ ကြောင်တောင်တောင် ဖြစ်နေလေပြီ ။ မကြည်သန်း နှင့် အခြား လူ နှစ်ဦး က အငှားကား ရှာကြ၏ ။ တော်တော် နှင့် မရ ။ နောက်ဆုံး ကုန်စိမ်းတိုက် ရန် သွား ကြသော ဈေးသည် နှစ်ဦး ပါသည့် သုံးဘီးကား တစ်စီး ကို အကျိုးအကြောင်း ပြောကာ အကူအညီ တောင်းရတော့သည် ။ မကြည်သန်း က ကလေး ကို ပွေ့ကာ ကား နောက်ပိုင်း တွင် ဝင်ထိုင် ၊ ကိုသောင်းစိန် က ကား ရှေ့ပိုင်း ကားမောင်းသူ နား က ထိုင်ရ လေသည် ။ ကား မောင်းသူ  က ..

“ ကဲ ကျုပ် က ကား ကို တတ်နိုင်သရွေ့ မြန်မြန် မောင်းမယ် ။ ခင်ဗျား လူနာ ပါလာ လို့ ရေမပက်ကြပါနဲ့ လို့ အော် ပြော ။ ကား နောက်ပိုင်း မှာ က အမျိုးသမီးတွေ ပါတော့ ရေပက် တဲ့ လူတွေက အရမ်း ပက်ကြမှာဗျ ” ဟု ရှင်းပြ၏ ။ ထို့ကြောင့် ကိုသောင်းစိန် က ရေပက်ကြ သော လူများ ကို တွေ့ တိုင်း ..

“ ကလေး လူနာပါတယ် ၊ ရေ မပက်ကြပါနဲ့  ၊ ရေ မပက်ကြပါနဲ့ ” ဟု အသံကုန် အော် ရ လေတော့သည် ။

ကိုသောင်းစိန် တို့ စီး လာသော သုံးဘီးကား သည် ကလေးဆေးရုံကြီး ဆီ သို့ ဦးတည် ကာ တတ်အား သရွေ့ မြန်မြန် မောင်းနှင် လာ၏ ။ တစ်နေရာ သို့ အရောက် တွင် ကား သုံးဘီးကားလေး သည် ရပ်တန့် သွားရ၏ ။ ရှေ့ တွင် ရေပက်သူများ က လာလာသမျှ သော ကားများ ကို ရေတိုင်ကီ လှဲ ၍ ပိတ်ဆို့ကာ ရေပက် နေကြသော ကြောင့် ဖြစ်လေသည် ။ ထို့ကြောင့် သူတို့ ကား အပြင် အခြားသော ကား လေး ၊ ငါးစီး ပါ ရပ်တန့် နေရလေသည် ။ စိတ် လော ကြီး နေသော ကိုသောင်းစိန် က လမ်းဖွင့် ပေးရန် သွား ပြောမည် ကြံကာ ကား ပေါ် မှ ဆင်း လိုက်၏ ။ ထိုအခိုက် လူငယ် လေးဦး သည် ရေပုံး ကိုယ်စီ ဖြင့် ရောက် လာပြီး ရုတ်တရက် သုံးဘီးကားလေး ပေါ် ရှိ လူများ ကို ရေ ဖြင့် ပက်ရတော့၏ ။

“ ဟေ့ကောင်တွေ ကား ထဲ မှာ ကလေးလူနာ ပါတယ်ကွ ၊ ဘာဖြစ်လို့ ရေ ပက်ကြတာ လဲ ” ဟု ကိုသောင်းစိန် ဒေါသတကြီး အော်၏ ။ လူငယ်များ က

“ လူနာ ကို မတွေ့ လို့ ပက်တာပေါ့ဗျ ”

“ မင်းတို့ အတော်မိုက်ရိုင်းတဲ့ ကောင်တွေ ”

“ ခင်ဗျားကြီး က ဘာကောင် လဲ ၊ သင်္ကြန် ကျလို့ ရေ ပက်တာ ”

“ ဒီလောက်တောင် ပက်ချင်ဦးကွာ ”

ကိုသောင်းစိန် သည် ဒေါသတကြီး နှင့် မျက်လုံး ထဲ မီးဝင်းဝင်းတောက် ဖြစ်ကာ ရေပုံး ကိုင် ထားသော လူငယ် တစ်ဦး ကို ပြေး ထိုး လိုက်၏ ။ သူ့ ထင်ကြေး မကိုက် ။ လူငယ် တစ်ဦး က လက် ထဲ ရှိ ရေပုံး ဖြင့် ဖြတ် ရိုက် လိုက်၍ ကိုသောင်းစိန် ပက်လက် လဲကျ သွားရ လေသည် ။

“ ကယ်ကြပါဦးရှင် ” ဆိုသော မကြည်သန်း ၏ အော်ဟစ်သံ ကြောင့် ပတ်ဝန်းကျင် မှ လူများ ရောက်လာ ကြပြီး ကိုသောင်းစိန် ကို ဆွဲ ထူ ကြ၏ ။ လူငယ် လေးဦး ကို လိုက် ဖမ်း သူ က ဖမ်းကြ၏ ။ မကြာမီ ရဲဝါယာလက်ကား တစ်စီး ရောက်လာသည် နှင့် ကြုံ ၍ ကိုသောင်းစိန် ကို ထို ကား ဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ရသည် ။ သုံးဘီးကားလေး က ကလေးဆေးရုံကြီး သို့ ဆက် မောင်းနှင် သွားရလေသည် ။

•••••   •••••   •••••

ထိုနှစ် ထိုသင်္ကြန် တွင် ဖြစ်ပျက်ပြီး သည် က စ၍ နောင် နှစ် သင်္ကြန်များ တွင် ကိုသောင်းစိန် တစ်ယောက် မကစားတော့ပေ ။ ရေ ကစား ကြသော လူငယ်များ ကို လည်း ရေပက်ခံ ထွက်သူ ကို မှ ရေပက်ကြရန် သူ က အကြံပေး ဆုံးမ စကားပြော၏ ။ သူ ကိုယ်တိုင် က မူ လမ်း ထဲ ရှိ လူငယ်များ ကို စုစည်းကာ ခေါင်းလျှော်ရည် ပြုလုပ်၍ ဝေငှခြင်း ၊ သက်ကြီး ရွယ်အိုများ ကို ရေမိုးချိုး သန့်စင်ပေးခြင်း ၊ နံ့သာရည် သွေး၍ ငွေဖလား တွင် ထည့်ကာ သပြေခက် ဖြင့် ပက်ဖျန်းခြင်း စသော အပြုအမူများ ကို သာ ပြုလုပ် လေသည် ။ ကိုသောင်းစိန့် အကြောင်း သိကြသောသူ တချို့ က ...

“ ကိုသောင်းစိန် ရေကစားပါဦးဗျ ” ဟု ပြောဆို စ ကြ လျှင် သူ က ...

“ ကျုပ် တစ်ခါပဲ မိုက်မယ် ၊ နှစ်ခါ တော့ မမိုက်ပါရစေနဲ့ဗျာ ” ဟု ပြန် ပြောလေ သတည်း ။

◾ မောင်လရောင်

📖 ငွေတာရီ မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၇၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment