Friday, April 5, 2024

ဧည့်သည်

❝ ဧည့်သည် ❞  


လေးလံသိပ်သည်းသော ကျောက်သားထု အထပ်ထပ် ဖြင့် ဖွဲ့စည်းထားသည့် “ မဟာသေလာ ” တောင် ၏ မြင့်မားမတ်စောက်သော ပါးပျဉ်း သည် ကောင်းကင် သို့ ထိုးတက်ကာ လမင်း ကို ရိုက်ချရန် ကြိုးစား နေသည် ။


ခပ်ပြေပြေ ဆင်း လာသော တောင်ခြေပတ်လမ်းကလေး သည် ကျောက်မှုန် အစအန နှင့် ကျောက်ခဲငယ် တို့ အကြား တွင် တစ်ကိုယ်လုံး မြုပ်အောင် ဝပ်ကာ ငြိမ် နေ၏ ။ အမှောင်ထဲ တွင် သစ်ပင်တို့ တီးတိုး စကား ဆိုနေကြသံ ကို ကြား ရသည် ။


တောင်ခြေပတ်လမ်း အဆုံး တွင် ဥရောပဆန်ဆန် သစ်လုံးအိမ်ကလေး တစ်လုံး ရှိ၏ ။လရောင် နှင့် သစ်ပင် တို့ ၏ အရိပ် သည် အိမ်ကလေး ၏ နံရံ ကို ခွေခေါက် မှေးမှီ လျက်သား ရှိကြသည် ။


အနက်ရောင် အဝတ်အစား နှင့် ဧည့်သည် တစ်ယောက် ။ အိမ် တံခါး ရှေ့ တွင် လာ ရပ်သည် ။ စေ့ရုံ စေ့ ထားသော တံခါး ကို အသာအယာ ခေါက် သည် ။ အိမ် ထဲ မှ တစ်စုံတစ်ယောက် ၏ ခြေသံရှပ်ရှပ် ကို ကြားရပြီး နောက် ဝင်ပေါက်တံခါး သည် ညင်သာစွာ ပွင့်ဟ သွား၏ ။


အတွင်းဘက် မီးလင်းဖို မှ ဝေါခနဲ စီးကျလာသည့် နီရဲရဲ အလင်းရောင် သည် သူ ၏ လက်တံရှည်ကြီးများ ဖြင့် ဧည့်သည် ကို အိမ် ထဲ သို့ တရွတ် ဆွဲသွင်း လိုက်လေသည် ။


“ ကျွန်တော် ဟာ ခရီးသွား ဧည့်သည် တစ်ယောက် ပါ ခင်ဗျာ ။ ဒီ အိမ် မှာ တစ်ည လောက် တည်းခိုပါရစေ ”


အိမ်အတွင်း မီးလင်းဖို ကို ဝိုင်းပတ်၍ ထိုင် နေကြသူ အားလုံးက ဧည့်သည် ကို လှမ်းကြည့် လိုက်ကြသည် ။


အဘိုးအို တစ်ယောက် ၊ အဘွားအို တစ်ယောက် ၊ သူတို့၏ သား နှင့် ချွေးမ ဖြစ်ဟန်တူသော အသက် ၄၀ အရွယ် လင်မယား စုံတွဲ ။ 


နောက် ထို လင်မယား နှင့် မျက်နှာချင်း ခပ်ဆင်ဆင် တူသည့် အသက် ၂ဝ အရွယ် မိန်းကလေး တစ်ယောက် ။ ၈ နှစ် ၊ ၉ နှစ် အရွယ် ယောက်ျားလေး တစ်ဦး ။ စုစုပေါင်း မိသားစု ၆ ယောက် ။


အဘိုးအို က သူ့ မိသားစု ၏ မျက်နှာများ ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီး ...


“ ဝင်ခဲ့ပါကွယ့် ။ အပြင်မှာ သိပ် အေးတယ် ” 


ဟု ပြော လိုက်၏ ။


ဧည့်သည် က “ ကျေးဇူးပါပဲ ခင်ဗျာ ” ဟု ယဉ်ကျေးချိုသာစွာ ပြန်လည် ပြောရင်း မီးလင်းဖို အနီး သို့ လျှောက်လာသည် ။ ထို့နောက် အပေါ်အင်္ကျီ နှင့် ဦးထုပ် ကို ဖြေးညင်းစွာ ချွတ် လိုက်ပြီး အင်္ကျီ ထားရာ စင် တစ်ခု တွင် ချိတ် လိုက်၏ ။ ထိုအခါမှ ဧည့်သည် ၏ မျက်နှာ ကို အားလုံးက ပီပီပြင်ပြင် စတင် မြင်တွေ့ ကြရတော့သည် ။


ဧည့်သည် ၏ မျက်နှာ သည် နုနယ်သည် လည်း မဟုတ် ၊ ရင့်ရော် သည် လည်း မဟုတ် ၊ ချောမောသည် လည်း မဟုတ် ၊ ရုပ်ဆိုးသည် လည်း မဟုတ် ၊ နူးညံ့သည် လည်း မဟုတ် ၊ ကြမ်းတမ်းသည်လ ည်း မဟုတ် ။ သူ့ အသက်အရွယ် ကို ခန့်မှန်း သိရှိနိုင်ရန်ပင် ခဲယဉ်းလှသည် ။


“ ကျွန်တော့် ကို မီးလင်းဖို ဘေး မှာ ထိုင်ခွင့် ပြုပါ ခင်ဗျာ ” 


သူ့ အသံ က အက်ကွဲကွဲ ရှတတ ။ ကျောက်သားချင်း ပွတ်တိုက် ကြိတ်ချေ ရာ မှ ထွက်ပေါ်လာသော အသံမျိုး ။


အိမ်သား အားလုံးက ဧည့်သည် ကို ရွှင်ပျတက်ကြွသော အပြုံး တစ်ခု စီ အသီးသီး ကမ်း ပေးရင်း ဖိတ်ခေါ် လိုက်ကြ၏ ။ အဘိုးအို က .... 


“ လာပါ ၊ ထိုင်ပါကွယ့် ။ ကိုယ့် အိမ် လို သဘောထားပါ ။အင်း .... ဒါပေမယ့် တည်းမယ် ၊ ခိုမယ် ဆိုတဲ့ ကိစ္စ ကိုတော့ အဘ နည်းနည်း ရှင်းပြချင် တယ် ။ ပြီးမှပဲ တည်းသင့် မတည်းသင့် ၊ ကိုယ့် ဘာသာ ဆုံးဖြတ်ပေတော့ ”


ဧည့်သည် က ကြောင်စီစီ ဖြင့် ကြည့်ရင်း အဘိုးအို ၏ ဘေးတွင် ဝင် ထိုင် လိုက်သည် ။ သူ ၏ ညာဘက် တွင် အသက် ၄ဝ အရွယ် လင်မယား စုံတွဲ ရှိ၏ ။ မိန်းမပျို နှင့် သူမ ၏ မောင်လေး က ဧည့်သည် နှင့် မျက်နှာချင်းဆိုင် မီးဖို ၏ တစ်ဖက် တွင် ထိုင်ကြသည် ။


မီးလင်းဖို မှ အလင်းရောင် သည် လွှားခနဲ လွှားခနဲ ခုန် ၍ သူတို့ ၏ မျက်နှာများ ကို လှမ်းပုတ် နေ၏ ။ အိမ်သူအိမ်သား အားလုံးတို့ ၏ ပျော်ရွှင်မှု ဖြင့် တောက်ပနေသော မျက်နှာများ သည် ဟုန်းဟုန်းထ နေသည့် မီးရှိန် ရဲရဲ ထဲ တွင် ကြွပ်ရွ လျက်သား ရှိကြသည် ။


သူတို့ ဘာလို့ ဒီလောက်တောင် ပျော် နေကြတာလဲ ဟု ဧည့်သည် က စိတ် ထဲ မှ နေ၍ မေးခွန်း ထုတ် ကြည့်နေဖြစ်သည် ။


ထိုအချိန် တွင်  .... 


“ ဝုန်း ” ခနဲ ဟူသော မြည်သံ ဟိန်းထွက် လာပြီး တစ်စုံတစ်ရာ က အရှိန်အဟုန် ပြင်းစွာ ဝင် ဆောင့် လိုက်သည့် အလား သစ်လုံးအိမ်ကလေး သည် သွက်သွက်ခါ လှုပ်ယမ်း သွား၏ ။


တစ်အိမ်သားလုံး ၏ နှုတ်မှ “ ဟေး ” ခနဲ ဝမ်းသာ ရွှင်မြူးသည့် အသံ လွင့်တက်လာသည် ။ အသက် ၄ဝ အရွယ် လင်မယားစုံတွဲ မှ ခင်ပွန်းသည် ဖြစ်သူ က ကျယ်လောင်စွာ ရေရွတ် ကြူးရင့် လိုက်သည် ။


“ ဒါဟာ မကြာခင် ရောက်လာတော့မယ့် မဟာနိဂုံး ရဲ့ ရှေ့တော်ပြေး ပဲ ”


နားမလည်နိုင်စွာ ငေးကြည့် နေသော ဧည့်သည် ၏ ပခုံး ကို တရင်းတနှီး ပုတ် လိုက်ရင်း အဘိုးအို က  .... 


“ ဒီက ဧည့်သည်မိတ်ဆွေလေး က တော့ ကျုပ်တို့ တစ်တွေ ပျော်ရွှင် နေကြတာ ကို ကြည့်ပြီး ဘာများလဲ လို့ တွေးချင် တွေး နေမှာပဲ နော် ။ကျုပ် ရှင်းပြပါ့မယ် ။ ဒီလိုပါ ။ ပျော်ရတဲ့ အကြောင်းက တော့ ဒီ ည ကျုပ်တို့ တစ်အိမ်သားလုံး သေဆုံးကြရတော့မှာ မို့လို့ပါပဲ ”


“ ဗျာ .... ဘယ်လို ”


“ ဟုတ်တယ် မိတ်ဆွေလေး ရဲ့ ။ ကျုပ်တို့ မိသားစု က သေခြင်းတရား ရောက် အလာ ကို စောင့်ဆိုင်း နေကြတာပဲ ။ ကျုပ်တို့ အိမ် ဟာ ဟောဒီ “ မဟာ သေလာ ”  တောင်ခြေရင်း တည့်တည့် မှာ ဆောက်ထားတာ ကို မိတ်ဆွေလေး သတိထား မိမှာပေါ့ ။ ဒါဟာ အကြောင်းမဲ့ မဟုတ်ဘူး ။တစ်နေ့ နေ့ မှာ ဟောဒီ ကျောက်တောင်ကြီး ပြိုကျလာမယ်လို့ ကျုပ်တို့ အလေးအနက် ယူဆ မျှော်လင့် ထားကြတယ် ။ တိတိကျကျ ပြောရရင် “ မျှော်လင့်တယ် ” ဆိုတာထက် “ ယုံကြည်တယ် ” ဆိုရင် ပိုမှန် လိမ့်ဦးမကွယ့် ... ” 


“ ကျုပ်တို့ ရဲ့ အလေးနက် အပြင်းထန်ဆုံး မျှော်လင့်ခြင်း က တော့ ဒီ ကျောက်တောင်ကြီး ပြိုကျလာတဲ့ အခါမှာ သေဆုံး ပစ်လိုက်ဖို့ပါပဲ ။ ဒါကြောင့်ပဲ ဟောဒီ တောင်ခြေ တည့်တည့် မှာ အိမ်ဆောက် အခြေချ ပြီး သေခြင်းတရား နဲ့ မိတ်ဆက် စားပွဲထိုင် ဖို့ စောင့်မျှော်နေခဲ့ကြတာ ကြာလှပေါ့ ။ ဒီ မြေး အငယ်ဆုံးကလေး တစ်သက် ရှိနေပြီ ကွယ့် ။ ၉ နှစ် ဆိုပါတော့ ကွယ် ”


အဘိုးအို က စကား ကို ဆိုင်းငံ့ကာ တစ်ဖက် သို့ လှည့်၍ ရေနွေးကြမ်း တစ်ခွက်စာ ငှဲ့သည် ။ နောက် အငွေ့ပြယ်ရုံမျှ ဖွဖွ မှုတ်ရင်း ဖြည်းဖြည်းချင်း ငုံ၍ ငုံ၍ သောက် နေလေသည် ။


ဧည့်သည် က တစ်စုံတစ်ခု မေးရန် နှုတ်ခမ်းများ ကို အားယူ လိုက် သည် ။ ထိုအခိုက် အတန့်တွင်ပင် အဘွားအို ၏ အသံ က ထွက်ပေါ်လာ၏ ။


“ မောင်ရင်လေး ဘာ မေးချင်နေသလဲ ဆိုတာ အဘွား သိနေနှင့် သလို ပဲကွယ့် ။ “ ဒီလောက်တောင် သေချင်နေကြတာဖြင့် ရင် လည်း ကိုယ့် ကို ယ်ကို သ,တ်မသေပစ်လိုက်ကြဘဲနဲ့ ဘာဖြစ်လို့ ဒီ ကျောက်တောင်ကြီး ပြိုအကျ ကို စောင့်နေရသလဲ လို့ များ မေးချင်တာလား ။ ဒီလိုကွယ့် ၊ .... အဘွားတို့ က သေခြင်းတရား ရောက် အလာကို စောင့်ဆိုင်းနေဖို့ပဲ ရည်ရွယ်တာ ။ သေခြင်းတရား ကို ကိုယ့်ဆီ အရောက် အတင်းအဓမ္မ လက်ဆွဲ ခေါ်ဖို့ အထိ တော့ အလောတကြီး မနိုင်သင့်ဘူးလို့ ယူဆတယ် ။ ဒါဟာ တရားမျှတမှု ကင်းမဲ့တဲ့ အပြုအမူ ပဲ လေ ။ လောကကြီး မှာ အလှည့် ဆိုတဲ့ သဘောတရား ဟာ ရှိတယ် ။ ကိုယ့် အလှည့် မှာ ကိုယ့် နေရာ မှန် ဖို့ပဲ လိုတယ် ။ ပေးချင် မှန်း မသိ ၊ မပေးချင် မှန်း မသိ ။ကိုယ် နေရာ ရဖို့ ကိုယ့် ဆန္ဒ တစ်ခု ကိုပဲ ဦးစားပေး လိုက်မယ် ဆိုရင် လောကကြီး ရဲ့ “ အလှည့် ” သဘောတရား ဟာ ပျက်စီး သွားမှာပေါ့ ။အဘွား က တော့ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် ကတည်း က နေရာမှန် အတွက် အသင့်ပြင် ဆင်ထားပြီးသားပါ ။ ဟော ....  အခု ည မှာ “ အလှည့် ” ရောက်လာပြီလေ ... ။


“ ဒီလိုကွယ့် ၊ ... မနေ့ည က အဘွားတို့ အိမ်သား ၆ ယောက်စလုံး က အိပ်မက် တစ်ခုတည်း ကို ထပ်တူထပ်မျှ မက် ကြတယ် ။ ဟောဒီ ကျောက်တောင်ကြီး ပြိုကျသွားတယ် ။ အဘွားတို့ အားလုံး သေဆုံး ကုန်ကြတယ်ဆိုတဲ့ အိပ်မက်ပေါ့ ။ ဒါဟာ ဒီ ည မှာ အမှန်တကယ် ဖြစ်လာမှာ သေချာသကွယ့် ။ အဲဒီတော့ မောင်ရင်လေး စဉ်းစားပါ ။ မောင်ရင်လေး ရဲ့ ဘဝ အတွက် “  အလှည့် ” ရောက်ပြီ လို့ ယူဆ ရင် ဒီ ည ဒီမှာပဲ တည်းခို အိပ်စက်ပြီး ထာဝရ အနားယူ လိုက်ပေရော့ ။ ဒါမှမဟုတ် မောင်ရင်လေး အနေနဲ့ “ အလှည့် ” မရောက်သေးဘူး လို့ ကိုယ့် ဘာသာ ယူဆ ရင် လည်း ဒီ ပတ်ဝန်းကျင် နဲ့ လွတ်ရာ ကင်းရာ ကို အမြန်ဆုံး သွားမှ တော်လိမ့်မယ်ကွယ့် ”


အခန်းတွင်း ၌ ပြန်လည် တိတ်ဆိတ် သွားလေသည် ။


မြွေဆိုး တစ်ကောင် နှယ် စိုစွတ်ချောကျိ ၍ မသတီစရာ ညီစို့စို့ ဖြစ် နေသော သေမင်း ၏ လက်တံရှည်များ သည် သစ်လုံးအိမ်ကလေး ကို တစ်ပတ် ချင်း ရစ်ပတ် နေကြပြီ ဟု ပင် အောက်မေ့စရာ ကောင်း နေ၏ ။ ဝန်းကျင်၌ လေတိုးသံ မျှ ပင် မကြားရ ။ ချောက်ချားစရာ ကောင်း လောက်အောင်ပင် အေးစက်တင်းမာ ၍ နေလေသည် ။


အသက် ၄၀ အရွယ် လင်မယား က စကား ပြောရန် လည်ချောင်း ရှင်း သည့် အနေဖြင့် ချောင်းဟန့် လိုက်ကြရာ မတိုင်ပင်ထားဘဲ နှင့် ပြိုင်တူ လိုလို ဖြစ် သွားသောကြောင့် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး လှည့်ကြည့်ပြီး ရယ်မောလိုက် ကြသေး၏ ။နောက် ခင်ပွန်းဖြစ်သူ က .... 


“ ကိုဧည့်သည် အတွက်တော့ ထူးဆန်းချင် လည်း ထူးဆန်းနေပေ လိမ့်မပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ .... ဘဝ တည်ဆောက်မှု နဲ့ ပတ်သက်လို့ တစ်ဦး နဲ့ တစ်ဦး အမြင်ချင်း တူနိုင်ဖို့ ဆိုတာ ခဲယဉ်းသားပဲ ။ သေခြင်းတရား နဲ့ ပတ်သက်လို့ လည်း ဒီလိုပဲပေါ့ ။ ခံယူပုံချင်း ကွဲလွဲ နိုင်ပါတယ် ။အခု သေခြင်း တရား ကို တပြေးတည်း ရင်ဆိုင်ဖို့ အသင့် ရှိနေကြတဲ့ ဒီမိသားစု တစ်စု တည်း မှာ တောင်မှ တစ်ဦးချင်း စီ ရဲ့ ဘဝ နဲ့ သေဆုံးခြင်း အပေါ် ထားတဲ့ ပင်မ သဘောတရား သီဝရီတွေ က ကွဲလွဲ နေကြသေးတယ် ”


ဧည်သည့် ၏ စိတ် ထဲ တွင် “ ခင်ဗျား က ကော ဘယ်လို သဘောထား လို့လဲ ” ဟု မေးလိုက်ချင် စိတ် ဖျတ်ခနဲ ဖြစ်မိသည် ။ ပြောသူ က ဧည့်သည် ၏ စိတ်ကူး ကို သိမြင်လိုက်သည့်နှယ် တစ်ချက် ပြုံးရယ်ရင်း ဆိုင်း ထားသော စကား ကို ဆက်၏ ။


“ ဒီလိုဗျ .... ကိုရွှေဧည့်သည် ရဲ့ ။ ဘဝ ဆိုတာ အန်စာတုံး တစ်တုံး နဲ့ တူတယ် ။ အန်စာတစ်တုံး မှာ မျက်နှာပြင် ၆ ခု ရှိတယ် မဟုတ်လား ။ ခင်ဗျား က ၃ ဂဏန်း ကို ကြိုက်တယ် ဆိုပါစို့ ။ ခင်ဗျား ဟာ အန်စာတုံး တစ်တုံး ကို ပစ်လှိမ့် လိုက်ပြီး ၃ ဂဏန်း ကျပါစေ လို့ ဆုတောင်း ကြည့် ၊ အန်စာ ပစ်ကြည့် ။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အန်စာတုံး တစ်တုံး မှာ ခင်ဗျား ကြိုက်တဲ့ ဂဏန်း ကျ ဖို့ အခွင့်အရေး ဟာ ၆ ပုံ ၁ ပုံ ပဲ ရှိတယ် ။ နည်းလွန်းတယ်ပေါ့ဗျာ ။ ဒါတောင်မှ အန်စာတုံး မှာ မျက်နှာပြင် ၆ ဖက် ရှိ လို့ ... ” 


“ ဘဝ မှာ ဆိုရင်ကော .... အား .... မျက်နှာပြင်တွေ အများကြီး ၊ အများ ကြီး ။ ကျုပ်တို့ လှုပ်ရှား နေကြတာတွေက ကော .. ဘာလဲ ။ ဘဝကို ထိုးဖောက် ဖို့ ဆိုပြီး လမ်းတွေ ဖောက် နေတာ ။ ဒါဟာ မျက်နှာပြင် အသစ် အသစ်တွေ ဖန်တီး နေတာပဲ ။ မျက်နှာပြင် များ လေလေ ကိုယ် ကြိုက်ရာ ဂဏန်းရဖို့ အခွင့် အရေး နည်း လေလေပဲ ။ ဒါပေမယ့် အန်စာပွဲ ပြီး သွားတော့ ကော ... ဘာဖြစ် သွားသလဲ ။ မျက်နှာပြင်တွေ ဟာ အရေး မပါတော့ဘူး  ။ကိုယ် ကြိုက်တဲ့ ဂဏန်း လည်း အရေး မပါတော့ဘူး ။ အားလုံး ပြီးဆုံးသွားပြီလေ ။ ကျုပ် သဘော က တော့ ဘ ဝဟာ မျက်နှာပြင် မဲ့ သင့်တယ် ဆိုတာပဲ ” 


စကား အဆုံး တွင် ဧည့်သည် ၏ မျက်နှာ သည် ရုတ်ခြည်း အိုမင်းရင့် ရော်သွားသည် ဟု ပင် မှတ်ထ င်ရသည် ။ ဘာမှ ပြန် မပြောနိုင် ။ ဟုန်းဟုန်း တောက်လောင် နေသော မီးခက် မီးလက် တို့ ကို သာ ငေးစိုက် ကြည့်နေမိ လျက်သား ။


ခင်ပွန်းသည် ၏ စကား အဆုံး တွင် ဇနီး ဖြစ်သူ က ဧည့်သည် ကို မျက်နှာရိပ် မျက်နှာကဲ ခတ် သလို တစ်ချက် ကြည့် လိုက်ပြီး  ....  


“ ဒီလိုပါ ရှင် ၊ .... ကိုဧည့်သည် အနေနဲ့ တော့ နားရှုပ် သွားမလား မသိ ဘူး ။ကျွန်မ က လည်း ကျွန် မရဲ့ အမြင် ကို နည်းနည်းလောက် ပြောပြချင်သေး တယ် ။ ကျွန်မ က ငယ်ငယ်တုန်း က အဘိုး နဲ့ နေရတာ ရှင့် ။ အဘိုး က မုဆိုး ဆို တော့ ကျွန်မ က လည်း သေနတ် ပစ် တာ ၊လေး , မြား , ဓား , လှံ ပစ်တာ ခတ် တာတွေ နဲ့ ရင်းနှီး ခဲ့ရတာပေါ့ရှင် ။ ကျွန်မ စိတ် အထင်တော့ ဘဝ ဆိုတာ သေနတ် တစ်လက် နဲ့ တူတယ် ရှင့် ။ ကျွန်မတို့ မွေးဖွား လာတာနဲ့ တပြိုင်နက် သေနတ် ကို ကျည်ထိုး မောင်းတင် လိုက်ပြီးသား ဖြစ်သွားပြီ ။ ကိုင်း ... ဒါဖြင့် ရင် ဒီ သေနတ် ရဲ့ အဓိပ္ပာယ် ဟာ ဘာလဲ ။ သူ အဓိပ္ပာယ် ဟာ သူ့ တာဝန် ပဲ ။ သူ့ တာဝန် ဟာ ကျည်ဆံ ကို ပစ်ခတ်ထုတ်ပစ်လိုက်ဖို့ပဲ မဟုတ်လား ။ ကျည်ဆံ ထည့် မောင်းတင် ထားတဲ့ သေနတ် တစ်လက် ဟာ မပစ်ခတ်သေး သမျှ ဘာ အဓိပ္ပာယ် မှ မရှိဘူး ။ ပစ်လိုက်ရမယ် ။ ဒါမှ နိဂုံး ကို ရောက်မယ် ။ ဘဝ ဟာ လည်း မပစ်ရသေးတဲ့ သေနတ် တစ်လက် လို မဖြစ်သင့်ဘူး ။ သေပစ် လိုက်ရမယ် ။ သေလိုက် မှ သာ အဓိပ္ပာယ် ရှိသွားမယ် ။ ဟုတ်တယ် မဟုတ်လား ကိုဧည့်သည် ” 


စကား အတုံ့အပြန် မရ ။ ဧည့်သည် ငိုင် နေသည် ။ သူ ၏ သွင်ပြင် သည် ပို၍ ပို၍ ပင် အိုစာ သွား သယောင် ရှိ၏ ။ မိန်းမပျိုကလေး ၏ မျက်နှာ ကို သူ လှမ်း ကြည့်လိုက်သည် ။ မိန်းမပျို က တက်ကြွသော လေသံ ဖြင့် ....  


“ ကျွန်မ အတွက် တော့ ဘဝ ဆိုတာ ရေကူးသင်တန်း တစ်ခုပဲ ။ သင်ကြားရုံ နဲ့ တင် ပြည့်စုံတဲ့ အရာ မဟုတ်ဘူး ။ အတွေ့ အကြုံ သာ အဓိက ကျတဲ့ ရင်းမြစ် ဖြစ်တယ် လို့ ထင် တယ်လေ ။ ကျွန်မ က ငယ်ပါသေးတယ် ။ဒီတော့ အတွေ့ အကြုံတွေ အများကြီး လို နေသေးတာပေါ့  ။ကျွန်မ စဉ်းစား ကြည့်မိ တယ် ။ ရေကူးကန်တွေ အများကြီး ကို ကူး ကြည့်ရင်း အတွေ့ အကြုံတွေ ရှာ သွား မလား ။ ပင်လယ်ကြီး တစ်ခု ကို ဖြတ်ကူးပြီး အမြင့်မားဆုံး နဲ့ အကြီးကျယ် အခမ်းနားဆုံး အတွေ့အကြုံ ကို ပဲ အမိအရ ယူမလား လို့ ပေါ့လေ ။ နောက် တော့ ကျွန်မ ဆုံးဖြတ် လိုက်တယ် ။ ဘ ဝမှာ အလေးနက်ဆုံး နဲ့ အဓိက အကျဆုံး ဖြစ်တဲ့ သေခြင်းတရား ဆိုတဲ့ ပင်လယ်ကြီး ရဲ့ အတွေ့အကြုံ ကို ပဲ တစ်ချီ တည်း နဲ့ အပြည့်အဝ ယူလိုက်တော့မယ်လို့ .... ” 

 

“ ဟုတ်တယ် .... သိပ် အရေး မပါတဲ့ အခြား အတွေ့အကြုံတွေ ကို ရှာဖို့ သမားရိုးကျ ဘဝ ဖြစ်စဉ် ထဲ မှာ ကျွန်မ နစ်မျောပြီး အချိန်ဖြုန်း မနေချင်တော့ ဘူး  ။ဒီနေ့ ည သင်ကြားရမယ့် မဟာအ တွေ့အကြုံသစ် အတွက် ကျွန်မ အခု ရင်ခုန် နေတယ် ၊ ပျော် နေတယ် ။ ရှင် ရော မပျော်ဘူးလား ဧည့်သည်ကြီး ”


မိန်းမပျိုကလေး ၏ စကား အဆုံးတွင် အသံသြကြီး ဖြင့် တဟားဟား အော်ရယ် လိုက်သော အဘိုးအို ၏ အသံ ကို ကြားလိုက်ရသည်  ။ဧည့်သည်က  အံ့သြ ထိတ်လန့်မှုဖြင့် လှည့် ကြည့်၏ ။ အဘိုးအို က ...


“ အင်းပေါ့ကွယ် ... မောင်ရင် ဧည့်သည်လေး နားရှုပ်မယ် ဆိုလည်း ရှုပ်စရာပေါ့ ။ ကျုပ် ချွေးမ နဲ့ ကျုပ် မြေး က တာဝန်တွေ ၊ အတွေ့ အကြုံတွေ နဲ့ ကြီးကြီးကျယ်ကျယ် သုံးသပ်ပြီး ခမ်းခမ်းနားနားကြီးတွေ ပြောပစ်လိုက် တာကိုး .... ” 

 

“ ဒီမှာကွယ့် .... မောင်ဧည့်သည် ရဲ့  ။ တကယ်တော့ ဘဝ ဆိုတာ ဘာ တာဝန် မှ ယူဖို့ ရောက်လာတာ မဟုတ်ဘူး ။ ယုံပါ ။ ကျုပ် အသက်အရွယ် နဲ့ ကျု ပ်အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီးပါပြီ ။ ရင်ဆိုင် နေရစဉ်မှာ ကြီးမား ခံ့ထည်လှပါပေ့ လို့ အောက်မေ့ ရတဲ့ ကိစ္စတွေ ဟာ ပြီးဆုံး သွားတော့လည်း ဘာမှ မဟုတ်တဲ့ သာမန် ကိစ္စလေး တစ်ခု အဆင့်အတန်း ကို လျှောကျ သွား တာမျိုး လည်း ဘဝ တစ်လျှောက်လုံး ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးပြီ ဆိုတာ မောင်ရင်လေး သံသယ ဖြစ်မယ် မထင်ဘူး .... ”  


“ တကယ်တော့ ဘဝ ဆိုတာ မှန်ပြောင်း တစ်ခုနဲ့ တူတယ် ။ ကြီးခြင်း ၊ သေးခြင်း ၊ နီးခြင်း ၊ ဝေးခြင်း မြင်တွေ့ နေမှ အားလုံး ဟာ ကြည့်သူ နဲ့ ပဲ သက်ဆိုင် တယ် ။ မှန်ပြောင်း ကွဲသွားတဲ့ အခါကျ တော့ မှ စောစောက ကိုယ့် လက် တစ်ကမ်း အကွာ မှာ ရှိနေတဲ့ မြင်တွေ့ နေရမှုတွေ ဟာ အရိပ်အယောင်တွေ ပါလားရယ် လို့ သိစိတ် ပေါ် တော့တယ် ။ မှန်ပြောင်း ကို အသုံးချ နေသရွေ့ တော့ ဒီ အသိစိတ် ပေါ်ဦးမှာ မဟုတ်ဘူးလေ ။ ကျုပ် က တော့ ဘဝ တစ်လျှောက် လုံး ကျင်လည်ခဲ့ပြီးပြီ ။ ဒီ မှန်ပြောင်း ကို အရေး လုပ်ပြီး ကြည့် မနေချင်တော့ ဘူး ။ အဲဒီ မှန်ပြောင်း ကွဲ သွားမယ့် အချိန် ကို ပဲ စောင့် နေပစ်လိုက်တော့မယ် ” 


ဧည့်သည် က ထိုင်နေရာ မှ ဝုန်းခနဲ ထ ရပ်လိုက်၏ ။ သူ ၏ မျက်နှာ သည် တစ်နာရီ အတွင်း မှာ ပင် သိသိသာသာ ရင့်ရော် ညှိုးချုံး ကျ သွားသည် ။ 


ဧည့်သည် သည် သူ ၏ လက်များ ကို ဆန့်တန်း ခါယမ်း လိုက်ပြီး ....  


“ နားမလည်ဘူး ။ကျွန်တော် လုံးဝ နားမလည်ဘူး ။ သေခြင်းတရား အတွက်တဲ့ လား .... ဟုတ်လား ။ ခင်ဗျားတို့ ဟာ အလျားအနံ မဲ့ တွေးခေါ်မှု ထဲ က မှ အစိတ်အပိုင်းငယ်လေး တစ်ခု ရဲ့ အစေခံတွေ ဖြစ်နေကြတာပဲ ”


ဧည့်သည် ၏ အမူအရာ သည် သွေးရူးသွေးတမ်း ဖြစ်နေ၏ ။ အားလုံး က သူ့ ကို ကရုဏာသက်စွာ ကြည့်ရင်း ခေါင်း များ ကို ဖြည်းညင်းအေးဆေးစွာ ယမ်းခါ ပြ ကြသည် ။ ဧည့်သည် သည် မိန်းမပျိုလေး ထိုင် နေရာ နောက်ဘက် တည့်တည့် သို့ ခြေလှမ်းကျဲကြီးများ ဖြင့် ဗြုန်းခနဲ လျှောက် သွားသည် ။ မိန်းမပျိုကလေး က သူ့ ကို မော့ ကြည့်၏ ။မျက်ဝန်းချင်း ဆုံကြ သည် ။သူ တုံ့ခနဲ ရပ်လိုက်၏ ။ ပြီး ...


“ မင်း ကိုယ့် ကို လက်ထပ်ပါလား ။ ပြီးတော့ မင်း နဲ့ ကိုယ် နဲ့ လူတွေ ၊ ယဉ်ကျေးမှုတွေ ၊ချစ်ခြင်း ၊ မုန်းခြင်းတွေ ရှိတဲ့ လောကကြီး ထဲ ကို သွားကြမယ် ။ အနိမ့် အမြင့် အကောင်းအဆိုးတွေ ကြား မှာ လှိုင်းစီး ပျော်ရွှင်ကြမယ်လေ ။ အဲဒါဟာ မင်း အတွက် ရော ကိုယ့် အတွက် ပါ အဓိပ္ပာယ် ရှိလာစေလိမ့်မယ် လို့ ကိုယ် အလေးအနက် ယုံကြည်တယ် ။ကဲ .... ဘယ်လိုလဲ မိန်းကလေး ” 


မိန်းမပျို က ပြုံးလိုက်သည် ။ ထို့နောက် .... 


“ ရှင် က လက်ထပ်ချင်တယ် ဆိုရင်လည်း လက်ထပ် လိုက်ရုံပေါ့ ဧည့်သည်ကြီး ရယ် ။ဒီ ကိစ္စ က အရေးမကြီးပါဘူး ။ စောစောက ပြောခဲ့သလို အတွေ့အကြုံတွေ ထဲ က အတွေ့အကြုံ တစ်ခု ပဲ ဖြစ်သွားမှာပေါ့ .... ” 

 

“ ရတယ်လေ .... ကျွန်မ မသေခင် လောလောဆယ် ၂ နာရီ ၃နာရီ လောက် အတွင်းမှာ လက်ထပ် လိုက်လို့ ရသေးတာပဲ ။ လက် မထပ်ဘဲ ဖို မ သဘာဝ ဆန္ဒအလျောက် ဆောင်ရွက်ချင်တယ် ဆိုလည်း ဖြစ်ပါတယ် ။ သေ သွားပြီးတဲ့ နောက်ကျတော့ ဒါတွေ ဟာ ဘာမှ မဟုတ်တော့ပါဘူး ။ အချစ် ပဲ ဖြစ်ဖြစ် ၊ တဏှာရာဂ ပဲ ဖြစ်ဖြစ် သေဆုံးခြင်း ရဲ့ တံတိုင်းထက် ဘာက မှ ပိုပြီး မမြင့်မားနိုင်တာ သေချာတယ် ။ ရှင့် နောက် လိုက်ပြီး လောကကြီး ထဲ မပျော် မွေ့ နိုင်တော့တဲ့ အတွက် ကို တော့ ခွင့်လွှတ်ပါ ”


ဧည့်သည် သည် ကယောင်ကတမ်း ဖြင့် အဘိုးအို ဘက် သို့ လှည့် လိုက်ပြီး .... 


“ ကျွန်တော်ဟာ အဖေ အမေ မဲ့ ၊ ဆွေမျိုးသားချင်း မဲ့ အထီးကျန် တစ်ကောင်ကြွက်ပါ  အဘိုး ။ ကျွန်တော့် အနေ နဲ့ ဘယ် သွားလို့ ဘယ် လာရမှန်း လည်း မသိပါဘူး ။ အဘိုးအနေနဲ့ ကျွန်တော့် ဘဝ အတွက် တစ်ခု ခု များ လုပ် ပေးနိုင်မလား ။ကူညီပါဦး အဘိုး ရယ် ”


အဘိုးအို က ခေါင်းကို ဖြည်းညင်းစွာ ယမ်းခါ လိုက်ပြီး ....  


“ ဝမ်းနည်းပါတယ် .... မောင်ရင်လေး ရယ် ။အဘိုး အနေနဲ့ ဒီ ည သေဖို့ ဆုံးဖြတ် ပြီးပါပြီ ”


သွေးပျက်လုခမန်း ချောက်ချား နေသော ဧည့်သည် က လင်မယား စုံတွဲ ဘက် သို့ လှည့် လိုက်ပြန်သည် ။ သို့သော် သူ ဘာ တစ်ခွန်းမျှ ပြန် မပြော နိုင်မီမှာ ပင် ခင်ပွန်း ဖြစ်သူ က .... 


“ တို့တွေ ဟာ ဘဝ အန်စာတုံးကြီး ကို ထုခွဲ ချေပစ်ခဲ့ ပြီးပါပြီကွယ် ။ ဘယ်လို အကြောင်းကြောင့် နဲ့ မှ ဒီ လောက ကျင်လည်မှု ဘဝ ကို ပြန် မတည် ဆောက်ချင်တော့တာ မို့ ခင်ဗျား ကို မကူညီနိုင်တာ အလေးအနက် တောင်း ပန်ပါတယ် ။ .... ခွင့်လွှတ်ပါ ”


“ အား ”


စူးရှလေးပင်သည့် အသံနက်ကြီး ဖြင့် ဧည့်သည် က အော်ဟစ်လိုက်သည် ။


ထို အခိုက်အတန့် တွင် ပင် တစ်စ ထက် တစ်စ အိုမင်းရင့်ရော် လာနေသော ဧည့်သည် ၏ ရုပ်သွင် သည် ဇရာ ဖိစီးမှုကြောင့် ထောင်းထောင်းကြေ နေသည့် အဘိုးအိုကြီး တစ်ဦး ၏ ပုံသဏ္ဌာန် အဖြစ် သို့ လုံးဝ ပြောင်းလဲ သွားပြီ ဖြစ်၏ ။


အရေပြားများ တွန့်လိပ် ၊ ဆံပင်များ ဖြူဖွေး ၊ မျက်တွင်း ပိန်ချိုင့် ၊ ပါးရိုး ငေါငေါ ။


သူ က ဆက်လက် အော်ဟစ် လိုက်သည် ။ ကျောက်ခဲ အချင်းချင်း ထုချေ လိုက်သည့် အသံမျိုး ။


“ အရူးတွေ ... အရူးတွေ ။ မင်းတို့ အားလုံး အရူးတွေပဲ ” 


အားလုံး က ထိုင်နေရာ မှ ဝုန်းခနဲ ထ ရပ်လိုက်မိကြ၏ ။ အဘွားအို က ကတုန်ကယင် ဖြင့် မေးလိုက်သည် ။


“ ဟင် .... မင်း .... မင်း ဘယ်သူလဲ ”


ထိုအချိန် တွင် .... ဧည့်သည် ၏ ခြေထောက် နှင့် လက်ချောင်းများ သည် ကျောက်တုံးကျောက်သား ဘဝ သို့ တဖြည်းဖြည်း အသွင် ပြောင်းလာ နေပြီ ဖြစ်သည် ။ သူ က အက်ကွဲ သော အသံနက်ကြီး ဖြင့် .... 


“ ငါ ဟာ “ မဟာသေလာ ”  တောင်ကြီး ပဲ ။ ပြိုပျက်ကျမယ့် အချိန် ကို မင်းတို့ ရဲ့ မျှော်လင့် စောင့်စားခြင်း ခံနေရတဲ့ “ မဟာသေလာ ” တောင်ကြီး ဟာ ငါ ပါ ပဲ .... ” 


“ ငါ ဟာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့တဲ့ ၊ ဖန်တီးနိုင်စွမ်းအား ကင်းမဲ့တဲ့ ဘဝ တစ်ခု ကို ပိုင်ဆိုင် နေရသူပါ ။ ငါ့ ဘဝ ဟာ ဖြစ်တည်လာခဲ့ ကတည်း က ပြိုပျက် ကျဖို့ အခွင့်အရေး တစ်ခု သာ ရခဲ့တယ် ။ ဒါကို ငါ ပြောင်းလဲပစ် လိုက်ချင်ပါရဲ့  .... ”  


“ ငါ ပြောင်းလဲ ပစ်လိုက်ချင်ပါရဲ့  .... ”  


“ ဒါပေမယ့် ငါ မတတ်နိုင်ခဲ့ဘူးလေ ။ ငါ့ ဘဝ ကို ကူညီ ပြောင်းလဲပေးဖို့ မင်းတို့ ဆီ မှာ အနူးအညွတ် တောင်းခံခဲ့ပြီးပြီ ။ ဒါဟာ ရှင်သန်လှုပ်ရှား နိုးထတဲ့ ဘဝ ကို မြတ်နိုးစုံမက်လွန်းမိတဲ့ ၊ ငါ့ ရဲ့ အစွမ်းကုန် ကြိုးစား အားထုတ်မှုပါပဲ ... ” 


“ ဒါပေမယ့် မင်းတို့ မဟာလူသားတွေ က မကူညီခဲ့ကြဘူး ။ ကူညီ ချင်စိတ် မရှိကြဘူးလေ ။ မင်းတို့ ဟာ “ လူ ” တွေ ဖြစ်ကြပြီးတော့ လှုပ်ရှား နိုင်စွမ်း လည်း ရှိ ၊ ဖန်တီးနိုင် စွမ်းလည်း ရှိလျက် နဲ့ သေဆုံးဖို့ ကို အကြီး အကျယ် လိုအပ် နေကြတယ် ။ တစ်ကိုယ်ကောင်း ဆန်စွာ သေဆုံးချင်နေ ကြတယ် .... ” 


“ အခုတော့ အားလုံး ပြီးဆုံး သွားပါပြီ ။ ငါ .... ငါ  .... စွန့် ... လွှတ် .... လိုက် .... ပါ .... ပြီ ” 


စကား အဆုံး တွင် သူ့ ခန္ဓာကိုယ် ကို ဖွဲ့စည်း ထားသော ကျောက်တုံး ကျောက်ခဲ တို့ အက်ကွဲ ပဲ့ကျ လာသည် ။ လက်တွေ ပဲ့ရွဲ့ ကျိုးပြုတ် ကျသည် ။ ခြေထောက်တွေ အက်ကွဲပြိုကျ ကုန်သည် ။ နောက်ဆုံးတွင် အထိန်းအကွပ် မဲ့ သွားသော ကျောက်သားခန္ဓာကိုယ်ကြီး သည် ကြမ်းပြင် ပေါ်သို့ ပစ်ကျကာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်၍ ကျောက်ခဲ အစုအပုံ ဘဝ သို့ ရောက်သွား လေတော့၏ ။


ထိုအချိန်၌ လရောင် အောက် တွင် ခံ့ညားစွာ ရပ်တည် နေသည့် “ မဟာ သေလာ ” ကျောက်တောင်ကြီး သည် တဝုန်းဝုန်း မြည်ဟည်း လျက် အမြင့်မား ဆုံး အပိုင်း မှ နေ၍ အောက်ခြေ အထိ တိုင်အောင် လျင်မြန်စွာ အက်ကွဲ လာ နေသည် ။


ဟိုး .... တောင်ပေါ် မှ အရှိန် ပြင်းစွာ လိမ့်ဆင်း လာသော ဧရာမ ကျောက်တုံးကြီးများ သည် သစ်လုံး အိမ်ကလေး ကို .... ။


◾ မင်းခိုက်စိုးစန်


📖 မဟေသီ မဂ္ဂဇင်း 

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment