Wednesday, January 31, 2024

အရုဏ်ဦး မှ သေနတ်သံ


 

❝ အရုဏ်ဦး မှ သေနတ်သံ ❞

ငွေရောင် ပြက်လက် နေသော သဲဖြူမှုန်ကလေးတွေ သည် တိမ်ပဝါ လွန့်သလို ထ က ကြ၏ ။ သဲမှုန်ကလေး များကို ကျီစယ် လျက် ချောင်းရိုး တစ်လျှောက် မွှေနှောက် လာသော မြောက်ပြန်လေညင်း သည် ကိုဆေးရိုး ၏ ဖွာပျံ နေသော ဆံမွေးကလေးများ ကို ပင့်မ တို့ ကစား သွား၏ ။ ရွာ ၏ မြောက်ဘက်ရှိ ချောင်း မှာ သည် နှစ် ရေ အလျော့ တွင် ရွာဘက် သို့ ရေကြောင်း တိုး ကပ် လာ သဖြင့် ကမ်းပါးစောက် မှာ ရေစီးကြောင်း ထက် သို့ ကိုင်းမိုးနေယောင် ရှိ၏ ။ ရေကြောင်း အထက် သို့ ဆန် မျှော် ကြည့် လိုက်ပါမူ ငွေရေလျဉ် သည် ပြူပေါ်စ နေရောင်သစ် နှင့်တွေ့ဆုံ လှပ နေသည် ။ ရှားတောရွာ ဘက် သို့ မြွေလမ်းတွန့်ကြီးပမာ လိမ်ခွေ ထိုးတက် သွား ၏ ။ ရေကြောင်း ၏ အလယ် တွင် ဝါးဖောင်တန်းကြီး သည် တရွေ့ရွေ့ မျောပါ လာသည် ။ နောက်ပိုင်း တွင် ထိုးဝါး ကိုင်ထားသူ ကို မှုန်မွှားမွှား သာ မြင်ရ၏ ။ သူ့ ရှေ့ မှာမူ စိမ်းရင့်သော ကြက်သွန်ခင်းကြီး သည် ရေကြောင်း အစပ် ဝယ် မြရောင်ရင့်ရင့်ဖြင့် ခပ်ရိုင်းရိုင်း ဖြန့်ခင်း ထား၏ ။

“ ဖအေကြီး ၊ အို ... ဖအေကြီး ”

ကိုဆေးရိုး ၏ နောက်ဘက် ရှိ တဲကုပ် တွင်း မှ ခေါ်သံ တစ်ခု ပေါ်လာသည် ။ မကျီးဒန် ၏ အသံ ပင် ဖြစ်ချေ ၏ ။ သူ စိတ်လက် ကြည်သာ လျှင် ဖအေကြီး ဟူ ၍ ခေါ်လေ့ ရှိကာ စိတ်ညစ် နေပြီး ဆူချင် ပူချင် ပြီ ဆိုပါ က ကိုဆေးရိုး ဟူ၍ ခေါ်၏ ။ အသံ က လည်း မာကျောစူးရှ လှပေသည် ။

“ ဘယ်များ သွားပါလိမ့် ”

မကျီးဒန် ၏ အသံ က တဲရှေ့ ဆီမှ တဲခေါင်းရင်း ဘက် သို့ ရွေ့ လာသည် ။

“ အို ... ဖအေကြီး ”

အသံ က တဲ နောက်ဘက် သို့ ရောက်လာ၏ ။ သည်တော့ မှ ကိုဆေးရိုး မှာ အိပ်မက် မက် နေရာ မှ လန့်နိုး သူ ပမာ နောက်ဘက် သို့ ဖျတ်ခနဲ လှည့် ကြည့်လိုက်ကာ ..

“ ဟ ... ဟေ ” ဟု အသံ ပြု လိုက်ပြီး နောက် မကျီးဒန် လာ နေရာ ဘက် သို့ လျှောက် သွား လေသည် ။

“ နွားစာလေး ဘာလေး မပုတ်တော့ဘူးလား ၊ လူလေး က ဘယ်အချိန် မှ ပြန်လာမယ် မသိဘူး ”

“ အေးပါဟ ၊ စောပါသေးတယ် ”

“ ဘယ်က စောရမှာလဲ ၊ ဆွမ်းခံ တောင် ဝင်ဘီ ”

“ ဟေ အေး အေး ”

ကိုဆေးရိုး က ချမ်းအေးခြင်း မှ ကာ ထားသော စောင်ကြီး ကို လုံးထွေး ခါ ချ လိုက်၏ ။ ချမ်းအေးသည် ဟူသော စိတ် နှင့် အတူ နောက်ပါး မှ ကပ် လိုက်လာ သော နောက်မြီးဆွဲ ငပျင်း ကို လည်း နားရွက် မှ ဆွဲပြီး လွှင့် ပစ်လိုက်သည် ။ သည်တော့မှ လူ မှာ လန်းဆန်း သွက်လက် လာ၏ ။ တဲ ခေါင်းရင်းပိုင်း တွင် ဖျာကြမ်း ကို ထောင် ၍ ကာ ထားသည် ။ အလယ် တွင် လှည်းဘီး တစ်ခု ကို လှဲချ ထား၏ ။ စပါးရွက် ၊ စပါးရိုး နှင့် ကောက်ညှင်းစပါးများ က ပြန့်ကျဲ နေသည် ။ ကိုဆေးရိုး က အပြင်ဘက် တွင် ပုံ ထားသော ကောက်ပင်များ ကို ထွာဆိုင်သာသာ ခန့် ဆုပ်ကာ လှည်းဘီး ပေါ် သို့ ရိုက် ချ လိုက်သည် ။ ကြွေလွင့် သွားသော စပါးစေ့များ နှင့် ဘေး မှ ကာရံ ထားသော ဖျာကြမ်း ၏ ထိတွေ့သံ မှာ မောင်းပြန် သေနတ်သံ ကဲ့သို့ ရှိတော့သည် ။

တံစဉ်ကိုင် နတ်ပြည်မွှေး ၊ ကောက်ညှင်း စပါး တစ်မျိုး ၏ အမည် ပင် ဖြစ်၏ ။ ကောက်တကာ့ ကောက် ထဲ တွင် အစောတကာ့ အစောဆုံး ကောက် ပေတည်း ။ ကိုဆေးရိုး က မြေ လေ မှာ စိုးသောကြောင့် ကောက်ညှင်းစပါး ကို စိုက်လေ့ စိုက်ထ မရှိခဲ့ချေ ။ သည်နှစ် မှ ကလေးတွေ ပူဆာလွန်းသော ကြောင့် တစ်ကျိပ်စိုက် လယ် တစ်ကွက် တွင် ကောက်ညှင်းပျိုး ဝယ်ပြီး စိုက် ခဲ့ခြင်း ဖြစ်သည် ။ ကောက်ညှင်းစပါး မှာ နွား နှင့် နင်း ပြီး နယ်ရလောက် အောင် လည်း မများသော ကြောင့် ဤ သို့ ရိုက်ခြွေ ရခြင်း ဖြစ်သည် ။ ထို့ပြင် ကောက်ရိုး အသစ်မပေါ် ခင် အဟောင်း ကုန် နှင့် ပြန် လျှင် လည်း ကောက်ပင်စိုစို အချို့ရည်မခမ်းသေးသော ဤလို ကောက်ညှင်းစပါးပင်ကလေးတွေ ကို ကျွေး နိုင်သည် ။ နွား လည်း ကြိုက်လှသည် ။

တစ်ခုတော့ ရှိ၏ ။ ကောက်ညှင်းစပါး မှာ ကောက်ကြီး ထက် အထွက် လျော့သည် ။ ပြီးတော့ တစ်စိတ် ရောင်း လိုက် ၊ တစ်ခွဲ ရောင်းလိုက် နှင့် ငွေ ‘ လေ’ သည် ။ သို့ရာတွင် ပေါ်ဦး ပေါ်ခိုက် ကောက်ညှင်းပေါင်းကလေး ကို ကျောင်း တကာ သို့ လိုက်လံ လှူဒါန်းပြီး အရပ် ထဲ တွင် လိုက်လံ ဝေငှ စားသောက်ရခြင်း မှ ရအပ်သော ကြည်နူးပျော်ရွှင်မှု ကား ဘယ်လို ကြည်နူးခြင်းမျိုး နှင့် မှ မတူပါပေ ။ ရင်ငယ်ကလှပ်လှပ်နှင့် ချမ်းမြေ့ရသည်သာ ။

လယ်သမား ဆိုသည် မှာ ကောက်ပေါ်လု အချိန် တွင် ငွေ အပြတ်ဆုံး ဖြစ်၏ ။ သည် အခါမျိုး တွင် ကောက်ညှင်းစပါး ပေါ်နေပြီ ဖြစ်သော လယ်သမား တစ်ယောက် မှာ ဇာတ်တူသား စားသော အဖွဲ့ခေါင်းဆောင်ကြီးများ ထံ သို့ လည်း အတိုး နှင့် မချေးရ ၊ မငှားရဘဲ ရောင်း ချ သုံးစွဲ နိုင်ပြန်ပေသေး၏ ။ သို့မို့ကြောင့် ဤ အခါဝယ် တံစဉ်ကိုင်နတ်ပြည်မွှေး အမည်ရှိသော ကောက်ညှင်း စပါး ကို ရိုက်ရန် တံစဉ် ကို ကိုင်ရုံ နှင့် နတ်ပြည် က သာ တကယ်မွှေး လျှင် ယခုလို ရိတ်ဖြတ် ရိတ်ခြွေ နေသော ကာလမျိုး မှာ ဆိုလျှင် နတ်ပြည် ခြောက်ထပ်တွင် ကောက်ညှင်းနံ့ မွှန် နေချေရော့မည် ။ ကိုဆေးရိုး ကောက်လှိုင်း တစ်ပွေ့ သာ ရိတ်ရသေးသည် ၊ မကျီးဒန် ပေါက်လာ ပြန်ပြီး ကိုဆေးရိုး ၏ ခါး ကို တို့ ပြန်လေသည် ။

“ ကိုဆေးရိုး ”

“ ဟေး ... လာပြန်ဘီ ၊ ဘာများလဲ ”

“ အမဲသား ယူဦးမလား ”

“ ဟေ ”

“ အမဲသား ယူဦးမလားတဲ့ တော့် ”

ကိုဆေးရိုး က အယောင်ယောင် အမှားမှား ခေါင်း ညိတ် လိုက်သည် ။ “ ဘယ်က အမဲသား ပါလိမ့် ” ဟူသော မေးခွန်း က သူ့ ခေါင်း ထဲ တွင် ကျယ်လောင်စွာ မြည် ဟည်း နေသည် ။

ယခု တလော နွားခိုးမှုတွေ ငြိမ် သွား၏ ။ သို့သော် ငြိမ်ပုံ မှာ အကောင်း ငြိမ်ခြင်း မဟုတ် ၊ နွား တစ်ကောင် ခိုးဖို့ အရေး တွင် အနည်းဆုံး လူ သုံးလေးယောက် လို ကာ ၊ အမဲသား ကို ဖြန့်ဖြူးရာ တွင် လည်း သေပြေး ရှင်ပြေး လုပ်ရ၏ ။ ရတော့ မစို့မပို့ နှင့် တစ်ရာ့ လေးငါး ဆယ် သာ ရ သဖြင့် တွက်ခြေ မကိုက်ရကား ၊ တွက်ခြေ ကိုက် ၍ စို့စို့ကလေး ရသော လူပြန်ပေး ဘက် သို့ ဦးလှည့် နေကြသောကြောင့် နွား ခိုးမှုများ နည်းပါးသွား ရခြင်း ဖြစ်သည် ။

' ဒါဖြင့်ရင် ဘယ်က အမဲသား လဲ ' ကိုဆေးရိုး က တွေပြီး စဉ်းစား နေရာက လက်ကျန် ကောက် တစ်ဆုပ် ကို ဘယ်ပြန် ညာပြန် ပုတ် နေ လိုက်သည် ။

“ ဟောဒီ မှာ ဖအေကြီး ရေ့ အမဲသား က တော့ ကောင်းလိုက်တာ ၊ ရဲ လို့ ”

“ နေစမ်းပါဦး ၊ ဘယ်က လာ ရောင်းတာလဲ ၊ ပိန္နဲပင် ငလင်ပန်း က မှ ဟုတ်ရဲ့လား ”

ပိန္နဲပင် ငလင်ပန်း မှာ သည်ဘက် ၌ နာမည် ထွက် ၏ ။ ခိုးသ,တ်သော အမဲ ဆို လျှင် သည်လို ဝေးလံသော ဒေသ မှ သာ လာရောက် ရောင်းချ လေ့ ရှိသောကြောင့် အထင် နှင့် ဖမ်း ကြိတ်လိုက်ရာ

“ ဘယ်က ပိန္နဲပင် ငလင်ပန်း က ရမှာလဲ ”

“ ဒါဖြင့် ဘယ်ကလဲ ၊ ကိုင်း ထဲ ကလား ၊ ကိုင်း ထဲ က ဆိုရင် ပေါက်ပေါက် ရဲ့ နွား ပဲ ဟေ့ ”

“ မဟုတ်ဘူး တော်ရေ့ ၊ ရွာသစ်ကလေး က ကိုကျော်အေး ရဲ့ ခိုင်းနွားကြီး ၊ ည က သေနတ် မှန်လို့တဲ့ ”

“ ဟယ် ... ”

ကိုဆေးရိုး မှာ လက်တ စ်ဖက် ပြုတ် သွားရသော ကိုကျော်အေး အတွက် စိတ် မကောင်းစွာ နှင့် မြည်တမ်း လိုက်မိသည် ။ ရွာသစ်ကလေး မှာ ရမ်းဘိုကုန်း နှင့် ဆို လျှင် တစ်ဖာလုံ ခန့် သာ ဝေး ၍ ကြား တွင် ရွာသစ်ကြီး တစ်ရွာ သာ ခြား ၏ ။ ရွာ သာ ခြား သော်လည်း လူ တွေ က မခြားကြ ။ ရွာသစ်ကလေး မှ ငတ်ပုံ မွဲပုံ ကို ရမ်းဘိုကုန်း က ပုံတူ ကူးချ ကာ ၊ ရမ်းဘိုကုန်း ၏ ပညာမဲ့ခြင်း ၊ အောက်တန်းကျခြင်း ကို ရွာသစ်ကလေး က လိုက်ပြီး အတု ခိုးသည် ။

လယ်သမားချင်း မို့ ကိုယ်ချင်း လည်း စာမိ၏ ။ ကျုပ် တို့ မှ တစ်ပါး မည်သူမျှ ခင်ဗျားတို့ အားကိုးအားထား ပြုရမှာ မဟုတ်ဘူး ဟု လူ အချို့ က အော်ပြော နေကြ သော် လည်း မြန်မာလယ်သမား တို့ ၏ ခိုကိုး အားထားရာ ၏ အစစ် ကား နွား သာ ဖြစ်၏ ။ နွား တစ်ကောင် သေ ၍ တစ်ကောင် အစားထိုး ဖို့ ဆိုသည် မှာ ဖအေ သေ ပြီး လျှင် နောက် အဖေ တစ်ယောက် ရဖို့ လမ်း မရှိ သကဲ့သို့ ပင် ယနေ့ စီးပွားရေး အခြေအနေ နှင့် လယ်သမား ဘဝ က ခက်ခဲ စေ၏ ။

“ ဘယ်လိုများ ဖြစ်ပါလိမ့်ဟယ် ”

ကိုဆေးရိုး က မကျီးဒန် နှင့် အတူ တဲ ထဲ သို့ ဝင် လိုက်သွား ရာ က ကွပ်ပျစ် ပေါ် သို့ ခြေပစ်လက်ပစ် ထိုင် ချ လိုက်သည် ။

“ တော် မနက်က မကြားလိုက်မိဘူးလား ”

“ ဟင့်အင်း ”

“ အံ့ပါ့တော် ”

မကျီးဒန် က ရင်ဘတ် ကို လက်ဖျားကလေး နှင့် အုပ် ပြီး ပြော လိုက်သည် ။

“ ဒါလောက် ဥသြသံတွေ ဆူညံ နေတဲ့ ကြား ထဲ က ၊ တော် မနိုးတာများ ကျုပ် အံ့သတော် ”

မကျီးဒန် က ဓားရိုး ကို ခြေမ နှင့် ညှပ် ကာ အသွား ကို ထောင်ပြီး အမဲသား ကို ဓားသွား ဖြင့် တိုက်ဖြတ် နေ၏ ။

“ နှစ်တိုင်း လည်း ဒီ အချိန် ဟာ လွတ်လပ်ရေး ရတဲ့ အချိန် ဆိုပြီး ၊ ဒီလိုပဲ ဆန်စက် ဥသြတွေ မှုတ် ကြတာ ။ လူလေး တောင် အိမ်ရှေ့ ထွက်ပြီး နွားနင်းခုံကြီး ကို ခေါက်သေး သတော် ”

“ အင်း ”

“ မနက် တုန်း က ကျုပ် လည်း လန့် နိုးလာတာပဲ ။ ဥဩသံတွေ စဲ လို့ ဘာ ကြာလိမ့် မတုန်း ၊ ဒိုင်း ဆို ကြား ရတာပဲ ။ ဘယ်ကများ ပါလိမ့် ၊ ဘာများ ပါလိမ့် နဲ့ ”

“ ဒါနဲ့ ကိုကျော်အေး နွား သေတာ နဲ့ ဘာဆိုင်လဲ ”

မကျီးဒန် က လဲကျ သွားသော ဓား ကို ပြန် ထောင်ရင်း က

“ ဆိုင်တာပေါ့ တော် ၊ အဲဒီ သေနတ် ဟာ ကင်း က ပစ်တာတဲ့ တော် ရဲ့ ”

“ ကင်း က ဘယ်သူလဲ ၊ ဘယ်သူလဲ မေး မရတာနဲ့ ပစ်ချ လိုက်တာ ။ ဝေါခနဲ အော်ပြီး ဗုန်းခနဲ လဲ သွားတော့ ရန်သူ မဟုတ်ဘဲ နွားကြီး ဖြစ်နေမှန်း သိတော့တာ ကိုး ”

“ အင်း ”

ကိုဆေးရိုး က စုတ်သပ်ပြီး ကရုဏာ သက်ခြင်း ကို ဖော်ပြ လိုက်သည် ။ ပြည်တွင်းစစ် ကာလ အတွင်း ဆိုပြန်တော့ လည်း သတိ ကို အမြဲ ထား နေရ၏ ။ မှောင် နှင့် မည်းမည်း ဝယ် မည်းမည်း အရိပ် ကို သာ မြင်နိုင်၍ နွား နှင့် လူ ကို မည်သူက ခွဲခြား နိုင်ပါမည်နည်း ။ သည် နည်းမျိုး မှာ သည် တစ်ကြိမ်သာ ဖြစ်သည် မဟုတ် ၊ သူပုန်တွေ အုပ်ချုပ်စဉ် က လည်း ကုက္ကိုသီး ကြွေချိန် ဖြစ် သဖြင့် ကုက္ကိုပင် အောက် တွင် အိပ်ပြီး ကုက္ကိုသီးတောင့် ကြွေ လာလိုက် ၊ ပြေးပြီး ကောက်စားလိုက် လုပ် နေသော နွားအုပ် ထဲ မှ ကုက္ကိုသီး အကြွေ တွင် ထ ပြီး ကောက် စားသော နွား တစ်ကောင် ကို ဘယ်သူလဲ မေး မရ သဖြင့် ပစ်ထည့်လိုက်ကြဖူးပေပြီ ။ သည် ကတည်း က ည အချိန် တွင် နွား တွေ လွှတ် ထား လျှင် ဒဏ်ရိုက်မည် ဆိုသောကြောင့် ဂရုစိုက် ထိန်းသိမ်းကြ ရာ မှ သူပုန်များ ဆုတ်ခွာ အသွား တွင် အေးချမ်းလေပြီ ဟူသော အယူ ဖြင့် ပေါက်လွှတ်ပဲစား ထားပြန်ရာ တွင် ယခု ကဲ့သို့ ဖြစ်ရခြင်းပေတည်း ။

အပြစ် ကို ရှာဖို့ ဆိုလျှင် နွားရှင် ဖြစ်သူ ကိုကျော်အေး ၏ ခေါင်း ပေါ် သို့ သာ ပုံကျ ပေလိမ့်မည် ။ သို့သော် သူ က လည်း ဆင်ခြေ ပေးလိမ့်မည် ။ တစ်မိုးလုံး ချည်တိုင် တွင် ချည် ထား ရသော နွား ကို အညောင်း မမိ အောင် ခြေဆန့် လက်ဆန့် နေနိုင်အောင် လွှတ်ထား ရသည် ဟု အကြောင်းပြ ပေလိမ့်မည် ။ အမှန်မှာ တော့ ဘယ် အချက်တွင် ရန်သူ က လာ စီးချေမည်နည်း ဟု နား တစွင့်စွင့် နေရသော ကင်း က လည်း ကင်းချရဖို့ မလို တော့ မပစ်ရတော့ဘဲ ၊ နွားရှင် တွေ မှာ လည်း စစ် မဖြစ်ခင်တုန်း က လို ပင် လှည်း တပ်ချင် ကာ မှ လိုက် ကောက်သည် အထိ စိတ်ချ လက်ချ လွှတ် ထား နိုင်သော အခြေအနေ ကို ဖန်တီး ယူဖို့ သာ ရှိပါသည် ။
သူ့ ယုံကြည်ချက် ၊ ကိုယ့် ယုံကြည်ချက်တွေ ဖြင့် တိုက်ခိုက် သတ်ဖြတ် နေသော စစ် ကို ပင် မလိုလား နိုင်သေး လျှင် ၊ ဘာမျှ မသိဘဲ နှင့် စစ် ၏ ဒဏ် ကို ဝင် ခံသွား ရသော နွားတွေ ၏ အဖြစ် မှာ ပို၍ မလိုလား နိုင်စရာ ဖြစ်၏ ။

လူ့ သွေး သာမက တိရစ္ဆာန် ၏ သွေးသားများ ပါ ယိုစီး ညှိဟောက် နေသော သည် မြေပြင် မှ သွေးရနံ့များ သည် တံစဉ် ကိုင် ကာ မျှ ဖြင့် ရနံ့ ကြိုင်သော ‘ တံစဉ်ကိုင် နတ်ပြည်မွှေး ’ ၏ ထုံရနံ့ ကို ဖုံးလွှမ်း နေတော့ သည် တကား ။

◾ဆင်ဖြူကျွန်းအောင်သိန်း

📖 ကိုဆေးရိုး ပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

နှုတ်ခမ်းမွေးပါပါလေး


 

❝ နှုတ်ခမ်းမွေးပါပါလေး ❞

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က ဦးဆောင် နေတဲ့ ကာလ ။ အငြိမ့်သဘင် တွေ ရှင်သန် ထွန်းကား ချိန် ။ ဒီနေ့ နှုတ်ခမ်းမွေးပါပါလေး လို့ နာမည်ကြီး တဲ့ အငြိမ့် လူရွှင်တော် ရဲ့ အမည် က အဲဒီတုန်း က ပါတီလေး ။

သူတို့ အငြိမ့် က မိသားစု အငြိမ့် ။ သူ့ ဖခင် အငြိမ့် လူရွှင်တော်ကြီး ဦးညိုသန်း နဲ့ အတိုင်အဖောက် မိမိ ပြက် ခဲ့တဲ့ ပြက်လုံး တစ်ခု က ပရိသတ် နှုတ်ဖျား မှာ ရေပန်းစား ခဲ့ ဖူးတယ် ။

အငြိမ့် က နေ ဆဲ ၊ အသံချဲ့စက် အသံ က မမှန်ဘဲ ဂျိဂျိ ဂျိဂျိ နဲ့ ဖြစ် နေတယ် ။

“ ပါတီ ရေ ”

“ ခင်ဗျာ ခင်ဗျ ”

“ မင်း မိုက် က ကောင်းရဲ့လား ”

“ ကောင်းပါတယ် ခင်ဗျ ”

“ အသံ က မကောင်းဘူးကွ ၊ ဘာဖြစ် နေတာလဲ ရှာစမ်း ၊ မိုက် က မဟုတ်ရင် ကြိုးတွေ ကြည့်စမ်း ”

“ ကြိုးတွေ လည်း ကောင်းတယ် ”

“ စက် စမ်းကြည့်စမ်းကွာ ”

“ စက် လည်း ကောင်းတယ် ”

လူရွှင်တော် က အငြိမ့်စင် တိုင် ထိပ် မှာ ချိတ် ထားတဲ့ လော်စပီကာဟွန်း ရဲ့ ယူနစ် ကို မော့ ကြည့်တယ် ။

“ ပါတီ ”

“ ခင်ဗျာ ”

“ ယူနစ် မကောင်းတာကွ ”

“ ဗျာ ”

“ ပါတီ ၊ ယူနစ် မကောင်းတာ ”

မ.ဆ.လ ခေတ် က မြို့နယ် အုပ်ချုပ်ရေး ကိစ္စတွေ ကို မြို့နယ် ပါတီယူနစ် က ဦးဆောင် နေတာမို့ အဲဒီ စကားသံ ကြား တာ နဲ့ ပရိသတ် ရဲ့ လက်ခုပ် သြဘာသံ က ဝေါခနဲ ညံ သွားတယ် ။

နှုတ်ခမ်းမွေး ပါပါလေး ဟာ အဲဒီ ကတည်း က ပြည်သူ ချစ်တဲ့ အနုပညာရှင် ဖြစ်ခဲ့တာ ။ ကျွန်တော် လည်း သူ့ ကို ချစ်ခင် လေးစား ခဲ့တယ် ။

၁၉၉၈ ခုနှစ် က ကျွန်တော် လန်ဒန် ကို ရောက် တော့ နှုတ်ခမ်းမွေး ပါပါလေး ကို ဂုဏ်ပြုထားတဲ့ ခန်းမဆောင် ကို သွား ခဲ့တယ် ။ အဲဒီ အချိန် က သူ က အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ခုနစ် နှစ် ကျခံ နေရချိန် ။ ၁၉၉၆ ခု ၊ လွတ်လပ်ရေးနေ့ ပြက်လုံးတွေ ကြောင့် အကျဉ်း ခံ နေရတာ ။ သူ့ ကို ဂုဏ်ပြု တဲ့ ခန်းမဆောင် မှာ လက်ဗွေနှိပ် တဲ့ စာအုပ် တစ်အုပ် ရှိတယ် ။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ အပါအဝင် လူတွေ ထောင် နဲ့ ချီပြီး လက်ဗွေတွေ နှိပ် ထား ကြတယ် ။

နှုတ်ခမ်းမွေး ပါပါလေး ထောင် က လွတ်တော့ သူ့ အိမ်ခန်းကျဉ်းလေး ထဲ မှာ အငြိမ့် ပြန် ကတယ် ။ သူ့ နာမည် က ကမ္ဘာကျော် နေပြီ မို့ တိုးရစ်တွေ အများကြီး သူ့ ပွဲ ကို လာ ကြည့်ကြတယ် ။ နှုတ်ခမ်းမွေး ညီအစ်ကို တွေ ဖြစ်တဲ့ ပါပါလေး ၊ လူဇော် တို့ က နိုင်ငံခြားဧည့်သည် ဆွဲဆောင်မှု ဖြစ်နေတယ် ။

တစ်နေ့ မှာ တော့ သူ့ ဘဝ အကြောင်း ရောက်တတ်ရာရာ ကျွန်တော် နဲ့ ထိုင် ပြော ဖြစ်ကြပါတယ် ။

“ ကျွန်တော်တို့ ကလေး ဘဝ တုန်း က အဖေ က ဘာလုပ် ကျွေး ခဲ့ သလဲ ဆိုတော့ ကျွန်တော်တို့ ရွှေဘိုနယ် မှာ ရှိတဲ့ အိုးစည်ဒိုးပတ်ဝိုင်း မှာ လူရွှင်တော် ဟာသမင်းသား လုပ်ပြီး လုပ်ကျွေးခဲ့တာ ၊ ဘာလုပ်သေးလဲ ဆိုတော့ အလှူတွေ မှာ မဏ္ဍပ် ဆင် ပေးတယ် ၊ နာရေးတွေ မှာ ၊ နာရေး ဆိုတာ မင်္ဂလာ ပါ ”

“ ဟုတ်ကဲ့ ”

“ ခေါင်းတွေ မှာ လှလှပပ ဖြစ်အောင် ယိုးဒယား ပန်းခက်တွေ ဘာတွေ ဆင် ရတယ် ၊ ဆံပင် လည်း ညှပ်တယ် ၊ ခေါင်း တစ်လုံး တစ်မတ် ငါးမူး ပေါ့ ၊ စက် လည်း ချုပ်တယ် ၊ တိုက်ပုံအင်္ကျီ ၊ လူရွှင်တော် အဝတ်အစား ၊ မင်းသမီး ထိုင်မသိမ်း အင်္ကျီ လည်း ချုပ်တယ် ၊ တစ်နှစ် မှာ ရွာဘုန်းကြီးပျံပွဲ ကို မန္တလေး က မိတ်ဆက် မမြသန်း အငြိမ့် လာ ကတယ် ၊ ရွာ မှာ လူရွှင်တော် ရှိတယ် ဆိုလို့ အဖေ့ ကို ဝင် ကခိုင်းတာ ၊ သဘောကျ သွားပြီး နောက်နှစ် ကျ တော့ မန္တလေးအငြိမ့် ထဲ အဖေ ရောက် သွား ရော ”

“ ဦးပါပါလေး အငြိမ့် ထဲ ရောက်လာပုံ ကော ”

“ ကျွန်တော် က ပညာ သင်တယ် ၊ ကလေး ရှိသေး ပေမယ့် ပွဲ က သွားရာ လှည်းပေါ် ထိုင် လိုက်သွားတယ် ၊ လှည်း လမ်းကြောင်း မှာ ဖုန်တွေ က တထောင်းထောင်း ပေါ့ ။ အတီး ပညာရှင်တွေ ၊ မင်းသမီးတွေ က သင် ပေးတာ ၊ ခွန်းထောက် ဆိုစမ်းကွာ ဆိုတော့ အားရပါးရ ဟဲ တာ ၊ ပါးစပ် ထဲ ဖုန် တွေ ဝင် ၊ လည်ချောင်း ထဲ ဖုန် တွေ ကပ်ပြီး အသံဝင် သွားလို့ ကမယ့် နေရာ ကျ မကနိုင် တော့ဘူး ”

နှုတ်ခမ်းမွေး ပါပါလေး က ရယ်တယ် ။ သူ ရယ်တော့ နှုတ်ခမ်းမွေး က ငှက်ပျံ တဲ့ တောင်ပံတွေ လို တက်ချည် ကျချည် ။

“ သူတို့ က ကျွန်တော့် ကို ပညာ ပေး နေကြတာ ၊ ဖုန်တွေ ထ ရင် မဆိုရဘူးပေါ့ ၊ ပြက်လုံးတွေ သင် ပေးထားလည်း ကျွန်တော် က စင်ပေါ် မှာ အမှားတွေ ပြက် မိတာ ”

“ နမူနာ တစ်ခု လောက် ”

“ လူရွှင်တော် တစ်ယောက် က မေးတယ် ၊ မင်းသမီး ကို မယူချင်ဘူးလား မေး ရင် ယူချင်တာပေါ့ ဖြေရမယ် ၊ အဲဒီတော့ မှ မင်း ယူချင်ရင် ငါ စီစဉ်ပေးမယ် ဆိုပြီး ပြက်လုံး ကို ခွင်ချ ပြက်တာ ၊ ကျွန်တော့် ကို မင်းသမီး မယူချင်ဘူးလား မေးတော့ ယူချင်ပါဘူးဗျာ ၊ ကျွန်တော် မှ မကြိုက်ဘဲ ၊ တော်နေကြာ ကျွန်တော့် အဖေ နဲ့ ရသွားမှာပေါ့ ဆိုတော့ ပြက်လုံး က မဖြစ်တော့ဘူး ”

“ အဓိက သင်ပေးတာ က ”

“ သမ္ဘာရင့် တဲ့ မင်းသမီးတွေ ၊ ငါ့ သား မရှက်နဲ့ နော် ၊ မကြောက်နဲ့ နော် ၊ ဖက် သင့် ရင် ဖက် သာ ဖက် ၊ လက် ကို ဆွဲရမှာ ဆိုရင် ဆွဲ ၊ အဲဒီလို သင်တာ ၊ မင်းသမီး ဒေါ်မြို့ချစ်စိန် ၊ ဒေါ်ဂျော်လီသန်း တို့ က သင် ပေးတာ ၊ ပြောရရင် တော့ အသက် ၁၉ ၊ ၂ဝ မှာ လူရွှင်တော် အနေ နဲ့ ပီပီပြင်ပြင် စ က တာ ၊ လူရွှင်တော် နာမည် က ပါတီ ”

“ အဖေ့ အငြိမ့် မှာ ကတာ က ”

“ အဖေ က ရွှေဘိုပွင့်ဦး အငြိမ့် ထောင်တယ် ၊ လူရွှင်တော် ညွန့်သန်း ၊ ပါတီ ၊ လူဇော် ၊ ဒေလီ ၊ လေးယောက် က တာ ၊ ရွှေဘို မှာ ငါးနှစ် ခြောက်နှစ် လောက် က တာ ၊ မန္တလေး မရောက် ခင် နှစ် မှာ ကျွန်တော့် အမျိုးသမီး ဖြစ်လာမယ့် မင်းသမီး မြို့တော်မဝင်းမာ ရောက် လာတယ် ၊ သူ က မပြုံးချို ရဲ့ တပည့် ၊ ပညာ ပြည့် တော့ ကျွန်တော် တို့ ကို ပြက်လုံး ပေး နိုင်တယ် ၊ အော်ပရာ သင်ပေး နိုင်တယ် ၊ ကျွန်တော် တို့ လည်း ငြိ သွားတယ် ပြောပါတော့ ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်မိတယ် ။

“ နောက်နှစ် သူ မန္တလေးပြန် သွားတော့ အောင်မြေအေး ( ၁ ) မှာ က တယ် ၊ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ ကို ခေါ်တယ် ၊ ကျွန်တော်တို့ က တာ ကို အငြိမ့်ထောင် က ကြည့် ပြီး ကြိုက်တယ် ၊ ဘယ်လောက် ပေးရမှာလဲ မေးတော့ အဖေ က အသုံးငွေ တစ်သောင်း ( ကျပ် ၁၀၀၀၀ ) တောင်းတယ် ၊ မန္တလေး မှာ နာမည်ကြီး တဲ့ သောင်းတန် ၊ ဂျော်လီ ၊ တက်တိုး တောင် မှ အသားကုန် ငွေသုံးထောင် ( ကျပ် ၃၀၀၀ ) ပဲ ရှိတာ ဆိုပြီး မပြေလည်ဘူး ”

“ ဟုတ်ကဲ့ ”

“ အဖေ က ငါ့ သား တို့ မှာ လိုနေတာတွေ ရှိသေးတယ် ဆိုပြီး ဧယင်ကျူး သင်ရတယ် ၊ သင်ပြီး နောက် ငါ့ သား မင်းတို့ မောင်နှမ ကို လာ ကို ခေါ်ရမယ် တဲ့ ၊ ကျွန်တော် က ပါတီ ၊ နှမ က မော်လီအေး ၊ နောက်နှစ် ၁၉၆၉ ခုနှစ် ကျ ဦးဘသန်း ၊ ဒေါ်အေး က လာ ကို ခေါ်တာ ”

နှုတ်ခမ်းမွေးပါပါလေး ပြောရင်း ပြုံးတယ် ။

“ လာ ခေါ်ပြီး ကျွန်တော် တို့ တောင်း တဲ့ ကျပ် ၁၀၀၀၀ လည်း ပေးတယ် ၊ အဲဒီ ခေတ် က ကျွန်တော် တို့ မောင်နှမ အရဆုံး ပေါ့ ၊ စပေါ် ကျပ် ၁၀၀၀၀ ပေးတဲ့ အပြင် နေစရာ တိုက် လည်း ငှား ပေးတယ် ၊ ကျွန်တော်တို့ နှစ်နှစ် ကပါ့မယ် လို့ သဘော တူ ကြတယ် ၊ နှစ်နှစ် နေတော့ ကျွန်တော်တို့ ပြန်ကြမယ်ပေါ့ ၊ တိုက်ရှင် က ရွှေဘိုတင်မောင် ၊ ယခု ကျွန်တော်တို့ လက်ရှိ နေတဲ့ နေရာ ၊ သူတို့ က ကျွန်တော် တို့ ကို ဝယ်စေ ချင်တယ် ၊ မဝယ်နိုင်ပါဘူး ဆိုတော့ လျှော့လျှော့ ပေးလာ လိုက်တာ နှစ်သောင်းခွဲ ( ကျပ် ၂၅ဝဝဝ ) ဖြစ် လာရော ၊ ရွှေဈေး က အဲဒီတုန်း က ငါးရာ့ငါးဆယ် ( ကျပ် ၅၅ဝ ) ၊ ဝယ်ဖြစ်ပါတယ် ”

မန္တလေးမြို့ မှာ အိမ်ပိုင်ရာပိုင် ဖြစ်ဖို့ ဆိုတာ ခက်တာ မို့ သူတို့ ကံ ကောင်း ပါတယ် ။

“ နောက် ကျွန်တော်တို့ ကိုယ်ပိုင် အငြိမ့် ထောင်တယ် ၊ မန္တလေးပါတီ အငြိမ့် ၊ ကျွန်တော့် ပြက်လုံးတွေ က သွား သွား ထိနေတယ် ၊ ကျွန်တော့် နာမည် ကို ခုတုံး ထမ်း ထမ်းပြီး ပြက်တာ ။ ပါတီ ၊ စားလို့ ကောင်းပါရဲ့လား ၊ ကောင်းပေါ့ဗျာ ။ ပါတီ စားနိုင်သောက်နိုင် လို့ လည်း ဝဖြိုး နေတာပေါ့ ဆိုတာမျိုး ၊ ပါတီ က တော့ သူခိုး ပဲ ဆိုတာမျိုး ။ အဲဒီတုန်း က သဘောရိုး နဲ့ ပါ ”

ကျွန်တော် နဲ့ နှုတ်ခမ်းမွေးပါပါလေး အတူ တူ ရယ်မိကြတယ် ။

“ ဒါနဲ့ နောက်ဆုံး မှာ ပါပါလေး လို့ ပြောင်း ပေး လိုက်ပါတယ် ၊ မဝင်းမာ သူ့ အမေ ဗြုန်းခနဲ ဆုံး သွားတယ် ၊ အဲဒီနောက် ကျွန်တော် တို့ လက်ထပ် လိုက်ကြတယ် ။ မြို့တော်သိန်းအောင် ဇာတ် မှာ သူ က ကတယ် ၊ နောက်တော့ ကျွန်တော်တို့ အငြိမ့် ကို ပြောင်း ကတယ် ၊ ဒီလိုနဲ့ က နေကြတာ ၊ ပြည်သူလူထု က လည်း အားပေးကြတာပေါ့ ၊ ၁၉၈၈ ခုနှစ် အထိ က ခဲ့ရတယ် ၊ အရေးအခင်း ပြီး တော့ ည မထွက်ရ အမိန့်ကြောင့် ပွဲတွေ မကရ တော့ဘူး ”

“ အဲဒီနောက် ကျကော ”

“ ခု ၊ နှစ် ၊ လ တော့ မမှတ်မိတော့ဘူး ၊ ရွှေဘို ကို ဒေါ်စု လာတယ် ၊ ဘဘဦးသော်က တို့ ၊ ဘဘဦးမိုးသူ တို့ လည်း ပါတယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး က လူတွေ က ခေါ်လို့ ကျွန်တော်တို့ ရွှေဘို ကို အငြိမ့် သွား က တယ် ၊ ဒေါ်စု က နောက်နေ့ မနက် ကျ ကျွန်တော်တို့ နဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်တယ် ၊ ကျွန်တော် နဲ့ ဂျာအေး က ဘေး နှစ်ဖက် က ၊ အစ်မ က အလယ် က ၊ မှတ်မှတ်ရရ ဒေါ်စု က အင်္ကျီအနီလေး နဲ့  ၊ ပဝါလေး နဲ့ ၊ ဓာတ်ပုံ ရိုက် ပြီးတော့ လူရွှင်တော် နှစ်ယောက် ကြား မှာ ကျွန်မ က မင်းသမီး ပေါ့ လို့ ပြောသေးတာ ၊ အစ်မ က တောင်သူလယ်သမား တွေ ကို ဒီမိုကရေစီ အကြောင်း သိအောင် စည်းရုံးပေးပါ လို့ ပြောတယ် ”

ပြောလက်စ ခဏ နားပြီး နှုတ်ခမ်းမွေးပါပါလေး က ရေ သောက်တယ် ။

“ ကျွန်တော့် တစ်သက် မှာ ထောင် လေးခါ ကျ ဖူးတယ် ၊ ပထမဆုံး ကျတာ က ကျွန်တော့် ဦးရီး ကို ဖမ်းတာ ၊ ဦးရီး က ထွက် ပြေးတော့ ဟိုတုန်းက ပုလိပ်ခေတ် ကိုး ၊ ကျွန်တော့် အမေ ကို ကိုယ်ဝန် နေ့စေ့လစေ့ကြီး နဲ့ ဖမ်း သွားတာ ၊ ဗိုက် နာတော့ ဆေးရုံ ပို့ မွေးပြီး အချုပ်ခန်း ထဲ ပြန် ပို့တာ ၊ မွေး မွေးချင်း ကျွန်တော် က အချုပ်ခန်း ထဲ ရောက်ရတဲ့ လူ ”

နှုတ်ခမ်းမွေးပါပါလေး က ခပ်သောသော ရယ်တယ် ။

“ ၁၉၉ဝ မှာ ခြောက်လ ၊ ၁၉၉၆ မှာ လွတ်လပ်ရေးနေ့  ပြက်လုံး ကြောင့် ခုနစ်နှစ် ၊ ၂ဝဝ၇ မှာ တစ်လ နဲ့ ငါးရက် ၊ အားလုံး လေးကြိမ်ပေါ့ ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

ဒရိုင်ဘာကြီး ထပြေးခြင်း


 

❝ ဒရိုင်ဘာကြီး ထပြေးခြင်း ❞

ဤသို့နှင့် ပင် မြို့ပိုင်ကလေး မောင်တိုင်းကျော် နှင့် မပန်းနု သည် ချစ်သူများ အဖြစ် သို့ ရောက်ရှိ သွားကြ လေတော့၏ ။ မောင်တိုင်းကျော် က လည်း မပန်းနု ကို ချစ်၏ ။ ပန်းနု က လည်း မောင်တိုင်းကျော် ကို မြတ်နိုး၏ ။ ၎င်းတို့ အချစ် သည် ခိုင်မြဲသည် ထက် ခိုင်မြဲ လာလေတော့၏ ။ ဟို သတ္တဝါ နှစ်ကောင် မှာ မူ မောင်တိုင်းကျော် နှင့် မပန်းနု တို့ ကို ကြည့်ကာ မနာလို မရှုဆိတ် ရှိကြ လေတော့၏ ။ ထို့ကြောင့် ၎င်းတို့ သည် ထမင်းဆိုင် ပြောင်း ၍ စားကြ လေတော့၏ ။ ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ သင်းတို့ က ဆိုင် ပြောင်းပြီး စားကြမှာ ပေါ့ ၊ ငါ့ ဆိုင် မှာ ထမင်း တကယ် စားချင်ကြတာ မှ မဟုတ်ဘဲ ၊ ပန်းနု ကို ပိုး ချင်လို့ စားနေကြတဲ့ ဟာ တွေ ၊ ပန်းနု လဲ တိုင်းကျော် နဲ့ ကြိုက်တယ် လဲ ဆိုရော သင်းတို့ လဲ ကု,လားဆိုင် ပြေးကြတော့တာပဲ ၊ ကု,လားဆိုင် က သူတို့ ကို ကျွေးမယ် ၊ ပဲဟင်း တစ်လှည့် ၊ ဘဲဥ တစ်လှည့် ကု,လားဆိုင် မှာ တော့ မြဲ မှာပါ ၊ အဲဒီ ဆိုင်မှာ က ပိုးစရာ ပန်းစရာ လဲ မရှိဘူး ၊ ပန်းဥ လဲ မရှိဘူး ”

ဟု ပြော လေတော့၏ ။ 

မောင်တိုင်းကျော် သည် တောနယ်များ သို့ ဆင်းသည့် အခါ တွင် ဆင်း၏ ။ မဆင်း သည့် အခါတွင် ထမင်းဆိုင် သို့ လာ၍ စား၏ ။ တစ်နေ့သ၌ ပန်းနု သည် ငါးဖယ်ငါးဆုပ်ဟင်း ချက်ရန် အတွက် ငါးဖယ်များ ကို ဆုံ ၌ ထည့် ၍ ထောင်းလေ၏ ။ ထိုအခါ၌ အဝေးပြေး ကုန်တင် မော်တော်ကားကြီး တစ်စီး သည် ဆိုင်ရှေ့ သို့ ရောက် လာပြီး ကားဒရိုင်ဘာ ဆင်း၍ လာ၏ ။ ထို့နောက် မျက်နှာ သစ်မည် ဟု ဆိုကာ ဆိုင် နောက်ဖေး သို့ သွားလေ၏ ။ ဆိုင် နောက်ဖေး သို့ ရောက် လျှင် ငါးဖယ်ငါးဆုပ် ထောင်း နေသော ပန်းနု အနီး သို့ ကပ်ကာ

“ ဟဲ့ ပန်းနု ၊ နင့် ကို ငါ ပြောထားတာ အဖြေ ပေးတော့လေ ”

ဟု မေးလေ၏ ။

“ နင့် ငါ့ ကို ယူမယ် မယူဘူး ဆိုတာလေ ”

ဟု ကားဒရိုင်ဘာ က မေး လေ၏ ။

“ ရှင့် ကို ဘယ်နှခါ ပြောရမလဲ ၊ ပြီးတော့ ရှင် နားလည် ထားဖို့ က ကျွန်မ ယောက်ကျ်ား ယူတော့မယ် ”

ဟု ပန်းနု က ပြောရာ ဒရိုင်ဘာ က

“ ဘယ် ဖြစ်မတုံး ၊ ငါ က နင့် ကို ချစ်နေတာပဲ ၊ နင် က ချစ်တယ် မချစ်ဘူး ဆိုတာ မစဉ်းစားနိုင်တော့ဘူး ”

ဟု ဆိုကာ ပန်းနု အား အတင်း သိုင်းဖက် လေတော့၏ ။ ပန်းနု က လည်း အတင်း ရုန်းကန် ၍ “ လွှတ်ပါ ၊ ရှင် ခွေး လို မလုပ်ပါနဲ့ ” ဟု ဆိုကာ အတင်း ရုန်း၏ ။ ဒရိုင်ဘာကြီး လည်းအတင်း ဖက်၏ ။ ထိုအချိန် ၌ မှာပင် မောင်တိုင်းကျော် သည် တော မှ ရောက်ရှိ လာပြီး ထမင်းဆိုင် အတွင်း သို့ ဝင် လေ၏ ။ ထို့နောက် ပန်းနု ကို တွေ့လို ဇောဖြင့် ဆိုင်နောက် သို့ သွား ရာ ပန်းနု နှင့် ဒရိုင်ဘာကြီး ထွေးလား လုံးလား ဖြစ်နေသည် ကို တွေ့ လျှင် ဒရိုင်ဘာ ၏ ပခုံး ကို ဆွဲ ၍ မျက်နှာ ကို လက်သီး ဖြင့် ထိုးချ လိုက်ရာ ဒရိုင်ဘာကြီး သည် နောက်သို့ လဲကျ သွား၏ ။ ထိုအခါ ပန်းနု က ဒရိုင်ဘာကြီး အား 

“ အဲ့ဒါပဲ ကျွန်မ ယူမယ့် ယောက်ျား ”

ဟု ပြော လိုက်လေတော့၏ ။ မောင်တိုင်းကျော် က လည်း

“ ဒီမှာ ကိုယ့် လူ ၊ မိန်းမလေး ကို ကာယိန္ဒြေ ပျက်မှုဟာ ထောင်ဒဏ် ရော ငွေဒဏ်ရော နှစ်ရပ် ကျခံ ရမယ် ၊ ပြီးတော့ ပိုင်နက် ကျူးလွန်မှု လဲ ဖြစ်ဦးမယ် ၊ အဲဒါက ထောင်ဒဏ် ၊ နောက် တစ်ခု က ကျုပ် ဟာ အစိုးရ တာဝန်ဝတ္တရား နဲ့ သွားလာ နေတာ ကျုပ် နဲ့ ရန် ဖြစ်ရင် ဝတ္တရား နှောင့်ယှက်မှု ပါ ဖြစ်ဦးမှာ ၊ ဒါနဲ့ မေးရဦးမယ် ၊ ကိုယ့် လူ ကျောက်ဆေး ထိုး ပြီးပြီလား ”

ဟု မေး လိုက်ရာ ဒရိုင်ဘာကြီး က

“ မထိုးရသေးပါဘူး ”

ဟု ယောင်ယမ်း ၍ ဖြေ လေ၏ ။

“ အေး အဲဒါက ဒဏ်ငွေ ၊ ဒါနဲ့ နေစမ်းပါဦး ၊ ကိုယ့် လူ က ဘာ အလုပ် လုပ်တာလဲ ”

ဟု တိုင်းကျော် က မေး လိုက်လေ၏ ။

“ လော်ရီကား မောင်းပါတယ် ”

ဟု ဒရိုင်ဘာကြီး က ပြန် ၍ ဖြေလေ၏ ။

“ အခု ဘာတွေ တင် လာ သတုံး ”

ဟု တိုင်းကျော် က မေး ပြန်၏ ။

“ မီးသွေးတွေ ပါ ဆရာ ”

ဟု ဒရိုင်ဘာကြီး က ပြန်၍ ပြော ပြန်၏ ။

“ အေး ၊ အဲဒါလဲ သစ်တောခွန် မဆောင်ရင် ငွေဒဏ် ရော ၊ ထောင်ဒဏ် ရော  ၊ ခံရသေးတယ် ကွ ၊ နောက်ပြီးတော့ မင်း အခု ကား ရပ်ထားတဲ့ နေရာ ဟာ ကား မရပ် ရတဲ့ နေရာ ကွ ၊ ဒါ လိုင်စင် သိမ်း ပစ် နိုင်တယ် ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ဒရိုင်ဘာကြီး လည်း ထ၍ ပြေး လေတော့၏ ။ ထိုအခါ ပန်းနု က ရယ်မော ၍

“ ကိုတိုင်းကျော် ဥစ္စာ က လဲ ကြောက်စရာကြီး ပါ လား ၊ အမှုတွေ က လဲ တစ်ခု ပြီး တစ်ခု တိုး လာ တော့တာပဲ ”

ဟု ပြော လိုက်ရာ တိုင်းကျော် က

“ ဒါတောင် တစ်မှု ကျန်သေးတယ် ”

ဟု ပြောလေ၏ ။

“ ဘာ အမှုလဲ ကိုတိုင်းကျော် ”

ဟု ပန်းနု က မေးလေ၏ ။

“ ဘာ အမှု ရမလဲ မပန်းနု ရဲ့ ၊ မြို့ပိုင်မင်းကတော် ကို ယီးတီးယားတား လုပ်တဲ့ အမှု ပေါ့ ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ပန်းနု က

“ ယူလဲ မယူသေးပဲနဲ့ ၊ ကတော်တွေ ဘာတွေ ဖြစ်လို့ပါလား ”

ဟု ပြော လေ၏ ။

“ ယူမယ် ပန်းနု ရေ ၊ ကိုတိုင်းကျော် ဒီ တစ်ခါ တော ဆင်းရမှာ ကြာ လိမ့်မယ် ၊ အဲဒီက ပြန် လာရင် မပန်းနု နဲ့ ယူဖို့ တစ်ခါတည်း စီစဉ်တော့မယ် ”

ဟု ပြော ဆိုကာ ပန်းနု ၏ ကိုယ်ကလေး ကို တစ်အား သိုင်း၍ ဖက် လိုက် လေတော့၏ ။

   •••••   •••••   •••••

❝ အသည်းနှလုံး ကို အရက် နှင့် စိမ်သူ ❞

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွား ပြီး သုံးလခန့် ကြာသော အခါ ၌ လွန်စွာ စုတ်နုတ်သော အဝတ်အစားများ ကို ဝတ် ထားပြီး လွန်စွာ မှ လည်း ညစ်ပတ်ပေလှသော လူ တစ်ယောက် သည် ကု,လားထမင်းဆိုင် တွင်း သို့ ဝင်၍ လာကာ ထမင်း မှာ လေ၏ ။

ကု,လားများ က လည်း ထမင်းဟင်းများ တည်ခင်း ပေးလေ၏ ။ ထို သူ သည် ဟင်းပန်းကန်အတွင်း မှ ဟင်းရည် ကို ဇွန်း ဖြင့် ခပ် ၍ သောက်ကြည့် လိုက်ပြီး နောက်

“ ထပ်တရီး ၊ မကောင်းဘူး ၊ သိပ်ကို မကောင်းတဲ့ ဟင်း ပဲ ဟေ့ကောင်တွေ မင်းတို့ ဆိုင် မှာ လာပြီး စားတာ စားချင်လို့ စားတယ် အောက်မေ့လို့ လား ၊ မဟုတ်ဘူးဟေ့ ပန်းနု က ငါ့ ကို မချစ်လို့ အသည်းနှလုံးတွေ ပျက်ကျေပြုန်းပြီး လာ စားရတာကွ ငါ့ အသည်းနှလုံးတွေ လဲ အရက် နဲ့ စိမ်ရတာ ဘာလိုလို နဲ့ ရက်ပေါင်း ကိုးဆယ် ရှိခဲ့ပါပြီ ကွာ အခုလဲ စိမ်ရဦးမယ်လေ ဟေ့ ”

ဟု ဆိုကာ ခါးကြား တွင် ထိုး လာသော အရက်ပုလင်း ကို ထုတ် ၍ မော့ လေတော့၏ ။ ထိုသူ ၏ အဖြစ်အပျက် ကို ဆိုင်တွင်း ရှိ အခြားသော သူ နှစ်ယောက် က ကြည့်ရှု နေလေ၏ ။ ထိုသို့ ကြည့်ရှု နေရင်း တစ်ယောက် သော သူ က

“ အချက်ပဲ ကွ ”

ဟု အော်သကဲ့ သို့ ကျန်သောသူ က လည်း

“ တို့ ဘက်သား တစ်ယောက် တိုး လာပြီဟေ့ ”

ဟု အော်လေ၏ ။ ထို သူ နှစ်ယောက် မှာ ကျောင်းဆရာ ကျော်ဝင်း နှင့် စာရေးကြီး မောင်ပြည့် တို့ ဖြစ်ကြောင်း ကို ဖော်ပြရန် လိုမည် မဟုတ်တော့ပါ ။ အရက် မူး ၍ ပန်းနု အတွက် အသည်းနှလုံး ကို အရက် နှင့် စိမ် ထားသူ ဆိုသူ မှာ လည်း အဝေးပြေးကား ကို မောင်းသည့် ဒရိုင်ဘာ ဖြစ်ကြောင်း ကို ရိပ်စား မိလောက်ပေပြီ ။ 

ကျော်ဝင်း နှင့် မောင်ပြည့် တို့ သည် ဒရိုင်ဘာကြီး ၏ စားပွဲ ဆီ သို့ နေရာ ရွှေ့၍ လာခဲ့ ကြသည် ။ ထိုအခါ ဒရိုင်ဘာကြီး က

“ နေစမ်းပါဦး ၊ ကိုယ့် လူ တို့က ဘာဖြစ်လို့ ကျုပ် စားပွဲ ကို ရွှေ့လာကြတာတုံး ၊ မိုက် လို့ ရွှေ့ တာလား ထွီ ”

ဟု ပြော လိုက်လေ၏ ။

“ မဟုတ်ပါဘူး မိတ်ဆွေ ရယ် ၊ ကျုပ်တို့ နဲ့ ခင်ဗျား ဟာ ကံတူ အကျိုးပေး တွေပါ ဗျာ ၊ ကျုပ်တို့ လဲ ပန်းနု နှိပ်စက်လို့ ဒီဆိုင် ကို ပြောင်းခဲ့ကြရတာ ၊ ပန်းနု နှိပ်စက်တယ် ဆိုပေမယ့် ပန်းနု က ဒီလောက် မဟုတ်ဘူး ၊ ပန်းနု နဲ့ ဖြစ်နေတဲ့ မြို့ပိုင် တိုင်းကျော် ဆိုတဲ့ ကောင် က ဒုက္ခ ပေးလို့ပါ ”

ဟု ကျော်ဝင်း က ပြော လျှင် အရက်မူးသမား ဒရိုင်ဘာကြီး က

“ မြို့ပိုင် မြို့ပိုင် ၊ ဟုတ်ပြီ ဟုတ်ပြီ ။ ကျုပ် ကို လဲ ကာယိန္ဒြေပျက်မှု တဲ့ ၊ ပိုင်နက်ကျူးလွန်မှု တဲ့ ၊ ကျောက်ဆေး မထိုးတဲ့ အမှု တဲ့ ၊ ဝတ္တရားနှောင့်ယှက်မှု တဲ့ ၊ သစ်တောခွန် မဆောင်တဲ့ အမှု တဲ့ ၊ ကား မရပ်ရတဲ့ နေရာ ကားရပ်တဲ့ အမှု တဲ့ ၊ အမှု ကို စုံနေတာပဲ ဗျာ ၊ အဲဒီ အမှု အတိုင်းသာ ကျုပ် ထောင်ကျ ရင်တော့ တစ်သက်တစ်ကျွန်း တောင် ရောက်လိမ့်မယ် ထင်တယ် ထွီ ”

ဟု ပြော လိုက်လေ၏ ။

“ အဲဒီတော့ ဒီလို လုပ်မယ်ဗျာ ၊ ကျုပ်တို့ သုံးယောက် ပေါင်းပြီး ကြံမယ် ”

ဟု မောင်ပြည့် က ပြော လိုက်ရာ အမူးသမားကြီး က 

“ ပန်းနု ကို ကြံမယ် ပြောတာလား ၊ မလုပ်နဲ့ ထွီ ”

ဟု ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်လေ၏ ။

“ မဟုတ်ပါဘူး ကိုယ့် လူ ရဲ့ ၊ ဟို မြို့ပိုင်စုတ် ကို ပြော တာပါ ”

ဟု မောင်ပြည့် က ပြန်၍ ပြော လိုက်လေ၏ ။

“ မြို့ပိုင် ကို ဘယ်လို ကြံမှာတုံး ၊ ချောင်း ပြီး ရိုက်မှာလား ၊ သ,တ်ပစ်မှာလား ၊ အဲဒါလဲ မလုပ်နဲ့ ၊ ကျုပ် သဘော မတူဘူး ထွီ ”

ဟု အမူးသမားကြီး က ပြော လိုက်လေ၏ ။

“ မဟုတ်ပါဘူး ကိုယ့်လူ ရာ ၊ သေသေချာချာ နားထောင်စမ်းပါဦး ”

ဟု ဆိုကာ မောင်ကျော်ဝင်း သည် အမူးသမားကြီး ၏ နား အနီး သို့ ကပ် ၍ တိုးတိုး ပြော၏ ။ ထိုအခါ အမူးသမားကြီး က

“ ထွီ ဘာ ပြောမှန်းလဲ မသိဘူး ၊ ခြင် အကောင် တစ်ရာ ပျံ သလိုပဲ ၊ တဝီဝီ နဲ့ နား ယားတယ် ”

ဟု ပြော လိုက်ရာ ကျော်ဝင်း လည်း နောက်သို့ ပြန်၍ ဆုတ်ရ လေတော့၏ ။

ထိုအခါ မောင်ပြည့် က

“ ဒီမှာ ကိုယ့် လူ ပန်းနု ကို ယူချင်သလား ၊ မယူချင်ဘူးလား ၊ ဒါပဲပြော ”

ဟု မေး လိုက်လေ၏ ။

“ ယူချင်တာပေါ့ ငါ့ လူ ရဲ့ ၊ ရမှ မရတဲ့ ဥစ္စာ ”

ဟု အမူးသမားကြီး က ပြောလေ၏ ။

“ ယူချင် ရင် မြို့ပိုင် နဲ့ ပန်းနု နဲ့ မယူဖြစ်ဘဲ ကွဲအောင် လုပ်မယ် ၊ သူတို့ နှစ်ယောက် ကွဲရင် ခင်ဗျား နဲ့ ညား နိုင်တယ် ၊ ကွဲအောင် လုပ်တဲ့နည်း ကျုပ်တို့ မှာ ရှိတယ် ၊ ဒါပဲ မနက်ဖြန် ဒီနေရာ ကို အရက် မသောက် ဘဲ လာခဲ့ ”

ဟု မောင်ပြည့် က ပြော လိုက်ရာ အရက်မူးသမားကြီး က

“ တကယ်လား ဆရာ ပန်းနု ကို ကျုပ် က တကယ်ပဲ ရ မှာလား ”

ဟု မေးလေ၏ ။

“ တကယ် ရမှာ တကယ် ရမှာ ၊ ကျုပ် ပြောတဲ့ အတိုင်း သာ လုပ် ၊ တကယ့် ကို ရမှာ ”

ဟု ပြော လိုက်ရာ အရက်မူးသမားကြီး သည် မြေ ပေါ် ၌ ထိုင်ချ ကာ

“ ကျေးဇူးရှင်ကြီး တို့ ရယ် ၊ ကျုပ် ပန်းနု ကို တကယ် ရမယ် ဆိုရင်တော့ ခင်ဗျား တို့ ကျေးဇူးကို တကယ် မမေ့ပါဘူးဗျာ ”

ဟု ဆိုကာ အဆက်မပြတ် ရှိခိုး လေတော့ သတည်း ။

   •••••   •••••   •••••

❝ တိုင်းကျော် ၏ ကြမ္မာဆိုး ❞

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များ မကြာမီ ကျောင်းဆရာ ကျော်ဝင်း သည် ကျောင်းပိတ်ရက် နှင့် ကြုံ သဖြင့် မန္တလေး သို့ အပျော်ခရီး ထွက်သွား လေ၏ ။

များ မကြာမီ၌ ပင် မန္တလေး သို့ အလည် လိုက်ခဲ့ စေလိုကြောင်း ၊ မိမိ အနေ ဖြင့် မေမြို့သို့ လည်ပတ်မည် ဖြစ်၍ အဖော် ခေါ် ရကြောင်း သံကြိုးစာ တစ်စောင် ကို ပို့လိုက် လေ၏ ။

ထိုအခါ မောင်တိုင်းကျော် သည် ဆိုင် အတွင်း သို့ ဘေး မလွယ်ပေါက် မှ ဝင်ခဲ့ လေ၏ ။ ထိုအခါ ဆိုင်ရှင် အဒေါ်ကြီး က

“ မောင်တိုင်းကျော် လား ဟေ့ ဟင်းတော့ ကုန်ပြီကွယ် ၊ ရှိတာလေး နဲ့ ခူးခပ် စား ပေတော့ ၊ မင်း ညီမ မပန်းနု လဲ မရှိဘူးကွယ့် ၊ ဒီနေ့ နေ့ခင်း ကပဲ တော ကို ကြွေးလေး မှီလေးတောင်းဖို့ လွှတ်လိုက်တယ် ”

ဟု ဆိုသဖြင့် မောင်တိုင်းကျော် လည်း မိမိ ဘာသာ  ခူးခပ် စား ရ လေတော့၏ ။

“ အဒေါ်  ဒီနေ့ ဟင်း မချက်ဘူးလား ”

ဟု မောင်တိုင်းကျော် က ထမင်း စားရင်း မေး လိုက်လေ၏ ။

“ မနက်ဖြန် ရောင်းဖို့ အတွက်တော့ မချက်တော့ပါဘူးကွ ယ် ၊ အဒေါ် လဲ နေ မကောင်းဘူး ၊ ပန်းနု လဲ မရှိဘူး မဟုတ်လား ၊ သုံးလေးရက် တော့ ဆိုင် ပိတ်ထား ရမယ်ကွယ့် ၊ တောဆင်း ပြီး အကြွေး တောင်းရတယ် ဆိုတာ မလွယ်ဘူး ၊ စောင့်ပြီး တောင်း ရတယ် ၊ သုံးလေးရက် တော့ ကြာ လိမ့်မယ် ”

ဟု အဒေါ်ကြီး က ပြော လိုက်လေ၏ ။

ထိုအခါ မောင်တိုင်းကျော် က

“ ထမင်း ချက်ဖို့ လူ မရှိရင် ကျွန်တော် လာပြီး ကူ ချက်ပေးပါ့မယ် ၊ ဆိုင် ကို ဘာဖြစ်လို့ ပိတ်မတုံး ”

ဟု ပြော လိုက်လေ၏ ။

“ ထမင်း ချက်တာ က အရေး မကြီးပါဘူးကွယ် ၊ အဖော် မရှိဘဲ အဒေါ် တစ်ယောက် တည်း ဈေး မရောင်းဝံ့ဘူး ၊ ခေတ်ကာလ က လဲ မကောင်းဘူး ကွယ့် ၊ အဒေါ် တို့ ကလဲ ကျစ်ကျစ်လျစ်လျစ် နေတတ် မှန်း ၊ စားတတ် မှန်း သိတော့ အတွင်း ပစ္စည်းကလေး ဘာလေး ရှိတယ် ဆိုတာ တချို့က ရိပ်မိတယ် ကွယ့် ၊ ဘာပဲ ဖြစ်ဖြစ် ပန်းနု လာ မှပဲ ဖွင့်ပါတော့မယ် ကွယ် ”

ဟု အဒေါ်ကြီး က ပြော လိုက်လေ၏ ။

ထိုအခါ မောင်တိုင်းကျော် လည်း ထမင်း စားသောက် ပြီးပြီ ဖြစ်၍ ပန်းကန် ခွက်ယောက်များကို ကိုယ်တိုင် ဆေးကြော နေလေ၏ ။

ထိုသို့ ဆေးကြောပြီး နောက် တံမြက်စည်း လှဲမည် ဟု တံမြက်စည်း ရှိရာ သို့ သွားရာ လမ်း တွင် ခလုတ်တိုက် မိ သဖြင့် ၎င်း ၏ ဖိနပ်သဲကြိုး သည် ပြတ် ၍ သွားလေတော့၏ ။

ထို့ကြောင့် မောင်တိုင်းကျော် က “ ဒုက္ခပါပဲဗျာ ” ဟု ညည်းညူ လိုက်ရာ ထမင်းဆိုင် အဒေါ်ကြီး က “ ဘာဖြစ်လို့လဲ မောင်တိုင်းကျော် ” ဟု အိပ်ရာ အတွင်း မှ လှမ်း၍ မေး လိုက်လေ၏ ။ “ ဖိနပ် ပြတ်သွားလို့ပါ အဒေါ် ရယ် ” ဟု မောင်တိုင်းကျော် က ပြန်၍ ပြောလိုက် လေ၏ ။

ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ ဖိနပ် ပြတ်သွားလဲ ခုံဖိနပ် တစ်ရံ ရှိပါတယ် ၊ အဲဒါ စီး သွားပေါ့ ၊ မနက် ကျတော့ ကိုမောင်ကြီးဆိုင် က ဖိနပ်တစ်ရံ ဝယ် စီးလိုက်ပေါ့ ”

ဟု ဆိုသဖြင့် မောင်တိုင်းကျော် လည်း ၎င်း ၏ သားရေဖိနပ် ကို ထားခဲ့ပြီး နောက် ထမင်းဆိုင် မှ ခုံဖိနပ် ကို စီး ကာ ပြန်ခဲ့ လေတော့၏ ။

လမ်း တွင် ဒရဝမ်ကု,လား နှင့် တွေ့၏ ။ ဒရဝမ်ကုလား က “ ပရာဆပ် ဘယ် က ပြန်လာတာလဲ ” ဟု မေးလေ၏ ။

မောင်တိုင်းကျော် က

“ ငါ ထမင်းဆိုင် က ပြန်လာခဲ့တာ ၊ ဒါနဲ့ နေစမ်းပါဦး မင်း ကျောက်ဆေး ထိုး ပြီးပြီလား ”

ဟု မေး လိုက်ရာ ဒရဝမ် က

“ မထိုးရသေးဘူး ဆပ် ”

ဟု ရိုသေစွာ ပြန်၍ ဖြေ လေ၏ ။

“ မနက်ဖြန် ကျရင် မြန်မြန် ထိုး လိုက် ၊ နို့မို့ရင် မင်း ကို ဒဏ်ငွေ ချရလိမ့်မယ် ”

ဟု မောင်တိုင်းကျော် က ပြောရာ ဒရဝမ်ကု,လား က

“ စိတ်ချပါ ဆပ် ၊ နက်ဖြန်ခါ ကျောက်ထိုးဆရာကြီး ဦးလှထွန်း ဆီ မှာ ထိုးပါ့မယ် ”

ဟု ကတိ ပေး ပြီးလျှင် ဆယ်နာရီ ထိုးနေပြီ ဖြစ် သဖြင့် နာရီသံချောင်း ကို ဆယ်ချက် တိတိ ခေါက် လိုက် လေတော့၏ ။

“ ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ”

ထို သံချောင်းသံ ကား မောင်တိုင်းကျော် ၏ ဘဝ ဇာတ်လမ်း တွင် အခန်း တစ်ခန်း ပြောင်းရန် အတွက် လိုက်ကာ ချ၍ အချက်ပေး လိုက်သော သံချောင်းသံ ဟု ဆိုနိုင်ပေ၏ ။ အဘယ်ကြောင့် ဆိုသော် ညစဉ် ညတိုင်း ထမင်း လာ၍ စား နေရသော ပန်းနု တို့ တူဝရီး ရောင်းချသည့် ထမင်းဆိုင်ကလေး သို့ မြို့ပိုင်လေး မောင်တိုင်းကျော် သည် နောက်ထပ် ထို ဆိုင်ကလေး သို့ လာရန် အကြောင်း မရှိတော့ သောကြောင့် ဖြစ်ပေ၏ ။

ထို သံချောင်းသံ သည် မောင်တိုင်းကျော် နှင့် ထမင်းဆိုင်ကလေး ကို ကတ္တား ချလိုက် သကဲ့သို့ပင် ရှိ လေ၏ ။ မောင်တိုင်းကျော် သည် ၎င်း အိမ် သို့ ရောက် လျှင် မိမိ တာဝန်ကျသော အမှုတွဲများ ကို ဖတ်၏ ။ မှတ်တမ်းများ ကို ရေးသား၏ ။ ဆယ့်နှစ်နာရီ ကျော် မှ ပင် အိပ်စက်ခဲ့ လေ၏ ။ နောက် တစ်နေ့ နံနက် တွင် ပိတ်ရက် ဖြစ်သောကြောင့် နေ မြင့် အောင် အိပ်စက်မည် ဟု ဆုံးဖြတ် ကာ မောင်တိုင်းကျော် လည်း နံနက် ရှစ်နာရီ ထိုးသည် အထိ အိပ်စက် နေလေတော့၏ ။

ထိုအချိန် လောက် မှာ ပင် အိမ်တံခါး ကို လာ၍ ခေါက်သံ နှင့် “ မြို့ပိုင်ကလေး ၊ မြို့ပိုင်ကလေး ထပါဦး ” ဟု အော်ဟစ် ခေါ်သံများ ကို လည်း ကြားရ သဖြင့် မောင်တိုင်းကျော် သည် အိပ်ရာ မှ ကပျာကယာ ထ ၍ တံခါး ကို ဖွင့်ပေး လိုက်ရာ ပုလိပ် အချို့ နှင့် ဌာနာအုပ်ကြီး ကို တွေ့ရလေ တော့၏ ။

“ ဘာ ကိစ္စလဲ ဌာနာအုပ်ကြီး ”

ဟု မောင်တိုင်းကျော် က မေး လိုက်လေ၏ ။

“ ဘာကိစ္စ ဆိုတာ ကျုပ်တို့ ထက် ခင်ဗျား က ပိုပြီး သိပါတယ် ၊ ဂါတ် ကျတော့ ရှင်းပြရတာပေါ့ ၊ ဟေ့ လက်ထိတ် ခတ်လိုက် ”

ဟု ဆို ကာ ဌာနာအုပ်ကြီး သည် မောင်တိုင်းကျော် အား လက်ထိတ် ခတ်ရန် ပုလိပ် တစ်ဦး ကို အမိန့် ပေး လိုက်လေတော့၏ ။

ပုလိပ် တစ်ဦး သည် မောင်တိုင်းကျော် ၏ လက် ကို “ ချောက် ” ခနဲ လက်ထိတ် ခတ် လိုက် လေတော့၏ ။

ထို့နောက် ဂါတ်သို့ ခေါ်သွား ကြ လေတော့၏ ။ ဂါတ် သို့ ရောက် လျှင် ည က မောင်တိုင်းကျော် နှင့် စကား ပြော ခဲ့သော ဒရဝမ်ကု,လား ကို တွေ့ရလေ၏ ။ ထို့နောက် ယမန် နေ့ ည က ပြတ် သွားသော ၎င်း ၏ သားရေဖိနပ် အပြတ် တစ်ရံ ကို လည်း ဌာနာအုပ်ကြီး စားပွဲ ပေါ် ၌ ထူးဆန်းစွာ တွေ့ရလေ၏ ။

“ ဘယ်လို ဖြစ်တာလဲ ဌာနာအုပ်ကြီး ရယ် ”

ဟု မောင်တိုင်းကျော် က မျက်စိပျက် မျက်နှာပျက် နှင့် မေး လိုက်လေ၏ ။

ထိုအခါ ဌာနာအုပ်ကြီး က

“ ဒီ အမူအရာတွေ က ရိုး နေပါပြီ ကိုတိုင်းကျော် ရယ် ဒါတွေက မင်းသား ကိုဘတင့်ကြီး လုပ်တဲ့ အမူအရာမျိုး တွေ ပါ ။ ခင်ဗျား ည က ဟို ထမင်းဆိုင် မှာ ထမင်း သွား စားတယ် ။ ပြီးတော့ ထမင်းဆိုင် က အဒေါ်ကြီး ကို သ,တ်ပြီး ပစ္စည်းတွေ ယူ သွားတယ် ။အဲ့ဒီ ထမင်းဆိုင် က ည အချိန်မတော်ကြီး ခင်ဗျားပြန်ထွက် လာတာကို ဟော့ဟို ဒရဝမ်ကု,လား က တွေ့တယ် ။ ခင်ဗျား ဘာ ငြင်းဦးမလဲ ၊ ငြင်းချင် ရင် ဒီမှာ မငြင်းနဲ့ ၊ စက်ရှင်တရားသူကြီး ရှေ့ ကျမှ ငြင်းပေတော့ ”

ဟု ဆိုကာ မောင်တိုင်းကျော် အား အချုပ်ခန့် အတွင်း သို့ သွင်း လိုက်လေတော့၏ ။

မောင်တိုင်းကျော် ၏ အမှုသည် တစ်မြို့လုံး အုတ်အော်သောင်းတင်း ဖြစ် သွားလေ၏ ။ သတင်းစာ ထဲ ၌ ထို သတင်း ပါလာသော အခါ၌ မူ တစ်တိုင်းပြည်လုံး သို့ ကြေငြာ လိုက် သကဲ့သို့ ရှိ လေ၏ ။

အဖြစ်မှန် မှာ မန္တလေး သို့ ရောက် နေသော ကျောင်းဆရာ ကျော်ဝင်း သည် နံနက် စောစော ရထား ဖြင့် လိုက်ပါ လာပြီး လျှင် ထို ည က တိုင်းကျော် အပြန် တွင် မျက်နှာဖုံး စွပ် ကာ ထမင်းဆိုင် သို့ ဝင်လေ၏ ။

ထမင်းဆိုင် အဒေါ်ကြီး ထံ မှ အတွင်းပစ္စည်းများ ကို ဓားထောက် ၍ တောင်း လေ၏ ။ အဒေါ်ကြီး က မျက်နှာဖုံး ကို လက်ဖြင့် ဆွဲ၍ ချွတ် လိုက်ရာ ကျော်ဝင်း ၏ မျက်နှာကြီး သည် “ ဘွား ” ခနဲ ပေါ် လာလေ၏ ။

ထိုအခါ အဒေါ်ကြီး က

“ ခွေးမျိုး အကြံ ပက်စက်တဲ့ ခွေးမျိုး ”

ဟု ဆဲ လေတော့၏ ။

“ ဪ ခင်ဗျားက ကျုပ် မှန်း သိသွားပြီ ကိုး ၊ ခင်ဗျား ကို အရှင် ထားလို့ မဖြစ်ပေဘူး ”

ဟု ပြောဆို ကာ ကျော်ဝင်း လည်း အဒေါ်ကြီး ၏ ရင်ဝ ကို ဓား ဖြင့် အဆက်မပြတ် ထိုးလေတော့၏ ။

အဒေါ်ကြီး လည်း အော်မျှ ပင် မအော်နိုင်တော့ဘဲ အသက် ဆုံးရှုံးရ လေတော့၏ ။ ကျော်ဝင်း လည်း ပစ္စည်းများ ကို ယူကာ ပြေး လေ၏ ။

၎င်း ပြေးသော နေရာ က အခြား နေရာ မဟုတ် ။ လော်ရီကားကြီး တစ်စီး ဆီ သို့ ဖြစ်၏ ။ လော်ရီကားကြီး ပေါ် ၌ ကား ပန်းနု ကို တစ်ဖက်သတ် ကြိုက် နေသော မော်တော်ကား ဒရိုင်ဘာကြီး သည် ကျော်ဝင်း ကို စောင့်မျှော် နေလေ၏ ။

ကျော်ဝင်း ကား ပေါ် သို့ ရောက်သည် နှင့် တစ်ပြိုင်နက်တည်း ဒရိုင်ဘာကြီး လည်း ကား ကို မန္တလေး ဘက် သို့ ဦးတည်၍ မောင်းနှင် လေတော့၏ ။

“ ဘယ်လိုလဲ နေရာ ကျခဲ့ရဲ့လား ”

ဟု ဒရိုင်ဘာကြီး က မေးလေ၏ ။

“ နေရာ ကျပါတယ်ဗျာ ၊ အဒေါ်ကြီး တော့ ကျုပ် လက်ချက် နဲ့ သေရှာပြီ ”

ဟု ပြောရာ ဒရိုင်ဘာကြီး က

“ ဘာဖြစ်လို့ သ,တ်ပစ်ရတာတုံး ၊ ပန်းနု ကို မရရင် နေပါစေဗျာ ။ ဟိုလူသ,တ် ဒီလူသ,တ် တော့ မလုပ်ပါနဲ့ ”

ဟု ပြော လေ၏ ။

ထိုအခါ ကျော်ဝင်း လည်း တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မရှိဘဲ ငြိမ်၍ သာ လိုက်ခဲ့လေ၏ ။

နံနက် မိုး လင်းခါနီး တွင် ထို လော်ရီကားကြီး သည် သာစည် သို့ ရောက်လေ၏ ။ ထိုအခါ ကျော်ဝင်း သည် ဒရိုင်ဘာကြီး အား 

“ ခင်ဗျား ရှမ်းပြည်နယ် ကို ဆက် သွားမှာ မဟုတ်လား ၊ ကျုပ် မလိုက်တော့ဘူး ။ ကျုပ် က မန္တလေး ကို သွားမှာ ၊ နောက်မှ အေးအေးဆေးဆေး တွေ့ကြသေးတာပေါ့ ။ ခင်ဗျား နဲ့ ပန်းနု ကိစ္စလဲ စိတ်အေးအေး ထားပါ ၊ ရ ကို ရ ပါစေမယ် ၊ နေ နေဦး ရှမ်းပြည်နယ် ဘက် မှာ သိပ်ပြီး ချမ်းတာ ၊ အရက် တစ်လုံး လက်ဆောင် ပေးလိုက် ဦးမယ် ”

ဟု ဆိုကာ ကျော်ဝင်း သည် အရက်ဆိုင် တစ်ဆိုင် သို့ ဝင် ကာ အရက် တစ်လုံး ဝယ် ၍ ဒရိုင်ဘာကြီး အား လက်ဆောင် ပေး လိုက် လေတော့၏ ။

၎င်း က မူ သာစည် လော်ကယ် ဖြင့် မန္တလေး သို့ စီးနင်း လိုက်ပါကာ ဣန္ဒြေ မပျက် နေထိုင်လိုက် လေတော့၏ ။ ဒရိုင်ဘာ လည်း ကား ကို ဆက်လက်၍ မောင်းနှင် သွား ကာ ရှမ်းပြည်နယ် နယ်စပ် သို့ ရောက် လျှင် စတင်၍ အအေးဒဏ် ကို ခံရ လေတော့၏ ။

အောင်ပန်း သို့ ရောက်ခါနီး ၌ မူ အအေးဒဏ် ကို ဆက်လက် ၍ မခံနိုင်တော့ သဖြင့် ကျော်ဝင်း ဝယ်ပေး သော အရက်ပုလင်း ကို ကား မောင်းရင်း မော့ လေ တော့၏ ။ ထိုသို့ မော့ လိုက်ပြီး တစ်ခဏ ၌ ပင် ၎င်း ၏ မျက်လုံးများ သည် ပြာဝေ ၍ အကြောများ လည်း ဆွဲ လာ ကာ စတီယာတိုင် ကို မထိန်းနိုင် တော့ ဘဲ ချောက် ထဲ သို့ ကျသွား လေ တော့၏ ။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း ဆိုမူ မောင်ကျော်ဝင်း သည် ဒရိုင်ဘာကြီး အား အရက်ပုလင်း လက်ဆောင် ပေးရာ ၌ အရက် ထဲ တွင် အဆိပ်များ ခတ်ခဲ့သော ကြောင့် ဖြစ်ပေ၏ ။

မောင်တိုင်းကျော် ၏ အမှု ကို မူ မကြာခဏ ရုံး တင်၍ စစ်လေ၏ ။ ကျော်ဝင်း လည်း မန္တလေး မှ ပြန် လာကာ အချုပ် အတွင်း မှ မောင်တိုင်းကျော် အား သွားရောက် ၍ တွေ့ဆုံ လေ၏ ။

“ ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်း ရယ် ၊ ငါ့ မှာ တော့ တစ်နေ့ မင်း လိုက်လာနိုး နဲ့ မန္တလေး မှာ စောင့်လိုက်ရတာ ကွာ ၊ ငါ့ ဆီ ကို မင်း လိုက်လာရင် ဒီလို ဖြစ်မှာမဟုတ်ဘူး ”

ဟု ပြော လေ၏ ။

ဤသို့နှင့် ပင် မောင်တိုင်းကျော် ၏ အမှု ကို အကြိမ်ကြိမ် စစ်ဆေး ပြီး နောက် စက်ရှင်တရားသူကြီး က လူသ,တ်မှု တို့ မည်သည် သေစားသေရန် အမိန့် ချ အပ်ပေသည် ။

သို့ရာတွင် ယခု အမှု၌ ကား တရားခံ တိုင်းကျော် သ,တ်သည် ဟု ထွက်ဆိုမည့် မျက်မြင်သက်သေ မရှိ ၊ ထို့ကြောင့် သံသယ ဖြစ်ဖွယ် ရှိသည် ။ တရားဥပဒေ ၏ ထုံးစံအတိုင်း သံသယ၏ အကျိုး ကို တရားခံ တိုင်းကျော် ခံစားခွင့် ရှိပေသည် ။ ထို့ကြောင့် တိုင်းကျော် အား သေစားသေစေ အပြစ်ဒဏ် ပေးရမည့် အစား ၊ တစ်သက်တစ်ကျွန်း ကျခံရန် အမိန့် ချမှတ် လိုက်သည်ဟု ဆုံးဖြတ် လိုက် လေတော့၏ ။

မောင်တိုင်းကျော် သည် တစ်သက်တစ်ကျွန်း သို့ မရောက်မီ ရန်ကုန်ထောင် ၌ ပင် တစ်နှစ်ကျော်ကျော် ခန့် နေရပေပြီ ။ ထိုနောက်တွင် ကား “ ဖော်ကျွန်း ” အမည်ရှိ ပင်လယ်ကူး သင်္ဘောကြီး ဖြင့် ၎င်း အား တစ်သက်တစ်ကျွန်း သို့ လိုက်ပါရသည့် နေ့ တွင် ပန်းနု နှင့် ကျော်ဝင်း တို့ ၏ မင်္ဂလာဆောင် သော နေ့ကြီး လည်း ဖြစ်ပေ၏ ။ ထိုနေ့၌ ကျော်ဝင်း သည် ကျောင်းအုပ်ကြီး ရာထူး ကို လည်း တိုးမြှင့် ရရှိ လေတော့၏ ။

အမှန်တကယ် လူသ,တ်မှု ကို ကျူးလွန်ခဲ့သော ကျော်ဝင်း သည် ၎င်း အလို ရှိသော မိန်းမချောမိန်းမလှကလေး ပန်းနု ကို လည်း ရ၏ ။ ရာထူး လည်း တက်ရ၏ ။ မည်သည့် ပြစ်မှု ကို မှ မကျူးလွန် ခဲ့ သော မောင်တိုင်းကျော် မှာ မူ ချစ်သူ ပန်းနု ကိုလည်း ဆုံးရှုံး ခံရ၏ ။ တစ်သက်တစ်ကျွန်း သို့ လည်း အပို့ ခံရ၏ ။ ကံတရား ဟူသည် ဆန်းကြယ်ပေစွ တကား ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

ဖူးစာရှင် ကိုကြာပွတ် ၏ ဇာတ်ကြောင်း


 

❝ ဖူးစာရှင် ကိုကြာပွတ် ၏ ဇာတ်ကြောင်း ❞

ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ပဲခူးမြစ် ၏ တစ်နေရာ သို့ ရောက်ရှိ သွားလေ တော့၏ ။ ထို နေရာ ၌ အသင့် တွေ့ သော လှေ တစ်စီး ကို ယူ ကာ မြစ်ညာဘက် ကို ဆန်တက် လှော်ခတ် သွားလေတော့၏ ။ 

အချို့ နေရာများ တွင် ရပ်နား ၍ ထမင်ဟင်းလျာများ ဝယ်ယူ ကာ စားသောက်၏ ။ ဤသို့နှင့် ပင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ ၏ လှေကလေး သည် တဖြည်းဖြည်း တရွေ့ရွေ့ ဆန်တက် နေလေတော့၏ ။

ဤသို့ ဆန်တက် ရင်း ကိုကြာပွတ် က

“ မမယ်ဇယ် ၊ မင်း နဲ့ ကျုပ် နဲ့ ကတော့ ကြံဖန်ပြီး ရေစက် ဆုံတာပဲ ။ ဖူးစာဖက် တောင် ဖြစ်ချင် ဖြစ်သွားဦးမှာ ။ ဟောဒီ မင်း အဖေ ဦးမြူ ရေးထားတဲ့ မှတ်တမ်းကြီး ဟာ အနာဂတ် မှာ ငါတို့ လျှောက်ရမယ့် လမ်း ကို ရွှေ နဲ့ ခင်းပြီး စိန်မှုန် ကြဲ ထား သလို ဖြစ်နေပြီ “ သန်းခေါင်ကြယ် ”  ဂိုဏ်းသားတွေ ဝှက်ထားတဲ့ ကျွန်း ရော ။ သွားပုံ သွားနည်း အသေးစိတ် ရော ဒီ မှတ်တမ်းကြီး ထဲ မှာ ပါတယ် ကွယ့် ။ ဟို ကျရင် ပိုက်စိပ်တိုက် ပြီး ရှာကြရုံပဲ ရှိတော့တာ ပိုင်ဆိုင်ခွင့် ရ ရင် တော့ မင်း ရော ငါ ရော ဟာ ကမ္ဘာ ပေါ် မှာ ရှိတဲ့ မီလျံနာသူဌေးကြီး တွေ စာရင်း တောင် ဝင် နိုင်တယ် ။ အဲဒီတော့ မင်း ကို ငါ ပြောချင်တာ က မင်း လက်ခံမယ် ဆိုရင် မင်း ကို ငါ ယူမယ် ”

ဟု ပြော လိုက်လေ၏ ။

ထိုအခါ မမယ်ဇယ် က ကိုကြာပွတ် ၏ စကား ကို လမ်းကြောင်း ပြောင်းစေ လို သဖြင့်

“ ဒီမှာ ကိုကြာပွတ် ။ အခု ကျွန်မတို့ ဘယ်ကို သွားကြမှာတုံး ”

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ဒီလိုကွ တကယ်လို့ ပုလိပ်တွေ ခြေရာခံပြီး လိုက် လာရင် လွဲ သွားအောင် ဆိုပြီး ရေလမ်း က လာ နေတာ ။ တစ်နေရာ ကျ တော့ လဲ ကုန်း ပေါ် တက်ပြီး ကုန်းလမ်း က သွား ကြတာပေါ့ တောင်ကမ်းပါး အောက် က ငါ ရဲ့ အိမ်ကလေး ဆီ ကို သွားမယ် ။ အဲဒီ အိမ် နဲ့ ခြံကလေး ကို အနီးအပါး က လူတွေ ကို ရတဲ့ ဈေး နဲ့ ရောင်းခဲ့မယ် ။ ပြီးတော့ ရန်ကုန် ကို ရွှေ့ပြောင်း နေထိုင်မယ် ။ အဲဒီလို နေထိုင် ပြီးတော့ စက်လှေ တစ်စီး ဝယ် မယ်ကွာ ။ အဲဒီ စက်လှေ နဲ့ ကုန်ကူး သလို လုပ်နေပြီး စိတ်ချရတဲ့ လှေသမား တွေ့တဲ့ အခါ မှာ ရတနာတွေ ရှိတဲ့ ကျွန်း ကို သွား ကြမယ် ။ ပြီးတော့ ရတနာ ရှာမယ် ” 

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

“ ရန်ကုန် မှာ နေတာက ဟုတ်ပါပြီ ။ ဘယ်မှာ နေကြမှာတုံး ” 

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ဪ မမယ်ဇယ် ကို ကျုပ် က မပြောရသေးပါဘူး ။ ရန်ကုန် ကြို့ကုန်း ဘက် မှာ ကျုပ် ရဲ့ တိုက် တစ်လုံး ရှိ တယ်လေ ။ အဲဒီမှာ နေကြမှာပေါ့ ။ ကျုပ် အခု နေတဲ့ တောင်ကမ်းပါး အောက် က တဲကလေး က အပျင်းပြေ လာပြီး နေတာပါ ။ ကျုပ် က ကောင်းကင် နတ်တွေကို ကြည့်တာ ဝါသနာ ပါတယ် ။ တစ်ခါတလေ ရန်ကုန် မှာ မနေဘဲ ရှမ်းပြည်ဘက် ကို ထွက် လာပြီး အဲဒီ တဲကလေး ထဲ မှာ အချိန် ဖြုန်း လေ့ ရှိတယ် ။ ည ဆိုရင် အပြင်ဘက် ကို ထွက်ပြီး ကောင်းကင် ကို ကြည့်တဲ့ မှန်ပြောင်း တစ်လက် နဲ့ ကောင်းကင် က ကြယ်တွေ ကိုကြည့်ရင်း နာကျင်စရာ ကောင်း တဲ့ အတိတ် အနာဂတ် က အဖြစ်အပျက်တွေ ကို ဖြေဖျောက် နေရတဲ့ လူ တစ်ယောက် ဖြစ်ပါတယ် ” 

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

ထိုအခါ မမယ်ဇယ် က

“ ကိုကြာပွတ် က လဲ ကျွန်မ လို ပဲ နာကျည်းစရာ အဖြစ်အပျက် တွေ ဖြစ်ပျက်ခဲ့လို့လား ” 

ဟု မေး လိုက်လေ၏ ။

ထိုအခါ ကိုကြာပွတ် က ...

“ ကျုပ် နာမည် က တကယ်တော့ ကိုကြာပွတ် မဟုတ်ဘူးဗျ ။ မြသာ တဲ့ ။ အင်းလေ တကယ် ပြောရရင် မြသာ လဲ မဟုတ်ပါဘူး ။ မြသာ ဆိုတာ က ကျုပ် ဆရာကြီး က ကျုပ် ကို ကင်ပွန်း တပ် ပေး ထားတာပေါ့ ။ ကျုပ် ရဲ့ တကယ့် နာမည်ရင်းက တိုင်းကျော် တဲ့ ။ ကျုပ် နဲ့ မမယ်ဇယ် ဟာ စီးပွားဖက်တွေ ဖြစ်ကြတယ် ။ ပြီးတော့လဲ မကြာခင် ယူကြတော့မယ့် ဖူးစာဖက်တွေ လဲ ဖြစ်ကြလေတော့ ကိုကြာပွတ် ခေါ် ကိုမြသာ ခေါ် ကိုတိုင်းကျော် ရဲ့ အကြောင်းကို တော့ မမယ်ဇယ် ဟာ ခရေစေ့တွင်းကျ သိထား သင့် ပါတယ် ။ ဒါကြောင့် ကျုပ် အကြောင်း ကို ကျုပ် ပြောပြမယ် ”

ဟု ဆိုကာ ကိုကြာပွတ်ကြီး သည် လှေ လှော်ရင်း သူ ၏ အကြောင်း ကို ပြောပြ လေ၏ ။

ည မှာ တိတ်ဆိတ် လှပေ၏ ။ ထို ည က လ လည်း သာ နေ၏ ။ ပဲခူးမြစ် ထဲ တွင် မြစ်ညာဘက်သို့ ဆန်တက် နေသော လှေကလေး တစ်စင်း သာ လျှင် ရှိ၏ ။ လှေကလေး ပေါ် မှ လူကြမ်းကြီး တစ်ယောက် သည် နုနယ် ဖြူဖွေးသော မိန်းမ တစ်ယောက် အား ၎င်း ၏ စိတ်ဝင်စားဖွယ်ရာ ရင်နင့်ဖွယ်ရာ ကောင်းသော အဖြစ်အပျက်ရှည်ကြီး ကို ပြောပြ ခဲ့လေတော့သည် ။

( မှတ်ချက် ။  ။ ကိုကြာပွတ်ကြီး ၏ အဖြစ်အပျက် ကို အစ မှ အဆုံးတိုင် ဝတ္ထု သဖွယ် ရေးသား ၍ ဖော်ပြအပ်ပေ သတည်း ။ )

( စာရေးသူ )

   •••••   •••••   •••••

◾ထမင်းဆိုင် က ကောင်မလေး

တောမကျ မြို့မကျ မြို့ကလေး တစ်မြို့ ရှိ၏ ။ ထို မြို့ကလေး သည် ရန်ကုန် နှင့် လွန်စွာ နီးကပ်၏ ။ ရထားလမ်း ၊ ကားလမ်း ၊ ရေလမ်း တို့ ဖြင့် သွားလျှင် ရ၏ ။ အလွန် အင်မတန် မှ လည်း စည်ကား၏ ။ ထို မြို့ကလေး တွင် နယ်ပိုင်ရုံး ရှိ၏ ။ ဆေးရုံ ကြီးကြီးမားမား ရှိ၏ ။ ဟိုက်စကူးကျောင်း ရှိ၏ ။ မြို့အင်္ဂါ နှင့် လွန်စွာ ညီညွတ်၏ ။ လူငယ် သုံးယောက် သည်  ထို မြို့သို့ တစ်နေ့တည်း တစ်ရက် တည်း ၌ ရောက်ရှိ လာ ကြ၏ ။ ၎င်းတို့ အချင်းချင်း လည်း သူငယ်ချင်းများ ဖြစ်ကြ ကုန်၏ ။ ၎င်းတို့ သည် အစိုးရအလုပ်များ ကို လက်ခံကြပြီးနောက် အလုပ် ဝင်ရန် အတွက် ရောက်ရှိ လာကြခြင်း ဖြစ်၏ ။

တစ်ဦး ၏ အမည် မှာ မောင်တိုင်းကျော် ဟူ ၍ ဖြစ်ပြီး ။ သူ သည် မြို့ပိုင်ကလေး အလုပ် ရ သဖြင့် ထို မြို့ သို့လာခဲ့ခြင်း ဖြစ်၏ ။ အခြား တစ်ယောက် မှာ ကျောင်းဆရာ အဖြစ် ဖြင့် ရောက်သော မောင်ကျော်ဝင်း ဖြစ်၏ ။ ကျန် တစ်ယောက် မှာ စာရေးကြီး အဖြစ် ဖြင့် နယ်ပိုင်ရုံး သို့ ပြောင်း လာသော မောင်ပြည့် ဖြစ်၏ ။

၎င်းတို့ သုံးဦးသား သည် တစ်နေ့ တည်း ၊ တစ်ချိန် တည်း ၊ တစ်မြို့ တည်း သို့ ပြောင်းရွှေ့ လာကြ သကဲ့သို့ မြို့ အစွန် ရှိ အိမ်ကြီး တစ်အိမ် ကို စုပေါင်း ၍ ငှားရမ်း ကာ တစ်အိမ် တည်း ၌ နေထိုင်ကြ လေတော့၏ ။

ထို့နောက် မော်တော်ကားဂိတ် အနီးရှိ ထမင်းဆိုင် တစ်ဆိုင် ၌ လည်း အတူတကွ ထမင်းလခ ပေး ၍ စား ကြ၏ ။

၎င်းတို့ သည် နံနက်ပိုင်း ၌ နံနက်စာ ကို ထမင်းချိုင့် ယူ၍ စား လေ၏ ။ ၎င်း ထမင်းဆိုင်ကလေး မှာ ၎င်းတို့ သုံးဦး အတွက် ထမင်းချိုင့် သုံးလုံး အသင့် ထည့်ပေး ထား ရ၏ ။

မြို့ပိုင်ကလေး မောင်တိုင်းကျော် က လည်း သူ ၏ ရုံး မှ မင်းစေ ကို ထမင်းဆိုင် တွင် ထမင်းချိုင့် ယူ ခိုင်းလေ့ ရှိ၏ ။ ကျောင်းဆရာ မောင်ကျော်ဝင်း က လည်း သူ ၏ ကျောင်းသား တစ်ယောက် ကို ထမင်းချိုင့် ယူ ခိုင်း၏ ။ မောင်ပြည့် က လည်း ရုံးဒရဝမ်ကြီး ကို ထမင်းချိုင့် ယူ ခိုင်း၏ ။ ညနေစာ ကို မူ ၎င်းတို့ သည် ဆိုင် သို့ သွား ၍ စားကြ၏ ။ ဤသို့လျှင် တစ်ပတ်ခန့် စားမိပြီးသော အခါ၌ မောင်ပြည့် က ဆိုင်ရှင် အဒေါ်ကြီး အား

“ အဒေါ် ရေ မနက်ဖြန် ကျွန်တော့် အတွက် ထမင်းချိုင့် လုပ် မထားနဲ့ ကျွန်တော့် ဘာသာ ကျွန်တော် လာ စားမယ် ” 

ဟု ပြောလေ၏ ။

ကျောင်းဆရာ မောင်ကျော်ဝင်း ကလ ည်း မောင်ပြည့် ကဲ့သို့ ပင်

“ အဒေါ် ရေ ကျွန်တော် လဲ ကျောင်းသားလေးတွေ ခိုင်း ရတာ အားနာပါတယ် ။ အဲဒီတော့ ကျွန်တော့် အတွက် လဲ ထမင်းချိုင့် ထည့် မထားပါနဲ့ ။ ကျွန်တော် ဘာသာ ကျွန်တော် လာပြီး စားပါ့မယ် ”

ဟု ပြောလေ၏ ။

မောင်တိုင်းကျော် တစ်ဦး တည်း သာ လျှင် အခါတိုင်း ကဲ့သို့ပင် နံနက်စာ ကို ထမင်းချိုင့် ယူ၍ စားမြဲ စား နေလေ၏ ။

ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ မောင်တို့ နှစ်ယောက် အတွက်တော့ ထမင်းချိုင့် ထည့်ရတဲ့ ဒုက္ခ ငြိမ်း သွားပါပြီ ။ ဟို သူငယ် တစ်ယောက် အတွက်တော့ ကျန်နေ သေးရဲ့ ” 

ဟု ညည်းညူ ရာ ကျောင်းဆရာ မောင်ကျော်ဝင်း နှင့် နယ်ပိုင်ရုံး စာရေးကြီး မောင်ပြည့် တို့ က

“ အဒေါ် ကို သနားတယ် ။ အဲဒါကြောင့် ကျွန်တော်တို့ က ဒုက္ခ မပေးချင်လို့ ကိုယ်တိုင် လာ စားတာပဲ အဒေါ် ရေ ” 

ဟု ပြောကြလေ၏ ။

အမှန်မှာ ထို သတ္တဝါ နှစ်ဦး သည် ထမင်းဆိုင်ရှင် အဒေါ်ကြီး အား သနားကြခြင်း မဟုတ် ။ ထို အဒေါ်ကြီး ၏ တူမ ဖြစ်သူ မပန်းနု အား သာ လျှင် သနား ကြခြင်း ဖြစ်သည် ။ ၎င်းတို့သည် ပန်းနု ကိုယ်တိုင် ခူးခပ် ပေးသည် ကို စားသောက် လိုကြ၏ ။ ထို့ကြောင့် ထမင်းချိုင့် မယူဘဲ ကိုယ်တိုင် ကိုယ်ကြပ် စားသောက် ကြခြင်း ဖြစ်၏ ။ မပန်းနု က ထမင်း လာရောက် ထည့်ပေးသော အခါ တွင် ကျောင်းဆရာ မောင်ကျော်ဝင်း က

“ ဒီကနေ့ မပန်းနု ချက်တဲ့ ဟင်းချိုကလေး ဟာ သိပ် ချိုတာပဲ ။ ကျုပ် ဖြင့် ဆွေမျိုး ပါ တောင် မေ့ သွားတာပဲ ” 

ဟူ၍ ပြော၏ ။

ထိုအခါ မပန်းနု က

“ အဲဒီ ဟင်းချို ကျွန်မ ချက်တာ မဟုတ်ဘူး ။ အဒေါ် ချက်တာ ” 

ဟု ပြန်၍ ပြောရာ မောင်ကျော်ဝင်း က

“ ကျုပ် က လဲ အားနာပါးနာ နဲ့ ချီးမွမ်း ရတာပေါ့ ဗျာ ။ အတော့်ကို ညံ့တဲ့ ဟင်းချို ပဲ ။ လက်ဆေးရေ ကို ဆား ခတ်ပြီး သောက် ရင် တောင် ဒီထက် ကောင်းဦးမယ် ”

ဟူ၍ ပြောလေ၏ ။

ထိုအခါ မပန်းနု က ၎င်း ၏ မရိုးဖြောင့်သော သဘော ကို ရိပ်စားမိ လေတော့၏ ။ ရုံးစာရေးကြီး မောင်ပြည့် မှာ လည်း ဤနည်း အတိုင်း ပင် ဖြစ်၏ ။

“ မပန်းနု ရယ် ။ ကျုပ် ဖြင့် ဒီ မြို့ က တောင် ပြောင်းရမှာ သိပ် ကို စိုးရိမ် နေပြီ ။ မပန်းနု လက်ရာကလေးတွေ နဲ့ ဝေး ရ မှာ ကို တွေးပြီး ကျုပ် ဖြင့် အိပ် လို့ တောင် မပျော်ဘူး ။ ကျုပ် ရဲ့ မျက်နှာ ကို ကြည့်ပါလား ။ ရောက်ခါစ နဲ့ တောင် မတူဘူး ။ မျက်တွင်းတွေ ချိုင့် နေတယ်မဟုတ်လား ” 

ဟု ပြော လေ၏ ။

ထိုအခါ မပန်းနု က

“ အိပ်လို့ မပျော်ရင် အဒေါ့် ဆီ မှာ ဆေး တောင်း သွား ။ သီလရှင်ကြီး ဖော်ပေး ထားတဲ့ ဆေး တစ် ဖုံရှိတယ် ။ အဒေါ် က သွေးဆုံး ကိုင်ပြီး ကတည်း က အိပ် မပျော်လို့ အဲ့ဒီ ဆေးစား နေရတာ ” 

ဟု ပြန်၍ ပြောလေ၏ ။

၎င်းတို့ နှစ်ဦး သည် ဤသို့လျှင် မထိတထိ ပါးစပ် ဖြင့် ပြောဆို နေရာမှ နောင်တွင် မပန်းနု ထမင်း လာရောက် ပြင်ဆင် ပေးသော အခါ၌ မတော်တဆ ထိသည့် ဟန် ဖြင့် ပန်းနု ၏ လက်ကလေးများ ကို ထိကိုင် ကြလေ၏ ။ ထို့နောက် တစ်ဆင့် တက် ကာ မပန်းနု အား တစ်ယောက် တစ်လှည့် ပြောင်ပြောင်တင်းတင်းကြီး ချစ်ရေး ဆိုကြ လေတော့၏ ။ မပန်းနု ၏ အဒေါ် ကို လည်း ချဉ်းကပ်ကြ လေတော့၏ ။

“ အဒေါ် ရေ စိတ်ကူး မလွဲနဲ့နော် ။ အဒေါ့် တူမ ကျောင်းအုပ်ဆရာကြီးကတော် ဖြစ်မှာ ” 

ဟု မောင်ကျော်ဝင်း က ပြော သကဲ့သို့ မောင်ပြည့် က လည်း

“ စိတ်ကူး မလွဲနဲ့နော် အဒေါ် ။ ကျုပ် က လဲ ဥပဒေပညာ ကို လိုက်စား နေတယ် ။ မကြာခင် ရှေ့နေကြီး ဖြစ် မှာ ။ အဲဒီတော့ အဒေါ့် တူမ အတွက် စဉ်းစားရင် ကျုပ် ကို ထိပ်ဆုံး က ထားပြီး စဉ်းစားနော် ” 

ဟု ပြော လေ၏ ။

ထိုအခါ မပန်းနု ၏ အဒေါ် က

“ ကျုပ် က စဉ်းစားဖို့ မလိုပါဘူး ။ ပန်းနု က စဉ်းစားရမှာပါ ။ သူ က သာ ကြိုက်စမ်းပါစေ ။ ကျောင်းအုပ် ပဲ ဖြစ်ဖြစ် ။ ကျောင်းစောင့် ပဲ ဖြစ်ဖြစ် ။ ရှေ့နေ ပဲ ဖြစ်ဖြစ် ။ နောက်နေ ပဲ ဖြစ်ဖြစ် ။ ကျုပ် က ပေးစား လိုက်မှာ ။ သူ့ ဦးလေး မရှိ ကတည်း က ကျုပ် မှာ လဲ တာဝန် က မသေးဘူး ။ ဒါပေမဲ့ ခမျာ က တော်ရှာပါတယ် ။ ခုချိန်ထိ ရည်းစား ဆိုလို့ ညောင်းရင် နှိပ်ခိုင်းဖို့ တောင် မရှိဘူး ။ ကားသမားတွေ က လဲ သူ့ ကို ပိုးကြ ပန်းကြ တာပဲ ။ ကား တစ်စီး တည်း က ဒရိုင်ဘာ နဲ့ စပယ်ယာ ဟာ ပန်းနု ကို ပြိုင် ပိုးရင်း ရန်ဖြစ် ပြီး ခွာပြဲ သွားကြတာလဲ မနည်းဘူး ။ စာရေး စာချီတွေ လဲ ဒီလိုပဲ ။ ပန်းနု ကို လာပြီး ပိုး ကြတယ် ။ အဲ့ဒီထဲ မှာ မြို့အုပ် တွေ ။ ဝန်ထောက် တွေ တောင် ပါ သေးရဲ့ ။ ဒါပေမဲ့ ပန်းနု က အဲဒါတွေ ကို လက်နှီးစုတ် လောက် တောင် တန်ဖိုး မထားဘူး ။ မောင်ရင် တို့ လဲ ကြိုးစား ကြည့်ဦး ”

ဟု ပြော လေတော့၏ ။

ထို သတ္တဝါ နှစ်ဦး သည် မပန်းနု ၏ ထမင်းဆိုင် ၌ ယောက်ယက်ခတ် နေကြ သော်လည်း မြို့ပိုင်ကလေး မောင်တိုင်းကျော် မှာ မူ ၎င်း ၏ အလုပ်များ ၌ သာ နစ်မြုပ် နေ လေတော့၏ ။ လယ်သမားများ ၏ အမတော်ကြေး ကိစ္စများ ဆောင်ရွက် ပေးရ၏ ။ ဖြေရှင်း ပေးရ၏ ။ တောနယ်များ သို့ လည်း မကြာခဏ ဆင်းကာ အလုပ်များ လုပ် ရ၏ ။ ထို့ကြောင့် ထမင်းဆိုင် သို့ ပင် နေ့စဉ် မလာနိုင်တော့ ဘဲ ပျက်ကွက်ရသည် က များလေ၏ ။

တစ်နေ့သ၌ မောင်တိုင်းကျော် သည် အတော်ကြီး မိုးချုပ် ၍ ထမင်းဆိုင် သိမ်း ခါ နီး တွင် မပန်းနု တို့ ဆိုင်သို့ ရောက် လာ၏ ။ ထိုအခါ ဆိုင်ရှင် အဒေါ်ကြီး က

“ ဟောတော့ ဘာ ဟင်း မှ မရှိတော့ဘူး ။ မြို့ပိုင်ကလေး က လဲ အခုမှ ရောက် လာတာကိုး ” 

ဟု ပြောရာ မောင်တိုင်းကျော် က

“ ဟင်း မလိုပါဘူး အဒေါ်ရယ် ။ ငါးပိ နဲ့ တို့စရာ ရရင် လဲ ဖြစ်ပါတယ် ” 

ဟု ပြော လေ၏ ။

ထို့ကြောင့် ဆိုင်ရှင် အဒေါ်ကြီး က မပန်းနု အား

“ ပန်းနု ရေ ငါးပိရည် နဲ့ တို့စရာ ပဲ ပြင် ပေးလိုက်ပါကွယ် ” 

ဟု ပြောရာ မပန်းနု လည်း ငါးပိရည် နှင့် တို့စရာ ပြင် ပေးလေ၏ ။

မောင်တိုင်းကျော် သည် ဆာဆာ နှင့် ငါးပိရည် နှင့် တို့စရာ ကို အားထား ၍ မြိန်ရှက်စွာ စား လေတော့၏ ။

ထိုအခါ မပန်းနု က အားနာ လှ သဖြင့် 

“ ခဏ နေပါဦးလား ပန်းနု ဘဲဥလေး ကြော် ပေးမယ်လေ ” 

ဟု ပြောရာ မောင်တိုင်းကျော် က  ...

“ မကြော်နဲ့ တော့ မပန်းနု ရေ ။ ကျုပ် က အခု ထမင်းစား ပြီး တာ နဲ့ ခရီး ထွက် ရမှာ ။ ကဆင်ရွာ ဘက် က သူတွေ ကျောက်ဆေး ထိုး မခံလို့ ဒဏ် ရိုက် ဖို့ ရှိတယ် ”

ဟု ပြန် ၍ ပြောလေ၏ ။

“ သူ့ ဘာသာ သူ ဆေး ထိုး မခံတာပဲ ။ ကိုတိုင်းကျော် တို့ က ဒဏ် ရိုက်သတဲ့လား ရှင် ” 

ဟု မေး လေတော့၏ ။

“ ဒီလို မဟုတ်ဘူး မပန်းနု ရဲ့ ။ တစ်ခါတလေ ကိုယ့် ဘာသာ ကိုယ် လုပ်တဲ့ ကိစ္စတွေ ဟာ အများ ကို ထိခိုက်တတ် တာ လဲ ရှိသေးတယ် မဟုတ်လား ။ အဲဒါကြောင့် အစိုးရ က ကျောက်ဆေး ထိုးဖို့ နယ်တွေ ကို ကျောက်ဆေးထိုး ဆရာတွေ လွှတ် ပေးတယ် ။ ဒါပေမဲ့ တချို့က ကျောက်ဆေး ထိုး မခံဘူး ။ ရှောင် နေ ကြတယ် ။ အဲဒီ လူတွေ ဟာ ကျောက်ရောဂါ ဖြစ်လာ ကြ လိမ့်မယ် ။ သူတို့ ဖြစ် လာရင် တစ်ရွာလုံး ကို ကူးစက် နိုင်တယ် ဟုတ်လား ။ အဲဒါကြောင့် ကျောက်ဆေးထိုး မခံခြင်း ဟာ တစ်ရွာလုံး ကို ကျောက်ရောဂါ ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ ။ အဲဒီတော့ သူတို့ မှာ အပြစ် ရှိတယ် ။ အဲဒါကြောင့် ဒဏ်ငွေ ဆောင်ခိုင်းရတာ ”

ဟု မြို့ပိုင်ကလေး မောင်တိုင်းကျော် က ရှင်းပြ လေ၏ ။

ထိုအခါ ပန်းနု က

“ ဒဏ်ချ တာတော့ ဟုတ်ပါပြီ ။ ဒဏ်ငွေ မဆောင်နိုင်ရင် ဘယ့်နှယ် လုပ်မလဲ ” 

ဟု ထပ်၍ မေးပြန်လေ၏ ။

“ ဒဏ်ငွေ မဆောင်နိုင် ရင်တော့ ထောင်ချ ရတယ် ။ ထောင် ထဲ ကျတော့ အဲဒီ လူ ဟာ ကျောက်ဆေး ထိုး ရ မှာပဲ ။ အဲဒီတော့ သူတို့ လဲ နားလည် သွားမယ် ။ သူတို့ နားလည် သွားရင် ကျောက်ရောဂါ ပပျောက် သွားမယ် ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ပြော လေ၏ ။

“ ကိုတိုင်းကျော် က တော့ အလုပ်တာဝန် အရ ရော ။ စေတနာ အရ ရော သူတို့ ကို ထောင်ချတယ် ။ ဒဏ်ငွေ ဆောင်ခိုင်းတယ် ။ ဒါပေမဲ့ ရှင် တော့ ဝဋ် လိုက်လိမ့်မယ် ” 

ဟု ပန်းနု က ပြောလေ၏ ။

“ မတတ်နိုင်ဘူး လေ ။ ကျုပ် က ဒီ အလုပ် လုပ်မိတာ ကိုး ။ ဒါပေမဲ့ ကျုပ် သားသမီးများ ကျရင် တော့ ဒီ အလုပ် ကို လုပ် မခိုင်းတော့ဘူး ။ ကုန်သည်ပွဲစားပဲ လုပ်ခိုင်းမယ် ” 

ဟု မောင်တိုင်းကျော် က ပြောရာ ပန်းနု က

“ ကိုတိုင်းကျော် မှာ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ ”

ဟု မေး လေ၏ ။

“ မရှိပါဘူး ရှိ လာရင် ပြောတာပါ ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ဖြေရာ ပန်းနု က

“ ရှင် အိမ်ထောင် ကျ တာ ဘယ်လောက် ကြာပြီလဲ ။ အခုထက် ထိ သားသမီး မရသေးဘူးလား ” 

ဟု မေး လေ၏ ။

“ ကျုပ် အိမ်ထောင် မကျသေးပါဘူး ”

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောရာ ပန်းနု က

“ ဪ ရှင့် ကို အိမ်ထောင် နဲ့ လို့ အောက်မေ့ နေတော ။ ရှင့် ကို ကြည့်ရတာ ဟို နှစ်ယောက် နဲ့ မတူဘူး ။ ရှင် က သား ကျွေးဖို့ ။ မယား ကျွေးဖို့ ရှာ နေတာ ကျနေ တာ ပဲ တော့် ကို ပင်ပန်းတယ် ။ ဟို နှစ်ယောက် က တော့ ကြော့ နေတာပဲ ”

ဟု ပြောလေ၏ ။

“ ဪ မောင်ပြည့် နဲ့ မောင်ကျော်ဝင်း တို့ ကို ပြော နေတာလား ။ ဟုတ်မှာ ဟုတ်မှာ ။ သူတို့ က သန့်သန့်ပြန့်ပြန့် နေ တတ်တယ် ။ လူကောင်းတွေ ပါ ။ တစ်ယောက် က ကျောင်းဆရာကြီး ။ တစ်ယောက် က စာရေးကြီး ။ စာရေးကြီး က လဲ ရှေ့နေစာမေးပွဲ အလွတ် က ဖြေ နေတာ ။ မကြာခင် အောင် မှာ ။ ကျောင်းဆရာကြီး က လဲ မကြာခင် ကျောင်းအုပ်ကြီး ဖြစ်မယ့် လူ ပဲ ။ ကျုပ် ရဲ့ သူငယ်ချင်း တွေ ပါ ။ သူတို့ မိဘတွေ လဲ မျိုး အလွန် ကောင်းပါတယ် ”

ဟု ပြောဆိုကာ မောင်တိုင်းကျော် သည် ထမင်း စား၍ ပြီးပြီ ဖြစ်သဖြင့် လက်ဆေး လေတော့၏ ။

ထို့နောက် ဆိုင်ရှင် အဒေါ်ကြီး နှင့် ပန်းနု အား နှုတ်ဆက်ကာ ဆိုင်တွင်း မှ ထွက်သွား လေတော့၏ ။ နောက် တစ်နေ့ တွင် မောင်ပြည့် ထမင်း လာ ၍ စားသော အခါ ၌ ဆိုင်ရှင် အဒေါ်ကြီး က မောင်ပြည့် အား မနေ့ည က ဆိုင်သိမ်း ပြီး အိုးတွေ ခွက်တွေ ဆေးတော့ မှ မင်းတို့ သူငယ်ချင်း မြို့ပိုင်ကလေး ရောက်လာ သေးတယ် ။ ဘာ ဟင်း မှ မရှိတော့ဘူး ။ အဲဒါ ပန်းနု က ငါးပိရည် နဲ့ တို့စရာ ကျွေး လွှတ်လိုက်တာပဲ ” 

ဟု ပြောလိုက် ရာ မောင်ပြည့် က

“ ဒီ ကောင် က ရာထူး သိပ် မက်တာ ။ ဒါကြောင့် အလုပ် အရမ်း လုပ်နေတာ ။ ရာထူး ဆိုတာ ရူးတာ ပါ အဒေါ် ရယ် ” 

ဆိုကာ မောင်ပြည့် သည် ထမင်းစားပွဲ သို့ ဝင် လေ၏ ။ ပန်းနု က ထမင်းဟင်းလျာများ လာ၍ ချ ပေးလေ၏ ။ ထိုအခါ မောင်ပြည့် က

“ ည က တိုင်းကျော် ထမင်း လာ စားသွားသေးတယ်ဆို ... ပန်းနု ကို ဘာတွေ ပြောသွားသေးလဲ ” 

ဟု မေး လေ၏ ။

“ ဘာမှ မပြောပါဘူး ။ သူ့ ဘာသာ သူ ထမင်း စားပြီး ထွက် သွားတာပဲ ။ ကျွန်မ က အားနာ လို့ ဘဲဥ ကြော် ပေးမယ် ဆိုတာ မကြော် နဲ့ လို့ ပြောတယ် ” 

ဟု ပန်းနု က ပြော ရာ မောင်ပြည့် က 

“ ဒီကောင့် အတွက်များ ကြော်ပေး မနေစမ်းပါ နဲ့ ။ သူ့ အဖို့ က ရှေ့ မှာ လဲ တက်လမ်း မရှိတော့ဘူး ။ မြို့ပိုင်ကလေး ရာထူး တင် နေမယ့် အကောင်ပါ  ။ ဒီကောင်တွေ မျိုးရိုး ကလဲ လက်လုပ်လက်စားတွေ ပါ ။ ကြီးကြီးကျယ်ကျယ် ထဲ က မရှိပါဘူး ”

ဟု တိုင်းကျော် အား နှိမ့်ချ ၍ ပြောဆို လေတော့၏ ။ ကျောင်းဆရာ မောင်ကျော်ဝင်း ရောက် လာသည့် အခါ၌ လည်း မောင်ကျော်ဝင်း က

“ လူ မှာ က ရာထူး ကြီးတာ ငယ်တာ အရေး မကြီးပါဘူး ။ မျိုးရိုး က အဆင့်အတန်း မြင့်ဖို့ လို ပါတယ် ။ ကျုပ်တို့ မျိုးရိုး မှာ အားလုံး ရာထူးရာခံတွေ ရှိကြတယ် ။ ငွေကြေး ချမ်းသာ ကြတယ် ။ တိုင်းကျော် တို့ မျိုးရိုး မှာ က အားလုံး အနုတ်စုတ် ကုပ်စုတ် တွေ ချည်းပါပဲ ။ ဒီကောင် တစ်ယောက် သာ မဖြစ်စလောက်လေး ရာထူးကလေး ရ ထားတာပါ ”

ဟု ပြောလေတော့၏ ။

မပန်းနု သည် တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ ၎င်းတို့ ပြောဆိုသည် ကို နားထောင်ခဲ့ လေ တော့၏ ။ ဤသို့  ဖြစ်ပျက်ပြီး ရက် အတန် ကြာသော ည တစ်ည ၌ မြို့ပိုင်ကလေး မောင်တိုင်းကျော် သည် ထမင်းဆိုင် သို့ ရောက်လာ ပြန်၏ ။ ထိုအခါ ပန်းနု က

“ ငါးသလောက်ဟင်း တစ်မျိုး ပဲ ရှိတော့တယ် ” 

ဟု ပြောရာ မောင်တိုင်းကျော် က

“ ရပါတယ် ။ အဲဒါနဲ့ပဲ စား တာပေါ့ ”

ဟု ပြန်၍ ပြောလေ၏ ။

ပန်းနု လည်း တိုင်းကျော် အား ထမင်းဟင်း ခူးခပ် ပေး လေတော့၏ ။ တိုင်းကျော် သည် ဆာလောင်မွတ်သိပ် လာသည် ဖြစ်ရာ ထမင်း ကို မြိန်ရှက်စွာ စားသောက် လေ တော့၏ ။ ထိုအခါ ပန်းနု က

“ ကိုတိုင်းကျော် ရဲ့ သူငယ်ချင်းတွေ က တော့ အမြဲတမ်း ဟင်းကောင်း နဲ့ စား နေရ ပါတယ် ။ ကိုတိုင်းကျော် သာ အချိန်မတော် မှ ရောက် ရောက်လာ လို့ ဖြစ်သလို စားနေရတာ ” 

ဟု ပြော လိုက်ရာ မောင်တိုင်းကျော် က ...

“ ကျုပ် က အရေး မကြီးပါဘူးဗျာ ။ နဂို ကတည်း က ဖြစ်သလို စားသောက် တတ်တဲ့ လူပါ ။ ကျုပ် သူငယ်ချင်းတွေ ကတော့ ကျုပ် လို မဟုတ်ကြဘူး ။ အမြဲတမ်း မြင့်မြင့် နေလာ ကြတော့ ကောင်းကောင်းမွန်မွန် စားရ မှ ဖြစ်မှာ ။ ကျုပ် အတွက် မကျန်ချင် နေပါစေဗျာ သူတို့ ကို ဦးစားပေးပြီး ကျွေး ပါ ။ ဒီ လူတွေ က အရည်အချင်း ရှိတဲ့ လူတွေ ဗျ ။ မကြာခင် ကြီးပွားကြတော့ မှာ ။ ရာထူးရာခံ တွေ ရကြတော့ မှာ ။ သူတို့ မှာ အသောက်အစား အကစား ၊ အပျော်အပါး လဲ မရှိဘူး ။ ဒီအတိုင်း သာ နေ သွားရင် မကြာခင် တိုးတက်ကြ တော့မှာပါ ။ စိတ်ကောင်း သဘောကောင်းလဲ ရှိကြတယ် ဗျို့ ”

ဟု ပြောရာ ပန်းနု သည် စိတ် အတွင်း ၌ ကျိတ်၍ ...

“ ဪ ကိုတိုင်းကျော် ဟာ စိတ်ထား ကြီးမြတ်ပါကလား ။ ဟို နှစ်ယောက် က ဖြင့် သူ့ ကို နှိမ့်ချ လိုက်တာ ။ သူ က ဖြင့် ဟို နှစ်ယောက် မကောင်းကြောင်း မပြောရှာဘူး ။ ယောက်ျားကောင်း ပီသပါ ပေတယ် ”

ဟု တွေး မိကာ မောင်တိုင်းကျော် အပေါ် ၌ တိမ်းညွှတ် မိ လေတော့၏ ။ ထို့ကြောင့် ပန်းနု က

“ ကိုတိုင်းကျော် တောနယ်တွေ ဆင်းတဲ့ အခါမှာ ထမင်း စားတော့ ဘယ်လို လုပ်ပြီး စားသတုံး ” 

ဟု မေး လေ၏ ။ 

“ တော မှာ က ထမင်းဆိုင် မရှိဘူး မပန်းနု ရဲ့ ၊ သူကြီးအိမ် စားရတာ များတာပါပဲ ” 

ဟု မောင်တိုင်းကျော် က ပြောလေ၏ ။ 

“ သူကြီး သမီးတွေ ဆိုတော့ ချော မှာ ပဲ နော် ” 

ဟု မပန်းနု က မေးလေ၏ ။

“ သူကြီး တိုင်း မှာ သမီး ရှိတာ မှ မဟုတ်တာ ။ သမီး ရှိတော့လဲ ချောတာလဲ ရှိတာပေါ့ ။ ရုပ်ဆိုး တာ လဲ ရှိတာပေါ့ ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောလေ၏ ။

“ ကျွန်မ ကြားဖူးတာ က တော့ ရွာတွေ ကို ရောက် လာတဲ့ မြို့ပိုင်ကလေးတွေ နဲ့ သူကြီးသမီးတွေ နဲ့ ဖြစ် ကုန်ကြတယ် ကြားဖူးတာပဲ ” 

ဟု ပန်းနု က ပြော ပြန် လေ၏ ။

“ ဖြစ်ကုန်တာ လဲ ရှိတာပေါ့ ။ မဖြစ်တာလဲ ရှိမှာပေါ့ ” 

ဟု မောင်တိုင်းကျော် က ပြော ပြန်လေ၏ ။

“ ဒီလိုဆိုရင် ကိုတိုင်းကျော် က ဖြစ်တဲ့ အထဲ မှာ ပါသလား ။ မဖြစ်တဲ့ အထဲမှာ ပါသလား ” 

ဟု ပန်းနု က မေးလေ၏ ။

“ ကျုပ် က မဖြစ်တဲ့ အထဲ မှာ ပါ ပါတယ် ”

ဟု တိုင်းကျော် က ပြောရာ ပန်းနု က

“ ရှင် တော်တော် ရိုး တာပဲ နော် ” 

ဟု ပြောလေ၏ ။

“ ရိုး လို့ မဖြစ်တာ မဟုတ်ဘူး ။ မဖြစ်လို့ ကို မဖြစ်တာ မပန်းနု ရ ”

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောပြန်လေ၏ ။

ထိုအခါ မပန်းနု က “ ခစ် ”  ခနဲ ရယ် ၍

“ ဒါဖြင့်ရင် ရှင် က ဘယ်တော့ ဖြစ်မှာတုံး ” 

ဟု မေး လေတော့၏ ။

“ ဖြစ်တဲ့ အခါတော့ ဖြစ်မလား မဆိုနိုင်ဘူး ” 

ဟု မောင်တိုင်းကျော် က ပြော ပြန်ရာ ပန်းနု က

“ ဖြစ်ရင် ဘယ်သူ နဲ့ ဖြစ်မှာတုံး ” 

ဟု မေး လေ၏ ။

“ အဲဒါတော့ ကျုပ် လဲ မပြောတတ်ဘူး ။ ကံ ပဲ ။ သူ့ ကံ နဲ့ သူ ရ မှာ ။ နားလည်တယ် မဟုတ်လား ။ ဖူးစာရေးနတ် ဆိုတာဟာ လေ ။ သူ က ကျုပ် ကို ဘယ်သူ နဲ့ ပေးစားမလဲ မဆိုနိုင်ဘူး ။ သူ ပေးစားတာ ကို ကျုပ် ယူရ မှာပဲ ။ ယူ ပြီး ရင်တော့ သား မှတ်မှတ် မယား မှတ်မှတ် ကြင်ကြင်နာနာ ပေါင်း ရ မှာပဲ ။ ဒါပဲ ။ နောက် မှ ဆက်ပြီး ပြောကြတာပေါ့ ။ အမတော်ကြေး မဆပ်တဲ့ လယ်သမားတွေ အမှုတွေ ကို စစ် ဖို့ ရှိသေးတယ် ”

ဟု ဆိုကာ မောင်တိုင်းကျော် သည် ဆိုင်တွင်း မှ ထွက်သွား လေတော့၏ ။

မောင်တိုင်းကျော် ရိုး သလောက် ဟို သတ္တဝါ နှစ်ကောင် က ဆန်း၏ ။ ပန်းနု ထမင်းချက် နေရာ သို့ အမှတ်မဲ့ သွား ကာ လက် ဆွဲလား ဆွဲ၏ ။ စကား ပြောလား ပြော၏ ။ သို့ရာတွင် ပန်းနု က လက်မခံ ။ အော်ငေါက် ၍ လွှတ်၏ ။ ထို သတ္တဝါ နှစ်ကောင် က လည်း အလျှော့မပေး ။ ကဲမြဲ ကဲ၏ ။ ၎င်းတို့ ကဲ လေ ပန်းနု အချစ် သည် မောင်တိုင်းကျော် ၏ အပေါ် ၌ ပို ကဲလေ ဖြစ် လေတော့၏ ။ နောက်ဆုံး တွင် ပန်းနု က ပင် မောင်တိုင်းကျော် အား မေတ္တာ ရှိနေကြောင်း လမ်းခင်း ပေး ရ လေတော့၏ ။ ထိုအခါ ကျ တော့ လည်း လူရိုး လူအ မောင်တိုင်းကျော် သည် ပန်းနု ၏ အချစ် ကို ဝမ်းပန်းတသာ လက်ခံ လေတော့၏ ။

“ ကျုပ် က လဲ မပန်းနု ကို ချစ်ပါတယ် ဗျာ ။ အလုပ်တွေ က လဲ မအားတာ က တစ်ကြောင်း ။ ကျုပ် ချစ်တဲ့ အကြောင်း မပန်းနု ကို ဖွင့် ပြော လိုက်ရင် မပန်းနု စိတ်ဆိုး သွားမှာ ကို လဲ စိုးရိမ်ရတယ် ။ ပန်းနု စိတ် ဆိုး ရင် ကျုပ် လည်း ထမင်း စားဖို့ ထမင်းဆိုင် အသစ် ရှာရ ဦးမယ် မဟုတ်လား ။ ဒီ နား မှာ က လဲ ကု,လားဆိုင် တွေ ပဲ ရှိတယ် မဟုတ်လား ။ ကျွန်တော် က ကု,လားဆိုင် က ထမင်းဟင်း ကို သိပ်ပြီး မကြိုက်ဘူး ” 

ဟု တိုင်းကျော် က ပြော လိုက်ရာ ပန်းနု က

“ ဒီလိုဆိုရင် ကိုတိုင်းကျော် က ကျွန်မ ကို ချစ်တာ ထမင်း ငတ် မှာ ကြောက်လို့ ချစ်တာပေါ့ ” 

ဟု ပြန် ၍ မေး လေတော့၏ ။

“ မဟုတ်ဘူးလေ မပန်းနု ရဲ့ ။ အမုန်း လဲ ရသေး ။ ထမင်း လဲ ငတ်သေး ဆိုရင် ကျောက်ဆေး မထိုးတဲ့ တောသားတွေ လို ဖြစ်မှာပေါ့ ။ ဒဏ်ငွေ လဲ အကျခံရသေး ။ ဆေး လဲ အထိုးခံရသေး ဖြစ်တော့ မပေါ့ ”

ဟု တိုင်းကျော် က ပြန်၍ ပြော လိုက်ရာ ပန်းနု က

“ ကိုတိုင်းကျော် တော်တော် ရိုး တယ်နော် ”

ဟု ကရုဏာသံ ဖြင့် ပြော လိုက် လေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

ချောင်းပိုင်ကြီး နှင့် ကျွန်းပိုင်ရှင်


 ❝ ချောင်းပိုင်ကြီး နှင့် ကျွန်းပိုင်ရှင် ❞


“ သည်အတိုင်း ဆို ရင်တော့ ဒီနှစ် လည်း နနွင်း ရှားမယ့် နှစ်ပဲ ဗျို့ ဒုက္ခပဲ ” 


ကိုသာရင် ၏ အသံသြကြီး ကို သုံးလေးအိမ် ကျော် ကပင် လှမ်း ကြားရ၏ ။ နနွင်း ရှားမည့် နှစ် ဆိုသည် မှာ ကျွန်တော်တို့ ဆီ ၌ ရပ်ဓလေ့ ရွာဓလေ့ စကား အရ မိကျောင်း ရဲမည့် နှစ် ဟု အဓိပ္ပာယ် ရလေသည် ။ 


ကျွန်တော်တို့ ဆီ ၌ မိကျောင်း တကယ် ရဲ လာပြီ ဆိုလျှင် ရွာ တွင် နနွင်း အလွန် ရှားတတ်သည် ။ 

အဘယ်ကြောင့် ဆိုသော် လယ်သမားတွေ မှာ ချောင်း တစ်ဖက်ကမ်း ရှိ လယ်ယာမြေများ ကို ထွန် ယက် စိုက်ပျိုးရန် ကျွဲ ၊ နွားများ ကို ချောင်း တစ်ဖက်ကမ်း သို့ မောင်း ချရာ၌ ကျွဲ ၊ နွားများ ဖြတ် ကူး သွားရမည့် ချောင်းရေ ထဲ ကျွဲကူး နွားကူး လမ်း ကို နနွင်းရေ ဖျော်ပြီး ပြွတ်တံ နှင့် ဆေးဖျန်း သလို ပက်ဖျန်း ပေးရသောကြောင့် ဖြစ်လေသည် ။ 


ထိုသို့ နနွင်းရေဖျော် နှင့် ပက်ဖျန်း မပေး လျှင် ကျွဲ ၊ နွားများ ချောင်းရေ ကို ဖြတ်ကူး နေချိန် ၌ အလွန် ရဲတင်း သောင်းကျန်းသော မိကျောင်း သည် ရေအောက် မှ ငုပ်လျှိုး လိုက်လာပြီး ကျွဲ ကို လည်းကောင်း ၊ နွား ကို လည်းကောင်း ၊ လူ ကို လည်းကောင်း ဆွဲနှစ် ကိုက်ချီ သွားတတ်သည် ။ ထို့ကြောင့် သည်နေရာ က ချောင်း တစ်ဖက်ကမ်း သို့ ကျွဲ ၊ နွားများ ကို မောင်းချတော့မည် ဆိုလျှင် ချောင်းရေ ထဲ သို့ ကျွဲ ၊ နွားများ ကို မောင်း မချမီ နနွင်းရေ ကို ပက်ဖျန်း ပေးရလေသည် ။ နနွင်း နံ့ ရ လျှင် မည်မျှ ရဲတင်း သောင်းကျန်း နေသော မိကျောင်း ပင် ဖြစ်စေ ဝေးရာ သို့ လစ် ပြေး သွားတတ် ၏ ။ နနွင်း အနံ့ ကို မိကျောင်း မခံနိုင်ပေ ။ နောက် တစ်ခု ထူးဆန်း အံ့သြဖွယ်ရာ ကောင်းသည် မှာ မိကျောင်း ရ၍ မိကျောင်းသား ဟင်း ချက် စားရာတွင် နနွင်း မည်မျှ ထည့်ချက် ထည့်ချက် မိကျောင်း သား သည် ဘယ်တော့ မှ ဝါထိန် မလာဘဲ ဖြူလျော်လျော် သာ ဖြစ် နေတတ်သည် ။ မိကျောင်းသား သည် တခြား သားငါးများ လို နနွင်း မစွဲပေ ။


မိကျောင်း ရဲ သော နှစ် ဆိုလျှင် လယ်သမားများ မှာ ချောင်း တစ်ဖက်ကမ်း ရှိ လယ်ယာမြေ များ ကို ထွန်ယက် စိုက်ပျိုး သွားရန် ကျွဲ ၊ နွားများ ကို ချောင်းရေ ထဲ မှ မောင်းချ ယူကြရာ၌ ကျွဲ ၊ နွား ကူး လမ်းကို နနွင်းရေဖျော် နှင့် မနက် အသွား တစ်ခါ ညနေ အပြန် တစ်ခါ တစ်နေ့ နှစ်ခါ နေ့စဉ် ပက်ဖျန်း ပေးရ သဖြင့် နနွင်း အကုန်အကျ များ သလို ချောင်းထဲ မြောင်းထဲ သို့ သားငါး ရှာဖွေရန် သွားသူ များ ကလည်း မိမိတို့ ၏ သားငါး ရှာလိုသော ချောင်းနား တစ်ဝိုက် ကို နနွင်းရေဖျော် နှင့် ပက်ဖျန်းပြီး မှ သားငါးများ ကို ရှာဖွေ ရဲကြသဖြင့် မိကျောင်း ရဲ သော နှစ် ဆိုလျှင် ကျွန်တော်တို့ ဆီ ၌ နနွင်း အလွန် ရှားတတ် လေသည် ။


“ ဟေး ... ဘာသတင်း ကြားလာပြန်ပလဲ ကွ သာရင် ရ ” 


လယ်တော ထဲ မှ ရွာ သို့ ဝင် လာသော ကိုသာရင် အား ကိုရင်ထွန်းမောင် က လှမ်း မေးလိုက်၏ ။


“ ဘာသတင်း ဟုတ်ရမှာတုံး ကိုရင် ရာ ၊ သပြေကန်ရွာ က ဖိုးသာဒွေး ကို ချောင်းပိုင်ကြီး ဆွဲ သွားပြန်ပြီတဲ့ ဗျို့ ” 


“ ဟယ် ... ”


မိုးဦး ကျစကပင် ကျွန်တော်တို့ သပြေချောင်း ထဲ ၌ လယ်သမားများ ၏ ကျွဲ ၊ နွားများ ကို တဆွဲ တည်း ဆွဲနေသော ( ချောင်းပိုင်ကြီး ) ခေါ် မိကျောင်းကြီး သည် ယခု သပြေကန်ရွာသား ဖိုးသာဒွေး ဆို သူ ကို ဆွဲသွားသည် ဟု ကြား ရသောအခါ ကိုရင် ထွန်းမောင် မှာ အထိတ်အလန့် ဖြစ်သွားပုံ ရသည် ။ ထို မိကျောင်း အား ချောင်းပိုင်ကြီး ဟု ခေါ် ကြခြင်း မှာ သပြေချောင်း ထဲ ၌ အထက် မှ အောက် အောက် မှ အထက် စုန်ချည်ဆန်ချည် သွား ၍ ကျွဲ ၊ နွား လူ ပါ မကျန် တဆွဲ တည်း ဆွဲ နေသောကြောင့် ချောင်းပိုင်ကြီး ဟု လူတွေ က တင်စား ၍ ခေါ် နေကြခြင်း ဖြစ် လေသည် ။


“ ဟယ် လုပ်မနေနဲ့ ကိုရင် ၊ သည်အတိုင်း ဆိုရင် လယ်သမား တွေ တော့ ဒီနှစ် ဒုက္ခပဲဗျ ။ ကျုပ်တို့ ရွာ က တော်သေးတယ် ၊ သပြေကန် နဲ့ ချောင်းဝ ဘက် က လူတွေ ဆိုရင် ခု ချောင်းနား ကို လှည့်တောင် မကြည့်ရဲ လောက်အောင် ဖြစ် နေကြပြီဗျ ”


“ သပြေကန် က ဖိုးသာဒွေး ကို ချောင်းပိုင်ကြီး ဘယ် မှာ ဆွဲတာလဲ ၊ ချောင်းရေ ထဲ ဆင်း ကူး လို့လား ၊ ဒီလောက် မိကျောင်း ရဲ နေတာ သိလျက်နဲ့ လူတွေ ကလည်း အတင့် ရဲလွန်းကြပါ တယ် ဗျာ ”


“ ဘယ်ကလာ ချောင်းရေ ထဲ ဆင်း ကူး ရမှာလဲ ၊ ချောင်းကမ်းပါး မှာ ငါး မျှား နေတာ ကို ရေ အောက် က ငုပ် လာပြီး အမြီး နဲ့ ရိုက်ချ ယူသွားတာ တဲ့ ၊ အမှန်က မိကျောင်း လာ ရိုက်ချတုန်း က ဖိုးသာဒွေး ကို မဟုတ်ဘူးဗျ ။ ဖိုးသာဒွေး ခွေး ကို ရိုက် ချတာ ၊ ဖိုးသာဒွေး ငါး မျှားနေတုန်း သူ့ ခွေး က အနား မှာ ဆောင့်ကြောင့် ထိုင်ပြီး ပျားတော ထဲ က ပျားမျောက်တွေ ကို တဝေါင်ဝေါင် ကြည့် ဟောင် နေတော့ အသံ ကြားတာနဲ့ ချောင်းပိုင်ကြီး ဟာ ရေအောက် က ငုပ်လာပြီး ခွေး ကို အမိအရ ရိုက် ဖမ်းတာ ၊ လူ က ကံ ဆိုး တော့ ခွေး က လွတ် သွားပြီး ဖိုးသာဒွေး ပဲ ပါ သွားတာပေါ့ ” 


“ ဟယ် ... တယ် ရဲတင်းလွန်းပါလား ဗျ ”  


ကိုရင်ထွန်းမောင် မှာ ပို၍ အံ့သြ ထိတ်လန့် သွားသည် ။ 


“ ရဲဆို ဒီ ကောင်ကြီး ကို နတ်မိကျောင်း လို့ တောင် ပြော နေကြပြီဗျ ”


“ အေးဗျာ သည်အတိုင်း ဆိုရင် ဒီကောင်ကြီး ကြောင့် လယ်သမား တွေ တော့ ဒုက္ခပါပဲ ။ ဘကြီးညို တို့ မြေးအဖိုးတွေ လည်း ဒီနှစ် ဘာ အစီအစဉ် မှ လုပ်ကြ သံ မကြားဘူးလား ”


“ လုပ်ပါသော်ကော ကိုရင် ရာ ၊ ကုက္ကိုတန်း က ဦးလှမောင် ကျွဲကြီး ကို ချောင်းပိုင်ကြီး ဆွဲ သွားတဲ့ နေ့က အဘညို ကို သပြေချောင်း နား မှာ ကျွန်တော် တွေ့ လိုက်သားပဲ ၊ ကျွန်တော် က အခြေအနေ ဘယ့်နှယ်လဲ အဘ ဆိုတော့ ကြိုးစား နေတာပဲလို့ ပြောတယ် ။ သူတို့ မြေး အဘိုး လည်း ချောင်းပိုင်ကြီး ကို မိအောင် ဖမ်း နိုင်ကြမှာ မဟုတ်ဘူး ထင်ပါရဲ့ဗျာ ၊ နတ်မိကျောင်း ဆိုတော့ လည်း လူ က ဘယ် တတ်နိုင်မှာလဲ ” 


ကိုသာရင် ပြော သည်မှာ အမှန်ပင် ဖြစ်သည် ။ အဘိုးလေး နှင့် ကျွန်တော် သည် ချောင်း ပိုင်ကြီး ( ခေါ် ) မိကျောင်း အား ဖမ်း မိ နိုင်ရန် နည်း အမျိုးမျိုးဖြင့် ကြိုးစား လာခဲ့ကြသည်မှာ နှစ်လ ပင် ကျော် သွားပြီ ဖြစ်သည် ။ သို့သော် မိုးဦး ကျ စကပင် ဤ သပြေချောင်း ထဲ တွင် အစုန်အဆန် သွားလာ သောင်းကျန်းပြီး ချောင်းဝ ၊ သပြေကုန်း ၊ ကုက္ကိုတန်း ၊ ထန်းစု ၊ သရက်ပြင် ၊ မြောင်းငယ် စသည့် သပြေချောင်း နား တစ်လျှောက် ရှိ ရွာ များမှ လယ်သမားများ ၏ ကျွဲနွားများ ကို နေ့စဉ် လိုလို သတ်ဖြတ် စားသောက် နေသော ချောင်းပိုင်ကြီး ကို ကား ယနေ့ အထိ မဖမ်းမိ နိုင်ကြသေးပေ ။


ကျွန်တော့် အဘိုးလေး ဦးညို မှာ မိကျောင်းကိုင်း ကျားကိုင်း ထောင် ရာ၌ ဤနယ် တစ်ဝိုက် တွင် စံမတူ ပုဂ္ဂိုလ် ဖြစ်သည် ။ မည်သည့် မုဆိုးကျော် ကမျှ ထောင်ဖမ်းနိုင်စွမ်း မရှိသော မိကျောင်း နှင့် ကျား ဆိုလျှင် ကျွန်တော့် အဘိုးလေး က ချည်း ထောင် ဖမ်းရ၏ ။ တစ်ခါတစ်ခါ ရဲတင်း သောင်းကျန်း လွန်းသော ကျားကြီးများ ကို ထောင် ဖမ်းရန် ရိုးမတောင်ခြေ တစ်လျှောက် ရှိ ရွာများ ကပင် ကျွန်တော့် အဘိုးလေး ကို တကူးတက လာ ခေါ်ပင့်ဖိတ် တတ် ကြသည်လည်း ရှိသည် ။ ထို့ကြောင့် ဤနယ် တစ်ဝိုက် တွင် မိကျောင်းကိုင်း ကျားကိုင်း ထောင်ရာ၌ အဘိုးလေး သည် ပြိုင်စံရှားသော မုဆိုးကျော်ကြီး တစ်ဦး ဖြစ် လေသည် ။


မိုးဦးကျစ ၌ မြစ်ငယ်များ ၏ ရေပြင် သည် လေပြင်းမုန်တိုင်း ကျ၍ လှိုင်းတံပိုးတို့ ကြီး မားလာကြပြီ ဆိုလျှင် မြစ်ငယ် ထဲ တွင် ကျက်စားလေ့ ရှိသော မိကျောင်းများ သည် လှိုင်းတံပိုး ဒဏ် ကို မခံနိုင်တော့ သဖြင့် ကျွန်တော် တို့ သပြေချောင်း  ထဲ သို့ မိုး ခိုရင်း ဝင်ရောက် လာတတ် ကြသည် ။ သပြေချောင်း ထဲ သို့ မိကျောင်း တစ်ကောင် ကောင် ဝင်ရောက်လာပြီ ဆိုလျှင် ကျွန်တော် တို့ မြေးအဘိုး လက် ထဲ က လွတ်ထွက် သွားသော မိကျောင်း ဟူ၍ ယခင် က မရှိခဲ့ပေ ။ သပြေချောင်း ထဲ တွင် သောင်းကျန်းသော မိကျောင်း ဆိုလျှင် တစ်နည်းနည်း နှင့် တော့ ဖမ်းမိ မိဖြစ်၏ ။ သို့သော် ယခုအခါ တွင် သပြေချောင်း ထဲ ၌ သောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို ကား ကျွန်တော် တို့ မြေးအဘိုး မှာ ယနေ့ အထိ မဖမ်းမိ နိုင်ကြသေး၍ မုဆိုးတံငါ တို့ ၏ ဂုဏ်သိက္ခာ ပင် ကျလာတော့ သည် ။


ကျွန်တော်တို့ အရပ် ၌ မိုးဦးကျစ တွင် မိကျောင်း ရဲ တတ်သလို နတ်တော်ပြာသို ကျား မိတ်လိုက် ချိန် တွင် လည်း ကျားများ ရဲ တတ် လေသည် ။ ကျွန်တော်တို့ မြေးအဘိုး မှာ ကျားရဲ ချိန် ၌ ကျား ကို လည်းကောင်း ၊ မိကျောင်း ရဲ ချိန်၌ မိကျောင်း ကို လည်းကောင်း ကိုင်းထောင် ဖမ်း၍ အသက်မွေး ဝမ်းကျောင်း ပြုနေကြသော မုဆိုးတံငါ မြေးအဘိုး ဟု ဆိုက ဆို နိုင်သည် ။ သပြေချောင်း ထဲ သို့ ဝင် လာမိသော မိကျောင်းများ ကို ကိုင်းထောင် ၍ ဖမ်းဆီး ယူနိုင်ခဲ့သလို ရိုးမတော ထဲ မှ အထက် တော ဘက် သို့ နယ်ကျွံ ၍ ရောက်လာသော ကျားများ ဆိုလျှင်လည်း ကျွန်တော်တို့ မြေးအဘိုး လက် ထဲ က ပြေး မလွတ်နိုင်ခဲ့ပေ ။ ထို့ကြောင့် ယခု သပြေချောင်း ထဲ တွင် ထကြွသောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို မဖမ်းမိ နိုင်လျှင် ကျွန်တော်တို့ မြေးအဘိုး မှာ မုဆိုးတံငါ တို့၏ သိက္ခာ ကျရတော့မည် ။


ယင်းသမို့ကြောင့် လည်း ချောင်းပိုင်ကြီး ကို အမိ ဖမ်းရန် ကျွန်တော်တို့ မြေးအဘိုး ကြိုး စားနေကြခြင်း ဖြစ်သည် ။ သို့သော် ချောင်းပိုင်ကြီး ကို ကား ယနေ့ အထိ မဖမ်းနိုင်ကြသေး ။ မိကျောင်း ထောင်နည်း ၊ ဖမ်းနည်း များစွာ တို့ တွင်လည်း မျောက်ကောင်ရှင် ထောင်ဖမ်းနည်း နှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်နည်း သာ ကျန် တော့၏ ။ နောက် သုံးလေးရက် ကြာ၍လည်း သပြေချောင်း ထဲ က မိကျောင်းကြီး ကို ဖမ်း မမိလျှင် ထို နည်း နှစ်ခု ကိုပင် အသုံးပြုရန် ကျွန်တော် တို့ မြေးအဘိုး စည်းလား ရိုက်ထားကြပြီး ဖြစ်လေသည် ။ 


     •••••   •••••   •••••   •••••


မသေမရှင် ရိုက်ပုတ်ကာ ခြေလက် တုပ်နှောင်ပြီး ထမ်းပိုး ယူလာသော ကျွန်တော် ၏ ကျော ပေါ်မှ မျောက်မကြီး ၏ တအင့်အင့် အသက် ငင် အော်ညည်း နေသံ မှာ အလွန်ပင် နား မချမ်းသာစရာ ကောင်း လှသည် ။ မသေမရှင် ရိုက်ပုတ် ထုထောင်း ထား သဖြင့် ငရဲ လည်း အလွန် ကြီးလေမည် ။ ထို့ကြောင့်လည်း ဤနည်း နှင့် မိကျောင်း ထောင်ဖမ်း ရမည့် အလုပ် ကို ကျွန်တော် တို့ မြေးအဘိုး က ရှောင်ကြဉ် ခဲ့ကြသေး၏ ။ သို့သော် ချောင်းပိုင်ကြီး အား ထောင်ဖမ်းရန် နည်းလမ်း မှာ ဤ နည်းလမ်း နှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်ခုသာ ကျန် တော့သဖြင့် ဤ နည်းလမ်း ကိုပင် ပထမဦးစွာ အသုံး ပြုရလေတော့သည် ။ ဤ နည်းလမ်း နှင့် ချောင်းပိုင်ကြီး ကို မမိ လျှင် နောက် တစ်ဆင့် တက် ရပေဦးမည် ။


ကျွန်တော် တို့ မြေးအဘိုး သည် မိကျောင်းကိုင်း ထောင်ရမည့် နေရာ ဖြစ်သော သပြေ ချောင်း နား ရှိ ကိုင်းကျင်း နား သို့ ရောက် လာကြ၏ ။ ကျွန်တော် သည် တအင့်အင့် ညည်းနေသော မျောက်မကြီး ကို ကျင်းနား တွင် ညင်သာစွာ ချ လိုက်၏ ။ မသေမရှင် ရိုက်ပုတ် ထုထောင်း ထားသော မျောက်မကြီး မှာ သတိ မရ တစ်ချက် ရ တစ်ချက် နှင့် တအင့်အင့် ညည်း နေ တုန်းပင်တည်း ။ 


မိကျောင်း ကို ကိုင်း ထောင်ရာတွင် ကြက် ၊ ဝက် ၊ ငှက် ၊ ကျား ၊ ဂျီငယ် များ ကို ထောင် ဖမ်းသလို ကိုင်းကြိုး တစ်ပင် ကိုင်းတံ တစ်ခု ကိုင်းကျင်း တစ်ခု နှင့် ထောင်ဖမ်း၍ မဖြစ်ပေ ။ ကိုင်း တံ နှစ်ခု ကိုင်းကြီး နှစ်ပင် ကိုင်းကွင်း နှစ်ခု ဖြစ်လေသည် ။ မိကျောင်းကိုင်း မှာ ဝိသေသထူးခြား ချက်တွေ အများကြီး ပါ၏ ။ ကိုင်းကြိုး ထဲတွင် သစ်သား ကို ပွတ် လုပ်ထားသော ပုတီးစေ့လေး တွေ လို ( တောင့် ) လည်း ထည့် ထားရသည် ။ ထိုသို့ ( တောင့် ) ထည့် မထားလျှင် မိကျောင်း သည် ကိုင်း ၌ မိ၍ ရုန်းကန် လှုပ်ရှားသော အခါ သူ ၏ ကြမ်းတမ်း ခက်ထန်သော ကိုယ်လုံးကြီး နှင့် ကိုင်း ကြိုး ပွတ်တိုက်ထိဖန် များသော အခါ ကြိုးပြတ် ထွက် သွားမှာ စိုးရသည် ။ ကိုင်းကြိုး ထဲ တွင် ပုတီးစေ့ ( တောင့် ) လေးတွေ ထည့်ထား ပေးပါ က မိကျောင်း သည် မည်မျှပင် ရုန်းကန် လှုပ်ရှားနေစေကာ မူ ပုတီးစေ့လေးတွေ က ဘော လို လည် နေသဖြင့် ကိုင်းကြိုး မပြတ်နိုင်ပေ ။


မိကျောင်း ကို ကိုင်းထောင် ဖမ်းရာ၌ ကိုင်းတံ နှစ်ခု ၊ ကိုင်းကြိုး နှစ်ပင် ကိုင်းကွင်း နှစ်ခု ဖြစ် သော်လည်း ကိုင်းသီး ခေါ် ကိုင်းခလုတ် မှာ တစ်ခုတည်း ဖြစ်သည် ။ ကိုင်းခလုတ် တစ်ချက် ပြုတ် ရုံနှင့် ကိုင်းကြီး နှစ်ပင် စလုံး တစ်ပြိုင်နက် တင်း သွားအောင် မိကျောင်း ကိုင်းထောင် ဖမ်းသော အတတ်ပညာ ပါ ရသည် ။ တခြား တိရစ္ဆာန်များ ကို ထောင်ဖမ်း သလို ကိုင်းကွင်းကြိုးခွေ ကို မြေပြင် တွင် လှဲ မထားဘဲ မတ်တတ် ထောင်ထားရ၏ ။ ကိုင်းကွင်း မတ်တတ် ကို မြေပြင် ထဲ တွင် တစ်ဝက် မြှုပ် ထားရသေးသည် ။ သို့မှသာ မိကျောင်း တွား တက်လာပါက မိကျောင်း ၏ ကိုယ်လုံး သည် ကိုင်းကွင်း ထဲ သို့ အဆင်သင့် ဝင်မည် မဟုတ်ပါလား ၊ မိကျောင်း ကို ကိုင်းထောင်ရာ ၌ တခြား  တိရစ္ဆာန်များ ကို ထောင်ဖမ်း သလို ခြေလက် တို့ ကို မထောင်ဖမ်းဘဲ ကိုယ်လုံး ကို ထောင်ဖမ်းရလေသည် ။  


မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းထောင် ဖမ်းတော့မည် ဆိုလျှင် ကိုင်း မထောင်ခင် က ပင် မိမိ ထောင်ဖမ်းရမည့် မိကျောင်း ၏ ကိုယ်လုံး အရှည်အတို အလျားအရွယ်အစား စသည်တို့ ကို ခန့်မှန်း လေ့လာ ရသေး၏ ။ သို့မှသာ မိကျောင်းကိုင်း ၌ မိ ပါက ကိုင်းကြိုး နှစ်ပင်မှာ တစ်ပင် က လက်လှုပ် အောက် ကိုယ်ထည် ကို မိ၍ ကျန် တစ်ပင်က ခြေအထက် ခါး ကို မိ ရပေမည် ။ ထိုသို့ ကိုင်းကြိုး နှစ်ပင် မိထားမှသာ မိကျောင်းကြီး သည် လွှတ် မရုန်းနိုင် တော့ဘဲ စန့်စန့်ကြီး ဖြစ် နေလေ မည် ။ သို့မဟုတ် လျှင် အမြီး နှင့် ရိုက်ပုတ်၍ ကိုင်းကြိုး ကို ဖြတ် တတ်လေသည် ။ ဤသည်တို့ မှာ မိကျောင်း ထောင်ဖမ်းနေကျ ဖြစ်သော ကျွန်တော်တို့ မြေးအဘိုး အတွက် အခက်အခဲတော့ မဟုတ်ပေ ။

မိကျောင်း ထောင်ဖမ်းရန် ကိုင်းကျင်း အဆင်သင့် ပြုလုပ် ထားသော သပြေချောင်းနား သို့ ကျွန်တော် တို့ မြေးအဘိုး ရောက် လာချိန်မှာ မှောင်ရီပျိုးဖျ အချိန် ဖြစ်လေသည် ။ ချောင်းကမ်း ပါးဘေး နား ရှိ ပြူးပင် ၊ ပြာပင်များ ပေါ်မှ အိပ်တန်း လုရင်း ရန်ဖြစ် နေကြသော မျောက်များ ၏ အသံ မှာ ချောင်းပတ်ဝန်းကျင် ၌ ဆူညံလျက် ရှိလေသည် ။


သပြေချောင်းနား တစ်ဝိုက် တွင် မျောက် အလွန်ပေါ၏ ။ ယခု မိကျောင်း ထောင်ရန် အစာ အဖြစ် ဖမ်းဆီးယူ ဆောင်လာကြသော မျောက်မကြီး ကို လည်း ကျွန်တော်တို့ မြေးအဘိုး သည်  ဤ သပြေချောင်း နား ကပင် ဖမ်းယူ ရသည် ။ မျောက် ကို ထောင်ဖမ်း ရသည်မှာ အလွန် လွယ်ကူ၏ ။ ဒီရေ ကျ သွားပြီ ဆိုလျှင် မျောက်များ သည် ချောင်းဘေး နား ရှိ သစ်ပင်များ ပေါ် မှ လတာပြင် သို့ ဆင်း လာကြပြီး လတာပြင်ပေါ် မှ ငါးကလေးများ ၊ ဂဏန်းဗလီးကလေးများ ကို ဖမ်း စားတတ် သည် ။ ထိုအခါ လတာပြင် ထဲ ၌ ကြိုးကွင်း ပစ်၍ မျောက် ကို ဖမ်းယူရသည် ။ မျောက်တွေ မှာ သပြေချောင်း နား တစ်ဝိုက် ၌ အလွန် ပေါများသဖြင့် မျောက် တစ်ကောင် ဖမ်းမိရန်မှာ ဒီရေ ကျချိန် ၌ နာရီဝက် ပင် မကြာပါချေ ။


မျောက်များ ကို မိကျောင်း ဖမ်းစား တတ် ချိန်မှာလည်း ဒီရေ ကျချိန် မှာ ပင် ဖြစ်သည် ။ ဒီရေ ကျ ချိန်တွင် လတာပြင် သို့ မျောက်များ ဆင်း လာလေ့ ရှိသည်ကို သိထားသော မိကျောင်း သည် ဒီရေ ပြည့်လျှံ နေချိန် ၌ လတာပြင် ရွှံ့ညွံ ထဲတွင် သူ ၏ တစ်ကိုယ်လုံး ကို နှစ်မြှုပ် ၍ ဒီရေ ကျ သွား သောအခါ မျောက်များ လတာပြင် သို့ ဆင်း အလာ ကို မိကျောင်း က စောင့် နေတတ်သည် ။ ဒီရေ ကျ သွား၍  မျောက်များ လတာပြင် သို့ ဆင်း လာကြသော အခါ မိကျောင်းကြီး သည် လက်လှမ်း မှီ ရာ မျောက် ကို အမြီး နှင့် လှမ်း ရိုက်၍ ဖမ်း စားတတ်လေသည် ။ မျောက်သား မျောက်သွေး ကို မိကျောင်းများ အလွန် ကြိုက်၏ ။ ထို့ကြောင့်လည်း ယခု သပြေချောင်း ထဲ တွင် အစုန်အဆန် သွား လာ၍ သောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို ကျွန်တော်တို့ မြေးအဘိုး သည် မျောက်သွေး မျောက်သား နှင့် ထောင် ဖမ်းရန် စိုင်းပြင်း နေကြလေသည် မဟုတ်ပါလား ။


ဒီရေ ကျချိန် တွင် မျောက်များ ကို မိကျောင်း က လတာပြင် ထဲ ၌ အမြီး နှင့် ရိုက်ပုတ်ပြီး ဖမ်းစား တတ်သလို ကျား များ သည် ကား မျောက်များ ကို အကာလ ညအခါ ၌ သာ ဖမ်း စားတတ် လေသည် ။ မျောက်များ အိပ်တန်း တက်နေကြသော သစ်ပင်ကြီးငယ်များ ကို ညဦးပိုင်း ကပင် တွေ့ ထားသော ကျားသည် ညအချိန် ၌ ထို သစ်ပင်အောက် ကို လာ၍ မျောက်များ ကို စောင့်ဖမ်း စား တတ်သည် ။ ညဉ့်ယံ အခါတွင် မျောက်များ သည် စိုးရိမ်ကြောင်းကြစိတ် နှင့် ကမ္ဘာမြေကြီး များ ပြို ကျ လေသလားဟု မြေပြင် ကို ဆင်း၍ တစ်ညဉ့် သုံးခါ စမ်းသပ် ကြည့်ကြသည် ဟု လူကြီး သူမများ ပြော ကြသည်မှာ ဟုတ်ချင်မှ ဟုတ်မည် ဖြစ် သော်လည်း အကောလ ညအချိန် ၌ မျောက် များ သည် မြေပြင် သို့ ဆင်း တတ် သည်မှာ တော့ အမှန်ပင် ဖြစ်သည် ။ တိရစ္ဆာန်များ တွင် လူတွေ သုတေသန ပြု၍ မရသေးသော လျှို့ဝှက်ချက် အကျင့် အလေ့အထ တစ်ခုစီတော့ ရှိကြသည် ။


တိရစ္ဆာန်များ ထဲ တွင် အလိမ္မာ ပါးနပ်ဆုံး ဖြစ်သော ကျား သည် ညအခါ ၌ မျောက်များ မြေပြင် သို့ ဆင်းအလာ ကို စောင့် ဖမ်း၍ စား တတ်လေသည် ။ သို့သော် သပြေချောင်းနား တစ်ဝိုက် တွင် မျောက်တွေ မှာ အလွန် ပေါသဖြင့် မိကျောင်း နှင့် ကျားများ က မည်မျှပင် ဖမ်းစားကြစေကာ မူ မျောက်များ ကား မကုန် နိုင်ပေ ။ ထို့ကြောင့်လည်း သပြေချောင်းနား သို့ မျက်စိလည် လမ်းမှား ၍ ရောက်လာကြသော ကျားများ သည် သပြေချောင်း ကို တော်တော် နှင့် မခွာ နိုင်သလို မိကျောင်း များ သည်လည်း  မခွာရက် ဖြစ်နေသည် ။ ယခု ကြည့်ပါဦး ၊ မိုးဦးကျ စကပင် လေမိုး ခိုရင်း သပြေ ချောင်း ထဲ သို့  မျက်စိလည် လမ်းမှား ကာ ယောင်ယောင်ပေါင်ပေါင် ရောက် လာသော မိကျောင်း သည် သပြေချောင်း ကောင်းမှန်း ကို သိ သဖြင့် သပြေချောင်း က မခွာဘဲ စခန်း ချကာ ချောင်းပိုင်ကြီး လုပ်နေပါလေပြီ ။


ကိုင်းကျင်း အဆင်သင့် ပြုလုပ်ပြီးသော အခါ ကျွန်တော် သည် သေလုလု ဖြစ်နေသော မျောက်မကြီး ၏ ဆီးစပ် ကို ဓားမြှောင် နှင့် တစ်ချက် ဆောင့် ထိုး လိုက်၏ ။ မျောက်သွေးများ သည် ကိုင်းကျင်း ထဲ မှ အသင့် ဖောက်လုပ် ထားသော ရေစီးကြောင်း အတိုင်း လတာပြင် ကို ဖြတ်၍ ချောင်း ရေ ထဲ သို့ စီးဆင်း သွားကြသည် ။ မျောက်သွေးများ ချောင်းရေ ထဲ သို့ တဖြည်းဖြည်း စီး ကျနေမှ မျောက်သွေး မျောက်သား ကို အလွန် ကြိုက်တတ်သော မိကျောင်း သည် သွေးနံ့ ခံပြီး မျောက်ကောင် ရှိရာသို့ လိုက်လာမည် ။ မျောက်သွေးစီးကြောင်း ကို တွေ့သောအခါ တဖြည်းဖြည်း သွေး သောက် ရင်း လတာပြင် ကို တွားတက် သွားပြီး ကိုင်းကျင်း ထဲ မှ မျောက်ကောင် ကို ဆွဲဟပ် လေမည် ။ ထို အခါ ကိုင်းခလုတ် က ဒေါက်ခနဲ ပြုတ် ၍ မိကျောင်း သည် စန့်စန့်ကြီး မိ နေလေမည်မှာ မုချ ပင် မဟုတ်ပါလား ။ ကိုင်းခလုတ် ချပြီးသောအခါ ကိုင်းဖျား တွင် နွားခလောက်ကလေး တစ် လုံး ကို ဆွဲ ချိတ်ထားရ၏ ။ ညအချိန် ၌ မိကျောင်းကိုင်း ၌ မိပြီ ဆိုလျှင် ဤ နွားခလောက်ကလေး က ဒိုးဒိုးဒေါင်ဒေါင် မြည်၍ ကျွန်တော် တို့ မြေးအဘိုး အား အချက် ပေးမည် ဖြစ်လေသည် ။


ကိစ္စဝိစ္စတွေ ပြီးသောအခါ ကျွန်တော်တို့ မြေးအဘိုး သည် ကိုင်းကျင်း နှင့် အနီးဆုံး ဖြစ်သော လယ်သမား တစ်ဦး နွားတင်းကုပ် သို့ သပြေချောင်း ထဲ မှ တက် လာကြသည် ။ ကျွန်တော် နှင့် အဘိုးလေး သည် နွားတင်းကုပ် တွင် လဲလျောင်းရင်း ကျွန်တော် တို့ အစောင့် အဖြစ် ထားခဲ့သော ခလောက်ကလေး ၏ တဒိုးဒိုး တဒေါင်ဒေါင် အချက်ပေးသံ ကို သာ နားစွင့် နေမိကြပေသည် ။


     •••••   •••••   •••••   •••••


မိကျောင်း လမိုင်း ကပ် နေသော ကျွန်တော် ၏ နား သည် ဒိုးဒိုးဒေါင်ဒေါင်း ခလောက်မြည်သံ ကို ချည်း ကြား နေမိတော့သည် ။ ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်း တွင် ချောင်း ပိုင်ကြီး မိ၍ တလူးလူး တလွန့်လွန့် လှုပ်ရှားရုန်းကန်နေသည် ကိုလည်း စိတ် ထဲ မှာ မြင် မိသလိုပင် ။ မိကျောင်း နှင့် ကျားများ ကို နှစ်ပေါင်း များစွာ ထောင်ဖမ်း သ,တ်ဖြတ်လာသော ကျွန်တော် ၏ နားမျက်စိ တို့ မှာ ကျား နှင့် မိကျောင်း သရဲများ စွဲဝင် ပူးကပ်နေ သကဲ့ သို့ ပင် ရှိတော့သည် ။


မိကျောင်း တစ်ကောင် ကို ကိုင်းထောင် ဖမ်းဆီးရမိပြီ ဆိုလျှင် ကျွန်တော်တို့ အဖို့ လေးငါးလ မလုပ်မကိုင်ဘဲ ထိုင် စားနိုင်သည် ။ မိကျောင်း တစ်ကောင် ကောင် ကို ဖမ်းဆီး မိပါက အနည်းဆုံး ငွေ သုံးလေးဆယ် ကို တစ်ရက် နှစ်ရက် အတွင်း ရနိုင်၏ ။ ကျေးလက်တောရွာများ ၌ ငွေသုံးလေး ဆယ် မှာ နည်းသည် မဟုတ်ပေ ။ 

မိကျောင်း တစ်ကောင် ကို ကိုင်းထောင် ၍ ဖမ်းဆီး ရမိပြီ ဆိုလျှင် ဦးစွာ ပထမ မိကျောင်းသား ကို ရောင်းရ၏ ။ နောက် လက်သည်း ခြေသည်း အမြီးအရေခွံ က အစ ဘာတစ်ခုမျှ လွင့်ပစ်ရသည် ဟု မရှိပေ ။ မိကျောင်း ၏ လက်သည်း ခြေသည်း အရေခွံ စသည် တို့ ကို ကလေးသူငယ်များ လည်ပင်း ၌ ဆွဲချိတ် ထားပါ က သူငယ်နာ က အစ အမှောင့် ပယောဂ အားလုံး ကို ကာကွယ်သည် ဟု တောရွာကျေးလက် မှ လူများ အယူ ရှိကြသည် ။ မြန်မာ သမားတော်ကြီးများ ကလည်း မိကျောင်း အသည်း ကျောက်ကပ် ၊ နှလုံး စသည်တို့ ကို ဈေး အများဆုံး ပေး၍ ဝယ်ယူ တတ်ကြသည် ။  


မိကျောင်း တစ်ကောင်လုံး တွင် ပိုက်ဆံ မတန်သော တန်ဖိုး မရှိသော အရာဝတ္ထု ဟူ၍ တစ်ခုမျှ မရှိပေ ။ အားလုံး ပိုက်ဆံ တန်သည် ။ နောက်ဆုံး ကုန်ကုန် ဆိုရသော် မိကျောင်း ၏ ဝမ်း ဗိုက် ထဲ ၌ပါသော ကျောက်ခဲကျောက်လုံးတွေများ ဆိုလျှင် ပို၍ပင် တန်ဖိုး ရှိသေးသည် ။ ထိုကျောက် ခဲကျောက်လုံးလေးတွေ ကို ဆောင် ထားပါက ကျောက်ကြီးရောဂါ ၊ ကျောက်ဝမ်းရောဂါ ၊ အနာကြီးရောဂါ နှင့် ဓားခုတ်လှံထိုး ပင် ပြီး သည် ဟု တောရွာ က လူများ အယူ ရှိကြသည် ။ ထို့ကြောင့် မိကျောင်း တစ်ကောင်လုံး တွင် ဝမ်းဗိုက် ထဲ က ကျောက်ခဲကျောက်လုံးလေး တွေ မှာ ပို၍ ပင် တန်ဖိုး ရှိ သေးလေသည် ။


မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းတောင် ဖမ်းမိပြီ ဆိုလျှင် မိကျောင်း ၏ ဝမ်းဗိုက် ထဲ တွင် မိကျောင်း အကောင် အကြီးအသေး ကို လိုက်၍ ကျောက်ခဲ ကျောက်လုံးလေးများ ပါ စမြဲ ဖြစ်သည် ။ ကျွန်တော့် အဘိုးလေး ၏ ပြောပြချက် အရမူ ဥပမာ မိကျောင်း တစ်ကောင် သည် ချောင်း တစ်ချောင်း ထဲ သို့ ဝင် လာပါက ထို ချောင်း ထဲ ၌ သူ့ ထက် ကြီးသော သူ့ ကို နိုင်နင်းသော တစ်နည်း ဆိုရသော် သူ့ ကို ရန် မူနိုင်သော ချောင်းပိုင် မိကျောင်း ရှိ မရှိကို စုန်ဆန်ကာ ရှာဖွေသည် ။ တိုက်ခိုက်သည် ဟု ဆို၏ ။ ထို ချောင်း ၌ သူ့ ကို နိုင်နင်းသော မိကျောင်း တစ်ကောင် မျှ မရှိ လျှင် ထို မိကျောင်း သည် ကျောက်ခဲ တစ်လုံး ရှိတတ်သည် ဟု ဆိုသည် ။ အဓိပ္ပာယ် မှာ ဤ ချောင်း ကို သူ ပိုင်ပြီ ဟု ဆိုလိုသည် ။ ထို့ကြောင့် မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းထောင် ဖမ်းမိ၍ ထို မိကျောင်း ၏ ဝမ်းဗိုက် ထဲ တွင် ကျောက်ခဲ သုံးလေးလုံး ကို တွေ့ ပါက ထို မိကျောင်း သည် ချောင်း သုံးလေးချောင်း ပိုင်သည် ဟု ယူဆ ရမည် ။ ငါးလုံး တွေ့ က ငါးချောင်း ပိုင်သော မိကျောင်း ဟု အဘိုးလေး က ပြောပြသည် ။


ကျွန်တော် သည် မပျော် တစ်ချက် ပျော် တစ်ချက် နှင့် အဘိုးလေး အနား က ကွပ်ပျစ် တွင် လူးလွန့် လှုပ်ရှား ရင်း ချောင်းပိုင်ကြီး ၏ အကြောင်း ကို သာ တွေး နေမိသည် ။ ဤ မိကျောင်းကြီး ကို သာ ကိုင်း ၌ ဖမ်းမိပါက အသား ကို ရောင်းစားရုံ နှင့် ငွေ လေးငါးခြောက်ဆယ် မှာ အလွယ် ကလေးနှင့် ရနိုင်သည် ။ နောက် လက်သည်းခြေသည်း ၊ အမြီးအရေခွံ ၊ အသည်းနှလုံး ၊ ဗိုက် ထဲ က ကျောက်ခဲကျောက်လုံးများ ။


အချိန် မှာ သက်ကြီးခေါင်းချ အချိန်တည်း ။ နွားတင်းကုပ် ၏ ပတ်ဝန်းကျင် တစ်ခို မှ ပိုး ကောင် မွှားကောင်ငယ်များ ၏ အော်မြည်သံ မှာ ညံစီ လျက် ရှိသည် ။


“ ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ”


ဒိုးဒိုးဒေါင်ဒေါင် မြည်နေသော နွားခလောက်သံ သည် သပြေချောင်းနား တစ်ဝိုက် ကို ပဲ့တင် ထပ် သွား လေသည် ။ ကျွန်တော် သည် အိပ်ရာ က လူးလဲ ထလိုက်၏ ။


“ အဘိုးလေး... အဘိုးလေး ၊ ချောင်းပိုင်ကြီး မိပြီဗျို့ ”


အိပ်ပျော် နေသော အဘိုးလေး ကို ကျွန်တော် က ကမန်းကတန်း လှုပ် နှိုးလိုက်၏ ။ ညဦး က ပင် အသင့် ပြုလုပ်ထားသော မီးတုတ် ကို ထွန်းညှိကာ လှံရှည် တစ်ချောင်း ကို ဆွဲတည့်ပြီး မိကျောင်းကိုင်း ရှိရာ သပြေချောင်း နား သို့ ဒုန်းစိုင်း ပြေး ချလာ၏ ။ အဘိုးလေး မှာ အသက်အရွယ် ကြီးသူ ပီပီ အလဲအလဲ အပြိုပြိုနှင့် ကျွန်တော့် နောက် ကို ပြေး လိုက်လာသည် ။ ကျွန်တော် သပြေချောင်း နား သို့ ရောက်သော အခါ အဘိုးလေး မှာ လမ်း တစ်ဝက် လောက် သာ ရောက်သေး၏ ။ 


အဘိုးလေး  လက် ထဲ က မီးရောင် ကို တော့ တရွေ့ရွေ့ လှမ်း မြင် နေရသည် ။ “ လူလေး အရမ်း မလုပ် နဲ့နော် အရမ်း မလုပ်နဲ့ ၊ အဘ ရောက်အောင် စောင့်ဦး ” ဟု လည်း ကျွန်တော့် အား စိတ် မချသဖြင့် လှမ်း အော်ရင်း သတိ ပေးလေသည် ။


ကိုင်းကျင်းနား သို့ ရောက်သော အခါ ကျွန်တော် ၏ ခြေလှမ်း မှာ တုံ့ခနဲ ရပ်သွားသည် ။ မိကျောင်း ရပြီ ဟူသော ဝမ်းသာအားရ စိတ် နှင့် ပြေး ချလာမိသည် မှာ ယခုအခါ ခဲလေသမျှ သဲရေကျ ဖြစ် ရလေပြီ ။ အဘယ်ကြောင့် ဆိုသော် မျောက်များ သည် တဆူဆူတညံညံ အော်ဟစ်၍ ကိုင်းတံ ကို တွယ်တက် ၍ ကိုင်လှုပ်သည့် အကောင် က လှုပ် ၊ ကိုင်းကျင်း ထဲ မှ မျောက်မကြီး ကို ဝိုင်း ဆွဲသည့်အကောင် က ဆွဲ ၊ ခလောက် ကို တဂျောင်ဂျောင် လှုပ်သည့် အကောင် က လှုပ် နှင့် မျောက် အကောင်ရေ သုံးဆယ် လောက် သည် ကိုင်း ကျင်းနား တွင် ရှုပ်ရှက်ခတ် ဖြစ်နေသည် ကို တွေ့လိုက် သောကြောင့် ဖြစ်၏ ။


မိကျောင်း မိပြီ အထင် နှင့် အလဲလဲ အပြိုပြို ပြေး လိုက်လာသော အဘိုးလေး ကျွန်တော့် အနီး သို့ အရောက် တွင် ကျွန်တော် သည် စိတ်ပေါက်ပေါက် နှင့် အဘိုးလေး လက်ထဲက မီးတုတ်တွေ ကို တစ်ခုပြီး တစ်ခု မီးညှိ ကာ ကိုင်းကျင်း ထဲ တွင် ဆော့ ပြေး နေကြသော မျောက်များ အား ပစ် ပေါက် လိုက်မိလေသည် ။ 


ချောင်းပိုင်ကြီး ကို ဤနည်း နှင့် လည်း မမိနိုင်ပါသေး ။ သို့သော် နောက်ဆုံး တစ်နည်းတော့ ကျန် သေး၏ ။ ချောင်းပိုင်ကြီး က ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်းကျင်း ထဲ သို့ မလာ လျှင် ချောင်းပိုင်ကြီး ရှိ ရာသို့ ကျွန်တော်တို့ မြေးအဘိုး လိုက် ရှာပြီး သူသေ ကိုယ်သေ ပညာ ပြိုင်ကြရပေတော့မည် ။


     •••••   •••••   •••••   •••••


အဘိုးလေး က လိုက်ခဲ့ပါ ဆို၍ သာ လိုက် လာရ သော်လည်း ကျွန်တော့် စိတ် ထဲ က မူ သိပ် မပါတော့ပေ ။ ဤ မိကျောင်း ကို ဖမ်း မိနိုင်ရန် ကျွန်တော်တို့ မြေးအဘိုး နည်းအမျိုးမျိုး ဖြင့် ကြိုးစား လာခဲ့ကြသည် မှာ သုံးလေးလ ရှိနှင့်လေပြီ ။ မိကျောင်း ကို ကား မမိသေး ။ ထို့ကြောင့် ကိုသာရင် ပြော သလို ဤ မိကျောင်း သည် တကယ်ပင် နတ်မိကျောင်း ဆိုတာများလား ဟု တွေး မိသောအခါ ကျွန်တော့် ကျော ထဲတွင် စိမ့် ၍ သွားသည် ။


ဤ မိကျောင်း ကို ဖမ်းမိ နိုင်ရန် မနေမနား ကြိုးစား နေသလို ယခု တစ်လော ကျွန်တော်တို့ နယ် တစ်ဝိုက် တွင် ထကြွသောင်းကျန်း နေသော ကျားကြီး ကို ဖမ်းဖို့ ကြိုးစားပါက သည်လောက် အချိန် မှာ မိ နိုင်ပြီ ဟု ကျွန်တော် က တွက်ကိန်း ထုတ်မိသည် ။ ထို့ကြောင့်လည်း အသက်အန္တရာယ် နှင့် နီးသော နတ်မိကျောင်းကြီး ကို အဘယ်ကြောင့် ဖမ်းချင်ရ သနည်း ဟု အဘိုးလေး ကိုပင် မကျေ မနပ်နှင့် အပြစ် တင် ချင်လာသည် ။ ဤ မိကျောင်း မှာ ရွာနီးချုပ်စပ် တစ်ဝိုက် က လူများ သိထား ကြသလို နတ်မိကျောင်း ဖြစ်သဖြင့် ကျွန်တော်တို့ မြေးအဘိုး က ဖမ်းဆီး၍ မရနိုင်ပါ ဆိုလျှင် မုဆိုး တံငါ တို့ ၏ ဂုဏ်သိက္ခာ လည်း ကျစရာ မရှိပေ ။ မိုးလယ် က ပင် ထကြွသောင်းကျန်း လာသော မိကျောင်း မှာ ငမိုးရိပ်နတ်မိကျောင်း လို လူယောင် ဆောင်၍ သွား နေသည် ။ ဘယ်ရွာ မှာ ဘယ် နေ့ က အမည်မသိ တစိမ်း ဧည့်သည် သည် မိကျောင်း လူယောင် ဆောင်လာခြင်း ဖြစ်သည် စသည် စသည်ဖြင့် ကောလာဟလတွေ ကလည်း ထပ်တလဲလဲ ဖြစ် နေလေသည် ။ ဤသည် ကို လုံးဝ မယုံကြည် မကျေနပ်သော ကျွန်တော့် အဘိုးလေး က လည်း ထို့ကြောင့် ဤ မိကျောင်း ကိုသာ ဖမ်းမိ နိုင်ရန် သဲသဲမဲမဲ ဖိ၍ ကြိုးစား နေခြင်း ဖြစ်သည် ။ အမှန်က ဤ မိကျောင်း ကို နတ်မိကျောင်း ဟု ပြော နေကြသလို ယခုတစ်လော အတင့်ရဲ သောင်းကျန်း လာသော ကျားကြီး ကိုလည်း နတ် ကျား ကျွန်းပိုင်ရှင် ဟု မိကျောင်းသံ လိုက်၍ လူတွေ က ပြော နေကြ ပြန်သည် ။ ကျားကြီး မှာ ကျွန်တော် တို့ ရမ်းဗြဲ တစ်ကျွန်းလုံး ကို လှည့်ပတ်၍ လယ်သမားများ ၏ ကျွဲနွားများ ကို တစ်နေ့ တစ် ကောင် ၊ သို့မဟုတ် နှစ်ကောင် သုံးကောင် အထိ ပင် ကိုက်ဖြတ် သ,တ်စား နေလေသည် ။


တစ်ခု ထူးဆန်း နေပြန်သည် မှာ ထို ကျား သည် သူ ကိုက်ဖြတ် သ,တ်ထားခဲ့သော ကျွဲနွား များ ကို တခြား ကျား များ လို ပြန် စားခြင်း လုံးဝ မရှိပေ ။ သည်နေ့ ဒီရွာ မှာ ကျွဲ တစ်ကောင် ကို ကိုက်စား သွားပြီ ဆိုလျှင် နောက် တစ်နေ့ မှာ နောက် တစ်ရွာ ရွာ ၌ နွား တစ်ကောင် ကို လည်းကောင်း ၊ ကျွဲ တစ်ကောင် ကို လည်းကောင်း ကိုက် သွားပြန်ပြီ ဟု သတင်း သာ ကြားရသည် ။ ဤသည်တို့ ကြောင့်လည်း လူတွေ က ထို ကျား ကို ကျွန်း ကို ပတ်ပြီး လှည့်လည် ကိုက်သ,တ် စားနေသော နတ် ကျား ကျွန်းပိုင်ရှင် ဟု ပြော နေကြလေသည် ။ သို့သော် ယနေ့ အထိ လူ ကို တော့ တစ်ယောက် တလေ မျှ မကိုက်သေးပေ ။ သပြေချောင်း ထဲ က မိကျောင်း နှင့် စာလျှင် တော်သေးသည် ဟု ဆိုရ ပေမည် ။ ဤ ကျား က လူ ကို ကိုက်သ,တ်စားခြင်း မရှိသေး၍လည်း ကျွန်တော့် အဘိုးလေး က ကျား ထက် လူ ကို စားသော နတ်မိကျောင်း ကို သာ ဖမ်းမိနိုင်ရန် မဲ၍ ကြိုးစားနေခြင်း ဖြစ်လေသည် ။ သို့သော် ကျားကြီး ကို လည်း တစ်ခါ နှစ်ခါ တော့ ကျွန်တော်တို့ မြေးအဘိုး ( ဘိ ) ထောင် ကြည့်ခဲ့ ကြ၏ ။ သို့သော် ထို ကျား ကား သူ ကိုက်သ,တ်ထားခဲ့သော ကျွဲနွား အသေကောင်များ ဆီသို့ နောက် တစ်ကြော့ ပြန်လာ စားသောက်ခြင်း မရှိသဖြင့် ကျွန်တော် တို့ ထောင် ထားသော ( ဘိ ) တွင် မမိနိုင်ခဲ့ပေ ။ 


ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်းကျင်း ထဲ သို့ နတ်မိကျောင်း မလာသဖြင့် နတ်မိကျောင်း ရှိရာ သပြေချောင်း ထဲ တွင် နတ်မိကျောင်း ကို ပိုက်စိပ်တိုက် အစုန်အဆန် ရှာဖွေကြသည် ။ နတ်မိကျောင်း ကို တွေ့ပါ က သူသေကိုယ်သေ အစွမ်း ပြိုင်ကြရန် ကိုလည်း ကျွန်တော် တို့ အစီအစဉ် လုပ်လာခဲ့ကြသည် ။


သပြေချောင်း ၏ ဒီရေ သည် တငြိမ့်ငြိမ့် ကျ စ ပြုနေသည် ။ ကျွန်တော် က ကြိုး ကို တဆတ် ဆတ် လှုပ် လိုက်သောအခါ လက်မလုံး လောက် ရှိသော တလောင်ပေါ် မျှားကြီး နှင့် ခြေတစ်ဖက် ကို ပူးချည်ထားခြင်း ခံရသော ဝမ်းဘဲကြီး အော်သံ ကို ကြား လျှင် ရေ ထဲ မှ ဘွားခနဲ ပေါ်လာ ပြီး ဝမ်းဘဲကြီး ကို ပြေး ဟပ်လာမည့် မိကျောင်း အား အဘိုးလေး သည် လှေပေါ် မှ နေ၍ လှံရှည် တစ်ချောင်း နှင့် အဆင်သင့် ချိန်ရွယ်ကာ အသင့် စောင့်လျက် ရှိသည် ။ ဒီရေ ကအကျ မြန်လာ၏ ။ ဒီရေ ကျ သွားလျှင် သောင်ပြင် သို့ ဆင်းရန် ပျားပြင် ပေါ် မှ တွဲလွဲ ဆွဲနေကြသော မျောက်များ ၏ အော်သံ နှင့် ဝမ်းဘဲကြီး ၏ တဂဲဂဲ တဂတ်ဂတ် အော်သံတို့မှာ ပို၍ ညံစီလာသည် ။


တစ်ကွေ့ နှစ်ကွေ့ ၊ သုံးလေးကွေ့ ။ တံတောင်ဆစ်ချိုး သပြေချောင်း ၏ အကွေ့အကောက် များကို လှေ နှင့် တရွေ့ရွေ့မျှော ကာ ကျော်လွန် လာကြသည် ။ ဝမ်းဘဲကြီး သည် ရေထဲ ၌ ပေါလော မျောပါးနေရင်း က တဂဲဂဲ တဂတ်ဂတ် အော် နေသည် ။ ဒီရေ မှာ အကျ မြန်လာသည် ။ သို့သော် မိကျောင်းကြီး ကား ပေါ် မလာသေး ။ နောက်တစ်ကွေ့ နှစ်ကွေ့ သုံးလေးကွေ့ ။ သို့နှင့်လည်း မိကျောင်း က ပေါ် မလာသေးပေ ။


နောက်ထပ် ကွေ့တစ်ခု သို့ ရောက်သော အခါ ဒီကျရေ မှာ သုံးပုံတစ်ပုံ လောက်သာ  ကျန် တော့သည် ။ လတာသောင်ပြင်ကြီးများ သည် ဖွေးဖွေးလှုပ် ၍ ပေါ် လာကြလေပြီ ။ နတ်မိကျောင်း သည် လတာပြင် ထဲ တွင် သူ ၏ တစ်ကိုယ်လုံး ကို ရွှံ့ထဲ တွင် နှစ်မြှုပ်ကာ မျက်လုံးနှစ်လုံး ကို သာ ဖော်ပြီး ပျားမျောက်များ လတာပြင် သို့ ဆင်း အလာ ကိုပင် စောင့် နေလေပြီလား မသိပေ ။ သို့သော် ရေ ထဲ မှာ ပေါလော မျော ပါနေသော ဘဲကောင် နှင့် ဘဲအသံ ကို ကြားလျှင် မြင်လျှင် တော့ မိကျောင်းကြီး သည် ချက်ချင်း ဆင်း လိုက်လာမည် မှာ မုချ ပင် ဖြစ်လေသည် ။ ထို့ကြောင့် ကျွန်တော် က ဘဲမျှားကြိုး ကို သာ တဆတ်ဆတ် ဆွဲ လှုပ်နေမိလေသည် ။


နောက်ထပ် ကွေ့ချိုး တစ်ခု သို့ ရောက်သော အခါ တဆတ်ဆတ် လှုပ် လာသော ကျွန်တော် ၏ လက် ထဲ မှ ကြိုးစ သည် တုံ့ခနဲ ရပ် သွား၏ ။ ကြိုးလှုပ်ရှားမှု ရပ်သွားသည် နှင့် တစ်ပြိုင်နက် ဘဲ အော်သံ လည်း ရုတ်ခြည်း ရပ် သွားသည် ။ သူသေ ကိုယ်သေ လတာပြင် ထဲ တွင် ဝုန်းဒိုင်းကြဲ ကာ တစ်ကောင် နှင့် တစ်ကောင် အသေသ,တ်ပုတ် နေကြသော တိရစ္ဆာန်ကြီး နှစ်ကောင် ဆီ သို့ ကျွန်တော် တို့ မျက်လုံးများ ချက်ချင်း ပြိုင်တူ ရောက်သွားကြသည် ။ မြင် စ က မည်သည့် တိရစ္ဆာန် များ ဟု ခွဲခြား၍ မရပေ ။ နှစ်ကောင် စလုံး ၏ ကိုယ်များ ပေါ် တွင် ရွှံ့ညံ့တွေ နှင့် အိုင်လူး ထားသော ကျွဲများ ပမာ ပြာနှမ်း နေကြသည် ။ အံ့သြထိတ်လန့်ခြင်း နှင့် အတူ ကျွန်တော်တို့ မြေးအဘိုး သည်

ရေရိုးချောင်းကြော ထဲမှ လှေ ကို ကမ်းစပ် နား သို့ ချဉ်းကပ် လိုက်ကြသည် ။ လတာပြင် အစပ် သို့ ရောက် မှ မိကျောင်းကြီး နှင့် ကျားကြီး တစ်ကောင် တို့ အပြန်ပြန် အလှန်လှန် သ,တ်ပုတ် နေကြသည် ကို ကွဲကွဲပြားပြား မြင် ရလေသည် ။ သူတို့ ကိုယ် ပေါ်မှာ ရွံ့ညံ့ ရွံ့ခဲများ သည် မိုးသီးမိုးပေါက်ပမာ ပြူးပင် ပြားပင်များ ၏ အရွက်အခက်များ ပေါ် သို့ တဖြောင်းဖြောင်း လွင့်စဉ် လျက် ရှိသည် ။ ရေ ထဲ တွင် အားသန်သော မိကျောင်းကြီး က ကျားကြီး ၏ ခါးလယ် ကို မိမိရရ ခဲကာ ရေ ထဲ သို့ ဆွဲ ချရန် ကြိုးစား နေသည် ။ သို့သော် ဒီရေ က အကျ မြန်သွားပြီ ဖြစ် သဖြင့် သူ၏ ကြိုးစားမှု မှာ အချည်းနှီးသာ ။ ချောင်းရေ အစပ် နှင့် လတာပြင် ကြား သည်ပင် ပေ အစိတ် သုံးဆယ် ကွာခြား နေလေပြီ ။ ကုန်း ပေါ် တွင် အားသန်သော ကျားကြီး က လည်း မိကျောင်း ၏ လည်မျို ကို အမိအရ ခဲကာ ကုန်းပေါ် သို့ ဆွဲ တင်နိုင်ရန် ကြိုးစား နေ၏ ။ သို့သော် သူ ၏ ကြိုးစားမှု မှာ လည်း အချည်းနှီးပင် ။ ကျားကြီး က မိကျောင်းကြီး ကို ကုန်း ပေါ် ဆွဲတင် နိုင်ရန် အားတင်း ထ ရပ် လိုက်တိုင်း မိကျောင်းကြီး ၏ အမြီး က ကျားကြီး ၏ ကိုယ်ပေါ် သို့ တဖြောင်းဖြောင်း ကျ လာ တော့သည် ။ ထိုအခါ ကျားကြီး မှာ အလဲလဲ အပြိုပြို နှင့် ရွှံ့ညံ့ ထဲ သို့ ဖင်ထိုင် လျက် လဲကျ သွားပြန်သည် ။ ဤသို့နှင့်ပင် မိကျောင်း တစ်ပြန် ကျား တစ်ပြန် မသေမရှင် သ,တ်ပုတ် နေကြလေသည် ။


အမှန်မှာ သူတို့ နှစ်ဦး သည် အကြံ တူ များ ဖြစ်ကြ လေမည် ။ လတာပြင် ထဲ တွင် မျောက်များ ကို ဖမ်းစားရန် လာရောက် ချောင်းမြောင်း ကြရင်း ရန်သူချင်း တွေ့ကာ သူသေ ကိုယ်သေ သ,တ်ပုတ် နေကြလေသည် မဟုတ်ပါလား ။ ကျွန်တော် သည် လှံရှည်တစ်ချောင်း ကို ဆွဲကာ လှေပေါ် မှ ခုန်ဆင်းရန် ဟန် ပြင်လိုက်၏ ။


“ ဟဲ့ ... နေပါဦး လူလေးရယ် ၊ သင်းတို့ နှစ်ကောင် ဟာ တို့ မြေးအဘိုး လက်ထဲ က ဘယ်လိုမှ မလွတ် နိုင်တော့ပါဘူး ။ သင်းတို့ နှစ်ကောင် ကို ဖမ်းမိဖို့ အရေး တို့ မြေးအဘိုးတွေ ကြိုးစား လာခဲ့ရ တာ ပင်ပန်း လွန်းလှပြီ ၊ ဘဲတွေ မျောက်တွေ လည်း အသေအပျောက် များလှပြီ ၊ ဒီ တစ်ခါတော့ မုဆိုး မုဆိုး ချင်း သူတို့ ဘာသာ သူတို့ သေအောင် သ,တ်ကြပါစေ ။ တို့ မြေးအဘိုး က စောင့်သာ ကြည့်နေ ။ သူတို့ နှစ်ကောင်စလုံး သေမှ လှေ ပေါ် ကို အသာလေး ဆွဲတင်ပြီး ပြန်ကြတာပေါ့ ။ ကြည့်လို့ လည်း ကောင်းပါတယ် ၊ ငါ့မြေး လက် ထဲ က ဝမ်းဘဲကြီး ကို တော့ ဘေးမဲ့ လွှတ်လိုက်ပေ တော့ ”


အဘိုးလေး ပြော သလိုပင် မျှားချိတ် နှင့် ပူး ချည် ထားခြင်း ခံရသော ဝမ်းဘဲကြီး ကို ကြိုး ဖြုတ် ကာ ကျွန်တော် က လွှတ် လိုက်လေသည် ။ လွတ်ရာ ကျွတ်ရာ သို့ သဘောရှိ သွားပါလေတော့ ။ သပြေချောင်း ထဲ တွင် ဘေးရန် ဟူသမျှ ကင်းရှင်း သွားပြီ မဟုတ်ပါလား ။  


◾ဖိုးကျော့ 

     ( ၁၉၆၀ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

Tuesday, January 30, 2024

လာကြပြီ ( ၂ )


 “ ဪ ဒီလိုလား ။ ဒါနဲ့ နေစမ်းပါဦး ။ မစန်းအေး ယောက်ျား ကိုပီတာ ကို ရုံပိုင်ကြီး က သ,တ်ပြီး သူ က ဘာ ဆက်လုပ်သတုံး ” 


ဟု ကိုကြာပွတ် က မေး လိုက်လေ၏ ။


“ ရုံပိုင်ကြီး က လဲ သူ့ အဖေ ဆီ မှာ ရတနာမြေပုံ ရှိတယ် ဆိုတာ သိတယ် ။ သူ့ အဖေ သေတဲ့ အခါ မှာ အဲဒီ မြေပုံ ကို သူ့ ကို မပေးခဲ့ဘဲ မယားငယ် တစ်ဦး က မွေးတဲ့ သား တစ်ယောက် ကို ပေးခဲ့တယ် လို့ သတင်း သန့်သန့် ရ ထားတယ် ။ မယားငယ် တစ်ဦး ရဲ့ သား ဆိုတာ က ကျွန်မ ယောက်ျား ကိုပီတာ ကို ပြောတာ မဟုတ်ဘူး ။ တခြား မယားငယ် သား ကို ပြောတာ ။ အဲဒါကို သူ က ရှာချင်နေတာ ။ အဲဒီလို ရှာချင်နေတုံး မှာ ကိုပီတာ က သူ့ ဆီ ရောက် သွားတော့ သူ က ကိုပီတာ ကို သ,တ်လိုက်တယ် ။ သူ့ စိတ်ထဲ မှာ လဲ ရတနာမြေပုံ ကို သဲသဲမဲမဲ လိုချင် စိတ်တွေ ပေါ် လာတယ် ။ အဲဒီတော့ သူ လဲ ပဲ သူ့ အဖေ ရဲ့ မယားငယ် သား တစ်ယောက် ဆိုတာ ကို ရှာ တာပေါ့ ။ အဲဒီလို ရှာ နေတဲ့ အချိန် အတွင်း မှာ ကျွန်မ နဲ့ ရုံပိုင်ကြီး နဲ့ တွေ့တော့တာ ပဲ ။ တွေ့တယ် ဆိုတာ ကျွန်မ က တွေ့အောင် ဖန်တီးရ တာပေါ့ ။ သူ့ ကို လိုချင် လို့ တော့ မဟုတ်လား ရှင် ။ ပစ္စည်း ကို လိုချင်လို့ ပေါ့ ။ သူ က တော့ ကျွန်မ ဟာ ကိုပီတာ ရဲ့ မိန်းမ ဖြစ်ကြောင်း မသိရှာဘူး ။ နောက်ဆုံး မှာ သူ နဲ့ ကျွန်မ နဲ့ ငြိကြ ညားကြ တော့ တာပေါ့ရှင် ”


ဟု ပြောလိုက်လေ၏ ။


“ နောက်ဆုံးမှာ ကျွန်မ ယောက်ျား ရုံပိုင်ကြီး ဟာ သူ ရှာ နေတဲ့ သူ ကို တွေ့ တော့တာပဲ ။ အဲဒီ လူ က ဆိပ်ကမ်းမြို့ကလေး တစ်မြို့ မှာ ရှုတိုင်းယဉ် ဓာတ်ပုံတိုက် ဆိုပြီး ဓာတ်ပုံဆိုင် တစ်ဆိုင် ဖွင့် ထား တဲ့ ဓာတ်ပုံဆရာ တစ်ယောက် ပဲ ။ ကျွန်မ ယောက်ျား ရုံပိုင်ကြီး ဟာ အဲ့ဒီ ဓာတ်ပုံတိုက် ကို သွားပြီး ဦးကု,လား ရဲ့ ဓာတ်ပုံ ကို ဓာတ်ပုံဆရာ ဆီ မှာ တောင်းတော့တာ ကိုး ” 


ဟု မစန်းအေး က ပြော လိုက်လေ၏ ။


“ ဓာတ်ပုံဆရာ က မပေးတဲ့ အဆုံး မှာ မင်း ရဲ့ ဒုတိယ ယောက်ျား ရုံပိုင်ကြီး က ဓာတ်ပုံဆရာ ကို သ,တ်ပစ်လိုက်တယ် ဆိုပါတော့ ”


ဟု ကိုကြာပွတ်ကြီး က ဝင် ၍ ထောက် လိုက်လေ၏ ။ 


“ ဒီလို ဟုတ်ရိုးလား ရှင် ။ အဲဒီ ရှုတိုင်းယဉ် ဓာတ်ပုံဆရာ က ကျွန်မ ရဲ့ ဒုတိယ ယောက်ျား ရုံပိုင်ကြီး ကို လက်ဦး သွားတယ် ရှင့် ။ သူ က ရုံပိုင်ကြီး ကို သ,တ်ပစ်လိုက်တာ ပြီးတော့ ရုံပိုင်ကြီး ရဲ့ အလောင်း မှာ သူ့ ရဲ့ အဝတ်အစားတွေ ဝတ်ပြီး ဓာတ်ပုံဆိုင် ကို တစ်ခါတည်း မီးရှို့ပစ် လိုက်တာ ။ အဲဒီ မြို့ က လူတွေ အားလုံး က တော့ ဓာတ်ပုံဆရာ သေသွားပြီး အောက်မေ့ နေကြတာ ။ ဓာတ်ပုံဆရာ က မသေဘူး ရှင့် ။ သူ က လဲ သူ့ အဖေ ဦးကု,လား ရဲ့ ရတနာမြေပုံညွှန်း ဟာ ဦးကု,လား ရဲ့ မယားငယ် တစ်ယောက် ဆီ မှာ ရှိတယ် လို့ သတင်းကြား ထားတာ သူ သတင်း ကြားတဲ့ မယားငယ် သား ဆိုတာ က ရန်ကုန် ဘက် မှာ နေတယ် ဆိုပဲ ။ အဲဒီတော့ အဲဒီ ဓာတ်ပုံဆရာ နဲ့ တွေ့ ကြတယ် လေ ။ တွေ့တယ် ဆိုတာ က ကျွန်မ က တမင်တကာ တွေ့အောင် လုပ်ရတာပေါ့ ။ ကျွန်မ ကို သူ က ရုံပိုင်ကြီး ရဲ့ မိန်းမ မှန်း မသိရှာဘူး ။ နောက်ဆုံး ကျွန်မ နဲ့ တွေ့ပြီး ငြိကြ ညားကြရော ပေါ့ ရှင် ။ ကျွန်မ က သူ့ ကို ချစ်လို့ တော့ မဟုတ်ပါဘူး ။ ရတနာတွေ လိုချင်တာ ကိုး ။ ဒီတော့လဲ ရတနာ ရှာ နိုင်တဲ့ လူ ကို ယူရတော့ တာ ပေါ့ ။ ဒါ ကျွန်မ အဆိုး လား ။ ဒါ ကျွန်မ လွန်သလား ရှင် ” 


ဟု မစန်းအေး က ခပ်ပြုံးပြုံး မျက်နှာထား ဖြင့် မျက်နှာ ကို မော့၍ ပြော လိုက်လေ၏ ။ 


ထိုအခါ လည်ပင်းကြိုး ကို ကိုင် ထားသော မမယ်ဇယ် က “ မိန်းမယုတ် ” ဟု ပြော ဆိုကာ “ ထွီ ” ဟု တံတွေး ဖြင့် ထွေးလိုက်လေ၏ ။


“ ဒီမှာ မယ်ဇယ် ကိုယ် လိုချင်တာ ကိုယ် ရအောင် လုပ်တာ မှန်တယ် ဟ ။ ငါ့ မှာ ယုတ်တာတွေ မြတ်တာတွေ မရှိဘူး ” 


ဟု မစန်းအေး က ပြန် ၍ ပြော လိုက်လေ၏ ။


“ ကျေးဇူးကန်းမ ” 


ဟု မမယ်ဇယ် က ပြော လိုက်ပြန်၏ ။ 


ထိုအခါ ကိုကြာပွတ် က


“ မမယ်ဇယ် ရေ ။ ခဏလေး နေပါဦး ကွယ် ။ မေးစရာ ရှိတာလေး မေးပါရစေဦး ” 


ဟု ဟန့်တားလိုက် ပြီး လျှင်


“ ကဲ ဆိုစမ်းပါဦး မစန်းအေး ရေ ။ ဓာတ်ပုံဆရာ က ဘယ်လို ဖြစ်တာတုံး ” 


ဟု မေးလိုက်လေ၏ ။


“ ဓာတ်ပုံဆရာ က လဲ သူ့ အဖေ ဦးကု,လား ဆီမှာ ရှိတဲ့ ရတနာမြေပုံ ဟာ သူ့ အဖေ ရဲ့ မယားငယ် တစ်ဦး အဖြစ် တရုတ်မ တစ်ယောက် က မွေးတဲ့ သား ဆီ မှာ ထား ခဲ့တယ် လို့ သတင်း ရ ထားတယ် ။ ဒါနဲ့ သူ ကလဲ အဲဒီ တရုတ်မ ရဲ့ သား ကို အပြင်းအထန် စုံစမ်းတဲ့ အခါ မှာ သင်္ဃန်းကျွန်း ဘက် မှာ ကျင်ဝမ်သွားစိုက်ဆိုင် ဆိုတာ ရှိတယ် ။ အဲဒီ သွားစိုက်ဆိုင် က သွားစိုက်ဆရာ ကျင်ဝမ် ဆို တာ က ကျွန်မ ယောက်ျား ဓာတ်ပုံဆရာ ရှာ နေတဲ့ သူ ပဲ ။ အဲဒီတော့ ဓာတ်ပုံဆရာ ဟာ ကျင်ဝမ် ဆီ သွားတော့မှာ ပေါ့ ”


ဟု မစန်းအေး ကို ပြော လိုက်ရာ ကိုကြာပွတ် က


“ ဟိုလဲ ရောက်ရော ကျင်ဝမ် က ဓာတ်ပုံဆရာ ကို သ,တ်လိုက်ရော ဆိုပါတော့ ။ ပြီးတော့ အဲဒီ သွားစိုက်ဆရာ ကျင်ဝမ် ကို မစန်းအေး က ယူလိုက်ရော ဆိုပါတော့ ”


ဟု ပြော လိုက်လေ၏ ။


“ သွားစိုက်ဆရာကျင်ဝမ် က ဓာတ်ပုံဆရာ ကို သ,တ်ပစ်လိုက်တယ် ဆိုတာတော့ မှန်ပါတယ် ။ ဒါပေမဲ့ ကျွန်မ နဲ့ ကျင်ဝမ် နဲ့ တော့ မရပါဘူး ။ အဲဒီနေ့ က စ ပြီး ကျင်ဝမ် ကို ကျွန်မ ရှာ လိုက်တာ ဘယ်မှာ မှ မတွေ့တော့ဘူး ။ တစ်ချက်တည်း အစအန ပျောက် သွားတယ် ။ ရှာလို့ တွေ့ရင်လဲ ကျွန်မ သူ့ ကို ယူဦးမှာပဲ ။ အခုတော့ ဒီ ကျင်ဝမ် ဆိုတဲ့ တရုတ် ကလဲ ဘယ်ကို ရောက် သွားမှန်း မသိပါဘူး ရှင် ”


ဟု မစန်းအေး က ပြော လိုက်လေ၏ ။


“ မစန်းအေး ဥစ္စာ က လဲ ရယ်စရာ ကောင်းလှချည့်လား ” 


ဟု ကိုကြာပွတ် က ပြောလိုက်လေ၏ ။


ထိုအခါ မစန်းအေး က


“ ရယ်စရာ ကောင်းတာ တစ်ခု ရှိသေးတယ် ရှင့် ။ လူသ,တ်မှုတွေ ဖြစ်တာ သုံးခု ရှိပြီ မဟုတ်လား ။ လူသ,တ်မှု ဖြစ်တဲ့ နေရာတိုင်း မှာ မီးရှို့ ပစ် ခဲ့တော့ မီး ကလဲ သုံးခါ လောင် တာပေါ့ရှင် ။ ကျွန်မ ကလဲ အဲဒီ မီးလောင်ပြင် ပေါ် မှာ ည ဆိုရင် မှန်အိမ်နီကလေး တစ်လုံး နဲ့ ရတနာမြေပုံ ဝှက် ထားတဲ့ နေရာ ရှိလို ရှိငြား သွား သွား ပြီး ရှာ တယ် ။ တချို့ကလဲ အရေးကြီးတဲ့ ပစ္စည်းတွေ မြေကြီး ထဲ မှာ တူးပြီး မြှုပ်ထားလေ့ ရှိတယ် မဟုတ်လား ” 


ဟု ပြောလေ၏ ။


“ အဲဒီလို မီးအိမ်ကလေး နဲ့ ညဘက် ညဘက် မှာ သွားပြီး ရှာတော့ ဘာဖြစ်သတုံး ။ မစန်းအေးရဲ့ ” 


ဟု ကိုကြာပွတ် က မေး လိုက်လေ၏ ။


“ လူ သေပြီးတာ က လဲ မကြာသေး ။ အဲဒီ နေရာ က လဲ မီးလောင်ပြင်ကြီး ဖြစ်နေ ကျွန်မကလဲ ည သန်းခေါင်ကျော် လောက် ဆိုရင် မှန်အိမ်နီကလေး နဲ့ ဟိုရှာ ဒီရှာ လုပ် ဆိုတော့ ခြောက်တယ် ဆိုပြီး ကြောက်ကြ လန့်ကြ သေး တယ် ရှင့် ။ ဒါတွေ ထား လိုက်ပါတော့ ရှင် ။ အဲဒီ နောက်ပိုင်း မှာ ကျွန်မ ဟာ စိန်ဘာဘူ တစ်ယောက် နဲ့ အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ် ဆိုပေမယ့် မယားကြီး အဖြစ် နဲ့ ကျတာ မဟုတ်ပါဘူး ။ မယားငယ် အဖြစ် နဲ့ ကျတာပါ ။ အဲဒီ စိန်ဘာဘူ ကို လဲ လူဆိုး တစ်ယောက် နဲ့ ပေါင်းပြီး ကျွန်မ လဲ သ,တ်ပစ်လိုက်တယ် ။ ပြီးတော့ အဲ့ဒီ လူဆိုး နဲ့ ကျွန်မ ဟာ စိန်ဘာဘူ ဆီ မှာ ပါ လာတဲ့ ပစ္စည်း ကို တစ်ဝက်စီ ခွဲ ယူကြတယ် ။ ပြီးတော့ ကျွန်မ ဟာ စကော့ဈေး နဲ့ မဂိုလမ်း ဘက် မှာ စိန်ပွဲစား လုပ်နေတော့တာပေါ့ ” 


ဟု မစန်းအေး က ပြော လိုက်လေ၏ ။


ထိုအခါ ကိုကြာပွတ် က


“ ပြောစမ်းပါဦး မစန်းအေး ။ တော်တော့် ကို နားထောင်လို့ ကောင်းပါတယ် ”


ဟု ပြော လိုက်ရာ မစန်းအေး က  


“ ပြောပါ့မယ် ရှင် ပြောပါ့မယ် ။ ကျွန်မ က လဲ ဒါတွေ ပြော ချင်နေတာပါ အဲဒီလို နဲ့ စိန်ပွဲစား လုပ် နေတုန်း မှာ လူရှုပ်လူပွေလေး တစ်ယောက် နဲ့ ကျွန်မ နဲ့ ဖြစ်ကြ ပြန်ရော ။ အဲ့ဒီ ကောင်လေး က ကျွန်မ ဆီ ကို သူများ အပ် ထားတဲ့ စိန်ရွှေပစ္စည်းတွေ ကို အပျောက် ရိုက် လိုက်တယ်လေ ။ အဲဒီတော့ ကောင်လေး က တော့ ဘာမှ မဖြစ်ပါဘူး ကျွန်မ က ထောင် တစ်နှစ် ကျ သွားတယ် ။ ထောင် ထဲ ရောက်တော့ ကျွန်မ ယောက္ခမ သုံးခါ တောင် တော် ဖူးတဲ့ ဦးကု,လား ရဲ့ မယားငယ် မိန်းမကြီး တစ်ဦး ဟာ လဲ ထောင်ကျ နေတယ် ရှင့် ။ သူ ကလဲ  အသက် ကြီး လှပါပြီ ။ ကျွန်မ သူ နဲ့ အတူ နေရတယ် ။ အဲဒီတော့ မှ ဦးကု,လား အကြောင်း ကို သေသေချာချာ ကျွန်မ သိရတာ ကိုး ။ ဦးကုလား ဟာ “ သန်းခေါင်ကြယ် ” ဆို တဲ့ ပင်လယ်ဒမြဂိုဏ်း ခေါင်းဆောင် တစ်ယောက် ဖြစ်တယ် ။ မမယ်ဇယ် တို့ ရဲ့ ဘကြီး ဦးထူ တို့ ။ မမယ်ဇယ် တို့ ရဲ့ အဘိုး ဦးပေတလူ တို့ ။ ဦးပေတလူ ရဲ့ အစ်ကိုကြီး ဦးပေတဖြူ တို့ ကို သ,တ်ပစ်တဲ့ လူ ဟာ ဦးကု,လား ဆိုတာ သိရတယ် ။ ဦးကု,လား ဟာ သူတို့ ကို ဘာကြောင့် သ,တ်သလဲ ဆိုတော့ ရတနာကျွန်း ကို သွားတဲ့ မြေပုံ ကို လိုချင်လို့ပဲ ဆိုတာ ကို ပါ သိရ တော့တယ် ။ အဲဒီ ဦးကု,လား ဟာ တယောထိုး အလွန် ကောင်းတယ် ၊ ရုပ်သေးကြိုးဆွဲ အင်မတန် တော်တယ် ။ ဇာတ် မြှုပ်ပြီး လူကောင်း လုပ်နေတဲ့ ဦးပေတလူ တို့ ဦးပေတဖြူ တို့ ကို ဦးကု,လား ဟာ ရုပ်သေးဆရာ ယောင် ဆောင်ပြီး အနယ်နယ် လှည့် ပြီး ရှာ တာပဲ ။ တွေ့တာ နဲ့ သ,တ်တော့တာပဲ ။ အဲဒီ ဇာတ်လမ်း ကို ဦးကု,လား မိန်းမကြီး က ကျွန်မ ကို ထောင် ထဲ မှာ ပြောပြတယ် ။ အဲဒီ ဦးကု,လား ရဲ့ မိန်းမကြီး ဟာ လဲ ဦးကု,လား မရှိတဲ့ နောက်ပိုင်း မှာ ဒမြ တစ်ယောက် နဲ့ အိမ်ထောင် ကျပြီး သူ လဲ ဒမြမှု မှာ ပါ ထောင် ထဲ ရောက် လာတာ ။ သူ က တော့ စုံ ပါတယ် ။ ဒမြမှု ရော ။ လူသတ်မှု ရော နဲ့ ထောင်လဲ ကို ရောက် နေတာ ကြာပါပြီ ။ ယောက်ျား ထော င်မှာ ထောင်မင်းသား ဆိုတာမျိုး လို သူ လဲ ထောင်မင်းသမီးကြီး ပေါ့ ။ ကျွန်မ မလွတ်ခင် တစ်လ လောက် မှာ သံ စူးတဲ့ဒ ဏ်ရာ နဲ့ ငန်းဖမ်း ပြီး ဆုံးသွား ရှာတယ် ။ အဲဒီတော့ ကျွန်မ ထောင် က ထွက်တဲ့ အခါမှာ အဲဒီ မိန်းမကြီး ပြော သွားတဲ့ ဦးပေတလူ ရဲ့မျိုးဆက် ကို စုံစမ်းရတာပေါ့ ရှင် ။ အဲဒီမှာ ဦးပေတလူ ရဲ့ သား  ။ ဦးမြူ ဆိုတာ ရယ် ။ ဦးမြူ ရဲ့ သမီး မမယ်ဇယ် ဖြစ်တယ် ဆိုတာလဲ သိရ ရော ။ ကျွန်မ မှာ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့ ရှင် ။ ဘာဖြစ်လို့လဲ ဆိုတော့ မမယ်ဇယ် ဟာ ကျွန်မ နဲ့ ကျောင်းနေဖက် ဖြစ်ဖူးတယ် ။ အဲဒီတော့ သူတို့ အိမ် မှာ ကျွန်မ လိုချင် တဲ့ ရတနာသိုက် မြေပုံ ရှိမယ် ဆိုတာ သေချာတာပေါ့ ။ အဲဒီ မြေပုံ ရရင် တစ်ဝက် ပြီး သွားပြီ ။ ကျွန်း ပေါ် က ရတနာမြေပုံ ကို ယူဖို့ ကျင်ဝမ် ကို ပဲ ရှာ ရုံပဲ ရှိတော့မယ် မဟုတ်လား ။ အဲဒီမှာ ကျွန်မ ဟာ သူ နဲ့ မတွေ့ တွေ့ အောင် ကြံရတာပါပဲ ။ တွေ့လဲ တွေ့ရော ။ အတင်း ဝင်ပြီး ပူး ရတော့တာ ပဲ ။ မယ်ဇယ် က လဲ သနားတတ်တဲ့ လူ ဆိုတော့ ကျွန်မ ကို တွေ့တာ နဲ့ အိမ် ကို ခေါ်လာ တော့တာပဲ ။ အိမ် ရောက်တဲ့ နေ့ က စပြီး ကျွန်မ ဟာ အဲဒီ ကိုခင်ဦး ကို မြူဆွယ် ရတော့တာပေါ့ ရှင် ။ သူ့ ကို မြူဆွယ် ရတာ သိပ်ပြီး မခက်ပါဘူး ။ သူ စိတ်ပျော့ တဲ့ ယောက်ျား မဟုတ်လား ။ စိတ်ပျော့ တဲ့ လူတွေ ရဲ့ ထုံးစံ အတိုင်း သစ္စာ လဲ မဲ့တယ် မဟုတ်လား ။ အဲဒီတော့ သူ ဟာ ကျွန်မ ဘက် ကို ပါလာတော့တာ ပေါ့ ။ သူ လိုချင်တာ ကို ကျွန်မ က မပေးဘူး ။ မမယ်ဇယ် သေ မှ ပေးမယ် ဆိုပြီး အသာကလေး “ ထစ် ” ထား လိုက်တယ် ။ အဲဒီ အခါမှာ သစ္စာ မဲ့ တဲ့ ယောက်ျား ဟာ ကျွန်မ ခိုင်း တာ လုပ်တော့တာပေါ့ ရှင် ။ ရှင် တို့ ရ ထားတဲ့ မှတ်တမ်းကြီး မှာ ရတနာကျွန်း ကို သွားတဲ့ ခရီးစဉ် အသေးစိတ် ပါ ပါတယ် ။ ရှင် တို့ ဟာ သွားပြီး ယူကြမှာ ပဲ မဟုတ်လား ။ ကျွန်မ က တော့ ဆုံးရှုံးပါပြီ ။ အသက်ပေါင်း များစွာ စတေးပြီး မျှော်လင့်ခဲ့ တဲ့ မျှော်လင့်ချက်ကြီး လဲ ပျက်စီး သွားပါပြီ ။ ကျွန်မ အစီအစဉ် ဟာ ဒီနေ့ မနက် အရုဏ်တက် မှာ ခရီး ထွက်ဖို့ပဲ ။ အဲဒီလို ခရီး မထွက်ခင် မှာ ဟောဒီ ကိုခင်ဦး ကို ကျွန်မ သ,တ်ရမယ် ။ သူ့ ကို ကျွန်မ ဆက်ပြီး ပေါင်းဖို့ ဘာ လိုတော့ မတုံး ။ သူ့ ကို သ,တ်ဖို့လဲ အဆင်သင့် လုပ်ပြီးပါပြီ ဟောဟို က အရက် ပုလင်း ထဲ မှာ ကျွန်မ အဆိပ် ထည့် ထားတယ် ။ ဒီ အရက် ကုန် ရင် ဟို အရက် ကို သူ သောက်မှာပဲ ။ ဒီ ည တစ်ညလုံး ပွဲ က ပြန်လာ ပြီးတာနဲ့ သူ နဲ့ ပျော်ပါးမယ် ။ အဲဒီလို ပျော်ပါးတဲ့ အခါ မှာ ကိုခင်ဦး ရဲ့ ဝါသနာ က မကြာခဏ အရက် သောက် လေ့ ရှိတယ် ။ ဒီတော့ ဒီ အရက် ဟာ အရုဏ် မတက်ခင် ကုန်မှာပဲ ။ ကုန် တာ နဲ့ ဟို ပုလင်း ကို သူ သောက် မှာ အဲဒီမှာ သူ ဇာတ်သိမ်း ပါပြီ ။ ဒါပေမဲ့ ကျွန်မ မျှော်လင့် ထားတဲ့ အတိုင်း ဖြစ်မလာဘူး ။ ဒီကောင်မ မမယ်ဇယ် ကလဲ မသေဘဲ ဘယ်က ဘယ်လို ရောက်လာတာတုံး မသိဘူး ။ အစ ကတည်း က ဒီကောင်မ ငထူ ။ ငထိုင်းမ ကို ကျွန်မ ကိုယ်တိုင် သ,တ် လိုက်ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး ။ ဟို အသုံး မကျတဲ့ “ ခင်ဦး ” ကြောင့် ဒီလို ဖြစ်ရတာ ။ ခုတော့ ကျွန်မ အစီအစဉ်တွေ ပျက် ကုန်ပြီ ။ သင်းတို့ နှစ်ယောက်လုံး သေ မှ အေးမယ် ။ ငါ ရမယ့် ရတနာပစ္စည်းတွေကို နင့်လို ကောင်မမျိုး ရဲ့လက်ထဲကိုမပေးနိုင်ဘူး ” 


ဟု ဆိုကာ မစန်းအေး သည် မမယ်ဇယ် ဆီ သို့ တစ်အား ကုန် ဝင်၍ ပူး လေတော့၏ ။ ထိုအခါ မမယ်ဇယ် လည်း ကြောက်လန့်တကြား ဖြစ်ပြီး လျှင် လက် ထဲ တွင် ကိုင် ထားသော ကြိုးစ ကို တစ်အားကုန် ဆွဲ ၍ ဆောင့် လိုက်လေရာ မစန်းအေး လည်း ကြမ်းပြင် ပေါ် သို့ အရုပ်ကြိုးပြတ် လဲ၍ ကျ သွားလေတော့၏ ။


ထို့နောက် မစန်းအေး ၏ ပါးစပ် မှ သွေးများ ကျ လာ ပြီး လျှင် မျက်လုံးများ ပြူးကျယ် လာကာ အသက် ထွက်၍ သွား လေတော့၏ ။


ထိုအခါ ကိုကြာပွတ် က


“ တော်တော် လောဘ ကြီး တဲ့ အမျိုးသမီး ပဲ ။ လောဘစိတ် နဲ့ ဘာမှ မမြင်တော့ဘူး ။ ကိုယ့် လည်ပင်း မှာ စွပ်ထားတဲ့ ကြိုးကွင်း တောင် သတိ မရတော့ဘူး အရူးတစ်ပိုင်း လို ဖြစ်ပြီးမမယ်ဇယ် ကို ဝင် ပူးပြီး သ,တ်ဖို့ ကြိုးစားတာ ။ ဒါပေမဲ့ မမယ်ဇယ် လဲ ကြောက်ကြောက်လန့်လန့် နဲ့ သူ့ လည်ပင်း မှာ ချည်ကွင်းလျှော လုပ်ပြီး ချည်ထားတဲ့ ကြိုး ကို ဆောင့် ဆွဲ လိုက်တော့ ကြိုးဆွဲ ချ သလို ဖြစ်ပြီး အသက် ထွက် တာပေါ့ ။ ဒီလောက် လောဘ ကြီးပြီး ဒီလောက် သစ္စာမဲ့ တဲ့ မိန်းမ သေတာပဲ ကောင်းတယ် ။ ဟို သစ္စာမဲ့ အမျိုးယုတ် ခင်ဦး ပဲ ကျန်တော့တယ် မမယ်ဇယ် ။ ဒီကောင့် ကို လဲ အရှင် ထားလို့ မဖြစ်ဘူး ”


ဟု ပြော လိုက်လေ၏ ။


ထိုအခါ မောင်ခင်ဦး သည် လွန်စွာ တုန်လှုပ် နေပြီ ဖြစ်၏ ။ ထို့ကြောင့်


“ ကျွန်တော့် ကို မသတ်ကြပါနဲ့ ၊ ကျွန်တော့် ကို မသတ်ကြပါနဲ့ ” 


ဟု ငိုယိုကာ ဖင်ရွှေ့ ဖင်ရွှေ့ဖြင့် လှေကား ဆီ သို့ သွား လေ၏ ။


မမယ်ဇယ် သည် ကြိုးစ ကို ကိုင် ၍


“ ကိုကြာပွတ် လုပ်ပါဦး လုပ်ပါဦး ” 


ဟု ဆိုကာ မောင်ခင်ဦး နောက် သို့ လိုက်ရလေ၏ ။


မောင်ခင်ဦး သည် လှေကား အ နီးသို့ ရောက်သောအခါ၌ ထပ်၍ ရွှေ့ လိုက်ရာ လှေကား ပေါ် မှ အောက်သို့ တလိမ့်ခေါက်ကွေး ကျ လာတော့၏ ။


ထိုအခါ လည်ပင်း ၌ စွပ် ထားသော ကြိုးကွင်း သည် တင်း ၍ ဆွဲကြိုးချ သကဲ့သို့ ဖြစ်ကာအော်မျှ ပင် မအော်နိုင် တော့ ဘဲ အသက် ထွက် သွားလေတော့၏ ။


ထိုအခါ ကိုကြာပွတ် က  


“ ကဲ မမယ်ဇယ် ။ ဘာမှ စိတ်မကောင်း ဖြစ် မနေနဲ့တော့ ။ သစ္စာ မရှိတဲ့ မင်း ယောက်ျား ခင်ဦး ကတော့ သူ့ တရားသူ စီရင် သွားပြီ ။ ဒီကောင့် အလောင်း က ကြိုး ကို တော့ မဖြုတ် နဲ့ ။ ဒီအတိုင်းပဲ ထားခဲ့မယ် ။ “ မစန်းအေး ” လည်ပင်း က ကြိုးကွင်း ကို ပဲ ဖြုတ်ယူ သွားမယ် ။ ဒါမှ ပုလိပ်ဘက် က စုံထောက်တွေ ရောက် လာရင် အတွေးရ ခက်ပြီး ယုံ ထင် ကြောင် ထင် ဖြစ် ကုန်ကြမယ် ”


ဟု ဆိုကာ မစန်းအေး ၏ လည်ပင်း မှ ကြိုး ကို ဖြုတ်ယူ လိုက် လေ၏ ။ ထို့နောက် မမယ်ဇယ် ၏ လက် ကို ဆွဲ ၍ ကိုကြာပွတ် သည် အိမ် အောက် သို့ ခပ်သုတ်သုတ် ဆင်းကာ ခြံ အပြင် ဘက် သို့ ထွက်ခဲ့ လေတော့သည် ။


◾မင်းသိင်္ခ


📖 မိုးပေါ်မှာ ကြယ်တစ်လုံး


#ကိုအောင်နိုင်ဦး


.