❝ စာ နှင့် ၊ လူ နှင့် ၊ လွတ်လပ်မှု နှင့် တစ်ထပ်တည်းကျသူ
( သို့မဟုတ် )
ဆရာသော်တာဆွေ ❞
ပေါင်းတည် ဆိုတာက စာရေးဆရာ အတော်လေး ထွန်းကားထွက်ပေါ် တဲ့ မြို့ ဖြစ် ပါတယ် ။ ဆရာသော်တာဆွေ ၊ ရွှေတည်ရန်နောင် ၊ ပေါင်းတည်မင်းသိမ်း ၊ ပေါင်းတည်ဘုန်းကြည် ၊ ပေါင်းတည်စန်းမြင့် စသည်ဖြင့် ဆရာနန္ဒာသိန်းဇံ က လည်း ပေါင်းတည်သား ပါ ။
ပေါင်းတည် ပွဲ မှာတော့ အမှတ်တရ ဖြစ်စရာ တစ်ခု နဲ့ ဦးလေးဆွေ ရဲ့ လွတ်လပ်သော စာရေးဆရာ ဝိညာဉ် သဘာဝ ကို လက်တွေ့ မျက်တွေ့ ကြုံ ခဲ့ရပါတယ် ။ မှတ်မှတ်ရရ ကျွန်တော် တို့ ဟောပြောတဲ့ ရုံကြီး မှာ နောက်နေ့ ည ဇာတ်ပွဲ က မှာ မို့ ဟောမယ့် ညနေ မှာပဲ ဇာတ်ကားကြီးတွေ ရောက်ချ လာပါတယ် ။ (၁၉၈၄ - ၈၅ ခန့် ထင်ပါတယ် ။ ) ဘယ် ဇာတ်အဖွဲ့ လဲ ဆိုတော့ မြို့တော်အင်အားစု ပါ ။ မြို့တော်အင်အားစု ဆိုတာ က ကျွန်တော့် အတွက် အင်မတန် ရင်းခြာ တဲ့ အဖွဲ့ကြီး ။ ကျွန်တော့် ဖခင်ကြီး ဦးရွှေဒေါင်းညို ဟာ မြို့တော် မှာ ဇာတ်စီးပညာရှင် အဖြစ် နဲ့ နှစ် အတန်ကြာ အလုပ် လုပ်ခဲ့ဖူးတော့ ကျောင်း ပိတ်ရက်တွေ ကြုံ ရင် ဖခင်ကြီး နောက် ကို လိုက် သွားရင်း မြို့တော် ဇာတ်ခုံ ၊ ဇာတ်ရုံ ဟာ ကျွန်တော့် အတွက် ခမ်းနားလှပသော ကစားကွင်း ဖြစ် ခဲ့ပါတယ် ။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် နဲ့ သူငယ်ချင်း ဖြစ် ခဲ့ပါတယ် ။
ဟောတဲ့ ည ကျ တော့ ကျွန်တော် ဟော နေ တုန်းမှာ ဇာတ်ခုံ ပေါ် တိုင်ဖုံး ကြား မှာ အစအဆုံး မတ်တတ် ရပ် နားထောင် နေ သူက တခြား ဟုတ်ပါရိုး လား ။ ဘဒွေး ၊ မြို့တော်သိန်းအာင် ရယ် လေ ။
ကျွန်တော့် ဟောပြောချက် ပြီးတော့ ဘဒွေး က “ မင်းတို့ အလုပ် ကလည်း မလွယ်ပါလား ။ ဘာ ဆိုင်း ဘာ သီချင်း မှ မပါဘဲ တစ်နာရီ သာသာ လောက် ကို စကားတွေ ပြော ရတာ ။ ပရိတ်သတ် က လဲ ပွဲ ကျပဲ ၊ ငါတို့ များ ဖြင့် ငါတို့ အလုပ် နဲ့ ငါတို့ တော့ တစ်ညလုံး ပဲ ကရ ကရ ။ မင်းတို့ လို တစ်နာရီ ရပ် စကား ပြောဖို့ ဆိုတာတော့ မလုပ်တတ်ပါဘူးကွာ ” တဲ့ ။
ဦးလေးသော်တာဆွေ လည်း ပါတယ် လို့ ကျွန်တော် က ပြောတော့ ဘဒွေး က “ ဟာ ၊ အဲဒီ စာရေးဆရာကြီး ငါ သိပ် လေးစားတာ ကွ ၊ သူ့ ဝတ္ထုတွေ သိပ်ကောင်းတာ ( မြို့တော်အင်အားစု ဇာတ်အဖွဲ့ မှာ ရွေ့လျား စာကြည့်တိုက် လို့ ခေါ်ရမယ့် စာကြည့်တိုက် ရှိပါတယ် ။ ) သူ့ နဲ့ တွေ့ချင်သကွာ ၊ ငါ့ မိတ်ဆက် ပေးစမ်း ” တဲ့ ။
ည ဟောပြောပွဲ ပြီးတော့ တည်းတဲ့ အဆောင် မှာ ဦးလေးဆွေ ကို ကျွန်တော် က ဒီ အကြောင်း ပြောပြ ပါတယ် ။ သူ နည်းနည်း အရှိန် ရနေပြီပေါ့ ။ မြို့တော်သိန်းအောင် ဆိုတာ လည်း နည်းတဲ့ ပုဂ္ဂိုလ် မှ မဟုတ်ဘဲ ကလား ။ အားလုံး သိ ပါတယ် ။ ဦးလေးဆွေ ပြန် ပြောပုံ က ဒီလိုပါ ။
“ ငါ က သူ့ ပွဲ မကြည့်ဖူးဘူး ဟ ၊ နာမည်ကြီး မို့ ကြားရုံ ကြား ဖူးတာ ။ သူ့ ပြဇာတ်တွေ အကြောင်း ဝေဖန်ပေးပါ ။ ဘာညာ နဲ့ ပြောမှာ မုချ ကွ ။ ငါ ဘာမှ ပြောနိုင် မှာ မဟုတ်ဘူး ။ မတွေ့တော့ဘူးကွာ ။ မိတ်ဆက် မပေးနဲ့ ” တဲ့ ။
တကယ် လည်း သော်တာဆွေ နဲ့ မြို့တော်သိန်းအောင် တို့ မတွေ့ဆုံလိုက်ရပါ ။ တွေ့များ တွေ့ကြရင် ဘယ်လို စကားဝိုင်းမျိုးများ ဖြစ်လာမယ် မသိ ။
ပေါင်းတည် မှာ ဟောပြောပွဲ ပြီး နောက် တစ်နေ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲ ကျင်းပ ဖြစ် ပါတယ် ။ ဒီ ဆွေးနွေးပွဲ မှာတော့ ဦးလေးဆွေ ဟာ မေးမြန်းဆွေးနွေး တဲ့ မေးခွန်းစာရွက် အများဆုံး ရ သူ ပါ ။ ဟာသဝတ္ထုတွေ အကြောင်း နဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေ အကြောင်း မေးကြတာ ကို ဦးလေးဆွေ ရှင်းလင်း ဖြေဆို ဆွေးနွေး ပါတယ် ။ မှတ်သားစရာတွေပါ ။ စာ များများ ဖတ်ကြ ဆိုတာ ကို အဓိက ဦးတည် ပြော ပါတယ် ။ သူ့ ထုံးစံ အတိုင်း လေသံ ဗလုံးဗထွေး နဲ့ ပါပဲ ။
ည ဟောပြောပွဲ တုန်း ကလည်း ဆိုဗီယက် ၊ ရုရှား အတွေ့အကြုံ အကြောင်း ပဲ ပြော သွားခဲ့လို့ ထုံးစံ အတိုင်း ပျင်းစရာကြီးပါ ။ ဒါပေမယ့် ပေါင်းတည် ပရိသတ် ဟာ သူတို့ ပေါင်းတည်သား ဟာသစာရေးဆရာကြီး ထံ က ရှားရှားပါးပါး ပွဲကျ ပြက်လုံး တစ်ခုတော့ ကြားခဲ့ရတယ်လို့ ဆို ရပါမယ် ။ ဘာလဲ ဆို တော့ ....
ဘယ်လိုက နေ စကား စပ် သွား သလဲ မသိပါဘူး ။ ဟောရင်း...
“ ချစ်ဦးညို တို့ မောင်ဝဏ္ဏ တို့ ကို ကျွန်တော် က ပြော ထားတယ် ။ ပေါင်းတည် မှာ ဘာမှ မကြောက် နဲ့ ။ ငါ ပါတယ် ။ နန္ဒာသိန်းဇံ ပါတယ် ။ ပေါင်းတည်သား စာရေးဆရာတွေ ။ အဲ ... တစ်ခု လည်း ပြောထားတယ် ။ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်ကြီး ကို ရိုက်နှက်တဲ့ ခိုးသားငါးရာ ရှိပါ ရောလား ။ အဲဒီမှာ ပေါင်းတည် က နှစ်ရာ့ငါးဆယ် ၊ သာယာဝတီ က နှစ်ရာ့ငါးဆယ် ပါတယ် ။ ဒါကြောင့် ဘာမှ မကြောက်နဲ့ ….. လို့ ”
ဒီ စကား နဲ့ အသော ဖောက် ရာ မှာ သူ့ မျက်နှာကြီး က ခပ်တည်တည်ကြီး ဆိုတော့ တချို့ပရိသတ် ရယ်လိုက်ဖို့ မေ့သွားကြတယ် ထင်ပါရဲ့ ။ ထင်သလောက် ‘ ပွဲမကျ ’ ပါ ။
ဆွေးနွေးပွဲ ပြီးတော့ မွန်းလွဲပိုင်း မှာ သူ့ ကို ပြုစုချင်တဲ့ ( သူအမျိုး ထဲ ကလား မမှတ်မိတော့ပါ ) လူတစ်ဦး က လယ်တဲ တစ်ခု ဆီ ခေါ် သွားပါတယ် ။ ကျွန်တော်တို့ အားလုံး လည်း လိုက် သွား ကြတယ် ။ လယ်ပြင်ကွင်းစပ် ငါးကန် ၊ လယ်တဲ ၊ ထန်းတော မှာ ၊ ထန်းရည် နဲ့ ကြက်ကြော် အခု ဖမ်း အခု ကြော် တဲ့ ငါးကြော်များ နဲ့ ဧည့်ခံပါတယ် ။
ဪ … ဦးလေးဆွေ ။ ခုတော့ မရှိရှာတော့ဘူး ။ စာလို ရေးရင်း နဲ့ စိတ်လိုက်မာန်ပါ စကား ပြော သလိုတွေ ရေး ရေး သွားတဲ့ သူ့ အရေးအသား တွေ ကလဲ ခုထိ ဆွဲဆောင် စွမ်းအား ကြီး ဆဲပါ ။ ရေးစရာ ရှိလဲ ပွင့်ပွင့်လင်းလင်း ရေးတယ် ။ ပျော်စရာ ရှိရင်လဲ ခပ်ကြမ်းကြမ်းလေး ပျော်တယ် ။ သူ့ စကား ထဲ က လို ဘာ အချုပ်အနှောင် ကို မှ မခံဘဲ လွတ်လပ်တဲ့ စာရေးဆရာ ဘဝ ထဲ မှာ သူ ပျော်ပျော်ကြီး နေသွားခဲ့ ။
စာပေဟောပြောပွဲ မှာ တိုက်ပုံအနက် ဝတ် ဖြစ်တိုင်း သတိတရ လွမ်း ရပါတယ် ဦးလေးဆွေ ခင်ဗျား ။
ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဆရာများ ရဲ့ ရုပ်ပုံလွှာ တစေ့တစောင်း ကို စာပေ ဟောပြောပွဲ နောက်ခံ ထားပြီး ရေး ခဲ့တာ အခု ဆိုရင် ဆရာမင်းကျော် ၊ ဆရာ မြသန်းတင့် ၊ ဆရာကြီး ( ဦး ) ဆန်းထွန်း ( မန်းတက္ကသိုလ် ) ၊ ဆရာ အထောက်တော်လှအောင် တို့ အကြောင်း ရေးပြီးခဲ့ပြီ ဖြစ်ပါတယ် ။
စာရေးဆရာ တစ်ယောက် အဖြစ် နဲ့ မိမိ ရဲ့ အသက်မွေးဝမ်းကျောင်းမှု အရ ရော ၊ မရေးရ မနေနိုင် ဝါသနာ အရ ရော ၊ တာဝန် ယူပြီးသား အခန်းဆက် ဝတ္ထုရှည် ဆောင်းပါး အချို့ ကို ဝတ္တရား တစ်ရပ် အဖြစ် ရေးရတဲ့ အလုပ် အရ ရော ၊ ကျွန်တော့် မှာ အခြား သော စာရေးဆရာများ နည်းတူ ပါပဲ ။ ခုနစ်ထွေ ၊ တစ်ဆယ့်နှစ်ထွေ ကကြိုး ကို တစ်ခွင်စီ တစ်ကွက်စီ လှည့် ကနေ ဖြစ်ပါတယ် ။ ဗုဒ္ဓယဉ်ကျေးမှု နောက်ခံ ဝတ္ထုတွေ ရေး လိုက် ၊ ခရီးသွားဆောင်းပါး ရေးလိုက် ၊ ကျမ်းဆန်ဆန် စာတမ်း ရေးလိုက် ၊ ဖျတ်ခနဲ စိတ်ကူး ပွင့်ရာ အက်ဆေးလေးတွေ ရေးလိုက် နဲ့ လမိုင်း အမျိုးမျိုး ပူးကပ် ဝင်စားပြီး စာ ရေး ရတဲ့ ဘဝ ဟာ တစ်ခါတလေ တော့ လည်း ကြည်နူးစရာ ။ တစ်ခါတလေ တော့လည်း စိတ်ပန်းလက်ပန်းနဲ့ မောချင်စရာ ။
ဒါပေမယ့် စာရေးဉာဉ် ကြောင့် လား မသိပါ ။ ဒီလိုတွေ ရေးသား နေတာ ကိုပဲ ပျော်ရွှင်မှု အဖြစ် နဲ့ ခံစားရပါတယ် ။ တစ်ခါတစ်ရံ တော့ လည်း ခံစားမှု ဆိုတဲ့ ဝေဒနာ က ‘ ထုံ ’ နေတတ်ပြီး ဦးနှောက်လည်း ‘ အုံ ’ နေတတ် ပြန်တော့ စာရွက် ရှေ့ ချ ၊ ဘောလ်ပင် ဖွင့် ၊ အဖုံးစွပ် ကိုင်ပြီး မှ ဘာ တစ်လုံးမျှ ရေးလို့ မရဘဲ စားပွဲ မှာ အငူသား ထိုင်နေမိတာ မျိုးလည်း ရှိပါတယ် ။ အဲဒီလို အခါမျိုး မှာ ကျွန်တော့် အတွက် အကောင်းဆုံး အား ပြန်ဖြည့်ခြင်း Recharge ကတော့ စာ ဖတ်ခြင်းပါပဲ ။ စာအုပ်စင်တွေ ရှေ့မှာ ရပ် ၊ ထိုင်ရင်း နဲ့ စာအုပ် အနှောင့်တွေ လိုက်ကြည့် ‘ ဓာတ်ကြ ’ တဲ့ စာအုပ် တစ်အုပ် ကို ဆွဲထုတ် ဖတ်လိုက်တာဟာ ကုန်ခန်းသွားသော အင်အားများ ကို ပြန်ဖြည့် ပေးလိုက်သော တကယ့် ဗီတာမင် ပါ ။
အဲဒီလိုနဲ့ ဖတ်ဖြစ်တဲ့ ( ခဏခဏ ပြန်ဖတ်ဖြစ်တဲ့ ) စာအုပ်တွေ ထဲ မှာ ဆရာသော်တာဆွေရဲ့ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” လည်း ပါဝင် နေပါတယ် ။ ( စကားစပ် လို့ ဖောက်သည် ချ ရရင် ဒီလို အင်အားကုန်ခန်း ၊ စိတ်ပန်းလက်ကုန် ဖြစ်နေ ချိန်တွေ မှာ ကျွန်တော် အများဆုံး ပြန် ဖတ်ဖြစ်တဲ့ စာအုပ်တွေ က သပြေကန်ဆရာတော်ကြီး ရဲ့ ပရိတ်ကြီး နိဿယသစ် နဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ တစ်ဘဝသံသရာ တို့ ပဲ ဖြစ်ပါတယ် ။ ဒီ စာအုပ်များ ကို ဖတ် လိုက်ရတဲ့ အခါမှာ အားကျကြည်ညိုစိတ် နဲ့ သဒ္ဓါတွေ ပေါက်ဖွား လာပြီး အကောင်းဆုံး အကြောဆေး ထိုး လိုက်ရသလို အားတွေ ပြန်ပြန် ပြည့် လာတတ်ပါတယ် ။ ကျွန်တော့် ပုဂ္ဂလိက ဖြစ်စဉ်ကို ပြောပြတာပါ ။ )
ဆရာသော်တာဆွေ အကြောင်း ပြန် ဆက်ပါမယ် ။ အဲဒီလို သူ့ စာအုပ်တွေ ဖတ် မိတိုင်း မှာ သူ့ ရဲ့ စာရေးဉာဉ် နဲ့ စာရေးဆရာ စိတ် ဟာ ကျွန်တော့် ဆီ ‘ ဓာတ်ကူး ’ သလို ကူး လာ တတ်ပါတယ် ။ ဒီ့ အပြင် မှာ သူ ကျွန်တော့် ကို ပြောဖူးခဲ့တဲ့ စကား တစ်ခွန်း လည်း အမြဲ ပြန် ကြားယောင် ပါတယ် ။
သင်္ဘောကြီး တစ်စီး အပေါ် မှာပါ ။ ( ဒီ အကြောင်း နောက်ပိုင်း ပါလာပါမယ် ။ )
ဘာပြောသလဲ ဆိုတော့ သူ့ စကား က
“ ဟေ့ကောင် ချစ်ဦးညို ၊ ဆရာရွှေဒေါင်းညို သား ”
“ ခင်ညာ ”
( လို့ …. သူ့ ဇာတ်လိုက် လေသံလေး နဲ့ ကျွန်တော် က ထူး လိုက်ပါတယ် )
( မှတ်မိမှာပါ ၊ သူ က ဝတ္ထု တစ်ပုဒ် ထဲ မှာ ဟေ့ကောင် ... လို့ ဘကြီး ခေါ်လိုက်တော့ ... ခင်ညာ …. တဲ့ ထူးပုံ က ။ )
သူ က ဆက် ပြောပါတယ် ။
“ မင်း ၊ စာပေလုပ်သား မဂ္ဂဇင်း ထဲ မှာ ရေး ထားတဲ့ ဟို ဝတ္ထု ကွာ ၊ ဇာတ်ကောင် နာမည်တွေ ကို ခေါင်းစဉ် တပ်ထားတာ ' ဘာ ' တဲ့ ”
“ မခင်သက် ၊ ကိုလှချို နှင့် ကိုမြင့်မော် ပါ ဦးလေး ”
“ အေး … အဲဒီ ဝတ္ထုလေး ကောင်းသား ကွ ”
( စာရေးဆရာကြီး တစ်ယောက် ရဲ့ ချီးကျူး စကား တစ်ခွန်း ရ လိုက်တဲ့ စာရေးဆရာလေး ဘယ်လောက် ကြည်နူးမလဲ ။ )
“ ဟုတ်ကဲ့ ဦးလေး ”
“ ဒါပဲကွ … မင်း ကို ရွှေဒေါင်းညို သား လို့ ငါ တမင် ခေါ် လိုက်တာ မင်း သိလား ”
“ ရိပ်မိသလိုပဲ ဦးလေး ”
“ ခွီး မှ ဘဲ ၊ တမင် ခေါ် တာပါ ဆိုမှ ။ ဒီလိုကွ ၊ မင်း အဖေ ဟာ ဇာတ်သဘင် ပညာရှင်ကြီး မဟုတ်လား ။ အေး ရွှေဒေါင်းညို သား ချစ်ဦးညို ဆိုတဲ့ ကောင် တစ်ကောင် ဟာ ပမာ ဆိုပါတော့ ဇာတ်မင်းသား ဖြစ် လာရင် သူ ဟာ ဇာတ်မင်းသား ပဲ ဖြစ်မှာကွ ”
ကျွန်တော် သဘော မပေါက်လို့ ငြိမ် နေစဉ်မှာ
“ ငါ ပြောတာ က မင်းသား ဆိုရင် မင်းသား ပဲ ဖြစ် နေတော့မှာ ။ တခြား အလုပ် ဆိုရင်လည်း မင်း ဟာ အဲဒီ အလုပ် မှာဘဲ သံမှို စွဲထား သလို နေလေရော့ ။ အဲဒါက လွဲပြီး မင်း ဘာမှ ဖြစ်လို့ မရပါဘူး ။ အခု မင်း စာရေးဆရာ ဖြစ် လာတော့ မင်းကိုယ်မင်း မင်းသား လုပ်လိုက် ၊ လူကြမ်း လုပ်လိုက် ၊ မိန်းမ ဖြစ်လိုက်နဲ့ အမျိုးမျိုး ပွားလို့ ရတယ်လေ ။ ဝတ္ထုတွေ ထဲ မှာ မင်း ဖြစ်ချင် သလို ဖြစ်လို့ ရတယ် ။ အဲဒါ စာရေးဆရာ အရသာ ပဲ ကွ မှတ်ထား ”
တည့်တည့် ပြောမှ သဘော ပေါက် ပါတယ် ။ သူ ချီးကျူး လိုက်တဲ့ ‘ မခင်သက် ကိုလှချို နှင့် ကိုမြင့်မော် ' ဝတ္ထုရှည် ပါ ။ ဝတ္ထု ထဲ မှာ မခင်သက် နေရာ ၊ ကိုလှချို နေရာ ၊ ကိုမြင့်မော် နေရာ ၊ ဒီ သုံးနေရာ က နေပြီး ပထမ နာမ်စား နဲ့ ရေး ထားပြီး သုံးယောက် ရဲ့ ခံစားချက် နဲ့ အဖြစ်သနစ် သုံးခု ကို စပ် လိုက်တဲ့ အခါ ကျ မှ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ် တာပါ ။
“ အဲဒါ ဦးလေး အားကျလို့ ”
“ ဘာကွ ”
“ ဦးလေး ရဲ့ ကျွန်တော် ဇာတ်လိုက် တို့ ။ ကျွန်တော် ပြဇာတ်မင်းသား တို့ ၊ ကျွန်တော် ဘောက်ဆာ တို့ ၊ အဲဒါတွေ ဖတ်ရတယ်လေ ။ ဦးလေး က ကိုယ့် ကိုယ် ကို ဇာတ်ကောင် အမျိုးမျိုး ၊ နေရာ ထားပြီး ရေး ထားတာလေ ”
“ အံမာ … ငါ့ ကို အားကျလို့ ”
“ ဟုတ်ကဲ့ ”
“ ငါ့ အားကျ မင်း ပျက်ပြီပေါ့ကွာ ” တဲ့ ။
‘ ဆရာတို့ကို လွမ်း ’ အစုလေးတွေ ထဲ မှာ ဆရာသော်တာဆွေ ကို လွမ်းတဲ့ အလွမ်း က သူ့ဓာတ် ကူး လို့လား မသိပါ ။ ရင်နင့် နေတဲ့ တသက်သက် တမြေ့မြေ့ ဝေဒနာမျိုး နဲ့ လွမ်းတဲ့ အလွမ်း မဟုတ်ပါဘူး ။ ဇိုးဇိုးဇပ်ဇပ် နဲ့ ကြွပ်ကြွပ်ရွရွ လွမ်းတဲ့ ‘ အလွမ်းမျိုး ’ ။
ယခင် ဆင်းဒဝစ် ၊ ယခု ဗိုလ်ရာညွန့်လမ်း ရှုမဝမဂ္ဂဇင်းတိုက် ရှေ့ က ခုံတန်းလေး ဟာ စာပေသမားများ မမေ့နိုင်တဲ့ နေရာလေး ဖြစ်ပါတယ် ။ ရှုမဝတိုက် ကို ကျွန်တော် စာရေးဆရာ ပေါက်စလေး အဖြစ် ဟိုဝင် သည်ထွက် ရောက်ရှိချိန် ဟာ “ လင်္ကာဒီပချစ်သူ ” ကို ပန်းချီဝသုန် က ရုပ်ပြ အခန်းဆက် ရေးဆွဲ ချိန် ၊ ကျွန်တော် က လည်း ဝတ္ထုတို ၊ ဝတ္ထုရှည်များ အားကောင်း ကောင်း နဲ့ တသွင်သွင် ရေးချိန် ၁၉၇၈ နောက်ပိုင်း ၊ ၁၉၈ဝ နှစ်ဦး ကာလများ ဖြစ်ပါတယ် ။ အဲဒီ ခုံတန်းလေး မှာ ပဲ ချစ်ခင်လေးစားရတဲ့ စာရေးဆရာ ၊ ကဗျာဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာများ နဲ့ တွေ့ဆုံ သိကျွမ်းခွင့် ရခဲ့ပါတယ် ။ အဲဒီ ထဲ မှာ ဆရာသော်တာဆွေ ၊ သူ ဟာ ထိပ်ဆုံး က ပါ ။
စ တွေ့ တွေ့ချင်း ပဲ ကိုဆွေ ( မောင်ဆွေတင့် ) တို့ ခေါ်သလို ၊ သူ့ ကို ဦးလေး လို့ ပဲ ကျွန်တော် ခေါ် မိပါတယ် ။ ဆရာ လို့ မခေါ်ဖြစ်ပါဘူး ။ ဒီ ဦးလေး နဲ့ စာပေဟောပြောပွဲ နယ်ခရီး ကို ပွန်းပွန်းတီးတီး သွားဖို့ ကြုံ လာပါတယ် ။ ဖိတ်မန္တက ပြုသူ က ထိုစဉ်က မြစ်ဝကျွန်းပေါ် ဘက် မှာ ခရိုင်အဆင့် လား ၊ တိုင်းအဆင့် လား မမှတ်မိပါ ။ စိုက်ပျိုးရေး ဘက် မှာ အရာရှိကြီး ဖြစ်နေတဲ့ ဦးဝင်းတင် ပါ ။ သူ က မောင်သန္တာ အမည် နဲ့ ကဗျာ ရေးပါတယ် ။ ဆရာ သော်တာဆွေ ရဲ့တပည့် ဆရာသော်တာဆွေ ကို ကြည်ညိုတဲ့ သူ ။
ဟောပြောပွဲ ကျင်းပမယ့် နေရာ က ကျုံပျော် ၊ ဟောပြောပွဲ သွားကြမယ့် စာရေးဆရာ အဖွဲ့ ကို ကိုဆွေ ၊ ကိုမြင့်မြတ် တို့ က စီစဉ် လိုက်ကြပါတယ် ။ ပါဝင်သူတွေ က သော်တာဆွေ ၊ အောင်သင်း ၊ မင်းသားကြီး ဦးကျောက်လုံး ၊ မောင်ဆွေတင့် ၊ မောင်မြင့်မြတ် ၊ မောင်ပြုပြင် ( ကျုံပျော် ) ၊ ကာတွန်းငွေကြည် နဲ့ ချစ်ဦးညို ၊ စာရေးဆရာတွေ တစ်လှေကြီး ၊ အဲ တစ်လှေကြီး ဆိုတာ က တင်စား တဲ့ စကား ၊ တကယ့် သဘာဝ ယုတ္တိ အရ ပြောရရင် တစ်သင်္ဘောကြီး ။ ဘာကြောင့်လဲ ဆိုတော့ ဦးဝင်းတင် ( မောင်သန္တာ ) ရဲ့ အစီအစဉ် နဲ့ ကျုံပျော် အသွားအပြန် စီစဉ် လိုက်တာ က နှစ်ထပ် သင်္ဘောကြီး ပါ ။ ခရီးသည်တင် ၊ ကုန်တင် ပြေးဆွဲဖို့ လိုင်း ဝင် ထားခါစ သင်္ဘောကြီး ကို ဘယ်လို လုပ်လိုက် သလဲ မသိပါ ။ ဘယ်ခရီးသည် ဘာကုန် မှ မတင်ဘဲ အဲဒီ စာရေးဆရာ အုပ်စု ကို ပဲ ကျုံပျော် ဟောပြောပွဲ ခရီး အတွက် သီးသန့် ဖယ်ရီ လုပ် လိုက်ခြင်းပါပဲ ။
သင်္ဘောကြီး က အသစ် စက်စက် ၊ ဆေး နံ့ တောင် မပြယ်ချင်သေး ၊ သန့် မှ သန့် ၊ လတ်လတ်ဆတ်ဆတ် ၊ တစ်စီးလုံး မှ စာရေးဆရာအဖွဲ့ သီးသန့် ။
အဘကျောက် လို့ ကျွန်တော် တို့ ခေါ်ကြတဲ့ မင်းသားကြီး ဦးကျောက်လုံး ဟာ ရှုမဝဦးကျော် မှ တစ်ဆင့် ရှုမဝ ဝိုင်းတော်သား တစ်ဦး အနေ နဲ့ ရှုမဝ တိုက် ခုံတန်း မှာ ထိုင် ထိုင် နေတတ်တော့ သူ နဲ့ လည်း ခင်မင်ခွင့် ရခဲ့ပါတယ် ။
အဲဒီ အဘကျောက် ကို လည်း ကိုဆွေ တို့ ၊ ကိုမြင့်မြတ် တို့ က ပင့် ပါတယ် ။ အဘကျောက် က လည်း အစ်ကိုဆွေ နဲ့ ဆိုရင် “ အင်း ၊ လိုက်ရမှာတော့ ကျောက်လုံး တို့ ခပ်ကြောက်ကြောက် ပဲ ကွ ၊ ဒါပေမယ့် လိုက်မယ်ကွာ ” တဲ့ ။
ဒီလိုနဲ့ သင်္ဘောကြီး ပေါ် ရောက် ၊ မွန်းတိမ်း ညနေဦး ကာလ ။
စ ကတည်း က ယဉ်သကို ပါ ပဲ ။ ဦးလေး ( သော်တာဆွေ ) တို့ တစ်စခန်း ထ ပါပြီကော ။
ရန်ကုန် ဝါးတန်း ဘောတံတားဆိပ် မှာ ဆိုက်တဲ့ သင်္ဘောကြီး ဟာ ကမ်း က စတင် ခွာ ပါပြီ ။ ဒီအချိန် မှာ ဆရာ ဦးအောင်သင်း နဲ့ ကိုဆွေ ( မောင်ဆွေတင့် ) တို့ က တစ်တွဲ ၊ သင်္ဘော အခန်း ထဲ မှာ စကား ပြော နေကြတယ် ။ မောင်မြင့်မြတ် က ဦးခန်း ဘုရားဆောင် ထဲ မှာ အဓိဋ္ဌာန် ပုတီး စိပ် လို့ ။ ကာတွန်းငွေကြည် နဲ့ ကျွန်တော် က သင်္ဘော လက်ရန်း ဝဲယာ ကူးရင်း ရန်ကုန်မြစ်ပြင် ရဲ့ ညနေခင်း နဲ့ စင်ရော်လေး တွေ ကို ကြည့်ပြီး စိတ်ကူးယဉ် လှိုင်းလေးတွေ ကို စီးလို့ ။ ( ဒီအချိန် က ကျွန်တော် ဟာ မောင်ကြည်တိုး ရဲ့ ငွေလှိုင်းဇာခြည် ကို ညည်း နေတယ်လို့ အမှတ်ရ မိတယ် ။ ကိုငွေကြည် ၊ ခင်ဗျား ကော မှတ်မိတန်ကောင်း ရဲ့ ။ )
“ လှိုင်းရေဖွေးဖွေးဝယ် လွန့်လူးတယ် × × စင်ရော်ငှက်ကလေးတွေ ×× ပျံကာပဲ ဝဲတယ် ×× ပျော်မြူးကြရှာတယ် × × မြစ်နဒီအတွင်းဝယ် × × နှုတ်ခွန်းလွှာခြယ် x x လေဝယ်ဆန့်သော လွန်သာယာ xxx ငွေလှိုင်းဇာခြည် ဖွာဖွာလည် × × နေစွယ်ပြန့်ပြော× × ကွန်လွှာလွှာ သွေမဆိုင်း လာပြီ အို × × တံငါသည် xxx
ကဗျာဆရာ မောင်ပြုပြင် ( ကျုံပျော် ) ( ကွယ်လွန် ) လည်း ကျွန်တော် နဲ့ ကိုငွေကြည် ဘေးနား မှာ တိတ်တိတ်ကလေး ရပ် ၊ ဆည်းဆာမြစ်ပြင် ရှုခင်း ကို ခံစားလို့ ။
မင်းသားကြီး ဦးကျောက်လုံး ( အဘကျောက် ) က ဘယ်ခရီးသည် မှ မရှိတဲ့ ကုန်းပတ် မှာ ဟိုသည် လမ်းလျှောက် ရင်း မြစ်ပြင် လေ ကို ရှူရှိုက် လို့ ။
အဲဒီလိုနဲ့ သက်သောင့် သက်သာ သာယာ အေးချမ်း တဲ့ ညနေခင်းလေး ဟာ ကြာကြာ မခံလိုက်ဘဲ ကွဲအက် သွားပါလေရော ။ ဒီ ညနေခင်း ကို ထိုးဆောင့် လှုပ်ခါ ပစ်လိုက်တဲ့ အသံ တစ်သံ က သင်္ဘောဦးခန်း ဘက် ရဲ့ ကေဗင် အခန်း တစ်ခန်း ထဲ က ထွက် လာတာပါ ။
“ ဟေး ၊ ကိုကျောက်လုံး ၊ လာဗျာ ” တဲ့ ။
အသံရှင် က ဦးလေး သော်တာဆွေ ပါ ။ စင်္ကြံ လျှောက် နေတဲ့ အဘ ကျောက် တုံ့ခနဲ ရပ် သွားရှာပါတယ် ။
“ လာစမ်းပါ ဗျ ၊ ဘာလဲ ၊ ခင်ဗျား က ။ လာ ၊ ဒီမှာ ကျုပ် နဲ့ ခွက်လှည့်ရအောင် ” တဲ့ ။
ရုပ်ရှင် ထဲ မှာ လူကြမ်းကြီး ၊ လူဆိုးကြီး ၊ ကြာကူရီကြီး ၊ ဂိုဏ်းခေါင်းဆောင်ကြီး စသည်ဖြင့် ဝိဘစ္ဆရသ ကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင် နိုင်တဲ့ အကယ်ဒမီ ဦးကျောက်လုံး ဟာ အပြင် မှာ တကယ့် ကို နူးညံ့အေးဆေး သိမ်မွေ့ သူ ဖြစ်ပါတယ် ။ ပြီးတော့ သူခမြာ မှာ ဦးလေး သော်တာဆွေ ကို လည်း ကြောက်ရှာပုံ ရ ပါတယ် ။ ဒါပေမယ့် လည်း ဦးလေးဆွေ နဲ့ အတူတူ ခွက်လှည့် ရမှာ ကို ပို ကြောက်ပုံ ရပါတယ် ။ အဘကျောက် ဟာ ဟိုလိုလို ဒီလိုလို လုပ် နေရင်းနဲ့ ကျွန်တော်တို့ နား ကပ် လာပြီး လက်ရန်း ကို မှီ ရပ်နေ ရှာတယ် ။ ဒီအခါ မှာ အခန်း ထဲ က တတိယ အကြိမ် ပေါ် လာတဲ့ အသံ က …
“ ကိုကျောက်လုံး ၊ ကျုပ် ခေါ်နေတာ မလာဖူးလား ။ ခင်ဗျား မလာရင် ကျုပ် က တိုင် နဲ့ ခေါင်း နဲ့ ပစ်ဆောင့် လိုက်မယ်"
အဘကျောက် ဟာ သူ့ ရဲ့ ပင်ကို အမူအရာ ပြုံးမဲ့မဲ့ မျက်နှာကြီး နဲ့ အသံလုံး ကြီးကြီး အသံကြီး နဲ့
“ သွားမှပဲ ဟေ့ ၊ သူ ခေါ်ရာ ကို ။ တော်ကြာ ပြတင်းပေါက် ကနေ မြစ် ထဲ ကို ဒိုက်ဗင် ထိုးမချဘူး မပြောနိုင်ဘူး ။ လာပြီ ၊ ကိုဆွေ ရေ ၊ ကျွန်တော် လာပြီ ”
လို့ ပြောရင်း သုတ်သုတ်ကလေး ထွက်သွား ရှာပါတယ် ။
ဦးလေးဆွေ ရယ်လေ ၊ ဘယ်အချိန်က စ ‘ ကိုင် ' နေသလဲ မသိပါဘူး ။
ကျွန်တော့် ရဲ့ ငွေလှိုင်းဇာခြည် ဖွာဖွာ လည်း စုတ်ပြဲ သွားတော့တယ် ။ တွံတေးတူးမြောင်း ထဲ သင်္ဘော ဖြတ်ချိန် မှာ တော့ “ ဟေ့ ၊ အပြင်က ကောင်လေးတွေ လာကြကွာ ” တဲ့ ။ ဦးလေးဆွေ အသံ ပို ကျယ် နေပါပြီ ။ အင်မတန် ကြောက် တတ်တဲ့ ကဗျာဆရာ မောင်ပြုပြင် ( ကျုံပျော် ) က တော့ အောက်ထပ် ဆင်း ပြေးလေရဲ့ ။ ကိုငွေကြည် နဲ့ ကျွန်တော် က ကုပ်ချောင်းချောင်း နဲ့ ခေါ်ရာ သွား ရပါတယ် ။ ဒီတစ်ခါ တော့ ဦးခန်းဘုရားစင် မှာ ပုတီး စိပ် နေတဲ့ ကိုမြင့်မြတ် လည်း ထိန်းတန်တာ ထိန်း ပေးရအောင် ရောက် နေပါပြီ ။ အဘကျောက် မှာ တော့ စတိ ဝင် သောက်ပေးရင်း နဲ့ မျက်နှာကြီး က ' အို ' လို့ ။ အသားဖြူ တဲ့ ဦးလေးသော်တာဆွေ မျက်နှာ ကတော့ နီရဲလို့ ။
နာမည်ကြီးစာရေးဆရာ သော်တာဆွေ နဲ့ တစ်ဝိုင်းတည်း ကြုံရပါပြီ ။ ကိုငွေကြည် က လုံးဝ မသောက်တတ် ။ ကျွန်တော် က ခပ်လန့်လန့် နဲ့ ဝင် ရော ပါတယ် ။ ဦးလေးဆွေ နဲ့ အဘကျောက် တို့ က ရှုမ၀ဦးကျော် အကြောင်း နဲ့ ရုပ်ရှင် အကြောင်း ပြောနေ ကြတယ် ။ အဘကျောက် က အင်း လိုက်ပြီး ထောက် ပေး ရတာပါ ။ မနားတမ်း ပြော နေသူ က ဦးလေးဆွေ ။
အမှန်တော့ ကျွန်တော် ဝင် ရော တာမှာ ဦးလေး ဆီ က ကျွန်တော် သိပ် သိချင်တဲ့ ပုဂ္ဂိုလ် နှစ်ယောက် အကြောင်း ရှိ နေလို့ပါ ။ ဆရာကြီး ရွှေဥဒေါင်း နဲ့ ဆရာမ ( ဒေါ် ) ကြည်အေး တို့ ဖြစ်ပါတယ် ။ ဦးလေးဆွေ က ရင်းရင်းနှီးနှီး ပေါင်းခဲ့ ဖူးတာမို့ ( သူ့ စာ ထဲ မှာ တော့ ဆရာကြီး နဲ့ ဆရာမတို့ အကြောင်း ပါပြီးသား ) ။ သူ့ ဆီ က နှုတ်ထွက် တိုက်ရိုက် စကား ကို ကြား ချင်လို့ ။ ဒါပေမယ့် ကျွန်တော် မမေးရဲပါ ။ သူ့ စကား တွေ က လည်း သူ ရုပ်ရှင် ထဲ ဝင် သရုပ်ဆောင် တုန်းက အကြောင်းတွေ ချည်း ။ အဘကျောက် ကို ပြောနေတဲ့ စကားတွေ ။
ကိုမြင့်မြတ် ကို ကျွန်တော် က လေသံလေး နဲ့ ဆရာကြီးရွှေဥဒေါင်း နဲ့ ဆရာမ ဒေါ်ကြည်အေး အကြောင်း သိချင်တာတွေ မေး ရင် ကောင်းမလား လို့ တိုင်ပင်တော့ ကိုမြင့်မြတ် က သွား မလုပ်နဲ့ ကိုရင် ။ သူ ပြောတာပဲ အသာ နားထောင် နေ ၊ ကိုရင် မေးလည်း ပြော မှာ မဟုတ်ဘူး ။ မပြောဘဲ နေရင် တော် ဦးမယ် ။ အံမာ မင်း မေးတိုင်း ငါ ပြောရမှာလားကွ ဆိုပြီး ခွက် နဲ့ ကောက် ပေါက် မှ ပြေးပေါက် မှား နေမယ်လို့ သတိ ပေး ပါတယ် ။
ဪ ၊ ဆရာသော်တာဆွေ သွေးဆိုး တယ် လို့ ဒါကြောင့် ပြော ကြတာကိုး လို့ ကျွန်တော် တွေးရင်း အသာလေး ငြိမ်ကုပ် နေ လိုက်ရတော့တယ် ။ ဘယ်သူ ဘယ်ဝါ က အဘိယာစက လုပ်လုပ် ။ သူ ပြော ချင်တာ ပြော ။ သူ ရေး ချင်တာ ပဲ ရေး တတ်တဲ့ ဝသီ ဟာ ဦးလေးဆွေ ရဲ့ အထင်ကရ ရုပ်ပုံလွှာ ပါပဲ ။ အဲဒါဟာ တဇွတ်ထိုး စိတ် လို့ ခေါ်ချင် ခေါ်နိုင်ပေမယ့် တကယ်တော့ စာရေးဆရာ တစ်ယောက် ရဲ့ လွတ်လပ်မှု ကို ဦးလေးဆွေ အလွန်အမင်း နှစ်ခြိုက်မွေ့လျော် တတ်တဲ့ သဘာဝ ဖြစ်တယ်လို့ နာမည် တပ်ချင်ပါတယ် ။
ကျုံပျော် ရောက်တော့ ဦးဝင်းတင် ( မောင်သန္တာ ) က ဦးလေးဆွေ ကို အန္တေဝါသိက အဖြစ် နဲ့ ဖူးဖူး မှုတ်လိုက်တာ မှ ၊ သော်တာဆွေ ပါလာသတဲ့ ဆိုပြီး သူ့ စာဖတ်ပရိတ်သတ် ကြီးငယ်ရွယ်လတ်တွေ ကလည်း လာ တွေ့ကြ ၊ နှုတ်ဆက်ကြ ၊ ကန်တော့ကြ ၊ သူ ပဲ စတား ဖြစ်နေတာ ။ ဒါပေမယ့် သူ ကတော့ ဘာမှ ထူးခြားမှု မပြပါဘူး ။ ကျော်စံကေး ၊ ဟစ်တလုံး ၊ အေးဆွေ ၊ ပေါ်အူး စသည်ဖြင့် သူ့ ဇာတ်လိုက်တွေအကြောင်း ကို ပရိသတ် က မက်မက်ရှိုက်ရှိုက် ပြောကြ ။ သူ က အင်း ... ဒါပဲ ။ ( ကျွန်တော့် ဘဝ ဇာတ်ကြောင်း ) ထဲ က ဇာတ်လမ်းတွေ မေးကြ ၊ သူ က မင်း တို့ ပြန် ဖတ်ကြပေါ့ တဲ့ ။
သူ့ ကို ချစ်ကြလေးစားကြတဲ့ ပရိသတ် ရဲ့ ဂုဏ်ပြု ချီးကျူး ပူဇော်မှု တွေ ကို လည်း သူ က ဘာတစ်ခု မှ အယ်လဲဝမ်းသာ တုံ့ပြန်ခြင်း မရှိပါဘူး ။ လောကွတ်စကား ဆိုတာ ဝေလာဝေး ။
အဲဒီ စရိုက် သဘာဝ ဟာ ဟောပြောပွဲ စင်မြင့် ပေါ် မှာလည်း အထင်းသား ။
စာရေးဆရာကြီး သော်တာဆွေ ဆိုပြီး ပရိသတ် က သိပ် စိတ်ဝင်စားကြတာ ကလား ။ ဘရန်ဒီ တစ်ပုလင်း က စလို့ ၊ သူ့ရဲ့ ဟာသစာပေတွေ အကြောင်း ကြား ရဖို့ အားခဲမျှော်လင့် နေကြတာ ။ သူ့ တပည့်ကြီး ဦးဝင်းတင် ( မောင်သန္တာ ) ကလည်း ပရိတ်သတ် မျှော်လင့် စောင့်စားနေကြတဲ့ အဲဒီ အကြောင်းတွေ ပြောဖို့ အဘိယာစက ပြု ထား ပါသေးတယ် ။
ဘယ် ဟုတ်လိမ့်မလဲ ၊ တိုက်ပုံ အနက်ကြီး ဝတ်ပြီး စင်ပေါ် တက် လာ ကတည်း က ဟောလိုက် ပြောလိုက် တာ ။ သူ ဆိုဗီယက် ရုရှား သွားရတဲ့ အကြောင်း ။ ဟိုမှာ ကြုံခဲ့ရပုံတွေ အကြောင်း ။ လေသံ က လည်း ဗလုံးဗထွေး နဲ့ ငေါက်သံလိုလို ( တကယ်တော့ ငေါက်တာ မဟုတ်ပါ ) ။ မျက်နှာ ကြီး က လည်း မပြုံး မရယ် ။ ဟောပြောတဲ့ အကြောင်းအရာ ကလည်း စိတ်ဝင်စားစရာ ( အလွန် ) မကောင်း ။
ပရိသတ် က အစပိုင်း မှာတော့ သော်တာဆွေ ဆီ က ဘာ ကြားရမလဲ လို့ နား စွင့် ကြ ပါသေးတယ် ။ တဖြည်းဖြည်း နဲ့ ပျင်းစရာ ကောင်းလာတော့ လှုပ်လှုပ်ရွရွ ဖြစ် လာပါရော ။ ပွဲခင်း က မငြိမ်ဘူး ။ သူ ကလည်း ပရိသတ် ဘာဖြစ် နေနေ သူ ဟောချင်တာပဲ ဟော နေတာပါ ။ တစ်နာရီ လောက် ဟောပြော ပြီးတော့ ဘာမှ အမွမ်းအမံ မပါတဲ့ စကား နဲ့ နိဂုံးချုပ် ပြီး ဆင်း လာတာပါပဲ ။ လက်ခုပ်သံ ကတော့ ဟိန်းထွက် လာပါတယ် ။ ငြီးငွေ့ဖွယ် ဟောပြောချက်ကြီး ပြီး သွား လို့ စိတ်လက် ပေါ့ပါး သွားတဲ့ ပျော်ရွှင်သော လက်ခုပ်သံ ပါ ။ ( သူ့ အရှိန်အဝါ ကြောင့် တော်ပါတော့ဗျို့ ၊ ဆင်းပါတော့ဗျို့ လို့တော့ မကြား ရပါဘူး ၊ တခြား စာရေးဆရာ ဆိုရင် မုချအဲဒီလို အအော် ခံ ရမှာပါ ။ ) ဆင်းလာပြီး သူ့ နေရာ သူ ပြန်ထိုင်တော့လည်း သူ့ ဟောပြောချက် နဲ့ ထိရောက်မှု ၊ အကျိုးသက်ရောက်မှု နောက်ဆက်တွဲ ရလဒ် ဘာညာ ဘာမှ မစဉ်းစားတဲ့ ပုံစံ ။ ခပ်တည်တည် နဲ့ အေးအေးဆေးဆေး ပါပဲ ။
နောက် တစ်ကြိမ် သူ နဲ့ ဆုံခဲ့ရတာ ကတော့ ပေါင်းတည် ဟောပြောပွဲ ပါ ။ ပေါင်းတည် ဆိုတာ သူ့ ဒေသ ။ အတူပါတဲ့ သူတွေ က နန္ဒသိန်းဇံ ၊ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နဲ့ ကျွန်တော် ။ ( ဒီအကြောင်း ကို ရှေ့ပိုင်း မှာ ရေးခဲ့ပြီးပါပြီ ။ )
ဦးလေးဆွေ ဟာ တကယ့်ကို သူ့ စာ နဲ့ သူ နဲ့ လွတ်လပ်မှု နဲ့ တစ်ထပ်တည်း ကျတဲ့ စာရေးဆရာကြီးပါ ။
◾ချစ်ဦးညို
📖 ဆရာတို့ ကို သာ လွမ်း
#ကိုအောင်နိုင်ဦး
.