Saturday, May 20, 2023

မွေးစားသမီး ( ၁၂ )


 

အခန်း ( ၃ ) ကောင်းဇော်

ဟင်းရည် ထည့် ထားသော ချိုင့် ကို သတိ ထား ၍ ကိုင်ရမည် ဟု တွေးရင်း ခြံတံခါး ကို မြန်မြန် သော့ ခတ် ရသည် ။ ဒီနေ့ အုန်းနို့ ငါးဖယ်ဟင်း ကြောင့် နည်းနည်း လက် ဝင်ပြီး နေ့စဉ် ထမင်းပို့ချိန် ၏ မိနစ် အစိတ် ခန့် နောက်ကျ နေပြီ ဖြစ်သည် ။ ခြံတံခါး သော့ ခတ် ပြီး လှည့် အထွက် တွင် သူတို့ အိမ်ရှေ့ လမ်းကလေး ပေါ် မှ တစ်လမ်းတည်း သား မိန်းမကြီး နှစ်ယောက် က “ ထမင်း ပို့ လား ” ဟု ကေသီတာ့ ကို လှမ်း မေးကြသည် ။

“ ဟုတ်ကဲ့ အန်တီ ၊ ထမင်းပို့ ပါ ”

“ ဒီနေ့ နည်းနည်း နောက်ကျ သလား လို့ ”

“ ဟုတ်တယ် အန်တီ ရယ် ၊ လက်ဝင်တဲ့ ဟင်း ချက်မိလို့ ”

သုံးယောက်သား ရယ် လိုက်ကြပြီး လမ်းထိပ် ရောက်တော့ လမ်းကွဲ သွား ကြသည် ။

ကေသီတာ က ကားမှတ်တိုင် သို့ ခပ်သွက်သွက် လျှောက် ရင်း ၁၀ မိနစ် လောက် စောင့် လို့ မှ ကား မလာ လျှင် ကက ငှားဖို့ ဆုံးဖြတ် လိုက်သည် ။ နေ့လည်ခင်း လဲ ဖြစ် ၊ လူဆင်း လူတက် လည်း နည်းသော မှတ်တိုင် လည်း ဖြစ် သဖြင့် ကား စောင့် နေသူ က ကေသီတာ တစ်ယောက် တည်း သာ ရှိနေသည် ။

ကေသီတာ သည် မှတ်တိုင် မှ ကျောက်ထိုင်ခုံ ပေါ် တွင် ထမင်းချိုင့် ကို တင် ၍ ကားပေါ် အတက် တွင် ထမီ ခိုင်စေရန် လှည့် ၍ ပြင် အဝတ် တွင် ကားမှတ်တိုင် နောက်ဘက် ရှိ မြောင်း ထဲ တွင် ထို အရာ ကို တွေ့ရခြင်း ဖြစ်သည် ။ ယောက်ျား ကိုင် ခေါက်ပိုက်ဆံအိတ် တစ်အိတ် သည် ပွင့်ဟ လျှက် ခပ်စောင်းစောင်း ရှိ နေပြီး အညို ဖြစ်သည် ။ နံဘေး မှာ ကြက်သွေးရောင် စာအုပ် တစ်အုပ် ၊ မှတ်ပုံတင် ဟု ထင်ရသော အရာတစ်ခု ၊ နောက်ထပ် စာအုပ်လေး တစ်အုပ် နှင့် စာရွက်ခေါက်ကလေးများ  .. ။

ဆောင်းရာသီ ဖြစ် သဖြင့် ရေခန်း ၍ ဗွက်ထ နေသော ရေမြောင်း ထဲ တွင် နစ်နေခြင်း ဖြစ်သည် ။ မြောင်းနှုတ်ခမ်း မှာ အမည် မသိသော ရေကြိုက်ပင်တွေ ပေါက် နေကြ၏ ။

ပတ်ဝန်းကျင်ကို  ကြည့်တော့ လည်း လူ က မရှိ ။ မြောင်းနား အသေအချာ တိုးကပ် ကြည့်သောအခါ မှတ်ပုံတင် မှန်း သေချာ သဖြင့် ကေသီတာ ဘယ်လို လုပ်ရမလဲ စဉ်းစားသည် ။ ကူညီ ချင်လျှင် မြောင်းစပ် သို့ တိုးကပ် ၍ ကောက်ယူ ရုံ မှ တစ်ပါး အခြားမရှိပြီ ။

ကေသီတာ မြောင်းအစပ် သို့ အရဲ စွန့်ပြီး ဆင်း လိုက်သည် ။ သူ့ ဘယ်ခြေထောက် သည် ဇိကနဲ မြေကြီး ခြောက် ဟန် ဆောင်ထားသော ရွှံ့ဗွက် ထဲ သို့ တိုးဝင် သွားသည် ။

ကေ လက်လှမ်း လိုက်တော့ မှတ်ပုံတင် ကို ရသည် ။ စာအုပ်ကလေး ကို လှမ်း နေတုန်း ကိုရွှေကား က လာ နေသည် ။ မြုပ် နေသည့် ခြေထောက် က ပြန် နှုတ်လို့ မရတော့ ။ ရ ဦးတော့ ခြေထောက် မှာ  ရွှံ့တွေ နှင့် သူ့ ကို တင်မည် မထင် ။

ရှေ့  ရွှံ့မြောင်း ထဲ သို့ ကိုယ်ကို လဲကျ မသွားစေရန် အတော် ကြိုးစား ထိန်းကာ တွေ့သမျှ အားလုံး ကို ကေသီတာ ကောက်ပြီး ပြန် တက် လာတော့ ခြေထောက် နှစ်ဖက် စလုံး ဗွက်တွေ ပေ နေပြီ ဖြစ်သည် ။ အိမ် ကို တစ်ခေါက် ပြန် ၍ ရေ ဆေး ရုံ မှ လွဲ ဘာမျှ မတတ်နိုင်တော့ ။

ထမင်းချိုင့် ကို ဆွဲ ထမီ ကို ဆွဲကာ ခြေထောက် မှာ ဗွက်တွေ နှင့် သူ့ ကို လူတွေ က ဝိုင်း ကြည့်ကြသည် ။ သူမ ဘာမျှ ရှင်းပြ မနေတော့ ၊ ခြေထောက် ရေ ဆေး ရင်း ဖိနပ် လဲ ရင်း နှင့် မှ ဖတ် ကြည့်တော့ တစ်ခု က နိုင်ငံသား စိစစ်ရေးကဒ်ပြား ။

မောင်ကောင်းဇော်
၄ - ၈ - ၁၉၈၅
ဗမာ
ဗုဒ္ဓ  .. တဲ့ ။

နောက် ကြက်သွေးရောင် စာအုပ်ကလေး ကို ကြည့်တော့ passport စာအုပ်ကလေး ဖြစ်သည် ။ သက်တမ်း တစ်ကြိမ် သာ တိုးရ သေး၏ ။ လိပ်စာ နှစ်ခုကို ကြည့် တော့ မတူ ။ passport ထဲ မှာ ပါသည့် လိပ်စာ ပေါ် မှာ ထိုး ထားသည့် လက်မှတ် နှင့် နေ့စွဲ က၂၀၀၇ မို့ ထို လိပ်စာက အမှန် ဖြစ်ပုံ ရလိမ့်မည် ။ သိမ်ကြီးဈေး သို့ သွား နေသော ကားလေး ပေါ် တွင် ကေသီတာ တွေးရင်း ပါ လာသည် ။ သူ ဘာလုပ်ရရင် ကောင်းမလဲ ။ ရီလေး တော့ ခုလောက် ဆို ဆာ လို့ မဖြူတို့ ဆိုင် ကပဲ ထမင်း ဝယ် စား နေပြီလားမသိ ။

မေမေကြီး လွန်ခဲ့သည့် ( ၂ ) နှစ် က ဆုံးသည် ။

မေမေကြီး ဆုံးပြီး တစ်နှစ် အကြာ မှာ အောင် က အရင် အိမ်ထောင် ကျ သွားသည် ။ အောင် သည် မောင့် ဆီ ကို လာ နေသော မောင့် သူငယ်ချင်း ဆရာဝန်ကလေး နှင့် အိမ်ထောင် ကျ သွားသည် ။ ဟို တစ်ဖက် က လည်း ပြည့်စုံသူတွေ မို့ အောင့် ကို သမီးလေး တစ်ယောက် လိုပဲ ခေါ်သွား ချင်ကြသည် ။ ထို့အပြင် မောင် က လည်း ဆ/မ လိုင်စင် အတွက် နယ် သို့ ( ၂ ) နှစ် သွား ပြီးလျှင် ရန်ကုန် သို့ ပြန် ရရန် ခဲယဉ်း သဖြင့် မထူးတော့ပြီ ဟု သဘော ထား ကာ လက်ထပ်ရန် ဆုံးဖြတ် လိုက်သော အခါ သူတို့ နေခဲ့သော အိမ်ကြီး ကိစ္စ ကို ရှေ့နေ ဦးဝေမင်းဆန်း နှင့် တိုင်ပင် ၍ အားလုံး သဘော တူ သော ဈေး နှင့် ရောင်းချ လိုက်ကာ ဘဏ်ငွေများ ၊ စုဆောင်းပစ္စည်းများ ၊ လက်ဝတ်လက်စား အားလုံးတို့ ကို ရှေ့နေ နှင့် သက်သေများ ရှေ့ တွင် မေမေကြီး ၏ ဆန္ဒ အတိုင်း ခွဲဝေ ကြသည် ။

ဤတွင် ကေသီတာ က သိမ်ကြီဈေး မှ မေမေကြီး တစ်သက်လုံး ရောင်းချ နေခဲ့သော ၊ မိတ် လည်း ရှိနေပြီ ဖြစ်သော ငါးခြောက် နှင့် လက်ဖက်ကုန်စုံဆိုင် ကို ငွေ နှိမ် ယူရာ ၊ ရီလေး ကလည်း ကေသီတာ နှင့် ပင် အတူ နေမည် ဆို သဖြင့် ရီလေး က ပါ ငွေ တစ်ဝက် စိုက် ပါသည် ။ အောင် နှင့် မောင် က လည်း အခြေအနေ အရ သူတို့ ဆက် မထိန်းနိုင်တော့သော ဆိုင် ကို သူစိမ်း လက်ထဲ အပ်ရမည့် အစား ကိုယ့် ချင်းချင်း ပေးရ သဖြင့် ဝမ်းသာအားရပင် ငွေ အလိုက် အထိုက် နှင့် ကျေနပ် လိုက်ကြသည် ။

ထို့ကြောင့် ကေသီတာ နှင့် ရီလေး တို့ နှစ်ယောက် သည် ရန်ကုန်မြို့ အစွန် ရပ်ကွက်ကလေး တစ်ခု ပေ ( ၈၀ ) မြေ တစ်ကွက် ဝယ်ပြီး အိမ်ဆောက် ၍ နှစ်ယောက်သား အတူ နေလာ ကြသည်မှာ တစ်နှစ် နီးပါးပင် ရှိပြီ ဖြစ်သည် ။

ဆိုင် ကို ရောက်တော့ ရီလေး မှာ ထမင်း ဝယ်မစားပဲ ကေ့ ကို စောင့်နေသည် ကို တွေ့ရသည် ။

“ မမကြီး တစ်ခု ခု ကြောင့် ကြာ နေတာ ၊ လာ ကို လာမှာ လို့ ရီရီ က ကိန်းသေ တွက် ထားတာ ၊ ဘာဖြစ်လို့ ဝယ်စားရ မှာလဲ ၊ နေဦး .. ထမင်း စား ပြီး မှ ရီလေး ကို ဗိုက်ဆာအောင် လုပ်တဲ့ ငနဲ သေချာ ကို ကြည့်ရဦးမယ် ”

ရီလေး သည် သူ ချက် လာသော အုန်းနို့ ငါးဖယ်ဟင်း ကို ထမင်း နှင့် အားရပါးရ စားရင်း က ပြော နေသည် ။ ရီလေး ထမင်း စားတုန်း ကေ က ဈေးရောင်း ပေး ရသည် ။ ညနေ ဈေးသိမ်း တော့ ညီအစ်မ နှစ်ယောက် အတူတူ ပြန်ကြသည် ။ အပူပင်ဆို ဘာမျှ မရှိ ။ ရီလေး က ထမင်း စားပြီး လက်ဖက်ရည် တစ်ခွက် ကို သောက်ရင်း ပိုက်ဆံအိတ် ကို ဖွင့် ကြည့်သည် ။

“ အံမယ် .. နာမည် က ကောင်းဇော် ဆိုပါလား ၊ ပိုက်ဆံအိတ် ထဲ မှာ တစ်ပြား မှ ပါ မလာပုံ ထောက်တော့ ဧကန္တ ခါးပိုက်နှိုက် နဲ့ တွေ့ပြီး ဟိုက သူတို့ သုံး မရတာတွေ လွှင့်ပစ် သွားတာ နေမှာပေါ့ ၊ ဟော .. ဒါက ဘာလဲ ၊ ကာလာ နဲ့ ကြောင်လျှာသီးတွေ ဘာတွေ နဲ့ ဆိုတော့ ရုပ်တော့ ဖြောင့်သားပဲ ၊ ဟင်း .. မမကြီး တို့ ကတော့ လုပ်ပြန်ပြီပေါ့လေ ”

ရီလေး က passport ကို လက်ဖဝါး နှင့် တဖတ်ဖတ် ရိုက်ရင်း ဆိုသည် ။

“ တော်စမ်းပါ ရီလေး ရယ် .. အဲဒါက အရေးကြီးတယ် ၊ နိုင်ငံခြား သွားဖို့ လုပ်ထားတဲ့ လက်မှတ် ရီလေး ရဲ့ ”

“ လာပြန်ပြီလား .. နိုင်ငံခြား တစ်ယောက် ”

“ မမ နဲ့ ဘာဆိုင်လို့လဲ ရီလေး ရဲ့ ၊ မနေနိုင် မထိုင်နိုင် ကောက်မိတာတော့ ဝန်ခံပါရဲ့ ၊ ကောက်မိပြီး တော့ အကြောင်း ကို သိတော့ ပို ဆိုးတာပေါ့ ၊ အဲဒီ လက်မှတ် မရှိရင်သူ တော်တော် ဒုက္ခ ရောက်မှာ .. ပြန် ပေးဖို့ သင့်တာတော့ အမှန်ပဲ ”

“ ဒါကတော့ ပေးရမှာပေါ့ ၊ ကိုယ့် ဆီ ထားလို့ ဘာမှ အကျိုး မရှိတာ ”

“ ဟုတ်တယ် .. အဲဒါ ပြန် လည်း ပေးချင်တယ် ၊ ပတ်လည်း မပတ်သက်ချင်ဘူး ၊ ဘယ်လို လုပ်ရင် ကောင်း မလဲ  ”

ရီလေး က နှုတ်ခမ်း ကို ဆွဲဆန့်ပြီး မဲ့ ၍ ကေသီတာ့ကို မေး ထိုးသည် ။ ပြီးတော့ passport ကိုင် ပြီး နားထင် ကို ဖတ်ဖတ် ရိုက်ရင်း အကြံထုတ် နေပြန်သည် ။

“ လိပ်စာ က ရန်ကင်း ဆိုတော့ အဝေးကြီး တော့ မဟုတ်ဘူး မမကြီး ရဲ့ ၊ ဒီတော့ ရန်ကင်း ကို သွားပြီးတော့  .. ဟာ ရှုပ်ပါတယ် ၊ ကိုယ် က ကြားက ပင်ပန်း ဦးမယ် ၊ မတွေ့ရင် ဘာညာ က လာ ဦးမယ် .. ”

ကေ က ရီလေး ပြော နေတာတွေ ကို နားထောင် မနေတော့ပဲ ဝယ်သူ ပါး တုန်း မနေ့က ရောက်သည့် ငါးမြွှေထိုးခြောက်တွေ ခြောက်လွန်း သဖြင့် ရေ တောက် ပေး နေလိုက်သည် ။

“ ဟာ .. အကြံ ရပြီ မမကြီး ၊ ဒီလို လုပ် ၊ ရပ်ကွက်ရုံးခန်း ကို ညနေဘက် ကျ ရင် သွား ပေး လိုက်မယ် ၊ ကျွန်မ တို့ မြောင်း ထဲ က ကောက်ရတယ် ပေါ့ ၊ အဲဒါ ဥက္ကဌကြီး တို့ က တစ်ဆင့် လိပ်စာ အတိုင်း ပို့ပေးပါ ပေါ့ ၊ မကောင်းဘူးလား ၊ ကိုယ် နဲ့ လည်း မပတ်သက်တော့ဘူး ၊ အေးရော .. ”

“ အေး .. ကောင်းတယ် ၊ ရီလေး .. ငါ့ ညီမလေး က အဲဒါတွေ အားကိုး နေ ရတာ ”

ရီလေး က သူ့ ကို လှည့် မကြည့်ပဲ ငါးခြောက်တွေ ကို ရေတောက် နေရင်း ကျောပေး ပြောနေသော ကေ့ ကို နောက်ဘက်မှ ပြောင်ပြ လိုက်သည် ။ ပြီးတော့ pass port စာအုပ် ထဲ က ကောင်းဇော် ဆိုသူ ၏ ခပ်တည်တည်ပုံ ကို ကြည့် မဲ့ လိုက်၏ ။

ထိုနေ့ သည် ဥပုသ်နေ့ ဖြစ် သဖြင့် ကေသီတာ တို့ ညီအစ်မ နှစ်ယောက် မြန်မာစာတန်းထိုး ကိုရီးယားတစ်ခွေ ၊ လက်ဖက်သုပ် ၊ ရေနွေးကြမ်း နှင့် နေ့ခင်းဘက် ငြိမ့် နေ ကြသည် ။ အရေးထဲ ကိုရီးယား ဇာတ်လမ်း က မကေ လို စေ့စပ်ဖို့ အတွက် ကောင်လေး က အလုပ် ရှာသော ဇာတ်လမ်း ဖြစ်နေ၏ ။ ထိုး နေသော မြန်မာစာသားတွေ က ကေ့ အတွက် အနှောင့်အသွား မလွတ်တာတွေ ဖြစ်နေ သဖြင့် ရီလေး က  ...

“ အခွေ လဲ လိုက်မယ် ၊ မမကြီး ရာ .. ၊ ကားကြီး က ဘာ ကားကြီး မှန်းမသိဘူး ၊ အာဖျံကွီး ပဲ ၊ ဒီမှာ “ တံတိုင်းနီ နှင့် တိုက်ပွဲ  ” တဲ့ ၊ ဖိုက် တာ တွေ ပါမယ် ထင်တယ် ၊ ရှေးကားကြီး မမကြီးရဲ့ ၊ ကိုရီးယား ကို ရှေးအဝတ်စား နဲ့ ပိုကြိုက်တယ် ”

ရီလေးက သူ့ ဘာသာ သူ ပြောပြီး သူ့ ဘာသာ ခွေ လဲသည် ။ ထိုစဉ်မှာပင် “ အစ်မတို့ .. အစ်မတို့ ” ဟူသော ခေါ်သံ ခြံ အပြင်ဘက် မှ ကြားရ သဖြင့် ကေ ထ ကြည့်တော့ တံခါးဝ မှာ လူ လေးငါးယောက် ကို တွေ့ရသည် ။

“ ဘာကိစ္စလဲ မသိဘူး ရှင့် ”

“ သြော် .. အစ်မ ရုံးခန်း ကို လာပို့ သွားတဲ့ မှတ်ပုံတင် နဲ့ pass port လေ ၊ အဲဒါ ပိုင်ရှင်က ပြန်ရပြီး အစ်မ ကို တွေ့ချင်တယ် ဆိုလို့ လိုက်ပို့ တာ ”

ထိုအချိန် တွင် ရီလေး လည်း နောက်မှ ရောက်လာ သဖြင့် ရီလေး က “ ပြေးလို့ မလွတ်ပါလား ” ဟု ခပ်တိုးတိုး ပြောရင်း အိမ် ထဲ မှ ထွက် ၍ အိမ်ရှေ့တံခါး ကို ဖွင့်ပေး သည် ။ ကေ က အိမ်ထဲ ပြန် ဝင်သည် ။

“ ကောက်ရတဲ့ လူ က သူ ပါ ၊ ကျွန်မ ရဲ့ မမ ”

“ ကျေးဇူး တင်လိုက်တာ သမီး ရယ် ၊ အန်တီ့ သားကလေး က အဲဒီ Pass port ပျောက် ရင်တော့ အသေအချာ ကို ဒုက္ခ ရောက် မှာ ၊ သား က လုံးချင်း အိမ်ယာတွေ ဆောက်တဲ့ လုပ်ငန်းမှာ ဝရိန်ဆရာ လေ ၊ သား ရဲ့ဆရာ က အခု ဂျပန် ကို သွားနှင့် ပြီ ၊ သူ့ဆရာ နဲ့ သူ ဒီ passport ကို အတူ လုပ်တာလေ ၊ သူ့ဆရာ က ဒီ pass port နံပတ် ကိုမှတ်သွားတာ ၊ ခေါ်ရင် သူ က အဲဒီ နံပတ် နဲ့ ပဲ ခေါ် မှာ မို့ ပျောက်သွားတော့ ဒေါင်းတောက် သွားတာပဲ သမီး ရယ် ၊ ကျေးဇူးပါ ပဲ ”

မေမေကြီး တို့ အရွယ်လောက် ရှိမည့် မိန်းမကြီး တစ်ယောက် က လက် ကို စုံကိုင် လှုပ်ရမ်း ရင်း ဝမ်းသာ အားရ ပြော နေသည် ။ ကေ က လည်း သူ ကောက်ရသည့် အဖြစ်ကို အကျဉ်းချုံး ၍ ပြောပြ လိုက်သည် ။

“ အိမ် ကို လာ ပေးတော့ အရမ်း ဝမ်းသာ သွား ကြ တာပေါ့ ၊ ဒါ နဲ့ လာပေးတဲ့ ကလေးတွေ ကို ကျေးဇူး တင်တာ နဲ့ မုန့်ဖိုး ပေးပါတယ် ၊ သူတို့ က မယူပဲ ငြင်းတယ် ၊ သူတို့ ကောက်ရတာ မဟုတ်ဘူး ဆိုပြီးပြောပြတော့ မှ သမီးတို့ မှန်း သိရတာ ၊ သူတို့ ကို လည်း မုန့်ဖိုး အတင်း ပေးရတာပေါ့ ၊ ဟဲ့ .. သား မောင်ကောင်း ပေး လိုက်လေ ”

အဲဒီတော့မှ အားနာ နေသော မျက်နှာ နှင့် ဓာတ်ပုံ ထဲ က လူသည် သူ ဆွဲလာသော ကျွတ်ကျွတ်အိတ် နှစ်လုံး ကို လှမ်း ၍ ကမ်းပေးသည် ။

“ ဟာ .. မလုပ်ပါနဲ့ ၊ ကျွန်မ တို့ မယူပါရစေနဲ့ ၊ ဒါ .. ဒီလိုပဲ ပို့ပေးလိုက်တာပါ ၊ မယူပါရစေနဲ့ ”

“ မလုပ်ပါနဲ့ အစ်မ ရယ် ၊ ကျွန်တော် ဒီဟာ သာ ပျောက် ရင် တစ်ကယ့် ကို ဒုက္ခ မို့ ၃ ရက် လောက် အိပ်လို့ ကို မရတာ ၊ ဘယ်လောက်ထိ လဲ ဆို အိပ်မရတဲ့ အဆုံး ညကြီးသန်းခေါင် ၂ နာရီ လောက် ထပြီး ဓာတ်မီး တစ်လက် နဲ့ အိမ်ကနေ ကားမှတ်တိုင် ထိ ပြန်ရှာတာ .. တစ်နေ့ခင်း လုံး တစ်ညနေ လုံး ရှာပြီးသား ကို စိတ်ထဲ မှာ နေလို့ မရလို့ ပြန်ရှာ မိတာပါ ၊ ပြန် ရတော့ ကျွန်တော် ဘယ်လောက် ဝမ်းသာ လိုက်မလဲ ဆိုတာ အစ်မ ပဲ စဉ်းစားကြည့်ပါတော့ ၊ ဒီတော့ ဒီ မုန့် ကို လက်ခံပါ အစ်မရယ် .. ယူပါ ”

ရိုးသားပုံ ရသော ဟန်ပန် ၊ မျက်လုံး နှင့် စကား အသုံးနှုန်း တို့ ကို ကေသီတာ သတိထား မိသည် ။ သူ က လက်ထဲက အထုပ် ကို ကေသီတာ့ ထံ အတင်း ထိုး ပေး နေသည် ။ ကေသီတာ တို့ ကြား မှ သူ့ မိခင် ဖြစ်ဟန်တူသော အန်တီကြီး က ထို သူ့ လက် ထဲ မှ အထုပ် တစ်ထုပ် ကို ကေသီတာ့ ဘက် ထိုးပေး ပြီး နောက် နောက် တစ်ထုပ် ကို ရီလေး ထံ သို့ အတင်း ထိုးပေးသည် ။

“ အမယ်လေး  .. မယူပါရစေနဲ့ ၊ ကောက်ရတာ မမကေ တစ်ယောက်တည်း ပါ ၊ ဒီက မပါပါဘူး ”

“ လာပေးတာ အစ်မ နှစ်ယောက် ဆိုလို့ နှစ်ယောက် စာ ဝယ်လာတာပါ ခင်ဗျာ ယူပါ ”

ရီလေး လည်း ငြင်းမရ သဖြင့် ယူ လိုက် ရသည် ။ မတ်တပ်ကြီး တွေ ဖြစ်နေ သဖြင့် ကေ က နေရာပေး ၍ ရီလေး က လက်ဖက်သုပ် သုပ်သည် ။ ထိုင်မိကြတော့ ကိုယ့် မိခင် အရွယ် မိန်းမကြီး တစ်ဦး လည်း ပါ သဖြင့် မေးမြန်း စုံစမ်းသော အကြောင်းတွေ ကို ကေ က အကျဉ်းချူပ် သာ ဖြေဆို ခဲ့သည် ။

“ ညီ အစ်မ နှစ်ယောက်တည်း ဆိုတော့ ကောင်းတာပေါ့ ၊ အန်တီ လည်း သားအမိ နှစ်ယောက် တည်းပဲ ၊ အန်တီ က အထက်တန်းကျောင်း ဆရာမ က နေ ပင်စင် ယူ လိုက်တာပါ ၊ သားလေး က ဝါယာရိန်း နဲ့ YIT ပြီးတာလေ ၊ အခုလည်း အဆောက်ဦးတွေ ကန်ထရိုက်တိုက်တွေ မှာ မီးဆင်တဲ့ အလုပ် ပဲ လုပ် နေတာ ”

“ သြော် .. ကောင်းသားပဲ  ”

“ သမီးတို့ အရောင်းအဝယ်တွေ ရော ”

“ အရောင်း အဝယ် က တော့ ဒီလိုပါပဲ အန်တီ ရယ် ၊ သူ့ ရာသီ အလိုက်ပေါ့ ၊ ကျွန်မတို့ ဘိုးစဉ် ဘောင်ဆက် အလုပ် လို ဖြစ်နေတော့ မိတ်ရှိပြီးသား မို့ မဆိုးပါဘူး ၊ ဆိုပါတော့ အန်တီ ”

ကောင်းဇော် ဆိုသူ က တော်တော် စကား နည်းပုံ ရသည် ။ ဧည့်ခန်းမှာ ချိတ် ထားသော ဘွဲ့ယူ ဝတ်စုံ ဖြင့် ရိုက်ထားသော ပုံ ကို ငေး ၍နေသည် ။ လက်ဖက်သုပ် ရောက်လာတော့ ဧည့်ခံရ ပြန်သည် ။

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ သမီး ရယ် ၊ ဒါ ကံပါလို့ ဆုံကြရတယ် လို့ ပဲ သဘောထားပါတော့ ၊ အန်တီ သိမ်ကြီးဈေး ဘက် ရောက်တဲ့ အခါလည်း သမီးတို့ ဆိုင် ကို ဝင်ခဲ့ပါ ဦးမယ် ”

“ ဟုတ်ကဲ့ ၊ ကျွန်မတို့ က တစ်ယောက် တစ်လှည့် စီ ရောင်းကြတာ ဆိုတော့ တစ်ယောက် မရှိ ၊ တစ်ယောက် တော့ ရှိပါတယ် ”

“ အို .. ရပါတယ် .. ဘယ်သူပဲ ရှိရှိပေါ့ ၊ သိနေကြပြီပဲ ဟာ .. မဟုတ်ဘူးလား ”

ဘာမှ မဟုတ်ပါပဲ ရယ်မော ဖြစ်ကြသည် ။ ထို အန်တီနာမည်က ဒေါ်စောမြိုင် ဟု ခေါ်သည် ။ “ ကျောင်းသားတွေ က တော့ တီချယ်မြိုင် လို့ ခေါ်ကြတယ် ” ဟု အန်တီကြီး က ရယ်မောရင်း ဆိုသည် ။ လုပ်သက်ရင့် ကျောင်းဆရာမကြီး တစ်ယောက် မို့ လို့ လားတော့ မသိ ။ စကား ပြော အလွန် ကောင်းသည် ။ လက်ဟန် ခြေဟန် နှင့် ဆိုတော့ အန်တီမြိုင့် စကားတွေ က နားထောင် ရတာ မျက်စိ ထဲ တန်း မြင်သည် ။ ပြန်ကာနီး တော့ မှ ကေ့ ကိုတစ်ချက် စိုက်ကြည့်ရင်း ကောင်းဇော် က ဆိုသည် ..

“ ကျွန်တော် တစ်ခု တော့ တောင်းဆိုပါရစေဗျာ ”

“ ဟုတ်ကဲ့ရှင့် .. ပြောပါ  ”

“ ကျွန်တော် pass port ပျောက် တာ သတင်းစာ နှစ်စောင် စလုံးမှာ ကြော်ငြာ ထည့်ခဲ့ပါတယ် ၊ တွေ့လျှင် ထိုက်တန်စွာ ကျေးဇူးဆပ်မည် လို့ လည်း ပါပါတယ် ၊ ဒီတော့ အခု လက်ဆောင် က ဘာမှ မဟုတ်ပါဘူးဗျာ ၊ ကျွန်တော် ဒီက ညီမနှစ်ယောက် ကို အိမ် မှာ ထမင်းဖိတ် ကျွေးပါရစေဗျာ ၊ အဲဒါလေး တစ်ခုတော့ ခွင့်ပြုပေးပါ ”

“ မလုပ်ပါနဲ့ရှင် ၊ တစ်ခြား ကြောင့် တော့ မဟုတ်ပါဘူး ၊ ကျွန်မတို့ မှာ က ညီအစ်မ နှစ်ယောက် တည်း ဆိုတော့ ဈေးဆိုင် တစ်ဖက်နဲ့ မအားကြလို့ပါ ရှင် ”

“ အို .. သမီးတို့ က လည်း အခုလို ဈေးပိတ်တဲ့ ဥပုသ်နေ့ တစ်နေ့ နေ့ပေါ့ ၊ သမီးရဲ့ ၊ သမီးတို့ က ကျေးဇူးရှင် ဖြစ်သွားတော့ အန်တီတို့ မှာ ကျေးဇူးကြီး တင် နေတယ် ၊ ဝမ်းမြောက်ဝမ်းသာ ဆပ်ပါရစေ .. သမီးတို့ မငြင်းပါ နဲ့ ”

“ အန်တီရယ် .. အန်တီတို့ အခုလို လက်ဆောင်တွေ ပေးတာနဲ့ တင် သမီးတို့ က ကျေနပ်ပါပြီ ၊ အန်တီ တို့ လည်း ကျေနပ် လိုက်ကြ ပါတော့ နော် ”

အန်တီမြိုင် သည် ကေ့ စကားကြောင့် ငိုင် သွားသည် ။ စိတ်မကောင်း ဖြစ်သွားပုံ လည်း ရသည် ။ တွေ့ ကတည်း က ပြုံး ၍ နေသော အန်တီမြိုင့် မျက်နှာ မှာ အပြုံး က ပျောက် ၍ သွားသည် ။ ပြီးတော့ သက်ပြင်း ကို ချသည် ။ မျက်မှန် ကို ချွတ်ပြီး သုတ်ရင်း ခေါင်း ကို ညိတ်ကာ ပုံမှန် လေသံ ဖြင့် ဆိုသည် ။

“ အန်တီရော .. အန်တီ့ သားပါ စိတ်ဆင်းရဲမှုကြီး တစ်ခု ကနေ လွတ်သွားအောင် ကူညီ ပေးခဲ့တဲ့ သမီး တို့ ကို အန်တီ က ကျေးဇူး တင်လို့ ကျွေးချင် တာပါ ကွယ် ၊ သမီး ပြောတဲ့ ပုံစံက အန်တီတို့ နဲ့ ဆက် မပတ်သက်ချင်တော့တဲ့ သဘောများ  .. ”

“ အာ .. အဲဒီလိုတော့ မဟုတ်ပါဘူး ၊ အန်တီ မဟုတ်ပါဘူး ၊ အခု အန်တီတို့ ပေးတဲ့ လက်ဆောင် နဲ့ သမီးတို့ က ကျေနပ်ပါတယ် လို့ ပြောချင်တာပါ ”

အန်တီမြိုင် က ပြုံး ၍ ခေါင်း ကို သာ ခါ နေသည် ။

“ ကျွန်တော် တစ်ခု တော့ ပြောပါရစေဦး ခင်ဗျာ ၊ ဒီ ရပ်ကွက်က ကလေးတွေ လာ ပေး လို့ အဖြစ်မှန် သိရတော့ မေမေ နဲ့ ကျွန်တော် လည်း ချက်ချင်း ထွက်လိုက် လာကြရင်း နဲ့ လမ်းမှာ တွေ့တဲ့ ဆိုင် က ကောင်းမယ် ထင်တာတွေ လျှောက် ဝယ်လာတဲ့ လက်ဆောင်မျိုး ဖြစ်နေလို့ ပါ ၊ တစ်ခုခု အခက်ခဲ မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ဖိတ်တာ လက်ခံ ပေးပါ ဗျာ ”

တောင်းတောင်းပန်ပန် စကားများကြောင့် ကေသီတာ ငြင်းရ ခက်သွားသည် ။

ရီလေး အကြံ အတိုင်း ရပ်ကွက်ရုံး မှ တဆင့် ပို့ မိတာ မှားသည်ဟု သူ့ ကိုယ် သူ အပြစ် တင် နေ မိသည် ။ အမှန်ဆို သူ့ လိပ်စာ တပ်ပြီး ကိုယ့် လိပ်စာ မတပ်ပဲ စာတိုက် ကနေ တစ်ဆင့် ထည့် ပေး လိုက်ဖို့ ကောင်းသည် ။ ကေသီတာ သည် ယောက်ျားလေးတွေ ကို အကြောင်း တစ်စုံတစ်ရာ နှင့် ဆုံတွေ့ရမှာ ကို လန့် နေသည် ။ ထို့ကြောင့် တတ်နိုင်သမျှ ဖြတ်ချင် ၍ ငြင်း နေသည် ဆိုသော အန်တီမြိုင် ၏ စကား မှန် သော်လည်း ထိုအချက် သည် သူတို့နှင့် ဘာမျှ မဆိုင်သော မိမိ ကိုယ်ရေး ကိုယ်တာ မို့ မဟုတ်ဘူး ပြန် ငြင်းနေရခြင်း ဖြစ်သည် ။ အခုလည်း ဘယ်လို ငြင်းရမယ် မှန်း မသိ ဖြစ် နေသည် ။

“ သမီးတို့ က ငြင်းနေဦးမယ် ဆိုရင်တော့ အန်တီ က ထမင်းတွေ ဟင်းတွေ ချက်ပြီး ဆိုင် ကို လာ ပို့ ရမလို ဖြစ်နေရပြီ ”

“ အာ .. အဲဒီလိုတော့ မလုပ်ပါ နဲ့ အန်တီရယ် ၊ သမီးတို့ အခု လာမယ့် ဥပုသ် ဈေးပိတ်ရက် မှာ လာခဲ့ပါ့မယ် ”

“ ဝမ်းသာလိုက်တာ သမီး ရယ် ”

ထို့နောက် ထွေရာ လေးပါး စကားတေွ ပြောကြရင်း ညနေစောင်း လောက် မှ သားအမိ နှစ်ယောက် သား ကတိ အကြိမ်ကြိမ် တောင်း ၍ ပြန်သွားကြလေသည် ။ ဒေါ်စောမြိုင် တို့ မြင်ကွင်းမှ ပျောက်သွားသည် နှင့် ရီလေး က ပြုံးစစ နှင့် ဆိုသည် ။

“ မျက်လုံး မှာ လမ်းကြောင်း တွေ ရှိတယ်နော် .. တို့ကတော့ အဲဒီ လမ်းကြောင်းတွေ က နေ လွတ်တယ် ၊ မမကေ တို့ က တော့ .. ”

“ တော်ပြီ  .. ရီလေး ၊ တိတ်လိုက်တော့ ဖြစ်နိုင်ရင် မကေ သွား ကို မသွားချင်ဘူး ၊ မကေ ယောကျ်ားလေးတွေ ကို အကြောင်းအရာ တစ်ခုခု နဲ့ ဆုံရမှာ အရမ်းကြောက်တယ် ၊ မကေ မှာ က ဒဏ်ရာတွေ နဲ့ ၊ ရီလေး ကို မကေ အခု ကတည်း က သတိ ပေး ထားမယ် ၊ အခု လာမယ့် ဥပုသ်နေ့ ထမင်းစား သွားပြီးရင် သူတို့ နဲ့ ပတ်သက်ဖို့ ကိစ္စဆို ဘယ်ကိစ္စ ဖြစ်ဖြစ် တတ်နိုင်သလောက် ရှောင်ပါ ၊ စကားပြော ဆင်ခြင်ပါ ၊ မကေ ဘယ်သူနဲ့ မှ ထပ်ပြီး မပတ်သက်ချင်ဘူး ၊ ရီလေး .. အဲဒါ ကြို သတိပေးတာပဲ ”

“ မမကေ ရယ် .. ဥပါဒါန် ကြောင့် ဥပါဒ်တော့ မရောက်ပါစေနဲ့ပေါ့ ၊ မမ မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိရင် ပြီးပါတယ် ”

ကေသီတာ့ အာရုံ သည် အတိတ် သို့ ပြန် ရောက်သွား ပြန်သည် ။ ထိုနေရာ တွင် တစ်ချို့ အရိပ်တွေ က ရပ် ၍ တစ်ချို့က အသံတွေ သေဆုံး နေပြီး ကျန်အရာများ က မီးလောင်ကျွမ်း လျှက်ပင် ရှိနေသေးသည် ကို အလန့်တကြား မြင်လိုက် ရသည် ။

ထမင်းဝိုင်း မှာ ဟင်း က စုံလှသည် ။ ငါးသလောက်ပေါင်း ၊ ဝက်သားနီချက် ၊ဘဲသား နှင့် ကြံမဆိုင် ဟင်းချို ၊ ငံပြာရည်ချက် ၊ ဆိတ်ကလီစာ ၊ ပုစွန်ထုပ်ပြုတ်ကြော် ၊ငါးကြင်းကြော်နှပ် ၊ ပဲကြီး ဟင်းချို .. တို့စရာ က လည်း စုံလှသည် ။ အချက်အပြုတ် ကို ဝါသနာပါပြီး ကောင်းကောင်း လည်း ချက်တတ်သော ကေ သည် ထိုဟင်းများ အတွက် ဒီ သား အမိ နှစ်ယောက် ဘယ်လောက်ဗျာ များကြမည် ဆိုတာ ခန့်မှန်း မိသည့်အတွက် အတော်လေး အားနာ နေ မိသည် ။

ထမင်း စားပြီးတော့ အချိုပွဲ အတွက်က ဆနွင်းမကင်း ၊ ငှက်ပျောသီး မီးဖုတ်နွားနို့ဆမ်းနှင့် လိမ္မော်ရည် တို့ ဖြစ်သည် ။ ထမင်း စားပြီးသော်လည်း ကေ တို့ က ပန်းကန်တွေ ဝိုင်း သိမ်း ပေးကြရင်း ဝိုင်းဆေး ဝိုင်းသုတ် လုပ်ကြသည့် အခါကျမှ ဒေါ်စောမြိုင် သည် ကျောင်းဆရာမ ပီသစွာ  .. ပန်းကန်ခွက်ယောက် ၊ အိုး နှင့် ဆိုက်ဒ်စုံ စတီးလ် ယောင်းမများ ၊ ဇွန်းခက်ရင်း စီ ထားပုံ ၊ ဆိုဒ် အကြီးအငယ် လိုက် ဆင့် ၍ ထားသော အချိုပန်းကန်များ ၊ ဆေးပြီး သော ပန်းကန်တွေ ၊ ဇွန်းတွေ ၊ ယောင်းမတွေ အားလုံး ကို ရေနွေး နှင့် ထပ် ဆေးခြင်း စသည့် စံနစ်တကျ အိမ်မူ ကိစ္စ နိုင်နင်းခြင်း ကို နမူနာ ရ လိုက်သည် ။ ကေ လည်း မီးဖိုချောင် သန့် တာ ကို ကြိုက်ပါသည် ။

သို့သော် ဒေါ်စောမြိုင် ကို တော့ မမှီ ။ ကေ သည် သူ လိုအပ်နေတာ တွေ ကို နမူနာ ယူရင်း ဒေါ်စောမြိုင် ကို အတိုင်းတာ တစ်ခု ထိ တော့ လေးစား သွား မိသည် ။ သူ ကျောင်းဆရာမ ဘဝ တုန်း က သူ့ ကျောင်းသားတွေ ကို ဘယ်လောက်ထိ စည်းကမ်း ဦးစားပေးလိုက်မလဲ ဟု ကေသီတာ တွေး နေ မိ ပြန်သည် ။ ထမင်း စားပြီး ထွေရာလေးပါး ပြောဖြစ် ကြတော့ ကောင်းဇော် သည် စကား ကို သတိ ကြီးစွာ နှင့် လေးလေးစားစား ပြောတတ် သည် ကို တွေ့ရသည် ။ အန်တီမြိုင် ၏ ဆုံးမ မှု တစ်ခု ပင် ဖြစ်လိမ့်မည် ထင်သည် ။

“ သမီးတို့ အိမ် မှာ မီး တို့ ဘာတို့ နဲ့ ပတ်သက်တာ ရှိရင် ပြုပြင်စရာ ရှိရင် ပြောပေါ့ ၊ သား က ကူညီ ပေးနိုင်တာပဲဟာ ”

“ ကျွန်တော် မကေသီတာ တို့ အိမ် ရောက်တုန်းက အကျင့် ပါနေလို့ လား မသိဘူး ၊ ဝါယာကြိုးတွေ ကို ကြည့် မိတယ် ၊ လုပ်ထားတာ က တော့ မဆိုးပါဘူး ၊ ဒါပေမယ့် ရေခဲသေတ္တာ နဲ့ လျှပ်စစ်မီးဖို ကို လိုင်းတစ်လိုင်း သပ်သပ် ခွဲမထားဘူး ၊ မကေသီတာ တို့ မှာ က မီးအားမြှင့်စက် ရှိတော့ မီးပျက်တဲ့ အခါ ရေခဲသေတ္တာ နဲ့ လျှပ်စစ်မီးဖို ကို မပိတ်မိပဲ အင်ဗာတာ ကို ဖွင့် မိရင် ရေခဲသေတ္တာ ရော အင်ဗာတာပါ နှစ်ခု စလုံး လောင် သွားမှာပဲ ၊ လူ ရှိရင် တော်သေးတယ် ၊ လူ မရှိရင် ဝါယာ ရှော့ခ် က တစ်ဆင့် မီးလောင်တာ တွေ ပါ ဖြစ်တတ်တယ် ”

“ သား အားတဲ့ နေ့ သွား လုပ်ပေးလိုက်ပေါ့ ”

အန်တီမြိုင် က အေးဆေးစွာ ပင် ဆိုသည် ။

“ ဟာ .. နေပါစေ အန်တီ ၊ ကျွန်မ ဦးလေး က E.P.C ကပါ ၊ ဒီ မီးတွေလည်း သူ ပဲ ဆင်ပေးတာလေ ၊ မီးတေွ ဆင်ပြီး မှ အင်ဗာတာက ဝယ်တာ ဆိုတော့ သူက ခုနက ကိုကောင်းဇော် ပြောသလို ပြောပါတယ် ၊ သူ လာ လုပ် ပေးမယ် တဲ့ ၊ ကျွန်မတို့ က လည်း အိမ် မှာ ရှိခဲတော့ အပြင် ထွက်ပြီ ဆိုတာ နဲ့ အဝင်အထွက် မိန်းခလုတ် ကို တစ်ခါတည်း ချခဲ့တာပဲ ”

“ အဲဒါ မှန်တယ် ၊ လူ မရှိရင် ဒီနည်း က အကောင်းဆုံးပဲ  ”

“ ကျွန်မ ဦးလေး က သေသေချာချာ မှာ ထားလို့ပါ ၊ ဟို ကိစ္စ ကလ ည်း သူပဲ လုပ်ပေးပါ လိမ့်မယ် ၊ ကိုကောင်းဇော် လာ မနေပါနဲ့ ၊ ဒီ အပတ်ထဲ လိုင်းခွဲ ပေးမယ် လို့ တော့ပြောတယ် ”

ရီလေး သည် သူ့ မမကြီး ကေသီတာ ကို ငေးကြည့် နေသည် ။ ကေသီတာ သည် တစ်ကယ့် ကို ကောင်းဇော် ကို မဆက်ဆံ မိအောင် ကြိုးပမ်း နေကြောင်း အံ့သြဖွယ်ရာ တွေ့နေရသည် ။ ကေသီတာ့ မှာ E.P.C က ဘယ် ဦးလေး မှ မရှိပါ ။ ကေသီတာ က သိသမျှလေးတွေ နှင့် ရမ်းတုတ် နေခြင်း သာ ဖြစ်သည် ။ သို့သော် ဉာဏ် သည် ကံ ကို နိုင်ခဲသည် ဆိုသော စကား ကို မသိ သဖြင့်သာ ကေသီတာ ဉာဏ်ဆင် နေခြင်း ဖြစ်ပါသည် ။ ထို ဆင် နေသော ဉာဏ် သည် ကံ ကို မနိုင်ကြောင်း အခုတော့ ကေသီတာ သိ သွားပြီ ဖြစ်သည် ။

ဆောင်းအကုန် နှေရာသီ အစ မှာ ပင် မန္တလေးဈေးကြီး သည် ဝါယာကြိုး မှ ရှော့ခ် ဖြစ် ၍ မီးလောင်ခဲ့ရာ ဈေးကြီး တစ်ဈေးလုံး နီပါး ဆုံးရှုံးခဲ့ သဖြင့် ဈေးသည်များ များစွာ ထိခိုက်ခဲ့ ရပြီး နိုင်ငံတော် အတွက်လည်း ကြောက်ခမန်း လိလိ ဆုံးရှုံးမူများ ရှိခဲ့သည် ။ ထို့ကြောင့် ကေသီတာ တို့ ဈေး ကို လည်း ဝါယာကြိုးများ စစ်ဆေးခြင်း ၊ အသစ်လဲခြင်း ၊ လုံးဝ ပြုပြင်ခြင်း စသော လျှပ်စစ် နှင့် ပတ်သက် ၍ ကြံ့ခိုင်ရေး လုပ်ငန်းများ ကို ဈေးကြီး တစ်ဈေးလုံး လုပ်ကြရာ တွင် ထို အဖွဲ့ ထဲ ကောင်းဇော် ပါ လာခဲ့သည် ။

ကေသီတာ သည် ဈေး ရောင်း နေတုန်း ကောင်းဇော် ရောက် လာတော့ စိတ် ထဲ မှာ တစ်မျိုး ဖြစ်သွားသည် ။ စိတ် ပဲ ရှုပ်သွား သလိုလို ၊ အနှောင့် အယှက်ပဲ ဖြစ်သွား သလိုလို တစ်မျိုးကြီး ခံစား နေရသည် ။ ကောင်းဇော် တို့ ၏ အိမ် မှာ ထမင်းစား ပြီး ကတည်း က မတွေ့ကြ ရ တာ ရက် ၂၀ လောက် ရှိနေပြီ မဟုတ်ပါလား ။ ကေသီတာ့ စိတ် ထဲ မှာ တော့ လာပြန်ပြီ နောက် တစ်ယောက် ဟု ဆိုကာ အာရုံ နောက် သွား တာတော့ အမှန် ပင် ဖြစ်သည် ။ ရီလေး က လည်း ဒီနေ့ အိမ် မှာ ကျန်ခဲ့ သဖြင့် လူမူရေး အရ သူမ က ပဲ ဧည့်ခံ ရ တော့သည် ။

“ ကောင်းဇော် ပါ လား .. ဈေး လာ ဝယ်တာလား  ”

“ ဈေး ကို လာ တာတော့ ဟုတ်ပါတယ် ၊ ဈေး လာ ဝယ်တာတော့ မဟုတ်ဘူး မကေသီတာ .. ”

ထို စကားမျိုး ကို အကောင်းဆုံး ရှောင်နည်း မှာ ဘာစကား မှ ပြန် မပြောပဲ ပြုံး နေလိုက်တာပဲ ဖြစ်သည် ။

“ မန္တလေးဈေး မီးလောင် တာ ကြားတယ် မဟုတ်လား ”

ကောင်းဇော် စကားကြောင့် ကေသီတာ ကြောင် သွားသည် ။ အင်းလေ .. သူမ က ဈေးရောင်းသူ ဆိုတော့ ဈေး နဲ့ ဆိုင်တဲ့ စကား နဲ့ ပဲ စတာ ထင်ပါရဲ့ ဟု သဘောထား လိုက်ရင်း ဝတ်ကျေတန်းကျေ ပင် ခေါင်း ကို ညိတ်ပြ လိုက်သည် ။

“ အဲဒီ မီးက ဝါယာရှော့ခ် ဖြစ်တာ က တစ်ဆင့် လောင် တာလေ ၊ အဲဒါကြောင့် ဒီ ဈေး ထဲက  ဝါယာတွေ ကို စစ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ ကို ငှားတာ နဲ့ ကျွန်တော် လဲ ပါလာတာ ၊ ကျွန်တော် ကျတဲ့ ဘက် က ဟိုးဘက် မှာ ပါ ၊ မကေသီတာ တို့ နဲ့ ဝေးပါတယ် ၊ဈေး ထဲ ရောက် တော့ သတိရ လို့ လျှောက် မေးတော့ ဈေးသူဈေးသားတွေ က မကေသီတာ တို့ ကို တော်တော်များများ က သိကြတာပဲ ၊ သူ တို့ ညွှန် လိုက်တာ နဲ့ ရောက်လာတာ ”

“ ဟုတ်ကဲ့ .. ဟုတ်ပါရဲ့ ကေ မေ့ နေတာ ၊ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် က ပဲ ဈေးလူကြီးတွေ က ဝါယာကြိုးတွေ စစ်မယ် ၊ လိုအပ်ရင် လဲမယ် ၊ စိတ်မချ လို့ လဲချင်ရင် လဲပေးမယ်လို့ ပြောသွားတယ်  ”

“ ဟုတ်ကဲ့ .. အဲဒီ ကိစ္စ အတွက်ပါပဲ ”

ကေသီတာ နှင့် ကောင်းဇော် သည် အပေါ် နှင့် အောက် လှမ်းပြီး စကား ပြောကြခြင်း ဖြစ်သည် ။ လာလေ .. ထိုင်ပါဦးလား ဟု လောကွတ် လုပ်လို့ မရ ။ ဆိုင် ပေါ် မှာ ထိုင်စရာ နေရာ က နှစ်ယောက် စာ လောက် ပဲ ရှိသည် ။ သို့သော် ဝယ်သူများ အမော ပြေစေရန် ၊ အညောင်းအညာ ပြေ ထိုင်ရန် အတွက် ချပေး ထားသော ခုံလေး နှစ်ခုံတော့ ရှေ့ နား မှာ ချထား တာ ရှိသည် ။ အဲဒီ ခုံ မှာ ထိုင် လျှင် ကေသီတာ နှင့် သူ့ အကြား မှာ ငါးခြောက်တွေ က ခြား နေမှာ သေချာသည် ။

“ ဒါဆို ထိုင်ပါဦးလား ၊ အဲဒီ ရှေ့ မှာ ခုံလေးတွေ ရှိတယ် လေ ”

“ အာ .. မထိုင်တော့ဘူး .. အလုပ် က ဒီနေ့ပဲ စ တာ ၊ မစခင် မကေသီတာ တို့ ဆိုင် ကို ခဏ လာ ရှာတာ သွားရမှာ .. ”

ကေသီတာ ဝမ်းသာစွာ ဖြင့် ပြုံးရင်း ခေါင်း ကို ညိတ်သည် ။ သို့သော်  .. ကံတရား က ကေသီတာ့ ဘက် မှာ ပါဟန် မတူပါ ။

◾နီကိုရဲ

📖 မွေးစားသမီး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment