🔳 အထောက်တော်
အသက် နှင့် ထပ်တူချစ်သော ‘ သန့် ’
ဒီအချိန် မှာ ‘ သန့် ’ ဘယ်လို တွေးပြီး တော့ ဘယ်လောက်များ ပူပင် သောက ရောက် နေမယ် ဆိုတာ မောင် စဉ်းစားပြီး “ သန့် ” ကို သနားလှပါတယ် ။ ဒါပေမယ့် အခု စာ ဖတ်ရတဲ့ အချိန် က စ ပြီးတော့ ‘ သန့် ’ စိတ်သက်သာ ရာ ရပေတော့ ။ မောင် နဲ့ တွေ့ဘို့ အချိန် ( အနည်းငယ်ခန့် ) ကို သာ မျှော် ပေရော့ ။
အဖြစ် ကို အတိုချုပ် ရှင်းပြပါမည် ‘ သန့် ’
ဟိုနေ့က ကသာ ဘူတာ မှာ ‘ သန့် ’ က မောင့် ကို မတွေ့ လိုက်ရပေမယ့် မောင် က တော့ ‘ သန့် ’ ကို မြင် လိုက်ရပါတယ် ။ “ ပိတောက်ပန်း တစ်ခက်ကလေးရယ် ”
အဲလို ‘ သန့် ’ ကို မောင် ဆီးကြို နေတုန်း မှာ ဘဲ ကိုထွန်းအောင် ဆိုတဲ့ လူ က မောင့် ကို “ တောခိုသူ ” နဲ့ လူမှား ပြီးတော့ သေနတ် နဲ့ ထောက် ပြီး ခေါ် သွား တာပါဘဲ အချစ်ရယ် ။ အဲဒီ ခဏ အတွင်းကလေး မှာ မောင့် ရင်ဘတ် က ပန်းနီနီ ကလေး ကို ပစ်ချ လိုက် သေးတယ် ။ တွေ့ များ တွေ့ မိမလား - ဟင်
အဲ .. ဒီကိစ္စ ... အတိုချုံး ရ ရင် ဖြင့် ကိုထွန်းအောင် ဟာ မောင့် ကို ... သူ့ နှမ မမြင့်မြင့် ရဲ့ ရည်းစား တောခို နေတဲ့ ဘလှိုင် ( ဗိုလ်ဖုန်းလှိုင် ) မှတ် ပြီးတော့ ( ဘယ်လိုမှ ငြင်းလို့လဲ မရဘူး) အဲ ... အခု သတင်းစာတွေ ထဲ မှာ ပါတဲ့ အတိုင်း လက်နက်ချပွဲ ၊ မမြင့်မြင့် နဲ့ လက်ထပ်ပွဲတွေ လုပ်တော့ တာပါဘဲ .... သန့် ရယ် ။ အံ့ဩစရာ ကောင်းတဲ့ လူတွေပါ ။
မမြင့်မြင့် လဲ ဘယ်လိုမှ မတတ်နိုင်ဘူး ၊ သူ့ အစ်ကိုတွေ စကား နားထောင်ရသပေါ့ ၊ သို့သော် မောင် နဲ့ မမြင့်မြင့် ဟာ ဟန်ဆောင် လင်မယား လက်ဖျား နဲ့ တောင် မထိကြဘူး ဆို တာ တော့ ‘ သန့် ’ စိတ်ချ ပေရော့ ။
အခြေအနေ က တော့ တစ်မျိုး တစ်ဖုံ ဖန်တီးပြီး ၊ မကြာမီ အမြင် မှန် ရှင်းလင်း သွား ရမှာ ဧကန်မုချပါဘဲ ၊ အဲသည် တော့ မှ ... မောင် ‘ သန့် ’ ဆီ ကို လာခဲ့တော့မည် ။
မျှော်ရက်ငယ် ညောင်းတော့မည် ။
သို့သော် .... မကြာမီဘဲ ....
တစ်မျက်နှာ တစ်ကမ္ဘာ ထင်၍ လာခဲ့သော
‘ သန့် ’ အချစ် မောင်
PS. ယခု ဤ စာ လာပို့ သူ မှာ ဤ အညာမြေ တွင် မောင် ရဲ့ ပထမဦးဆုံး မိတ်ဆွေ ကိုဘလှိုင် မမြင့်မြင့် တို့ ရဲ့ ကျောင်းနေဘက် သူငယ်ချင်း “ ကိုစောထွန်း ” ဖြစ်ပါသည် ။ သူ အကြောင်းစုံ သိသည် ။ “ သန့် ” မရှင်းတာ ရှိ သေး လျှင် သူ့ အား မေးနိုင်ပါသည် ။
မောင်
မရည်သန့်ကလေး သည် ဤ စာ ကို အကြိမ်ကြိမ် အထပ်ထပ် ဖတ်လျက် ရှိလေသည် ။
စာဖတ်သူ မှတ်မိပေမည် ။ တစ်ညနေခင်း ၌ မရည်သန့်ကလေး သည် လမ်းလျှောက် ဗေဒင်ဆရာ တစ်ယောက် ကို ခေါ် မေးသည် ။ ယင်း ၌ ထို ဗေဒင်ဆရာ ဟောကိန်း နှင့် ကိုထွန်းအောင် တို့ ဘကြီး ဦးဘိုးရွက် ဟောချက် ဘယ်ဒင်း မှန်မည်နည်း ကျွန်ပ်တို့ စောင့် ကြည့်ရတော့မည် - ဆိုခဲ့ရာ ၊ ယခု ဆိုလျှင် မရည်သန့်ကလေး အား ဟော လိုက်ပေသော ဗေဒင်ဆရာ သည် မှန်လှချေ တကား ...
ဘာကြောင့် ဤမျှ မှန်သနည်း ... စာဖတ်သူ ရိပ်မိကောင်း ရိပ်မိပြီး ဖြစ်ပေမည် ။ ဤ ဗေဒင်ဆရာ သည် စောထွန်း တည်း ။
ထိုနေ့ ညနေ က သော်တာစိန် က စောထွန်း အား မရည်သန့် ထံ စာ တစ်စောင် သွား ပေးခိုင်းသည်လေ ။ နို့ပြီး သူ လဲ မော်တော် ပေါ် မှာ ဖတ်ကြည့်စေ လေသည် ။
ဒါကို အခွင့်ကောင်း ယူကာ - သူ့ ဝါသနာ အတိုင်း စာ ကို ဖြူးဖြူးဖြောင့်ဖြောင့် မပေးသေးဘဲ ဗေဒင်ဆရာ လုပ်ပြီး မှန်ရာတွေ ဟောပြီး ငွေတစ်ဆယ် ထပ် တောင်း ကာ ဟောစာတမ်း အသေးစိပ် ရေးပေးမယ် ပြောပြီးမှ -
“ ဟယ် - နင့် အတွက် အိမ် က ကတည်း က ရေး ပြီး ယူလာခဲ့ ပါ တယ်ရော့ ... ” ဟု ဆို၍ သော်တာစိန် စာအိတ် ကို ထုတ် ပေး၏ ။
စာအိတ် ပေါ် က “ မရည်သန့် ” ဟု ရေးထားသော လက်ရေး ကို မြင် ကတည်း က မရည်သန့် သူ “ မောင် ” ဆီ က ဆိုတာ သိ သပေါ့ ။
လက်တုံ ရင်တုံ နဲ့ ဖွင့် ဖတ် လိုက်တော့ မှ စိတ် သက်သာ ရာ ရ ပေ တော့သည် ။ စာ ဆုံး သွားသော အခါ စောထွန်း ကျော ကို ဆွဲ ထု ချင် စိတ် ပေါ် လာသည် ။ အရေး ထဲ နောက် နိုင် ရန်ကော - ဘယ်လို လူစား ပါလိမ့် ၊ ဤသည် ကို -
မရည်သန့် ၏ မျက်လုံး အကြည့် ဖြင့် စောထွန်း ရိပ်မိ ၍ ရယ်မော ကာ ...
“ ရော့ .. ပြန် ယူပါ ဟာ နင့် ငွေ ၁၀ ၊ ငါ က ဒီလိုဘဲ မနောက် ရ မနေနိုင်လို့ပါ ဟ - နင်တို့ အမေ အခု ဘယ်သွား နေသလဲ ငါ နဲ့ သိတယ် ဟ- နင်တို့ အမေ အခု ဘယ်သွား နေသလဲ ”
“ အစ်မတို့ အိမ် ဘက် ဟင်းရွက် ခူး သွားတယ် ” ဆိုပြီး ဝင်းပေါက် ဆီ လှည့် ကြည့် လိုက်ယင်း “ ဟော - ဟော အမေ ပြန်လာ ပြီ ” ဟု ပြောကာ ထိုင်ရာ မှ ထ ၍ သော်တာစိန် စာရွက် ကိုင်ကာ ဆွေ့ဆွေ့ ခုန်လျက် “ ဟောဒီမှာ အမေ ရေ .. ဟောဒီမှာ အမေရေ ” ဟင်းရွက်များ ကိုင် လာသော မိခင် သည် သမီး ဝမ်းသာနေပုံ ကြည့် ပြီး “ ဟဲ့ - ဘာများလဲသမီး ” ဟု ဆိုကာ စောထွန်း ကို မြင်လျှင် “ ဟဲ့ - နင် မငြိမ်း သား စောထွန်း မဟုတ်လား ”
“ ရေ မရောပါဘူး ခင်ဗျား မီးတောက် ပါ ခင်ဗျား ”
“ နင့် မျက်နှာ က ပြောင်စပ်စပ် နဲ့ ငယ် က အတိုင်းဘဲ ... ခုနင် ဒီ ဘာ လာလုပ်တာတုန်း ”
“ ကျွန်တော် အခု ဗေဒင်ဆရာ လုပ်စား နေတယ် ခင်ဗျာ ၊ ခင်ဗျာ့ သမီး ကို ကျွန်တော် လင် မကြာမီ ရ , ရမယ် ဟောလိုက်တာ နဲ့ အခု ဆွေ့ဆွေ့ခုန် အောင် ဝမ်းသာနေတာပေါ့ ”
မရည်သန့် လေး သူ့ စကား ကို ဂရု မစိုက်ဘဲ -
“ အမေ ရေ .... ဟောဒီမှာ မောင့် ဆီ က စာ ” ဆိုပြီး စာ ကို သူ့ အမေ အား ပေးရာ စောထွန်း က မျက်နှာထား ခပ်တည်တည် နှင့် ရှုံမဲ့ ကာ ..
“ ဟင်း - ကာလမိန်းကလေးများ ရည်းစား ထားပြီး ၊ မအေ ရည်းစား စာ ပြ ၊ ဘာ ပြနဲ့ သူငယ်ချင်း ကျနေတာဘဲ ” ဟု စောထွန်း က လူကြီး ဟန် နှင့် ပြောရာ မရည်သန့် ကလေး က မျက်စောင်း ထိုး ပြီး -
“ ဟင်း .. လူကြီး ကို က မုန်းစရာ ”
စောထွန်း - “ အော - အော - ဖြစ်သွားပြီ ၊ ငါ့ ကို နင် မုန်းစရာ လား ဟဲ့ ၊ ကဲ - ဒီ စာ ငါ လာပေးလို့ နင် ရတာ မဟုတ်လား ၊ ကာလ မိန်းကလေးများ ကျေးဇူးရှင် မှန်း မသိ ဘာမှန်း မသိ ”
ဤမှ စောထွန်း ၏ ရွှတ်နောက်ခြင်း ကို မရည်သန့် နားလည် လာ ကာ ပြုံးရွှင် စွာ -
“ တောင်းပန်ပါတယ် ရှင် ၊ ကျေဇူးရှင် ဦးလေး ကိုစောထွန်းကြီး ကို အထူး ဘဲ ကျေးဇူး တင်ပါတယ် ရှင် ”
စောထွန်း ကြေနပ်ဟန် ဖြင့် -
“ ဟင်း - ဒီလိုမှပေါ့ - နင် လင် မြန်မြန်ရဘို့ ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ် ဟာ အီဖေကို ဘဲ ဆိုတာ မြဲမြဲ မှတ်ထား လိုက်စမ်း ”
မရည်သန့်ကလေး ၏ မျက်နှာ မှာ ရှက်သွေး ဖြာ သွား လေသည် ။
သို့သော် စောထွန်း ၏ စကား သည် မှန်လှပါ၏ ဤ နှစ်ယောက် ကြား ၌ သူ ဆောင်ရွက်ပေးဘို့ အခွင့်အလမ်းများ ရှိ လေရာ ထို ဗေဒင်ဆရာ လုပ်လာခဲ့ တဲ့ နောက် ၊ ၃ - ရက်မြောက် တွင် စောထွန်း သည် သားရေသေတ္တာကြီးကြီး တစ်လုံး နှင့် သားရေ လက်ဆွဲအိတ် တစ်ခု ကို ဆွဲကိုင် ကာ မရည်သန့်လေး တို့ အိမ် သို့ ရောက်လာ ပြန် လေ၏ ။
စာဖတ်သူများ တွက်ချက် မိ ပေမည် ။ ဤနေ့ သည် စောထွန်း တော မှ ပြန် ရောက်ပြီး နောက် တစ်နေ့ ဖြစ်သည် ။ တော မှ ပြန်လာခဲ့ သော အခါ၌ စောထွန်း သည် ကိုထွန်းအောင် နှင့် မြောက်ဆိပ်ပင်ရွာ သို့ ပါသွား လေရာ ယခု သော်တာစိန် ၏ ပစ္စည်းများ ကို သယ်ဆောင် လာခဲ့ခြင်း ဖြစ်ပသည် ။
စောထွန်း သည် လက် ထဲ က ပစ္စည်းများ ကို ချ၍ ထိုင်လိုက်ပြီး “ ကဲ - လူ မရောက်ခင်သူ့ ပစ္စည်းတွေ တော့ ရောက်လာပြီ ၊ မော လိုက်တာဟာ နင်တို့ အတွက် ဆောင်ကျင်းရတာ ဟဲ့ - ကောင်မလေး ငါ့ ယပ်ခတ် ပေးစမ်း ” ဟု အသားယူလေ သဖြင့် မရည်သန့် မှာ မနေ သာ အနီး ရှိ ရွှေဂဲ ၏ ဗလာစာအုပ် ကို ယူ၍ ယပ်ခတ် ပေး ရ၏ ။ အကျိုးတော်ဆောင်ကြီး မို့ သူ့ အား ရင်းနှီးစွာ လည်း ခေါ် ရ၏ ။
“ ဦးလေးထွန်း ဒီ ပစ္စည်းတွေ ဟိုဘက်ကမ်း က ဘာနဲ့ တင် လာတာလဲ ”
“ ဟဲ့ ... ငါ့ လို လူ က ဘာ နဲ့ ညာ နဲ့ တင်နေရအုန်း မလား ၊ လက်ပစ် ကူးပြီး ကျောပေါ် တင် ယူခဲ့တာပေါ့ ဟ ”
“ ဟင် ... ဒီလိုဆို ဦးလေးထွန်း ကျောမှာဆူးတွေ နဲ့ ၊ အမြီးကြီး က လဲ အရှည်ကြီး ရှိ နေရမှာပေါ့ နော် ”
ရွှေဂဲ က ဝင် ထောက် လိုက်ရာ စောထွန်း သဘော ကျ သွား၍
“ ဟား ... ငါ့ လူ မဆိုးဘူးဟေ့ ဒီလိုမှ ပေါ့ကွ ” ဆို၍ ရွှေဂဲ ခေါင်း ပွတ်၏ ။
မရည်သန့် က “ အကောင်း ပြောစမ်းပါ ဦးလေးထွန်း ရဲ့ ... လှေ နဲ့ ဆိုလဲ လှေခ ၊ မော်တော် နဲ့ ဆိုလဲ မော်တော်ခ ပေးရအောင်ပါ ”
စောထွန်း “ အောင်မာ .... အောင်မာ ... သဒ္ဓါတော် မူ နေ လိုက်တာ ပေးစရာ မလိုပါဘူး ခင်ဗျာ ၊ နင့် ရည်းစား နဲ့ ... မဟုတ် ဘဲနဲ့ တော် ခဲ့ရ တဲ့ ယောက်ဖကြီး ကိုယ်တိုင် က သူ မော်တော် နဲ့ လိုက် ပို့ လိုက်တာပါ ”
မရည်သန့် အမေ “ မောင်ထွန်းအောင် လား နို့ ... သူ ကော ဒီ ရွာ ပါ မလာဘူးလား အိမ် ခေါ် ပါအုန်း ”
စောထွန်း “ ကမ်းနား တင် ပြန် သွားတာပေါ့ – ဒီ ရွာ ရောက် အောင် လာ မလားဗျ ၊ ဟိုမှာ ရှက်လှချည်ရဲ့ သူ့ မျက်နှာ သူ ဒါး နဲ့ လှီး ပစ်ချင်တယ် ချည်း လုပ် နေလို့ ၊ မလှီးပါနဲ့ မျက်နှာ သစ်စရာ မရှိ ဖြစ်နေပါ အုန်းမယ် လို့ တောင်းပန် ပစ် ခဲ့ရတယ် ”
မရည်သန့်ကလေး က “ အင်း ကောင်းတယ် ၊ သူများ ကိစ္စ ကို မစူးမစမ်း အရမ်း အရမ်း ဖမ်း လုပ်တာ ကို ”
စောထွန်း “ အဲဒါ - နင် က နာစရာလားဟဲ့ နင် နဲ့ က ဘာ ဆိုင်လို့တုန်း ”
“ ဆိုင်တယ် ဆိုင်တယ် ” ဆို၍ ယပ်ခတ် နေသော စာအုပ် နှင့် သူ့ ကျော ရိုက် မှ စောထွန်း သဘောကျ သွားသည် ။
“ တော်ပါတော့ ဟယ် ၊ နင့် ငါ ခုနှယ် ဗေဒင် ပြန် တွက်ကြည့် ရမယ် ဆိုရင် နင် ရှားမီး က လွန်ပြီးတော့ အိုက်စကရင် ထဲ ရောက် နေပြီ ကောင်းဘို့ဘဲ ရှိတော့သဟယ် ” ဟု ပြောလိုက်ရာ မရည်သန့် မှာ ရှက်သွေးကလေး ဖြာသွား၍ တစ်ချက် နာနာ ချ လိုက်ပြန်သည် ။
“ ကဲ ဒီနေ့ ပြန် ရောက်မယ် ၊ ကြိုဘို့ ဆိုဘို့ဘဲ ပြင်ကြ ဆင်ကြ ”
မရည်သန့် မျက်နှာ ရွှန်းရွှန်းကြည် သွား ကာ -
“ ဟင်း - ဟုတ်လား ဦးလေးထွန်း ”
“ ငါ က နင့် အိမ် လာ ထိုင် နေတော့ ဘာများ အကျိုးကျေးဇူး ရှိ မှာမို့တုန်း ၊ ဒီ သေတ္တာတွေ ငါ အခု ဒီ ယူလာခဲ့တာဘဲ ကြည့် ပေါ့ ”
“ ဟင် - ဦးလေးထွန်း ဘယ်နေရာ မှာ ကြိုရမလဲ ”
“ ဒီ နေရာ မှာ ငါ ဆရာ ငါ သိ၏ ”
“ နိုပြီး ဘာနဲ့ ကော သွား ကြိုရမှာလဲ ဟင် ”
“ နွားလှည်း မှ တပါး အခြား မရှိ ”
ရွှေဂဲ အား
“ ဟင် - ဒါဖြင့် မောင်လေး လှည်း ပြင်ဟာ လှည်းကြီး လား လှည်းလေး လား ဦလေးထွန်း ”
“ လှည်းကြီး မှ ဖြစ်မယ် ”
“ ဟိုက ဘယ်နှစ်ယောက် လာမှာလဲ ”
“ သားအမိ နှစ်ယောက် ”
“ ဟင် ... မောင့် မေမေ လဲ ပါ လာမယ် ”
“ သင့် ယခမောက် မည်လိမ့် မည် တည်း ”
မရည်သန့် မှာ အားမရနိုင်ဘဲ -
“ ဦးလေးထွန်းကြီး က လဲ စကား အကောင်း ပြောစမ်းပါ စာပေသံတွေ နဲ့ လုပ် မနေစမ်းပါနဲ့ ”
“ ငါ ပြော နေတာ နင် နားလည်တယ် မှုတ်လား ဟိုက သားအမိ နှစ်ယောက် လာမယ် ။ တို့ ဒီ က ဘယ်သူ ဘယ်သူ လိုက် ကြိုမှာလဲ ”
“ ကျွန်မ ရယ် - မောင်လေး ရွှေဂဲ ရယ် - မေမေ ရော လိုက်အုန်းမလား မသိဘူး ”
“ အဲဒီတော့ ငါ နဲ့ ပါ ဆို တော့ လှည်းကြီး မှ ဖြစ်တော့မပေါ့ ၊ ငါးယောက် , ခြောက်ယောက် ကို လှည်းယဉ်လေးနဲ့ ဘယ် ဆန့် မလဲ ”
ဤတွင် မရည်သန့် က ရွှေဂဲ အား -
“ ကဲ- မောင်လေး လှည်း ပြင်ချေတော့ ”
ရွှေဂဲ က ဝမ်းမြောက်စွာ ထ သွားသည်ကို စောထွန်း က -
“ ဟေ့ ... ချာတိတ် ခဏနေအုန်း ”
ခလေးက အကောင်း မှတ် ၍ ရပ်နေသည် ကို - “ မင်း - အခု လာမဲ့ ယောက်ဖလောင်း ရဲ့ အောက် အရပ်မှာ ‘ နှမလင်နေ မောင်ဖင်ကြိမ်း ’ ဆိုတဲ့ စကား ရှိသတဲ့ ၊ အဲသည်တော့ လှည်း ကို ကောက်ရိုး ထူထူခင်းနော်- ငါ ပါ အဆစ် ဝင်က ကြိမ်း နေရဦးမဲ့ ကိစ္စ ”
“ ဟာ - ခညားကြီးကလဲ ” ဆိုပြီး ရွှေဂဲ ဆက် သွား၏ ။
မရည်သန့် က အနီး ရှိ သူ့ မိခင် အား -
“ အမေ ရော - လိုက်မယ်လား ”
စောထွန်း က “ လိုက်ခဲ့ပေါ့ဗျာ ဟိုဘက်က လဲ အမေ ပါ လာ မှာ အဲဒါ မှ ” ဆိုပြီး မရည်သန့် အား ကြည့် ၍ “ ချောမေကညာ တောသေလာမှာ ၊ နှစ်ဖြာမိဘ ၊ ပေးစားကြ၍ ၊ ချွေးများကျ၏ ဆိုတဲ့ ကဗျာ ဖြစ်သွားအောင် ပေါ့ ”
••••• ••••• •••••
“ ကျွန်တော် ဆက်လက် မရေးတာ က တော့ ဇာတ်လိုက် နှစ်ယောက် တွေ့ခန်း မှာ ပြည်တွင်းရေး ကိစ္စ ပါနေလို့ပါဘဲ ဗျ ”
ယင်း၌ ဤ လူစု ထဲ တွင် ဟိုတုန်းက ဖ - ဆ - ပ - လ အမတ် တစ်ယောက် ပါ လေရာ “ ဟေ့ - ဖိုးဆွေ ဘာမှ စိတ်ကူး မလွဲနဲ့ အစိုးရ ဘက် သာ ပို့ပေး ၊ စာပေဗိမာန်ဆု ရပြီး ကျောင်းသုံးစာအုပ် ဖြစ်အောင် ကိုယ် တွန်း ပေးမယ် ရေးသာ ရေးတော့ ”
ထိုခေတ် ထိုအခါ အလျောက် သူ့ စကား မဖြစ်နိုင်ဘူး ဟု မပြောနိုင်ပါ ။ ဤ အထိ မဖြစ် တောင် မှ ကျွန်တော့ ဝတ္ထု ခ တစ်ထောင် လောက် နှင့် ရုပ်ရှင်ကုမ္ပဏီ တစ်ခု ခု သို့ ရောင်း ရလျှင် လေးငါး ထောင် တော့ ဖျောင် ရပေမည် ။ ထို့ကြောင့် ကျွန်တော် ဆက် ရေးသည် ။ သို့သော်အခန်း ( ၉ ) အကူး မှာ စာ ၁၀ - မျက်နှာ လောက် နှင့် လန်ကျ သည် ။ ရှေ့ မဆက်နိုင်တော့ပါ ။ ယင်း၌ ကျွန်တော် နားလည် လာသည် ။ “ ငါ့ ကိုယ် တောင် ငါ ငွေ ပေးခိုင်း လို့ မရပါလား နော် ၊ ဆင်းရဲချင် တဲ့ ကောင် ငတ်ပေါ့ကွာ ” ဟု လက် လျှော့ လိုက် ရတော့သည် ။
ဟော - ယခုတော့ အခြေအနေ အချိန်အခါ အလျောက် ရှောရှော ရှူရှူ ထွက် လာ၍ စာဖတ်သူများ လက်ဝယ် သို့ ပင် ရောက်ရှိ နေ ချေပြီ ၊ မိတ်ဆွေ ဤ ဝတ္ထုဆန်း ကို ဖတ်၍ ဝေဘန်သုံးသပ် ကြည့်တော် မူ ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment