Saturday, May 13, 2023

မလွမ်း ထိုက် ပေမယ့် ကျွမ်းမြိုက်ခဲ့ပြီ မေ


 

❝  မလွမ်း ထိုက် ပေမယ့် ကျွမ်းမြိုက်ခဲ့ပြီ မေ ❞

တကယ်ဆို သက်တမ်း လေးဆယ် တွင်း ကို ချင်းနင်း ဝင်ရောက်ခဲ့ပြီ ဖြစ်တဲ့ လူ တစ်ယောက် ရဲ့နှလုံးသား ဟာ အဲလောက် ထိ တော့ မဖြစ်သင့်ခဲ့ဘူးလေ ။ တကယ်ပါ ။ လုပ်ငန်းခွင် ထဲ မှာ ပဲ နစ်လျက် ငြိမ်သက် အေးခဲလျက် ရှိခဲ့တဲ့ ဒီက နှလုံးသား ဟာ အဲဒီ နေ့ က မင်းလေး ရဲ့မျက်ဝန်း ၊ မင်းလေး ရဲ့ စကားသံများ ကြား ၊ မင်းလေး ရဲ့အပါး မှာ ရင်ခုန်သံတွေ နဲ့ ဖြတ်သန်း ခဲ့လေတယ် ။ လုပ်ငန်းခွင် မှာ ၊ ကိုယ့် ဝန်းကျင်အရပ် မှာ မိန်းမ များစွာ တို့ နဲ့ ပေါင်း သင်းဆက်ဆံ ရင်းနှီး ထိတွေ့မှု တွေ နေ့စဉ် ကြုံဆုံခဲ့ရပါလျက် နဲ့ ဒီနှယ် တစ်ကြိမ် တစ်ခါ မျှ မဖြစ်ဖူးခဲ့တဲ့ ရင်ဟာ မင်းလေး နဲ့ ပတ်သက်ပြီး ဆယ်ကျော်သက် တစ်ယောက် နှယ် လူးလွန့်လှုပ်ရှားလို့ သွားတာ ဘာကြောင့်လဲလေ ။

တောက်ပ ရွှန်းလက် သော်လည်း ခွန်အားမဲ့ နေတဲ့ မင်းလေး ရဲ့ မျက်လုံးတွေ က ကိုယ့် နှလုံးသားတွေ ကို ဖမ်းစားလေ သလား ၊ မင်း ရဲ့အပြုံး တွေ ကပဲ ကိုယ့် ရင် ကို ခုန်စေခဲ့ တာလား ။ သေချာတာ တစ်ခု ကတော့ ချုပ်ရာ တစ်ဖက် ပါ သော မင်းလေး ရဲ့ ဖိနပ်ကလေး တစ်ရန် က ကိုယ့် ရဲ့ ခံစား နားလည် တတ် တဲ့ စိတ် တံခါး ကို တွန်းဖွင့် ဝင်ရောက် ခဲ့တယ် ထင့် ...  ။

ဖိနပ်ချွတ် သို့ ကိုယ်စီ အဆင်း တွင် ဘယ်ညာ ခြေ အစုံ ဖိနပ်ကလေး ကို သေချာ စီးနင်းပြီး ချိန်မှာ မျက်လုံး လှန် ပြီး “ ပြန်တော့မယ်နော် ” ဆိုတဲ့ မင်းလေး ရဲ့ နောက်ဆုံး နှုတ်ဆက် စကားသံ ဟာ ကိုယ့် ရင် ကို ဆွတ်ကျင် ကျန်ရစ်ခဲ့ရတာ အမှန် ။

ပြန်သွားကြသူ တို့ရဲ့ ရင် ထဲ မှာ တော့ ဘယ်သို့ ရှိမယ် တော့ မသိဘူး ။ ကျန်ရစ်ခဲ့ လေ သူ ကိုယ့် ရဲ့ ရင် မှာတော့ တစ်ခု ခု လပ်ဟာ သွား သလိုမျိုး ဟာလာဟင်းလင်း ဖြစ် ကျန်ရစ် ခဲ့ရပေါ့ ။ အဲဒီ နေ့ က တနင်္ဂနွေ များစွာ ထဲ က တစ်ခုသော တနင်္ဂနွေ တစ်ရက် ဖြစ်လေရဲ့ ။ အမည် ကို တော့ နား နဲ့ ရင်းနှီးနေခဲ့ တာ တော့ ကြာခဲ့ ပြီ လေ ။ မယဉ်ကြည် လာတဲ့ အခါတိုင်း မင်းလေး ပါ လာ လေ့ ရှိ တတ်တာ ကို ကြားသိ ထားမိ တယ် ။ တစ်ခါ မှ တော့ ခု ကဲ့ သို့မျိုး မကြုံကြိုက်ကြ ။ အဲဒီ နေ့ ကတော့ မယဉ်ကြည် လာ လည် စဉ် အလုပ်ပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေ နဲ့ တိုက်ဆိုင် စွာ အဖော် ပါလာလေ တဲ့ မင်းလေး နဲ့ တို့ နှစ်ဦး ဆုံခြင်း အဦး အစပါပဲ ။

ချစ်ခြင်း ရဲ့ မြစ်ဖျား ဟာ နှလုံးသား ရဲ့ တစ်နေရာ မှ ဖြစ်တည် လာခဲ့ပြီး နီညိုရောင် ကတ္တီပါ ခုံပါးဖိနပ်ကလေး ဆီ ကို မင်းလေး ရဲ့ ခြေ အစုံ ဦးတည် ကျရောက် သွားကြချိန် က တည်း က ပင် ရင် မှာ နင့်မျှ ခံစားလိုက်ရခြင်းတွေ နဲ့ အတူ သနားကရုဏာ မည်သော အေးမြမေတ္တာတွေ နဲ့ မင်းလေး ရဲ့ အပေါ် ကိုယ့် မေတ္တာ ရေ အလျဉ် တသွင်သွင် စီးဆင်း ခဲ့ပြီ ။ အဲဒီ အချိန် ကတည်း က အနီးဆုံး လူ မသိအောင် သိုသိုသိပ်သိပ် မျိုချ ပစ်ခဲ့ရတဲ့ ပင့်သက် တို့ ဟာ အကြိမ်ပေါင်း ဘယ်ရွေ့ များ တောင် ရှိခဲ့ပြီလဲ ဆိုတာ ကိုယ် မသိ တတ်နိုင်တော့ပါ ကွယ် ။

အင်းလေ ၊ မင်းလေး ဖြတ်သန်း နေရတဲ့ ဘဝလမ်း ကို စာနာစိတ်တွေ နဲ့ ဖေးမ , ကူတွဲ လိုက်ချင် ခဲ့သော်လည်း ကယ်တင် ချင်သူ ကိုယ် ၌ က ဒုက္ခ တွင်းနက်ကြီး ထဲ မှ ခုထိ မကျော်လွှား နိုင်ပြန်သေး သလို မိမိ ရဲ့ ဖြစ်ထွေ က စိတ်သွား တိုင်း ကိုယ် ပါနိုင်တော့တဲ့ အခြေအနေ မှ မဟုတ်ပြန်တော့ တာ ဆိုတော့လည်း ပဲ .. ကိုယ် ဟိုအဝေးကြီး ထိ မျှော်ကြည့် မိပြီ မိန်းကလေး ရယ် ။

အဆုံးမှာ ဒီလို ဖြစ်လာ ကြမယ် မှန်း သာ တင်ကြို သိ မြင် မိခဲ့မယ် ဆိုရင် ခုလို ပူလောင်ကျွမ်းမြည့် လွမ်းဆွေး ကြရ မှာ မဟုတ်ခဲ့ဘူး နော် ။ ခုတော့ ။

   •••••   •••••   •••••

ချစ်တယ် ဆိုတဲ့ စကား ကို သာ မိမိ မပြောမိ ခဲ့ရင် ဒီလို ပူလောင်ကျွမ်းမြည့် လွမ်းဆွေး ရမယ့် ဝေဒနာ ကို ဒီနှယ် ကြုံ တွေ့လာရမှာ မဟုတ် ဟု ခုမှ တော့ နောင်တ လည်း ရ , မနေချင်တော့ ။ ပူမှန်း သိလျက် နဲ့ မီး ကို ဝင် တိုး ခဲ့တဲ့ ဖလံပိုး လို လူ တစ်ယောက် နဲ့ အနှောင် အဖွဲ့တွေ နဲ့ လူ တစ်ယောက် ရဲ့ ဘဝ ထဲ ကို သိလျက် နဲ့ ယုံရဲ တိုးဝင် လာခဲ့လေသူ ဘယ်သူ က ပို မိုက်မဲ ခဲ့ကြပါသလဲ ။ တို့ နှစ်ယောက်လုံး သိပ် ကို မှားခဲ့ ကြတယ်ကွယ် ။ ဒီ အမှား ကြောင့် ကိုယ့် မှာ ကြေကွဲနေ ရပြီဖြစ်သလို မင်းလေး တစ်ယောက် လည်းပဲ ကိုယ့် လောက် ဒဏ်ရာတွေ မပြင်း ထန်ခဲ့သည် ရှိငြား မင်းလေး ရဲ့ နှလုံးသား မှာ လည်း ဘယ် နည်းနဲ့ မှ အကောင်းအတိုင်း ရှိ ကျန်မှာ မဟုတ်လေဘူး ဆို တာတော့ ကိုယ် သိပါတယ် ချစ်သူ ရယ် ။ ရယူ ခဲ့ စဉ်အခါ က မင်း ရဲ့ တုံ့ပြန် အချစ်တွေ ကို ယုံမှား သံသယ မရှိစွာ ပိုင်ဆိုင်ခဲ့ခြင်းတွေ အတွက် ကိုယ့် ဘက် က တရားမျှတစွာ နဲ့ ဒီမျှ တော့ ချစ်သူ့ အပေါ် အလွမ်းတွေ နဲ့ ပြန်လည် ပေးဆပ် တာဝန် ကျေရ ၊ ဖြေရပေ ဦးမပေါ့ လေ ။

နှလုံးသား မှာ မဖြစ်ဖူးခဲ့ သော အချစ်မျိုး နဲ့ တွယ်မက်ခဲ့ ရသူ မို့ လည်း ခုတော့ဖြင့် ဒီ လူ့ ရင် မှာ လွမ်းရက်တို့ ရှည်ခဲ့ရပြီ ဆိုတာ ချစ်သူ က တော့ သိမယ် မထင် ။

အချစ်ချင်း ပြိုင်ရင် မိမိ ထက် သူမ ပို သာမည် မထင် ။

သို့သော် ...  ။

နု ရဲ့ အချစ်တွေ ကို ကိုယ် ပိုင်ပိုင် ရခဲ့သည် ပဲ ဟု ကိုယ် ရဲရဲ ယုံကြည်ပါတယ်လေ ။

   •••••   •••••   •••••

လွင့်တက် သွားတဲ့ ဆေးလိပ်မီးခိုးငွေ့တွေ ကို ငေး ကြည့် နေမိရင်းမှ “ ကိုယ့် ရင် ညွန့် တွေ ဒီရ က် ထဲ အရမ်း အောင့်တာပဲ  ...  နုရယ် ” လို့ ချစ်သူ ကို တစ်ခါ က မိမိ ပြောပြ မိ စဉ် လှမ်း နေဆဲ ခြေ အစုံ ကို ရုတ်ခနဲ ရပ်တန့် ပစ်ရင်း ကိုယ့် ရင်ညွန့် ကို အသာ ဖိ လျက် “ ဟင် ဟုတ်လား ၊ ဆေးလိပ် တွေ အရမ်း မသောက်နဲ့နော် မောင် ” လို့ ဆိုရင်း ပျာပျာ သလဲ ဖြစ်သွားသော ချစ်သူ့ ရုပ်သွင် ၊ ကြင်နာမှုပြွမ်းလေ သော ချစ်သူ့ဒီ အသံလေး ကို ဆေးလိပ် ကို မသောက်တတ် သောက်တတ် နဲ့ ဖွာရှိုက် နေ ဖြစ်ချိန်တိုင်း မှာ ကိုယ် မမေ့ ။ ချစ်သူ ရဲ့ နွေးထွေးသော အနမ်းများ ၊ ရုပ်ရှင်ပိတ်ကား ကို ကြည့်နေရင်း မှ မိမိ ၏ နားရွက်ဖျားလေး တစ်ဖက်အား ပူလောင်လာတဲ့ အထိ ချစ်သူ ပွတ်သပ်နေလေ့ ရှိတတ်သော အဖြစ်ကလေးတွေ ကို ...  ။

“ မောင့် ကို နု မခွဲနိုင် ဘူး ။ မောင့် ကို ကားပေါ်တင် ပေး ပြီးမှ ပဲ နု ပြန်မယ် ။ အိမ် ပြန်ချိန် ဆိုတဲ့ တဒင်္ဂ အခိုက် အတန့်လေး မှာ တောင်မှ နု မောင့် ကို ကျောခိုင်း ထား မသွားရက်နိုင်ဘူး ကွယ် ။ သက်ဆုံးတိုင် ထိ သာ ဆိုရင် တော့ နု ကိုယ့်ကိုယ် ကို တောင် မစဉ်းစားဝံ့ဘူး မောင် ။ ဒါ နု ပတ်ဝန်းကျင်ပါ မောင် ။ နု ကို စိတ်ချပြန်ပါ ။ မောင် က သာ အဝေးကြီး ပြန်ရမှာ ။ ကား ကို လည်း ခိုတွယ် မစီးနဲ့ ဦးနော် ။ အတွင်း ထဲ မှာ ဝင်စီး နော် မောင် လို့ စိတ်မချ နိုင်စွာ သံယောဇဉ် ပိုတဲ့ စကားတွေ နဲ့ လိုင်းကား အလာ ကို အပါး မှာ ကူရပ် စောင့်ရင်း ကိုယ့် ကို မင်း ပြောခဲ့ဖူးတာတွေ ယနေ့ ထက် တိုင် ကိုယ် မှတ်မိနေ ပြန် ပါသေးတယ် ။

အဲလောက်ထိ ကိုယ့် ကို မင်း ချစ်လျက် နဲ့ ကွယ် ။

မိမိ အား သယ်ဆောင် သွားမယ့် ကားဘီးတွေ လိမ့်စ ပြု မှ ခြေအစုံ ရွေ့ လေတဲ့ ချစ်သူ ရဲ့ ကျောပြင် ကို ငေးလို့ ကြည့် ရင်း “ ကိုယ့် ကို အဲ လောက်တောင် ပဲ မင်း ချစ် သလား နု ရယ် ” လို့ ရင် ထဲ မှာ တနင့်တပိုး ဖြင့် လှိုက်ဟာခဲ့ ရဖူးသည်ပဲ ချစ်သူ ။ မချိတင်ကဲ အဖြစ်တွေ နဲ့ ချစ်သူ ရဲ့ လက်ဖဝါး ၊ လက်ဖမိုးတွေ ကို ဖွဖွ နမ်းရှိုက် ပြီး ၊ ချစ်သူ ရဲ့ နဖူး ပြင်လေး ကို ရွရွှ မွှေးပြီး ၊ ချစ်သူ ရဲ့ ပခုံးစွန်း နှစ်ဖက် ကို အသာ ကိုင်လှုပ်ပြီး ၊ “ မင်း ကိုယ့် ကို အဲလောက် ထိ ချစ်ခဲ့ လျက် နဲ့ နု ရယ် ” လို့ ချစ်သူ ရဲ့ တစိမ့်စိမ့် မျက်နှာလေး ကို ကြည့်လျက် ပြေး တွေ့ မေး လိုက်ချင်တယ် ။

“ မောင့် လို ယောက်ျား မျိုး ကို နု တစ်သက် ရှာတွေ့ တော့မှာ မဟုတ်တော့ပါဘူး မောင် ” လို့ တစ်ခါ က မိမိ ရဲ့ ပခုံးစွန်း ပေါ် ဦးခေါင်း မှီ တင် ရင်း ဆိုခဲ့ဖူးသော သူမ အား “ မရက်စက်လွန်းဘူးလား ကွာ ” လို့ ရင်ထဲ မှာ နင့် နေစွာ နဲ့ မေးလိုက်ချင် ပါ ရဲ့ ။

မင်းလေး နဲ့ ပတ်သက် လာရင် အရာဝတ္ထု အစိမ်းရောင် ကို ပင် ကြောက်တတ်သော ကိုယ့်အား မုန်းစကား မဆိုဘဲ စိမ်းကားရက်စက် မင်းလေး လုပ်ရက် သွားပြီ လား မိန်းကလေး ရယ် ။

ကွယ် ...  ။ အရာခပ် သိမ်းသော ချစ်သူ နဲ့ ပတ်သက်ခဲ့ သမျှ နှလုံးသား တွင် စွဲထင်နေသော ဒီ ပုံရိပ်တွေ က ကိုယ့် ရဲ့ အာရုံ ထဲ မှ ပျောက်ပျက်နိုင်စွမ်း ပသို့ ရှိပါလေမည်လဲ ။ ကိုယ် ဘယ်သို့ မေ့နိုင်စွမ်းပါမည်လဲ ကွယ် ။

ထိုစဉ်က -

ဆုံစည်းမှု မရှိခဲ့ လေ သော မီးရထားသံလမ်း ထက် ဝယ် ချစ်သူ ရဲ့လက်ဖဝါးလေး ကို ဖွဖွဆုပ်ရင်း လျှောက်လှမ်း နေခဲ့မိပါ လျက် ကိုယ် ပျော် နေခဲ့တယ် ။ ပြုံးပျော်ရွှင်ပျ ကြည်နူးခဲ့ ကြ တဲ့ အဲဒီ အချိန် က နောင် တစ်ချိန် တွင် မိမိတို့ နှစ်ဦး ရဲ့အဖြစ်ဇာတ် ဟာ လည်း မျဉ်းပြိုင် နှစ်ကြောင်း လို နီး မလိုနဲ့  ဝေး ကြရမယ့် အဖြစ်လို့ ကိုယ် မတွေးမိခဲ့ပါ ။ သည်းကွဲ ပူဆွေး ဝေးကြရမယ့် အဖြစ် ကို ကိုယ် မေ့နေခဲ့မိသည် ပဲလေ ။

   •••••   •••••   •••••

ချစ်သူ နဲ့ အတူ မျက်နှာချင်းဆိုင် ထိုင်လျက် တစ်ဦး မျက်နှာ တစ်ဦး ကြည့်ကာ ရယ် နဲ့ မောင် စား ၊ နု စား ရယ် လို့ အကြင်နာတွေ သူ့ ထက် သူ ပို လို့ သဒ္ဓါတွေ ပိုလွန်ကဲ ခဲ့ကြ ပြီး ကားလမ်းမ နံဘေး မှ အကြော်ဆိုင် တစ်ခု မှာ အကြော် စားတတ်ကြဖူး တာ ကိုလည်း ပင့်သက်ကို ချ ဖြစ်ရင်း မှ သတိရ နေမိပြန်တယ် ကွယ် ။

ခါတစ်ရံ မေဓာဝီဆေးရုံ ရှေ့မှ စကား တပြောပြောနဲ့ ဖြတ်ကာ မင်းရန်အောင် ရုပ်ရှင်ရုံ ကို ပြန် ပတ်ပြီး မမော မပန်း အတူ လက်တွဲ လျှောက် ခဲ့ကြဖူးတဲ့ အဖြစ်ကလေးတွေ ဟာ အခုတော့ လည်း အတွေး ဖြင့်ပင် ကြည်နူး လှိုက်ဖို နာကျင် နင့်နဲ ရ ပြန်တယ် ။

စနေည များစွာ ထဲ မှ မင်း ရန်အောင် ရုပ်ရှင်ရုံ တစ်ရုံတည်း ကို သာ အစွဲပြုလျက် အတူ ကြည့်ဖူး ခဲ့သော ရုပ်ရှင်ကား များ ထဲ တွင် ရင်သွေးဟူက ဇာတ်ကား တစ်ကား လည်း မှတ်မှတ်ရရ ပါဝင်ခဲ့ လေတယ် ။ ဇာတ်ဝင်ခန်း ထဲ က မိထွေး ဖြစ်သူ ရဲ့ စရိုက် ကို မြင်ရ ပြန် တော့ လည်း ဪ သူ့ အမေ နဲ့ သူ့ သားသမီး သာ အကောင်းဆုံးပါပဲ လို့ ရင်ကို ထိထိရှရှ ဖြစ်ခဲ့ရ သလို မပြတ်မသားနိုင် တဲ့ စိတ်တွေ နဲ့ တွေဝေ နေ့ရက် တွေ လည်း မနည်းခဲ့ပေါ့ ။

အရာတိုင်း သတိတရား နဲ့ အသိစိတ်များ ဖြင့် ချိန်စက် တတ်သူ ဖြစ်ခဲ့ ပါလေလျက် ဆင်ခြင်တုံမဲ့စွာ ဖြင့် ရူးသွပ် မိုက်မဲစွာ နှလုံးသား မှ ယိုစိမ့် လာခဲ့လေသော အချစ်များ ဖြင့် အချစ် ရဲ့ ပူလောင်ခြင်းတွေ က အချိန်တိုင်းကို ပူလောင်မြိုက် နေရရဲ့ ။

‘ အရီ က အတော် နေ မကောင်းဘူး ဆို ။ ဒီအချိန်မှာ နု တို့ က မျက်စိမှိတ် ဇွတ်တိုး လိုက်ကြရင် အရီ တစ်ခု ခု ဖြစ် မှာ ။ အရီ နေကောင်း မှ နုတို့ ကိစ္စ စဉ်းစားကြတာပေါ့ နော် မောင် ’ ဆိုတဲ့ မင်းလေး ရဲ့ ဒီနှယ် ငဲ့ ညှာထောက်ထား စာနာ တတ်တဲ့ စိတ်ဓာတ်တွေ နဲ့ စိတ် ရဲ့ လျှို့ဝှက်ချက် ကို လက်တွဲဖော် သိမြင်နားလည် တွေ့ရှိ သွားတဲ့ နေ့ က ဖတ်လိုက်ရလေ တဲ့ ချစ်သူ ရဲ့ ဖိတ်အန် ယိုစီး ကျ နေသော မျက်ရည်များ ကြား မှ မျက်ဝန်းတွေ ထဲ မှာ ကိုယ့် ရဲ့ အပေါ် တွင် ဖြစ်တည် ခဲ့ လေသော မင်းလေး ရဲ့ အချစ်တွေ -

နု ရယ် ...  ။ မင်းလေးရဲ့ အဲလို သိတတ် နားလည် ပေးနိုင်မှုလေးတွေ ၊ ငဲ့ညှာထောက်ထား တတ်တဲ့ မင်းလေး ရဲ့ စိတ် ဓာတ်တွေ ၊ မျက်ရည်ကြား မှာ ကိုယ် ရှာဖွေ တွေ့ရှိခဲ့တဲ့ သံယောဇဉ်ကြိုးမျှင်တွေ ၊ ပူပန်ရိပ်သန်း ခဲ့တဲ့ မင်းလေး ရဲ့ အကြင်နာစကားလေးတွေ ကို ရင်ထဲ သိမ်းရင်း ချစ် လျက် နဲ့ မဖြစ်နိုင်ကြတဲ့ ကိုယ်တို့ နှစ်ဦး ရဲ့ ဘဝ ပေး ကံ အကြောင်းတရားတွေ အတွက် အတိုင်းအဆ မဲ့ နာကျင် ကြေကွဲ နေတဲ့ ကြားမှ ဖြေသိမ့်ရင်း ကိုယ် ကျေနပ် နေပါ့မယ် ။

   •••••   •••••   •••••

ဘယ်လိုမှ မတွေးထင်ခဲ့မိပါဘူး ။

နှလုံးအိမ် မှာ သနား ကရုဏာ မည်တဲ့ စိတ်ခံစားမှု တွေ မှ အစပြုခဲ့ပြီး အချစ် နဲ့ ထုဆစ် ပုံဖော် ချ ရေးခဲ့မိတဲ့ ဒီ ဇာတ်ရုပ် ရဲ့ နိဂုံးပိုင်း ကို တော့ ဘယ်လို အဆုံးသတ်ရမယ် မှန်း ရေးနေခဲ့ မိတဲ့ တစ်လျှောက်လုံး တွေဝေ စိတ်တွေ နဲ့ ကိုယ် လက်စ မသတ်နိုင် ဖြစ်နေခဲ့ရတယ် ။

ကဇာတ် မဟုတ် ၊ ဝတ္ထု တစ်ပုဒ် မဟုတ် ခဲ့ လေတဲ့ လောကဇာတ်ခုံ ပေါ် မှ ကိုယ် တို့ သုံးဦး ရဲ့ တကယ့် အဖြစ် ဇာတ် ကို စ ကတည်း က တို့ နှစ်ဦး လုံး သိရှိပြီး ဖြစ်ကြပါ လျက် နဲ့ ရူးသွပ် မိုက်မဲစွာ အချစ်နွံ တွင်း သက်ဆင်း မိခဲ့ကြ ပြီး ခါ မှ ...  ။ ကိုယ့် နှလုံးသား မှာ ရက်စက် စိမ်းကား စိတ်ထား နဲ့ အမုန်းပျော့ပျော့ ပင် တစ်ရံတစ်ဆစ် မျှ မဝင်ရောက် ခဲ့မိ လေ သော် လည်း မိုက်လက်စ နဲ့ မိုက်တွင်း ဆက် နက် ဖို့ အရေး နှစ်ဦး စလုံး ပင် မပြတ်သားရဲသေး သရွေ့ ဘယ်နည်း နဲ့ မှ ဇာတ်မျောကြီး ထဲမှာ ဒီအတိုင်း ရှေ့ဆက် မျော နေလို့ မဖြစ်ကြတော့မှန်း ပစ္စက္ခ အနေအထား အရ ကိုယ်စီ သိရှိလိုက်ကြ ချိန် တွင် ...  ။ တွေဝေမှုတွေ နဲ့ တစ်လျှောက်လုံး မွန်းကျပ် နေတာ ထက် စာရင် ရဲဝံ့ပြတ်သားစွာ နဲ့ ခုလို ဇာတ်သိမ်း ပေးလိုက် တဲ့ မင်းလေး ကို ကျေးဇူး တင် မိပါတယ်ကွယ် ။

အဲဒီနေ့ က မိုးရိပ် ကင်း ပြီး သာယာကြည်စင် လှ တဲ့ ကောင်းကင် မှာ လေ မပါ ၊ လျှပ် မလင်းဘဲ ထစ်ချုန်း ကျရောက် လာတဲ့ မိုးသက်လေပြင်း လို ဘယ်လိုမှ မထင် မှတ် ခဲ့တဲ့ စကားတွေ က  ကြား နေရတဲ့ ကိုယ့် အဖို့ ချိုမြိန်ခြင်းတွေ မဲ့ ၊ နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေး ရင်း ဆို နေတဲ့ တစ်လျှောက်လုံး တွဲ လာခဲ့ တဲ့ ကိုယ့် လက်တွဲဖော် ရဲ့ မျက်နှာ ကို ဒီ တစ်ခါတော့ ဘယ်လို မှ ပြန်လှန် မော် မကြည့်ရဲ နိုင် လောက်အောင် ကို ကိုယ် ရှက်ရွံ့ ထုံထိုင်း သွားစေ သလို လက်တွဲဖော် ထံ မှ ကြားနေ ရတဲ့ ဝါကျ တစ်ပိုဒ်စီ တိုင်း ဟာ ကိုယ့် ရင် ကို အဆိပ်လူး မြား နဲ့ အခွင်း ခံ နေရတဲ့ အလား စူးခနဲ ၊ နင့်ခနဲ ။

အလုပ် က ပြန်ရောက် မဆိုက် မှာ ဘဲ ထေ့ထေ့ အပြုံး နဲ့ ဇနီး ဖြစ်သူ က ကိုယ့် ကို ဆီးကြို ပြော လေတယ် ချစ်သူ ။

“ အစ်ကို့ ကို ပြောရဦးမယ် ”

အစ ချီ ပြီး ဒီနေ့ အိမ် ကို ဧည့်သည် တစ်ယောက် ရောက် လာတယ် ။ ဘယ်သူလို့ ထင် သလဲ တဲ့ ။ မယဉ်ကြည် လေ ။ နုကြည် လည်း ပါလာတယ် လို့ ပြောတယ် ။ အရီ နဲ့ စကား ပြောချင်လို့တဲ့ လေ ။ ဒီက လည်း တွေ့ချင် နေတာ နဲ့ အတော် ဆိုတော့ နုကြည် စောင့် ကျန်ရစ် ခဲ့တဲ့ လမ်းဆုံ လက်ဖက်ရည်ဆိုင် ကို ထ လိုက် သွားခဲ့တယ် ။ တွေ့တော့ နုကြည် က ဘာပြောတယ် မှတ်လဲ ။ အရီ့    ယောက်ျား ကို အရီ နိုင်အောင် ထိန်းပါတဲ့ ။ အရီ့ ကို ပေးခဲ့တဲ့ ကတိ ကို လည်း ကျွန်မ တည်အောင် ကြိုးစား နေပါတယ် တဲ့ ။ တဒင်္ဂ သာယာမှု အပေါ် မှာ မိန်းမူးခဲ့ မိတဲ့ ကျွန်မ ရဲ့ အမှား ကို လည်း ဒီ့ နောက်ပိုင်း မှာ တဖြည်းဖြည်း နဲ့ ကျွန်မ သိမြင် နေပါပြီ လို့ ဆိုတယ် ။ မနေ့ က ဈေးထိပ် က နေ သူ့ ကို အစ်ကို လာ စောင့် နေတယ် ဆို တဲ့ အကြောင်း ၊ မိုက်မိုက်မဲမဲ မှား မိ ခဲ့ကြတဲ့ ရှင် နဲ့ ကျွန်မ ရဲ့ မဖြစ်နိုင်ကြတဲ့ ဇာတ်လမ်း ကို ဘာလို့ ပြန် ဆက် ချင်ရတာ လဲ လို့ သူ အပြတ် ပဲ ပြောလွှတ် လိက် တဲ့ အကြောင်း ၊ နောက် ကို သူ့ ကို လာ မပတ်သက်ဖို့ တွေ ။ အဲဒီ မိန်းမ ပြောတာ အမှန်တွေပဲ လား အစ်ကို ။ မယဉ်ကြည် က ပါ စစ်ကူ ဝင် တယ် ။ ကျွန်မ မပြောလား တဲ့ ၊ နုကြည် က ကျွန်မ ပြော ရင် တစ်ခွန်းပဲ တဲ့လေ ။ အရီ့ ယောက်ျား ကိုယ်တိုင် က ကို ဖြစ်နေတာတဲ့ လေ ။

ဪ ကြားနေရတဲ့ စကားတွေ က ရင် တစ်ခု လုံး ဝေဒနာတွေ နဲ့ တဆစ်ဆစ် ကျင် စေတယ် ။

ဘယ့် အတွက်ကြောင့်များ ဒီနှယ် ပြုသွားရက်တာပါလဲ လို့ စဉ်းစား မရဖြစ်နေ စဉ်မှာပဲ အဆက်မပြတ် ပြောဆို နေတဲ့ စကားတွေ ထဲက တစ်ခွန်း သော စကား က ကိုယ့် ရဲ့ နားစည် အမြှေးပါး နံရံကြီးပင် ပေါက်ကွဲ သွားဘိ အလား ။

“ ခု လာမယ့် စနေ မှာ တွေ့ချင်တယ် ချည်း လုပ် နေလို့ ကျွန်မ က မဖြစ်နိုင်တော့ပါဘူး လို့ အပြတ် ပြော လွှတ် လိုက်တယ် ။ နောက် ကို ဘယ်တော့ မှ လည်း ကျွန်မ ပတ်ဝန်းကျင် မှာ လာလာ လူလုံး မပြ ပါနဲ့ ၊ ကျွန်မ က အစ်ကိုတွေ မောင် တွေ နဲ့ နေ ရတာ  ။ တကယ်လို့ သူ ကျွန်မ ရှိရာ ကို ရောက်လာခဲ့တာ နဲ့ အရီ့ ကို ကျွန်မ ကိုယ်တိုင် သတင်း ပေးပါ့မယ် ” တဲ့ လား ကွယ် ။

နား နဲ့ ဆတ်ဆတ် မဟုတ်ခဲ့ ရပါလင့် ကစား ကြား နေရသော စကား နဲ့ပင် ကိုယ် ဒီမျှ ရင် ထိခိုက် ခံစား နေရပါ ရင် ချစ်သူ ရဲ့ ဒီ နှုတ် ထွက် စကားကို ကိုယ့် နား နဲ့ သေချာ ကြားနေရပါ က ကိုယ် မည်မျှ ထိ ခံစားရမယ့် အဖြစ် ကို မူ ရှေ့ဆက် မတွေးရဲ ။

ပသို့ကြောင့် ဒီနှယ် ဖြစ် သွားရတာပါလိမ့် လို့ ထပ် ကာထပ်ကာ အဖြေ ရှာ ကြည့် မိတယ် ။ အနီးကပ်ဆုံး သော မနေ့ က စာမျက်နှာ ကို ကိုယ် ပြန် လှန် ကြည့်မိတယ် ။

မနေ့ က ...

ချစ်သူ့ မျက်နှာ အား မမြင် မတွေ့ရတာ စနေ သုံးလေးပတ် မျှ ရှိရော့မယ် ။ ချစ်သူ့ အပေါ် တွင် ရှိသော ချစ်စိတ် တစ်ခုတည်း က လွဲ၍ ဦးခေါင်း ထဲ တွင် ဘာ တစ်ခုမှ ထည့် မထား မိတော့ သော
ကိုယ် ဟာ လက်တွဲဖော် ရိပ်မိ သိရှိနေတဲ့ ကြား က ချစ်သူ နဲ့ ဆုံရက် ကို မပြောင်းမလဲ မိ ခဲ့ဘဲ ပုံသေ သတ်မှတ် ထားကြတဲ့ တစ်နေ့ သော စနေနေ့ ၊ အလုပ် သိမ်း အိမ် အပြန် တွင် ချစ်သူ ထံ အလာ ကိုယ့် ရဲ့ ခြေလှမ်း တွေ ပျက် နေခဲ့တာ သတိထား မိ သွားသော လက်တွဲဖော် က လွတ်ထွက်သွားသော လင် ယောက်ျား ရဲ့ ခြေထောက်တွေ ကို ထောက်လှမ်း မိ သွားပြီး မိမိ လာရာ လမ်း ဆီမှ တင်ကြို စောင့်ဆိုင်း နေခြင်း နဲ့ ပက်ပင်း ဆုံကြတဲ့ နောက် ချစ်သူ့ ရှေ့ မှောက် ကို မိမိ ရဲ့ ခြေထောက် တွေ မရောက်ဖြစ် ချေ တော့ ။ ထိုနေ့ က ခိုးထုပ်ခိုးထည် နဲ့ လက်ပူးလက်ကျပ် မိ နေသူ ကိုယ့် မှာ လည်း ဦးခေါင်း ငိုက်စိုက် ကျကာ နှလုံးသား တစ်ခု လုံး ပျက်စီး သွား ကုန်ပြီး ဆက်နွှယ် ရင်းနှီး သူငယ်ချင်း တွေ ဖြစ်ခဲ့ကြသူ နှစ်ဦးစလုံး ရဲ့ မျက်နှာတွေ ပေါ် မှာ လည်း တစ်ဦး က တွေတွေ မျက်ရည် တွေ စီးကျ ၊ တစ်ဦး မှာ လည်း မျက်ရည် ပိတ်ဖုံး နေတဲ့ အငို မျက်လုံးတွေ နဲ့ ။ စိမ်းပြတ်ခါးသက် ကုန် တဲ့ စကားလုံးတွေ က တစ်ယောက် နှုတ်ဖျား မှ ထွက် လာခဲ့ သလို တစ်ယောက် သော သူ မှာ လည်း မျက်နှာ ငုံ့ လျှိုး ရင်း ပစ်ပေါက် ခံ နေရတဲ့ စကားလုံး တွေ အောက် မှာ အလူးအလဲ ။ အချစ်မြားဆူး ကြောင့် ကိုယ်စီ ဝေဒနာတွေ နဲ့ ...  ။ အဲဒီနေ့ နောက်ပိုင်း က စပြီး ချစ်သူ့ ထံပါး သို့ အရောက် သွားဖို့ ကိုယ့် မှာ အခွင့်မသာ ခဲ့ပေ ။

ဇနီး နဲ့ သားသမီးများ အပါး မှာ ရှိနေပါ လျက် စိတ် အစဉ် က မင်းလေး ရဲ့ ထံပါး ကို အချိန်တိုင်း လွင့်ပျံ့လို့ နေတယ် ။

မနေ့ မနက် ကတော့ အလုပ်ခွင် သို့ ဦးတည် ထွက် လာခဲ့တဲ့ ကိုယ့် ခြေထောက် ဟာ ကားမှတ်တိုင် သို့ အရောက် မှာ ပဲ မင်းလေး ရှိရာ အရပ် ဆီ သွားတဲ့ ကား ပေါ် အလိုလို တက်ရောက် သွားမိလေတယ် ။ အချစ် နဲ့ ချောင်းဆိုးခြင်း ဟာ ပိတ်ဆို့ ကာဆီး လို့ ဘယ်လို မှ မရနိုင်ခဲ့ တာပဲ ချစ်သူ ။ မရေရာ သော မျှော်လင့်ချက် နဲ့ မသေချာသော လမ်း ပေါ်မှာ ကိုယ့် မျက်လုံးတွေ က ချစ်သူ့ အရိပ် ကို ဖွေရှာ လာခဲ့တယ် ။ မိမိ ရဲ့ သစ္စာ တရား ကို တိုင်တည်ပြီး ဈေး ထိပ် က နေ ချစ်သူ ကို စောင့် နေ မိတယ် ။ မျှော်ဆဲ ဈေး ထဲ က လူစီးကြောင်းကြီး တွေ ကြား မှာ ဘွားခနဲ ပေါ်လာတဲ့ ချစ်သူ ကို မြင်လိုက်ရလေတော့ အပျော် ရင်တွေ ခုန်နေဆဲ မှာ ပဲ အနား ရောက်လာတဲ့ ချစ်သူ ရဲ့ လက် ထဲ က ဆွဲခြင်းဝိုင်းလေး ကို လှမ်းကူ ဆွဲ လိုက်ရင်း -

“ ကိုယ့် ကို စိတ်ဆိုးနေ လားဟင် နု ၊ မျှော်နေမယ် ဆို တာ သိပေမဲ့ လုံးဝ ကို ထွက်ဖို့ မလွယ်တာ နဲ့ ကိုယ် နု  ဆီ အချိန်အတော်ကြာ မလာဖြစ် တာ ။ ဒီ ရက် ထဲ အရီ က ကိုယ့် ကို မျက်လုံး ဒေါက်ထောက် အမြဲ စောင့်ကြည့်နေတယ်လေ ” ဆိုတဲ့ စကား နဲ့ ကရား က သွန်ချ လိုက် သလို ဖြစ်တဲ့ ကိုယ့်စ ကား အပြတ် မှာ -

“ မောင် တစ်နေ့တော့ နုဆီ လာဦးမှာပဲလေ ” ဆို စကား ကို အရယ် အပြုံး မဲ့မျက်နှာ နဲ့ ချစ်သူ့ နှုတ်ဖျား က ထွက်လို့ လာတယ် ။ လူရှင်း တဲ့ လက်ဖက်ရည်ဆိုင်လေး ရှေ့ အရောက် နှစ်ဦး တိုင်ပင် ခြင်း မရှိခဲ့ကြမူဘဲ အတူ ဝင် ရောက် ထိုင်ဖြစ် လိုက်ကြတယ် ။ ထိုအချိန်က အချိန်အတော် ကြာ အတူရှိခဲ့ကြလင့် ကစား စကား ဟဟ မပြောမိကြ ။ တစ်ဦး ကို တစ်ဦး ငေးရီလို့ သာ ကြည့်နေ မိခဲ့ကြတယ် ။ ချစ်တဲ့ စကား ၊ အပြစ်ဖွဲ့ ဆို စကားတွေ ဘယ်သူ့ ထံ က မှ ထွက်မလာခဲ့ကြဘဲ ယိုဖိတ် နေကြတဲ့ အချစ်တွေ ကို ခပ် ထုတ်ဖို့ ကို တို့ နှစ်ဦးလုံး မေ့ နေခဲ့ကြရဲ့ ။

ထိုစဉ်က -

ချစ်သူ့ မျက်နှာ မှာ ရွှင်ပျ ခြင်း မဲ့ ညှိုးရော် နေ တာ မှ လွဲလို့ ရက်စက်နိုင်အားတဲ့ မျက်နှာ ထားမျိုး တွေ ကိုယ် မမြင်ခဲ့မိ ပေ ။ ခုကဲ့သို့ တင်းမာပြတ် သား ရက်စက် စကားတွေ ကို ကိုယ့် ကျော ကွယ်ချိန် ကျ မှ ဘယ် သဘော နဲ့ များ လာ ပြော သွားရတာပါလဲ ချစ်သူရယ် ။

ဇနီး ဖြစ်သူ ရဲ့ စကားလုံး တွေ က လည်း ဖိန့်လုံး လှိမ့် လုံးတွေ မဟုတ်တာ သေချာနေသလို မနေ့က ဖြစ်စဉ်တွေ ဟာ လည်း မိမိ ရဲ့ နောက် မှ မျက်လုံး တစ်စုံ ကပ် လိုက် ပါ လာ တဲ့ အလား ဒက်ထိ ကွက်တိ မှန် နေပြန်ပေမဲ့လည်း -

ခု လာမယ့် စနေ ကို ကိုယ် မချိန်းဆို မိခဲ့လေသလို - 

“ နောက် ဘယ်တော့မှ လည်း ကျွန်မ ကို လာ မတွေ့ပါနဲ့ ” ဆိုတဲ့ စကား ကို လည်း ထိုစဉ်က မင်းလေး ကိုယ့် ကို မပြောဆို ခဲ့ တာ ကို ကာယကံရှင် ကိုယ်တို့ နှစ်ယောက် သာ လျှင် အသိခဲ့ဆုံး ။ နှစ်ဦး စလုံး ပင် ရှေ့ဆက် မဖြစ်နိုင်တော့မှန်း ရင်တွင်း မှ အလိုလို သိနေ မိပြီးစွာ နှုတ်ဆက် လမ်းခွဲ စကားတွေ မဆိုဖြစ် ခဲ့ ကြဘဲ လာရာ လမ်း ကို ကိုယ်စီ ပြန် လှည့် ခဲ့ကြတာ တို့ နှစ်ယောက် ရဲ့ ကိုယ်စောင့်နတ် တွေ အသိ ။

သို့ဆိုသော် -

တည်မှီခဲ့ ဖူးသော သူငယ်ချင်း ဟူသော သိစိတ်တွေ နဲ့ မိမိ လက်တွဲဖော် ဇနီး ဖြစ် လေသူ အပေါ် ဝယ် သူမ ပြန် ထောက်ထား နောက်ဆုတ် ဖို့ ဆုံးဖြတ် လိုက်၍ များ ၊ သို့မဟုတ် ပိုင်ရှင် သိသွားသော ၊ လူ မိ သွားသော လူ တစ်ယောက် ရဲ့သွေးပျက် ထိတ်လန့်ခြင်းမျိုး ဖြင့် မိမိ ရဲ့လက်တွဲဖော် ဖြစ် သူ အား ရင် မဆိုင်ရဲ တော့ လို့များ မြားဦး အကုန် ကိုယ့် အပေါ် ပုံ ကာ မင်း ရှောင် ထွက် သွား လေတာလား ။ သို့ဆိုရင် လည်း ချစ်သူ တစ်ယောက် ဖြစ်ခဲ့ဖူးသူ အပေါ် ဒီမျှ ထိ နု မရက်စက်သင့် ရာ ။ တွဲလက် ကို မင်းလေး ဖြုတ်ချ နိုင်ရက် အားပေမဲ့ မြဲခဲ့တဲ့ ငါ့ ရဲ့လက် တွေ ခုထိ မင်း အပေါ် ပြုတ် မထွက်နိုင်သေးဘူး ဆိုတာ ချစ်သူ ယုံမယ် ဆိုရင် သူမ ပေါ် မှာ ထားရှိခဲ့တဲ့ မိမိ ရဲ့ စေတနာ ၊ မေတ္တာတရားများ ကို သစ္စာ စကားများ နဲ့ တိုင်တည် ပြ လိုက်ချင်တယ် ။

မဖြစ်နိုင် ခဲ့ လေသော် လည်း ရင်မှ အချစ်တွေ က ပျောက်ရှ လို့ မသွားသေးပါ ဘူး မင်းလေး ။

   •••••   •••••   •••••

ဪ ... ရှေ့သို့ လှမ်းနေခဲ့ ကြ သော်လည်း နှစ်ဦး စလုံးပင် နောက်သို့ ပြန်တုံ့ နေ သမျှ ဒွိဟ စိတ် ကို ဇွတ်အတင်း ပင် မျက်စိ မှိတ် လိုက်ရပြီး ရင် ချင်းဟပ် ခဲ့ သူ ကို ကျောချင်း ကပ် လို က် ရသူ ကို ယ့် မှာ လည်း သောကတွေ အထု အထည် နဲ့ဆိုတာ ဘာသာ အသိ ...  ။ ကွယ် ...  ။

အနီးဆုံးသူတွေ ဖြစ်ခဲ့ ကြပြီး ခါ မှ ဝေးရာ သို့ ဘယ်သူ ကျောခိုင်း ပြီး ခွဲခွာ လျှောက် လှမ်း သွားလိုပါ့မလဲ ။ အင်းလေ ၊ မမြင်ဖူးခင် ကတည်း က ရင် မှာ သံယောဇဉ် နဲ့ ရစ်နှောင် နေခဲ့ မိ ရင်း နှလုံးသား တွင် စူးနစ်သော ချစ်ခြင်း ဖြင့် တွယ်မက်ခဲ့ပြီး မို့ လည်း ခဲ လေးတစ်လုံး နှယ် သွားတော့ လို့ နှလုံးအိမ် ထဲ မှ လွယ်လွယ် နဲ့ ထုတ်ပစ် နိုင်စွမ်း ရှိပါ့မလား ။

အမူးသမား အစ်ကို မောင်များ ကြား တွင် ဖခင်အို ကြီး နဲ့ ချို့တဲ့စွာ နေရသော ချစ်သူ ကို မိခင် ပါ မရှိ ရှာ တော့ ပါလား ဟူသော စာနာစိတ် ဖြင့် ဖြစ်တည်ခဲ့ လေသော ချစ်ခြင်း မှာ သနားကရုဏာများ ထပ်ဆင့် ခဲ့ မိတယ် ။ အကြင်နာ များ ပိုလွန် ခဲ့ မိတယ် ။ အဆုံး စွန် အချစ်များနဲ့ အဖြူရောင် မေတ္တာများနဲ့ဆိုတာ ချစ်သူ သိနိုင်ပါလိမ်မယ်လေ ။

   •••••   •••••   •••••

ထို့အတွက် -

နှလုံးသား အတု နဲ့ ထု ဆစ် ခဲ့တဲ့ အချစ် မဟုတ်ခဲ့လေတဲ့ အတွက် ၊ အပေါ်ယံ အချစ် နဲ့ အပျော်ကြံ ချစ်ခဲ့တာ မဟုတ်ခဲ့လေတဲ့ အတွက် ၊ ဖန်တီးလုပ်ယူ ခဲ့သော ချစ်ခြင်း နဲ့ ဟန်ဆောင် ချစ်ခဲ့ သူ မဟုတ်ခဲ့လေတဲ့ အတွက် နှလုံးသား မှာ ထင်ကျန်ရစ် ခဲ့မယ့် ဝေဒနာ ကို ခါးစည်း ခံမယ် ပြင်တယ် ။
တစ်ဖက် လူ ဘက် ကို ငဲ့ကြည့် မိ ပြန်တော့ တွင်းနက် မှန်း သိလျက် နဲ့ ဇွတ် ခုန်ဆင်းခဲ့ ကြပြီး ခါ မှ နှစ်ဦးစလုံး တစ်သက်လုံး စိတ်ဆင်းရဲ နေရ မယ့် အဖြစ်ထက် စာရင် ဒါက သာ အဆိုး ထဲ က အကောင်း လို့ ဖြေတယ် ။ တွေဝေမှု တွေ နဲ့ တစ်လျှောက်လုံး မွန်းကျပ် နေတာ ထက် စာရင် ရဲဝံ့ပြတ်သားစွာ နဲ့ ဒီနှယ် ပွဲသိမ်း ပစ်လိုက်တဲ့ သူမ ကို ကျေးဇူး တင်ချင်တယ် ။ ရှင်သန် နေသမျှ မီးတောက်တွေ ဝန်းရံခ နေတဲ့ အဖြစ် ထက် တော့ အလွမ်းတွေ ကို ပွေ့ဖက် နေရတာ ကပဲ ဖြေ သာပါသေးတယ် လေ ။ နောက်ဆုံးပိတ် ပွဲသိမ်း လက်သီး ကို ပြုလိုက်သူ တစ်ယောက် မှာ ရော ခွန်အားတွေ စိုက်ထုတ် အသုံး မပြုလိုက်ရဘဲ ရှိပါလေ မလား ။ သူမ ရဲ့ နှလုံးသား မှာ လည်း ဝေဒနာတွေ စွန်းထေး မကျန်ခဲ့ဘဲ နဲ့ တော့ နေမှာ မဟုတ် ။ ဒီ့အတွက် ဒဏ်ရာတွေ နဲ့ ကျန်ရစ်ခဲ့မယ့် သူမ ကို မိမိ ရဲ့ ယုတ်လျော့မှု မရှိခဲ့သော စေတနာများ ဖြင့်  ပြေစေ လိုတယ် ။ သူမ အပေါ် မှာ မိမိတ တ်နိုင်သမျှ ပြန်ပြီး တာဝန် ကျေ ကြရပေဦးမယ် လေ ။ ဒီ အသိတွေကြောင့် ပဲ သံယောဇဉ် မကျန်တဲ့ စကားတစ်ခွန်း ကို နောက်ဆုံးချိန်ထိ မိမိ ဆိုဖြစ်ခဲ့တာပဲ ။

သို့သော်လည်း -

သူမ က မိမိ ရဲ့ စေတနာ ကို သိနားလည်မှု မရှိစွာပင် ပြုမူလို့ သွားခဲ့တယ် ။ သို့ မဟုတ်လျှင် မိမိ ရဲ့အကြင်နာ ၊ မိမိ ရဲ့ အချစ်များ ကို သူမက သံယောဇဉ် မဲ့ စွာ ဖြင့် ယတိ ပြတ် ဇွတ်ဖြတ် သွားရော့လား မသိ ။ ရင် ကို စူးနစ် စေသော စကားမြားတံ တို့ ဖြင့် ပစ်ခွင်း သွားခဲ့လေပြီတည်း ။

မမြင်ဖူး ခင် ကတည်း ကပင် သံယောဇဉ် ဖြင့် ရစ်နှောင် မိခဲ့ရာ က ဖြစ်တည် လာ သော အချစ် မ ည်သော အဖြစ် ကြောင့် လည်း တစ်ရံမလပ် ချစ်သူ ကို သတိရ နေ တတ်သော ကိုယ့် စိတ် က ချစ်သူ နဲ့ ဆုံလေ့ ရှိတတ်ခဲ့သော နေ့တွေ ကို ရောက်တိုင်း အလွမ်း ရင် မှာ မဖြေသာ ခဲ့ ။ မှန်းဆ တမ်းတ မိရင်း ပို၍ လွမ်းရပြန်သည်ပဲ ချစ်သူ ။ ထိုင်ခဲ့ဖူး တဲ့ ဆိုင် အချို့ ကို သတိရ လို့ နေ မိတယ် ။ တစ်ရုံ တည်း ကို သာ အစွဲပြု လျက် အတူ ကြည့် တတ်လေ့ ရှိ ခဲ့သော တစ်ခု သော ရုပ်ရှင်ရုံကြီး ကို စိတ် မှာ ပြန် အမှတ်ရနေမြဲ ။ ချစ်သူ နဲ့ အတူ သွားလာတတ်ခဲ့ ဖူး သော နေရာဟောင်း တွေ ဆီ စိတ်တေလေ နဲ့ ကိုယ့် ခြေဦး တွေ တည် တတ်ပြန်တယ် ။ ခါတစ်ရံ ချစ်သူ့ လမ်းကြား ၊ ချစ်သူ့ အိမ်နား ထိ အလွမ်း ရင် ဖြင့် ဦးလည် သွားခိုက် -

နားစည် ထဲ မှာ ပဲ့တင် ထပ်မျှ ပြန် ကြား မိတတ်သော အဆိပ်လူးမြား ထက် ပြင်းတဲ့ ချစ်သူ ရဲ့ စကား တစ်ခွန်းက ခြေလှမ်းတွေ ကို တွန့်ဆုတ် စေခဲ့ပြန်တယ် ။ သူမ ရဲ့ အေးခဲ သော မျက်လုံးတွေ ကို ကိုယ် ရင်မဆိုင် ရဲ ။ သွေးအေးအေး ဖြင့် ရက်စက်တတ်သော သူမ ကို မိမိ ကြောက် နေမိတယ် ။ တစ်ဆင့် စကား ဖြင့် ပြန်ပြီး ကြား သိခဲ့ရသော ခါးသက်လှ စွာသော သူမ ရဲ့ စကား တစ်ခွန်း က ကိုယ့် ကို ရှက်ရွံ့စေ ပြန်တယ် ။ လွမ်းတာ ကို နာတာ နဲ့ ဖြေရင်း ယောက်ျား တစ်ယောက် ရဲ့ မာန နဲ့ တင်းခဲ့တယ် ။

သို့တိုင် -

မလွမ်းတော့ပါဘူး လေ လို့ အတွေး ရောက် နေလျက် က လွမ်းနေ ဖြစ် ပြန်တယ် ။ မေ့ မရနိုင် တဲ့ နေ့ရက်များ ကို ပြန်လည် တမ်းတရင်း နဲ့ လွမ်း လို့ နေတတ်ပြန်သည်ပဲ ကွယ် ။

ငါ့ ရင်ဘတ် ထဲ မှာ လွမ်း ရနံ့လေးတွေ ခုထိ သင်းပျံ့နေ ဆဲရယ်ပါ နု ...  ။

   •••••   •••••   •••••

အလွမ်း ဆိုတာ
ချစ်ခြင်း ကြောင့်
နောက်ဆက်တွဲ
ဖြစ်ပေါ် လာခဲ့တဲ့
အရာ လို့
မင်း ခံစားနားလည်
တတ်မယ် ဆိုရင်ဖြင့်
အချစ် ဖြင့်
ပျော်ရွှင်ကြည်နူးမှု ကို
ရပိုင်ခွင့်
မရှိနိုင်ခဲ့ ရ လေ သူ
လူ တစ်ယောက် အဖို့
သတိရ တိုင်း
လွမ်း နေရင်း ဖြင့်သာပဲ
ကိုယ် ၏
ချစ်ခြင်းတရား ကို
အလွမ်းများ ဖြင့်
သက်သေ တည်ပါမည်
ကောင်မလေး ရေ ...

◾ကြည်ထွန်းလူ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မတ် ၂၀၁၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment